ဗိုလ်တာရာ (ရဲဘော်သုံးကျိပ်)
မြေထိုင်ဝက်ဝံ
ညနေစောင်းဘက်သို့ ရောက်ရှိခဲ့သည်ကြောင့် နေလည်း ချိုလာသလို အိပ်တန်းနီးကပ်နေသော အောင်လောင်ငှက်ကြီးတွေက တဝေါဝေါအော်မြည်ကာ တကောင်နှင့် တကောင် အသံပြုနေကြလေပြီ။
မြိုင်ဆန်လှသော တောတပြင်၏ အခြေအနေတွေကလည်း နှင်းရိပ်လိုက်ကာ အေးမြသောကာလကို ဖန်တီးစ ပြုလာပါသည်။
ကျွန်တော်သည် လမ်းပြ တောကျွမ်းကျင်သူ ကိုတိုက်မောင်ကို ခေါ်ယူကာ ညနေ အိပ်တန်းထချိန် အမဲသားကောင် ရှာဖွေခြင်း၊ လုပ်ငန်းစဉ်ဖြင့် ဇလောင်းရွာအနောက်ဘက် ‘အခွန်တော်’ တဝိုက်သို့ ရိုက်ဖယ်တလက်ဖြင့် လှည့်လည်ကာ သားကောင်ရှာဖွေခဲ့ခြင်းဖြစ်သည်။
ညနေ လေးနာရီအချိန်မှစ၍ နံနက်လင်းအားကြီးအချိန်ကာလအထိ တောတွင်းမှ သားကောင်မျိုးစုံ ဆင်မှစ၍ ချေအဆုံး သမုဒ္ဒရာဝမ်းတထွာ တိုက်ပွဲဆင်ကာ တောတောင်များအတွင်းသို့ လှည့်လည်၍ သစ်ဥ၊ သစ်ဖု၊ သစ်သီး၊ သစ်ရွက်များကို ရှာဖွေစားသောက်လေ့ ရှိသည်။
နံနက် အစောပိုင်းမှစ၍ ညနေ သုံးနာရီ လေး-ငါးနာရီအထိ တောတွင်းသားကောင်များအဘို့ အရိပ်ကောင်းရာ၊ ချောင်ကောင်းရာ၊ ဖုန်းဆိုးများ၊ မြိုင်တော၊ စိမ့်တောများအတွင်း၌ အိပ်စက်အနားယူလေ့ ရှိကြသည်။
လူသူနှင့် နီးကပ်သော တောတောင်များအတွင်း၌ ဤကဲ့သို့ အလေ့အကျင့်များဖြင့် အမဲသားကောင်များ ပြုလုပ်လေ့ ရှိကြသည်။
လူသူနှင့် ကင်းဝေးရာ၊ တောကြီးရာ၊ ရိုးမခြေတပိုက်၌မူကား သားကောင်များသည် နေ့ည အချိန်အခါမရွေးတမ်း လွတ်လွတ်လပ်လပ် စားသောက်လေ့ရှိသည်။
အများအားဖြင့် တောတွင်းသားကောင်များအနေဖြင့် နေ့ကာလထတ် ညကာလကို ပိုမို၍ လှုပ်ရှားကာ အစာရှာဖွေလေ့ ရှိကြသည်။
ဇလောင်းမြောက်ဘက် အခွန်တော်သည် တောစိုတောမျိုး မြိုင်နှင့်ထွေးတောမျိုး ဖြစ်သည်။ ကနစိုး၊ ကျွန်း၊ ပျဉ်းကတိုး စသည့် မြေစိုသော ဒေသ၌သာ ပေါက်ရောက်လေ့ရှိသည့် သစ်ပင်မျိုးစုံ ပေါက်ရောက်လေ့ရှိကြပြီး စိမ့်စမ်းကျရာဒေသ၌ တွေ့ရှိတတ်သည့် ဆူးများဖြင့်ပြီးသော ဓနုန်းပင်များ၊ တောငှက်ပျောပင်များ၊ ဝါးပင်များအကြား ညှပ်ကာ ပေါက်ရောက်လေ့ ရှိကြသလို သားကောင်ထဲတွင် အင်မတန် အသားစား၍ ပဋ္ဌမတန်းကောင်းလှ သည့် “ဆတ်”သတ္တဝါများကလည်း ယခု စာရေးနေသည့် ကာလ၌ပင် အရှာအဖွေကောင်းခဲ့လျှင် ပစ်ခတ်၍ ရနိုင်တော့သည်။
ထို့ကြောင့်လည်း ခြေနင်းညင်သာစွာလိုက်၍ ချောင်းမြောင်းကာ ခြေရာခံရင်း ချက်ကောင်းကို ပိုင်ပိုင်နိုင်နိုင် ပစ်ခတ်ရသည်။ လမ်းပြသူနှင့် မုဆိုး နှစ်ဦးသာ လူများများမဟုတ်သော ခြေရာခံ ချောင်းမြောင်း ပစ်ခတ်ခြင်းပညာဖြင့် ကျွန်တော်နှင့် ကိုတိုက်မောင်တို့နှစ်ဦးက အခွန်တောထဲသို့ ကြိုတင်ဝင်ရောက်ခဲ့ခြင်း ဖြစ်ပါသည်။
ကျွန်တော်သည် နွားမတန်းမကြီး၏ ခြေရာကဲ့သို့ ကြီးမားပြီး အရှေ့ပိုင်း၌ ချွန်ထက်နေသော ဆတ်ပေါက်ကြီးများ၏ ခြေရာစဉ်ကို တလှမ်းချင်းငုံ၍ ကြည့်ကာ ညာဘက်လက်တွင် ဆွဲကိုင်ထားသည့်
.၃၇၅ မက်နမ်ရိုင်ဖယ်ကို ဝါးကိုင်းနှင့် မတိုက်မိစေရန် အသာ အောက်သို့ ဆွဲယူကာ ရှောင်လိုက်ရသည်။
ကိုတိုက်မောင်ကလည်း ရှေ့သို့သာ ဖိ၍တက်ရန် လက်ဖြင့် ရှေ့သို ညွှန်ပြကာ အချက်ပြရင်း သူ၏ ပခုံးပေါ်မှ ၁၂ ဘို့ နှစ်လုံပြူးသေနတ်ကို ဘယ်ဘက် ပခုံးပေါ်သို့ ရွှေ့ကာ ထမ်းလိုက်ပြန်ပါသည်။
ကျွန်တော်သည် မုဆိုးဝါရင့်လာခဲ့သော သူတယောက်ဖြစ်၍ ဆတ်ခြေရာကို ကြည့်ရခြင်းအားဖြင့် ကျွန်တော်တို့ရှေ့နားကပင် ထ,ကာ စားစားသွားသွား ထွက်ခွာသွားသော ဆတ်ပေါက်ကြီးဖြစ်ကြောင်း ရိပ်မိပါသည်။ အလိုက်ကောင်းလျှင် အလွန်ဆုံး မိုင်ဝက်အတွင်း ဆတ်ပေါက်ကြီးကို ဆည်းမိပန်းမိကာ ပစ်ခတ်ခွင့် အချက်ကောင်းကို မုချရရှိပေမည်။
ကျွန်တော်သည် ဆတ်ခြေရာစဉ်ကို တစေ့တစောင်း အကဲခပ်ကာ ကြည့်လိုက်ရင်း အနောက်ဘက်စူးစူးသို့ တကျိုးတည်း တက်နေကြောင်း တွေ့ရသည်တွင် လှည်းလမ်းနှင့် ခင်ကျောလမ်းဆုံရာဆီသို့ ထွက်မည်ဟု အတတ်လောက် တွက်ချက်မိပြီး ဖြစ်ပါသည်။
ထို့ကြောင့် ကျွန်တော်၏ ညာဘက်မှ ကပ်ကာ လိုက်နေသော ကိုတိုက်မောင်ကို လေချွန်၍ ရှေ့လမ်းဆုံဆီသို့ အမြန်တက်ကြရန် အချက်ပေးလိုက်ရသည်။တောအတွင်း၌ စကားပြောသံထက် အရေးအကြောင်းရှိက လက်ဟန်ခြေဟန်နှင့် ပြသချက်ပေးခြင်း၊ လေချွန်ကာ အချက်ပေးခြင်းများ ပြုလုပ်ကာ ဆက်သွယ်ကြသည်။
အကြောင်းမှာ တောတွင်းပြောသော စကားသံတိုင်းသည် ထူးခြားသော အသံအဖြစ် ပေါ် ထွက်ကာ သားကောင်များကို လန့်ဖြန့်စေခြင်းဖြင့် ရှောင်တိမ်းရန် သတိပေးသလို ဖြစ်နေသောကြောင့် စကားပြောခြင်းမပြုကြချေ။
ကျွန်တော်နှင့် ကိုတိုက်မောင်တို့က လှည်းလမ်းနှင့် ခင်ကျောလမ်းဆုံဆီသို့ ကြိုတင်၍ ဆည်းရန်အတွက် ခြေရာရင်းမှ မလိုက်တော့ဘဲ အနောက်ဘက်စူးစူးသို့ ဖြတ်ကာ တက်လိုက်သည်။ လှည်းလမ်းဆုံသို့ ရောက်ခါနီး၌ ကျွန်တော်တို့နှစ်ယောက်၏ နားများအတွင်းသို့ တဝေါဝေါ တောတိုးသံများနှင့် တဘုတ် ဘုတ် ပြေးလွှားကာ ဒလကြမ်းနှင်လာသည့် ခြေသံ များကို ကြားလိုက်ရပေ၏။
တဗြောဗြောနှင့် တောတိုးသံများကြောင့် ကျွန်တော်တို့ နှစ်ယောက်သား ဘေးချင်းယှဉ်၍ ရပ်ကာသေနတ်တွေကို မောင်းတင်ကာ အရေးရှိလျှင် လက်မနှေးတမ်း ပစ်ခတ်ရန် အသင့်ပြင်ဆင်လိုက်ကြသည်။
တောဝက်အုပ်လည်း ကြောက်စရာ လန့်စရာနှင့် တိုးမိလျင် ဤကဲ့သို့ ခြေသံတဗြောဗြော မြည်ထွက်လာအောင် တိုးတတ်ကြသည်။ ထို့ကြောင့်လည်း ကျွန်တော်တို့နှစ်ဦးသည် ရေမစီးကြမ်းတောကို အကာအကွယ်ယူရင်း အသံထွက်ပေါ် ရာဘက် နားစွင့်နေမိသည်။
မကြာမီ စကားပြောသံများ၊ အမောဆို့သံများကို ရှေးဦးစွာ ကြားလိုက်ရသလို ယောက်ျားသုံးဦး၏ က သောမြောပါး ပြေးလွှားလာကြသည်ကို တွေ့မြင်လိုက်ရကာ ကျွန်တော်တို့နှစ်ယောက်သားသည် တစုံတရာ အသံမပြုကြ မပေးကြဘဲ မြုံလျက်နေပြီး ချွေးတလုံးလုံးနှင့် ကြောက်၍ တုံလှုပ်နေကြသည့် ရွာသားသုံးဦးတို့နောက်မှ ထပ်ချပ်မကွာ လိုက်ပါလာနှိုင်သည့် အမည်မဖေါ်နိုင်သော ရန်သူကို အရေးတကြီး ရှာဖွေလိုက်ကြသည်။
ကိုက်တရာခန့်ထိအောင် ထိုလူသုံးဦးနောက်မှ အန္တရာယ် တစုံတရာ မတွေ့ရမှ ကျွန်တော်သည် ကိုတိုက် မောင်ကို အသံပြုရန် အချက်ပေးလိုက်သည်။
“ဟေ့လူတွေ … ဘာဖြစ်လာကြသလဲ”
ကိုတိုက်မောင်က လှမ်း၍ ဟစ်လိုက်မှ တယောက်က နောက်သို့လှည့်ကြည့်လိုက်ပြီး သူတို့အဖေါ်များကိုဟန့်တားလိုက်သည်။
“ဟာ … ကိုတိုက်မောင်ပါကလား။ မပြေးကြနဲ့ဟေ့၊ အဆင်သင့်လိုက်လေကွာ”
ရောင်ထုံးနှင့်လူက အမောဆို့သံကြီးနှင့် ပြောလိုက်ပြီး…
“ဝံ လိုက်လို့ဗျို့၊ သိပ်မဝေးဘူး။ ဝံကြီးတွေ နှစ်ကောင်ဗျ။ အဖေါ်တွေ ကွဲကုန်ပြီ။ ကျုပ်တို့သုံးယောက် ခြေဦးတည့်ရာ လွှတ်ပြေးခဲ့ရတယ်”
ဟု ဖြေကြားလိုက်ရင်း ကျန်ဒုက္ခသည်နှစ်ဦးမှာ လည်း ကျွန်တော်တို့ရှိရာသို့ ပြန်လည်လှည့်ကာလာတော့သည်။
ကျွန်တော်သည် တမိုင်ခန့်ခရီးရှည်အထိ တပင်တပန်း ခြေရာခံကာ လိုက်ခဲ့ရသည့် ဆတ်ခြေရာကို ထားသင့် မထားသင့် စဉ်းစားမိသည်။
အသက်ငါးဆယ်ခန့် အင်္ကျီမပါသော ခေါင်းတုံးနှင့် အဘိုးကြီးက
“ကျုပ်သမီးနဲ့ ခယ်မနဲ့ မိန်းမတွေက တကွဲစီ ကျန်ရစ်ခဲ့တယ် ဗိုလ်မှူး။ ကယ်ကြပါအုံးဗျာ၊ ခုလောက်ရှိရင် မတွေးဝံ့အောင် ဒုက္ခဖြင့် တွေ့နေကြပြီ ထင်တယ်”
ဟု ကတုန်ကရီဖြင့် တောင်းပန်လိုက်ရာကိုတိုက်မောင်ကလည်း …
“ဗိုလ်မှူး ကောင်းကောင်းမမှတ်မိလို့ဗျ။ ဒီရွာသားတွေ မီးလောင်ကုန်းကလေ။ ဟောဒီ အဖိုးကြီးက ဦးရွှေတင်၊ သူ့ သားတယောက်က ဗိုလ်မှူးတပ်ထဲမှာရှိနေတဲ့ ထွန်းသာလေ”
စသည်ဖြင့် ရင်းနှီးမှုကို ပြောပြလိုက်သည်။
“ကောင်းပြီ ဦးကြီး။ ဘယ်နေရာကစပြီး လိုက်တာလဲ”
ကျွန်တော်က ဝက်ဝံများနှင့် စတင်တွေ့ရှိသည့် နေရာကို စတင်မေးမြန်း စုံစမ်းရပေ၏။
“သုံးမိုင်တိုင် ညာဘက်ရိုးစမှာ ကျုပ်တို့ ကတွက်သီး ခူးရင်း လျှော်ဆုတ်မလို့ အဆင်းမှာ ဝံကြီးနှစ်ကောင်နဲ့ ပက်ပင်းပါ တိုးမိကြတာပါဘဲဗျာ။ မိန်းမအုပ်က ကျုပ်တို့နောက်ကမို့ တော်သေးတာပေါ့။ ဝံကြီးတွေက ကတွက်သီးမှည့်တွေကို ကောက်စားနေတာ တဂွမ်းဂွမ်းအသံကြီးတွေပေးပြီး မတ်တပ်ရပ်ပြီး ကုတ်မလို့ လိုက်တာကို ကြောက်အားလန့်အားနဲ ဓါးနဲရမ်းရင်း မိန်းမတွေကို ခြောက်ပေလမ်းအတိုင်း ပြေးခိုင်းပြီး ကျုပ်တို့နောက်ကို မဲလိုက်နေတဲ့အတွက် ခြေဦးတည့်ရာ ဖြတ်ပြေးခဲ့ရတယ်”
နဖူးမှ ချွေးပေါက်ကြီးများကို ခေါင်းမှ မျက်နှာသုတ်ပုဝါ ညစ်ညစ်ကို ဖြုတ်ကာ သုတ်ရင်း လူရေ လည်ပုံရသော ရွာသားတဦးက ပြန်ပြောလိုက်သည်။
ထိုသူပြောပြသော နေရာသည် ကျွန်တော်တို့ ရောက်ရှိရာနှင့် အဝေးဆုံး တမိုင်မျှသာ ရှိမည်ဟု ကျွန်တော်သည် ကောင်းစွာ ခန့်မှန်း၍ ရနိုင်သောကြောင့် ကိုတိုက်မောင်ကို ဖြတ်လမ်းမှပင် တန်း၍ အမြန်ဆုံးလိုက်ကြရန် အမိန့်ပေးလိုက်ရင်း တင်ထားသော ရိုင် ဖယ်မောင်းကို ပြန်လျော့ကာ ချထားလိုက်ရပါသည်။
XXX XXX XXX
ကြားတွင် ရိုးကလေးတရိုးနှင့် တောင်စွယ်ကလေးတခု၊ လူသွားလမ်းကလေးတလမ်းကို ကျော်လိုက်ရသည်တွင် ရွာသားများ ပြောသောနေရာသို့ ဆိုက်ရောက်မိခဲ့သည်။ အသစ်ချပ်ချွတ် ဝက်ဝံခြေရာကြီးတွေက ကျွန်တော်တို့ မုဆိုးနှစ်ဦး လိုက်ခဲ့ခြင်းအတွက် လမ်းစဉ်မှန်ကန်ကြောင်းကို ဖေါ်ထုတ်ဝန်ခံတော့၏။
ရှေ့ပိုင်းတွင် လူ့ခြေချောင်းအောက်မှ အဖုကလေးတွေကဲ့သို့ လေးဖုတွေ့ရပြီး ဖနောင့်မှာ တိုကာ ဝိုင်းလျက် ဗျက်ကျယ်ဝန်းကာ ခြေရာခွင်၏ အခြေအနေမှာလည်း အလျား အင်မတန်တိုနေသည်ကို တွေ့ရပေ၏။
“ဝံကြီးတွေဗျို့ … ကျုတ်မဟုတ်ဘူး။ တကယ့် ဝံကြီး တွေနဲ့ တိုးမိကြတာကိုး”
ကိုတိုက်မောင်က ဝံခြေရာကြီးများကို လေ့လာလိုက်ပြီး အရေးတကြီး ပြောလိုက်သည်။ ဆက်လက် ၍ …
“မှန်းစမ်း … ခင်ဗျားတို့နောက်ကို ဖိလိုက်ပြီး မမှီပုံရမှ ခြောက်ပေလမ်းအတိုင်း ပြန်လှည့်ဆင်းသွားတယ်။ မိန်းမတွေက အရှေ့ဘက်အတိုင်း ပြေးကြတယ်။ တလမ်းစီပါ၊ မိန်းမတွေအတွက် ပူမနေကြနဲ့တော့။ ခင်ဗျားတို့အရင် ရွာကို ပြန်ရောက်နိုင်တယ်”
ခြေရာခြေကြောင်းများ အခြေအနေကို ကြည့်ကာ တောကျွမ်းသူ ကိုတိုက်မောင်က ဝေဖန်လိုက်ပါသည်။
“ဘယ့်နဲ့လဲ ကိုတိုက်မောင်။ ဒီဝံတွေကို မှီနိုင်ပါ့မလား။ ဘယ်ဘက် ခြေဦးတော်သလဲ၊ မှန်းစမ်းပါအုံး”
ကျွန်တော်က ဝံနှစ်ကောင်နောက် လိုက်ရမည့် ခရီးစဉ်နှင့် ခရီးလမ်းပန်းအခြေအနေကို ဝေဖန်လိုက်ရင်းတိုင်ပင်လိုက်ရာဝယ်…
“မိုးမချုပ်ခင် ပစ်ရစေ့မယ် ဗိုလ်မှူး။ လမ်းမှားမှာတော့ ဘာမှ စိတ်မပူနဲ့။ အနောက်တည့်တည့်ဆိုရင် မုံနှစ် မလွန်စေရဘူး။ မြောက်ဖက်ဆိုရင် ဖေါင်းလောင်ရွာဗျ။ တောင်ဘက်ဆိုရင် ကျောက်ခဲအင်းနဲ့ ကျောက်မီးကူ ရွာတွေဘဲ။ ဒီကြားမှာ ဘယ်လို မျက်စေ့မှိတ်သွားသွား ကျွန်တော့်တာဝန်ထားပါ။
ပြီးတော့ လက်နှိပ်ဓါတ်မီးနှစ်လက်လဲ အသင့်ရှိနေပြီဥစ္စာ။ မိုးရွာတဲ့ ကာလကလဲ မဟုတ်ဘူး။ ဆောင်းဝင်နေတဲ့ အချိန်မို့ ဘာမှ ပူစရာ မလိုပါဘူး ဗိုလ်မှူး”
ရဲရဲဝံ့ဝံ့ပင် ခရီးလမ်းပန်းအခြေအနေကို တာဝန်ယူ လိုက်ရာ ဦးရွှေတင်ကလည်း…
“ဒင်းတို့အန္တရာယ်ဟာ သိပ်ကြီးမားပါတယ်ဗျာ။ တယောက်နဲ့ မတွေ့ရင် တယောက်နဲ့တော့ တနေ့နေ့ တိုးမိကြမှာပါဘဲ။ တိုးမိရင်လဲ မသက်သာဘူး ဗိုလ်မှူးရေ။ ဒါကြောင့် တောင်းပန်ပါရစေ။ တောနဲ့ မကင်းနိုင်တဲ့ ဗိုလ်မှူး တပည့်သားမြေးတွေအတွက် ဒီလောက် ဆိုးဝါးသောင်းကျန်းတဲ့ အကောင်တွေကို နှိမ်နင်းပေးမှ ဖြစ်ပါလိမ့်မယ်”
ဝင်ရောက်၍ တောင်းပန်လိုက်သည်ကြောင့်…
“ကောင်းပြီ ဦးကြီး။ ရွာကို ပြန်နှင့်တော့။ သေနတ်သံကြားရင် ဇလောင်းမှာ ကျန်ရစ်ခဲ့တဲ့ ဦးဘိုးဟန်နဲ့ ကိုထွန်းကြွယ်တို့၊ ကိုစိန်အောင်တို့ လူစုကို တန်းပြီး လူအင်အားနဲ့ လိုက်ခဲ့ကြဘို့ ဝင်ပြောလိုက်ပါဗျာ”
ကျွန်တော်သည် ဝံကြီးနှစ်ကောင်၏နောက်သို့ အမှီလိုက်ရန်အတွက် ခြေလှမ်းပြင်လိုက်ရာ လူရွယ်တဦးက …
“ဦးလေး … ကျွန်တော် ဗိုလ်မှူးတို့နဲ့ လိုက်သွားမယ်”
ကျေညာလိုက်ပြီး ကျွန်တော်တို့နောက်သို့ ခတ်သုတ်သုတ် လိုက်ပါလာသည်။
ဦးရွှေတင်နှင့် ရွာသားတဦးသည် ခြောက်ပေလမ်းအတိုင်း အရှေ့စူးစူးရှိ ဇလောင်းရွာဘက်သို့ ထွက်ခွာသွားကြသည်။
မြန်မာပြည်တွင် အဓိက ဝက်ဝံနှစ်မျိုး ရှိကြသည်။ ခွေးသာသာနှင့် အင်မတန် ရန်လိုတတ်သော ဝံကလေးမျိုးကို ဝံကျုတ်ဟူ၍ ခေါ်သည်။ နောက်တမျိုးမှာ ဝက်ဝံညိုသန်းသန်းမျိုးဖြစ်ပြီး အလုံးအထည်သည် ဝံကျုတ်ထက် များစွာကြီးမားကာ ကိုယ်အလေးချိန် ပိဿာ ရှစ်ဆယ် တရာအထိ ရှိအောင် ကြီးမား သော ဝက်ဝံကြီးများ ဖြစ်သည်။
ဝံကျုတ်ကို (sloth Bear) ဖြစ်၍ ဝက်ဝံကြီးမှာ (Himalayar Brown Bear) အမျိုး ဖြစ်လျက် ဝက်ဝံကြီးမျိုးသည် ဝံကျုတ်လောက် မဲမဲမြင်ရာကို ရန်မမူတတ်သော်လည်း မရှောင်သာသည့်ကာလနှင့် ပက်ပင်းပါ ရင်ဆိုင်မိသည့်အချိန်ဝယ် တဖက် မနုဿရန်သူတို့ကို မရှုမလှ ကုတ်ခြစ်ကိုက်ဖဲ့ သတ်ဖြတ်လေ့ ရှိသည့် ဝက်ဝံများ၏ လက်သည်း ခြေသည်းများမှာ နှစ်လက်မမှ လေးလက်မအထိ အပြင်သို့ ထာဝစဉ် ရှည်ထွက်လျက် မာလျက်ထူထပ်သော ပျဉ်းကတိုးခေါင်းများကို ပင်ကြံရိုးမှ အခွန်နွှာသကဲ့သို့ တဖြောင်းဖြောင်း ကုတ်ခြစ်ခွာနိုင်စွမ်းရှိသည်။
ဝက်ဝံ အကိုက်ခံရသော လူသားတယောက်အဘို့ အသက်မသေသော်လည်း လူစဉ်မမှီအောင် ရုပ်ပျက်ဆင်းပျက်ဖြစ်ခါ ကြောက်မက်ဘွယ်မျက်နှာဖြင့် ကျန်ရစ်ခဲ့ရလေသည်။ ထို့ကြောင့်လည်းဘဝက်ဝံများကို အချိန်အခါမရွေးပင် ပစ်ခတ်နိုင်ခွင့်ကို သစ် တောရေးဋ္ဌာနမှ အမိန့်ခွင့်ပြုချက် ထုတ်ခတ်ထားရလေသည်။
ဝက်ဝံတိရိစ္ဆာန်များသည် သစ်တောအကျိုးပြု သတ္တဝါမဟုတ်ဘဲ သစ်တောဖျက်ဆီးရေးတွင် တိရိစ္ဆာန်တမျိုးအနေဖြင့် ပါဝင်ခဲ့ကြောင်း တွေ့ရပေ၏။
ကျွန်တော်၏ ဘယ်လက်ကောက်ဝတ်၌ ပတ်ထားသည့် လက်ပတ်နာရီကို ကြည့်လိုက်ရာတွင် ညနေ ၄နာရီခွဲအချိန် ရှိခဲ့ကြောင်းကို တွေ့ရ၏။ ဝက်ဝံနှစ်ကောင် စတင်တွေသည့်နေရာ၌ ကျွန်တော်တို့ ရောက်ရှိခဲ့ပြီး ခြောက်မိနစ်မျှ အချိန်ဖြုံးခဲ့သည်။
ဝံနှစ်ကောင်၏ ခြေရာများသည် ခြောက်ပေလမ်းမအတိုင်း တဖါလုံခန့်သွားပြီး ညာဘက်ကြိုးဝိုင်းထဲသို့ လှည့်ဝင်လိုက်သည်။
ထို့ကြောင့်ကျွန်တော်သည် .၃၇၅ မက်နမ်ရိုင်ဖယ်၏ မောင်းတုံးကိုဆွဲကာ ပြောင်းဝသို့ ကျည်ဆံတတောင့်သွင်းကာ မောင်းတုံးကို ရှေ့သို့ထိုးတင်ရင်း လက်ညှိုးက တပြိုင်နက် မောင်းကွင်းကို အ သာလျှောချလိုက်ခြင်းဖြင့် မောင်းမတင်ရဘဲ ကျည်ဆံတတောင့် ပြောင်းဝတွင်း၌ အဆင်သင့် ရောက်ရှိနေရန် မုဆိုးနည်းအရ ဖန်းတီးလိုက်ရပေ၏။
ဤအပြုအမူမျိုးကို အင်မတန် သေနတ်ကိုင်တွယ်မှု ဝါရင့်နေသော မုဆိုးကြီးများမှ ပြုလုပ်သင့်သော ကြောက်စရာကောင်းလှသော အရေးပေါ် ပြင်ဆင်မှုတရပ်ပင် ဖြစ်ပေ၏။
မောင်းတုံးထိုးသော အချိန်လျှင် ညာလက်ညှိုးက
မောင်းကွင်းကို ဆွဲကာချထားနိုင်မှ စိတ်ချရသောအလုပ်မျိုး ဖြစ်သလို အရေးရှိက မောင်းတုံးကို အနည်းငယ်မ၍ အထက်သို့ တင်လိုက်ပြီး ပြန်ချလိုက်ရုံဖြင့် ရိုင်ဖယ်အဘို့ ပစ်ခတ်ရန်အဆင့် အနေသို့ တချက်တည်း အချိန်တိုတိုနှင့်ပင် ရောက်ရှိစေနိုင်သော အစီ အစဉ်ပင် ဖြစ်ပါသည်။
ကိုတိုက်မောင်သည် မောင်ဖုံးနှစ်လုံးပြူး၏ ခါးကို ချိုးကာ ကျည်ဆံခြောက်လုံး ကျည်နှစ်တောင့်ကို ထည့်ကာ သေနတ်၏ ခါးကို ပြန်စေ့လိုက်ရသည်။
ထို့နောက် သုံးဦးသားသည် ဝက်ဝံနှစ်ကောင်၏ ခြေရာများအတိုင်း ခပ်သုတ်သုတ် ဖိကာ အပြင်းလိုက်ကြသည်။
ဝံနှစ်ကောင်၏ ခြေရာများသည် ရပ်လိုက်၊ ခါလိုက်၊ မြေကြီးကို ကုန်းကာ တူးလိုက်ဖြင့် တဖြည်းဖြည်းခြင်း အနိမ့်ပိုင်းသို့ ဆင်းသွားကြောင်း တွေ့ရပါသည်။ ကျွန်တော်တို့ရှေ့၌ ရိုးကလေးတရိုးကို ကန့်လန့်တွေ့ရသည်တွင် ကျွန်တော်သည် ဓနှုံးပင်၊ ငှက်ပျောပင် စိုစိုနှင့် ထူထပ်စွာပေါက်ရောက်နေသော ရိုးထဲတွင် ခိုကပ်ကာ နေမည်အထင်ဖြင့် ကိုတိုက်မောင်နှင့် ရွာသားတတွဲ၊ ကျွန်တော်က တဖွဲ့အနေဖြင့် နှစ်စုခွဲကာ ရိုးကလေး၏ အထက်ပိုင်း အောက်ကကွင်း၍ ဆင်းကာ ကျွန်တော်တို့ ဖြတ်သန်းသွားရာ ရိုးကလေး အတွင်း၌ ဝက်ဝံနှစ်ကောင် အထက်အောက် စုန်ဆင်းမဆင်း ခြေရာများကိုကြည့်၍ အကဲဖြတ်ပြီးလူခွဲကာ တက်ခဲ့ရသည်။
ရိုးဆိုသည်မှာ တောတွင်းအနိမ့်ပိုင်းတွင် ရေစီးနေသော အလွန်ကျဉ်းမြောင်းသည့် စမ်းချောင်းကလေးများကို ခေါ်ဆိုခြင်းဖြစ်ပါသည်။
ကျွန်တော်သည် ဘေးတဝိုက်ကိုကြည့်လိုက်၊ နားစွင့်ကာ ထောင်လိုက်၊ မြေပြင်တွင် ခြေရာခြေချောင်းကို ကြည့်လိုက်နှင့် ရိုးကလေးအောက်ပိုင်းကို တလှမ်းချင်း ဖြတ်ဝင်ခဲ့သည်။ သို့ရာတွင် ဝံခြေရာ တစုံတရာ မတွေ့ရဘဲ အကျယ်အဝန်း ဂိုက်သုံးဆယ်မျှ သာရှိသော ရေခြောက်ခြောက်နှင့် ရိုးကလေး၏ တဖက်အစွန်းသို့ ရောက်ရှိခဲ့ပြီး အသာရပ်လျက် ကိုတိုက်မောင်တို့၏ ခြေရာသံကြားရလျှင် ကျွန်တော့ဘက်သို့ ရှောင်ထွက်လာနိုင်သည့် အခြေအနေကြောင့် အရိပ်အကဲကို စောင့်ကာ ကြည့်နေမိသည်။
ခပ်လှမ်းလှမ်းမှ လေချွန်ကာ ကိုတိုက်မောင်၏ အချက်ပေး ခေါ်သံကြောင့် အမြင့်ဘက်သို့ တက်ခဲ့သည်တွင် ကိုတိုက်မောင်က ခင်တန်းပြေပြေသို့ တက်သွားနှင့်သည့် ဝံနှစ်ကောင်၏ ခြေရာကိုညွှန် ပြရင်း ဆက်လက်၍ လိုက်ကြရပြန်သည်။
ခင်တန်းကျောကလေးကား ဝါးရိုးပေါက်တပိုင်း၊ သစ်ပင်ကြီးတပိုင်း ရောနှောကာ ပေါက်ရောက်နေသဖြင့် အဝေးသို့ လှမ်း၍မြင်ရန် ခဲယဉ်းနေသည်ကြောင့် သုံးဦးသား ခြေများကို ဖော့၍ နင်းကြရင်း တရိပ်ရိပ်နှင့် အပြင်းလိုက်ကြရပြန်ပါသည်။
ကျွန်တော်၏ ဘယ်ဘက်ဝါးသုဉ်းတောထဲမှ ဖြောက်ကနဲ အသံနှင့် လွှားကနဲ ရုတ်တရက် တောတိုးသံကြောင့် ရိုင်ဖယ်နှင့် အမြန်ဆုံးချိန်လိုက်သည် းတွင် နီရဲရဲလသတ္တဝါတကောင်ကို တွေ့လိုက်ရမှ တောက်တချက်ခေါက်ကာ ရိုင်ဖယ်ကို ပြန်ချလိုက်ရပေ၏။
နီရဲရဲသတ္တပါကား ဂျီပေါက်ကြီးတကောင်ဖြစ်နေပြီး ကျွန်တော့ကို တွေ့မြင်သွားသည့်နောက်ဝယ် တဝေါင်ဝေါင်နှင့် ဟောင်ကာ ကသောကမြော ပြေးလွှားသွားပါသည်။
“အရေးထဲ သေချင်ပြီထင်တယ်။ ဒီကောင် ဟောက်တာနဲ့ ရှေ့ကဝံတွေ သတိရသွားရော့မယ်”
ကိုတိုက်မောင်က ခပ်တိုးတိုး ရေရွက်ရင်း ဝံခြေရာတွေခံကာ ဆက်လိုက်ကြပြန်သည်။ ကိုက်သုံးရာခန့် အရောက်တွင် တော၏ အခြေအနေသည် ရုတ်တရက် ထွေးတောအဖြစ်သို့ ရှုပ်ထွေးစွာ ပြောင်းလွဲသည်ကို တွေ့လိုက်ရသလို ရုတ်တရက် တိုးဝှေ့ ဝင်ရောက်ရန်ပင် ခဲယဉ်းနေကြောင်း တွေ့ရပေ၏။
ထို့ကြောင့် ကျွန်တော်က ဝင်သာထွက်သာသော နေ ရာမှ ပန်း၍ ကြိုတင်တက်နှင့်ပြီး ထွေးတော၏ တဖက်စွန်းမှ ကြို၍စောင့်ရန် တာဝန်ယူလိုက်ရပြီး ကိုတိုက်မောင်နှင့် အဖော်က ခြေရာရင်းမှပင် ထွေးတောထဲသို့ ဖေါက်၍ တိုးဝင်ရန် တာဝန်ယူလိုက်ကြရသည်။
“လက်မနှေးနဲ့နော်။ ဝံနှစ်ကောင်ဗျ၊ မဲမဲမြင်ရင် ချက်ကောင်းကိုရွေးပြီး လက်ဦးအောင် ပိုင်အောင်ပစ်ထည့်။ ကျည်ဆံကို သိပ်နှမြောမနေနဲ့”
ကျွန်တော်က လူချင်းခွဲကာနီး ကိုတိုက်မောင်ကို ထပ်ကာ မှာကြားသတိပေးလိုက်ရပေ၏။
ထို့နောက် ကျွန်တော်သည် ထွေးတော၏ ဘယ်ဘက် ဝါးလေးပြန်နေရာ တောရှင်းရာသို့ ခပ်သုတ်သုတ်နှင်ကာ ကိုက်တရာ့ငါးဆယ်ခန့် ကျယ်ဝန်းသော ထွေးတော၏ တဖက်ရောက်အောင် အမြန်ဆုံး တက်ခဲ့ရသည်။
တက်ရင်း ထွေးတောအတွင်းသို့ ဝံနှစ်ကောင်၏ အသံများကို နားစွင့်ကာ ထောင်လျက် သစ်ပင်၊ သစ်ကိုင်းဖျားများ လှုပ်ရှားဝှေ့ရမ်းမှု ရှိ မရှိကိုလည်း ဂရုတစိုက်ကြည့်ကာ ထွေးတော၏ အစွန်းတဖက်သို့ ချဉ်းကပ်ခဲ့ရသည်။
“ဂွမ်း … ဂွမ်း” ဟူသော ထွေးတော၏ အလယ်ဆီမှ ခပ်အုပ်အုပ်အသံကြောင့် ကျွန်တော့်အဘို့ ပိုမိုမြန်ဆန်စွာဖြင့် တောင်အစွန်းသို့ အရောက်တက်လိုက်ပြီး ကနစိုးပင်ကြီးကို ကပ်ကာ ပြန်၍ ထွေးတော၏ အခြေအနေကို သုံးသပ်လိုက်သည်။
ကျွန်တော် ချောင်းမြောင်းနေရာနှင့် ကိုက်ငါးဆယ်ခန့် ငှက်ပျောရွက်ထိပ်ဖျားများသည် သိသိသာသာကြီး ဝှေ့ရမ်းကာ သွက်သွက်ခါနေတော့၏။
ထို့ကြောင့်လည်း ကျွန်တော်က .၃၇၅ မက်နမ်ရိုင်ဖယ်၏ မောင်းတုံးကိုအသာပင့်ကာ မတင်လိုက်ပြီး တဖန် အောက်သို့ ဖြက်ကနဲ ဆွဲချကာ မောင်းကပ်၍ တင်လိုက်သည်။
XXX XXX XXX
“ဟင်း … ဟင်း”ဟူ၍ ခွေးတကောင် ညည်းတွားသံမျိုးဖြင့် အသံတသံ ထွက်လာသလို နောက်ဆက်တွဲ “ဂွမ်း… ဂွမ်း” ဟူ၍ အာလုပ်သံမျိုးက ဆက်ကာ ထွက်ပေါ်လာရင်း စက္ကန့်ပိုင်းအတွင်း၌ စိမ်းပုတ်ပုတ် ထွေးတောအကြားဝယ် မဲကနဲ ခပ်လုံးလုံး သဏ္ဍာန်တခုကို စတင်ကာ တွေ့ရပေ၏။
နောက်တခဏအတွင်းဝယ် လျှောကနဲ သဏ္ဍာန်တခုသည် လွင်သာယာဘက်သို့ ဘွားကနဲ ပေါ်ထွက် လာကာ ဝက်ဝံကြီးတကောင်၏ ဖင်ပိုင်းကို တွေ့လိုက်ရသည်။ ရှေ့ဆင့်နောက်ဆင့်ပင် ပထမဝက်ဝံထက် ကိုယ်လုံးကိုယ်ထည် ကြီးမားပုံရသည့် ဝက်ဝံတကောင်၏ ဖင်ပိုင်းကို တောစတွင် စတင်ကာ တွေ့ရပြန်ပါသည်။
လွင်သာသို့ ရောက်နေသော ဝက်ဝံက တဟင်းဟင်း အသံပြုလိုက်ရာ တောစတွင်းမှ ဝံကြီးသည် တဟင်းဟင်း မာန်သွင်းရင်း တောတွင်းသို့ အာရုံပြုကာ လူနံ့ရနေကြောင်း သိသာတော့သည်။
ထိုအခိုက် ကိုက်ခြောက်ဆယ်ခန့်ဆီမှ ရုတ်တရက် ခပ်အုပ်အုပ် လူတယောက်၏ ချောင်းဆိုးသံ သုံးလေးချက် ဆင့်ကာ ပေါ်ထွက်လာသည်တွင် ဝံကြီးနှစ်ကောင်သည် မတ်ကနဲ့ မာန်သွင်းကာ ထူထပ်သော ဆူးပုတ်ချုံကလေးများ နောက်တွင် လျင်မြန်စွာကပ်ကာ သူတို့၏ ကိုယ်ကို မျက်ကွယ်အဖြစ်လုပ်ရင်း ကိုယ်ဖျောက်လိုက်ကြသည်။
အဓိပ္ပာယ်မှာ ခြေရာစဉ်အတိုင်း လိုက်လာကြသည့် ကိုတိုက်မောင်တို့ကို အလစ်တွင် အနီးရောက်လာမှ စတင်ကာ ရန်မူ၍ အပိုင်လုပ်ကြံရန်ဖြစ်ကြောင်းကို ကျွန်တော်က ရိပ်မိလာပါသည်။
ထို့ကြောင့် ကျွန်တော်က “အဟမ်း” ဟူ၍ ခပ်ကျယ်ကျယ် ချောင်းဟန့်သံ ပြုလုပ်လိုက်ရာတွင် ဝံကြီးနှစ်ကောင်သည် တန့်ကနဲ လန့်ဖြန့်သွားပြီး ချက်ခြင်းပင် ကျွန်တော့ဘက်သို့ စွေ့ကနဲလှည့်ကာ မျက်နှာမူလိုက်ပြီး ခေါင်းမော့၍ အနံ့ကို အရေးတကြီး ခံလိုက်ကြသည်။
ဝံကြီးတကောင်သည် ကျွန်တော်၏ လူနံ့ကို ရသည်တွင် ဝါးကနဲ ပါးစပ်ကြီးပြဲကာ မာန်သွင်းကာ အော်မြည်လိုက်ပြီး အနီးရှိ ဒိုးနွယ်ကြီးကို စိတ်လိုက်မာန်ပါ ကိုက်ဝါးလိုက်ရင်း ကျွန်တော်ရှိရာဘက်သို့ မျက်နှာမူလိုက်ပြီး မတ်တပ်ထ၍ ဖျတ်ကနဲ ရပ်လိုက်တော့သည်။
အဆင်သင့်ချိန်ထားပြီးသော .၃၇၅-မက်နမ်ရိုင်ဖယ်၏ပြောင်းသည် ရဲကနဲ မီးပွင့်ကာ ကော်ဒိုက်ယမ်းများ၏ ရုတ်တရက် ပေါက်ကွဲသံသည် တိတ်ဆိတ်စပြုနေသည့် ညနေခင်းကာလကို ဖြိုခွင်း ဖျက်ဆီးလိုက်တော့သည်။
ဝံကြီးသည် မတ်တက်မှ ပစ်ပါသွားကာ ခပ်စောင်း စောင်းကြီး လဲကျသွားသည်တွင် ကျန်ဝံကြီး တကောင်သည် ဘွားကနဲ ခပ်နိန်နိမ့်ပိုင်းသို့ ထွက်၍ ပြေးလိုက်သည်တွင် ကျွန်တော်သည် လက်တန်းထိုးလိုက်၍ချိန်ရင်း ဝံကြီး၏ နှာခေါင်းနှင့် တမိုက်ခန့်မှကြို၍ မှန်း၍ချိန်လိုက်ရာမှ သုံးချက်တိတိ ဆက်တိုက် ပစ်ခတ်လိုက်သည်။
ဝေါကနဲ အသံကြီးများသည် တောလုံးကို ပုတ်ခတ်ကာ ညံသွားတော့၏။
ကျွန်တော်သည် ရိုင်ဖယ်၏ မဂ္ဂဇင်းဇလုပ်ထဲသို့ အရေးတကြီးနှင့် ကျည်ဆန်သုံးထောင့်ကို သိပ်ထည့်ကာ ဝံကြီး ဆုတ်ခွာပြေးရာဆီသို့ တန်း၍ လိုက်ခဲ့သည်။
သစ်ရွက်နှင့် မြက်ပင်များ၌ သွေးခဲနှင့် သွေးပြစ်များ ရွှဲကာရဲကာ နေသည်ကို တွေ့ရသလို ကိုက်နှစ်ရာခန့်အရောက်တွင် ဝါးရုံပင်ကို မှီကာနေသော ဝံကြီးကိုတွေ့လိုက်ရပေ၏။
သူသည် သူ့နောက်က ထက်ချပ်မကွာ ပါလာသည့် ကျွန်တော့်ကို အသင့်စောင့်ကြိုနေသည်မှာ သေချာလှပေ၏။ တဟဲဟဲ ပါးစပ်ကိုဖြဲကာ မာန်သွန်းရင်း သူ၏ လက်သည်းရှည်များဖြင့်ပြီးသော လက်ကြီနှင်းဖက်ဖြင့် ကုန်း၍ ကြုံး၍ အားယူကာ ထလိုက်ရာ မဟန်နိုင်၍ ရှေ့သို့ပစ်ကျသည်။
တဖန် အားယူ၍ ထလိုက်ပြီး ကျွန်တော်ရှိရာသို့ ဒယီးဒယိုင်နှင့် အတင်းအားယူ၍ တက်လာပြန်တော့သည်။
သူ၏ ကျောပြင်နှင့် ရှေ့ပိုင်းတို့တွင် ရဲနေသော သွေးကွက်ကြီးတွေကို အတိုင်းသား မြင်နေရပါသည်။
ကျွန်တော်သည် အသာရပ်ပြီး ကျွန်တော်နှင့် ကိုက်သုံးဆယ်အနီးသို့ ဒေါသတကြီးနှင့် ရောက်လာသော ဝံကြီး၏ ဦးခေါင်းကို ချိန်ကာ မောင်းဖြုတ်ချလိုက်ရာ သေနတ်သံ မဆုံးခင်မီပင် ဝံကြီးသည် အရုပ်ကြိုးပြတ် ချလိုက်သလို ပစ်ကျသွားပါတော့ သည်။
ကျွန်တော့်နောက်မှ ကိုတိုက်မောင်တို့၏ အပြေးအလွှား တက်လာတော ခြေသံများကို ကြားလိုက်ရပြီး
“ကောင်းလိုက်လေကွာ။ မြေထိုင်ဝံကြီးတွေဗျ။ သိပ်ကြီးတဲ့ အကောင်မျိုးတွေ။ ဒီလောက်ဝက်ဝံကြီးရင် သစ်ပင်ပေါ် သိပ်မတက်ဘဲ မြေပေါ်မှာဘဲ အိပ်တယ် ထိုင်တယ်ဗျ”
လှမ်း၍ ပြောလိုက်သည်။
“အရေးထဲမှာ ကျုပ်ပါးစပ်က ပိတ်ရိုက်ချင်စရာဗျာ။ ချောင်းက ကပ်သီးကပ်သပ် ဆိုးလိုက်သေးတယ်”
ရွာသားသည် အသက်ပျောက်နေသော ဝံကြီးကိုကို ငုံ့၍ကြည့်ရင်း .…
“ဒီသေနတ်တွေဟာ အသံကြားရတာနဲ့ နားအူနေတယ်။ ဘာခံနိုင်ပါတုန်းဗျာ၊ ကျည်ဆံထွက်တဲ့ အပေါက်ကြီးတွေကလဲ လတ်သီးဆုတ်ကို ခပ်ချောင်ချောင်ကလေး ဝင်နိုင်တယ်။ ကျည်ဆံ မွှေသွားတာကိုး”
ဝက်ဝံကြီး၏ ဘေးမှ ပေါက်ထွက်သွားသည့် ကျည်ဆံပေါက်ကြီးကိုကြည့်ကာ သူလွယ်သိုင်းထားသော ရေဘူးကိုဖြုတ်၍ ကျွန်တော့်အား ရေသောက်ရန် အတွက် ပေးလိုက်သည်။
“သေနေ့စေ့လို့ ကြံကြံဖန်ဖန် ဗိုလ်မှူးနဲ့လာပြီး ခင်ဗျားတို့လူစု တိုးမိကြတာကလားဗျာ။ လက်နက်မပါတမ်းတွေ့ရင် ဘယ်လောက် ကုပ်လိုက် ကိုက်လိုက် မယ်ဆိုတာ စဉ်းစားကြည့်ကြပေတော့”
ကိုတိုက်မောင်သည် သူ၏ခါးမှ ဓါးမကိုဆွဲကာအရေးပေါ် လဘက်ရည်အိုးအဖြစ် တည်ရန် ခုတ်ထစ်လိုက်ရင်း မှတ်ချက်ချလိုက်သည်။
ကျွန်တော်လည်း နောက်ပိုင်းက သေနတ်သံတွေကို ကောင်းစွာနားစွင့်ပြီး မကြာမတင်ကာလတွင် ဆိုက်ရောက်လာကြမည့် ဦးဘိုးဟန်တို့အား စောင့်ဆိုင်းရင်း ခေတ္တ အနားယူရန်အတွက် လွင်သာသောနေရာကို ရွေးချယ်ကာ သစ်ပင်တပင်ကို မှီ၍ ထိုင်ချလိုက်ရင်း .၃၇၅ မက်နမ်ရိုင်ဖယ်ကိုလည်း ပြောင်းနှင့်မှီလျက် နေရာချထားလိုက်ရသည်။
မြူခိုးမှောင်မှ နှင်းရိပ်များက တောတပြင်ကို မှုန်ဝါးဝါးဖြစ်လာအောင် ချယ်လှယ်နေသလို တောကြက်ဖတကောင်၏ အိပ်တန်းတက် တွန်သံမှာ ကျွန်တော့အား တမျိုးတဖုံ အာရုံလွှဲပြောင်းမှုကို ဖန်းတီးနေသကဲ့သို့ပင် ရှိနေပါတော့သတည်း။
ရှုမဝ မဂ္ဂဇင်း ၊ ၁၉၆၆-ခုနှစ်၊ နိုဝင်ဘာ ၁၀
အမှတ် ၂၃၄၊ အတွဲ၂၀
Uncategorized