ဖျာပုံလှမိုးနွယ်
မြေပေါ်ကျော့ကွင်းနှင့် မြီးတို
မိုးမလင်းမီ ငယ်စဉ်ထဲက အလေ့အကျင့်အတိုင်း ခင်တုပ် အိပ်ရာက နိုးသည်။ ထမင်းအိုးတည်သည်။ ဆတ်သားခြောက်၊ အမဲခြောက်များ ကုန်သဖြင့် ငါးခြောက်တုံးကလေးတွေ ဆီပူထိုးလိုက်သည်။
လက်ဖက်ရည်တစ်အိုး တည်ပြီး ပွက်ပွက်ဆူလျှင် လက်ဖက်ခြောက်ခပ်ကာ နှပ်သည်။
ဖခင် ဦးဘခက်နှင့် မိခင် ဒေါ်သန်းတင်တို့ မျက်နှာသစ်၊ ဘုရားရှိခိုးပြီးချိန်တွင် လက်ဖက်ရည်စားပွဲပေါ်သို့ ထမင်းပူပူနှင့် ငါးခြောက်ကြော်မွှေးမွှေး လက်ဖက်ရည်ကြမ်းကျကျတို့ အငွေ့တလူလူနှင့် ရောက်နေပြီး ခင်တုပ်ကိုယ်တိုင်လည်း ထမင်းပူပူနှင့် ငါးခြောက်ကြော်ကို စားသောက်ပြီးခဲ့ပြီ။
“ခတုပ် – ခတုပ် – ငါ့ကိုဖွင့်လေ”
ကြက်တူရွေး ကျေးသားငယ် ဖိုးတောသည် လှောင်အိမ်ထဲမှ အသံပြုသည်။ ခြောက်လကျော် သင်ထား၍ စကားပြောတတ်နေပြီ။ မဲလုံး၊ ဗလ၊ ပျံလွှားမတို့သုံးကောင်ကို အစာကျွေးနေသော ခင်တုပ်က သုတ်သုတ်ပြေးလာပြီး ငါးခြောက်မကြော်မီက အုပ်ထားသော လှောင်အိမ်ပေါ် စောင်အဝတ်ကိုခွာပေးရသည်။
“ဗလတို့ကိုကျွေးနေတာနဲ့ ဖိုးတောလေးကို မေ့သွားတယ်။ ဟောဒီမှာ ထမင်းလည်းစား၊ ရေလည်းသောက်၊ သေးပေါက်၊ အမြီးမြှောက်၊ ဖိုးတောလေး ကနှုတ်သီးကောက်”
“ရှက်တယ် – မပြောနဲ့ – ရှက်တယ် – မပြောနဲ့”
ခင်တုပ်တို့အိမ်နှင့် ထင်းမျောတို့ပုံရန် ကွက်လပ်တစ်ခုဆီခြား၍ အစ်ကိုများဖြစ်ကြသော ဒီလုံးနှင့် ခေါင်းကြီးတို့ မိသားစုများ နေထိုင်ကြသော တဲနှစ်လုံး လည်းတစ်တန်းတည်းရှိသဖြင့် နိုးထလာကြသော ခင်တုပ်၏ တူ၊ တူမလေးတို့သည် ကျေးသားလေးဖိုးတောကိုလှမ်း၍ စကြ၊ နောက်ပြောင်ကြသည်။ဖိုးတောက တစ်လုံးမကျန် ချေပပြောဆိုသည်။ ဤသို့ဖြင့် ဖိုးတောလေး စကားတတ် မြန်လာသည်။
ဦးဘခက်နှင့် ဒေါ်သန်းတင်တို့လည်း ဖိုးတောနှင့် စကားပြောဖြစ်ကြပါသည်။
ညက အမဲကောင်လမ်းကြောင်းတို့တွင် ထောင်ထားခဲ့သော ခြေနင်းထောင်ချောက်များကို လိုက်ကြည့်ရန် ခွေးသုံးကောင်နှင့် ခင်တုပ်သည် လှေနှင့် ထွက် မည့်ဆဲဆဲတွင် ဖိုးတော အသံတစာစာနှင့် ပြောပါတော့သည်။
“ခတုပ် – ခတုပ် – ဒူးလေးပါပလား၊ လှံပါပလား၊ အမဲကောင်အိတ်ပါပလား၊ ရေဘူးပါပလား”
“ဒူးလေးမယူတော့ဘူးဟေ့ – သားရေခွအိတ်နဲ့ လှံကိုပဲယူမယ်။ ဓားကတော့ လှေထဲမှာ အမြဲရှိတယ်။ ယူနေကျ အကုန်ပါတယ်။ သတိပေးတာ ကျေးဇူး ပါပဲ ဖိုးတောလေးရယ်။ ကဲ သွားပြီဟေ့”
ခင်တုပ် လှေကိုလှော်ခပ်၍ ထွက်ခဲ့သည်။ ယခင်ကအစ်ကိုကြီးသံချောင်းနှင့် အစ်ကိုငယ်များက လေ့ကျင့်သင်ကြားပေးရင်း တစ်ဦးဦးက ခင်တုပ်နောက်မှလှေတစ်စင်းနှင့် လိုက်ပါခဲ့ကြပါသည်။ အတော်အတန် အလေ့အကျင့်ရပြီး အတွေ့အကြုံနှင့်အတူ ကျွမ်းကျင်လာ၍ အစ်ကိုတို့မပါဘဲ ခင်တုပ်တစ်ဦးတည်း တောထဲဝင်သည်။
“ဗလက ငြိမ်ငြိမ်ထိုင်၊ မဲလုံးက ဦးမှာနေ၊ ပျံလွှား ဆော့နဲ့ ၊ ရေထဲ မိကျောင်း ဆွဲလိမ့်မယ်”
“ခတုပ် ခါးစည်းကြိုး တင်းတင်းချီလားဟဲ့”
ဦးဘခက် ရက်လုပ်ပေးသော လှောင်အိမ်ကျယ်ကျယ်တွင် ကျေးသားလေးဖိုးတောသည် အငြိမ်လည်းမနေပါ။ တွေ့သမျှလည်း ရေရွတ်ပြောဆိုသည်။
ခင်တုပ်တို့လှေကလေးအဝေးသို့ ရောက်သည်တိုင်အောင် ဖိုးတောလေး၏အသံကို ကြားနေရပါသည်။
ဝန်းကျင်တစ်ခုလုံး ဆောင်းလေအေး မြူး၍ တဝေါဝေါ တသည်းသည်း မြည်ကြွေးနေပါသည်။ နံနက်ခင်းအလင်းသစ်နေရောင်ခြည်က တောအုပ်ပေါ်သို့ ဖြာကျလာပါသည်။ ကျေးငှက်အပေါင်းက တက်ကြွလန်းဆန်းစွာ အော်မြည်တေးဆိုနေကြပါသည်။ ချောင်းရေမှာ ညိုညစ်ညစ်နှင့် စီးဆင်းနေပါသည်။
xxx xxx xxx
“ဝေါင်း- ဝေါင်း- ဝေါင်း- ဝေါင်း- ဝေါင်း- ဝေါင်း”
ကျယ်လောင်စူးရှ၍ ဝမ်းခေါင်းဖြစ် အော်သံတို့ကြောင့် ခင်တုပ်ခြေလှမ်း တုန့်ခနဲရပ်သည်။ အသံလာရာဆီသို့ လှံသွား အသင့်ခင်းပြီး ဖြစ်နေသည်။
ထူးခြားသော သားကောင်ကို ခြေနင်းကိုင်း၏ သံနန်းကြိုးက အကျအန မိထားပုံရသည်။ ရုတ်တရက် မမြင်မတွေ့ရသေးသဖြင့် သားကောင်အမျိုးအစားကို ခင်တုပ် မသိပါ။ အတွေ့အကြုံများများနှင့် လေ့ လာသင်ယူခဲ့ပါသော်လည်း ဤကဲ့သို့ သားကောင်မိပုံကို မကြုံခဲ့ဘူးပါ။ ဝမ်းခေါင်းသံနှင့် ဒေါသတကြီး ဟိန်းဟောက်အော်သံမျိုးကိုလည်း မကြားဘူးခဲ့ပါ။
ခင်တုပ်၏ ခြေနင်းကိုင်းသည် လက်မောင်းခန့် ပင်စည်တုတ်၍ မြင့်မားစွာရှည်လျားသော ကနစိုပင်ပေါက်ဖြစ်သည်။ အဖျားတွင် သံနန်းကြိုးကျော့ကွင်းတုပ်ချီလျက် မြေကြီးတွင် ထိုးစိုက်ရိုက်သွင်းထားသော သစ်သားငုတ်ထစ်တွင် လျှာတံခြေနင်းခလုတ်ဆင်၍ ထောင်ထားခဲ့သည်။ ဝက်ခါးပတ်ကျား ခြေရာရှာရင်း အသစ်တွေ့သော ဝက်သွားလမ်းတွင် ထောင်ချောက်ခြေနင်းကိုင်းအသစ်ကို လွန်ခဲ့သောသုံးရက်က သူမ စီမံခဲ့သည်။
အချိန်ကြာမြင့်စွာ ပြင်ဆင်လုပ်ကိုင်ခဲ့သည်။ ရေစပ်စပ်ရောက်သော ထိုနေရာတစ်ဝိုက်တွင် ကဏန်း ကောင်ကြီးများ ချုံနွယ်၊ အမြစ်တို့ကြားတွင် ကျင်းဖွဲ့၍ နေကြသည်။
လက်တစ်ဝါးခန့်ကြီးသော ကဏန်းထီးကြီးနှစ်ကောင်သည် ငှက်ကြီးတောင်ပင်တို့ အကြား လက်ညှပ်ကြီးတွေကိုယ်စီဖြင့် တစ်ကောင်နှင့်တစ်ကောင် တိုက်ခိုက်ကြသည်။ ခြေနင်းကိုင်းထောင်ချောက် နေရာတကျဖြစ်အောင် အကြိမ်ကြိမ်ပြုပြင်တည်ဆောက်နေရသောကြောင့် ခြေတစ်ဖက်က ကဏန်းတစ်ကောင်၏ဘေးသို့ နင်းလိုက်မိ၍ ကဏန်းထီးကြီးက ဒေါသတကြီး ခြေဖနောင့်ကိုညှပ်သည်။ သွေးပေါက်ပေါက်ကျသည်။
စိတ်တိုသွားသော ခင်တုပ်သည် နာလွန်းသဖြင့် စုပ်သပ်ရင်း ထိုကဏန်းကို ဓားနှင့် ခုတ်သတ်ခဲ့ရသေးသည်။
“ဝေါင်း- ဝေါင်း- ဝေါင်း – ဝေါင်း- ဝေါင်း- ဝေါင်း”
ပုဆိုးနှစ်ပတ်ကျော်ခန့်ရှိမည်ဖြစ်သော သစ်ပင်ငုတ်တိုကြီးအတွင်းမှ အော်နေခြင်းဖြစ်သည်။ စောစောက တိတ်ဆိတ်ငြိမ်သက်နေသော ပတ်ဝန်းကျင် သည် သဲသဲရုတ်ရုတ် ဖြစ်သွားသည်။
အညိုရောင် ဗလကြီးနှင့် အနက်ရောင်ဖြစ်သော မဲလုံးတို့နှစ်ကောင်သည် ကမ်းပေါ်ခုန်တက်သည်။အနံ့အသက်ကို လေထဲတွင် မော့၍ရှူရှိုက်ပြီး ကနစိုခါးပေါင်ကြိုးငုတ်တို့ဆီ ပြေးသွားကြသည်။
သုံးလံခန့်မြင့်သော ကနစိုငုတ်တိုကြီးကို သမှည့်ပင်၊မျောက်ကြိမ်ပင်၊ ကြက်ရိုးပင်တို့ ဝန်းရံရှုပ်ထွေးစွာပေါက်နေကြသည်။
ခင်တုပ်ထောင်ထားသော ခြေနင်းကိုင်းနှင့် မနီးမဝေးတွင် ရှိသည်။လေးလံငါးလံမျှ ဝေးသည်။ ထောင်ထားသော ကျော့ကွင်းခလုတ် ပြုတ်လျက် ရှိပါသည်။ သံနန်းကြိုးချည်ထားသော ကနစိုပင်ခေါက်မှာ ငိုက်ညွတ်နေသည်။ သံနန်းကြိုးတစ်ဖက်သည် ချုံနွယ်တို့အကြားမှ ကနစိုအထက်ပိုင်းကြိုး၏ အခေါင်း အတွင်း ရောက်နေသည်။
“ဝေါင်း- ဝေါင်း- ဝေါင်း – ဝေါင်း- ဝေါင်း- ဝေါင်း”
“ကိန် – အိုင် – အိုင်”
“မဲလုံးအသံပဲ။ ဘာကောင်နဲ့များ တွေ့ပါလိမ့်။ ဒီကောင်က အတော်လည်တဲ့သတ္တဝါကောင်ပဲကွာ။ ကျော့ကွင်းမိထားပေမယ့် အမြင့်ပေါ်က သစ်ခေါင်းထဲဝင်နေတယ်။ ဗလနဲ့ မဲလုံးကလည်း သစ်ပင်ချုံနွယ်တွေကြားထဲက တွယ်ကပ်ပြီး ရောက်အောင်တက်သွားတယ်ကွာ”
လှံကိုအသင့်ကိုင်ရင်း ခင်တုပ် မော့ကြည့်သည်။ သူ့ပတ်ဝန်းကျင်တွင် ချုံပုလေးများနှင့် ငှက်ကြီးတောင်ပင်တို့သာ ရှိသည်။ ကြီးကြီးမားများသစ်ပင်တို့ မရှိ ပါ။
ခါးမှကျိုးပြတ်ခဲ့သော သက်တမ်းရှည် ကနစိုငုတ်တို သုံးလေးခုမျှ ရှိသည်။
မဲလုံးနှင့် ဗလတို့က ကနစိုငုတ်တို အပေါ်နှုတ်ခမ်းတစ်ဖက်ဆီတွင် ရောက်နေကြသည်။ ခင်တုပ် အချစ်တော် ပျံလွှားအမည်ရှိ နီညိုရောင်ခွေးမလေးသည် ကနစိုငုတ်တို၏ ပတ်ပတ်လည်တွင်မော့ကြည့်လှည့်ပတ်ရင်း အလှည့်ကျလျှင် သူထမ်းဆောင်ရမည့်တာဝန်ကို စောင့်နေပါသည်။
“ဝေါင်း-ဝေါင်း- ဝေါင်း”
“ဝုတ် – ဝုတ် – ဝုတ်”
ခင်တုပ်မော့ကြည့်၍ မြင်နေရသည်။ တစ်ဖက်မှ ဗလက ကိုက်ဆွဲတော့မလို ထိုးဟောင်လိုက်လျှင် ကနစိုခေါင်းထဲမှ သတ္တဝါကလည်း ဒေါသတကြီး ဟိန်းဟောက်လျက် ကုတ်ဆွဲလိုက်သည်။ ဗလက တိမ်းရှောင်လိုက်သည်။
ထိုအချိန်တွင် တစ်ဖက်မှ မဲလုံးသည် ကိုယ်တစ်ပိုင်းဝင်အောင် ငုံ့၍ ကိုက်ဆွဲသည်။
ထိုအချိန် ဝရုန်းသုန်းကား ရုန်းကန်လျက် တွင်းခေါင်းမှ ဟိန်းဟောက်အော်ဟစ်သံနှင့် မဲလုံးဘက်လှည့်၍ ကုတ်ဆွဲ ကိုက်ခဲဟန်တူသည်။ မဲလုံး နောက်ဆုတ်ရှောင်ပေးသည်။ ထိုအချိန်တွင် တစ်ဖက်မှ ဗလ က အမိအရကိုက်ဆွဲ၍ခါသည်။
“ဝေါင်း- ဝေါင်း- ဝေါင်း”
“ဝုတ်- ဝုတ်- ဝုတ်”
“ကိန် – ဂီး – ဂီး”
ရုန်းကန်အော်ဟစ်သံ၊ ထိခိုက်နာကျင်သံ၊ သတ္တိဇွဲနပဲနှင့် အလွတ်မပေး ကိုက်ခဲသံတို့ဖြင့် သဲသဲရုတ်ရုတ် ဖြစ်နေသည်။
ခင်တုပ် မကြံတတ်အောင် ဖြစ်နေသည်။ နီးရာသစ်ပင်ပေါ်တက်၍ အခြေအနေကြည့်ပြီး ခွေးတို့ကို ကူညီရမည်လား၊ သုံးလံမျှမြင့်သော ကနစိုငုတ်တိုပေါ်ကိုယင်းခွေးများနောက်မှ လိုက်တတ်ရမည်လား။
လှံကို အသင့်ကိုင်ပြီး မဝေခွဲနိုင်အောင် ဖြစ်နေသည်။ ခွေးမလေး ပျံလွှားသည် ခင်တုပ်အနီးမှ မခွာဘဲ ဗလ တို့အခြေအနေကို မော့ကြည့်ရင်း လှည့်ပတ်နေသည်။
ရုတ်တရက် ဗလနှင့် မဲလုံးတို့ နှစ်ကောင်ကြားမှ ခင်တုပ်လက်ကောက်ဝတ်ခန့်ရှိသောမြွေနက်တစ်ကောင် ခုန်ထွက်၍ ချုံနွယ်များမှတစ်ဆင့် ဒရော သောပါးပြေးရင်း မြေပေါ်ပြုတ်ကြသည်။ လျင်မြန်သော ပျံလွှားမသည် ထိုမြွေ၏ လည်ကုတ်နောက်ပိုင်းကို ပြေးခဲ၍ ခါပစ်လိုက်သည်။ လေထဲ မြောက်တက်၍ သစ်ပင်နှင့် ရိုက်မိသည်။အရိုးအဆစ်များ ပြုတ်၍ မလှုပ်နိုင်သောမြွေကို ထပ်မံ၍ ပျံလွှားမက ကိုက်ဆွဲခါပစ်လိုက်၍ မလှမ်းမကမ်း ကြက်ရိုးပင်ချုံထဲ ကျသွားတော့သည်။
“ဝေါင်း -ဝေါင်း -ဝေါင်း”
ကနစိုပင်ထက်ပိုင်းကျိုးသစ်ခေါင်းအတွင်းမှ ဗလနှင့် မဲလုံးတို့က ဝိုင်း၍ ကိုက်ခဲလုံးထွေးနေစဉ် အညိုရင့်ရောင်အမွေးနှင့် ကြီးမားလွန်းလှသော ကြောင်ဖားကြီးတစ်ကောင်သည် သစ်ငုတ်တိုပေါ်မှ ချုံပုတ်ငယ်တစ်ခုပေါ် ခုန်ချသည်။
ခင်တုပ် လှုပ်ရှားမှုက မြန်သည်။ ချုံငယ်ပေါ် ထိုအမြီးတိုနှင့်ကြီးမားသောကြောင်ကြီး ကျလျှင် ခင်တုပ်၏လှံသည် အရှိန်ပြင်းစွာ ပြေး၍ လက်ပြင်မှဖောက်ဝင်ကာ တစ်ဖက်နံဘေးအပြင်ကို လှံသွားထွက်သွားသည်။
ငယ်စဉ်ထဲက ဖခင် ဦးဘခက် သင်ကြားလေ့ကျင့်ပေးခဲ့သော လှံရေးအတတ်မှာ လျှပ်တစ်ပြက်စက်ကွင်းကို ထိမှန်အောင်ပစ်နည်းဖြစ်ပါသည်။
လှံချက်ထိမှန်ပြီး ကျော့ကွင်းတို့ဆွဲရာသို့ ပါတော့မည့် ကြောင်ဖားကြီး၏ လည်ကုပ်ကို ပျံလွှားမ နောက်ဘက်မှ အမိအရ ခဲထားပြီးဖြစ်သည်။
ကြောင် ဖားကြီးက နာကျင်စွာအော်ဟစ်ရင်း ပျံလွှားမကို လှည့်ပုတ်သည်။ ပျံလွှားမကို မထိ။
ကိုက်သည်။ ကိုက်၍ မရနိုင်ပါ။
မဲလုံးနှင့် ဗလတို့က ဝိုင်းဝန်းကိုက်ခဲလိုက်သဖြင့် လှံတန်းလန်းနှင့် ကြောင်ဖားကြီးသေလေပြီ။
လက်ပြင်နောက်မှ ကျော့ကွင်းမိထားသော မြီးတံတိုနှင့် ကြောင်ဖားကြီးသည် နောက်ခြေနှစ်ဖက် မြေ တွင် ထိရုံမျှထောက်၍ ထောင်ချောက်ကိုင်းတွင် ကျော့ကွင်းတန်းလန်းနှင့် ငြိမ်သက်နေသည်။
ခင်တုပ် အသံပြု၍ ဗလနှင့် မဲလုံး နောက်ဆုတ်သွားကြသည်။ လှံကိုနုတ်၍ အမြီးတိုနှင့်ကြောင်ဖားကြီးကို ကျော့ကွင်းမှ ခင်တုပ် ဖြုတ်ယူလိုက်သည်။ အလေးချိန် ဆယ့်ငါးပိဿာခန့်ရှိသော မကြုံဘူး မမြင်ဘူးအောင် ကြီးမားသော ကျားပေါက်တစ်ကောင်ပမာ ဖြစ်သော ကြောင်ဖားကြီး ဖြစ်ပါသည်။
ချောင်းဖျားဆီမှ ဘုတ်ငှက်တို့ အီသံကြားရသည်။
ပတ်ဝန်းကျင်လည်း ငြိမ်သက်တိတ်ဆိတ်သွားသည်။ အံ့ဩငေးမောလောက်အောင် ကြီးမားသော ကြောင်ဖားကြီးကို ခင်တုပ် လှေပေါ်တင်၍ သယ်ခဲ့သည်။ လှေမထွက်မီ ဗလနှင့် မဲလုံးတို့ကိုယ်ပေါ်မှ ကြောင်ကြီးကုတ်ဖဲ့ ခဲ့သော ဒဏ်ရာတို့ကို ဆေးကြောသုတ်သင်၍ ပတ်တီးစည်းပေးသည်။
“မင်းတို့ကို အိမ်ကျမှ ဆေးလည်း ထည့်ပေးမယ်၊ ဟင်းကောင်းနဲ့လည်း ကျွေးမယ်။ လေးငါးရက်လည်း တဲမှာ နားကြပေါ့။ မင်းတို့သတ္တိနဲ့ အမဲလိုက်ခွေးကောင်းတွေနဲ့ စွန့်စားတဲ့အကြောင်းကို မုဆိုးကိုအောင်သိန်းနဲ့ တခြားအစ်ကိုမုဆိုးအားလုံး အကြွားသန်တယ်လို့ ပြောကြပါစေ။ မိန်းမမုဆိုး ခင်တုပ်က အကြိမ် ကြိမ်ဂုဏ်ယူပြီး ပြောလိုက်ဦးမယ်။ ငါရတဲ့ ဒီလိုသားကောင်မျိုး ဘယ်သူရဖူးလို့လဲ”
ခင်တုပ်ရင်ထဲမှာ ကြွေးကြော်နေသည်။ သူ့လှေကလေးကို ရေအစုန်တွင် ကြုံး၍ လှော်ခတ်နေပါသည်။
လေတိုး၍ တဝေါဝေါမြည်ကြွေးသော တောအနှံတွင် ငြိမ်းချမ်းသာယာစွာ ငှက်ကလေးများ တေးဆိုနေကြပါသည်။
xxx xxx xxx
“ခတုပ် – ခတုပ် – ခတုပ်ရေ၊ အို ကြောင်ကြီးအမြီးတို – ကြောင်ကြီးအမြီးတို”
တဲဆိပ်သို့ လှေကပ်မိလျှင် လှောင်အိမ်ထဲမှ ကျေးကလေး ဖိုးတောက ဆီးကြိုနှုတ်ဆက်နေပါသည်။
“ဒီလိုကြောင်ဖားကြီးမျိုး ဒီတောထဲမှာ ဘယ်မုဆိုးမှ မရခဲ့ဘူးတာလဲ ဟုတ်တယ်။ ကျုပ်တို့ညီမ မိန်းမမုဆိုးလက်သင်ကလေးက လှံနဲ့ ပစ်ထိုးရခဲ့တယ်ဆိုတာလည်း မှန်တယ်။ တစ်ခုရှိတာက ကျုပ်တို့ တစ်သက်လုံး ထောင်ချောက်ဆင်ကြ၊ ရကြတာက သစ်ပင်အကိုင်း အခက်ပေါ် သစ်တုံးပေါ်မှာပဲ ကြောင်ဆိုတာမျိုးကို ရတတ်တာပေါ့ဗျာ”
“ဟုတ်တယ်ဗျ။ အခု ခင်တုပ်က ဝက်သွားလမ်းမြေပေါ်မှာ ကျော့ကွင်းကိုင်းထောင်ထားတာဗျ။ ဒီကြောင်က သူ့ကိုယ်သူ ဝက်တစ်ကောင်လို စိတ်ရူးပေါက်လို့ ဝက်သွားလမ်းဆင်းပြီး ဝက်ထောင်ချောက်ကျော့ကွင်း အမိခံရတာလား။ အဲဒါကိုစဉ်းစားမရဘူးဗျ။ ဒီကြောင်ကြီးဟာ တောချောက်လို့ လှည့်ဖြားခံရပြီး မြေပြင်ကို သစ်တုံးသစ်ကိုင်းလို့ အထင်မှားလေရော့သလားဗျာ”
မုဆိုးဒီလုံး၊ ခေါင်းကြီး၊ ကြာပေါ်တို့မှာ ခင်တုပ်
ကျွေးမွေးထားသော ထမင်းဝိုင်းတွင် တောကြောင်သားနှင့် စားသောက်ရင်း မုဆိုးကိုအောင်သိန်းကို အလယ်မှာထား၍ ငြင်းခုံကြသည်။
ခင်တုပ် ခပ်ထည့်ပေးသော ဟင်းတုံးကို ကိုက်၍ဝါးလိုက်ပြီး ကိုအောင်သိန်းသည် သူတို့ကိုကြည့်ပြီး ပြုံးလိုက်သည်။
“ဆရာကြီးလုပ်တယ်လို့ မထင်ကြပါနဲ့ကွာ။ ဖြစ်သမျှ ခင်တုပ်ပြောပြလို့ နားထောင်ရတာနဲ့ မြေကြီးပေါ်က ထောင်ချောက်ကျော့ကွင်း အမိခံရတဲ့ ကြောင် ဖားကြီးမြီးတိုရဲ့ အဖြစ်ကိုပါ သဘောပေါက်သလို၊ ခင်တုပ်လည်း သဘောပေါက်မှာပါ”
သူ့အပြောကြောင့် ခင်တုပ် ဆတ်ခနဲ မော့ကြည့်သည်။ ကလေးငယ်လို တွေတွေလေးကြည့်ရင်း တစ်ပတ်လျှို ဆံထုံး၏ ကျနေသော ဆံမြိတ်ကလေး တွေ လှုပ်သွားအောင် ခေါင်းကလေးကို ခါသည်။
“ကျွန်တော် မသိဘူးနော် ဘုရားစူး။တကယ်မသိရိုးအမှန်ပါ အစ်ကိုကြီး အောင်သိန်းရာ။ ခါးပတ်ကျားခြေရာရှာရင်း လမ်းသစ်မှာ ထောင်မိတာပဲ သိတယ်”
“ငါ အခုပြောရင် နင် အခုသိမယ်လေ။ ပြစမ်းပါဦး- ခြေဖနောင့်ကို ကဏန်းအညှပ်ခံရတယ်ဆို”
“ဟုတ်ပါ့ဗျာ။ ကန်တော့နော် အစ်ကိုကြီးအောင်သိန်း။ ဒီခြေဖနောင့်ကို ညှပ်လိုက်တာ သွေးပေါက်ပေါက်ကျတယ်။ ကျွန်တော်လည်း ဒေါသထွက်ပြီးအဲဒီဂဏန်းကို သုံးပိုင်းပြတ်အောင် ဓားနဲ့ ခုတ်ထားခဲ့တယ်။ ကြောင်ကြီးမိတဲ့အချိန်က အဲဒီကဏန်းပုပ်တဲ့အနံ့က ခေါင်းတောင်ကိုက်တယ်”
သူမအပြောကြောင့် ကိုအောင်သိန်း သဘောကျစွာရယ်သည်။ ဒီလုံး ခေါင်းကြီးနှင့် ကြာပေါ်တို့က တွေဝေစွာ ကြည့်နေကြသည်။
“အဲဒီကဏန်းပုပ်တဲ့အနံ့ ကို ကြောင်ကြိုက်တယ်လေ။ ဂဏန်းအပုပ်ခံတဲ့အစာနဲ့ သစ်ပင်ကိုင်းအပေါ်မှာ ကျော့ကွင်းထောင်ချောက်ဆင်ပြီး ကြောင်ကိုထောင်ရတာပဲလေ။ အမှတ်မဲ့ ခုတ်ထားခဲ့တဲ့ ဂဏန်းအသေကောင် အပုပ်အနံ့ကြောင့် သစ်ခေါင်းထဲက ထွက်လာတဲ့ကြောင်က ဆာဆာလောင်လောင်နဲ့ အနံ့ရတဲ့ဆီသွားတော့ ဝက်သွားလမ်းထောင်ချောက်နဲ့ အမိခံရတာပေါ့ဟဲ့။ ဝက်ထောင်ချောက်အနီးအနားမှာ နောင်ကို ဒီလိုဂဏန်းအသေကောင်မျိုး မထားမိစေနဲ့ပေါ့- ဟုတ်လား”
ကိုအောင်သိန်းစကားကို အားလုံးက သဘောကျထောက်ခံသည်။ ခင်တုပ်မှာ ဆိုဖွယ်ရာမရှိ။ သူလေးစားပြီးဖြစ်သော မုဆိုးကိုအောင်သိန်းကို ပို၍ အား ကိုးအထင်ကြီးနေပါသည်။
“နောင်ကို သတိထားဖို့ ခင်တုပ် မမေ့အောင်မှတ်ထားပါ့မယ်ဗျာ”
လူတွေရှုပ်၍ တသောသော တဟားဟား ပြောဆိုနေကြသမျှကို လှောင်အိမ်ထဲက ဖိုးတောလေးသည် သူ့ခေါင်းကို ငဲ့ကာ စောင်းကာနှင့် တစ်ဦးစီ၏ မျက်နှာကိုကြည့်ပြီး လှမ်းပြောလိုက်ပါသည်။
“ခတုပ် – မှတ်ထား – ခတုပ် – မှတ်ထား- တကတဲ”
– ပြီး –
စာရေးသူ – ဖျာပုံလှမိုးနွယ်
Uncategorized