မောင်မြထွေး(ပင်လယ်)
မုဆိုးသိက္ခာ
ကျွန်တော်သည် လွန်ခဲ့သောဆယ်နှစ်ကျော်ကာလ သံတွဲမြို့ရှိ ‘ဆိုးပု’ဆိုသည့် ရွာကလေးသို့ မမျှော်လင့်ဘဲ ရောက်ရှိသွားခဲ့ပါသည်။ ရောက်ရှိခဲ့ရခြင်းမှာလည်း အခြားမဟုတ်ပါ။ စတုတ္ထတန်းစာမေးပွဲစစ်ဆေးရန် စာစစ်မှူးတာဝန်နှင့် သွားရောက်ရခြင်းကြောင့် ဖြစ်ပါသည်။ ထိုစဉ်က စာမေးပွဲများကို ဆရာများက တာဝန်ကျ လဲလှယ်၍ တာဝန်ကျေ စစ်ဆေးကြရပါသည်။
ကျွန်တော်သည် မြို့နယ်ပညာရေးမှူးရုံးမှ မေးခွန်းထုပ်များကို လက်မှတ်ထိုးထုတ်ယူပြီးနောက် မိမိတာဝန်ကျရာကျောင်းသို့ အချိန်မီသွားရောက်ရန် ပြင်ဆင်ရပါသည်။
စာမေးပွဲနေ့ရက်မကျမီ တစ်ရက်စော၍သာ သွားရောက်ခွင့်ရပါသည်။
သံတွဲနှင့်ဂွသို့ ပြေးဆွဲသောကားမှာ တစ်စီးသာရှိ၍ ကားထွက်ချိန်ကို မစုံစမ်းမိသော ကျွန်တော့်မှာ တောင်ဘက်ကားဂိတ်တွင် ယောင်ချာချာဖြစ်နေမိပါသည်။
သို့သော် ကံကောင်းထောက်မသဖြင့် ဂျစ်ကားတစ်စီးက အနားတွင် လာ၍ထိုးရပ်ပါသည်။ ယာဉ်မောင်းမှာ အောင်စိုးမြင့် ဖြစ်နေသည်။ ကျွန်တော်က ဝမ်းသာအားရဖြင့် သူ ကျိန္တလီထိ သွားမည်ဖြစ်သဖြင့် ခရီးကြုံလမ်းကြုံ လိုက်ပါခဲ့ရလေသည်။
မောင်းဆွဲရွာသို့ရောက်လျှင် အရှေ့ဘက်သို့ တစ်နာရီခန့် သွားရကြောင်း အောင်စိုးမြင့်မှ ပြောပြပါသည်။ မောင်းဆွဲရွာရောက်လျှင် ကားကိုရပ်တန့်ပေးကာ အောင်စိုးမြင့်က နှုတ်ဆက်ရင်း သူ့ခရီးသို့ ကားကလေးကို ဆက်လက်မောင်းနှင်သွားပါသည်။
နွေရာသီဖြစ်သဖြင့် လမ်းကောင်းသည်ဟု ဆိုရပေမည်။ သစ်ထုတ်လုပ်ရေး ကားလမ်းကြောင်းကို တွေ့ ရသည်။ လှည်းလမ်းကြောင်းကို ဘိုဒူဇာနှင့်ထိုးကာ ကားလမ်းအဖြစ် အသုံးပြုထားကြောင်း တွေ့ ရသည်။
လမ်းတစ်လျှောက်တွင် ပေါက်တူး၊ မင်းပြင်၊ မြို့ကွင်း စသည့်ရွာများကို ဖြတ်သန်းသွားရပါသည်။ ကျေးလက်သဘာဝရှုခင်းများသည် ကျွန်တော့်အား စိတ်ကို လန်းဆန်းသွားစေသည်။
မနုတ်သိမ်းရသေးသော မြေပဲခင်းများကိုလည်း တွေ့ရသည်။
မြို့ကွင်းရွာရှိ ကျောင်းအုပ်ဆရာကြီး ဦးမှတ်ကြီးအိမ်တွင် ခေတ္တနားခိုသည်။ ဆရာကြီးက တစ်ဖန် ဆိုးပုံကျေးရွာသို့ တစ်ဆင့်လိုက်ပို့သည်။ ဆိုးပုံကျေးရွာရှိ ရွာခံလူကြီးများနှင့် တွေ့ဆုံနှုတ်ဆက်ပေးသည်။ ရွာခံလူကြီးများကလည်း စိတ်ရင်းနှီး ကိုယ်ရင်းနှီးဖြင့် နွေးထွေးစွာ လာရောက်နှုတ်ဆက်ကြသည်။
ရွာခံလူအများစုမှာ ချင်းအမျိုးသားများဖြစ်၍ ရိုးသားကြသူများ ဖြစ်သည်။ ခင်မင်ရင်းနှီးကြသူများတွင် ဆင်ကျုံးဆရာ အဘ မောင်ကြံနှင့် ကျားကိုင်းမုဆိုး ကိုကျော်ဖေတို့က သူတို့လုပ်ငန်း အတွေ့အကြုံများကို ဗဟုသုအဖြစ် ပြောပြကြသည်။ ခေါင်ရည် သောက်ရင်းက သူတို့ပြောပြသော သူတို့မုဆိုးအတွေ့အကြုံကလေးများကို စိတ်ဝင်စားစွာ နားထောင်ခဲ့ရသည်။
XXX XXX XXX
ဆောင်းနှင်းပွင့်တို့သည် အဆုပ်လိုက် အခဲလိုက် တရစပ် ကျဆင်းလျက်ရှိသည်။ တစ်လောကလုံးကို အအေးဓာတ်က လွှမ်းခြုံထားသည်။ ပတ်ဝန်းကျင် တောတောင်စိမ့်များသည် အုံ့အုံ့ဆိုင်းဆိုင်းနှင့် နှင်းမြူများ သိုင်းခြုံထားသည်။ သစ်ရွက်များ အဆင့်ဆင့်ပေါ်သို့ နှင်းပေါက်များကျရောက်သံသည် တဖျောက်ဖျောက်နှင့် ထွက်ပေါ်နေကြသည်။ ပြာသိုဆောင်းလသည် အရိုးခိုက်အောင် အေးချမ်းလှသည်။ ဆောင်းလေတစ်ချက်ဝှေ့လိုက်တိုင်း ရင်ထဲကျောထဲမှ ဗြန်းခနဲ ဗြန်းခနဲနေအောင် အေးစိမ့်သွားစေသည်။
ရခိုင်ရိုးမ၏ အအေးဓာတ်က ကျန်ဒေသများထက် ပိုအေးသည်မှာ အမှန်ပင်ဖြစ်သည်။ ကုန်းမြင့်တောင်ပေါ်ဖြစ်သလို သစ်ကြီး ဝါးကြီး စိမ်းကြီးများဖြင့် ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်သည်။ ယုတ်စွအဆုံး နေပြောက်မထိုးလောက်အောင်ပင် ပိန်းပိတ်ထူထပ်သော သစ်တောကြီးများ၊ ဝါးတောကြီးများက မျက်စိတစ်ကုတ် ကြည့်မဆုံးနိုင်အောင်ပင် ရှိလှသည်။ တောတောင် ထူထပ်သည်နှင့်အမျှ ဆင်၊ ပြောင်၊ စိုင်၊ ကျား၊ ဝက်ဝံ၊ ဆတ်၊ ချေ၊ ဝက် စသည့်သားကောင်များကလည်း ပေါများပါဘိခြင်း။
ကျွမ်းကျင်ရာလိမ္မာဆိုသကဲ့သို့ သည်တော သည်တောင်ကို အမှီပြု၍ မုဆိုးအလုပ်၊ တောင်ယာအလုပ်နှင့် အသက်မွေးဝမ်းကျောင်းရသူများ ရှိကြသည်။ အထူးသဖြင့် ရိုးမနှင့် ဆက်နွယ်နေသော တောတောင်အနီးရှိ ကိုကျော်ဖေတို့လို တိုင်းရင်းသားများအဖို့ တောင်ယာစပါးစိုက်၊ ဟင်းသီးဟင်းရွက်စိုက်၊ ဝါးခုတ်လိုက်၊ မုဆိုးလိုက်ဖြင့် ဘဝဝမ်းကျောင်းလာကြရသည်မှာ မိရိုးဖလာအလုပ်ကဲ့သို့ပင် ဖြစ်သည်။ တောကြီးတောင်ကြီးနှင့်နီးစပ်သလို သည်အလုပ်ကို မလွဲမသေ လုပ်ကြရသည်။
ယခုလည်း မနက်စောစော ချမ်းချမ်းတုန်တုန်ထဲတွင် သူတစ်ပါးတွေလို စောင်ခြုံ၍ ကွေးမနေနိုင်ကြရှာပါ။ ရိုးမထက်သို့ တက်ကာ အလုပ်တစ်ခုလုပ်ရန် လာကြခြင်းဖြစ်သည်။ သားအဖနှစ်ယောက် ရိုးမထဲတွင် ကျားကိုင်းထောင်ရန် လာရောက်ကြခြင်းဖြစ်သည်။
ကိုကျော်ဖေ၏သားမှာ (၁၃)နှစ်ရှိပြီဖြစ်သည်။ နွမ်းပါးသောသူတို့အဖို့ ကျောင်းသင်စာကို စတုတ္ထတန်းနှင့်ပင် နှစ်သိမ့်လိုက်ကြရသည်။ အဖေနှင့် တောင်ယာကူခုတ်၊ မိုးကျလျှင် စပါးထိုး၊ ဟင်းစေ့စိုက်၊ ဆတ်ကိုင်း, ချေကိုင်း, ဝက်ကိုင်းထောင်၊ အဖေနှင့် ကိုင်းလည်လိုက်နှင့် စာမေးပွဲတွေကို သူ အောင်ခဲ့ရသည်။
မိုးရာသီ တောင်ယာဟင်းခတ်ထဲသို့ ဝင်ရောက်စားသောက်ကြသော ချေနှင့် ဆတ်တို့ကို သူတို့သားအဖ တောင်ယာကိုစည်းသတ်၍ ခြေနင်းသုတ်ကိုင်းထောင်ကာ ဖမ်းကြသည်။ ဆောင်းရာသီ စပါးမှည့်ချိန်တွင် စပါးဝင်စားသော ဝက်အုပ်ကိုလည်း သုတ်ကိုင်းထောင်ဖမ်းကြသည်။
သုတ်ကိုင်းထောင်၍ရလာသော သားကောင်များကို
ဟင်းပေါ်အမဲဖျက်၍ ပတ်ဝန်းကျင်ကျေးရွာများသို့ လှည့်လည်ရောင်းချခြင်းဖြင့် သူတို့သားအဖအဖို့ အပိုဝင်ငွေ လက်ဖျားသီးစေခဲ့သည်။
ယခုလည်း တစ်ဆင့်တက်ကာ ရိုးမအပေါ် ကျားကိုင်းထောင်ရန် ရောက်ရှိနေကြခြင်းဖြစ်သည်။
ဖာလာလဲချိန် ကျားထံချိန်ဟူသော စကားနှင့်အညီ ရိုးမတောအောက်ခြေတွင် မိုးအခါ ဖာလာပင်များ ထူထပ်စွာ ပေါက်ရောက်ကြသည်။ ဖာလာပင်တို့ သည် ဆောင်းရာသီချိန်တွင် ညှိုးခြောက်၍ လဲကုန်ကြသည်။
ထိုလ ထိုရာသီတွင် ကျားများ သောင်းကျန်းကြသည်။ မိတ်ဖွဲ့ မိတ်လိုက်သော ရာသီချိန်ဖြစ်သည်။
ထိုလများတွင် တော်ရုံတန်ရုံ မျှစ်ချိုး၊ မှိုရှာ၊ ဟင်းရွက်ခူးသူများ၊ ထင်းခွေ၊ ဝါးခုတ်သူများက တောတက်ရန် ဝန်လေးကြသည်။ ကျားရန်ကို ကြောက်ရသောကြောင့် ဖြစ်သည်။
သူများတွေ ကျားကိုရှောင်ချိန်တွင် ကိုကျော်ဖေတို့လို ကျားကိုင်းမုဆိုးတွေကတော့ မရှောင်နိုင်အားကြပါ။ ကျားတွေ့ဖို့သာ အရေးကြီးကြသည် မဟုတ်ပါလား။ ကျားခြေရာကို ရှာမည်။ ကျားတို့ မြူးတူးပျော်ပါးတတ်သောနေရာကို ရှာရသည်။ သို့မှသာ သူတို့ရည်မှန်းချက် အောင်မြင်ရမည်ဖြစ်သည်။
ယခုလည်း ရိုးမထဲရှိ စမ်းချောင်းတစ်ခုအနီးသို့ သူတို့ ရောက်ရှိနေကြပြီဖြစ်သည်။ စမ်းချောင်းမှာ အတန်ငယ်ကျယ်ဝန်း၍ ရေစပ်စပ်ရှိသည်။ တစ်ဘက်တစ်ချက်တွင် တောင်ကျရေ တွန်းထိုးမှုကြောင့် ချောက်များ၊ သောင်ခုံများ ပေါ်ထွန်းနေကြသည်။ ရေနက်ရေအိုင်တို့တွင် ငါးရစ် ငါးချွန်း စသည့်ငါးများက ပေါများလှသည်။ သောင်ခုံပေါ်တွင် မြူးတူးခုန်ပေါက်ထားသော ကျားခြေရာများက ရှုပ်ပွနေသည်။
သဲသောင်ပြင်ပေါ်တွင် ရှုပ်ယှက်ခတ်နေသော ကျားခြေရာများကို ကိုကျော်ဖေ စူးစမ်းရင်းက သုတ်ကိုင်းခြေနင်းကွင်းချမည့်နေရာကို ကိုကျော်ဖေ ရှာဖွေနေ သည်။
“ဟောသည်မှာ စမ်းကိုဆင်းတဲ့တက်တဲ့လမ်းကြောင်းပဲ၊ ဒီနေရာက သူတို့အသွားအလာများတယ်၊ ကိုင်းကို သည်နေရာ ထောင်ကြမယ်”
“ဟုတ်ကဲ့ … အဖေ၊ သားတို့ ဒီနေရာမှာ စခန်းချကြ
မလား”
“အေး … ဟုတ်တယ်၊ အဖေ့ကိုဓားပေးစမ်း၊ ပြီးတော့အိတ်ထဲက ကြိုးတွေထုတ်တော့။ အဆင်သင့် ဖြစ်နေပစေ”
စမ်းကမ်းပါးရှိ သစ်နံပင်တစ်ပင်သို့ ဓားကို ခါးတွင် ချပ်ကာ ကိုကျော်ဖေက မျောက်တစ်ကောင်အလား ပြေးတက်သွားသည်။ အပင်ရင်းမှာ ပေါင်လုံးခန့်ကြီးထွား၍ အပင်ဖျားမှာ လက်ကျင်းဝတ်ခန့် ရှိသည်။ အပင်ဖျားမှ သစ်ကိုင်းများကို ဓားနှင့် စင်အောင် ခုတ်ထစ်ပစ်လိုက်သည်။ သားဖြစ်သူလှမ်းပေးသော ကြိုးစဖြင့် သစ်ပင်ဖျားတွင် ချည်နှောင်လိုက်သည်။
ထို့နောက် အပင်မှဆင်းကာ အောက်ခြေဘက် ဓားတစ်လှမ်းစာတွင် ကျန်နေသော သစ်ခက်များကို ခုတ်ပစ်လိုက်သည်။ သစ်နံပင်သည် သုတ်ကိုင်းအကြီးစားတစ်ခုဖြစ်သွားသည်။
သစ်ပင်နှင့်မလှမ်းမကမ်းတွင်ရှိသော ကျားခြေရာ စွပ်ကြောင်းတစ်ခုပေါ်တွင် မြေကျင်းတစ်ခု တူးဆွသည်။ ထို့နောက် သစ်သားဂုတ်နှစ်ခုကို မြေထဲသို့ ရိုက်သွင်းသည်။ သုတ်ကိုင်းအဖျားမှ ကြိုးစကို အောက်သို့ဆွဲနှိမ်၍ ဂုတ်နှစ်ခုတွင် ကန့်ထားသော သစ်သားတန်းနှစ်ခုတွင် “သိမ်းသီး” ခေါ် တစ်မိုက်ခန့် သစ်သားချွန်ကလေးဖြင့် ကန့်ထားလိုက်သည်။
မြေပြင်နှင့်အနီးဆုံး ဒုတိယသစ်သားတန်းပေါ်တွင် ဝါးခြမ်းပြားများကို တစ်ခုနှင့်တစ်ခု ထိကပ်အောင် စီ၍ချထားလိုက်သည်။ ဝါးခြမ်းပြားများသည် တူးထားသောမြေကျင်းကို အပေါ်မှ ပိတ်ဖုံးထားခြင်းဖြစ်သည်။
ကိုကျော်ဖေသည် သုတ်ကိုင်းဖျားတွင် စတီးကြိုးပျော့ကို ဘူးလည်သီးခတ် ချည်နှောင်လိုက်သည်။ ထို့နောက် ဝါးခြမ်းပြားများ စီထားသောကျင်းကို ချုပ်မိအောင် စတီးကြိုးစကို ကျော့ကွင်းပြုလုပ်၍ မြေမှုန့်များဖြူး၍ သစ်ရွက်ခြောက်များဖြင့် ဖုံးအုပ်ထား လိုက်သည်။
သုတ်ကိုင်းတွင် သစ်ခက်စိမ်းများကို ကပ်၍ ချည်နှောင်သည်။ ကျားများက သုတ်ကိုင်းမှန်း မရိပ်မိစေရန် ဖြစ်သည်။
သို့ဖြင့် စမ်းချောင်းအတွင်းသို့ ဆင်းကာ ကျားဆင်းလမ်းစွတ်ကြောင်းမှာ လက်ရာခြေရာမပျက်ဘဲ ရှိနေလေသည်။ သူတို့ ကိုင်းဆင်ပြီးသောအခါ နေအတော်မြင့်၍ နှင်းကွဲစပင် ပြုနေ ပေပြီ။
“သားရေ … ပစ္စည်းသိမ်းဟေ့၊ ဘာတစ်ခုမှမကျန် အောင် စေ့စေ့စပ်စပ်ယူခဲ့။ စမ်းဖျားဘက်သွားပြီး ထမင်းစားကြမယ်”
ကိုကျော်ဖေက အသင့်ထုပ်ယူလာသော ထမင်းထုပ်များကို ကိုင်ဆွဲရင်း ထွက်သွားသည်။ သားဖြစ်သူကလည်း ပစ္စည်းများကို စုသိမ်းကာ ဖခင်နောက်မှ လိုက်ပါသွားလေသည်။ ရိုးမတောသည် ဖိုးခေါင်မြည်သံ၊ မျောက်အော်သံ၊ ရှဉ့်တွတ်သံ၊ ကျေးငှက်မျိုးစုံသံတို့ဖြင့် သာယာနာပျော်ဖွယ်ကောင်းလှသည်။
ကိုကျော်ဖေ တောင်ယာခုတ်၊ သုတ်ကိုင်းထောင် မုဆိုးဘဝမှ ကျားကိုင်းထောင်မုဆိုးဘဝသို့ ပြောင်းလဲစေရသည့် အကြောင်းအချက်က ဖန်လာသည်။
သူတို့ ဆိုးပုံရွာကလေးမှာ အဓိကလုပ်ငန်းအနေနှင့် မိုးနှောင်းရာသီတွင် ရွာလုပ်ငန်းအနေနှင့် နှီးဖျာကြမ်းများ ယက်လုပ်ရောင်းချကြသည်။
ဝါးပေါများသည့် ဒေသဖြစ်ခြင်း၊ နှီးကောင်းခြင်း၊ လက်စလက်နသေသပ်ခြင်းတို့ကြောင့် ဖျာကြမ်းကုန်သည်များက ဖျာကို ရာနှင့်ချီ၍ လာရောက်ဝယ်ယူကြသည်။
အထူးသဖြင့် ဂျိတ္တော၊ ဆင်းခေါင်းကဲ့သို့ ကျော့ပိုက်ဖောင်လုပ်ကိုင်သော ဒေသများက ငါးလှန်း၊ ပုစွန် လှန်းရန် အများအပြား ဝယ်ယူသုံးစွဲကြသည်။
ထိုကုန်သည်များထဲတွင် ကိုကျော်ဖေနှင့် ရင်းနှီးသူ တစ်ဦး ရှိသည်။ သူက ကိုကျော်ဖေ သုတ်ကိုင်းထောင်၍ မိသော အချိန်များနှင့် တိုးနေသဖြင့် ကိုကျော်ဖေကို အကြံပေးသည်။
ဆတ်တို့၊ ဝက်တို့၊ ချေတို့အစား လက်ဖျားငွေသီးစေမည့် အလုပ်ဖြစ်သည့် ကျားကိုင်းထောင်ခြင်းကို အားပေးအကြံပြုခဲ့ခြင်း ဖြစ်သည်။ သူ အကြံပြုလည်း ပြုလောက်သည်။ ကျားတစ်ကောင်တွင် အသုံးမဝင်သည့်အရာက ခပ်ရှားရှား။ အသား၊ အရေခွံအရိုး၊ အစွယ် အားလုံး အသုံးဝင်သည်ချည်း ဖြစ်သည်။ ဆေးဖက်လည်း ဝင်သည်။ ကျားရေတစ်ချပ်ကပင် သောင်းနှင့်ချီ၍ တန်ဖိုးရှိလှသည်။ သူတို့က ကျား၏ အလျားတောင်ရေအလိုက် ဈေးကြီးပေးဝယ်တတ်ကြသည်။
ရိုးမနှင့် ဆက်နွယ်နီးစပ်နေသော ကိုကျော်ဖေတို့ဒေသအဖို့ ကျားက မရှားလှပါ။
သို့သော် ကျား၏သဘာဝကို နားမလည်ဘဲ ကိုကျော်ဖေ မလုပ်ရဲ။ ဆရာရှာရသည်။ ကံကောင်း ထောက်မသဖြင့် ခရီးသွားဟန်လွဲ တောင်ကုတ်ရိုးမပေါ်တွင် ကျားမုဆိုး နားပေါက်ကျယ် ချင်းအမျိုးသားကြီးနှင့် သူဆုံမိသည်။ သူတို့က ကျားဆိုလျှင် အသေနိုင်သည်။
ယခင်က တောင်ကုတ် လမ်းဖောက်စဉ်က ကျားများ အလွန်သောင်းကျန်းခဲ့သည်။ ကျားပေါသော တောင်ကုတ်ရိုးမသည် အလွန်နာမည်ကြီးခဲ့သည်။ ကျားကိုက်၍သေခဲ့သော လူသားများ၏ပုံပြင်သည် ရိုးမတစ်ခွင်တွင် ယနေ့တိုင် လွင့်ပျံနေဆဲဖြစ်သည်။
ခရီးသွားများ၊ လမ်းဖောက်သူများ၊ ဝါးခုတ်သူများ၊ သစ်ဆွဲသူများ၊ နွားကုန်သည်များ လူမျိုးစုံသည် ကျား၊မ၊လူကြီး၊ကလေးစုံသည်။ ရိုးမတွင် ကျားဆွဲသော ပုံပြင်သည် မရိုးနိုင်အောင် ပြောစမှတ်ဖြစ်ခဲ့သည်။
ရိုးမကျားဆိုလျှင် လူတိုင်း ထိတ်လန့်ကြောက်ရွံ့ကြသည်မှာ အမှန်ပင် ဖြစ်သည်။
နောက်ပိုင်းတွင် ကျားကိုက်၊ ကျားဆွဲခံရဖန်များသဖြင့် အလုပ်သမားစခန်းပတ်ဝန်းကျင်တွင် လျှပ်စစ်ဓာတ်ကြိုးများ လွှတ်၍ ကာရံရသည်အထိ ဖြစ်လာသည်။
ကျားတို့မှာ လူတို့ကဲ့သို့ အကောင်လိုက်ပေါက်ဖွား၍ သွေးနွေးသတ္တဝါများ ဖြစ်သဖြင့် လျှပ်စစ်ဓာတ်လိုက်ကာ မနည်းသေဆုံးခဲ့ရသည်။ ကျားက လူကို ပြန်ကြောက်လာရသည်။
ကျားမုဆိုးတို့ ပေါ်ပေါက် တစ်စခန်းထလာသောအခါ ကျားများ ရှားပါးလာသလို ရိုးမပေါ်မှကျားများ ရှောင်တိမ်းကုန်လာသည်။
ကျားမုဆိုးတို့က ကျားခြေရာကိုတွေ့၍ အသိပေးလျှင် လွန်စွာကျေးဇူးတင်ကြကြောင်း သိရသည်။ ကျားမုဆိုးတို့၏ ခြေရာခံလိုက်ခြင်းခံရသော ကျားမှာလည်း မသက်သာရပေ။ မကြာမတင် မရှေး မနှောင်းပင် ကျားမုဆိုး၏ လှံဖျားတွင် အသက်ပျောက်ရလေ့ ရှိသည်။
ကိုကျော်ဖေ၏ဆရာ ကျားမုဆိုးသည် လူလုံးလူဖန် တောင့်တင်းခိုင်မာသလောက် စိတ်ဓာတ်လည်း ခက်ထန်သည်။ ခြေရာကောက်တော်သည်။ ရိုးမတောဆက်ကို သိသည်။ ခြေရာခံမိသော သားကောင်အဖို့ လွတ်လမ်းမရှိနိုင်ချေ။ ဖြတ်လမ်းမှ စောင့်ဆိုင်းကာ သားကောင်ကို သတ်ဖြတ်နိုင်သည်အထိ တောကျွမ်းသူဖြစ်သည်။ ရိုးမတစ်ခွင် ပြဲပြဲစင်အောင် နှံ့စပ်ကျွမ်းကျင်သူ ဖြစ်သည်။
သူတို့ကိုင်ဆောင်သော လှံကလည်း ကြောက်စရာ၊ အသွားတစ်တောင်လောက်နှင့် ခြေသလုံးမွေး ကျလောက်အောင် ထက်မြက်လှသည်။ လှံကိုင်ကျွမ်းကျင်သလောက် ဖျတ်လတ်သန်မာသူလည်း ဖြစ်သည်။
ရိုးမပေါ်တွင် သူ့ဆရာနှင့် တစ်နှစ်အကြာ ကျားမုဆိုး ပညာကို လက်ထပ်သင်ယူခဲ့ရသည်။
ခြေရာကောက်ပညာ၊ ကျားတို့အလေ့အထ၊ လှုပ်ရှားတိုက်ခိုက်ပုံ၊ သွားလာကျက်စား နေထိုင်ပုံကို ဆရာ့နောက်မှလိုက်ရင်း ကျားနှင့်ရင်ဆိုင်ကာ သတ်ကွင်းသတ်ကွက်များကို ကိုယ်တွေ့ ပါဝင်သင်ကြားခဲ့ရ သည်။
ဆရာ့လောက်နီးနီး မဟုတ်တောင်မှ ကျွမ်းကျွမ်း ကျင်ကျင် ရဲရဲဝံ့ဝံ့ ရင်ဆိုင်စွန့်စားခဲ့ဖူးလေသည်။
XXX XXX XXX
စမ်းချောင်းဘေးမှ ချုံပုတ်များကို တိုးဝှေ့ရင်း သုတ်ကိုင်းနှင့် နီးလာသောအခါ သားဖြစ်သူကို ကိုကျော်ဖေ လက်ဝါးကာပြလိုက်သည်။ သားဖြစ်သူက တုံ့ခနဲရပ်ကာ ထိုင်ချလိုက်သည်။ ရှေ့မှ တားဆီးပိတ်ဆို့နေသော သစ်ခက်များကို လှံရိုးနှင့် ဖယ်ရှား၍ သုတ်ကိုင်းခွင်သို့ ချောင်းကြည့်လိုက်သည်။
ကိုကျော်ဖေ ရင်တစ်ခုလုံး နှလုံးခုန်သံက တဒိန်းဒိန်းနှင့် ဆူညံသွားသည်။ သွေးများ ဆူပွက်လာသလား ထင်မှတ်ရသည်။
(၇)တောင်ခန့် ကျားတစ်ကောင်သည် သုတ်ကိုင်းတွင် မိနေသည်။ ၎င်းတို့ဘက်ကို ကျောပေးထားသည်။ လှပသော ကျားပျိုတစ်ကောင် ဖြစ်သည်။ အဝါနှင့်?အနီဖောက်ထားသော ကိုယ်ပေါ်တွင် အနက်ရောင် အမည်းစင်းကြီးများက မည်းနက်လှပနေသည်။
ညာဘက်လက်မှာ သုတ်ကိုင်းစတီးကြိုးဆွဲအားကြောင့် အပေါ်သို့ မြောက်နေသည်။ နောက်ခြေနှစ်ဖက်က မြေကြီးကို အားကန်မှေးထောက်ထားသည်။ ဝမ်းဗိုက်လှုပ်ရှားနေခြင်းကို ကြည့်ခြင်းအားဖြင့် လှုပ်ရှားရုန်းကန်ထားမှုကြောင့် အတော်ပင် မောဟိုက်နေကြောင်း သိသာသည်။
သုတ်ကိုင်း၏ ပတ်ပတ်လည် ၁၀ တောင်ခန့် အကွာတွင် သစ်ပင်ငယ်များ၊ ချုံပုတ်များသည် တလင်းနယ်ထားသကဲ့သို့ ပြားချပ်နေသည်။ ကျိုးကြေလျက် ရှိကြသည်။
ကိုကျော်ဖေက သားကို လက်ယက်ခေါ်ပြီး ကိုင်းတွင် မိနေသော ကျားကို လက်ညှိုးထိုးပြလိုက်သည်။
ကျားနှင့် တစ်ခါမှ ရင်မဆိုင်ဖူးသော သားမှာ ကျားကို အမှန်တကယ် တွေ့မြင်လိုက်ရသောအခါ မျက်နှာနှင့် ကိုယ်ဟန်အမူအရာပျက်သွားကြောင်း သူရိပ်စားမိလိုက်သည်။
“ကျားကတော့ မိနေပြီ၊ အဖေတို့ စိတ်ရဲရဲနဲ့ လုပ်မှ ကိုင်မှ ဖြစ်မယ်။ သတိဝီရိယနဲ့ လုပ်မှဖြစ်မယ်။ သုတ်ကိုင်းမိနေတဲ့ အကောင်ဆိုတော့ အဖေတို့ဘက်က တစ်ပန်းသာတယ်”
စိုးရိမ်ထိတ်လန့်ဟန်ရှိသောသားကို ဖခင်ဖြစ်သူက အားပေးစကားဆိုရင်း လှံရိုးကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ ကိုကျော်ဖေ၏ ကိုယ်ခန္ဓာကြွက်သားများ ရုန်းထလာသည်။ မေးကြောကြီးများပင် ထောင်ထလာသယောင်ရှိသည်။
သစ်ခက်များကို တွန်းဖယ်၍ ကိုကျော်ဖေ ရှေ့သို့လှမ်းထွက်သွားသည်။ သားဖြစ်သူက ငှက်ကြီးတောင်ဓားကိုကိုင်၍ ချိန်ဆရင်း ဖခင်နောက်မှ ထပ်ချပ်မကွာလိုက်ပါခဲ့သည်။
တောတိုးသံကြောင့် ကျားက သူတို့ဘက်သို့ ချာခနဲလှည့်ကာ လူကိုမြင်သည်နှင့် ဟိန်းဟောက်လိုက်သည်။ တစ်ဆက်တည်းပင် သူတို့သားအဖဆီသို့ လွှားခနဲ ခုန်အုပ်လိုက်သည်။
“ဝေါင်း … ဝှီး … ကြွလိန် … တြင် … ဘုတ်”
ကျားဟိန်းသံ၊ လေဟုန်သံ၊ စတီးကြိုးမြည်သံ၊ သုတ်ကိုင်းတုံ့ယူသံ၊ ကျားပြန်ကျသံတို့က တစ်ဆက်တည်း ဆက်တိုက် ဖြစ်ပေါ်သွားသည်။
မထင်မှတ်သောမြင်ကွင်းကြောင့် သူတို့ သားအဖပင် တုံ့ခနဲ ရပ်မိလျက်သား ဖြစ်သွားသည်။ ကျားက ပိုမိုဒေါသဖြစ်လာဟန် တူသည်။ မာန်သွင်းလျက် လေးငါးကြိမ် ခုန်၍အုပ်သည်။ သုတ်ကိုင်းတုံ့အားကြောင့် သူ့ခမျာ လေထဲတွင် ရပ်တန့်လိုက်ရပြီး ကိုင်းသုတ်အားနှင့်အတူ နောက်ဘက်သို့ ပြန်ပါသွားရသည်။
ပါးစပ်ကြီးကိုဖြဲ၍ မာန်သွင်းကာ ဟိန်းရင်း သူတို့သားအဖရှိရာသို့ မျက်လုံးနီများဖြင့် စိုက်ကြည့်နေသည်။ အမြီးမှာမူ လှုပ်ယမ်းနေသည်။ လက်တစ်ဖက်မှာ အမိခံနေရ၍ ပိုပြီးဒေါသထွက်နေဟန်ရှိသည်။ ကျား မောဟိုက်ရပ်တန့်နေသည်ကို အခွင့်ကောင်းယူ၍ ကိုကျော်ဖေ ဟန်ချက်ပြင်၍ လှံကို ချိန်ဆလိုက်သည်။
ပတတ်ရပ်အနေအထားရှိနေသော ကျား၏ လည်ပင်းအောက် စားမျိုရှိရာသို့ လှံကို ပစ်ထိုးလိုက်သည်။ လျင်မြန်လိုက်သည့် ကျားကလည်း တစ်ဟုန်ထိုး ခုန်လာသည်။ လှံချက်က ဝမ်းဗိုက်ကို ရှပ်မှန်၍ သုတ်ကိုင်းနှင့် မလှမ်းမကမ်းတွင် ကျသွားသည်။
“ဟာ လှံချက်လွဲသွားပြီအဖေ။ လှံပြန်ကောက်ဖို့ မလွယ်ဘူး။ သုတ်ကိုင်းစက်ဝန်းထဲမှာ ကျနေပြီ”
“အဖေ စိတ်နည်းနည်းလောသွားတယ် သားရယ်၊ ဒါလည်းမပူပါနဲ့၊ တို့မှာ ဓားပါသေးတာပဲ။ ငါ့သားကြောက်နေသလား၊ ယောက်ျားစိတ်ပဲကွာ၊ ဘယ်တော့မှ မလျှော့ရဘူး။ တစ်နည်းနည်းတော့ ကြံရတာပေါ့”
“သားမကြောက်ပါဘူး အဖေ၊ သား ဒီလောက်တော့
သတ္တိရှိပါသေးတယ် … သား ဓားနဲ့ဝင်ခုတ်ရမလား အဖေ”
“ဟ … မလုပ်နဲ့ .. မလုပ်နဲ့ ။ စိတ်နောက်ကိုယ်ပါ မလုပ်ရဘူး၊ မှားသွားလိမ့်မယ်။ သူက တောဘုရင်ပဲ။ သူ့မှာလည်း အဖေတို့လို စိတ်မျိုးရှိတယ်။ အလျှော့ပေးလိမ့်မှာမဟုတ်ဘူး၊။အဖေတို့က သူ့ထက်သာတာ တစ်ခုရှိတယ်။ ဉာဏ်ကိုသုံးရမှာပဲ”
ကျားဆီသို့ သွားဟန်ပြုနေသော သားကို လှမ်းတားရင်း သတိပေးလိုက်သည်။ ထို့နောက် သားဆီမှ ဓားကိုယူကာ စမ်းကမ်းပါးတစ်ဖက်မှ ဝါးအရင်းပိုင်းများကို ခုတ်ယူ၍ နှစ်ဖက်ချွန်များ ပြုလုပ်ကြသည်။ ထိုနှစ်ဖက်ချွန်ဝါးများဖြင့် ကျားကို လွှတ်ထိုးပစ်ပေါက်ကြသည်။
“ဒီကောင်ကို ဒီအတိုင်းထားခဲ့လို့မဖြစ်ဘူး။ သတ္တိရှိရှိ စွန့်စားရတော့မှာပဲ။ အဖေပြောတာ နားထောင်စမ်း၊ မင်းက ဟိုဘက်ကနေ ဓားနဲ့အယောင်ပြ၊ အဖေက နောက်ဘက်ကနေ လှံကိုဝင်ကောက်မယ်”
“ဖြစ်ပါ့မလား အဖေရယ်၊ သူက သိပ်လျင်တာ အဖေ”
“တော် … မင်းဘာမှပြန်မပြောနဲ့၊ ငါပြောတဲ့အတိုင်းလုပ်။ သူသေကိုယ်သေ စွန့်စားရမယ့်အချိန်ရောက်နေပြီ။ မုဆိုးသိက္ခာတော့ ငါ အကျမခံနိုင်ဘူး။ ဖြစ်ချင်ရာဖြစ်ပဲ။ မင်းသာ ငါ့သားပီပီ ရဲရင့်ပါစေ။ သွားကွာ … မြန်မြန်လုပ်စမ်း”
ဖခင်၏စိတ်ဓာတ်ကိုသိသော သားက ဖခင်ကို ဘာမျှ မပြောတော့ဘဲ ကျားနှင့် တည့်တည့်ရင်ဆိုင်လိုက်သည်။ သုတ်ကိုင်းကြိုးတစ်ဆန့်နှင့် အနီးစပ်ဆုံးသောနေရာဖြစ်သည်။ ကျားခုန်အုပ်က ရောက်လာနိုင်မည့် ဓားတစ်ကမ်းနေရာ ဖြစ်သည်။
ဖခင်ဖြစ်သူက လှံကျနေရာဘက်သို့ ပတ်၍သွားလိုက်သည်။ ဓားကိုင်ရပ်နေသောသားကို မြင်နေရသော ကျားက ဒေါသဖြင့် လှမ်းအုပ်လိုက်သည်။
အခွင့်အရေးကို လက်လွှတ်မခံသော ဖခင်ဖြစ်သူက လှံကိုဝင်ကောက်လိုက်သည်။ သူ့အနီးသို့ လေထဲမှ ခုန်အုပ်ရောက်ရှိလာသော ကျား၏မျက်နှာကို သားဖြစ်သူက ဓားဖြင့်လှမ်းခုတ်လိုက်သည်။
ကျား၏မျက်နှာကို မိမိရရခုတ်မိသလို ကျား၏ လွတ်နေသောလက်တစ်ဖက်က ဓားကိုင်လက်ကို ပုတ်မိသွားသေးသည်။
သားဖြစ်သူမှာ ဓားလွင့်၍ နောက်ပြန်ပုံလဲကျသွားသည်။
တစ်ချိန်တည်းပင် သုတ်ကိုင်းအားကြောင့် နောက်ဘက်ရှိ လှံကောက်နေသည့် ဖခင်ဆီသို့ တစ်မုဟုတ်ချင်း ပြန်ရောက်သွားသည်။
သား၏အဖြစ်ကို မြင်တွေ့ လိုက်ရသော ကိုကျော်ဖေ က လှံကိုကောက်၍ နောက်သို့ ခုန်မထွက်တော့ချေ။
သုတ်ကိုင်းတုံ့အားကြောင့် သူဆီသို့ ကားခနဲလွင့်ပါလာသော ကျား၏ ရင်အုပ်တည့်တည့်ကို လှံဖြင့် မလွတ်တမ်း ထိုးသွင်းလိုက်သည်။
သုတ်ကိုင်း၏တွန်းအားနှင့် သူ့ထိုးအားတို့က ဆုံချက်မိသွားသည်။ အသွားတစ်တောင်လောက်ခန့်ရှိသည့် လှံသွားက ကျား၏ နှလုံးသားထဲသို့ ထွင်းဖောက်မိသွားဟန်တူသည်။
ကျားဟိန်းသံကြီးသည် တစ်တောလုံးသို့ ဖိန့်ဖိန့်တုန်သွားစေလေသည်။
ကိုကျော်ဖေမှာ တစောင်းလဲကျသွားသလို ကျားကြီးမှာလည်း သွေးပွက်ပွက်နှင့် သုတ်ကိုင်းတွင် တွဲလွဲဆွဲ၍ အသက်ငင်လျက် ရှိနေသည်။
ကိုကျော်ဖေ ဖုတ်ဖက်ခါထ၍ ဓားတခြား လူတခြား ဖြစ်နေသော သားဆီသို့ အပြေးအလွှား ရောက်သွားသည်။
“မှန်းစမ်း … မင်းဘယ်ထိသွားသေးသလဲ၊ သွေးတွေ မနည်းပါလား”
“လက်မောင်းကို ကုတ်မိသွားတယ်အဖေ၊ သား ဒီလောက်တော့ ခံနိုင်ရည်ရှိပါတယ် … မုဆိုးသားပဲ အဖေရာ”
“အဖေလည်း မင်းဇောနဲ့ သေမထူး နေမထူးဆိုပြီး ဇွတ်မှိတ်ရင်ဆိုင်လိုက်တာ၊ ကဲ … အချိန်လင့်သွားပြီ၊ နေမဝင်ခင် ရွာအရောက်ပြန်မှဖြစ်မယ်။ ရွာသားတွေခေါ်ပြီး ကျားကို ပြန်ယူရဦးမှာ၊ မင်းလက်အနာကို အင်္ကျီချွတ်ပြီး စည်းထားလိုက်”
ကိုကျော်ဖေက ပြောပြောဆိုဆို ကျားတွင် ထိုးစိုက်နေသော လှံကို နုတ်ယူလိုက်သည်။
နေညိုချိန်ဖြစ်သဖြင့် ရိုးမသည် ငှက်သံများ အတော် တိတ်ဆိတ်သွားပြီဖြစ်သည်။ အိပ်တန်းတက်တော့မည့် ကြက်တွန်သံများသာ ကြားနေရသည်။
ကျားကို အောင်ပွဲရခဲ့သော ကိုကျော်ဖေတို့သားအဖ ရွာအပြန်ခြေလှမ်းများက ပို၍သွက်လက်လျက် ရှိလေတော့သည်။
– ပြီး –
စာရေးသူ – မောင်မြထွေး(ပင်လယ်)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Uncategorized