ရွှေဘိုစောလွင်
မေတ္တာကမ္ဘာ ခြားပေမယ့်
(၁)
သာထူး ဆင်ကျောင်းစခန်းမှ ပြန်လာတော့ နေစွယ်ကျိုးစ ပြုနေပြီ။ တပေါင်းလ နေလုံးသည် တရွေ့ရွေ့ယိမ်းငဲ့နေ၏။ တပေါင်းနေရှိန်ကြောင့် အပြင်တွင် ချစ်ချစ်တောက် ပူပြင်းနေသော်လည်း တောအုပ်မြိုင်တကြောတွင်မူ သစ်ရိပ်စမ်းရိပ်တို့ကြောင့် အေးမြနေ၏။
ပန်းပေါင်းစုံ ဖူပွင့်သော တပေါင်းလဖြစ်၍ တောပန်းရနံ့များကလည်း ပတ်ဝန်းကျင်တခုလုံး သင်းမြကြိုင်လှိုင်နေသည်။ အထူးသဖြင့် အင်ကြင်ပန်းရနံ့တွေက လေထဲတွင် ထူးကဲစွာ မွှေးပျံနေကြ၏။
သာထူးသည် လှံရှည်ကိုထမ်းကာ တဲစခန်းဘက်သို့ သွက်သွက် လျှောက်လာခဲ့သည်။ တဖာလုံခန့် လျှောက်ခဲ့မိသည်တွင် သူတို့ ယာယီစခန်းချရာ တဲဝိုင်းသို့ ရောက်လာခဲ့သည်။ တဲဝိုင်းဟု ဆိုသော်လည်း တဲတွေ များများစားစား ရှိသည်တော့မဟုတ်။
သူတို့ ညအိပ်သည့်တဲနှင့် ပစ္စည်းတန်ဆာပလာများ ထားသိုသည့် တဲငယ်တလုံးမျှသာ။
သာထူး ပြန်ရောက်ချိန်၌ တဲတွင် ထွန်းလှမရှိ။ သည်ကောင် ဘယ်ပျောက်နေပါလိမ့်။ တောစပ်ထဲ ဟင်းစားအရှာ ထွက်နေပြီထင့်။
တဲအတွင်း သာထူး ဝင်လာသည့်အခါ ဘယ်အချိန်က ရောက်နေမှန်းမသိသော ဦးဘအောင်သည် တဲတွင်းမှ ထွက်လာကာ သူ့ကို ဖက်လဲတကင်း ကြိုဆိုလိုက်သည်။
“ဟင် … ဦးလေးဘအောင်၊ ဘယ်တုန်းက ရောက်နေတာတုံး။ ကြာပြီလားဗျ”
သာထူးသည် လှံရှည်ကို တဲထောင့်ထဲ ထိုးစိုက်လိုက်ယင်း ဦးဘအောင်ကို နှုတ်ဆက်လိုက်သည်။
“ခပ်စောစောကပဲ ဆိုပါတော့ကွာ။ မင်းနဲ့ တွေ့ချင်တာနဲ့ ငါ လာစောင့်နေတာကွ”
ဟု ဦးဘအောင်က ပြောသည်။
ဦးဘအောင်ကား ထင်းကန်ထရိုက် လုပ်နေသူ ဖြစ်၏။ သည်တောတဝိုက်အတွင်းမှ ရနိုင်သမျှ သစ်ဝါးများကို ထုတ်ယူပြီး ထင်းအဖြစ်တမျိုး၊ မီးသွေးအဖြစ်တဖုံ ပြုလုပ်ကာ မြို့ကြီးများတွင် ဖြန့်ချီရောင်းချနေသူဖြစ်၏။
တခါတရံ ထင်းပွဲစား၊ မီးသွေးပွဲစားပင် လုပ်လိုက်သေးသည်။
“ထွန်းလှကာ မတွေ့ဘူးလား။ ဒီကောင် ဘယ်သွား နေပါလိမ့်ဗျာ”
“ငါတွေ့တယ်ကွ။ ချောင်းဟိုဘက် ကူးသွားတယ်။ ဘာတဲ့ကွာ … မိုးတွင်းကျ အသုံးပြုဖို ဆင်အတွက် က,ကြိုး တန်ဆာပလာရက်ဖို့ လျှော်သွားခွာမလို့တဲ့၊ ထွက်သွားလေကွာ။ မင်းလာယင် ပြောပြလိုက်ပါလို့ ငါ့ကို မှာသွားတယ်။ နေ သိပ်မညိုခင် ပြန်လာခဲ့မယ်တဲ့”
ဟု ဦးဘအောင်က ရှင်းပြသည်။
“ဩော် ဟုတ်ကဲ့၊ ဒါနဲ့ ဦးလေးဘအောင် … ကျုပ်နဲ့ တွေ့ချင်တာက ဘာကိစ္စ ရှိနေလို့လဲဗျ”
သာထူးက ဦးဘအောင်၏ လာရင်းကိစ္စကို မေးလိုက်၏။ ဦးဘအောင်က ချက်ချင်းမဖြေသေး။ သာထူးမျက်နှာကို အကဲခတ်သလို ကြည့်နေလိုက်သည်။ အတန်ကြာမှ …
“ဒီလိုကွာ၊ အကြောင်းရှိတော့လဲ မင်းတို့ ဆင်ဦးစီးတွေဆီ လာပြီး အကူအညီ တောင်းရတာပဲ။ ငါ့လုပ်ငန်းကို မင်းတို့လဲ အသိသားပဲ။ ငါ ထင်းတွေထုတ်နေတာ ကျွဲနဲ့ဆွဲ၊နွားလှည်းနဲ့တိုက်လို့မရတဲ့ နေရာမျိုးတွေမှာ ဆင်နဲ့ ဆွဲထုတ်ချင်တယ်။ အချို့သစ်လုံးကြီး ကြီးတွေလဲ ပါမယ်ကွ။ အချို့နေရာတွေမှာ ကျွဲတို့နွားတို့နဲ့ ဆွဲထုတ်လို့ မရဘူး။ ဆင်နဲ့ဆွဲမှပဲ ရမှာ။ ဒီတော့ ငါ့လုပ်ငန်းကို ကူညီဖို့ မင်းတို့ကို ငါ အကူ အညီလာတောင်းတာပဲကွ”
ဦးဘအောင်က သူ့ကိစ္စကို ရှင်းပြလိုက်၏။
“အများကြီးပဲလား၊ ဘယ်နှရက်လောက် လုပ်ပေးရမှာတုံးဗျ”
“အလုပ်ကတော့ နေ့တိုင်း လုပ်ပေးရမှာပဲကွ။ ငါ့ထင်းတွေက နေ့တိုင်းလို ထုက်နေတာပဲ သာထူးရ”
ဦးဘအောင်က သာထူးမျက်နှာကို အားကိုးတကြီး ကြည့်ယင်း ပြောနေသည်။
“ဦးလေးဘအောင်လုပ်ငန်းကို ကျုပ်တို့ သိသလို ကျုပ်တို့လုပ်ငန်းကို ဦးလေးဘအောင် သိသင့်သလောက် သိပါတယ်လေ။ အခု ကျုပ်တို့ ဒီကိုရောက်နေရတာဟာ ဆင်အလုပ် လုပ်ဖို့မဟုတ်ဘူးဗျ။ ဆင်အနားယူဖို့ ဆင်ကျောင်းစခန်းမှာ ဆင်လာကျောင်းနေတာ။ ဒီအချိန်မှာ ဆင်ကို လုံးဝ အလုပ်မခိုင်းတော့ဘူး။ အနားပေးထားရတယ်။ မိုးတွင်း အလုပ်ကောင်းကောင်းလုပ်နိုင်အောင် ဆင်အားမွေးနေရတယ် ဦးလေးဘအောင်။ အဲဒါ ခက်တယ်ဗျာ။
ပြီးတော့ ချိတ်နှစ်ယောက်ကလဲ ရွာပြန်သွားတော့ လူအားနည်းနေတယ်”
သာထူးက ညည်းညည်းညူညူ ပြောဆိုလိုက်သည်။
သာထူးတို့ ဆင်အဖွဲ့မှာ ပဲခူးရိုးမကို အမှီပြု၍ ပဲခူးတိုင်း သစ်ထုတ်လုပ်ရေးဒေသ သစ်တောကြိုးပြင်တခု၏ စီမံကိန်းဝင် သစ်ထုတ်လုပ်ရေးတွင် သစ်ဆွဲသစ်ထုတ် လုပ်ပေးနေရသော ပုဂ္ဂလိက ဆင်အဖွဲ့ဖြစ် သည်။
လှည်းကူးဘက်မှ ဦးစံဖေပိုင် “အောင်တိုး”နှင့် “ပြည်ပန်းညို” အမည်ရှိ ဆင်လိမ္မာနှစ်ကောင်ကို အသုံးပြုကာ အစိုးရ သစ်ထုတ်ရေးတွင် လုပ်ကိုင်နေကြသည်။
ယခုအချိန်တွင် အစိုးရဆင်များနည်းတူ နွေရာသီ ဆင်ကျောင်းစခန်းတွင် လာရောက် အပန်းဖြေနေခြင်း ဖြစ်၏။
ထို့ကြောင့် သူတို့အဖွဲ့၏ လုပ်ငန်းအခြေအနေကို ဦးဘအောင် သဘောပေါက်အောင် သာထူး ရှင်းပြနေခြင်းဖြစ်သည်။
သို့သော် သာထူး၏ ရှင်းပြပုံ ဦးဘအောင် သိပ်အလေးမထား။ သူ့လုပ်ငန်း အောင်မြင်ဖို့သာ တွင်တွင်ပြောနေသည်။
“ဒါတွေ ငါသိပါတယ်ကွာ။ ထင်းတွေ ထုတ်ပေးရုံပဲဟာ… ဘာခက်တာလိုက်လို့။ ငါ့လုပ်ငန်းက မင်းတို့ ဆွဲပေးနေရတဲ့ သစ်ကြီးဝါးကြီးတွေလောက် မင်းဆင် မပင်ပန်းပါဘူးကွာ။ လူများများလဲ မလိုပါဘူး။ မင်းတယောက်ထဲလုပ်ယင်တောင် ရပါတယ်”
“မဖြစ်ဘူးထင်တယ် ဦးဘအောင်။ မတော်တဆ ပိုင်ရှင်သဌေး သိသွားယင် ကျုပ်တို့ ချောက်ကျနေပါအုံးမယ်””
“မင်းဆင်ပိုင်ရှင်က ဘယ်မှာနေတာမို့လဲကွ”
“လှည်းကူးဘက်မှာ နေတယ်ဗျ”
“သူ မသိလောက်ပါဘူးကွာ။ မင်းနဲ့ မင်းလူ ထွန်းလှတို့နှစ်ယောက်ပိုင်ယင် ဒီကိစ္စ ပြီးတာပဲ။ မင်းတို့ကို ငါ မြက်မြက်ကလေး ပေးပါ့မယ်။ မင်း ငါ့ကို ကူညီပါ သာထူးရာ”
ဦးဘအောင်က တောင်းပန်သလိုနှင့်,ဇွတ်အတင်း ပြောနေသဖြင့် သာထူး အခက်တွေ့နေမိသည်။ ဦးဘအောင်သည် သာထူး၏ မျက်နှာကို အကဲခတ်ယင်း သူ့အိတ်ထဲမှ ငွေစက္ကူအချို့ကို ဆွဲထုတ်လိုက်သည်။
“ကဲ ရော့၊ ငွေနှစ်ရာ ယူထားအုံး။ ဒါက ပဏာမ အစ ပျိုးသဘော။ နောက် လုပ်ငန်းလုပ်တဲ့အခါ ငါကြည့် ပေးမယ်။ မင်းတို့အတွက် မနစ်နာစေရပါဘူးကွာ”
ဦးဘအောင်သည် ပြောပြောဆိုဆိုနှင့် ငွေစက္ကူများကို သာထူးလက်ထဲ ထိုးထည့်လိုက်၏။
သာထူးသည် အင်းမလုပ် အဲမလုပ်နှင့် အမူအရာဖြင့် ဦးဘအောင်ကို အံ့ဩစွာ ကြည့်လိုက်သည်။ သာထူး၏ မျက်နှာပေါ်၌ ဝမ်းသာအံ့ဩသည့် အရိပ်အရောင်က ဖြတ်ကနဲ လင်းလက်သွားသည်ကို ဦးဘအောင် အကဲခတ်လိုက်မိ၏။ ဦးဘအောင် အကဲခတ်မိသကဲ့သို့ သာထူး၏ အမူအရာတမျိုး ပြောင်းလဲ သွားသည်ကတော့ အမှန်ပင်။
သာထူးသည် ဘာမျှ မပြောပဲ လက်ထဲက ငွေစက္ကူများကိုတလှည့်၊ ဦးဘအောင်မျက်နှာကိုတလှည့် ကြည့်နေသည်။ ဦးဘအောင်၏ ဆန္ဒအတိုင်း လုပ်သင့် မလုပ်သင့် စဉ်းစားချိန်ဆနေလေသည်။
နောက်ဆုံးတော့ သာထူး စိတ်ကို တုံးတုံးချလိုက်တော့သည်။
“ကဲဗျာ … ကျုပ်တို့ လုပ်ပေးမယ်။ ဦးလေးဘအောင် ပြောတဲ့အတိုင်း ကတိတည်ပါစေ။ ကျုပ်တို့ကို တန်ရာတန်ကြေး ပေးနော်။ ကျုပ်တို့ စွန့်စားပြီး လုပ်ရမှာဗျ။ ပဲ့ချိတ်နှစ်ယောက်က ရွာပြန်သွားလို့ ကျုပ်တို့ချည်း လုပ်ရမှာ”
သာထူးဆီက အဖြေရသဖြင့် ဦးဘအောင်၏ မျက်နှာကြီးမှာ ဝင်းထိန်သွားသည်။
“စိတ်ချပါ သာထူးရာ။ မင်းတို့ အကျိုးရှိရမှာပေါ့ကွာ။ ငါ့ကတိ မဖျက်ဘူးဆိုတာ စိတ်ချ ငါ့လူ။ ငါ့လုပ်ငန်းသာ အောင်မြင်အောင် လုပ်ကြ။ ငါ မင်းတို့ ကျေနပ်အောင် ပေးမယ်ကွာ။
အဲ … အလုပ်ကတော့ သန်ဘက်ခါလောက် စမယ်။ မင်းတို့ဘက်က အဆင်သင့်ဖြစ်အောင်သာ ပြင်ဆင်ထားကြဟေ့။ ကဲ ငါသွားအုံးမယ်ကွာ။ ဒီည ပဲခူးကို သွားစရာရှိနေသေးတယ်”
ဦးဘအောင်သည် သာထူးကို နှုတ်ဆက်ကာ ထွက်ခွာသွားလေသည်။
(၂)
အနောက်ဘက် တောအုပ်ထဲသို့ နေလုံးကြီး မြုပ်ဝင်စ ပြုချိန်လောက်တွင် တဲသို့ ထွန်းလှတယောက် ပြန်ရောက်လာလေသည်။
ထွန်းလှသည် ဆင်က,ကြိုး တန်ဆာပလာအတွက် ခုတ်ယူလာသော လျှော်ပြားများကို ဝန်စည်စလယ် တဲငယ်အတွင်းသို့ ကျကျနန သိမ်းဆည်းထားလိုက်ပြီး သာထူးဆီသို့ လျှောက်လာလေသည်။
သာထူးသည် တဲအတွင်း ဝင်လာသော ထွန်းလှ မျက် နှာကို စောင်းငဲ့ကြည့်လိုက်၏။ ထွန်းလှ၏ မျက်နှာပေါ်၌ ချွေးဥတွေ သီးနေသည်။
“သာထူး၊ မင်း ဦးဘအောင်ကြီးကို တွေလိုက်ရတယ် မဟုတ်လား”
ထွန်းလှသည် နဖူးတွင် သီးနေသော ချွေးစများကို လုံချည်စုတ်ဖြင့်သုတ်ယင်း မေးလိုက်သည်။
“တွေ့တယ်ကွ။ အဲဒါ ဘာဆိုတာ မင်းကို ပြောချင်လို့ ငါ စောင့်နေတာ ထွန်းလှ။ မင်းကို ခရီးရောက်မဆိုက် ပြောရအုံးမယ်ကွာ”
သာထူးသည် စကားမပြောမီ ဆေးလိပ်တိုကို မီးညှိ ဖွာရှိုက်လိုက်၏။
နှစ်ဖွာ သုံးဖွာ ရှိုက်လိုက်ပြီးနောက်….
“မင်းကို ငါ အရေးကြီးတဲ့စကား ပြောစရာရှိတယ်ကွ”
ဟု သာထူးက စကားစလိုက်သည်။
“မင်း အရေးကြီးတာက ဘာများတုံး သာထူးရ”
“ဒီလိုကွာ၊ ဦးဘအောင်က သူ့ ထင်းနဲ့ သစ်အချို့ကို
ငါတို့ဆင်နဲ့ ထုတ်ပေးဖို့ အကူညီကောင်းတယ်ကွ။ မင်းနဲ့ ငါက အောင်တိုးနဲ့ ပြည်ပန်းညိုနှစ်ကောင်ကို အသုံးပြုပြီး သူ့ထင်းတွေကို ဆွဲပေးဖို့ပေါ့ကွာ။
နေရာတိုင်းတော့ မဟုတ်ဘူးကွ။ ကျွဲ နွားနဲ့ ထုတ်လိုမရတဲ့ နေရာမျိုးတွေမှာ တို့က ဆင်နဲ့ဆွဲထုတ်ပေးရမှာ။ တို့လုပ်မယ်ဆိုယင် အလုပ်က နေ့တိုင်းရှိနေတယ်။ အဲဒါ ဒီအလုပ်ကို လုပ်ဖို ငါ လက်ခံလိုက်တယ်ကွာ”
သာထူးက ထွန်းလှမျက်နှာကို အကဲခတ်ယင်း အလုပ်သဘောကို ရှင်းပြလိုက်၏။
ထွန်းလှ သာထူးကိုကြည့်ယင်း ခေါင်းကို ခါယမ်းလိုက်သည်။
“ငါတော့ ဖြစ်မယ်မထင်ဘူးကွာ။ ဒီကိစ္စက ငါတို့နဲ့ချည်း ပြီးတာမှမဟုတ်ပဲ။ ပိုင်ရှင်သဌေး အလိုကျမှဖြစ်မှာကွ။ သဌေး မသိပဲ လုပ်လို့လဲ ငါတော့ သင့်တော်မယ် မထင်ဘူး သာထူးရ။ ဒီလိုဒီအကြောင်း သဌေးသိသွားယင် ခက်မယ်ကွ”
ထွန်းလှက လေသံအေးအေးဖြင့် ပြောလိုက်သည်။
“ကိစ္စ သဌေးသိလို့ ဘယ်ဖြစ်မလဲကွ။ သဌေး မသိအောင် လုပ်ရမယ့်ကိစ္စကွ ထွန်းလှရ။ ငါတို့ ရစေချင်လို့ ဦးဘအောင်က တိုးတိုးတိတ်တိတ် လာအကူအညီတောင်းတာပဲ။ ငါလဲ လုပ်မယ်လို့ ကတိပေးလိုက်ပြီ သူငယ်ချင်း။ စရန်ငွေလဲ ပေးထားခဲ့တယ်။ လုပ်ငန်းစ,ယင် ငါတို့ကို မြက်မြက်ကလေး စားရအောင် ပေးလိမ့်မယ်။ ဒီတော့ဒီလုပ်ငန်းကို လုပ်ဖြစ်အောင် လုပ်ကြမယ်ကွာ”
သာထူးက အားတက်သရောပြောဆိုယင်း သူ့အင်္ကျီအိတ်ထဲမှ ငွေစက္ကူများကို ထုတ်ယူပြီး ထွန်းလှရှေ့တွင် ချလိုက်သည်။
“ဦးလေးဘအောင် ပေးထားခဲ့တဲ့ စရန်ငွေ နှစ်ရာကွ”
ဟုလည်း ဝမ်းသာအားရ ပြောလေသည်။
ထွန်းလှသည် သာထူးချပေးလိုက်သော ငွေစက္ကူ များကို ကြည့်ယင်း ပခုံးတချက်တွန့်လိုက်၏။ ထို့နောက် သာထူး၏ မျက်နှာကို နားမလည်သလို ငေးစိုက်ကြည့်နေသည်။
“ဘယ်လိုလဲ ထွန်းလှ။ ငါပြောတာ မင်း သဘောပေါက်တယ် မဟုတ်လား”
ဟု သာထူးက အငမ်းမရ မေးလိုက်သည်။ ထွန်းလှ သက်ပြင်းတချက် ချလိုက်သည်။
“ဒါဟာ မလုပ်သင့် မလုပ်ထိုက်တဲ့ အလုပ်ပဲလို့ ငါတော့ ယူဆတယ်ကွာ။ ဒီကိစ္စကို ငါတော့ သဘောမတူဘူး သာထူးရာ”
“မင်းကလဲကွာ၊ ငွေရတဲ့အလုပ်ကို မင်း သဘောမတူရတယ်လို့။ အခု ရလာတဲ့ ငွေနှစ်ရာဟာ နဲနဲနောနောငွေ မဟုတ်ဘူးကွ”
သာထူးက ထွန်းလှ၏ အပြုအမူကို အားမလိုအားမရကြည့်ယင်း ပြောလိုက်သည်။ သူက တက်ကြွနေသလောက် ထွန်းလှကမူ ခပ်အေးအေးပင်။
“ဟုတ်ပါတယ်။ ခုရထားတဲ့ငွေဟာ နဲတဲ့ငွေ မဟုတ် ပါဘူး။ နောက်လဲ ဒီထက်မက ရအုံးမှာဆိုတော့ မက်လောက်စရာပါပဲ။ ငါတို့မှာ ဆင်ဦးစီးသာ လုပ်နေရတယ်။ ရတဲ့လခကလေး တရာကျော် နှစ်ရာ နီးပါးဆိုတော့ မနည်းရုန်းကန်ကြရတယ်။ ဆင်နဲ့ဖက်ပြီး အသက်စွန့် လုပ်ရသလောက် အကျိုးမများလှပါဘူး။
ငွေဆိုတာ မက်မောစရာချည်းပါပဲ။ ဘုရား ရဟန္တာတွေကလွဲလို့ ငွေမမက်ဘူးဆိုတဲ့လူက အရှားသား။ ငါလဲ ငွေလိုချင်ပါတယ် သာထူး။ ဒါပေမယ့် ဒီကိစ္စက ပိုင်ရှင်မသိအောင် လုပ်ရတဲ့ကိစ္စလဲ ဖြစ်ပြန်၊ ပြီးတော့ ငါတို့နဲ့ ဆိုးတူကောင်းဖက် လုပ်စားနေကြရတဲ့ ဆင်တွေကို ငဲ့ညှာသင့်တယ်။
သူတို့ခမျာ ငါတို့ခိုင်းယင် လုပ်ရှာကြမှာပါပဲ။ အထူးသဖြင့် သူတို့ကို သနားဖို့ ကောင်းတယ်။ ဒီအချိန်လေးသာ သူတို့ခမျာ အနားရတာ။ မိုးကျလာယင် သူတို့တွေ လုပ်ငန်းစကြရတော့မယ်။ ဒီလိုသာ ကြားပေါက်ခိုင်းနေယင် သူတို့ ဘယ်မှာ နားခွင့်ရရှာကြတော့မှာလဲ။
မင်းဆင် အောင်တိုးဆိုယင် လိမ်လိမ်မာမာနဲ့ မင်းခိုင်းသမျှ လုပ်ပေးနေရှာတယ်။ သူ့ခမျာ ထင်းခွေ ရေခပ်ကအစ လုပ်ပေးရှာပါတယ်။ ဒီကြားထဲ တို့က ခိုင်းအုံးမယ်ဆိုယင် တရားမျှတပါ့မလား ဆိုတာ မင်း စဉ်းစားကြည့်ဖို ကောင်းတယ် သူငယ်ချင်း”
ထွန်းလှက သာထူး နားဝင်အောင် ဖျောင်းဖျောင်းဖျ
ပြောလေသည်။
ထွန်းလှစကားကြောင့် သာထူး မျက်နှာတချက် ပျက် သွားသည်။ သို့သော် ချက်ချင်း ဣန္ဒြေပြန်ဆည်လိုက်ပြီး…
“ဒါတွေကို လျှောက်ပြောနေလို ငွေရမှာ၊ အလုပ်ဖြစ်မှာ မဟုတ်ဘူးကွ။ စွန့်စွန့်စားစား လုပ်မှ ငွေရမှာ ထွန်းလှရဲ့”
ဟု စိတ်မရှည်တော့သလို ပြောဆိုလိုက်သည်။
“ငါပြောတာက ပိုင်ရှင်မသိပဲ လုပ်တာရယ်၊ ဆင်တွေ ပင်ပန်းတာရယ် တွက်ပြီး ပြောနေတာပါကွာ။ ဒီ့ပြင် မကျေနပ်စရာတွေရှိလို့ ပြောနေတာမဟုတ်ပါဘူး သာထူးရာ”
သာထူးက ဇွတ်အတင်း ပြောနေသလောက် ထွန်းလှက လေပျော့ကလေးနှင့် ပြောနေလေသည်။
“ဒါတွေ လျှောက်ပြောနေလို အလုပ်ဖြစ်မှာ မဟုတ်ဘူးကွ။ ကြောက်လျှင် လာဘ်လွဲ၊ ရဲ မင်းဖြစ်တဲ့။ ဒီတော့ မင်းကြောက်လို့ မလုပ်ချင်လဲနေ။ ငါတော့ ဦးဘအောင်ကို ကတိပေးထားတဲ့အတိုင်း လုပ်မယ်ကွာ။ ဒီထဲမှာ မင်း မပါချင်ယင်လဲ နေနိုင်တယ်။
မင်းလဲ မင်းမိသားစု လုပ်ကျွေးနေတာ။ ငါလဲ ငါ့ မိသားစုကို တနည်းနည်းနဲ့ လုပ်ကျွေးရမှာပဲ ငါ့လူ။ အဲဒီကိစ္စကို သဌေး ဦးစံဖေကို အသိမပေးဖို့တော့ မင်း ကတိပေးပါ။ ဒီအတွက် မင်း ငါ့ကို ကူညီပါ ထွန်းလှ”
သာထူးက တကယ်ပင် စိတ်မရှည်တော့ဟန်ဖြင့် ခပ်ပြတ်ပြတ် ပြောဆိုလိုက်သည်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ ဘာမှ မပြောချင်တော့ဘူး။ ဘယ်သူ့ကိုမှလဲ ငါ ပြောလိမ့်မယ် မဟုတ်ဘူး။ ဒါပေမယ့် သူ့ နည်း သူ့ဟန်နဲ့ ဦးစံဖေ သိသွားယင်တော့ ငါလဲ မတတ်နိုင်ဘူးကွာ”
ထွန်းလှက စိတ်ပျက်လက်ပျက်နှင့် ပြောဆိုလိုက်သည်။
“အေးကွာ၊ မင်းကို ငါ အားကိုးပါတယ်။ ဒီကိစ္စကိုတော့ မင်း နှုတ်လုံပါစေ။ မင်းကို ငါရတဲ့အထဲက အသင့်အတင့် ခွဲဝေပေးပါမယ်”
ဟု သာထူးက လေပျော့ကလေးဖြင့် ပြောဆိုလိုက်၏။
“မလိုပါဘူး သာထူးရာ။ မင်းဟာမင်း ယူပါ။ မင်းလုပ်လို့ မင်းရတာ မင်းပဲယူ။ ငါ လုံးဝ မလိုချင်ပါဘူး။ အေး- သတိထားလုပ်ပါလိုတော့ ငါ ပြောချင်တယ်။ ဘာအကျိုးအမြတ်မှ ငါမလိုချင်ပါဘူးကွာ”
ဟု စိတ်လေးလေးနှင့် ပြောလေသည်။
ထို့နောက် ထွန်းလှ ဘာမျှ စကားရှည်မနေတော့။ ဆက်ပြောနေလျှင်လည်း အကြောင်းထူးလာမည် မဟုတ်သဖြင့် ခပ်မဆိတ် လုပ်နေလိုက်လေတော့သည်။
(၃)
တောတပြင်လုံး သစ်ဝါးခုတ်သံများ ဟိုမ သည်မှ ပေါ် ထွက်လာနေသည်။ သစ်ဆွဲသံ၊ နွားလှည်းမောင်းသံ၊ သစ်လုံးချင်း ထိခက်သံများက တောအတွင်း၌ ဆူညံနေသည်။
ဖိုးခေါင်ငှက်ကလေးများ၏ တေးဆိုသံကလေးများကလည်း လွမ်းဆွတ်ဖွယ် ထွက်ပေါ်လာနေသည်။
တောမျောက် အချို့ကလည်း သစ်ပင်ကြီးများပေါ်၌ မြူးထူးဆော့ကစားနေကြသည်။ တောအုပ်တကြောကို ဖြတ်သန်းစီးဆင်းနေသော စမ်းရေစီးသံကလည်း စည်းချက်မှန်မှန် ထွက်ပေါ်လာနေ၏။
တချီ တချီတွင် စမ်းချောင်းဘေး ကျွန်းပင်ကြီး တပင်ပေါ်မှ ချိုးငှက်မောင်နှံစုံ၏ ကူချွဲသံလေးများ လေထဲတွင် လွင့်ပျံလာနေသည်။
သာထူးသည် ပတ်ဝန်းကျင် အသံဗလံများကို ဂရုစိုက် မနေနိုင်။ ဆင် အောင်တိုးကို ခိုင်းစေကာ ဦးဘအောင် အလိုရှိသော သစ်ဝါးများကို ဆွဲထုတ်ပေးနေသည်။ အောင်တိုး ခမျာလည်း ပေတေတေ ညစ်ကတ်ကတ် မလုပ်ရှာ။ သာထူး ခိုင်းသည့်အတိုင်း တောင်ကမူစောင်းများ၊ ကမ်းပါးပြတ်များ အကြားရှိ သစ်များကို ဆွဲ၍ တမျိုး၊ အောင်း၍ တဖုံ ရုန်းကန်လှုပ်ရှားပေးနေသည်။
ဦးဘအောင်၏ သစ်ဝါး အချို့မှာ ထင်းဟုဆိုသော်လည်း အရွယ်အစားကြီးမားသော သစ်လုံးများ ဖြစ်ကြ၏။ အတော်ကလေး အင်တိုက်အားတိုက် ဆွဲပေးမှ လိုရာသို့ ရောက်နိုင်သည့် သစ်လုံးများပင်။
ခါတိုင်းဆိုလျှင် သည်လုပ်ငန်းမျိုး၌ အောင်တိုးနှင့် ပြည်ပန်းညိုတို့နှစ်ကောင် အတူပူးတွဲ လုပ်နေကျ။
အောင်တိုးက ရှေ့ကဆွဲလျှင် ပြည်ပန်းညိုက သစ်လုံးကို နောက်မှ အောင်းလှိမ့်ပေးသည်။ ပြည်ပန်းညို ရှေ့ကဆွဲလျှင်လည်း အောင်တိုးက နောက်မှ အောင်းပေးစမြဲ။ ဟန်ချက်ညီညီ လုပ်ရသည်မို့ အတော်အတန် လေးလံသည့် သစ်လုံးပင် ဖြစ်စေဦး။ ဆင်နှစ်ကောင်အားဖြင့် ‘ဇက်ခတ်ဆွဲ’ရသဖြင့် သိပ်ပြီး မပင်ပန်း။ အစစ အန္တရာယ်ကင်းသည်။ ခရီးတွင်သည်။ နားသာ ခိုသာလည်း ရှိသည်။
ခုတော့ ပြည်ပန်းညို မပါပဲ အောင်တိုး တကောင်တည်း ကျဲရသဖြင့် အလုပ်တွင်ပေမယ့် သိပ်ပြီး မသက်သာလှ။
မည်သို့ဖြစ်စေ တနေ့တာအတွက် သတ်မှတ်ထားသည့် သစ်ဝါးများကို နေမွန်းမတည့်မီ အချိန်အတွင်း လှည်းလမ်းကြောင်းအရောက် စုပုံပေးနိုင်ခဲ့သည်။
သာထူးသည် အောင်တိုးကို စားကျက်အတွင်း မောင်းပို့ထားခဲ့ပြီး တဲဝိုင်းသို့ ပြန်လာခဲ့လေသည်။
သူ တဲ ပြန်ရောက်သည့်အခါ နေမွန်းတည့်နေလေပြီ။ ထွန်းလှသည် မိုးတွင်းသုံး ကကြိုး တန်ဆာပလာများကို ရက်လုပ်ဓနသည်။
သာထူးသည် တဲအတွင်းသို့ဝင်ကာ ထွန်းလှ ချက်ပြုတ်ထားသော ထမင်းဟင်းများကို မောမောနှင့် စားသောက်လေသည်။ ထမင်းစားနေယင်း ထွန်းလှကို ကျိတ်၍ ကျေးဇူးတင်နေမိသည်။
သူ့လုပ်ငန်းထဲတွင် မပါသော်လည်း ထွန်းလှမှာ သာထူးအတွက်ဆိုလျှင် ဘာမဆို ကူညီလုပ်ကိုင်ပေးနေခဲ့သည်။ သူ တောတက် လုပ်ကိုင်နေချိန်၌ ထမင်းဟင်းချက်ကအစ လုပ်စရာရှိတာများကို မတွက်မကတ် လုပ်ပေးနေသည်။
သည်တော့ ထွန်းလှကို သူ ကျေးဇူးတင်မဆုံး ရှိရသည်။
သာထူးသည် ထမင်းစားပြီးနောက် ထွန်းလှ လျှော်လျက်နေရာသို့ လျှောက်လာခဲ့သည်။
“သာထူးရေ … ငါတော့ နက်ဖြန် ရွာခဏ ပြန်ရလိမ့်အုံးမယ်ကွ”
ဟု ထွန်းလှက ပြောလိုက်၏။
“ဟေ ဟုတ်လား။ ဘာကိစ္စ ရှိလို့တုန်းကွ”
“ငါ့သား အငယ်ကောင်လေး ဝင်းမောင် နေမကောင်း လို့တဲ့ကွ။ ရွာက ဦးလေးခင်မောင် လာပြောတယ်။ မင်း ထွက်သွားပြီး မကြာခင် ရောက်လာတာပဲ။ ငါလဲ သူနဲ့ ပြန်လိုက်သွားဖို့ပဲ။ မင်းကို အကျိုးအကြောင်း မပြောရသေးလို့ ဒီနေ့ လိုက်မသွားတာကွ”
“မင်း ဘယ်တော့ ပြန်မလဲကွ”
“ငါ နက်ဖြန် ထမင်းစားပြီးလောက် ပြန်ချင်တယ်ကွ။ ရွာက ပဲ့ချိတ် စံမြင့်နဲ့ ကျော်မြတ်လဲ နက်ဖြန်နံနက်စောစော ပြန်ရောက်ကြမယ်လို့လဲ ဦးလေးခင်မောင်နဲ့ မှာလိုက်တယ်။ မင်း သူတို့နဲ့ ကြည့်ရှုလုပ်ပေါ့။ ဖြစ်မယ်မဟုတ်လား သာထူး”
“ဖြစ်ပါတယ်ကွ … စိတ်ချသွားပါ။ အေး ဒါပေမယ့် မင်း ငါ့ကို စောင့်အုံး။ ငါ နက်ဖြန်မနက်စောစော ဆင်ကောက်သွားလိုက်အုံးမယ်။ မင်းကို စမ်းဝမြှောင်အလွန်ထိ ငါ အောင်တိုးနဲ့ လိုက်ပို့ပေးမယ်။ ပြီးမှ ငါ့လုပ်ငန်းကို ဆက်လုပ်မယ်။ ဦးဘအောင် အလုပ်တွေက များနေတော့ မနားနိုင်သေးဘူးကွ။ ဒီတော့ မင်း ငါ့ကို စောင့်နေ။ ငါ အောင်တိုးကို ကောက်ပြီး တဲကို စောစောပြန်လာခဲ့မယ်”
“ငါ့ကိုတော့ မင်း လိုက်ပို့မနေပါနဲ့ကွာ။ ငါ့ဟာငါ သွား ပါ့မယ်။ မင်းသာ စခန်းကို အချိန်မီပြန်လာခဲ့ပါ။ ငါလဲ ရွာမှာ ကြာကြာမနေပါဘူး။ မြန်မြန်ပြန်လာခဲ့ပါမယ်။ ငါ့သား ဝင်းမောင်လဲ ခုလောက်ဆို နေကောင်းနေရောပေါ့။ မင်းကို ငါ မှာခဲ့ချင်တာက ပြည်ပန်းညိုကိုတော့ မင်း ဂရုစိုက်ပါကွာ။ ဆင်တွေနဲ့ ပတ်သက်လို့ မင်း အထူးဂရုစိုက်ပါ။ စံမြင့်တို့ ပြန်လာယင်လဲ အစစ အဆင်ပြေပါစေကွာ”
“စိတ်ချပါ ထွန်းလှရာ။ ဒါတွေ ငါ အကုန်နားလည်ပါတယ်။ မင်း စိတ်ချသွားပါကွာ”
(၄)
နောက်တနေ့တွင် သာထူးသည် အရှေ့ဘက် မိုးကောင်းကင်မှ ရောင်နီဦး ပေါ်စလောက်တွင် တောထဲသို့ ဆင်ကောက်ထွက်သွားလေသည်။ သာထူး ဆင်ကောက်ထွက်သွားချိန်တွင် ထွန်းလှလည်း အိပ်
ရာမှထကာ နံနက်စာ ထမင်းဟင်းချက်ဖို့ ပြင်ဆင်ရသည်။
အရှေ့ဘက် တောစပ်ထဲမှ တောကြက်တွန်သံက မှန်မှန် ထွက်ပေါ်နေသည်။ ရောင်နီဦးနှင့်အတူ ကျေးငှက်တွေ အိပ်တန်းဆင်းစ ပြုလေပြီ။ တညလုံး အစာရှာဖွေ စားသောက်နေခဲ့ကြသည့် ညဉ့်ငှက်ကိုလည်း သစ်ပင်ကြီးများပေါ်၌ အိပ်တန်းဝင်ကုန်ကြပြီ။
အလင်းရောင်က တစတစ ထွက်ပေါ်လာသည်။ အမှောင်ထုတွေ ပြယ်လိုက်လာပြီး အလင်းရောင်က အားကောင်းလာသည်။
နေ၏ အလင်းရောင်နှင့်အတူ ကျေးငှက်အပေါင်းတို့၏ မြည်ကြွေးသံများကလည်း တောတခွင်လုံး ဆူညံလာသည်။
ထွန်းလှသည် နံနက်ခင်း၏ သဘာဝ ဓားသံများနှင့်အပြိုင် ထမင်းဟင်း ချက်ပြုတ်နေသည်။
မကြာမီ ချက်ပြုတ်မှုကိစ္စအဝဝ ပြီးသွားသည်။ သို့သော် အနားမနေနိုင်သေး။ ရွာပြန်လျှင် ယူသွားဖို့ တိုလီမုတ်စများကို အိတ်တခုထဲသို့ ထည့်သိုပြင်ဆင်ရသည်။ ပြီးလျှင် ထမင်းကိုကပျာကယာ စားရ၏။
အမှောင်ထုများ လုံးဝ ချုပ်ငြိမ်းသွားကာ နေလုံးကြီးပင် ထွက်ပေါ်လာသည်။ သာထူးကား ပြန်မလာသေး။ စောစောပြန်လာမည်ဆိုသော်လည်း ခုချိန်ထိရောက်မလာ။
ထွန်းလှ ထမင်းစားပြီးချိန်လောက်တွင် ပဲ့ချိတ် စံမြင့်နှင့် ကျော်မြတို့ ရွာမှ ပြန်ရောက်လာကြသည်။
“ဝင်းမောင် ဘယ်လိုနေသေးလဲ စံမြင့်”
“ကောင်းသွားပါပြီကွာ။ ဒါပေမယ့် မင်း အလည်ပြန် လာခဲ့တော့ မင်းမိန်းမ မိသွယ်က မှာလိုက်တယ်”
“အေးကွ၊ ငါလဲ ဒီနေ့ ပြန်မလို့ပဲ။ မင်းတို့ ပြန်ရောက်လာတာ အတော်ပဲ။ သာထူးလဲ ဆင်ကောက် ထွက်သွားတာ စောစောပြန်လာခဲ့မယ် ပြောသွားတယ်။ ဒီကောင် ခုထိ ပေါ် မလာသေးဘူးကွ”
နေလုံးသာ တရိပ်ရိပ် မြင့်တက်နေသည်။ သာထူးကား ပေါ် မလာသေး။ အရိပ်အရောင်ပင် မတွေ့ရ။
ကြာတော့ ထွန်းလှ စိတ်ပူလာသည်။ အတန်တန် မှာထားလျက်နှင့် သည်ကောင် ဘာကြောင့် ပြန်မလာပါလိမ့်။ အကြောင်းတခုခုတော့ ရှိပြီထင်၏။ စိုးရိမ်စိတ်က တမုဟုတ်ချင်း ဝင်လာသည်။
“ကဲ မင်းတို့ နေရစ်ကြအုံးကွာ။ ထမင်းဆာယင်လဲစားကြ။ ငါ မင်းတို့လာမယ်ဆိုလို့ မင်းတို့အတွက် ပိုချက်ထားတယ်။ ငါ သာထူးနောက် လိုက်သွားအုံးမယ်။ ပြန်လာမှ စကားလေးဘာလေး ပြောကြတာပေါ့ကွာ”
ထွန်းလှသည် စံမြင့်တို့နှင့်ပင် စကားမပြောနိုင်။ လှံရှည်ကို ကောက်ကိုင်ကာ သာထူးနောက်သို့ ရေးကြီးသုတ်ပျာ လိုက်လာခဲ့သည်။
ထွန်းလှသည် ဆင်ကျောင်းစားကျက်ရှိရာသို့ ဖြတ်လမ်းဖြင့် လိုက်လာခဲ့၏။ အောင်တိုးနှင့် ပြည်ပန်းညိုတို့ ကျက်စားနေကျ ကြိုးပြင်ဆီသို့ ဦးတည်လာခဲ့သည်။
နေက အတော်မြင့်နေပြီ။ သာထူးနှင့် အောင်တိုးတို့၏ အရိပ်အရောင်ကို မတွေ့ရသေး။ စားကျက်ကွင်းနှင့် တဖြည်းဖြည်း နီးကပ်လာ။ စားကျက်နှင့် နီးကပ်လာလေ ထွန်းလှ သွက်သွက်တိုးဝင်လာလေ။
လမ်းခရီးတွင် သစ်ခုတ် ထင်းရှာသူတအုပ်နှင့် တွေ့ရသည်။
ယင်းလူအုပ်ထဲမှ ထွန်းလှအသိ သဌေးကုန်းရွာသား ဦးမြကြီးဆိုသူက ထွန်းလှကို နှုတ်ဆက်လိုက်၏။
“ဟေ့ကောင် ထွန်းလှ၊ ဆင်ကောက်ထွက်လာတာလား”
“ဟုတ်တယ်ဗျ။ သာထူးလဲ ဆင်ကောက်ထွက်သွားတယ်။ သူ့ကိုများ တွေ့မိသလား ဦးလေးမြကြီး”
“မတွေ့မိဘူးကွ။ ဒီမယ် ထွန်းလှ … မင်းသွားယင် သတိထား သွား။ ကျားသားအမိနှစ်ကောင် ဒီတောဘက် နယ်ကျွံလာတယ်လို သတင်းရတယ်။ ပွဲစားကြီးကုန်းက ထင်းခုတ်သမားတွေ တွေ့တယ်တဲ့။ အဲဒီလူတွေလဲ တောထဲ မနေဝံ့ပဲ ပြန်ပြေးလာကြတယ်လို့ သိရတယ်။ ငါတို့လဲ ဒါကို သတိထားနေကြရ တယ်ကွ”
ဦးမြကြီး ဆိုသူက ထွန်းလှကို သူသိသမျှ ရှင်းပြသည်။
ထွန်းလှအတွက် မျှော်လင့်မထားသော သတင်းဆိုးတရပ်ပင် ဖြစ်၏။ ထို့ကြောင့် ထွန်းလှ စိတ်ပူသွားသည်။ သာထူး အတွက် ပို၍ စိုးရိမ်မကင်း ဖြစ်လာသည်။
“ခပ်စောစောက ဒီသတင်း မကြားမိပါဘူးဗျ”
“အေးကွ … ခုမှ ကြားရတာ။ ပဲခူးရိုးမဘက်က နယ်ကျွံလာတာ ဖြစ်လိမ့်မယ်။ အစိုးရ ဆင်ကျောင်းစခန်းတွေဘက်က မောင်းထုတ်လိုက်လို့ ဒီဘက်က ထွက်လာတာ ဖြစ်နိုင်တယ်”
ဦးမြကြီးက ဆေးလိပ်ဖွာနေယင်း ထင်မြင်ချက် ပေးလိုက်၏။ သူ့ထင်မြင်ချက်အမှန် ဖြစ်နိုင်သည်။
“အေးကွာ … သတိဝီရိယထားပြီးတော့ သွား”
“ဟုတ်ကဲ့ ဦးလေးမြကြီး။ ကဲ ကျုပ် သွားလိုက်အုံးမယ်”
ထွန်းလှသည် ဦးမြကြီးတို့ အုပ်စုကို နှုတ်ဆက် ထွက်လာခဲ့သည်။
ထွန်းလှ ပေါ့ပေါ့ဆဆမ နေဝံ့တော့။ လှံကို အသင့်ဆုပ်ကိုင်ထားယင်း မျက်စိလျင်လျင် နားပါးပါးဖြင့် တိုးဝင်းလာနေရ၏။ ဤနေရာမျိုး၌ သတိကို အလျှင်းလက်လွှတ်ထား၍ မဖြစ်။
တရွေ့ရွေ့နှင့် စားကျက်ကွင်းအနီး ရောက်လာသည်။ ဆင်များနှင့် သာထူး အရိပ်အရောင်ကို မတွေ့ရသေး။
ကျားဆိုသည့် အရိပ်အရောင်ကိုလည်း မတွေ့ရ။
စိုးရိမ်စိတ်တွေက သူ့ရင်ထဲမှာ လွှမ်းမိုးလာပြီ။
ထွန်းလှသည် စိတ်တထင့်ထင့်နှင့် တိုးဝင်လာခဲ့သည်။ စားကျက်ကြိုးဝိုင်းစပ်အရောက်တွင် ဆင်ခလောက်သံသဲ့သဲ့ကို ကြားလိုက်ရသဖြင့် အားတက်လာမိ၏။
သို့နှင့် ရှေ့သို့ ဖိတိုးလာခဲ့သည်။ ဆင်ခလောက်သံကို ပီပီသသ ကြားရသည်။ သူ့ဆင် ပြည်ပန်းညို၏ ခခလောက်သံ။ ပြည်ပန်းညို၏ ကျွန်းသား ခလောက်သံကို သူကောင်းကောင်း ကျက်မိသွားသည်။
သူသည် တောချုံအကြား တိုးဝင်လာခဲ့၏။ ချုံရိပ်တခုအလွန်တွင် အေးအေးလူလူ အစာစားနေသော ပြည်ပန်းညိုကို တွေ့ရ၏။ ထွန်းလှ ဝမ်းသာသွားသည်။ သို့သော် ပြည်ပန်းညို အနားသို့ တိုးကပ်မသွား။ ခပ်ဝေးဝေးမှသာ အကဲခတ် ကြည့်နေသည်။
ပြည်ပန်းညိုလည်း သူရောက်လာပုံကို သိဟန်မတူ။ အစာကိုသာ အားရပါးရ စားနေသည်။
ပြည်ပန်းညိုအတွက် စိတ်ချလက်ချ ဖြစ်သွားပေမင့် သာထူးနှင့် အောင်တိုးအတွက် သူ ရတက်မအေးနိုင်သေး။
ပြည်ပန်းညိုကို တွေ့ရပြီး အောင်တိုးကို မတွေ့ရသည့်အတွက် ထွန်းလှ ဘဝင်မကျနိုင်အောင် ဖြစ်နေ မိသည်။
ထို့နောက် ပြည်ပန်းညိုကို သူ့အတိုင်း ထားခဲ့ကာ သာထူးနှင့် အောင်တိုးကို ရှာဖွေရန် ဝဲဘက် လမ်းမြွာကလေးထဲ ချိုးကွေ့ပြီး သပြေစမ်းမြှောင်ဆီသို့ ဦးတည်လိုက်သည်။
လူခြေရာ ဆင်ခြေရာ သဲလွန်စများကို ဂရုတစိုက် ရှာဖွေယင်း ရှေ့သို့ မှန်မှန် တိုးဝင်လာခဲ့၏။
ရှေ့ တဖာလုံခန့် အရောက်တွင် ရေခန်းခြောက်စ ပြုနေသော စမ်းမြွာလေးတခုကို တွေ့ရ၏။
ထွန်းလှသည် စမ်းတွင်းရေ မခြောက်တခြောက် နေရာများတွင် ခြေရာသဲလွန်စ တွေ့လိုတွေ့ငြား နှံ့နှံ့စပ်စပ် လေ့လာကြည့်ရှုလိုက်သည်။ ထင်သည့်အတိုင်းပင် မြေစိုစိုတွင် ဆင်ခြေရာအချို့ကို တွေ့ရသည်။
ထွန်းလှသည် ခြေရာများကို အနီးကပ် စစ်ဆေးလိုက်၏။ ခြေရာပုံသဏ္ဌာန်နှင့် ပန်းကွင်း(ခြေသည်း) အနေအထားက အောင်တိုးခြရာနှင့် တူလှ၏။ ပြီးနောက် ခြေပန်းကွင်းကျပုံကလည်း သူသိထားသော အောင်တိုးခြေရာနှင့် တထေရာတည်း။
ဟုတ်ပြီ။ ယင်းတို့ကား အောင်တိုး ခြေရာကလွဲ၍ တခြားမဖြစ်နိုင်။ အောင်တိုးခြေရာများ အစစ်ပင်။
သို့သော် သာထူး၏ ခြေရာသဲလွန်စကိုမူ သူ လုံးဝ မတွေ့ရ။
ထွန်းလှသည် မျက်စိကိုဖွင့် နားကိုစွင့်လျက် စမ်းမြွာကလေးအတိုင်း ခြေရာခံ လိုက်ခဲ့သည်။ စမ်းလက်တက်ကလေး၌ ရေ လုံးဝမရှိ။ ရေများ ခန်းခြောက်ကာ ရွှံ့စို သဲစိုများအဖြစ် တင်ကျန်နေသည်။
ယင်း ရွှံ့စို သဲစိုများပေါ်၌ ဆင်ခြေရာက တသ မတ်တည်း ရှိမနေ။ တွေ့လိုက် ပျောက်သွားလိုက်မို့ မနည်း သတိထား မှတ်သားနေရသည်။
ရှေ့သို့ တိုးဝင်မိလေ တောကလည်း ရှုပ်ထွေးလာလေ။
ရှေ့သို့ ဂိုက်တရာခန့်မျှ တိုးဝင်လာမိသည်တွင် စမ်းမြွှာကလေး၏ မြစ်ဖျားခံရာ ချောင်းကျယ်တခုကို ဘွားကနဲ တွေ့လိုက်ရ၏။ သို့သော် စမ်းချောင်းထဲတွင် ရေက သိပ်မများ။ စီးသည်ဆိုရုံကလေးမျှ စီးနေသည်။
ယင်း နေရာတဝိုက်တွင် အောင်တိုးခြေရာ ပျောက်သွားသည်။ အောင်တိုးတကောင် ချောင်းတဘက်ကမ်းသို့ ကူးသွားလေပြီ ထင်၏။
ထွန်းလှသည် ချောင်းခွဆုံရှိ ကျွန်းပင်ကြီးတပင်ကို ကျောမှီ ရပ်လိုက်၏။ လှံကို မြေတွင်စိုက်လိုက်ပြီး မျက်နှာတွင် ရွှဲနေသော ချွေးများကို လက်ဖြင့် သပ်ချလိုက်၏။
ထို့နောက် ချောင်းဟိုဘက်က တောအုပ်ဆီသို့ လှမ်းမျှော်ကြည့်လိုက်သည်။ တဘက်ကမ်းရှိ တောအုပ်အစပ်မှာ သူနှင့် ဂိုက်သုံးလေးဆယ်မျှသာ ဝေးကွာလိမ့်မည်။
ထွန်းလှသည် တဘက်ကမ်း တောအခြေအနေကို လေ့လာကြည့်သည်။ သည်နေရာသို့ သူ အရောက်အပေါက် သိပ်မရှိ။
တောအနေအထားကို သူ သိပ်မကျွမ်း။ ခက်တော့ ခက်နေပြီ။ သူသည် ဝန်းကျင်တဝိုက်ကို ကြည့်ရှု အကဲခတ်လိုက်ပြန်သည်။ သူ့အနီး မြေပျော့ပျော့ထဲ၌ ဖိနပ်ခြေရာ သုံးလေးခုကို အမှတ်မထင် တွေ့လိုက်ရသဖြင့် စိတ်ဝင်စားသွားသည်။
သို့နှင့် အနီးကပ် လေ့လာကြည့်လိုက်သည်။ ယင်း ခြေရာများမှာ အောင်တိုး ခြေရာနှင့် သိပ် မဝေးကွာလှ။ သာထူးခြေရာဖြစ်ဖို့ အလွန်သေချာနေသည်။
တကယ်လည်း သာထူး ဖိနပ်ခြေရာတွေ ဖြစ်ပေလိမ့်မည်။ ထွန်းလှသည် တဘက်ကမ်း တောခြေတဝိုက်ကို စူးစိုက်ကြည့်မိပြန်သည်။
ထိုအချိန်တွင် တဘက်တောအုပ်ဆီမှ သစ်ရွက်ခြောက်နင်း ခြေသံ၊ တရှောရှော တောတိုးသံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ထွန်းလှ ထိတ်ထိတ်ပျာပျာ ဖြစ်သွားကာ အသံကြားရာဆီသို့ စူးစိုက်ကြည့်လိုက်၏။
ထိုစဉ် မမျှော်လင့်သော မြင်ကွင်းက ရုတ်ခြည်း ဖြစ်ပေါ် လာသဖြင့် ထွန်းလှ အကြီးအကျယ် တုန်လှုပ်သွားသည်။
သူ ကြည့်နေစဉ် သာထူးသည် လှံကိုဆွဲကာ တောစပ်ထဲမှ ကမန်းကတန်း ပြေးထွက်လာသည်။ တချိန်တည်းမှာပင် ကျားကြီးတကောင်က သာထူးနောက် တဇွတ်တိုး ပြေးလိုက်လာပြီး လွှားကနဲ ခုန်အုပ်လေတော့သည်။
သာထူးသည် သူ့ကို ခုန်အုပ်လာသော ကျားကြီးကို လှံဖြင့် ဆီးထောက်ပြီး ဘေးသို့ လျင်မြန်စွာ လှိမ့်ချလိုက်၏။ သို့သော် မလွှတ်။ ကျားကြီး၏ ရှေ့လက်တဘက်က သာထူး၏ ကိုယ်အထက်ပိုင်းကို ကုတ်မိသွားသည်။
သာထူးသည် အားကနဲ တချက်အော်ဟစ်ပြီး ချုံ့ဖုတ်အစပ်ထဲ လှိမ့်ဝင်သွားသည်။
ထို တဒင်္ဂ အချိန်ကလေးမှာပင် အောင်တိုး၏ ကိုယ်လုံးမည်းမညးကြီးက ချုံဖုတ်ကြားမှ လျှပ်တပြက် ပြေးထွက်လာပြီး ကျားကြီးကို နှာမောင်းဖြင့် ဘေးတိုက် ရိုက်ချလိုက်သည်။
ဖုန်း ကနဲ အသံနှင့်အတူ ကျားကြီး တဘက်သို့ ယိုင်လဲကျသွားသည်။ အောင်တိုးသည် အလွတ်မပေး။ လျှပ်ပြက်သကဲ့သို သူ့ခန္ဓာကိုယ်ကြီးကို ချာကနှဲ လှည့်လိုက်ပြီး လဲနေသော ကျားကြီးကို အစွယ်ဖြင့် ထိုးစိုက်လိုက်သည်။
ကျားကြီးမှာလည်း “ဝေါင်း” ကနဲ တချက်ဟိန်းကာ အတင်းရုန်းကန် ရှောင်တိမ်းလိုက်သည်။ သို့သော် လွတ်အောင်မရှောင်နိုင်။ အောင်တိုး၏ အစွယ်တ ချောင်းက ကျားကြီး၏ လက်ပပ်ကြားသို့ ထိထိမိမိ စိုက်ဝင်သွားသည်။
ကျားကြီးသည် ခြေလက်များကို အစွမ်းကုန် ရုန်း ကန်လှုပ်ရှားလိုက်သည်။ သို့သော် အချည်းအနှီးပင်။ကျားကြီး၏ သွေးရူးသွေးတန်း အော်ဟစ်သံများကား တတောလုံး သိမ့်သိမ့်ညံနေသည်။
အောင်တိုးလည်း ကျားကြီးကို လက်စတုံး ချေမှုန်းပစ်နေသည်။ နောက်ဆုံးတွင်မူ ကျားကြီးမှာ အောင်တိုး၏ ထိုးနှက်ချက်ဖြင့် အသက်ပျောက်သွားလေတော့သည်။
ထွန်းလှသည် တဒင်္ဂ မှင်တက်မိနေရာမှ ရှုတ်ခြည်း သတိဝင်လာပြီး ချောင်းတဘက်ကမ်းသို့ အလျင်အမြန် ကူးလာခဲ့သည်။ ထို့နောက် အောင်တိုးနှင့် သာထူးရှိရာသို့ အလျင်စလို ချဉ်းကပ်လိုက်သည်။
သူ ချဉ်းကပ်လာစ၌ အောင်တိုးသည် ကိုယ်ကို ဆတ်ကနဲ လှုပ်ရှားလိုက်ပြီး နှာမောင်းမြှောက်၍ အနံ့ခံလိုက်၏။
ထွန်းလှသည် ကိုယ်ရှိန်သတ်လိုက်ပြီး
“အောင်တိုး … အောင်တိုး”
ဟု သူလာနေကြောင်း အသံပေးလိုက်သည်။
အောင်တိုးသည် နားရွက်တဖျပ်ဖျပ်ခတ်ယင်း သူ့ကို အကဲခတ်ကြည့်နေသည်။ အောင်တိုး သူ့ကို မှတ်မိသွားပုံရ၏။
“အောင်တိုး … အောင်တိုး၊ ဖေ့သားကြီး … ငါပါကွ”
ဟု ဆိုကာ ထွန်းလှသည် ရှေ့သို့ တိုးကပ်သွားပြီး အောင်တိုး၏ နှာမောင်းကို ပွတ်သပ်ချော့မြူလိုက်သည်။
ထိုအခါ အောင်တိုးသည် သူ့ကို လုံးဝ မှတ်မိသွားပြီး လှိုက်လှဲမြူးကြွကာ တကျစ်ကျစ် အော်မြည်လိုက်သည်။
ထို့နောက် ထွန်းလှသည် လဲကျနေသော သာထူးကို ကမန်းကတန်း ပွေ့ယူလိုက်၏။ သာထူးမှာ သတိလစ်နေသည်။
ထွန်းလှသည် သာထူး၏ ခန္ဓာကိုယ်ကို ကြည့်ရှု စစ်ဆေးလိုက်၏။ သာထူး၏ ပခုံးတဝိုက်မှာ စုတ်ပြတ်နေပြီး သွေးချင်းချင်းနီနေသည်။ ကိုယ်အထက်ပိုင်းတခုလုံး သွေးများ ပေကျံနေသည်။
“သာထူး … သာထူး၊ ဟေ့ကောင် သာထူး”
ထွန်းလှက သာထူး၏မေးကို လှုပ်ကာ သတိရလာအောင် ပြုစုပေးသည်။ သာထူး အလွယ်တကူ သတိရမလာ။
မေးရိုးကို အကြိမ်ကြိမ် နှိပ်နယ်ပေးမှ သာထူး မျက်စိပွင့်လာသည်။
ထွန်းလှက အရေးတကြီး မေးသည်။
“သာထူး … သာထူး၊ မင်း သတိရလာပြီနော်”
“အင်း”
သာထူးသည် လေသံပျော့ပျော့ဖြင့် “အင်း” လိုက်၏။
“ထွန်းလှ မင်း လိုက်လာတယ်နော်။ အောင်တိုးကော … အောင်တိုး”
ဟု သာထူးက လေသံသဲ့သဲ့ဖြင့် မေးသည်။
“ရှိပါတယ်ကွ၊ မင်း ဘာမှ မစိုးရိမ်နဲ့။ မင်း ဒဏ်ရာရရုံပဲ။ ဘာမှ စိုးရိမ်စရာမရှိဘူး သူငယ်ချင်း”
ထွန်းလှသည် သူ့အင်္ကျီကို ချွတ်လိုက်ပြီး သွေးထွက်နေသော ဒဏ်ရာများကို စည်းနှောင်ပေးသည်။ သာထူး၏ ယာဘက်ပခုံးမှာ အသားဖတ်ကြီး လန်ထွက်နေပြီး သွေးများ အဆက်မပြတ် ထွက်နေသည်။ ထွန်းလှက ကျကျနန စည်းနှောင်ပေးသဖြင့် သွေးအထွက် နည်းသွားသည်။
ထိုအချိန်၌ အောင်တိုးသည် တွေတွေကြီး ရပ်နေပြီး ဘေးမှ စောင့်ကြပ်ပေးနေသည်။
သာထူးသည် ထွန်းလှကိုတလှည့်၊ တွေတွေကြီး ရပ်နေသော အောင်တိုးကိုတလှည့် ကြည့်ယင်း မျက်နှာ ညှိုးငယ်နေသည်။
“ထွန်းလှ သူငယ်ချင်း။ မင်း ငါ့ကို ခွင့်လွှတ်ပါကွာ။ ငါ့အသက်ကိုကယ်တာ အောင်တိုးပဲ သူငယ်ချင်း။ ငါက အောင်တိုးအပေါ် မညှာတာပေမယ့် အောင်တိုးခမျာ ငါ့အပေါ် ချစ်ရှာတယ်။ သခင့်အပေါ် တွယ်တာရှာပါတယ်ကွာ။ ငါဟာ တိရစ္ဆာန်လောက်မှ မမြင့်မြတ်ပါလား သူငယ်ချင်းရာ”
သာထူးက ဆို့နစ်ကြေကွဲနေသော အသံဖြင့် တလုံးချင်း ပြောလေသည်။
“ဒါတွေ ထားပါကွာ။ တို့ တဲကို ပြန်ကြမယ်။ မင်းကို ပဲခူးဆေးရုံကို အမြန်ပို့မှ ဖြစ်မယ်ကွ။ ဒါတွေကို နောက်မှ ပြော”
ထွန်းလှလည်း အချိန်ဆိုင်းမနေတော့။
သာထူးကို အောင်တိုးကိုယ်ပေါ် ခက်ခက်ခဲခဲ တင်ကာ တဲစခန်းဘက်သို့ အလျင်အမြန် ထွက်လာခဲ့လေသတည်း။ ။
မြဝတီမဂ္ဂဇင်း၊ ဇွန်လ၊ ၁၉၈၆
– ပြီး –
စာရေးသူ – ရွှေဘိုစောလွင်
Uncategorized