မောင်သွေးချွန်
မေတ္တာအရှင် ကရုဏာသခင်
စကားဆိုတာ စကားလောက်ပဲ ပြောရင် ကောင်းတယ်။ ပိုလာလို့ ကားသွားရင် အလကား ဖြစ်သွားတော့တာပဲ။
ကြွားတဲ့စကားမှန်သမျှ နားကြားပြင်းကတ်စရာ ကောင်းတယ်။ မနေ့တစ်နေ့ကမှ ကျုပ်တို့ဆင်ဝိုင်းကို ပြောင်းလာပြီး ပြောလိုက်တဲ့ ဆင်တွေအကြောင်း ဆင်ခေါင်းကြီးတောင် ခေါင်းနောက်နေပြီ။
ဘယ်လောက်များ မသိသား ဆိုးရွားလိုက်တဲ့ ကောင်လဲ။ ဆင်ဦးစီးချင်းအတူတူ ဘိန်းတစ်လုံး ပိုရှူချင်တဲ့ကောင်။ လူက ပုသလောက် ဆင်ကြီးတွေ သစ်ပင်မြင့်မြင့်ကြီးတွေကြားမှာ တောင်တောင် တောင်တောင်နဲ့။
ဘာတဲ့… သုံးလောင်းမောင်မောင်ဆိုလား။ နာမည်ကြားရုံနဲ့ ကျက်သရေယုတ်တယ်။
ဆင်အုပ်ကြီးကတော့ ဒီနာမည်ကိုပဲ ခေါင်းလောင်းသံအမှတ်နဲ့ ပဲ့တင်ထပ်နေတော့တာ။
“ဟေ့ မောင်မောင် … သုံးလောင်းကြီး အခြေအနေ ကောင်းရဲ့လား။ တခြားဆင်တွေလဲ ဂရုစိုက်ကွာ။ ထူးခြားမှုရှိရင် ငါ့ကိုပြော….”
ဆင်ခေါင်းကြီးကို ကျော်ပြီး ဆင်အုပ်ကြီးကိုယ်တိုင်က မတန်မရာ မျက်နှာသာပေးလာတော့ ဒီကောင် ကမ်းတက်လာတာပေါ့။
ဆင်မြီးလက်စွပ်လေး ထိုးရောင်းဖို့မှ ဆင်မြီး မနုတ်ရဲအောင် ဒီကောင်က ဝင်ဝင် ရှုပ်တတ်တယ်။ ဆင်တွေကို ခိုင်း… ခိုင်းပြန်ပြီ၊ နား… နားပြန်ပြီနဲ့ ဩဇာပေးတာမျိုးကျတော့ တော်တော် အခံရဆိုးတယ်။ သင်းရင်ဝကို ချွန်းနဲ့ပေါက်ပစ်ချင်လောက်အောင် ခံပြင်းတယ်။
“နေပါစေကွာ၊ တံမြက်စည်းအသစ်ကလေးဆိုတော့ လှည်းကောင်းကောင်းနဲ့ လှည်းပါစေဦး။ အဆန်ကျွတ်လာတော့ သူလဲ အမှိုက်ဖြစ်သွားမှာပါ”
လို့ ဆင်ခေါင်းကြီးက လူကြီးစကား ပြောပေမယ့်….
“သူ့အတတ်နဲ့ သူစူး ဆိုတာလို ဘယ်နေ့ သုံးလောင်းစာ မိမလဲ”
လို့ ထွန်းအောင်က ဥပေက္ခာစကား ပြောတယ်။
ဟုတ်တယ်။ သုံးလောင်းကြီးကို စီးရတယ်ဆိုပြီး ဒီကောင် ဘဝင်မြင့် အတင့်ရဲနေတာ။
သုံးလောင်း… သုံးလောင်း… ။
ဒီဆင်ကြီးသတ်လို့ သေခဲ့တာ မသာ သုံးလောင်း ပေါ်ပြီးခဲ့ပြီလေ။ ဆင်… ဆင်ချင်းလည်း မတရားသတ်ခဲ့ပြီးပြီ။ မတရားဆိုတာ ကျုပ်က အလကားပြောတာ မဟုတ်ပါဘူး။
ဘယ့်နှယ်ဗျာ၊ ဆင်ပျိုမလေးကို သူ့အလို မလိုက်ရကောင်းလားလို့ သွေးချောင်းစီးအောင် စွယ်ကော့ကြီးတွေနဲ့ ထိုးသတ်ခဲ့တာ။ အဲဒီကတည်းက ပစ်သတ်ဖို့ ကောင်းခဲ့တာ။
နောက် မကြာပါဘူး။ ကျုပ်တို့ ဘဝတူ ဆင်ဦးစီး နှစ်ယောက်ကို ဆင်ကြံ ကြံပြီး ဆင်သတ် သတ်ခဲ့တာ။
မမေ့သေးတော့ ပြောရဦးမယ်။
ပထမတစ်ယောက်ကတော့ အခိုင်းလည်း ကြမ်းတယ်၊ ရက်စက်မှုမှာလည်း မီးကုန်ယမ်းကုန် နည်းစုံ လမ်းစုံပဲ။
ဒီကောင်ကြီး နားရွက်တွေ ဓားနဲ့ ဖောက်ထားတာလည်း လက်နှီးစုတ်ကြီးကျလို့။ တင်ပါးဆုံတွေ ဦးခေါင်းတွေမှာလည်း ချွန်းနဲ့ပေါက် လှံနဲ့ထိုးထားတာ မမြင်ဝံ့စရာ။
ရေလည်း မချ၊ ဝဝလည်း မကျွေးဘဲ ညှဉ်းထားတယ်။ တကယ့်ကို ခြေသုတ်ပုဆိုး မြွေစွယ်ကျိုး ဘဝနဲ့ အပိုးသေသေနဲ့ ဆင်ကြံ ကြံခဲ့တာကို ပြောပါတယ်။
သစ်လုံးတွေ စိတ်လိုလက်ရ ဆွဲပေးပြီးမှ ဆတ်ခနဲ ခါချပြီး စွတ်ခနဲ ထိုးချလိုက်တာ။ သူ့ အစွယ်ကြီးဟာ တစ်ကိုယ်လုံးကို ဖောက်ထွက်သွားပြီး အောက်ခံ ကျောက်သားပြင်ကိုတောင် ဟက်တက်ကြီး ကွဲသွားစေခဲ့တယ်။
အဲ… နောက်တစ်ယောက်။
ကျုပ်အစ်ကိုဝမ်းကွဲ အလှည့်မှာကျတော့ တောင်ပေါ်ရောက်မှ ချောက်ထဲကို ခါချပြီး သတ်ပစ်လိုက်တာ။ ကျုပ်အစ်ကိုဟာ ကျောက်တောင်ကျောက် တုံးကြီးတွေနဲ့ ရိုက်မိပြီး သစ်ငုတ်စူးလို့ သေပါရောလား။
ကျုပ်အစ်ကိုမှာ အပြစ်လို့ ယူဆနိုင်တာကတော့ သင်းအစွယ်တွေ ခိုးဖြတ်ဖို့ကြံခဲ့တာတစ်ခုပဲ ရှိလေရဲ့။ အဲဒီလိုနဲ့ ဒီကောင်ကြီးဟာ သုံးလောင်းဘွဲ့ ရခဲ့တာပဲ။
အဲဒီကတည်း ဒီကောင်ကြီးကို ပစ်သတ်ပြီး ပြစ်ဒဏ် ခတ်လိုက်ဖို့ ကောင်းတာ။
အချိန်ဆွဲ ကြန့်ကြာခဲ့တဲ့ အကြောင်းကတော့ ကျုပ်တို့မှာ ဆင်ကောင်ရေ တစ်နေ့တခြား နည်းပါးလာနေလို့ပဲ။ “ဆင်ဆိုး” အဖြစ် သံခလောက် ဆွဲပေးပြီး စောင့်ကြည့်မယ်။ နည်းနည်းလေး ဟန်ပုံမပေါက်ရင် မူလဆုံးဖြတ်ချက်အတိုင်း ပစ်သတ်လိုက်ကြတော့မယ်။
ဒီအချိန်မှာ မောင်မောင်ဆိုတဲ့ ကယ်တင်ရှင် ရောက်လာပြီး သုံးလောင်းကြီးခေါင်းပေါ် အခန့်သား တက်စီးတော့တာပေါ့။
“ဆင်တွေရဲ့ သဘာဝဟာ လူတွေနဲ့ အတော် နီးစပ်ပါ တယ်။ ကိုယ်ချင်းစာကြပါ”
ဆိုတာကစပြီး ဆင်တရားဟောလိုက်တာ နားစည် နှားမြှေးတွေ ရောင်လုမတတ် ကြားခဲ့ရတယ်။
အစကတော့ အဟုတ်မှတ်လို့ နားထောင်နေတာ။ နောက်ပိုင်းကျတော့ စကားက ကားစပြုလာတယ်။ ပထွေးကို အမွှမ်းတင်တာ လွန်လွန်းတယ်လေ။
“ဆင်တွေပာာ လူစကား နားလည်တယ်ဗျ။ ပြန်မပြောတတ်တာ တစ်ခုပဲ”
“တို့ လူလူချင်း ပြောနေတာတွေကိုတော့ ဘယ်နည်းနဲ့မှ နားလည်နိုင်ဘူးကွ။ လူတွေရဲ့ အမိန့်ပေးစကားတွေလောက်သာ ဒီကောင်တွေ နားလည်တာ။ ဒါတောင် ချွန်းနဲ့ ပေါက်ရတာ အမော…”
ထွန်းအောင်က ငြင်းတယ်။ သုံးလောင်းစီးက ပိုကဲလာတယ်။
“ဆင်တွေဟာ သူတို့အပေါ် အကောက်ကြံတဲ့ လူယုတ်မာတွေရဲ့ စိတ်ကိုလဲ သိတယ်”
“ဘာကွ”
ကျုပ်က အနာပေါ် တုတ်ကျ ,ထအော်လိုက်တယ်။ သုံးလောင်းစီးကိုလည်း ပြာကျသွားမတတ် ကြည့်ပစ်လိုက်တယ်။ ကျုပ်အစ်ကိုရဲ့ မျက်နှာ ကွက်ခနဲ ပေါ်လာမှ မျက်လွှာ ပြန်ချလိုက်တယ်။
သုံးလောင်းစီးက အခွင့်ကောင်းယူပြီး ဆက်ပြောနေတယ်။
“ဆင်တွေဟာ အာရုံခံစားမှုမှာ လူတွေထက်တောင် ပိုကောင်းချင်သေးတယ်။ အထူးသဖြင့် အနံ့ခံတဲ့ ကိစ္စ…”
“တော်စမ်းပါကွာ။ မင့်ဆင်တွေ ခွေးလောက် အနံ့ခံ မကောင်းဘူး”
“ခွေးက အကောင်းအဆိုးခွဲမသိဘူးဗျ။ ဆင်က သိတယ်။ သူတို့ ဆင်အချင်းချင်းဆို နှစ်မိုင်လောက်ကအထိ အနံ့နဲ့သိနိုင်တယ်။ လူဆိုရင်လဲ သူ့အပေါ် ရက်စက်မယ့်သူရဲ့ အနံ့လား၊ ကြင်နာမယ် သူရဲ့ ရနံ့လား… ကောင်းကောင်းကြီး သိတယ်ဗျ”
သူက ဇွတ်ငြင်းနေတယ်။ စိတ်အချဉ်ပေါက်လာတဲ့
ကျုပ်က…..
“တော်စမ်းကွာ၊ အဓိပ္ပာယ်မရှိတာတွေ”
လို့ အော်ပစ်လိုက်တယ်။ သူက ထွက်မသွားတဲ့အပြင်…
“ရှိလိုက်တဲ့ အဓိပ္ပာယ်ဗျာ။ ဆင်နဲ့ လူတွေကြားက မေတ္တာဟာ အင်မတန် လေးနက်သိမ်မွေ့တယ်ဗျ။ ကြမ်းကြုတ်တဲ့ ရက်စက်မှုအကြောင်းကိုတော့ ကျုပ် မပြောချင်ပါဘူး။ အင်မတန်ဆိုးပါတယ်ဆိုတဲ့ သုံးလောင်းကြီးကို ကျုပ် ချွန်းတစ်ချက်မအုပ်ဘဲ စီးနေတာ မေတ္တာပေါ့ဗျ”
လို့ မြင်ပြင်းကတ်စရာ အကွန့်တက်လာပြန်တယ်။
“ဆင် ဆိုတာ တိရစ္ဆာန်ပဲကွ။ အိပ် စား ကာမ ဤသုံးဝပဲ နားလည်မှာပေါ့ ဟား… ဟား”
ထွန်းအောင်က ချက်ကျလက်ကျ နှံလိုက်ပေမယ့် ဒီကောင်က ငြိမ်မသွားဘူး။ သူ့ပထွေးတွေဟာ အဆင့်မြင့်တိရစ္ဆာန်တွေဖြစ်ကြောင်း အဆိုပြုနေတယ်။
ဆင်ခေါင်းကြီးရယ် ဒီလုံးနဲ့ မဲသီးရယ်ပါ ရောက်လာပြီး ကျုပ်တို့ စကားဝိုင်းလည်း လှိုင်းတံပိုး ထကြွပြင်းထန်လာတော့ဟယ်။
ဘယ်ရမလဲ။ ခွေးမသား… ဗေဒါပင်လို လှိမ့်ခံရတော့တာပေါ့။ ဒါပေမယ့် တစ်ချက် တစ်ချက် လှိုင်းတွေပေါ် တက်စီးချင်သေးတယ်။ ဆင်တွေဘက်က နည်းနည်းမှ လျှော့မပေးဘူး။
“သိတယ်ဗျ။ ဆင်တွေဟာ သခင်ဆိုးနဲ့ သခင်ကောင်းကို အနံ့လေးတစ်ခုတည်းနဲ့ ခွဲခြားမှတ်သား သိတတ်တယ်ဗျ”
“ဟေ့ကောင်… သိပ်ဘဝင်မြင့် မနေနဲ့။ သုံးလောင်းကြီးကို တို့လဲ စီးခဲ့တာပဲ”
“ဒါ့ကြောင့် မသာ ပေါ်ကုန်တာပေါ့ဗျာ။ သုံးလောင်းကြီးခမျာသာ နာမည်ဆိုး အဖတ်တင်ကျန်ခဲ့တာ။ စီးတဲ့လူတွေကကော ဘယ်လောက်ကောင်းလို့လဲ”
“ဩ… မင်းက စိန်ခေါ်တာပေါ့လေ။ ကဲ… မင်းကို စောင်အထပ်ထပ်နဲ့ ရစ်ပတ်ပြီး လမ်းပေါ် ပစ်ချထားမယ်။ သုံးလောင်းကြီး မင်းအနံ့ကို မှတ်မိပါဦးမလား… ဘယ့်နှယ်လဲ”
သင်းကို နောက်ဆုံး ရိုက်ပုတ်လိုက်တဲ့ လှိုင်းလုံးကြီးပေါ့။
ကျုပ်က ပြန်ပြီး စိန်ခေါ်လိုက်တာကို အားလုံးက တညီတညွတ်တည်း ထောက်ခံအားပေးကြတယ်။
“ဟုတ်တယ်… ဟုတ်တယ်။ ဒီကောင်ကြီး မင်းကို တက်မနင်းရင် မင်းနိုင်တယ်။ မင်းအနံ့ကို မမှတ်မိလို့ တက်နင်းရင်တော့ မင်းပြောတာမှန်တယ်။ ဆင်တွေကို မဟာကရုဏာရှင်၊ အာရုံခံစားမှု ကောင်းတဲ့ တိရစ္ဆာန်အဖြစ် ငါတို့ ပြုစုလုပ်ကျွေးပါ့မယ်”
အားလုံးက ဝိုင်းရယ်ကြတယ်။ သင်း မျက်နှာကြီး နီလာပြီး….
“ဒီလိုတော့ ဘယ်ရမလဲ။ ကျုပ်က အသက်ကို ရင်းရမှာ”
“အလကား ငကြောက်၊ တို့က လက်တွေ့မှ ယုံတာ”
လို့ ဒီလုံးက ဆွပေးလိုက်တယ်။
“ကျုပ်ပြောတာ ဆုံးအောင် နားတောင်ပါဦး။ ခင်ဗျား တို့ ဘာကြေးလောင်းမလဲ။ ကျုပ်က အသက်ကို လောင်းကြေးတင်ရမှာ…”
“တစ်လခကြေး လောင်းမယ်ကွာ။ ဆင်ခေါင်းကြီးက ဒိုင်လူကြီးလုပ်…”
“နေဦး… သူ့ကို သုံးလောင်းကြီးက တကယ်နင်းသတ်
လိုက်ရင်ကော”
တစ်ချိန်လုံး ငြိမ်နေတဲ့ မဲသီးက ဝင်ထောက်လိုက်တော့မှ ကျုပ်တို့ပါးစပ်တွေ ပိတ်သွားတော့တယ်။
ဒါပေမယ့် ဒီပြဿနာကို သူကိုယ်တိုင်ပဲ ကောက်ကာငင်ကာဝင်ရှင်းပေးလိုက်တယ်။
“ကိစ္စမရှိဘူး… ကျုပ် အသေခံရဲတယ်။ ကျုပ်သေရင်လဲ ခင်ဗျားတို့ အမှုမဖြစ်စေရဘူး။ သုံးလောင်းကြီးက လူသတ်ခဲ့ဖူးတာပဲ။ ဘာများဆန်းလို့လဲ။ ကဲ…ခင်ဗျားတို့ ရှိသမျှငွေတွေ ဆင်ခေါင်းကြီးကို ခု ကတည်းက အပ်ထားရမယ်။ ပြန်မတောင်းရဘူး။ ပွဲပြီးလို့ ကျုပ်နိုင်ရင်တော့ ရတဲ့ငွေတစ်ဝက်ကို သုံးလောင်းကြီးအတွက် တစ်ခုခု ဝယ်ပေးမယ်။
ဒါနဲ့ သုံးလောင်းကြီးကို ခင်ဗျားတို့ထဲက ဘယ်သူစီးမလဲ”
“ဒါလေးများကွာ… ငါ စီးမယ်ကွ”
ကျုပ်က တက်တက်ကြွကြွ ဆုံးဖြတ်လိုက်တယ်ဆိုရင်ပဲ အားလုံးဟာ လှုပ်လှုပ်ရှားရှား အသက်ဝင်ပြီး ဖုတ်ဖက်ခါ ထလိုက်ကြတယ်။
“ကဲ… မင်း သုံးလောင်းကြီး သွားကောက်တော့”
ဒီပွဲမှာ ဆင်ခေါင်းကြီးကိုယ်တိုင် အားပါးတရ ပါဝင် လာခဲ့ပြီ။ ကျုပ်တို့က ပူပူနွေးနွေး ထုတ်ထားတဲ့ ညကျရင် ဖဲရိုက်မယ့် ပိုက်ဆံတွေကို ဆင်ခေါင်းကြီး လက်ထဲ အပ်လိုက်ကြတယ်။
သင်း သုံးလောင်းကြီးကို ကောက်လာပြီး ငြိမ့်တောက် ငြိမ့်တောက် လှမ်းဝင်လာချိန်မှာတော့ သင်းကို ထုပ်ပိုးချည်တုပ်မယ့် စောင်တွေကို ကျုပ်တို့ အဆင်သင့် လုပ်ပြီးထားကြပြီ။
“ကဲ… ကျုပ် ဟောဟိုက တောစပ်ကို မောင်းသွားပြီး ထူးခတ်ခဲ့မယ်။ ဒီကောင်ကြီး ကွယ်ရာကျမှ ကျုပ်ကို စောင်နဲ့ ထုပ်ပေတော့”
သူက ဆင်ပေါ်က ပြောသွားသေးတယ်။ သူ့မျက်နှာကလည်း သေပန်းပွင့်နေသလို ဝင်းလက်နေလေရဲ့။ သူက လုပ်ချင်ရာ လုပ်ပေတော့ဆိုတဲ့ မျက်နှာထားနဲ့ ရင်ကော့ပြီး ဝင်လာတော့ ဆင်ခေါင်းကြီး မျက်နှာ တစ်ချက် ပျက်သွားတယ်။
“မင်း တကယ်လုပ်မှာလား”
လို့လည်း စိတ်မကောင်းဟန် သံသယနဲ့ မေးတယ်။ သူ မာရေကျောရေ ပြောလိုက်တာက
“စိတ်ချ၊ ဒါ စိန်ခေါ်ပွဲ” တဲ့။
ပြီး ကျုပ်တို့မျက်နှာတွေကို စေ့စေ့စပ်စပ်ကြည့်တယ်။ ကျုပ်တို့ကလည်း သင်းရဲ့ စိန်ခေါ်သံကို အလုပ်နဲ့ပဲ လက်ခံလိုက်ကြတယ်။ ဘာအလုပ်လဲ မမေးနဲ့။ သင်းကို ခဏကလေးအတွင်း စောင်ကြီးနှစ်ထည်နဲ့ ရစ်ပတ်လိုက်ကြတာပဲ။
သင်းကို ဂုန်နီအိတ်ထဲ ထည့်ထုပ်သလို စောင်နဲ့ ထုပ်လိုက်ပြီး စောင်ရဲ့ ထိပ်ပိုင်းအစကို ကြိုးကောင်းကောင်းနဲ့ ခိုင်ခိုင်စည်းလိုက်ကြတယ်။
ဒီလုံးနဲ့ ထွန်းအောင်က စောင်ထုပ်ကြီး အနှံအပြား တရှုပ်ရှုပ် နမ်းကြည့်လိုက်ပြီး….
“ဆင် မပြောနဲ့၊ လူလူချင်းတောင် ဘာနံ့မှ မရတော့ ဘူး”
လို့ မှတ်ချက်ချရင်း ကျုပ်ကို မျက်စပစ်ပြလိုက်တယ်။
ဒီလုံးတို့ စောင်နဲ့ ထုပ်ထားတဲ့ သင်းကို တရွတ်တိုက်ဆွဲခေါ် သွားစဉ်မှာပဲ ကျုပ်ဟာ သုံးလောင်းကြီးကို ကောက်ဖို့ ထွက်လာခဲ့တယ်။ ထွန်းအောင်က စိတ်မချတဲ့အလား လှံတစ်ချောင်းကိုင်ပြီး လိုက်လာတယ်။
သုံးလောင်းကြီးနား ရောက်လာလေ ကျုပ်ရင်တွေ တဒိတ်ဒိတ် ခုန်လာလေပဲ။
သုံးလောင်းကြီးဟာ အစာစားနေရာက ကျုပ်တို့ကို ခပ်မှေးမှေး မျက်လုံးတွေနဲ့ ငေးကြည့်နေတယ်။ အမြီးတဖျပ်ဖျပ်၊ နားရွက်တခတ်ခတ် လုပ်နေတာ တွေ့ရတော့မှ ဒီကောင်ကြီး စိတ်ကောင်းဝင်နေလို့ တော်သေးရဲလို့ အလုံးကြီးကျသွားတော့တယ်။
စိတ်လှုပ်ရှားမှုကို တည်ငြိမ်အောင် ထိန်းသိမ်းပြီး အနားကို ဖြည်းဖြည်းချင်း ချဉ်းကပ်လာခဲ့တယ်။ လေတစ်ချက် ချွန် အချက်ပေးလိုက်ပြီး သူ့နှာမောင်း ထဲ ဝါးညွှန့်လေး ထည့်ပေးကာ မိတ်ဆွေရင်းချာဖြစ်ကြောင်း လှည့်စားလိုက်တယ်။
သင်းက ဝါးညွှန့်လေးကို အသာတကြည် လှမ်းယူပြီး နားရွက်တခတ်ခတ်နဲ့ အသိအမှတ်ပြုလိုက်တယ်။
ကျုပ်ထင်တာထက်တောင် လွယ်ခဲ့ပါပေါ့လား။
သုံးလောင်းကြီးခေါင်းပေါ် အမြိုင်သား ထိုင်စီးရင်း ကွင်းစပ်ဘက်ကို ဣန္ဒြေရရ မောင်းလာခဲ့တယ်။
ဒီကောင်ကြီး စီးရတာများကွာ ဂျက်လေယာဉ်ကြီး မောင်းရတာကျလို့။ တကတဲ ကိန်းကြီးခန်းကြီး လုပ်နေလိုက်တာ။ ခုတော့ စောင်ထုပ်ထဲမှာ။
ကဲ… မင်းရဲ့သေမင်းတမန် လာပြီဟေ့။ ငါ့အစ်ကိုကို ထိုးသတ်ခဲ့သလို အဲဒီ စောင်ထုပ်ကြီးကိုလဲ …။
ကွင်းစပ်ကို ရောက်လာတော့ စိတ်လှိုင်းတွေ ဘောင်ဘင်ဝေနေပြီ။
“မောင်မောင်လဲ သေ၊ သုံးလောင်းကြီးကိုလဲ လေး လောင်းမြောက် လူသတ်ကောင်အဖြစ် စွဲချက်တင်ပြီး ပစ်မိန့်တောင်းရမယ်။ တောရှင်းတယ်ဆိုတာ ဒါကို ခေါ်တာ”
ထွန်းအောင်ရဲ့ ကြုံးဝါးသံတွေကို ပြန်ကြားလာရတယ်။
ဟုတ်ပြီ … ကျုပ် သုံးလောင်းကြီး နားရွက်ကြား ဓားမြှောင်နဲ့ ခပ်စူးစူး ထောက်ချကာ ဆွပေးလိုက်တယ်။
ကျုပ် ဘာကိုမှ မမြင်တော့ဘူး။
သစ်ပင်ကိုရော၊ သစ်တောကိုရော၊ အထိတ်တလန့် စောင့်ကြည့်နေတဲ့ ကျုပ်လူတွေရော။
ကဲ… နီနီရဲရဲ စောင်ထုပ်ကြီးကိုတော့ ပစ်မှတ်တစ်ခုလို မမှိတ်မသုန် စိုက်ကြည့်နေခဲ့တယ်။
ထူးခတ်ထားတော့ ဆင်ကြီးရဲ့ ခြေလှမ်းတွေကိုလည်း နှေးလွန်းတယ်လို့ ကျုပ် ထင်နေမိတယ်။
ထွန်းအောင်ကလည်း လှံကြီးတဝင့်ဝင့်နဲ့ နောက်က လိုက်လာတယ်။
စောင်ထုပ်ကြီးနဲ့ တစ်လံကွာလောက် ရောက်တာနဲ့ ကျုပ်ရဲ့ ဓားချက်မှာ အားထည့်ပြီး စိုက်လိုက်တယ်။
ဆင်ကြီး ခြေတစ်ဖက် မြောက်တက်သွားပြီး ခြေပြန်အကျမှာ စောင်ထုပ်ကြီးကို ကန်ထုတ်လိုက်တယ်။
ဟာခနဲ အာမေဋိတ်သံတွေကြားမှာ စောင်ထုပ်ကြီး တစ်ပတ်လည်ထွားတယ်။
ကျုပ် နောက်တစ်ချက် ထပ်ထိုးလိုက်ချိန်မှာတော့ ဆင်ကြီး ခေါင်းစိုက်သွားပြီး သူ့အစွယ်တွေက အထုပ်ကြီးဆီ တည့်တည့်ကြီး ဦးတည်သွားတော့တယ်။
“ဟုတ်ပြီကွ”
ကျုပ်ရဲ့ ကြုံးဝါးသံမှ မဆုံးသေးမီ ဆင်ကြီး ဦးခေါင်း ပြန်မတ် ပြန်မော့လာပြီး သူ့နှာမောင်းတွေ ဝှီးခနဲ မြောက်တက်လာတယ်။
ကျုပ် ဘယ်လိုမှ မခုခံ မရှောင်တိမ်းလိုက်နိုင်ဘဲ ကျုပ်လည်ပင်းကို တင်းတင်းရစ်လို့ ဆွဲချကိုင်ပေါက် ခံလိုက်ရတော့တယ်။
ကျုပ် တစ်ကိုယ်လုံးက ဖြာကျလာတဲ့ စီးထွက်နေတဲ့သွေးတွေကိုတောင် ကျုပ် မမြင်ရတော့ပါဘူး။ ကျုပ် နာကျင်ဆို့တစ် အသက်ငင်နေချိန်မှာ ကျုပ်ဆီကို ပြေးလာတဲ့ အသံတွေ။
ပြီးတော့ သုံးလောင်းကြီး မေတ္တာရှင် မောင်မောင်ရဲ့ ကရုဏာ အသံ…။
“ကိုဘသိန်း… ကျုပ်တို့ လူမိုက်တွေပဲ။ ကျုပ်… ကျုပ်… မှားပါတယ်”
မောင်မောင့် တောင်းပန်အားပေးစကားတွေကို ကြား တစ်ချက် မကြားတစ်ချက်။
“တကယ့် ကောင်ကြီးကွာ။ စောင်ထုပ်ကြီးက ကြိုးတွေကို အစွယ်နဲ့ ထိုးဖြတ်လိုက်တာ”
“အင်း… ဆင်တွေဟာ…”
ဆင်တွေဟာ တိရစ္ဆာန် ဖြစ်ပေမယ့် မေတ္တာ ကရုဏာကို သစ္စာရှိရှိ တုံ့ပြန်ခံစားတတ်တဲ့အကြောင်း ကျုပ်အသက်နဲ့ရင်းပြီး သဘောပေါက်လိုက်ချိန်မှာတော့ ကျုပ်ဟာ….။ ။
၅-၉-၁၉၉၃
– ပြီး –
စာရေးသူ – မောင်သွေးချွန်
Uncategorized