မင်းရဲကျော်
မုဆိုး၏ရင် သံယောဇဉ်
“ဆရာကြီးတို့လာတာပ၊ ဝမ်းသာ ကျေးဇူးကမ္ဘာပ၊ အိမ်ပေါ်တက်ကြတာပ”
ဧည့်ဝတ်ကျေပွန်လေသော အသက်ခြောက်ဆယ် ကျော် ခုနစ်ဆယ်တွင်းမှ ဦးဂျမော်ဂမ်သည် ပျာပျာသလဲ ကြိုဆိုနေလေ၏။ နှုတ်ခမ်းမွေးကားကား ဆံပင်မဖြူသော်လည်း ကွေးကွေးကောက်ကောက် ခပ်ပါးပါး ကုပ်ထောက်လျက် ကချင်တိုင်းရင်းသား ကြီးတစ်ဦးအိမ်ပေါ်တက်ရင်း-
“ဆလံဝါကဂျာအီး”
“နေကောင်းတာပ၊ ထိုင်ကြ-ထိုင်ကြ”
“ဟိုနေ့တွေက လာဖို့ပဲ ဆလံဝါ၊ တခြားကိစ္စလေးတွေကြောင့် နောက်ကျသွားတယ်။ ဩော် မိုးကျော် ဆလံဝါအတွက် လက်ဆောင်ပစ္စည်းပေးပါဦး”
“အို မလိုပ၊ အားနာတာပနော့”
မိုးကျော်အောင်သည် ပါလာသော ကျောပိုးအိတ်ထဲမှာ ထည့်ယူလာသော အမဲဘူးတစ်ဘူး၊ ငါးသေတ္တာဘူး တစ်ဘူး၊ ပဲဘူးနှင့် ဘာလချောင်ကြော်တစ်ဘူးစီအပြင် ရိက္ခာထုပ်ထဲပါလာတတ်သော နို့ဆီဘူးနှင့်အတူ စီးကရက်သံဘူးတို့အား ထုတ်ပေးလေသောအခါ-
“ရော် . . . အများကြီး အများကြီး အားနာတာပ၊ တူးဂျာသာ- တူးဂျာ ဆရာကြီးတို့ ဧည့်ခံတာပ”
“ဪ- ဆလံဝါအတွက် အာမီရမ်တစ်လုံးပါလက်ဆောင်ပေးရမယ် ဆလံဝါ”
“အင်း ကချင်တိုင်းရင်းသားတွေဟာ .. လက်ဆောင်ပစ္စည်းပေးရင် အရမ်းဝမ်းသာသလို ပြန်ပြီးဧည့်ခံတတ်ပါတယ်။ နောက်ပြီး လက်ဆောင်လည်း ပြန်ပေးရမှ ကျေနပ်ကြတာပ ဟဲ-ဟဲ”
ထိုသို့စကားပြောနေခိုက်မုဆိုးကြီး ဦးဂျမော်ဂမ်၏ နံပါတ်လေးမြောက်သား တူးဂျာတစ်ယောက် ကချင်အရက်နှစ်ပုလင်းယူလာသလို မုဆိုးကြီး၏ ဒုတိယ သမီးဖြစ်သော ကျောင်းဆရာမ မလုသည်လည်း အမဲခြောက်ဖုတ်တစ်ပန်းကန်၊ ချဉ်စော်ကားသီး အစိမ်းသီးအား ဓားဖြင့် ပါးပါးလှီးကာ ပန်းကန်ပြားထဲတွင်ထည့်ပြီး ဘေးမှာ ဆားပုံပေး၏။
ကျေးတောရွာဓလေ့အတိုင်း ရိုးသာဖြူစင်စွာ ပကာသန၊ အလှအပမရှိ။ ပကတိပင်လာချရင်းမှ-
“ဆရာကြီးတို့ကို အဝှား (အဖေ)မျှော်နေတာ၊ ကျွန်မက လာမှာပေါ့ အဝှား(အဖေ)၊ ဆရာကြီးတို့ မအားလို့ဖြစ်မှာပလို့ ပြောထားရတယ်”
“ဆရာမ ပြောသလို၊ တပ်က လူကြီးတွေလာတယ်ဆိုတာနဲ့ စခန်းမှာ လိုတာလေးတွေပြင်ဆင်နေလို့ပါ”
ချစ်စရာကောင်းသော ကျွန်တော်တို့ ကချင်တိုင်းရင်းသားတွေကား ရှေးအစဉ်အလာကို လုံးဝမပျောက်မပျက်ယနေ့အထိ ဆက်လက်သယ်ယူ လာကြသည်မှာ သားအကြီးဆိုပါက ဂမ် (ဂမ်)ပါအောင် မှည့်ရ၏။
ဥပမာ- မာဂမ်၊ ဂျမော်ဂမ် စသည်ဖြင့် မှည့်ခေါ်ရသလို ဒုတိယသားဆိုပါက နော် (နော်)ပါရ၏။ မာနော်၊ လဘန်နော် စသည်ဖြင့် မှည့်ခေါ်ကြရာမှ တတိယ သားကားလ(လ)၊ လဖိုင်လ စတုတ္ထသားဆိုပါမူ တူး(တူး)ပါရ၏။ တူးဂျာ ၊ ဆော်တူး၊ လဖိုင်တူးဆိုသလို ပဉ္စမသားကို တန် (တန်)ပါရ၏။ လဗျတန်၊ တန်ဂွန်းဖြစ်သလို၊ သမီးမိန်းကလေးဆိုပါကလည်း ပထမသမီးမှာ ကော့ (မကော့)ကော့ဖန်ဖြစ်၏။ ဒုတိယသမီးဆိုပါက လု (လု)ပါရ၏။ မလု၊ လဖိုင်လု။ တစ်ဖန် တတိယသမီးဆိုပါကလည်း ရွယ်(ရွယ်) မာရွယ်၊ ရွယ်ကြီး စသည်ဖြင့် ခေါ်တွင်လာခဲ့ကြပါသည်။
“အင်း- ဆရာကြီးတို့ သိချင်တာတွေ သားတူးဂျာပြောလို့သိတာပဲနော့၊ ကျွန်တော်ကလည်း မုဆိုးအကြောင်းပြောရလို့ကတော့ ဟိုမြန်မာတွေပြောသလို ထမင်းမေ့ ဟင်းမေ့ပဲ ဟား-ဟား-ဟား- ဟား”
“ပြောချင်သူရယ်၊ နားထောင်ချင်သူရယ် အဆင်ပြေနေပြီဆရာကြီး”
“ဟုတ်တယ် ကိုတူးဂျာရေ”
“ပြောလည်းပြောတာပ အဝှား(အဖေ)၊ သောက်ကြတာပ”
“ကဲ- ဆရာကြီးတို့ မုဆိုးအကြောင်းပြောရင်းသောက်ကြတာပနော့”
“ကဲ-ကဲသောက်ကြမယ်နော်”
“ဟုတ်ကဲ့ပါ ဆလံဝါ သောက်ကြမယ်။ ကဲ-မုဆိုးတို့အောင်ပွဲနော့ ဟား-ဟား- ဟား- ဟား”
မိုးမောက်မြို့နယ်နှင့်ကပ်နေလေသော ကျောက်စခန်းရွာကလေးမှာ အလွန်စည်ကား၏။ မိုးမောက်မြို့နှင့် ကျောက်စခန်းရွာအကြား လယ်ကွင်းပြင်နှင့် မြေပဲခင်း၊ နှမ်းခင်းနှင့်ဆီမုန်ညင်းခင်းတွေက အစိမ်း အဝါလှပလွန်းပါဘိ။
မိုးမောက်မှ ကတ္တရာလမ်းအတိုင်း ကျောက်စခန်းရွာသို့အရောက်သွားနိုင်သလို ကျောက်စခန်းရွာမှ ထွက်လိုက်ပါမူ စိန်လုံကမ်းပါးတောင်ချွန်ချွန်ကြီး။
မြင့်မားမတ်စောက်လေသော ကချင်ရိုးမတောင်တန်းကြီး စိန်လုံ၏ တောင်ပေါ်မြို့လေးမှာလည်း ငါးရက်တစ်ဈေး စည်မှစည်။နေ့စဉ်ဈေးလည်း ရှိ၏။ ငါးရက်ဈေးဆိုပါက ကျေးရွာပေါင်းစုံ၊ ကချင်ကျေးရွာ၊ ရှမ်းကျေးရွာမှ တောင်ပေါ်သူ တောင်ပေါ်သားတွေ၏ ဈေးပွဲတော်လေးလည်းဖြစ်သည်။
ကျွန်တော်တို့ မိုးမောက်မှ ကျောက်စခန်းရှိ မုဆိုးကြီးဆလံဝါဦးဂျမော်ဂမ်ထံ မုဆိုးအကြောင်း တောတောင်အကြောင်း ဆွေးနွေးမေးမြန်းရန်သက်သက် ရောက်ခဲ့ပါ၏။
“ဆရာကြီးတို့ သိချင်တာ၊ ဟောဟိုက ကျရီချောင်းနဲ့ လဘန်ကထောင်တောင်ကြီးရယ်၊ သားကောင်နဲ့ မုဆိုးအကြောင်းပြောရမှာပနော့”
“ဟုတ်ကဲ့ – အဲ့ဒီ ကျရီချောင်းဟာ တောကြမ်းသလို လဘန်ကထောင်တောင်တန်းကလည်း တောဆိုးလို့ပြောကြပါတယ်။ မိုးမောက် ဝက်ကုန်းရွာက လောပန်းကြီး ဦးအာယုပြောတယ် ဆလံဝါ”
“အင်း ဘယ်တော့ပဲဖြစ်ဖြစ် တောဆိုတာ ကြမ်းတာပနော့၊ ကျွန်တော့အသက် ဆယ်နှစ်တောင်မပြည့်သေးပါဘူး။ အဲဒီ့အထဲက အဝှား (အဖေ)နဲ့ တောပစ်လိုက်ခဲ့ဖူးတာ လွန်ခဲ့တဲ့နှစ်နှစ်လောက်အထိဆိုတော့ နှစ်ပေါင်းခြောက်ဆယ်နီးပါးပေါ့”
“အဝှား (အဖေ)က ပြောဖူးတယ်။ မြန်မာတွေရဲ့ အယူအဆ သူတို့ရဲ့ ဘာသာတရားက သူများအသက် မသတ်ရဘူးတဲ့။ အဲ့ဒီလူတွေက အသားတော့ စားတယ်၊ မသတ်စေချင်ရင် အသားမစားနဲ့တဲ့။ ကျွန်တော်သဘော ပေါက်ပါတယ်။
နောက်တစ်ခု သားကောင်ပစ်ပြီး အသက်မွေးဝမ်းကျောင်းသူမရှိရင် တောထဲမှာ သားရဲတွေ ဘယ်လောက်ပေါက်ပွားပြီး တောထဲမပြောနဲ့ တောစပ်ကနေ ဒီရွာတွေထဲအထိ သူတို့က တိုးပြီး သားရဲက လူသားစားကြမှာ ဟဲ-ဟဲ၊ ဟုတ်တာပနော့။
ကျွန်တော်တို့ရဲ့ အသက်မွေးဝမ်းကျောင်းကိုက တောပစ်မုဆိုးလေ။မိုးမောက်ကသူကြီး ဦးလှမောင်ဆို ကျွန်တော့်အဖေထံ၊ ကျွန်တော့်ထံ ချေသား၊ တောဝက်သား၊ ဆတ်သား အမြဲမှာတယ်။ သူ အလှူလုပ်မလို့ တောကောင်သားနဲ့ ကျွေးမွေးဧည့်ခံရမှဆိုတော့ မှာသူလည်းအပြစ်၊ ပစ်သူလည်း အပြစ်ရတယ်။ အင်း – ငရဲကြီးမှာပေါ့နော့။
ဆရာကြီးတို့ကတော့ အပျော်မုဆိုး၊ ကျွန်တော်တို့ကတော့ ဝမ်းစာအတွက် အစာရှာရတာ ဆရာကြီး”
“ဆလံဝါ- ကျွန်တော်တို့ငရဲကြီးမယ် မကြီးဘူးထက် တောအကြောင်း သားကောင်အကြောင်း သိချင်ပါတယ် ဆလံဝါ”
မိုးကျော်အောင်ကား စကားဖြတ်ပြောလိုက်၏။ ကျွန်တော်လည်း အားနာလို့မပြောဖြစ်။ တော်ပါသေး၏။ တင်မြတ်ကတော့ သောက်လိုက် ဝါးလိုက်နှင့် စိတ်ကြိုက်တွေ့နေသည်က ကချင်အရက်နှင့် အမဲခြောက်ဖုတ်သာ ဖြစ်နေပုံရ၏။
“ဟုတ်တာပလေ၊ ကျွန်တော်တောပစ်တာ သားကောင်ပါ။ သူ့ကလေးတွေ အရွယ်မရောက်သေးတဲ့ သားကောင်တော့ မပစ်ပါဘူး။ အင်း- ကျွန်တော့်သားအကြီးကောင် မာဂမ်ကတော့ မုဆိုးလုပ်ပေမဲ့ စိတ်ကအလွန်ကြမ်းတာပ။ ဒါကြောင့်လည်း စောစောစီးစီး သားကောင်သတ်လို့ သေရတာပါ။ သူ့အကြောင်းပြောပြမှာပနော့၊ ဆရာကြီးတို့က မုဆိုးဝါသနာပါ တော့ ကျွန်တော့်သားလိုအဖြစ်မျိုး မကြုံရအောင်ပေါ့။ ဟို-သတိထားနိုင်အောင် အသိပေးရတာပဲ”
“ကျေးဇူးတင်ပါတယ် ဆလံဝါ၊ နည်းလမ်းလေးတွေ သိတော့ ရှောင်စရာတွေ ရှောင်ရှားရတာပေါ့ ဆလံဝါ”
“ဟုတ်တယ်ပ- သားကြီး မာဂမ်ဟာ စိတ်ကြီးတယ်။ ဘယ်လိုပြောရမလဲ ဒေါသကြီးတယ်၊ မိုက်တယ်လေ။ မှားတာသိလည်း သူလုပ်ပြီးသမျှ အမှန်လို့ပဲ တွေးတယ်။ နောက်တစ်ခု ကြိုတင်မတွေးဘူး။ လုပ်မယ်ဆိုတာ ဇွတ်တိုးပနော့။ သူရယ် သူ့သူငယ်ချင်း ဘောက်နော်နဲ့အတူ လဂျာဆိုတဲ့ သူငယ်ချင်းသုံးယောက်ပ”
xxx xxx xxx
“မာဂမ် တို့တွေ့ထားတဲ့ဝက်ဝံသိုက် တက်ကြမယ်လေ”
“ဟုတ်တယ် – ဟုတ်တယ် ဘောက်နော်ပြောတာ မှန်တယ်”
“အေး ဟုတ်တယ်ဟ၊ ခုလောက်ဆို ဝံပေါက်ကလေးတွေ မျက်စိပွင့်လောက်ပြီ”
“အေး .. ကဲ အမြန်သွားကြမယ်”
သုံးယောက်သား ယခင်တွေ့ခဲ့သော ဖွန်ဂမ်တောင်စောင်းရေတံခွန်ဘေးရှိ အလွန်ကြီးမား၍ အတောင်နှစ်ဆယ်ကျော်ကျော်မြင့်သည့် တောင်သရက်ပင်ကြီးခွဆုံရှိ ဝက်ဝံသိုက်ကြီးတွင် ဝက်ဝံမကြီး သားပေါက်နေလေပြီ။ ထိုသားပေါက်ဈေးက ပိုကောင်း၏။ တစ်ဖန် အခြေအနေပေးပါက ဝက်ဝံမကြီးပါ ပစ်သတ်ပြီး ဝံသားရေလည်း တစ်ဖက်နိုင်ငံတွင်ရောင်းချပါက ဈေးကောင်းသလို ပရန်ခုတုံရွာမှ လောပန်းကြီး ဦးလောယုံမှလည်း ဝက်ဝံသားရေမှာထား၏။
ဝက်ဝံသားရေမှာ ကုန်တင် မြင်း လားတွေအတွက် ကုန်း (ကျောပေါ်ခင်းသည့် ပစ္စည်း)လုပ်ရာတွင် ပေါက်ပြဲမှုမရှိသလို ပျော့ပျောင်း၍ မြင်း လားတွေ ကျောကုန်းရိုး၊ နံရိုးတွေ မပွန်းမပဲ့သဖြင့် ဝက်ဝံသားရေမှာခြင်း ဖြစ်၏။
သုံးယောက်သား သတိကြီးစွာဖြင့် ဖွန်ဂမ်တောင်စောင်းဘက် ထွက်ခဲ့ပြီးနောက် ဝက်ဝံသိုက်နှင့် နီးလာသည်တွင် အကင်းပါးသော မုဆိုး မာဂမ်က
“ကဲ ဘောက်နောင်နဲ့ လဂျာရေ ဘယ်ကသွားမှာလဲ”
“နေဦး”
ပြောပြောဆိုဆို လဂျာသည် ဆေးလိပ်မီးညှိပြီး မီးခိုးမှုတ်ထုတ်သည်တွင် လေသည် တောင်ဘက်မှ မြောက်ဘက်သို့ ပင့်တိုက်နေသည်ကို တွေ့သောအခါ –
“တို့ ဟောဟို ရေတံခွန်ဘေး တောင်ဘက်ဆင်းပြီးမှ အခြေအနေကြည့်မယ်။ ဝက်ဝံတွေဟာ အနံ့ခံအလွန်ကောင်းတဲ့ သတ္တဝါကြီးတွေကွ။ အပြေးတို့ အပင်တက်တို့ကလည်း မြန်တော့ တို့က လေအောက်ကနေရမယ်”
“ဟ-ဒါနဲ့ တောင်ဘက်ဆင်းမယ်ဆို တို့မြောက်ဘက်မှာနေရမှာ မဟုတ်လား”
“ဟုတ်တယ်- တောင်ဘက်အောက်ခြေကနေ ဟောဟိုဖွန်ဂမ်တောင်စောင်း ပြန်တက်မယ်။ ရေတံခွန်အနံ့နဲ့ဆိုတော့ သွားရ လာရလွယ်တယ်။ မြောက်ပြန်တက်မယ်လေ”
သုံးယောက်သား လူငယ်တွေပီပီ သွက်သွက်လက်လက်ပင်။ တောသူတောင်သားတွေပီပီ လှုပ်ရှားမှု မြန်ဆန်ကာ ဝက်ဝံမကြီး၏ အသိုက်ရှိရာ တောင်သရက်ပင်ကြီး၏ မြောက်ဘက်တောင်စောင်းကပ်ပြီး အခြေအနေ ကြည့်နေခိုက်-
“အီ… အီ… အီ”
“အိ… အိ”
“ဝု… ဝု… ဝု… ဝု”
ဝက်ဝံပေါက်ကလေးတွေက တအိအိ တအီအီ။ ဝက်ဝံမကြီးမှ နှစ်သိမ့်သည့်အသံကလည်း တဝုဝုကြားနေ၍ သုံးယောက်သား ပြုံးလျက် စောင့် ကြည့်နေလိုက်သည်။
တစ်နာရီနီးပါး ကြာသွားသောအခါ ဝက်ဝံအကောင်ပေါက်ကလေးတွေ အသံငြိမ်သွားသလို ဝက်ဝံမကြီးသည် အသိုက်ထဲမှ ဦးခေါင်းကြီး ထောင်ကာ ပတ်ဝန်းကျင်အား မျက်စိရှင်ရှင် ရှာဖွေအနံ့ခံ၏။
မည်သို့မျှ မထူးခြားသောအခါမှ အပင်ပေါ်မှအောက်သို့ သူ၏ ရှည်လျားသော လက်သည်းများဖြင့် တောင်သရက်ပင်အခေါက်နှင့် ပင်စည်ကိုဖက်ကာ ဆင်းလေပြီ။ အောက်ရောက်တော့လည်း စိတ်မချနိုင်လေသော အသိတွေဖြင့် ပတ်ဝန်းကျင် ခြေရာလက်ရာပျက်မှု အနံ့ခံရင်း ရှာဖွေရာတွင် လူကဲ့သို့မတ်တတ်ရပ်ပြီး ရှာဖွေပြီးခါမှ ရေတံခွန်မှ ရေသောက်ပြီး လျှိုအတိုင်း အောက်ဘက်သို့ ဆင်းသွားလေပြီ။
“ကဲ-ဘောက်နော် တက်တော့။ ကလေးတွေပစ်ချ။ ငါတို့ဖမ်းမယ်၊ မြန်မြန်တက်”
“သူတို့အမေကြီးလာရင် ပစ်နော်”
“အေးပါ သားရေပါရတာပေါ့”
မာဂမ်၏ တက်ကြွနေသော ဆန္ဒအတိုင်း သစ်ပင်တက်လျင်မြန်သော ဘောက်နော် သွက်သွက်လက်လက်တက်လေပြီ။
အပင်ပေါ်ရှိ အသိုက်ထဲသို့ သူကြည့်လိုက်၏။ အကောင်ပေါက်ကလေးနှစ်ကောင် အိပ်စက်နေ သည်။ နို့ဝ၍ ကလေးပီပီ အိပ်နေသည်တွင် ဘောက်နော် ပထမတစ်ကောင်ကို အသာအယာပွေ့ယူပြီး အောက်သို့ပစ်ချ၏။ မာဂမ် ဖမ်းပြီး ပလိုင်းကြီးထဲ သို့ထည့်လိုက်၏။
နောက်တစ်ကောင်ကိုလည်း လဂျာက ဖမ်းထားပြီး ပလိုင်းထဲသို့ ထည့်ပြန်၍ နှစ်ကောင်စလုံးရသည်နှင့် ဘောက်နော် သွက်သွက်လက်လက်ဆင်းကာ မိခင်ဝက်ဝံမကြီး ပြန်မလာခင် တောလမ်းအတိုင်း ဖွမ်ဂမ်တောင်စောင်းမှတစ်ဆင့် အရှေ့စူးစူးနယ်စပ် အင်ဘာကုန်းခေါ် မွန်ဘာပါကျေးရွာကြီးဘက်အပြေးအလွှား ခရီးထွက်ခဲ့ပြီးနောက် မွန်ဘာပါရွာ မှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ကူးကာ သားပေါက်ကလေးနှစ်ကောင် ရောင်းခဲ့၏။
အရှင်ရ၍ ဈေးကလည်း ကောင်းမှကောင်း။ သုံးယောက်နှစ်ရက်အတွင်း ငွေကြေးကောင်းကောင်းရသလို ဝက်ဝံအထီးအမ သားရေ အမြန်လိုကြောင်းမှာသဖြင့် ဝက်ဝံသိုက်ဘက်သို့ နောက်တစ်ကြိမ်သွားရန် စီစဉ်ကြပြန်၏။
“မာဂမ်”
“ဘာလဲ အဝှား(အဖေ)”
“နင်တို့က မုဆိုးမဟုတ်ဘူး၊ မုဆိုးဆိုတာ ဝမ်းစာအတွက် အရွယ်ရောက်တဲ့ သားကောင်ကြီးတွေ ပစ်ခတ်ရမှာ၊ ခုတော့”
“အဝှား (အဖေ) အနူး (အမေ)အတွက် ခုရတဲ့ငွေနဲ့ စောင်ဝယ်ပေးနိုင်တယ်။ လွယ်လွယ်ကူကူနဲ့ ရတာ။ အရင်တစ်ပတ်က ကျားသစ်သားပေါက်တစ်ကောင်ရတယ်။ ဈေးများများပေးလို့ အိမ်အတွက် အဆင်ပြေတယ်”
“နင်တော်တော်မိုက်တယ်၊ သားပေါက်ကလေးတွေဟာ မိခင်အပေါ် မှီခိုနေသလို မိခင်ကလည်း သူ့သားသမီးအတွက် အစာရှာကျွေး နို့တိုက်နဲ့။ ခုတော့ နင်တို့က သူတို့သံယောဇဉ်ကို ဖျက်ဆီးတာပဲ”
“တိရစ္ဆာန်ပဲ အဝှား(အဖေ)ရာ”
“ဟကောင် တိရစ္ဆာန်ဆိုတာ နင်ပြောမှလား။ အေး သူတို့ သားခွဲရင် သူတို့အပေါ် သူ့မိခင်ဟာ သူ့သားသမီးတွေဟာ သံယောဇဉ်မရှိတော့ဘူးဟ။ အဲဒီ့အချိန်မှာဆို ပစ်လည်း တစ်ကောင်တည်းသေမယ်။ ဘာမျှ သံယောဇဉ် မရှိတော့ဘူး။ မုဆိုးဆိုတာ သတိထားရတယ်။ သားကောင်တွေအပေါ်မှာလည်း အသိထားရမယ်”
“ခုလည်း ဟိုဘက်နယ်စပ်က မှာလို့ ဝက်ဝံသားရေနဲ့ ကျား ကျားသစ်သားရေ သွားရှာမယ်”
“သွားရင် သွား- ငါမတားဘူး၊ ငါ့နှစ်လုံးပြူးထားခဲ့”
“ရတယ် အဝှား (အဖေ)။ တူမီးသုံးလက်ဆိုလည်း အဆင်ပြေတယ်။ ကဲ သွားပြီ”
ပြောပြောဆိုဆို မာဂမ်တစ်ယောက် လွယ်ကြီးလွယ်၊ တူမီးထမ်းပြီး ဘောက်နော်တို့အိမ်ဘက် ထွက်ခဲ့ပါပြီ။
သူတို့သုံးယောက် ညကတည်းက တိုင်ပင်ပြီးသား။
ဝက်ဝံသိုက်မှာ ဝက်ဝံပစ်မည်။ တစ်ဖန် တောခွေးတွေရှိတဲ့ ကျောက်ဂူထဲတွင် ကျား ကျားသစ်တွေနေ၏။ ထိုကျောက်ဂူဘက်သွားကာ တူမီးနှင့် တောခွေးတွေမောင်းပြီး ကျားရရ၊ ကျားသစ်ရရ တစ်ကောင်တော့ ပစ်မည်ဟုဆိုကာ ထွက်ခဲ့ကြလေပြီ။
“မာဂမ် ဟိုရှေ့မှာ ကျောက်ဂူ”
“အေး အပေါ်တက်ကြမယ်”
“နေဦးလေ အခြေအနေကြည့်ပါဦးဟ”
သုံးယောက်သား ကျောက်ဂူအား ကြည့်တော့ မထူးခြားပါ။ အနံ့ဆိုးတွေတော့ ရ၏ အညှီအဟောက်အနံ့ဆိုးတွေကြောင့် တောခွေးနှင့်အတူ ကျား ကျားသစ်တွေရှိနေကြောင်း မုဆိုးနှာခေါင်းအသိ မျက်စိအကြည့် သတိဖြင့် ချဉ်းကပ်ကာ ကျောက်ဂူအထက်စီးမှနေ၍ နေရာယူအပြီး-
“ဘောက်နော် ငါ တူမီးနဲ့ ကျောက်ဂူထဲကို ပစ်မယ်”
“အေး ပစ်လေ၊ ဒီအကောင်တွေက ညမှာသာ သတ္တိကောင်းတာ။ နေ့ဆို အလွန်ကြောက်တာကွ “
“နင်တို့ တူမီးတွေ အရမ်းမပစ်နဲ့နော်။ ပစ်ရမှာက ကျား ဒါမှမဟုတ် ကျားသစ်နော်”
“အေးပါ”
“ကဲ ငါပစ်မယ်”
ပြောပြောဆိုဆို မာဂမ်သည် သူ၏တူမီးကြီးဖြင့် ကျောက်ဂူဝဘက် ထိုးချိန်ရင်း အခြေအနေစောင့်ကြည့်မနေတော့ဘဲ စိတ်မြန်လက်မြန်ပစ်လိုက်ပါပြီ။
“ဒိုင်း”
“ဖြောက်-ဖြောက်-ဖြောက်-ဖြောက်”
ခဲသီးများသည် ကျောက်တောင်အဝထဲသို့ ဝင်၍ ပတ်ဝန်းကျင်လည်း မှန်ကုန်၏။ မာဂမ်မှာ နောက်ထပ်တူမီးသေနတ်ပြောင်းထဲသို့ ယမ်းထောင်းရန် သတိလွတ်ကာ ကျောက်ဂူထဲမှ ထွက်လာမည့် သားကောင်တွေ ကြည့်နေခိုက်-
“ဟော… ဟောထွက်ပြီ”
“ဟာ တောခွေးသုံးကောင်နောက်မှာ”
“နောက်မှာ မြွေ .. မြွေကြီး၊ ဟာ တောခွေးတွေ”
မှန်ပါသည်။ အလွန်ကြီးမားသော စပါးကြီးမြွေကြီးတစ်ကောင်သည် တောခွေးများနှင့် ရောနှောထွက်ပေါ်လာသလို မြွေကြီးအား ခဲသီးမှန်ထား၍ သွေးတွေရဲနေ၏။
“ဝေါင်း”
“အား”
“ဒိုင်း”
“ကျိ-ကျိ-ကျိ ဝုန်း”
“ဒိုင်း”
မမျှော်လင့်သော သူတို့နောက်မှ ကျားကြီးတစ်ကောင်မှာ ကျောက်တုံးကြီးပေါ်မှ ဟိန်းလိုက်၏။ လဂျာပစ်လိုက်သလို ကျားသစ်နှစ်ကောင်ကလည်း အပင်ပေါ်မှ ခုန်အချ ဘောက်နော်ပစ်လိုက်သော်လည်းကောင်း စွာမထိ။ ရှပ်မှန်သွားလေသော ကျားသစ်တွေလုံးထွေး ကိုက်ခဲသလို ဘောက်နော်နှင့် လဂျာတို့နှစ်ယောက်သွေးအလူးလူး၊ လုံးဖက်သတ်ပုတ်နေသည်။
“အီအီ ဝုဝု”
“အီး”
အလွန်ကြီးမားသော ဝက်ဝံမကြီးကား မာဂမ်ထံပြေးဝင်အကိုက် မာဂမ်သည် သူ၏ တူမီးသေနတ်ကြီးလွှတ်ချပြီး ဓားဖြင့်ခုတ်၏။ ဝက်ဝံမကြီး ဦးခေါင်းဝဲစောင်း ဟက်တက်ကွဲကာ သွေးများရဲသွားသလို မာဂမ်သည်လည်း ကျောက်တောင်အောက်သို့ လိမ့်အကျ၊ ဝက်ဝံမကြီးသည် ခုန်ချကာ အတင်းကုတ်ဖဲ့ကိုက်ခဲရာ မာဂမ်သတိကြီးစွာဖြင့် ဓားဖြင့်ခုခံရင်း အတင်းထွက်ပြေးသည်။
ဘောက်နော်နှင့် လဂျာတို့၏ အော်သံတွေ နာကျင်၍ ညည်းညူသံတွေ ဆူညံရာမှ အသံတိမ်ဝင်သွားပြီးမာဂမ်တစ်ယောက် သွေးရူးသွေးတမ်းဖြင့် လွတ်အောင်ပြေးခဲ့၏။ ဝက်ဝံမကြီးမှာလည်း ဒဏ်ရာတွေဖြင့်မလိုက်နိုင်တော့။
“အဝှား(အဖေ) အဝှား(အဖေ)”
“ဟာ မာဂမ်… မာဂမ်”
xxx xxx xxx
“အင်း ဆရာကြီးတို့ရေ မာဂမ်ဆုံးပါးသွားသလို ရွာသားတွေစုပြီး တောနင်းရှာတော့ အရိုးတခြား၊ အသားတခြား ဖြစ်နေကြတဲ့ ဘောက်နော်နဲ့ လဂျာတို့ အလောင်းလည်း အဲဒီ့ကျောက်ဂူဘေးက ရေတံခွန်မှာပဲ မီးသင်္ဂြိုဟ်လိုက်တယ်”
“ဆလံဝါပြောတာ ကြားရတာနဲ့ ကျွန်တော်တို့ ကြက်သီးထမိတယ်။ ဟို ပြောရရင်တော့ မုဆိုးမပီသဘူးပေါ့၊ ရက်စက်ရာလည်း ကျတာပေါ့နော်”
“ဒါပေါ့၊ မုဆိုးဆိုတာ စည်းစောင့်ရမယ်လေ။ ခုလို သားကောင်ပေါက်ကလေးတွေကို မိဘနဲ့ခွဲတာ ငရဲကြီးတာပေါ့။ ကျွန်တော်ပြောသလို အကောင်ကြီးသွားရင် သူတို့မှာ သံယောဇဉ်မရှိတော့ဘူး။ နောက်ပြီးအသားလည်း များများရ၊ မျိုးလည်း မတုံးဘူး။
ဇီးရှိတဲ့အကောင် သားလိုက်နေချိန်တွေမှာ ဆရာကြီးတို့ ဘယ်တော့မျှ မပစ်ပါနဲ့၊ စည်းစောင့်ပါ။ ဒီမှာ မပစ်ရရင် နောက်နေရာမှာ ပစ်ရမှာပနော့”
“ဟုတ်တာပေါ့ ဆလံဝါရယ်၊ သူတို့သုံးယောက်ရဲ့ မိုက်ပြစ် သူတို့ တန်ပြန်ခံရပြီပေါ့”
“ဒါပေါ့ သားကောင်မှာလည်း သံယောဇဉ်ရှိတာပ၊ အင်း ခုဆိုရင် သားကောင်ရယ်၊ အသိတရားရယ်၊ စည်းရယ် ရှိကြတာပ။ အရေးကြီးတာကတော့ သံယောဇဉ်တွေ မပျက်စေချင်ဘူး။ မာဂမ်သေဆုံး ရတော့ ကျွန်တော်တို့က လူသားဆိုတော့ သံယောဇဉ်တွယ်ပြီး သနားတာပနော့။ ဖြေရတာပေါ့လေ”
မုဆိုးကြီး ဆလံဝါဦးဂျမော်ဂမ်၏ စကားသံကား တိမ်ဝင်သွားလေ၏။ သတိတရ ပြန်လည်ခံစားရမှုသည် ယနေ့ သို့မဟုတ် မနေ့တစ်နေ့က အဖြစ်တွေပမာ သားသမီးအပေါ်ခံစားလိုက်သော် သံယောဇဉ်၏ မေတ္တာတရားအဖြစ် ကျွန်တော်တို့ရင်ကိုပင် လှုပ်ခတ်သွားစေပါတော့သည်။
– ပြီး –
စာရေးသူ – မင်းရဲကျော်