နေမျိုးသန့်
မုန်ယစ်ပြေလျှင်
မှိုင်းပျရီမှောင်သော ပုံတောင်ပုံညာ တောင်တန်းကြီးများသည် မြင့်မြင့်မားမား ရှိနေကြသည်။ တောင်ကြောတစ်လျှောက်တွင် ထူထပ်သော သစ်တော ဝါးတောကြီးများ ရှိသည်။
တောင်ကြောအတိုင်း တိုက်လာသောလေကြောင့် သစ်တော ဝါးတောကြီးများသည် တောသံဟည်း၍ နေသည်။ ကျွန်တော်တို့ ရောက်လာချိန်တွင် အနောက်ဘက်ဆီမှာ တိမ်နီ၊ တိမ်ဝါတို့ လင်းနေသည်။
ငှက်အုပ်ကြီများ အော်ဟစ်၍ တောအုပ် ညာဘက်ဆီသို့ ပျံသွားကြသည်။
ကျွန်တော်တို့ တည်းခိုသော ဗိုလ်တဲမှာ တောင်ကမ်းပါးထိပ်မှာ ရှိ၏။ ဗိုလ်တဲမှ လှမ်းကြည့်လိုက်လျှင် မှောင်မှောင်မည်းမည်း အသူတရာနက်သော ချောက်ကြီးများကို မြင်ရသည်။
အဝေးတောအုပ် တစ်နေရာဆီမှလည်း တောတိရစ္ဆာန်တို့၏ အသံများကို ကြားနေရသည်။ တစ်ခါတစ်ခါ ကျားဟိန်းသံ၊ ဆင်အော်သံများပင် ကြားနေရသည်။
ကျွန်တော်နှင့်အတူ ပါလာသော မြန်မာစာကထိက ဦးကျော်အေးမှာ ပုံတောင်ပုံညာမြင်ကွင်းကို ကြည့်၍ စိုးရွံ့ထိတ်လန့်နေဟန်ရှိသည်။
“ဘာမှ စိုးရိမ်မနေပါနဲ့ ဆရာ။ ဒီည ဒီဗိုလ်တဲမှာပဲ အေးအေးဆေးဆေး နားမယ်။ နောက်ဖေးမှာ ဗိုလ်တဲစောင့် အဘိုးကြီးရှိတယ်၊ ဟိုနားမှာ ထင်းလုပ်သားတဲစုရှိတယ်၊ ဒီည ပုံတောင် ပုံညာရဲ့ ဖြစ်ရပ်ဆန်းတွေကို ပြောပြမယ်”
ကျွန်တော်က သည်နယ်မြေကို လွန်ခဲ့သော ဆယ်နှစ်ခန့်က တစ်ခေါက်ရောက်ဖူးသည်။ ပုံတောင်ပုံညာနှင့် ကျွန်တော် မစိမ်း။ သို့ဖြစ်၍လည်း ပုံတောင်ပုံညာနှင့် ယောနယ်မြေ၏ ရိုးရာဓလေ့များ၊ နေထိုင်မှုဘဝများကို လေ့လာဖို့ မြန်မာစာ ကထိကကြီးကို အပါခေါ်လာခဲ့ခြင်း ဖြစ်သည်။
ဗိုလ်တဲ၏ လသာကြမ်းပြင်မှာ လက်ဖက်ရည်ကြမ်းနှင့် ဖရုံသီးပြုတ် စားနေကြစဉ်မှာပင် မနီးမဝေးရှိ သစ်ရာပင်ကြီးဆီမှ ငှက်ဆိုးတစ်ကောင်သည် “ဂီး” ခနဲထိုးကာ ဗိုလ်တဲ ခေါင်ဆီမှ ဖြတ်၍ ပျံသွားသည်။
ကထိကကြီးမှာ စူးစမ်းသောမျက်လုံးအစုံဖြင့် လှမ်းကြည့်လိုက်ရင်း …
“ဒီလိုတောနက်ကြီးမှာ မကောင်းဆိုးဝါး နာနာဘာဝ တို့ ရှိမယ်နော်”
“တောနက်လို့ နာနာဘာဝ ရှိ မရှိတော့ မသိဘူး ဆရာရဲ့။ တောချောက်တာတွေတော့ အတော်များများ တွေ့ဖူးကြတယ်””
ကထိကကြီးက သိချင်စိတ်ဖြင့် လှမ်းကြည့်သည်။
“ဒီလိုလေ … တောလိုက်သွားရင် တစ်စုံတစ်ရာအပြုမှားရင်တော့ တစ်တောလုံးဆူညံအောင် အော်သံမျိုးတွေကြားရတယ်။ ဆင်အုပ်ကြီးတွေ လိုက်လာသလို အဖြစ်မျိုးတွေ့လဲ ကြုံရှိတယ်။ တောစပ်မှာ လူဖြူဖြူကြီးတွေ ထွက်လာတာ တွေ့ရတယ်။ခေါင်းပြတ်နေတဲ့ သားကောင်တွေက ထပြေးကြတာမျိုး တွေ့ရတယ်”
“ဒီနယ်မှာ တကယ့်ဖြစ်ရပ်တွေပေါ့”
“တကယ့်လက်တွေ့ကြုံခဲ့ရတဲ့ တောလိုက်သမားတို့ရဲ့ အရင်းအတိုင်း ပြောပြချက်တွေပါ”
လဆုတ်ရက်ဖြစ်၍ ညသည် ပို၍မှောင်လာသည်။ တောင်ထွတ် တောင်စွယ်ကြီးများက မိုးမိုး မည်းမည်းနှင့် ကြောက်မက်ဖွယ်ရာ ဖြစ်လာသည်။
ကထိကကြီးက လက်ဖက်ရည်တစ်ကျိုက် ရွှေဖရုံသီးပြုတ်တစ်ကိုက်နှင့် အတော်အရသာတွေ့နေဟန်ရှိသည်။
“ပုံတောင်ပုံညာနယ်က ယောစပ်ဆိုတော့ စုန်း ကဝေ ပညာသည်တွေကော တွေ့ဖူးသလားဗျာ”
‘“ရှိပါသော်ကော ဆရာရယ်”
ကျွန်တော်သည် သောက်လက်စ စီးကရက်ကို အားရ ပါးရ ဖွာလိုက်ရင်း
“သိပ်ရှိတာပေါ့ ဆရာရှယ်၊ ကျွန့်တော်ကိုယ်တိုင် စုန်း တောက်တာတော့ တွေ့ဖူးတယ်ဆရာ”
“အင်း ဆိုပါဦးဗျ”
“ဟောဒီ တောင်ကြောက ရွာတစ်ရွာမှပေါ့။ ညတစ်ညမှာ ကျွန်တော်တို့ စကားပြောနေကြတုန်း ရွာအစွန်နားက အိမ်မြင့်တစ်လုံးမှာ အရောင်တွေလင်းနေတာ မြင်ရတယ်။ ဒါနဲ့ ပြေးကြည့်တော့ အရောင်ဟာ တဖြည်းဖြည်းမှိန်ပြီး အနက်ရိပ်ကြီးများကိုသာ တွေ့ရတယ်။ အဲဒါ စုန်းတောက်တယ်လို သူတို့ရွာက ပြောကြတာပဲ”
“ဒီနယ်မှာ ရှိတာတော့ ရှိသဗျ။ ကျုပ်တို့ ငယ်ငယ်တုန်းက ဟောဟိုနားက ရွာနံဘေးမှာ ကျောက်သားမြေပြင်ကြီးတွေ ရှိတယ်။ ဘာပင်မှမရှိဘူး။ ရေညှိတောင် မတက်ဘူး။ အဲဒီနေရာမှာ စုန်းမတွေ ပညာပြိုင်ကြတာ။ ထဘီခြုံပြီး လင်းတလိုတောင် ပျံတယ်ဆိုပဲ”
ကျွန်တော်တို့အား လက်ဖက်ရည်ကြမ်းလာထည့်ပေးသော ဗိုလ်တဲစောင့်အဘိုးကြီးက ယောသံ အာလုတ်သံကြီးနှင့် ဝင်၍ ပြောသည်။
ညဉ့်အနည်းငယ် နက်လာပြီ။ အအေးဓာတ် ဝင်လာပြီး ချမ်းမြမြ ရှိလာ၏။ တော၏ ဆူညံသံများ တဖြည်းဖြည်း တိတ်ဆိတ်စပြုပြီး ညဥ့်ငှက်တို့၏ မြည်သံ၊ သစ်ရွက်လေတိုးသံများသာ ကြားရသည်။
တစ်ခါတစ်ခါတော့ အမြင့်ပိုင်း တောအုပ်ဆီမှ ကျားဟိန်းသံကြားရသည်။
“ဆရာ အိပ်ချင်ပြီလား”
“မအိပ်ချင်သေးပါဘူးဗျ။ ခပ်ဗျားတို့ ပြောသမျှကို နားထောင်ရတာကိုက စိတ်ဝင်စားစရာပဲ”
ချိုမြသော ဖရုံသီးပြုတ်ကို ကိုက်၍ လက်ဖက်ရည်ကြမ်း တစ်ကျိုက် နှစ်ကျိုက် သောက်လိုက်ရသည်မှာ အရသာရှိလှ၏။
“ကျွန်တော်တော့ဗျာ … ရုံးဝန်းကျင်ထဲမှာ ဖိုင်တွဲတွေ့ စာအုပ်တွေနဲ့ တကုပ်ကုပ်လုပ်နေရာက အခုလို မြင်ကွင်းသစ်၊ အတွေ့သစ်၊ ဒေသထွက် ဗဟုသုတ အသစ်တွေနဲ့ တွေ့ရလို့ စိတ်ကို တစ်မျိုးလန်းဆန်းသွားတယ်”
ကထိက ဦးကျော်အေးက သူ၏ ဆေးတံအိုးကြီးကို ဖွာရှင်း ကျေကျေနပ်နပ်ကြီး ပြောနေပြန်သည်။
“အေးဗျာ … ခင်ဗျား နားထောင်ဦးမယ်ဆိုရင်တော့ စောစောကပြောခဲ့တဲ့ တောပရိယာယ်နဲ့ စုန်း၊ ကဝေ၊ တစ္ဆေတို့အကြောင်းနဲ့ ပတ်သက်ပြီး စဉ်းစားစရာ အဖြစ်အပျက် တစ်ခုပေါ့လေ။ တစ်နည်းဆိုရရင်လဲ လူသားရဲ့ စိတ်အားမာန်၊ လူသားရဲ့ ကံကြမ္မာ စသည် စသည်တို့နဲ့ ပေါ့လေ ဆက်စပ်ပြီး စဉ်းစားစရာ တကယ့်ဖြစ်ရပ်တစ်ခုတော့ ပြောပြချင်သေးတယ်”
ညဉ့်ယံလေအေးသည် ဆော်သွေးတိုက်ခတ်နေသည်။ ညဉ့်ငှက်ငယ်တို့က ကျွန်တော်တို့ရှေ့က တဖျပ်ဖျပ် လူးလာပျံသွားနေကြသည်။ တောသည် အိပ်စက်နေပြီထင်ရ၏။ ငြိမ်နေသည်။
“ပြောစမ်းပါဦးဗျာ”
“အင်း … လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကပေါ့ဗျာ။ ကျွန်တော် ဒီနယ်မှာ တာဝန်တစ်ခုနဲ့ နေတုန်း ကိုယ်တွေ့မျက်မြင် ကြုံရတဲ့ အဖြစ်အပျက်ပေါ့”
xxx xxx xxx
ပုံတောင်ပုံညာ မြေတစ်ကြောမှာ ဆင်ဝိုင်းတွေ ရှိသည်။ ဆင်ဝိုင်းဆိုသည်မှာ သစ်ထုတ်လုပ်ရေးလုပ်ငန်းမှ သစ်ဆွဲဆင်ကြီးများနှင့် ဆင်လုပ်သားများ စုဝေးစခန်းချရာ တဲစုများဖြစ်သည်။
ဖိုးတေသည် ဝက်ကျဆင်ဝိုင်းမှ ဆင်ဦးစီးတစ်ယောက် ဖြစ်သည်။ ဝက်ကျဆင်ဝိုင်းသည် ဝက်ကျရွာအနီးက မေတ္တာချောင်းလွင်ပြင်မှာ အခြေချထားသော ဆင်ဝိုင်းဖြစ်သည်။
အနောက်ဘက်တွင် နွားလန်တောင်၊ ခိုတောင်နှင့် ပုံတောင်တန်းတို့ ရှိသည်။ အရှေ့တောင်ဘက်မှာ လေညင်းတောင်စွယ်ရှိသည်။ မေတ္တာချောင်း ရေလျင်က ကွေ့ပတ်စီးဆင်းနေပေရာ ဝက်ကျဆင်ဝိုင်းသည် သာယာလှပသော ဆင်ဝိုင်းတစ်ခု ဖြစ်သည်။
သည်ဆင်ဝိုင်းမှာ နာမည်ကြီး ဆင်ပေါက်ကြီးတစ်ကောင် ရှိသည်။ သူ့နာမည်က မိုးကျော်နီ ဖြစ်သည်။ နာမည်နှင့်လိုက်အောင်ပင် အခြားဆင်တွေထက် ကိုယ်လုံးကိုယ်ထည်ထွားသည့် စွယ်စုံဆင်ကြီး ဖြစ်သည်။
သို့သော် သူ့ဆင်စွယ်များက ထူးခြား၏။ တစ်ဖက်ကနိမ့်၍ တဖက်က မြင့်သည်။ အစွယ် ‘ကြက်နင်း’ ဟု တချို့က ပြောကြသည်။ မျက်စိကြည့်ပုံက အမြဲလိုလို မှုန်တေတေဖြစ်သည်။
မိုးကျော်နီသည် ဆင်ဆိုးကြီး ဖြစ်သည်ဟု အများကပြောကြသည်။ မိုးကျော်နီက လူတစ်ယောက်ကို သတ်ခဲ့ဖူးပြီးဖြစ်သည်။
မိုးကျော်နီ၏ ဆင်ဦးစီးမှာ ဖိုးတေ ဖြစ်သည်။ ဖိုးတေမှာ ပုံတောင်နယ်သားဖြစ်၏။ မိုးကျော်နီကလည်း ပုံတောင်တောပေါက် ဖြစ်သည်။ ဆင်ဦးစီးဖိုးတေနှင့် ဆင်ကြီး မိုးကျော်နီတို့မှာ အသက်သုံးဆယ်ကျော် သက်တူရွယ်တူများ ဖြစ်၏။ တိုက်တိုက်ဆိုင်ဆိုင် မိုးကျော်နီ၏ ဆင်မှတ်ပုံတင်စာအုပ်တွင် မွေးသက္ကရာဇ်မှာ ဖိုးတေ၏ မွေးသက္ကရာဇ်နှင့် ခုရော၊ လရော၊ ရက်ပါ အတူဖြစ်သည်။
သို့သော် ဖိုးတေနှင့် မိုးကျော်နီတို့ တွဲခဲ့ရသည်မှာ ငါးနှစ်သာ ရှိသေးသည်။ ဆင်နှင့် လူမှာ လိုက်ဖက်ပါပေ၏။
ဖိုးတေသည် အသားညို၏။ အရပ်အမောင်း ကောင်း၏။ သူ့အသားအရေမှာ ကျစ်ကျစ်လျစ်လျစ် ဟန်မျိုးရှိ၏။ တောင်ပေါ်သားဖြစ်၍လား မသိ။ ခြေအနည်းငယ် ခွင်သည်။
ဖိုးတေက ငယ်ငယ်ကတည်းက ခပ်ပေပေ ဖြစ်သည်။ ဘုန်းကြီးကျောင်းသားဘဝက သစ်ပင်ကိုနောက်ပြန်တက်ကာ စောက်ထိုးဆင်းသည့် အတတ်ပညာများ လုပ်ပြခဲ့ဖူးသည်။ ဆရာတော်က ကြိမ်စကြာနှင့် ဆော်သဖြင့် စိတ်ကောက်ကာ သင်္ချိုင် ကုန်းက ဂူပျက်ကြီးအတွင်း တစ်နေ့နှင့်တစ်ည သွား အိပ်နေခဲ့ဖူးသည်။
ကြီးလာတော့လည်း ဖိုးတေက ခပ်ပေပေဖြစ်၏။လူပေနှင့် ဆင်ဆိုးတို့ တွေ့ကြသည်။
ဖိုးတေ အသက် ၂၆ နှစ်မှ ဆင်ဦးစီး ဖြစ်လာသည်။ ဖိုးတနှင့် မိုးကျော်နီတို့ တွေ့ကြသောအခါ မိုးကျော်နီမှာ လူတစ်ယောက် သတ်ခဲ့ပြီးပြီ။
ဆင်ကလည်း ခပ်ကြမ်းကြမ်း၊ လူကလည်း ခပ်ကြမ်းကြမ်းပင် ဖြစ်သည်။
တစ်ခါတစ်ရံ မိုးကျော်နီက တောနက်နက်သွား၍ တောဆင်တွေနှင့် လိုက်သွား တတ်သည်။ ဖိုးတေခမျာ တောထဲမှာ နှစ်ညအိပ်၊ သုံးညအိပ် လိုက်ကောက်ရတတ်သည်။
တစ်ခါတစ်ရံ ဖိုးတေ စိတ်ဆိုးလျှင်လည်း မိုးကျော်နီ ကို ပါး နား တဖျောင်းဖျောင်း ရိုက်တတ်သည်။ မိုးကျော်နီ မုန်ယိုလျှင် ဖိုးတေသာ ကိုင်ရဲသည်။ ဆင်နှင့် လူသည် လိုက်ဖက်လှ၏။
သည်လိုနှင့်ပင် ဖိုးတေနှင့် မိုးကျော်နီတို့ အတူ လုပ်ကိုင်လာခဲ့ကြသည်မှာ ငါးနှစ်ရာသီသို့ တိုင်ခဲ့ပြီ။ ဆင်ဦးစီးနှင့် ဆင်တို့၏ ဆက်သွယ်နှောင်ဖွဲ့လာတတ်သော သံယောဇဉ်တရားအတိုင်း တစ်ဦးနှင့်တစ်ဦး ငြိတွယ်လျက် ရှိကြပြီဖြစ်သည်။
ကံကြမ္မာနှင့် မုန်တိုင်းသည် တစ်ခါတစ်ရံ မမျှော်လင့်ဘဲ ဝင်လာတတ်၏။ ရွက်ဝါကြွေလူး၊ မူးမူးရာသီတွင် ရွာရိပ်ဝန်းကျင်၌ သစ်ပင်ဝါးပင်တို့သည် ရိုးတံပြိုင်းပြိုင်း ခါးကိုင်း ကိုင်းနှင့် ဖြစ်တော့သည်။ ဤရာသီတွင် ဆင်ဆွဲလုပ်ငန်း နားသည်။ ဆင်ကြီးတို့အား ရေကြည်ရာ၊ မြက်နုရာသို့ လွှတ်၍ ကျောင်းရသည်။ တစ်ရက်နှစ်ရက် အချိန်ကြာမှ လိုက်၍ ကောက်ရသည်။
မိုးကျော်နီကို လွှတ်ထားခဲ့သည်မှာ နှစ်ရက်ခန့် ကြာသွားပြီ။ မိုးကျော်နီသည် အနောက်ဘက် ပုံတောင်မြေ တောအတွင်းသို့ ဝင်ရောက်သွားကြောင်း သူ့ခြေရာကို ကြည့်လိုက်ရုံဖြင့် ဖိုးတေ သိသည်။
ယနေ့ ဆင်ကောက်သွားရမည်။ ဖိုးတေ၏ စိတ်မှာ အနည်းငယ်တော့ လေး၏။ မိုးကျော်နီကို လွှတ်စဉ်က မုန်စ အနည်းအပါး တွေ့ရသည်။ သို့သော် အစာမုန် ဖြစ်မည်ထင်၍ လွှတ်ပေးခဲ့သည်။
အချိန်က ညနေစောင်းပြီ။
ဖိုးတေသည် ပုံတောင်ဘက်ဆီမှ စီးလာသော စမ်း ချောင်းငယ်ကို ဖြတ်ကူးလိုက်သည်တွင် မိုးကျော်နီကြီးကို ဘွားခနဲတွေ့လိုက်ရသည်။ ဝါးရုံကို ခေါင်းတည်၍ နေသည်။ လူသံကြား၍ မိုးကျော်နီသည် ရုတ်တရက်လှည့်ကာ ဖိုးတေဆီသို့ တစ်ဟုန်တိုးပြေးလာသည်။
မုန်ယိုနေ၍လား၊ လူမှား၍လား မသိ။ မိုးကျော်နီ ရန်မူတော့မည်ကို ဖိုးတေ သိလိုက်သည်။
“မိုးကြီး… မိုးကြီး”
သတိဝင်လာအောင် ခေါ်နေကျ နာမည်ကို ခေါ်လိုက်ရသော်လည်း ဖိုးတေ နောက်ကျသွားပြီ။ မိုးကျော်နီသည် ဖိုးတေကို ဝှေ့၍ ထိုးလိုက်၏။ ဖိုးတေမှာ အင့်ခနဲဖြစ်ကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ မိုးကျော်နီသည် အသံကုန်ဟစ်ကာ တောထဲသို့ ဝင်ပြေးသွားသည်။
ဖိုးတေခမျာ မြေပြင်တွင် ပုံလျက်ကလေး လဲကျနေသည်။ လက်ယာနံအောက်မှာ ပွင့်ကာ သွေးတွေရဲနေသည်။ အူတွေ အခွေလိုက် တအိအိ ထွက်ကျလာသည်။
ဖိုးတေ သတိမေ့နေသည်။ တောကြီးမျက်မည်းထဲမှာ သူတစ်ယောက်တည်း။
အချိန်က နေဝင်ရီတရော နွားရိုင်းသွင်းချိန်၊ ဖုတ်၊ သဘက်၊ တစ္ဆေ၊ မှင်စာတို့ ကပ်လာတတ်ချိန်။
xxx xxx xxx
“လူ့ လောကမှာ ထူးဆန်း အံ့ဩဖို့ကောင်းတဲ့ အဖြစ် အပျက်တွေ ရှိတယ်ဆရာ။ သေကံမရောက် သက်မပျောက်လို့ ဆိုကြပေမယ် လူရဲ့ ကြံ့ ခိုင်တဲ့ စိတ်စွမ်းရည်က သေမင်းကို အံတုနိုင်တယ်လို့ ဆိုချင်တာပဲ။
ဖိုးတေသာ စိတ်ဓာတ်ပျော့ညံ့ရင် ဒီနေရာမှာပဲ သူသေသွားမှာပါ၊ ဒါပေမယ့် ဖိုးတေ မသေဘူးဆရာ။ ဖိုးတေ သတိရလာတော့ ညမှောင်ရီပါးလာပါပြီ။
ဖိုးတေဟာ စိတ်အားတင်းပြီး သူ့မှာပါလာတဲ့ ပုဆိုးတစ်ထည်နဲ့ သိုင်းပြီး သူ့အူတွေကို မလာတယ်။ ဒယီးဒယိုင်နဲ့ ရွာကိုရောက်အောင် ပြန်လာတယ်။ ဖိုးတေ ဝင်လာတော့ တစ်ရွာလုံး အုန်းအုန်းကျွက်ကျွက်ပဲ။ အဲဒီတုန်းက ကျွန်တော်လဲ ရှိပါတယ်။ တချို့က ဖိုးတေမှ ဟုတ်ရဲ့လား။ ဖုတ်ဝင်လာတာလား၊ အပမှီလာသလား အမျိုးမျိုး ပြောကြပါတယ်။
ဖိုးတေမှ ဖိုးတေ အစစ်ပါ၊ တကယ်ဆို ညနေ နေဝင်ရီတရော အပုပ်ချိန်မှာ သွေးစိမ်းရှင်ရှင်နဲ့ သေခါနီးလူတစ် ယောက်တောထဲကနေ ရွာထဲ ပြန်ဝင်လာတာပဲ။ အပမှီချင်စရာကြီးပေါ့။ ကျွန်တော်တော့ အဲဒီကစပြီး အပမှီတယ်၊ ဖုတ်ဝင်တယ်၊ စုန်း ကဝေ တစ္ဆေရှိတယ် ဆိုတာတွေ မယုံချင်တော့ဘူး”
ကထိကကြီး ဦးကျော်အေးသည် မျက်ခုံးကြီးကို တွန့်လျက် သူ့ဆေးတံအိုးကြီး ခဲပြီး အတွေးဝင်နေသည်။ စားပွဲပေါ်မှ ရေနံဆီမီးခွက်ရောင်သည် ဝါဖျော့ဖျော့ရှိ၏။ ရေနံဆီအား နည်းနေပြီ။
“ကဲ… ညဉ့်နက်ပြီဗျာ၊ အိပ်ကြစို့”
“ဟေ- နေဦးဗျ။ ခင်ဗျားဇာတ်လမ်းက မဆုံးသေးဘူး။ ကျုပ် အိပ်မပျော်အောင် မလုပ်ပါနဲ့”
ကျွန်တော်သည် စားပွဲမှ ထမည်ပြုပြီးမှ ပြန်ထိုင်လိုက်ကာ –
“ကျွန်တော်တို့ ဖိုးတေကို ပုခက်ထမ်းစင်နဲ့ ပုလဲ- ဂန့်ဂေါ လမ်းမကြီးပေါ် အရောက်ပို့ပေးလိုက်တယ်။ အဲဒီက ကားကြုံနဲ့ ညတွင်းချင်း ပုလဲမြို့နယ်ဆေးရုံကို လိုက်ပို့ကြတယ်”
“နောက်တော့”
“နောက်တစ်နှစ်လောက် အကြာမှာ အဲ့ဒီတုန်းက ကုခဲ့တဲ့ ဆရာဝန်နဲ့တွေ့တော့ သူက ပြောတယ်။ ဖိုးတေဟာ စိတ်ဓာတ်အားရော၊ ကိုယ်ခံအားပါ ကောင်းသတဲ့။ သူလဲ ကျကျနန ကုပေးလိုက်တယ်တဲ့။ ဖိုးတေဟာ လူကောင်းပကတိဖြစ်သွားပါတယ်”
“ကဲ … အိပ်ကြစို့ ”
ညဉ့်အတော်နက်ပြီ။ တောကို ဖြတ်လာသော ပန်းရနံ့ သင်းသည့် လေနုအေးဝယ် မိန်းမောရင်း တောင်ပေါ် ဗိုလ်တဲမှာ ကျွန်တော်တို့ တစ်ည အိပ်ခဲ့ကြပါသည်။
xxx xxx xxx
နံနက်ခင်းဖြစ်၍ အတော်ကလေး အေးသည်။ မိုးသက်လေညင်းကလေးများပင် ကျနေသည်။
ညက မောမောနှင့် အတော်ကလေး အိပ်ကောင်းသည်။ အရှေ့ဘက်ဆီက နေခြည်ကလေး ပို့လာမှ ကျွန်တော် အိပ်ရာက နိုးသည်။ ကျွန်တော်တို့ သွားရမည့် ခရီးမှာ မတောင်ဆင်အိုရုံစခန်း၊ ထိုမှတစ်ဆင့် အလာင်းတောကဿပအထိ ဒေသန္တရ ဗဟုသုတ ရှာဖွေရန် သွားကြရမည်ဖြစ်သည်။
“ဂလုန်- ဂလုန်- ဂလုန်”
ဆင်ခလောက်သံတွေ ကြားနေရပြီ။ လဲကန်ရွာဘက်ဆီမှ ဆင်တွေ တက်လာဟန် ရှိသည်။ ကျွန်တော်တို့ကို ဆင်အိုရုံသို့ ခေါ်သွားကြမည့် ဆင်များဖြစ်သည်။
“ဆရာဦးကျော်အေး ထတော့ဗျို့။ အကြိုတွေ လာနေပြီ”
ကထိကကြီးသည် အိပ်ရာမှ လူးလဲ၍ ထလိုက်သည်။ မျက်နှာသသ်ပြီးသောအခါ ဗိုလ်တဲစောင့် အဘိုးကြီး စီစဉ်ပေးသော ကောက်ညှင်းပေါင်းနှင့် ကြက်သားကြော်ကို အားရပါးရ စားပြီးကြသောအခါ အကြိုလာသူတို့နှင့် လိုက်ရန် အသင့်ပြင်လိုက်ကြသည်။
တောင်ကမ်းပါးယံအတိုင်း ဆင်ကြီးများမှာ အိအိ မည်းမည်းကြီးတွေ တက်လာကြသည်။
ကထိကကြီးအဖို့ ဆင်ကို တိရစ္ဆာန်ရုံထဲမှာနှင့် ဆပ်ကပ်ရုံထဲမှာသာ မြင်ဖူးသည်။ အစွယ်ရှည်ကြီးများနှင့် ကြီးမားထွားကျိုင်းသော ဆင်ပေါက်ကြီးများကို အုံ့ဆိုင်းညို့မှိုင်းသော တောကြီး တောင်ကြီး အတွင်းမှာ မြင်ရသောအခါ အားပါးတရရှိနေသည်။
“မဲ … မဲ … မဲ”
ဆင်ပေါက်ကြီးမှာ လိမ္မာရှာသည်။ ရိုသေကျိုးနွံစွာ ပုဆစ်ဒူးတုပ်၍ ဝပ်ပေးရှာသည်။
ကျွန်တော်တို့သည် တုန်တုန်ယင်ယင်ဖြင့်ပင် ဆင်၏ လက်ပေါ်မှတစ်ဆင့် ခေါင်းပေါ်၊ ခေါင်းပေါ်မှတစ်ဆင့် ကျောပေါ် သို့ တက်ခဲ့ကြသည်။
ဆင်ကြီးကျောပေါ်တွင် “က”ဟု ခေါ်သော ပုခက် ဆောင်ပန်းအိမ် ပါနေ၍ စီးရသည်မှာ လုံခြုံသေချာပါသည်။
ဆင်ကြီးသည် အကောင်ကြီးသလောက် သွားရာလာရာတွင် ညင်သာသည်။ တောင်ကမ်းပါးကို ဆင်းလျှင် ဇောက်ထိုးမဆင်း၊ နောက်ခြေထောက်ကို ညွှတ်၍ ဆင်း၏။ ကျောပေါ် က ပါလာသူများ အခြေမပျက် အိအိငြိမ့်ငြိမ့်ကလေး ပါသွားသည်။
အချို့နေရာများတွင် ဝါးရုံခက်နှင့် ကျောပေါ်မှ ပါလာသူ မလွှတ်နိုင်ဟု ထင်လျှင် နှာမောင်းဖြင့် ဝါးရုံခက်ကို ချိုးပေးရှာသည်။
ကျွန်တော်တို့သည် ရင်တထိတ်ထိတ်နှင့် ဆင်စီးရသည့် အရသာကို ခံစားရင်း တစ်ယောက်နှင့်တစ်ယောက် အတော်ကြာကြာ စကားမပြောမိကြ။
ဆင်ကြီး၏ ကျောပေါ်မှ လိုက်ပါရင်း မှိုင်းပျရီဝေသော တောနှင့် တောင်စွယ်ကို ငေးမောလိုက်ပါခဲ့ကြသည်။
“ဆရာကြီး ကျုပ်တို့ဆီ မပေါ်လာတာ ကြာပြီနော်”
ဆင်ဦးစီးကြီးထံမှ နှုတ်ဆက်စကား ကြားလိုက်ရသဖြင့် ကျွန်တော် အတော်အံ့ဩသွားမိသည်။
“ဟေ … မင်း ငါ့ကို သိလား”
“ဆရာကြီး ကျုပ်ကို မမှတ်မိဘူး ထင်တယ်”
သူ၏ တရင်းတနှီး ပြောသွားသံကြောင့် ကျွန်တော် အားတုံအားနာ ဖြစ်ရပြန်သည်။
ပုံတောင်ပုံညာတစ်ကြော ဆင်ဝိုင်းအတော်များများကို ရောက်ဖူးသည်။ သို့သော် တစ်နှစ်မှ တစ်ခါ၊ နှစ်နှစ်မှ တစ်ခါလောက် ရောက်ရ၍ လူတွေ ကို ဝိုးတိုးဝါးတားသာ သိသည်။ တိတိကျကျ မှတ်မိခဲပါ၏။
လူ အတော်များများနှင့် ဆက်ဆံရသော မိမိဘဝ၌ လူတိုင်းကို မမှတ်မိတတ်သော ကိုယ့်အမှတ်သညာကိုပင် မကျေမနပ် ဖြစ်မိပါသည်။
“အေး ငါတာ့ မမှတ်မိဘူးကွာ။ ခွင့်လွှတ်ဟေ့”
ဆင်ဦးစီးသည် ဆင်ကြီး၏ လည်ကုပ်ပေါ်တွင် ခွထိုင်ရင်း ဆင်ကြီးနားအုံသို့ ဒူးလှုပ်၍ သတိပေးရင်း ချွန်းကို ရင်မှာပိုက်လျက် နောက်သို့လှည့်ကာ ရိုးသားသောအပြုံးဖြင့် ပြောလိုက်သည်။
“ကျုပ် ဖိုးတေပါ ဆရာ”
ကျွန်တော်ရော ဦးကျော်အေးပါ “ဟယ်”ခနဲ ဖြစ်သွား မိကြ၏။ ညက သူ့အကြောင်းကို အားပါးတရ ပြောခဲ့ကြသေးသည်။
လွန်ခဲ့သော ဆယ့်နှစ်ခန့်က ကျွန်တော်ကိုယ်တိုင် ဆေးရုံသို့ ပို့ပေးခဲ့သော ဖိုးတေ။ ဆယ်နှစ်ဆိုသော ခရီးကို ဖြတ်ကျော်ရသောအခါ လူ၏ အသက်အရွယ်၊ အနေအထားတွေက ပြောင်းလဲကုန်ပြီဖြစ်၍ ရုတ်တရက်တော့ မမှတ်မိ။
“ဟေ ဒါဖြင့် မိုးကျော်နီကောကွ”
“မိုးကျော်နီဟာ အခု ဆရာတို့ စီးလာတဲ့ ဆင်ကြီးပေါ့ ဆရာ”
ကထိကကြီးသည် မျက်လုံးပြူးသွား၏။ ကျောချမ်းသွားဟန် ရှိသည်။ ကျွန်တော်လည်း ကြက်သီးမွေးညင်း ထသွားမိသည်။ ပုခက်၏ တန်းကို မနည်းကိုင်ထားလိုက်ရသည်။
ဆင်ကြီး မိုးကျော်နီကမူ တောင်ခြေတောတန်းတစ်လျှောက် ခပ်သွက်သွက်ကလေး လှမ်း၍ နေသည်။
“နေပါဦး ဖိုးတေရာ၊ ငါ တစ်ခု မေးစမ်းပါရစေ။ မင်း မိုးကျော်နီကြီးကို ဘာပြုလို့ ပြန်စီးရတာလဲကွ”
ဖိုးတေသည် ဆင်ကြီး၏ နားအုံနှစ်ဖက်ဆီကို ဒူးနှစ်ဖက်ဖြင့် လှုပ်၍ လှုပ်၍ လက်ထဲကချွန်းဖြင့် ဦးကင်းကို ပွတ်ကာ ပွတ်ကာ မောင်းရင်း သမင်လည်ပြန်လှည့်ကာ ကျွန်တော်ကို ပြန်ပြောသည်။
“ဆရာရေ ကျုပ် ဆေးရုံကဆင်းလို့ ကျန်းမာရေး ပြန် ကောင်းလာတော့ လုပ်ငန်းခွင် ပြန်ဝင်ခဲ့ရတယ်။ လုပ်ဖော်ကိုင်ဖက်တွေကလဲ ကျုပ်မသေဘဲ ပြန်လာလို့ ဝမ်းသာရတယ်။
မန်နေဂျာက ကျုပ်ကိုပြောပါတယ်။ တခြားဆင် ပြောင်းစီးဖို့။ ဒါလဲပဲ ကျုပ်က မိုးကျော်နီကို သံယောဇဉ်ကြီးတယ်။ မိုးကျော်နီကြီးကလဲ ကျုပ် ပြန်လာတော့ သူ့မျက်လုံးတွေနဲ့ သူ့အမူအရာတွေက ကျုပ်ကို သံယောဇဉ်ကြီးကြောင်း ပြနေပါတယ်။
ကျုပ်ကိုမြင်တော့ သူပြေးလာတယ်။ ကျုပ်ရှေ့မှာ ငူငူကြီးရပ်ပြီး သူ့မျက်လုံးမှာ မျက်ရည်တွေဝိုင်းနေ တယ်။ သူ့နှာမောင်းနဲ့ ပွတ်ပွတ်ပြီး ကျုပ်ကို ချော့ရှာ တယ်”
ဖိုးတေ၏ စကားများမှာ စိတ်ဝင်စားရာ ပို၍ ကောင်း လာပါသည်။ တောတွင်းပျော် ဆင်လုပ်သားကြီးတို့၏ ကြမ်းတမ်းသော ရုပ်ပိုင်းဘဝ၏ အတွင်းဝယ် သိမ်မွေ့ နူးညံ့သော စိတ်အလှတရားများကို ဖိုးတေ၏ စကားလုံးများကနေ လှမ်းမြင်လိုက်ရသည်။
“ဆရာရေ… ကျုပ်တို့တောမှာ ဆင်ဦးစီးနဲ့ ဆင်ဟာ သံယောဇဉ် အကြီးဆုံး၊ မေတ္တာ အကြီးမားဆုံးပါ ဆရာ။ မုန်ယစ်ချိန်မှာ ဆင်ကထိုးတဲ့အခါ ထိုး၊ ဆင်ဦးစီးက ချွန်းနဲ့ ပေါက်တဲ့အခါ ပေါက်၊ လှံနဲ့ ထောက်တဲ့အခါ ထောက်ကြပေမယ့် မုန်ယစ်ပြေချိန်မှာတော့ အစွယ်ကိုဖက်ပြီး ငိုခဲ့ကြရတာများတောင် ရှိပါတယ် ဆရာ”
ကျွန်တော်၏ ရင်ထဲတွင် ငြိမ်းအေးသော သန္တရသ ခံစားလိုက်ရပါသည်။ ကြမ်းတမ်းသော တောပျော် ဆင်ကြီးများနှင့် ဘဝတူ လုပ်ဖော်ကိုင်ဖက် လူသားတို့၏ ဆက်နွယ်နေသော မေတ္တာတရား၊ သံယောဇဉ် တရားတို့ကိုလည်း အလေးအနက်ထား စဉ်းစားမိပါသည်။
ကျွန်တော် နံဘေးက ကထိကကြီး ဦးကျော်အေးကမူ မျက်ခုံးကြီးတွန့်လျက် ဆေးတံကြီးခဲပြီး ဘာတွေ စဉ်းစားနေသည် မသိ။
ဆင်ကြီးမိုးကျော်နီကမူ တောလမ်း မြေမာကလေး အတိုင်း တအိအိ လျှောက်နေဆဲပါ။
မြဝတီမဂ္ဂဇင်း၊ ၁၉၉၀၊ ဩဂုတ်လ
– ပြီး –
စာရေးသူ – နေမျိုးသန့်
Uncategorized