ဆင်ဖြူကျွန်းအောင်သိန်း
(၁)
ဥမင်လိုဏ်ခေါင်းသည် မည်းမှောင်နေ၏။ စွတ်စိုထိုင်းမှိုင်း၍လည်း နေ၏။ မည်းမှောင်နေခြင်းကို သူ နှစ်သက်ငြား စွတ်စိုထိုင်းမှိုင်းမှုကို သူ မကြိုက်ပေ။
သူ့နေရာ ဘုံဗိမာန်ကလေးမှာမူ ခြောက်သွေ့မြဲ ခြောက်သွေ့နေတတ်သည့်အတွက် သက်သာသလိုလို ရှိနေသည်။ သို့သော် စွတ်စိုခြင်းကို ဖော်ပြသော အနံ့အတွက်မူ သူ့စိတ်၌ များစွာ အနှောင့်အယှက်ဖြစ်နေလေသည်။
မြေပြင်မြေသားတွင် အပူဓာတ်များ အစွမ်းကုန် စိမ့်ဝင်ကျက်လောင်နေချိန်ကတည်းက သူ အလုပ်လုပ်ခဲ့၏။ လိုဏ်ခေါင်းကို အောက်သို့စိုက်ပြီး တူးဖောက်ခဲ့သည်။ သူ့နေရာကလေးသို့ နီးကပ်သောအခါကျမှ ပြန်လည်မော့ထောင်၍ လမ်းဖောက် လုပ်သည်။
သူသည် သည်နည်းနှင်နှင် လမ်းဖောက်လုပ်နေရလျှင် ပျော်သည်။
တစ်ကိုယ်စာ ဥမင်လမ်းကလေးတွင် သူ့ကိုယ်ဖြင့် ပွတ်တိုက်လှုပ်ရှားရလေလေ သူပျော်လေလေ။ သူပျော်ရွှင်လေလေ အားသစ်တွေ ပွားတိုးလာလေလေ။
သူ့၌ အဖော်မရှိ။ အဖော်မရှိငြား အဖော်ကို တောင့်တစိတ် မဖြစ်ပေါ်မိ။ သူ့တွင် ထက်သန်နေသော အရာမှာ အလုပ်လုပ်လိုစိတ်သာ ဖြစ်၏။
သို့ကြောင့် မွှေးပျံ့သောရနံ့များ ထွက်ပေါ် ရာအရပ်တိုင်းသို့ ခြေဆန့်မိ၏။ ခြေဆန့်မိသည်ဆိုရငြား အတောင်ရှိသော သတ္တဝါများနှယ် လေဝယ်ပျံ့မြူးခြင်းမျိုးဖြင့် ခြေမဆန့်တတ်ပါ။
ခြေလေးချောင်း သတ္တဝါများနှယ် ချောင်းမြောင်းအင်းအိုင် လျှိုမြောင်ကုန်းခင်များကြား၌ ပြေးလွှားကျက်စားမှု မပြုနိုင်ပေ။ ခြေမရှိသော သတ္တဝါများကဲ့သို့လည်း မြေလူး၍ တစ်နည်း၊ ရေငုပ်၍ တစ်ဖုံ၊ သစ်ပင်ချုံနွယ်များပေါ်တက်၍ တစ်ဖန် မမြူးထူးနိုင်။
သူ့လောကသည် မြေအောက်ဖြစ်၏။ သူသည် မြေအောက်ဘုရင်။ မြေအောက် အရှင်သခင်ဖြစ်၏။
အဆိပ်ပြင်းသော မြွေလည်း လမ်းမှားပြီး ဝင်လာမိပါမူ ကြောက်ရွံ့ထိတ်လန့်စွာ ထွက်ပြေးမြဲပင်။ သူ့ထက် သုံးလေးဆကြီးမားသော မြေကြွက်ကြီးတွေ၊ တောကြွက်ကြီးတွေလည်း သူ့ကို အန်မတုရဲ။ သူ့လမ်းကြောင်းကို မနှောင့်ယှက်ဝံ့။
သူသည် ပိုးမွှားများ ငြိတွယ်ကျရောက်နိုင်သော သစ်ပင်ချုံဖုတ်များကို အနံ့ခံအာရုံသိဖြင့် အမြဲစူးစမ်းသည်။ ထိုနေရာများသို့ အမြဲဦးတည်ကာ ဥမင်တူးသည်။ တစ်ဝမ်းတစ်ခါး စားသောက်၍ ပိုလျှံလျှင် အသိုက်သို့ သယ်ဆောင်လာစမြဲပင်။
သူ့အသိုက်မှာ အလွန်ခမ်းနားသည်။ မြန်မာတို့ တူးဖော်တွေ့ရှိသမျှသော ရှေးဟောင်းပျူမြို့တော်ကြီးများနှင့် အလွန်တူသည်။ ဥမင်များဖြင့် ပတ်ဝိုက်ဖွဲ့ခွေကာ ဝန်းဝိုင်းသော ခန်းမကြီးကို ဆောက်လုပ်ထားသည်။ သည်နေရာမှာ သူ အိပ်သည်။ အိပ်ခန်း၏ဘေးဘက်တွင် အစားအစာများကို သိုလှောင်ထားသော အခန်းရှိသည်။
သို့သော် သူ့နေရာကို သူသာ သိသည်။ အခြားသူတွေ သွားလာဝင်ထွက်တတ်ရန် မလွယ်ကူ။ ဝင်္ကပါကွက်ထက် ရှုပ်ထွေးသည်။ သူကလည်း မရှုပ်ရှုပ်အောင် လုပ်ထားခြင်းဖြစ်၏။
ဂယ်ပေါက်(ကယ်ပေါက်) သို့ သွားသောလမ်း၊ အပြင်ထွက်သောလမ်း၊ ဝင်သောလမ်းများသာမက ဘာမျှအဓိပ္ပာယ်မရှိသော လမ်းတွေကလည်း အများကြီး။
မြေပေါ်လောကမှ မုန်တိုင်းကျသံ၊ မိုးကြီးသည်းထန်စွာ ရွာသွန်းနေသံများကို သူက အိပ်နေရင်းမှ သိနေသည်။ အအေးဓာတ်သည် ဥမင်လမ်းတစ်လျှောက် သိပ်သည်းစွာ ဝင်ရောက်လာသည်။ သူ အလွန်စိတ်ညစ်မိသည်။
သူက အလုပ် လုပ်ချင်သည်။ လုပ်ခွင်လမ်းတစ်လျှောက်တွင် ဗွက်ပေါက်နေလိမ့်မည်။ သို့ဆိုက အလုပ်လုပ်၍မရ။ မြေကြီး၏ သိပ်သည်းဆကို ခန့်မှန်း၍မဖြစ်လျှင် ဥမင်မည်သို့ တူးမည်နည်း။
သည်းလိုက် ဖွဲလိုက် လုပ်နေသော မိုးစက်မိုးမျှင်များ ကျရောက်သံ စဲသွားပြီ။ သူ အလွန်ဝမ်းသာသည်။ အခန်းဝသို့ ထွက်လာပြီး စိုစွတ်မှု အခြေအနေကို စူးစမ်းသည်။
သို့စဉ်တွင် သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။ ဥမင်တစ်ခုလုံး သိမ့်သိမ့်ခါသွားကာ အလွန်ပြင်းထန်သော အသံကြီးပေါ်လာ၏။ သူ့မျက်လုံးထဲသို့ အလင်းရောင်ဝင်လာ၏။
စူးရှလှသည်။ နာကျင်လှသည်။
ဥမင်နေရာဟောင်းတစ်ခုကို နွားနင်းမိသည်လော၊ ရေဝပ်နေသည်လော မသိပါ။ သည်နေရာမှ ဥမင်ပြိုကျခြင်း ဖြစ်မည်။
သူမခံနိုင်ပါ။ လေစိမ်းကို ခံနိုင်သေးငြား အလင်းရောင်ကို နည်းနည်းလေးမျှ မခံနိုင်ပါ။
မျက်လုံးအစုံ၏ နာကျင်စူးရှသော ဝေဒနာကို ကြိတ်မှိတ်သည်းခံလျက် ထိုင်းမှိုင်းသော ဥမင်လမ်းကြောင်းတစ်လျှောက် သူ ပြေးလာသည်။ သည် မနှစ်မြို့ဖွယ် အလင်းရောင်ကို ပိတ်ဆို့မှ ဖြစ်မည်။
သူ့နှုတ်သီးသည် ပျော့အိသော မြေနုထဲ ကျရောက် သွားသည်။ သူ အလျင်အမြန် နောက်ဆုတ်သည်။ ခြောက်သွေ့ရာနေရာမှ မြေကြီးတွေကို ယက်ထုတ်သည်။
အလုပ်ချိန် ကြာသည်နှင့်အမျှ မျက်စိမှ စူးရှနာကျင်မှု သက်သာသွား၏။ အလင်းရောင် ကွယ်ပျောက်သွားပြီ။ သူ၏ ကျေနပ်ဝမ်းမြောက်မှုမှာ မဖော်ပြနိုင်အောင် ကြီးမားလှ၏။
သို့တစေ သူ နားနေခြင်း မပြုနိုင်သေးပါ။ မြေစာများကို ခေါင်းဖြင့် တွန်းပို့သည်။ မြေစိုအစပ်တွင် ပိတ်ဆို့သည်။ နောက်တစ်ကြိမ် ထပ်မံဖို့သည်။ ကျစ်လျစ် မာကျောသွားသည်အထိ အထပ်ထပ်ဖိသည်။
မြေပေါ်မှ အသံဗလံတစ်စုံတစ်ရာကြားရနိုး နားစွင့် သည်။ ထပ်ဖို့သည်။ ထပ်ဖိသည်။ တော်ရုံတန်ရုံ ရေမဝင်နိုင်အောင် ခိုင်ခံ့တော့မှ သူ့အခန်းသို့ ပြန်လာပြီး အိပ်စက်လေ၏။
(၂)
ယခုအချိန်တွင် သူသည် တစ်ကောင်တည်းထီးထီးဖြစ်၏။ သူ့တွင် မွေးချင်းလည်း မရှိပေ။ သူ့အမေသည် သူ့ကိုတစ်ကောင်တည်းသာ မွေးခဲ့၏။ အမေသည် သူ့ကို နို့မခွဲခင်ကတည်းက ဥမင်ဖောက်လုပ်ခြင်းအတတ်၊ ဝင်္ကပါတည်ဆောက်ခြင်းနှင့် ကယ်ပေါက်ဥမင်ဖောက်လုပ်ခြင်း အတတ်များ သင်ကြားပေးသည်။
အမေရှိစဉ်ကမူ သူသည် အမေ့နောက်လိုက်သက်သက်ပင်။ အမေ့နောက်မှ လိုက်ပြီး ဆော့ခဲ့မြူးခဲ့သည်။ နူးညံ့သော အမေ့ကိုယ်နှင့် အေးမြသော ဥမင်သားကြားမှာ တိုးဝင်မြူးထူးရသည်ကို သူ အလွန်သဘောကျသည်။
သူတို့ကိုယ်နှင့် ပွတ်တိုက်သောကြောင့် ဥမင်များသည် အစဉ်သန့်ရှင်းပြောင်လက်နေစမြဲ။ ထို့အတူပင် သူတို့၏ ကိုယ်ခန္ဓာများလည်း ပြောင်လက်သန့်ရှင်းနေလေ့ရှိ၏။
အမေသည် သူနှင့် ကစားနေရာမှ တစ်စုံတစ်ရာ အသံကြားပါက ငြိမ်သက်သွားတော့သည်။ အသံဆိုသည်ကလည်း ဥမင်အမိုးပေါ်မှ လာမြဲဖြစ်၏။
အဝိုင်းအခုံးဖြင့် ဖိအုပ်နင်းချလာသောအသံများသည် ဥမင်ကိုဖြိုချတော့မည့်လား ထင်ရ၏။ သည်အသံရှင်များမှာ နွားအုပ်ကြီး ဖြစ်၏။ သူတို့ကို အမေ မကြောက်ပါ။
မာကျောသောအရာဖြင့် လျင်မြန်စွာ တီးခေါက်လိုက်၊ ရပ်နားနေလိုက် ဖြစ်သွားသော အသံသည် ဆိတ်ဖြစ်၏။ ဆိတ်ကိုလည်း အမေမကြောက်ပါ။
ဆိတ်နှယ်ပြေးလွှားငြား ဆိတ်သို့မူ မပြင်းထန်သော ခြေသံရှင် ရှိသေး၏။
ခွေး။
ခွေးကိုမူ အမေ သတိထားသည်။
အမေ့အနံ့ကို ခွေး သိသလို ခွေးအနံ့ကိုလည်း အမေသိသည်။ ခွေး၏ နောက်ခြေထောက်မှ အတက်ကလေးနှင့် ခြေဖနောင့်သည် ခွေးလမ်းလျှောက်တိုင်း တဖြောက်ဖြောက်မြည်သည်။ သည်အသံကိုကြားလျှင် အမေ ပြေးပြီ။
အလွန်ဆိုးသော သွေးဆာသော အမဲလိုက်ခွေးများသည် တစ်ခါတစ်ရံ၌ ဥမင်ကို ဖြိုဖျက်တတ်၏။ ခွေးကြောင့် အမေတို့အမျိုးတွေ ပျက်စီးရပါသည် မရှိစဖူးငြား ဥမင်ပျက်မှ ဝင်လာသောအလင်းရောင်ကို မခံရပ်နိုင်။ သို့ကြောင့် ခွေးသံကြားလျှင်၊ ခွေးနံ့ရလျှင် အမေ ပြေးသည်။ အမေ ပြေးတော့မှ သူလည်းပြေးပြီတည်း။
အမေ အကြောက်ဆုံးကား ခွေးလောက်မှ ခြေထောက်ချောင်းရေမများ၊ နွားလောက်မှ ခွန်အားမရှိသော သတ္တဝါဖြစ်၏။ ထိုသတ္တဝါတွင် လက်ချည်းသက်သက်ရှိမည်ဆိုပါက သူ့ကို ကြွက်ကလည်း မကြောက်၊ မြွေကလည်း မကြောက်။ အမေတို့ ဆိုလျှင် ရွေပေါ်သွားတမျှ ထက်ရှသော သွားတွေဖြင့် တစ်ချက်တည်း ကိုက်ရုံဖြင့် ထိုသတ္တဝါ ပြေးစေ့မည်။
သို့သော် ထိုသတ္တဝါသည် သူရဲဘောနည်း၏။ သတ္တိမရှိ။ ယုတ်မာကောက်ကျစ်စွာဖြင့် တူးရွင်း၊ ပေါက်တူး၊ မှိန်း၊ လှံနှင့် ဓားများကို အမြဲအားကိုးသည်။ သည်အရာတွေ ပါရှိသည့်အတွက် မြွေနှင့် ကြွက်လည်း အရှုံးပေးရ၏။ အမေတို့လည်း ပြေးရ၏။ ပြေးပင်ပြေးသော်ငြား ထိုသတ္တဝါ၏ အလိုက်ခံရလျှင် လွတ်ခဲ၏။
ထိုအခါ အမေသည် သူ့အား လူလိုက်ခံရလျှင် ပြေးရှောင်နည်းကို အပတ်တကုတ် သင်ပေး၏။
သူတို့မှာ မြေအောက်ရာဇာဖြစ်စေကာမူ မြေပေါ်နှင့် ကင်းကွာ၍ မရပေ။ မြေအောက်တွင် ဥမင်တူးသည်။ တူး၍ရသော မြေစာများကို စွန့်ပစ်ရန် နေရာမှာ မြေပေါ် လောကသာဖြစ်၏။ သည်မြေစာ “အစုန့်”များသည် သူတို့ရှောင်လွှဲ၍မရသော အရာ များလည်း ဖြစ်၍ ရန်သူလည်း ဖြစ်၏။
လူသည် မြေစာ “အစုန့်”များကို ကြည့်ကာ မြေအောက်ရာဇာတွေ၏ အရွယ်အစားကို ခန့်မှန်းသည်။ နံနက်စုန့်သူ၊ နေ့လယ်စုန့်သူ၊ ညစုန့်သူနှင့် အရုဏ်တက် စုန့်သူဟု ခွဲခြားသည်။
သည်အချိန်ကာလကို လိုက်ပြီး စောင့်ဆိုင်းကာ မှိန်းဖြင့် ထိုးလားထိုး၏။ လှံဖြင့် ထိုးလားထိုးတတ်ကြ၏။
သည် လူဆိုသော သတ္တဝါကောင်တွေ သိလိုက်ပုံများကလည်း ဥမင်တွင်းဆင်းပြီး လေ့လာမှတ်သားထားကြရော့လား ထင်ရသည်။
အစုန့်တစ်စုန့် ဖြစ်ပေါ်ရန်အတွက် မြေအောက်မှ ကျစ်စာများကို အကြိမ်မည်မျှထိုးသည်၊ မည်သည့်အကြိမ်တွင် နောက်ပြန်သွားသည်၊ မည်သည့်အခါ၌ တည့်တည့်သွားရန် ကိုယ်ကိုလှည့်သည်ကအစ သိသည်။ သိသည့်အလျောက် ကိုယ်ကိုလှည့်ပတ်ချိန်တွင် ခက်ရင်းဖြင့် ထိုးသည်။ လှံမှိန်း စသည်ဖြင့်ထိုးသည်။ မြေပေါ်က လူသတ္တဝါထိုးလိုက်သော လက်နက်အသွားသည် မြေအောက်ရာဇာ၏ ကျောအလယ်သို့ ကွက်တိခွင်ကျ စူးဝင်စမြဲပင်။
အမေသည် အလွန်သတိထား၏။ ခပ်လှမ်းလှမ်း တစ်ဖာလုံခန့် အကွာအဝေးမှ လာနေသောခြေသံကို ဥမင်တွင်းမှ အတိုင်းသား ကြားခဲ့ရပါလျက် ခဲတစ်ပစ်ခန့်အကွာသို့ရောက်မှ ခြေသံပျောက်သွားလျှင် ဆက်လက်မစုန့်တော့ပေ။
လူဟာ တန်းစီထားတဲ့ အစုန့်တွေကိုတွေ့လို့ ခြေကို ဖော့နင်းလာသလားမသိဘူး ပြောလေ့ရှိ၏။
သူတို့ မြေအောက်ရာဇာတွေမှာ လူကို အကြောက်ဆုံး၊ လူကိုအမုန်းဆုံးဖြစ်ငြား လူနှင့်ကင်း၍ မရချေ။ သူတို့ ဥမင်တူးခြင်းကိုက ရည်ရွယ်ချက်မရှိဘဲ ထင်ရာလျှောက် တူးနေခြင်း မဟုတ်ပေ။ သစ်ပင်များ၏ မွှေးကြိုင်သော ရနံ့များထွက်ပေါ် ရာ အရပ်ကို ဦးတည်တူးဖောက်ခြင်းဖြစ်၏။
ထိုအခါ ကြည့်စမ်း၊ သစ်ပင်ကြီး ပွေးကိုက်လို့ သေသွားပြီ ပြောကြ၏။ သည်မျှသော်ကား အန္တရာယ်သည် မသေချာသေး။
သို့သော် ပဲခင်း၊ ငရုတ်ခင်း စသော ယာခင်းများထဲသို့ မြေအောက်ရာဇာ တစ်ကောင်ကောင် ရောက်သွားလျှင် ကွမ်းခင်း၊ မုန်လာခင်း စသည့် ဥယျာဉ်တစ်ခုခုအောက်သို့ ရောက်သွားမိလျှင် လူတွေ မနေတော့ပါ။ ချက်ချင်းလက်ငင်း တုံ့ပြန်သည်။
ဥမင်လမ်းကြောင်းကို မရအရ ရှာဖွေကာ ဥမင်တစ်လျှောက် တူးဖြိုပြီး လိုက်လာတော့သည်။ သည်တစ်ခါတွင် ပြေးပေတော့။ တစ်လမ်းတည်းမဟုတ်ဘဲ လမ်းကြောင်း သုံးလေးခု ကြိုတင်တူးထားမိလျှင် ရန်သူ မျက်စိလည်၏။ ဟိုလိုက်ရနိုးနိုး သည်သွား ရနိုးနိုး။
ယာခင်းသွေ့သွေ့ခြောက်ခြောက်များကို နှောင့်ယှက်မိ၍ ပြေးရလျှင် ပြေးတတ်ဖို့သာ လိုသည်။ အန္တရာယ် မကြီးလှ။
သို့သော် ရေရရန် လွယ်ကူသောဥယျာဉ်အောက်သို့ ရောက်ရှိကာ နှောင့်ယှက်မိလျှင်ကား အန္တရာယ်ကြီးပြီ။
လူသည် ဒေါသတကြီးတူးဆွပြီး လိုက်လာ၏။ ဥမင်ဟောင်းတွေ၊ ဥမင်သစ်တွေ ရှုပ်ထွေးနေလျှင် မျက်စိလည်ကာ လမ်းမှားသွားနိုင်သည်။ အကယ်၍ လမ်းမှန်ကိုတွေ့ ပြီး ထက်ကြပ်လိုက်လာပါမူ မြေအောက်ရာဇာတို့အတွက် တွင်းတူးခြင်း ပရိယာယ်နှင့်ခိုကပ်ခြင်း နည်းဗျူဟာသာ အားကိုးရာကျန်တော့၏။
ဥမင်ကို စိုက်ပြီး တူးသွားရာက မော့ထောင်ပြီး တူးဖောက်လျှင် လူသည် အနက်ကြီး မတူးနိုင်၍ လက်လျှော့မည်။ ထိုသို့ တွင်းတူးပရိယာယ်ကို အသုံးပြုပြီးမှ မအောင်မြင်လျှင် ခိုကပ်ခြင်း နည်းဗျူဟာသာလျှင် နောက်ဆုံးနည်းဖြစ်၏။
သည်နည်းကား သစ်ပင်ကြီးတစ်ပင်၏ မြစ်ဆုံကြားသို့ ပြေးပုန်းခြင်းဖြစ်၏။
လူသည် သစ်မြစ်တွေ၏ အရှုပ်အပွေကို မတွန်းလှန်နိုင်ပါ။ ထိုအခါ ဥမင်တွင်းသို့ ရေတွေ အဆက်မပြတ်လောင်းလိမ့်မည်။ ထိုရေတွေ သူတို့မြေအောက်ရာဇာများ ခိုကပ်နေသော နေရာကိုမဖုံးလွှမ်းဖို့ အရေးကြီးသည်။
ဥမင်အဖောက်မှား၍ ရေနစ်ပြီဆိုလျှင် မည်သည့်မြေအောက်ရာဇာမှ ရေထဲတွင် ငုပ်မနေနိုင်။ နှာခေါင်းကလေးဖော်ပြီး ထွက်လာရတော့သည်သာ ဖြစ်၏။
သို့အတွက် အမေသည် သူ့အား သစ်မြစ်ကြား၌ ပုန်းခိုနည်း၊ ပုန်းခိုမည့်နေရာကို ရေမလွှမ်းအောင် နိမ့်ဝှမ်းသော နေရာများ၌ ဥမင်များစွာ ဖောက်လုပ်နည်းများကို သေချာစွာ သင်ပြပေးခဲ့၏။
အမေသည် ဥမင်ဝိဇ္ဇာဖြစ်ငြား တစ်ချက်မှားသွားသည်။
ထိုနေ့က လူတို့၏ ဘေးရန်နီးသောကြောင့် ညောင်မြစ်ကြီးအောက် ဝင်ခိုသည်။ လောင်းသမျှရေသည် လက်ယှက်ထိုးဥမင်တွေမှ စီးထွက်ကုန်သဖြင့် လူတွေ လက်လျှော့ကာ ပြန်သွားကြသည်။
မှောင်ရီပျိုးချိန်ကျမှ သားအမိနှစ်ကောင် သစ်မြစ်အောက်မှ ထွက်လာကြသည်။ ရွှံ့ပျော့တွေကို စမ်းတဝါးဝါးနင်းရင်း ဥမင်လမ်းကို ရှာသည်။
အမေမှာ မြေအောက်ဘုရင်မတစ်ပါး ဖြစ်ပေငြား မြေပေါ်တွင် အားခွန်ဗလ နည်းပါးလှ၏။ သမင်ချိုယှက် ပွေးတွင်းထွက်ဆိုစကားအရ ဥမင်ရှာမတွေ့မီ မြေပြင်ပေါ်၌ ခွေးနှင့်တွေ့သလား၊ လူနှင့်တိုးသလား မသိပါ။ ထိုအချိန်မှစ၍ အမေ့ကို သူ မတွေ့တော့ပြီ။
(၃)
စိုထိုင်းမှုများ နည်းသည်ထက် နည်းပါးသွားသည်။
ဪ . . . မြေပေါ် လောကတွင် မိုးကုန်ခဲ့ပြီတကား။
မိုးကုန်သည်နှင့် သူ ပျော်ရွှင်စွာ အလုပ်လုပ်တော့သည်။ နေဝင်ချိန်မှစတင်ပြီး နောက်တစ်နေ့ အရုဏ်လာသည်အထိ အလုပ်လုပ်သည်။
ညသမားဖြစ်သောကြောင့် မှိန်း၊ ခက်ရင်းနှင့် လှံကို မကြောက်ရ။ ကျည်တောက်မြားနှင့် ကိုင်းမြားတို့ ဘေးရန်မှလည်း နည်းပါးလှသည်။
သူသည် စားသလောက် အလုပ်လည်း လုပ်နိုင်၏။ အလုပ် လုပ်သလောက်လည်း စားနိုင်၏။ သစ်မြစ်တွေ၊ သစ်ဥတွေ စားသည်။ သစ်မြစ်ကြားမှ ပိုးမွှားတွေကိုလည်း စားသည်သာ။
တစ်ခုသောညတွင် သူ တူးဖောက်နေဆဲ ဥမင်၏ရှေ့တည့်တည့်မှ ထူးခြားသော အသံကို ကြားရ၏။ မြေပေါ်မှလာသော အသံမဟုတ်။ မြေကြီးထဲက လာသော အသံ။
သည်အသံမျိုးကို သူ့တစ်သက်တွင် သည်တစ်ခါသာ ကြားဖူးငြား သူ သိသည်။ ဘဝတူ တစ်ကောင်ကောင်သည် သူ့နည်းတူ ဥမင်တူးနေခြင်းပါတကား။
သူဝမ်းမြောက်သည်။ အားတက်ရွှင်လန်းခြင်းနှင့်အတူ အဖော်ကို တောင့်တသောစိတ်သည် ရင်တွင်း အသည်းတွင်း၌ တစ်မုဟုတ်ချင်း ပေါ်ပေါက်လာ၏။
လက်များ သွက်၏။ ခြေများ လျင်မြန်၏။ ဥမင်ချင်းနီးသည်ထက် နီးလာ၏။ ဥမင်နံရံကို ခေါင်းဖြင့်ရိုက်ပြီး အချက်ပေး၏။ တစ်ဖက်မှလည်း အလားတူ ပြန်၍ အချက်ပေး၏။
နီးပြီ … ပို၍ ပို၍ နီးလာသည်။ ခြစ်သံကုတ်သံများ အဆမတန် ကျယ်လောင်လာပြီးသည်၏ အဆုံး၌ ထူးဆန်းသော အနံ့သစ်ကို ရရှိသည်။ သူမျှော်လင့်သော အဖော်မဟုတ်။
သူသိသည့်နည်းတူ တစ်ဖက်ကလည်း သိသွားပြီ။
တစ်ကောင့်တစ်ကောင် ဖက်ပြီး ပြင်းထန်စွာ ကိုက်ခဲကြ၊ သတ်ပုတ်ကြတော့သည်။ မြေသင်းနံ့၊ သစ်မြစ်နံ့ ကြိုင်သော ဥမင်လမ်းတစ်လျှောက်ဝယ် သွေးညှီနံ့ဖုံးသည်။
အကြံတူ၊ ဆန္ဒတူကောင်သည် သူ့နေရာဟောင်းသို့ လျင်မြန်စွာ ဆုတ်ခွာသွားပြီး မြေကြီးဖြင့် အထပ်ထပ် ကျစ်ထိုးပစ်ခဲ့လေ၏။
မောပန်းခြင်းတဝ၊ နာကျင်ခြင်းတစ်မှောင့်ကြောင့် အိပ်ပျော်ဖို့ အလွန်ကောင်း၏။
သို့တစေ ထိုနေ့တစ်နေ့လုံး သူအိပ်၍မရ။ အဖော်တောင့်တစိတ်သည် သူ့အသည်းကို ပြင်းပြစွာ လှုပ်ခါနေချေပြီ။ အသည်းမှ အဖော်ငတ်မွတ်သော ဝေဒနာသည် လှုပ်ကြွနေပါပြီကော။
သူကသာ သတိမထားမိငြား သူ လှုပ်ရှားသွားလာနေသည့် ဥမင်တစ်ခုလုံးတွင် ပွေးသိုးနံ့လှိုင်နေ၏။ သို့အတွက် သူသည် အစာစားရန်ထက် ဥမင်တူးရန်သာ အာရုံစောနေ၏။
မြေစုန့်တစ်စုန့်ကို ခေါင်းဖြင့်တွန်း၍ စုန့်တင်တိုင်း နားစွင့်သည်။ ကုတ်သံ ခြစ်သံ တူးဆွသံများ ကြားရမည်လောဟူ၍။
အရုဏ်တက်ခါနီးတွင် သူ့ခေါင်းပေါ်မှ နွားလှည်းတွေ ဖြတ်သန်းသွား၏။ မရှေးမနှောင်းပင် တူးဆွသံတစ်ခုကို ကြားလိုက်ရသည်။ သူက ဝမ်းသာအားရဖြင့် ဥမင်နံရံကို ဦးခေါင်းဖြင့်ရိုက်လျက် အသံပေးလိုက်၏။ ချက်ချင်း တုံ့ပြန်သံ ပေါ်လာသည်။
သူ အလွန်ဝမ်းသာ၏။ သူ့ထံမှသွားသော အချက်ပေးသံနှယ် မာကျောပြင်းထန်မှု မရှိသော တုံ့ပြန်အချက်ပေးသံ။ ဟုတ်ချေပြီ။ သူ လိုလားမွတ်သိပ်နေသော အဖော်စစ်၊ အပေါင်းစစ်။
အသံလာရာအရပ်သို့ဦးတည်ကာ သူတူးဆွလာခဲ့၏။ ဝမ်းသာနေသည့်အတွက် မမောပါ၊ မပန်းပါ။ ပျော်ရွှင်၍ပင် နေသေးသည်။
ပွေးပျိုမကလေးပေလော၊ ငါလို မီးခိုးရောင်ပဲလား။ အို . . . ဘာပဲဖြစ်ဖြစ် သူဟာ ငါ့အချစ်၊ ငါ့အဖော်ပဲ။
အသံများသည် တစ်စတစ်စ နီးကပ်လာ၏။ တစ်ချိန်ထက်တစ်ချိန် တူနှစ်ကိုယ် ယှဉ်တွဲရေးသည် နီးကပ်လာပြီ။ သူအားကြိုးမာန်တက်ရှိသည်နှင့်အမျှ တစ်ဖက်ကလည်း မလျှော့သောလုံ့လရှိသည်။
မြေကြီးကို ရှေ့ခြေနှစ်ချောင်းဖြင့် ယက်သံများကိုပင် ကြားနေရပြီ။ သူ၏ ခွန်အားဗလများသည် တိုးတက်ဖြစ်ပေါ်လာ၏။ ဖွေးခနဲ ပေါ်လာသော သစ်မြစ်ကြီးကို သွားနှစ်ချောင်းဖြင့် တစ်ချက်တည်း ကိုက်ချလိုက်လေ၏။
ရှေ့က မြေကြီးသည် ပြိုကျလာ၏။
ဥမင်းချင်းဆက်မိရန် တစ်စုန့်မျှသာ လိုတော့၏။ သူသည် လက်ဖြင့် ယက်ထုတ်လိုက်ရာ အဖော်စစ်၊ အပေါင်းစစ်၏ ရနံ့သည် ထောင်းခနဲ ထလာ၏။ ထို့ကြောင့် မြေစာများကို ခေါင်းဖြင့်တွန်းပြီး တတိယကျစ်စာအဖြစ် တွန်းတင်သည်။
“တွေ့ရတော့မယ်၊ ဖော်မွန်စစ်နဲ့ တွေ့ရတော့မယ်”
တစ်သက်တွင် တစ်ကြိမ်သာ ဖြစ်ပေါ်ဖူးသော ပျော်ရွှင်မြူးထူးမှုဖြင့် ဥမင်ဘက်သို့ ချာခနဲလှည့်လိုက်စဉ် ဦးဆက်ဆီမှ နာကျင်သော ဝေဒနာကိုခံစားရ၏။ ခံစား သိသိစဉ်မှာပင် မိုက်ခနဲဖြစ်လျက် မြောက်တက်သွားလေ၏။
သူသည် သူကျက်စား လှုပ်ရှားချိန် ကုန်ဆုံးပြီကို သတိလစ်ခဲ့၏။ နေထွက်တပြူ ပွေးထိုးသမား ရောက်လာသည်ကိုလည်း ခြေသံကြားပါလျက် အမှတ်မဲ့ဖြစ်ခဲ့၏။ ဤသို့ဖြင့် ပွေးထိုးသမား၏မှိန်းဖျားတွင် ကားခနဲ ပါသွားရခြင်း ဖြစ်ပေ၏။ ။
သည်းဦးပန်းမဂ္ဂဇင်း
မတ်၊ ၁၉၈၆
– ပြီး –
စာရေးသူ – ဆင်ဖြူကျွန်းအောင်သိန်း
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Uncategorized