#မောင်မြင့်မား (ဗိုလ်ကလေး)
မုဆိုးမှာလည်း အသည်းနဲ့ပါ
ယာခင်းအစပ်မှ ကိုက် (၁၀၀)လောက် လျှောက်လိုက်သည်နှင့် တောစပ်ကို ရောက်လာပြီးဖြစ် သည်။ တောစပ်တွင် စိန်နားပန်းခြုံ၊ ကြောင်ပန်းရွက်ခြုံများက ထူထပ်စွာ ပေါက်နေသည်။
အသွားအလာနည်းသောကြောင့် လူသွားလမ်းလည်းမရှိ။ မုဆိုးသုံးယောက် ဘယ်နေရာကနေစပြီး တောထဲကိုတိုးရမည်ကို နေရာရှာကြရင်း တစ်နေရာတွင် တစ်ပေခန့်လောက်သာကျယ်သော စမ်းချောင်းကလေးတစ်ခုကို တွေ့လိုက်ရသည်။
“ဒီစမ်းချောင်းအတိုင်း တက်ရအောင်ကွာ”
စောဂျိမ်းက ရှေ့ကနေသွားပြီး တင်ဝင်းနှင့် ကျော်စိုးက နောက်ကနေ တိတ်ဆိတ်စွာလိုက်လာခဲ့သည်။ရေစပ်စပ်ဆိုသောစမ်းချောင်းကလေးအတိုင်း တက်လာခဲ့ပြီး ကိုက် (၅၀)လောက်ရောက်သည်နှင့် ဝဲဘက်ရှိ အပင်ရှင်းသော တောအုပ်ကိုဝင်လာခဲ့သည်။
တိတ်ဆိတ်နေသည်။ ခပ်ဝေးဝေးမှ ရေစီးသံသဲ့သဲ့ကိုတော့ ကြားနေရသည်။ တောင်ကြောကလေးအတိုင်း မသိမသာ မြင့်တက်နေသော လမ်းကိုရွေးကာ သုံးယောက်သား ဆက်လျှောက်လာကြသည်။
ရှေ့ခပ်လှမ်းလှမ်းတွင် ဝါးရုံတောကြီးက ဆီးကာထားသလို မြင်လိုက်ကြရသည်။
“ဘို… ဘို… ဘို”
“ဘို…ဘို… ဘို”
စောဂျိမ်းက ရှေ့ကနေ သွားနေရင်း
အဲဒီအသံဟာ ငှက်အော်သံကွ… ဘာငှက်လဲသိလား”
ကျော်မိုးက
“ဘိုးခေါင်ငှက်အော်သံ ဖြစ်မယ်၊ ဝါးရုံထဲကလာတဲ့အသံပဲ”
“အေး ဟုတ်တယ်ကွ ၊ ဘိုးခေါင်ငှက်အသံဘဲ”
တင်ဝင်းက …
“ဆရာစောဂျိမ်း ကျွန်တော်တို့ ဒီတစ်ခါတောတက်တာ တစ်ခုသတိထားမိသလား”
“ဘာကိုလဲကွ”
“အကောင်ကြီးမပြောနဲ့ အသေးအမွှားရှဉ့်တို့ တောကြက်တို့ ယုန်တို့တောင် မတွေ့မိသေးဘူး”
“အေးကွ ဟုတ်တယ်”
ကျော်မိုးက …
“ဒီဒေသရဲ့ အစဉ်အလာတွေကို လုပ်ခဲ့တယ်မဟုတ်လား.”
“လုပ်ခဲ့တယ်၊ ရွာသားတွေပြောတဲ့အတိုင်း ယာခင်းအစပ်က ကညင်ပင်အောက်မှာ လက်ဖက်တစ်ပွဲတင်ထားခဲ့တယ်။ တောကောင်ရရင်လည်း အဖျားအနားပေးဖို့ ကတိပေးခဲ့ပါတယ်”
“အေး … အေး ၊ ဒါဆိုလဲ ပြီးတာပါဘဲကွာ။ ဒေသတစ်ခုနှင့်တစ်ခုက မတူကြတော့ လုပ်သင့်လုပ်ထိုက်တာတွေကိုတော့ လုပ်ပေးမှကွ။ တောကောင်ရတာ မရတာကတော့ တို့ကံပေါ့ကွာ”
ဝါးရုံတောကြီးက မှောင်နေအောင်စိတ်နေသည်။ တစ်ချို့နေရာများတွင် နေဖျောက်ပင်မတိုး။ ဝါးနက်တို့ မျှင်ဝါးတို့ ဖြစ်နေသောကြောင့်သာတော်တော့ သည်။ ကျခတ်ဝါးဆိုလျှင်တိုးဝင်ဘို့တောင် မလွယ်။
ဝါးရုံတောလွန်ပြီးနောက် တစ်ပေခန့်ကျယ်သော စမ်းချောင်းကလေးကိုတွေ့လိုက်ရပြန်သည်။ စောဂျိမ်းက ရပ်လိုက်ကာ
“ဟေ့ ကျော်စိုးနဲ့ တင်ဝင်း ဒီစမ်းချောင်းက စောစောက တို့ဖြတ်လျောက်လာတဲ့ စမ်းချောင်းဘဲ ဖြစ်ရမယ်ကွ။ ကွေ့ပြီးစီးလာလို့ တို့ နှစ်ခါထပ်တွေ့တာဖြစ်ရမယ်”
ကျော်စိုးက . . .
“ဟုတ်တယ်ဆရာစောဂျိမ်း။ တောင်ပေါ်မှာမိုးရွာတော့ အရင်စီးနေကြလမ်းကြောင်းအတိုင်း စီးလာတဲ့စမ်းချောင်းဘဲဖြစ်ရမယ်။ တောင်ကြောက မညီတော့ ကွေ့ ဝိုက်ပြီး စီးလာတာဖြစ်မယ်. . . “
“အဲဒီတော့”
“အဲဒီတော့ ဒီစမ်းချောင်းအတိုင်း တစ်နေရာမှာစောင့်ရင် သားကောင်တစ်ကောင်မဟုတ် တစ်ကောင် ရနိုင်တာပေါ့ ဆရာစောဂျိမ်းရဲ့”
“ကျော်စိုး မင်းတော်လာပြီ။ ရှေ့နေလုပ်မစားနဲ့တော့ မုဆိုးဘဲ လုပ်စားတော့”
ကျော်စိုးက ရယ်သည် ။ စောဂျိမ်းနဲ့အတူတွဲကာ ဝါသနာအလျောက် မုဆိုးလုပ်နေတော့ တော၏ အထာ၊ ဓလေ့စရိုက်ကို ကျော်စိုးလည်း ကျွမ်းနေပြီ ဟုဆိုလျှင် လွန်မယ်မထင်။ စောဂျိမ်းက…
“တို့သုံးယောက် ဒီစမ်းချောင်းကလေးအတိုင်း အပေါ်ကို ဆန်တက်ကြမယ်။ တစ်နေရာရောက် ရင်နားမယ်။ နားမည့်နေရာက တို့ သားကောင်ရမယ့်နေရာ ဖြစ်စေရမယ်”
ငြိမ်နေသော တင်ဝင်းက
“အိုကေ စောဂျိမ်း”
စမ်းချောင်းကလေးအတိုင်း မုဆိုးသုံးယောက်အပေါ်ကို ဆန်တက်လာကြသည်။ စမ်းချောင်း ကလေးက တသွင်သွင်စီးနေသလို သားကောင်ရှာနေသော မုဆိုးသုံးယောက်မှာ သားကောင်မတွေ့သော ကြောင့် စိတ်ထဲမှာ မတင်မကျ ဖြစ်နေကြသည်။
ဒီနယ် ဒီတော ဒီတောင်သည် သားကောင်ပေါသောနေရာဖြစ်သည်။ ယုတ်စွအဆုံး တောကြက်ကလေးတစ်ကောင်တင်မြီးတောင် ဖြတ်ပြေးတာမတွေ့ ရ။
သို့ဆိုလျှင်. . . ။
စောဂျိမ်းက ပြေပြေလျောလျောလေးရှိသော ကုန်းကြောကလေးအတိုင်း တက်လာရင်း တစ်နေရာတွင် ရပ်လိုက်သည်။ ကျော်စိုးနှင့် တင်ဝင်းကိုလည်း လက်နှင့် အချက်ပြလိုက်ကာ လေသံတိုးတိုးဖြင့်
“ဘာသံကြားလဲ. . .”
ကျော်စိုးနှင့် တင်ဝင်းက ငြိမ်၍ နေလိုက်ပြီးမှ ကျော်စိုးက
“တအိအိနဲ့ ကလေးငိုသံမျိုးကြားတယ်”
“တောထဲမှာ ကလေးငိုသံ ကြားတယ်ဆိုတော့ “
“ဆရာစောဂျိမ်း တောဝက်တော့ ရတော့မယ် ထင်တယ်”
စောဂျိမ်းပြုံးသည်။ စမ်းချောင်းကလေး၏ တစ်နေရာ အရောက်တွင် ကျောက်တုံးကျောက်ဆောင်များအစီအရီနှင့်။ ထိုကျောက်တုံး ကျောက်ဆောင်များကို ကွေ့ကာ ပတ်ကာ စီးဆင်းနေသော စမ်းချောင်း ကလေး….
ဘေးပတ်ပတ်လည်တွင် စိန်နားပန်ခြုံ၊ ကြောင်ပန်းရွက်ခြုံများက သားကောင်များ ခိုအောင်နိုင် လောက်အောင် ဝန်းရံလျက်. . ။
စောဂျိမ်းက ကျော်စိုးနှင့် တင်ဝင်းကို လှည့်ကြည့်ကာ မျက်ရိပ်မျက်ခြည် ပြလိုက်သည်။
စမ်းချောင်းဘေးရှိ နှစ်ပေခန့်အမြင့်ရှိသော ကျောက်တုံးကလေးများအနောက်တွင် ဝပ်၍ နေရာယူလိုက်ကြသည်။ တစ်ဘက် စိန်နားပန်ခြုံနှင့် ကြောင်ပန်းရွက်ခြုံများအနောက်မှ
“အိ…အိ… အိ”
“အိ…အိ… အိ”
မုဆိုးသုံးယောက် ကျောက်တုံးများအောက်တွင် ဝပ်ကာ ခြုံများဆီသို့ မျက်တောင်မခတ် ကြည့်နေကြသည်။ ခြုံများအနောက်မှ တစ်လှုပ်လှုပ်နှင့် မြင်နေရကာ တအိအိအသံများကို ကြားနေရ၏။ တအိအိအသံများနှင့်အတူ ခြုံများက လှုပ်ရှားလာ ကာ ညိုတိုတိုအရောင်နှင့် ခေါင်းကြီး ထွက်လာသည်။ ခေါင်းကြီးထွက်လာပြီးနောက် ခေါင်းကြီးက တရှူးရှူးနှာမှုတ်ကာ ဟိုကြည့်ဒီကြည့်လုပ်ရင်း တစ်လှမ်းခြင်း ထွက်လာသည်။
အချိန် ခန့်မှန်းခြေ ငါးဆယ်လောက်ရှိသော တောဝက်ကြီးတစ်ကောင်။ သူ့နောက်တွင် ဝက်ပေါက်ကလေး လေးကောင် တအိအိနှင့်အော်ကာ စမ်းချောင်းကလေးဆီသို့ တစ်ဖြည်းဖြည်းလျှောက်လာနေသည်။ ကျောက်တုံးများအကွယ်မှ စောဂျိမ်းတို့သုံးယောက် မျက်တောင်မခတ် ကြည့်နေဆဲ. . . ။
စမ်းချောင်းထဲတွင် ဝက်မကြီးနှင့် ဝက်ကလေးများက အေးဆေးစွာ ကြည့်နေသည်။ တောဝက်သား မစားရတာကြာပြီဟုပြောသော တင်ဝင်းတစ်ယောက်လည်း ဝက်မကြီးကို သေနတ်နဲ့မချိန်မိဘဲ မြင်ကွင်းကို အေးဆေးစွာပင် ကြည့်နေသည်။ စောဂျိမ်းက ကျော်စိုးကိုကြည့်ကာ တင်ဝင်းဘက်သို့ မေးငေါ့ပြလိုက်သည်။ တင်ဝင်းက ရေသောက်နေသော ဝက်သားအမိတစ်တွေကို ငေးနေဆဲ. . . ။
ဝက်မကြီးနှင့် ဝက်ကလေးများက စိန်နားပန်ခြုံအတွင်း ဝင်ကာ ပျောက်ကွယ်သွားတော့ သည်။ စောဂျိမ်းက…
“တင်ဝင်း ဘယ်လိုလဲကွ၊ တောဝက်သားစားချင်တယ်ဆို”
“စောဂျိမ်းရယ် ကလေးတွေနဲ့ဆိုတော့ သနားစရာပါ။ မလုပ်ရက်ပါဘူး။ ဝက်မကြီးကို ပစ်ရင် အပိုင်ဘဲဆိုတာ သိပါတယ်”
““မုဆိုးဆိုပေမယ့် သားကောင်တွေ့တိုင်း ပစ်ရတာမဟုတ်ဘူး။ ဇီးရှိတဲ့သားကောင်ဆိုရင်ပိုသတိထားရတယ်၊ ရှောင်ရတယ် ။ မုဆိုးရဲ့စည်း ပေါ့ကွာ”
“သဘောပေါက်ပါတယ် ဆရာစောဂျိမ်း”
“ကဲ တို့ ရှေ့ကို နည်းနည်းတက်လိုက်ရအောင်ကွာ။ လေက အပေါ်ကနေ အောက်ကို စုန်နေတော့ တို့အတွက် အခွင့်အရေးတစ်ရပ်ပေါ့”
မုဆိုးသုံးယောက် စမ်းချောင်းကလေးအတိုင်း တက်လာခဲ့ကြသည်။ ခပ်လှမ်းလှမ်းရှိ တောသရက်ပင်ကြီးပေါ်မှ မျောက်တစ်အုပ်က စောဂျိမ်းတို့အဖွဲ့ကို မြင်လိုက်ကြသောကြောင့် “ကွိ. . ကွိ. . ကွိ. . ကွိ” နှင့် အော်ကာ တစ်ပင်နှင့်တစ်ပင်သို့ ကူး၍ သစ် ခက် သစ်ရွက်များအကြားတွင် ပျောက်ကွယ်သွားကြသည်။စောဂျိမ်းတို့အဖွဲ့က စမ်းချောင်းကလေးရှိ သဲပြင်ပေါ်မှ ခြေသံမကြားအောင် လျှောက်လာကြသည်။ တစ်နေရာ အရောက်တွင်
“ဝီ… ဝီ… ဝီ… ဝီ”
ကောင်းကင်မှကြားရသော အသံဖြစ်သည်။ ကျော်စိုးက အပေါ် ကိုမော့ကြည့်ကာ
“စောဂျိမ်း ဘာသံလဲ…”
“ခတ်ဝေးဝေးက လေယာဉ်ပျံအသံနဲ့မတူဘူးလား ..”
“တူတယ် စောဂျိမ်း”
“အဲဒါ အောင်လောင်ငှက် အော်သံကွ။ အဲဒီငှက်သားက စားလို့မကောင်းဘူး။ ပွစိစိနဲ့ ။ ငှက်ကတော့ အကြီးကြီးဘဲ။ တစ်ကောင် ကို ၃ ၄ ပိဿာလောက်ရှိတယ်”
ကွေ့ဝိုက်ကာစီးနေသော စမ်းချောင်းကွေ့ကလေးအရောက်တွင် စောဂျိမ်းက နောက်ကိုလှည့်၍ လက် ပြလိုက်သည်။ မုဆိုးသုံးယောက် လဲကျနေသော သစ်ခြောက်ပင်တစ်ပင်နောက်တွင် နေရာယူလိုက်ကြသည်။
ဗီးစပ်ခြုံတစ်ခြုံအတွင်းမှ ခေါင်းကြီး ထွက်ကာ တရှူးရှူးနှင့် နှာမှုတ်နေသော ဆက်ကြီးတစ်ကောင်။
လေထဲတွင် ရန်သူ၏အနံ့ကို ခံရင်း စိတ်ချလောက်မှ ဗီးစပ်ခြုံအတွင်းမှ ကိုယ်လုံးကြီးထွက်လာသည်။ ထွက်လာပြီးမှ ခြုံထဲသို့ ပြန်ဝင်သွားပြန်သည်။ ခဏအကြာတွင် ပြန်ထွက်လာပြီး ခေါင်းငုံ့ကာ ရှေ့ကိုတိုးလိုက်၊ ခေါင်းက နောက်ကိုလှည့်လိုက်နှင့် တစ်ခုခုကို လုပ်နေသည်။
အကွာအဝေးက ကိုက် (၅၀) လောက်သာရှိသည်။ ပစ်ကွင်းက ကောင်းသည်။ စောဂျိမ်းရော ကျော်စိုးပါ လက်စွဲတော်သေနတ်များ၏ မောင်းထိန်းခလုပ်ကို ကျိတ်၍ ဖွင့်လိုက်သည်။
ဆက်ကြီးက ရှေ့ကို တိုးလိုက် နောက်လှည့်လိုက် ခေါင်းငုံ့လိုက် လုပ်နေရာမှ စမ်းချောင်းရှိရာသို့ တရွေ့ရွေ့လျောက်လာနေသည်။
“ပီ… ပီ… ပီ… ပီ”
သေနတ်ကို ဆက်ကြီးရှိရာသို့ ချိန်နေသော စောဂျိမ်းက သေနတ်ကို ပြန်ချလိုက်ကာ. . .
“ကျော်စိုး မပစ်နဲ့ … ခဏနေအုံး”
ကျော်စိုးက …
“စောစောက ပီ..ပီ..ပီ..ပီ ဆိုတဲ့အသံဟာ ဆက်သားပေါက်ကလေးအသံထင်တယ်”
“ဟုတ်တယ် အဲဒါကြောင့် ခဏနေအုံးပြောတာ”
ဆက်ကြီးက တရှူးရှူးနှင့် နှာမှုတ်လိုက်၊ ခေါင်းလှည့်လိုက်လုပ်နေရင်း မြက်တောထဲမှ ဆက်သားပေါက်ကလေးက တဖြည်းဖြည်းပေါ်လာသည်။
ဆက်ကြီးက သားပေါက်ကလေးအား ခေါင်းနှင့်ခွေ့လိုက်၊ လျာနှင့်ယက်လိုက်၊ ကလူကျီစယ် လုပ်လိုက်ရင်း စမ်းချောင်းကလေးရှိရာသို့ တရွေ့ရွေ့လာနေသည်။ ဆက်ပေါက်ကလေးက ဒရီးဒယိုင်နှင့် ဆက်မကြီးခြေထောက်ကြားတွင် ဝင်လိုက် ထွက်လိုက်၊ ခေါင်းနှင့်ခွေ့လိုက်လုပ်ကာ လာနေခြင်းဖြစ်သည်။
စမ်းချောင်းအနားအရောက်တွင် ခေါင်းမော့ကာ နှာမှုတ်လျှက် ရန်သူအနံ့ကို ခံလိုက်သည်။ သံသယကင်း မှ ဆက်ပေါက်ကလေးကို ခေါင်းနှင့်ထိုး၍ စမ်းချောင်းကလေးသို့ တွန်းပို့လိုက်သည်။ ပြီးမှ ဆက်သားမိနှစ်ကောင် ရေကို အငမ်းမရ သောက်နေကြသည်။
စောဂျိမ်းရော ကျော်စိုးပါ သေနတ်ကို ကိုယ်စီကိုင်၍ ငြိမ်နေကြသည်။ ဆက်သားအမိနှစ်ယောက်က အန္တရာယ်ကင်းစွာနှင့် ရေကို အေးအေးဆေးဆေးသောက်ပြီး မြက်တောတွင်းသို့ တရွေ့ရွေ့တိုးဝင် သွားကာ ထိုမှတစ်ဆင့် ဗီးစပ်ခြုံအတွင်း တိုးဝင်ကာ ပျောက်ကွယ်သွားတော့သည်။
မုဆိုးသုံးယောက် သားကောင်ကို သိပ်ပစ်ချင်နေကာ
မပစ်သင့် မပစ်ထိုက်တာတွေကို တွေ့ နေရသောကြောင့် စိတ်ဓါတ်ကျသွားကြသည်။
စမ်းချောင်းကလေးစီးလာရာဘက်မှ လေက တဖြူးဖြူးတိုက်လာသည်။ မုဆိုးသုံးယောက် စိတ်ပျက်လက်ပျက်ဖြင့် သစ်ခြောက်ပင်ဘေးမှ ထလိုက်ကြသည်။ ရွက်ခြောက်များက လေနှင့်အတူ မုဆိုးသုံးယောက်ကို ကလူကျီစယ်ပြုကာ လွင့်မျောသွားကြသည်။ ထိုအချိန်တွင် ကောင်းကင်ယံက ကြားလိုက်ရသောအသံ …
“ဝီ… ဝီ… ဝီ… ဝီ”
“ဝီ… ဝီ… ဝီ… ဝီ”
စောဂျိမ်းက…
“မထူးတော့ပါဘူးကွာ၊ ဒီနေ့တော့ တို့ကံမှ မကောင်းတာ”
ဟု ဆိုကာ သူ့လက်စွဲတော် တူမီးသေနတ်ကြီးကို အပေါ်ကို ထိုးချိန်လိုက်သည်။ သစ်ပင်များပေါ်မှ ဖြတ်၍ ပြန်လာသော ငှက် ၃ ၄ ကောင်။
“ဒိန်း…..”
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကောင်းကင်ယံမှ ငှက်သုံးကောင် ကိုးရိုးကားယား ပြုတ်ကျလာသည်။
“ကဲ ဒီနေ့တော့ တို့နဲ့ထိုက်တာ ဒါတွေဘဲ ရှိတော့တယ် ကွာ။ တို့က သနားတတ်တဲ့ မုဆိုးတွေဆိုတော့ ဒီတစ်ခါ အောင်လောင်ငှက်သားနဲ့ဘဲ တင်းတိမ်လိုက်ကြတာပေါ့။ ပြုတ်ကြော်ကြော်ပြီး ကျော်စိုးယူလာတဲ့ မြို့က အရက်ကလေးနဲ့ မြည်းလိုက်ကြတာပေါ့”
မုဆိုးသုံးယောက် ငှက်သုံးကောင်ကို ကောက်ကာ လေးကွေးစွာနှင့် ပြန်လာခဲ့ကြသည်။ မုဆိုးမှာလည်းကြင်နာတတ်တဲ့ အသည်းရှိတတ်ကြပါသည်။
– ပြီး –
စာရေးသူ – မောင်မြင့်မား(ဘိုကလေး)
Uncategorized