မြောက်ကျွန်းသူ (ဝတ္ထတို) ခင်ခင်ထူး
*****
မြောက်အရပ်မှ တောင်အရပ်ပင်လယ်ဆီသို့ စီးဆင်းလာသော မြစ်မကြီးတစ်နေရာတွင် မြစ်လယ်ကျွန်းသုံးကျွန်း အစဉ်လိုက်တန်းနေသော ရေလယ်ကျွန်းဆက်တန်း တစ်တန်း ရှိသည်။ ကျွန်းဆက်တန်းဆိုသော်လည်း တစ်ကျွန်းနှင့် တစ်ကျွန်း နီးနီးကလေးလားဆိုတော့ မနီးပါဟုသာ ဖြေရပါမည်။ မနီးဘူးလား ဆိုတော့လည်း နီးသည်သာ။ ကျွန်းသုံးကျွန်း ကြားမှာ အခြားကျွန်းမရှိ။ တစ်နည်းအားဖြင့် အခြားကျွန်းရွာ တစ်ရွာတစ်လေ ၀င်ခုနေတာမျိုး မရှိ။ မြစ်မသည် မြောက်ဘက်မှ စီးလာကတည်းက မြောက်ဘက်စွန်း ရေလယ်ကျွန်းမကို ခေါင်းဝှေ့သည်။ ကျွန်းမကို ရေဦးထိုးရာက ရေနှစ်မြွှာကွဲကာ ကျွန်းမကြီး၏ အရှေ့ဘက်နှင့် အနောက်ဘက်မှ ရေကြောင်း နှစ်ကြောင်း ပေါ်သည်။ ရေကြောင်း နှစ်ကြောင်းစလုံး လှေသင်္ဘော သွားလို့ ရအောင်ပင် ကျယ်လှ နက်လှပါ၏။ ထိုရေကြောင်း နှစ်ကြောင်းက အောက်ဖက် အလယ်ကျွန်းကိုရော၊ တောင်ဘက်အစွန်က တောင်ကျွန်းကိုပါ ခွ၍ စီးဆင်းနေပေရာ ထိုနေရာတွင် ကျွန်းဆက်သုံးကျွန်းသည် ရေလယ်ကျွန်းများအဖြစ် သဘာ၀တရားကပင် နေရာချထားသကဲ့သို့ ရှိပါ၏။
ကျွန်းသုံးကျွန်းသည် ရွာသုံးရွာ ဖြစ်သည့်အလျောက် ကျွန်းသုံးကျွန်း ရေလယ်မှာ ထွန်းကတည်းက မြောက်ကျွန်း၊ အလယ်ကျွန်း၊ တောင်ကျွန်းလို့သာ အလွယ်ခေါ်ခဲ့ကြသည်မှစကာ သည်အမည်များ တွင်ခဲ့လေတော့သည်။ ကျွန်းရွာတွေဆိုတော့ ရွာချင်း ကူးချင်တော့လည်း လှေနှင့် တက်နှင့် ကူးကြရသည်။ ကျွန်းတစ်ကျွန်းစီ၏ တစ်ဖက်တစ်ချက်တွင် ကူးတို့လှေတွေ ရှိကြသဖြင့် ဖြတ်ကူးတို့၊၊ လျားကူးတို့ သွားချင်သလို သွားလို့ရကြသည်။
ကျွန်းမကြီး သုံးကျွန်းမှာ အရွယ်အစားချင်းကလည်း မကွာ၊ ကျွန်းထွန်းခဲ့သည့် နှစ်တွေကလည်း မကွာ၊ လူနေအိမ်ခြေတွေကလည်း မတိမ်းမယိမ်းဆိုတော့ ဘယ်ရွာက ဘယ်နေရာမှာ ဘယ်လိုသာသည်ရယ်လို့မရှိ။ စီးပွားရေး၊ ကြီးပွားရေးတွေမှာလည်း မကွာပါ။ လှူရေးတန်းရေးမှာလည်း တန်းတူပင်။ စေတီပုထိုး၊ ကျောင်းကန်၊ တန်ဆောင်းတွေကလည်း ရေလယ်ကျွန်းရွာတွေဆိုပေသိ ပွင့်ပွင့်လန်းလန်း ရှိကြပါသည်။ သို့သော် တစ်ကျွန်းတစ်ရွာ နေထိုင်ကြရသူတွေပီပီ ကိုယ့်ရွာကိုယ့်အစွဲ အပြိုင်စိတ်ကလေးတွေကတော့ ရှိကြသည်။
“တောင်ကျွန်းက ကိုမှတ်ကြီး မဌေးမတို့အလှူ မနှစ်က တီးသွားတဲ့ဆိုင်း . . .ဘယ်သူတဲ့ . . . စိန်ကျော်လှဆိုလား . . . ကောင်းလွန်း ကောင်းလွန်းနဲ့ . . .သည်နှစ် တို့ရွာ အလှူတီးသွားတဲ့ စိန်မြညိုဆိုင်း မမီပေါင်ကွာ . . .တီးချက်ကတော့ဟေ့ ပတ်လုံးတွေများ ကွဲထွက်ရော မှတ်သာ . . .”
ကိုယ့်ရွာတီးတဲ့ဆိုင်းကမှ ကောင်းကြောင်း အလယ်ကျွန်းသားက မှတ်ချက်ပြုသလို မြောက်ကျွန်းသားကလည်း စိန်မြညိုဆိုင်းကို မကြိုက်ဟု ပြောတတ်သည်။
“အလယ်ကျွန်းသားများ အလယ်ကလူ စကားဝဲ . . . ငှက်ပျောသီး အချိုလုပ်ရသာနဲ့ ပြီးရသာပါကွာ . . .သူတို့ရွာ တီးတဲ့ စိန်မြညိုဆိုင်း ကောင်းလှပြောနေတော့ မခက်ပါလား . . . .ဗုံ ပတ်စာကပ် တီးရင် အရူးတီးသာတောင် မြည်တဲ့ဟာ . . . .ဆိုင်းကတော်တော် မယ်တော်က ကဲနေကြသာ . . .ဆိုင်း တကယ်ကောင်းသာက တို့ရွာ ဆွမ်းကြီးခံပွဲ လာတီးသဲ့ စိန်ဘကျော်မှ ဆိုင်းကောင်း ခေါ်သာဟ”
သည်စကားတွေက တောင်ကျွန်းရွာ နားပေါက်ပြန်တော့ တောင်ကျွန်းရွာသားတွေက မခံနိုင်ကြ။ သူတို့ရွာတီးသွား မှုတ်သွားသည့် စိန်ကျော်လှဆိုင်းမှ မကောင်းရင် တာ၀တိံသာက ဗေလုဝစောင်းတီးတဲ့ နတ်သား ခေါ်ပြီး စောင်းတီးခိုင်းဖို့ပဲ ရှိတော့မှာပေါ့လို့ ခနဲ့ကြသည်။ ဒါမျိုးက မကြာခဏ ဖြစ်တတ်ပါ၏။ ဇာတ်ငှားကြတော့လည်း ကိုယ့်ရွာ လာကသည့် ဇာတ်ကမှ ဇာတ်အသားပါသတဲ့။ သူတို့မင်းသားကမှ ရုပ်ချော၊ အသံကောင်းတဲ့။ အုပ်စုံကောင်းဆိုရလောက်အောင် အော်ပရာ၊ ပြဇာတ်၊ နောက်ပိုင်း ပြောစရာ မရှိအောင် ကောင်းသတဲ့။ အလှူ လှူကြတော့ကော တစ်ရွာက ဘယ်သူဘယ်ရွာကမှ လိုက်မမီအောင် ကြီးကြီးကျယ်ကျယ် လှူလိုက်သည်ဆိုပါစို့။ မမီမှန်းသိသော်လည်း အောက်ကျမခံ။
“ဘုန်းကြီးတစ်မတ် ဗျော ငါးကျပ် . . .ပကာသနတွေ သည်လောက်များမှတော့ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿပေါ့လကွာ . . .ဒါမျိုး အားမကျကြနဲ့ . . .တို့ရွာက မိတင်အေးတို့လှူသာ ကြိုက်သယ် . . . လှူဖွယ်ပရိက္ခရာ အသားပေးသာ . . .ရောက်ကရောပေါ့ကွ နိဗ္ဗာန် . . .ဓာတ်လှေကားနဲ့ တက်သာကမှ ကြာဦးမယ် . . .”
သည်နှစ် မူလတန်းကျောင်းသားအောင်ချက်ချင်း ပြိုင်ကြသည်။ တကယ်တော့ မူလတန်းကျောင်းကတော့ ဘယ်ရွာမှာမှ မရှိကြပါ။ အနောက်ဖက် မြစ်မကမ်းဘက်ကို လှေနှင့်ကူးကာ ကျောင်းတက်ကြရတာချင်း အတူတူဆိုတော့ ကျောင်းချင်း မပြိုင်သာ။ သည်တော့ ကျောင်းသားအောင်ချက် ပြိုင်ကြသည်။ မြေနုကျွန်းတွေမှာ စိုက်ကြသည့် မြေပဲတောင့်ချင်း ပြိုင်ကြသည်။ နွားချောတာချင်း ပြိုင်ကြသည်။ ရွာလက်သမားချင်း ပြိုင်ကြသည်။ ရွာ၀မ်းဆွဲချင်း ပြိုင်ကြသည်။ တံငါသည် ငါးရတာချင်း ပြိုင်ကြသည်။
“အလယ်ကျွန်းက အောင်ဖေ အနောက်မြစ်မထဲ ကွန်ပစ်သာ မြစ်ငါးကြင်းကြီး ရှစ်ပိဿစီး ရသွားသတဲ့ . . . ဟန်ကျချက်တော့ . . .”
“ငါ မြင်ပါ့ကွာ၊ သုံးပိဿ . . . လျော့လျော့ပါ….အလယ်ကျွန်းသားများ မောင်းကွဲက ဒူဟူဟူ မြည်ချင်ကြသေးသာ . . .ခက်ပါ့ကွာ . . . တို့ရွာက ငမောင် ရလိုက်သဲ့ ငါးချောင်းကြီး တွေ့စေချင်သယ်”
“မြောက်ကျွန်းသားတွေကလည်း တက်တက်စင်လွဲသာတောင် အောင်လံထူ စစ်သူကြီးပွဲလုပ်ချင်တုန်း . . .ငမောင် ရသဲ့ငါးက ငါးခုံးမသာသာပါကွာ . . .”
ရွာသုံးရွာက အဲသလို ရွာများပင်။ ရန်ပွဲရယ်၊ တုတ်ပွဲ ဓားပွဲရယ်လို့တော့ မရှိကြ။ စကားအရာမှာ မခံနိုင်အောင် ပြောကြတာတော့ ရှိကြပါ၏။ တစ်ရွာ့တစ်ရွာ ထမ်းပိုးအတင်မခံ။ ကိုယ့်ရွာက ကိစ္စသာ အကောင်းစား လုပ်ချင်တာကလွဲလို့ သုံးကျွန်းသုံးရွာစလုံး သဘောမနောကောင်းကြသည်။ ဝါးတစ်ရုံလုံး ဘုန်းကြီးတောင်ဝှေး၊ ပေတစ်ပင်လုံး ဘုန်းကြီးယပ်တောင် ဖြစ်ကြရုံကလွဲလို့ အခြားအကုသိုလ်မရှိ။ သို့သော် ကိုယ့်ရွာကသာ လိုက်ရမှ ဆိုသည့်စိတ်တွေကတော့ မဖျောက်နိုင်။
“ရွာအပျိုချင်းပဲ ယှဉ်လေကွာ . . .တောင်ကျွန်းသူများ အကျည်းတန်ချက်တော့ . . . .ပိန်ရတဲ့အထဲ နာတာရှည်စွဲသာလိုဟာတွေ . . .”
“မြောက်ကျွန်းက အပျိုတွေ အလှူလှည့်ကြသာ တစ်ရက် လှေနဲ့ကူးပြီး ကြည့်မိပါသယ်…ပုန်းမကြည်အိုး မုန့်နှစ် တို့ထားသလိုကွာ . . .မြန်မြန် ပြန်လှော်ခဲ့ရသယ်”
“အလယ်ကျွန်းသူတွေ လှသယ် လှသယ်နဲ့. . .ရွာခရိုးစပ် ပစ်ထားသဲ့ ခေါပတောင်းကမှ လှသေး ”
ပြိုင်စရာမရှိတော့လည်း အပျိုချင်း ပြိုင်ကြ။ တစ်ရွာ့ တစ်ရွာ မှိုချိုးမျှစ်ချိုး ပုတ်ခတ်ကြ။ တကယ်တော့ ကျွန်းသူတွေအားလုံး သူ့အဆင်းနှင့် သူ့အချင်း လှကြသည်သာ။ ဘ၀ကံအကျိုးပေးကောင်းသူတွေ ရှိကြသလို အကျိုးပေးမကောင်းလို့ အလှရည် လျော့ကြတာလည်း လူ့သဘာ၀ ရှိကြပေမပေါ့။ သို့သော် ကိုယ့်ရွာသူမှ ချောသည်လို့ ထင်ကြသူတွေ ဖြစ်ပါ၏။ ရွာ့မိန်းမပျိုတွေခမျာ ချောကြသည်ဖြစ်စေ၊ မချောကြသည်ဖြစ်စေ ဘယ့်နှယ်မှ မနေခဲ့ကြပေသိ ရွာက ပြိုင်ကြတော့ သူတို့လည်း ကြာတော့ “နဲ့” ကြရသည်သာ။
(၂)
တကယ်တမ်း ပြောကြကြေး၊ ၀န်ခံကြကြေးဆိုလျှင် မြောက်ကျွန်းသူကလေးတွေက အလှပိုကြပါသည်။ သည်ရေသည်မြေ သည်လေ လက်တစ်ကမ်းက ကျွန်းရွာချင်း တူပါလျှက် မြောက်ကျွန်းသူကလေးတွေက လှရိုးအမှန်ပင်။ မြောက်ကျွန်းက ဘူးရွက် ဘူးညွှန့် ဘူးသီးက ပိုချိုသည်။ မြောက်ကျွန်းက မြေပဲက အဥကောင်း အဆန်ကောင်း၊ ဆီထွက်သန်သည်။ မြစ်မရေ သောက်ကြသည့် ရွာချင်းအတူတူ မြောက်ကျွန်းသူကလေးတွေက အသားအရေ ပိုလှကြသည်။ ဆယ်ကျော်စွန်းစ အပျိုနုနုကလေးတွေ လှကြသလို နှစ်ဆယ်ကျော် သုံးဆယ်တွင်း အပျိုအူလည်တွေကလည်း လှကြသည်။ အပျိုအူလည်တွေ လှကြသလို လေးဆယ်ကျော် အပျိုထော်ထော်တွေကကော လှကြပါ၏။ ဘယ်လိုပင် မခံချင်အောင် ပြောကြပြောကြ၊ ကိုယ့်ရွာကိုယ် ဘယ်လိုပဲ အမွှမ်း တင်တင် မြောက်ကျွန်းသူတွေ အလှူလှည့်ကြပြီဆိုလျှင် မြောက်ကျွန်းရွာ ကျွန်းပတ်လည် လှေတွေ ကြက်တောင်စိုက်ကြတာ မည်းမည်းတုတ်လို့။ မြောက်ကျွန်းရွာ ကာလသားတွေက မစည်ကြရဘဲ အလယ်ကျွန်းနှင့်တောင်ကျွန်း ကာလသားတွေ တိုးမပေါက်နိုင်တာလည်း မြောက်ကျွန်းရွာသူတွေ လှကြတာကို ၀န်ခံခြင်းတစ်မျိုး မဟုတ်လား။ ကာလသားချင်း တစ်ရွာ့တစ်ရွာ ခင်ကြသူတွေဆိုတော့ ဧည့်ရွာသားတွေကို ရွာခံကာလသားတွေက ခနဲ့ကြသည်။
“မင်းတို့ပြောတော့လည်း တို့မြောက်ကျွန်းသူတွေက နဘဲတုံး မိုးကြိုးပစ်ထားသလို ဟာတွေဆိုကွာ . . .အခုတော့လည်း မင်းတို့ရွာလှေတွေ တို့ရွာ ကြက်တောင်လာစိုက်ကြသာများ လှေစည်းရိုးခတ်ထားသာ ကျလို့ . . .”
ဟုတ်ကလည်းဟုတ်နေတော့ တောင်ကျွန်းသား၊ အလယ်ကျွန်းသားတွေ မလှုပ်သာပါ။ သို့သော် အားကျမခံတော့ ပြန်တွယ်ကြပါ၏။
“မြောက်ကျွန်းသူတွေ လှလွန်းလို့ ဟုတ်ရပေါင်ကွာ . . . ဘဲဥတစ်လုံး သုံးရွာဝေ . . . မင်းတို့ရွာအလှူ စည်အောင် လာကြသာပါ”
မြောက်ကျွန်းသူတွေ မနက်ခင်း နေရောင်ထဲ အလှူလှည့်တန်းစီကြပြီဆိုလျှင် တဖိတ်ဖိတ် တောက်နေတော့သည်။ ရွာ့အပျိုခေါင်း မအုန်းရီက ပဝါ စုံချ၊ နဖူးပြောင်ပြောင် ဆံမြိတ်ကျနှင့် အပျိုတန်းကို လိုက်ကြည့်ရတာ အမော။ တစ်လှူ တစ်ရောင် ၀တ်နိုင်အောင် စီစဉ်ထားကြသူတွေဆိုတော့ လှချင်တိုင်း လှကြပါ၏။ ဘယ်သူ ဘယ်ဝါက ပိုလှလို့ ဘယ်သူဘယ်ဝါက ကုသိုလ်နည်းသည်လို့ပင် မပြောသာ။ ရှေးက ရာဇ၀င်နိပါတ်တော်တွေထဲမှာပါသည့် မြောက်ကျွန်းသူတွေလို အလှနှင့် အယဉ်၊ အသွင်နှင့်အဆင်း ဘက်ချင်းညီကြသူတွေချည်းပင်။ သည်လို ညီအောင် လှအောင် ရွာအိမ်ကြီးတစ်အိမ်မှာ အပျိုတွေစုကာ ဖြီးကြ လိမ်းကြ။ ၀တ်ကြ စားကြ၊ ခြယ်ကြ သကြ၊ ပန်ကြ ကုံးကြ၊ ပြင်ကြ ညှိကြတာဆိုတော့ တစ်ယောက်တစ်ပေါက်မရှိ။ မိဘတွေကလည်း ကျွန်းသုံးရွာ ပြိုင်ပွဲစိတ်ကလေး ရှိကြသူတွေချည်း ဆိုတော့ အများက ဒါဆိုလျှင် ကိုယ့်သားသမီးခါးပေါ် ရောက်အောင် ဆင်ကြသည်။
မရှိသူတွေကလည်း သမီးပျိုတွေ မျက်နှာအညှိုးမခံ။ မရှိတာ ရှိတာထား။ စျေးစပါး အဖျင်းများသည် အပြောမခံချင်။ သူတကာသားသမီး ၀တ်နိုင်မှတော့ ငါတို့သားသမီးလည်း ၀တ်နိုင်ရမှာပေါ့ဆိုသည့် စိတ်သာ ရှိကြပါ၏။ သည်စိတ်ကိုပင် ရွာစိတ်လို့ သဘောထားကြသည်။ သည်ဂုဏ်ကိုပင် ရွာ့ဂုဏ်လို့ မှတ်ယူကြသည်။ သည်တော့လည်း မြောက်ကျွန်းရွာသူတွေ ရိပ်ရိပ်ပြေးနေကြတာ မဆန်းပါ။ ရွာအပျိုတွေက ရွာရေးရပ်ရေး ရှိလာလျှင် ငရံ့ရတော့ စပ်တူ ငခူရတော့ ခွဲခြမ်းခွဲခြမ်း မရှိကြ။ အလွန်ညီ ကြပါသည်။ မရှိသူကလေးတွေကို ဝြေက မျှကြရာက ပြည့်ရတာလည်း ရှိကြပါ၏။ အပျိုခေါင်း မအုန်းရီက ပါဝါရှိသည်။ မအုန်းရီ၏စကားတစ်ခွန်းက တာသွားသည်။
“သည်မယ် . . .ငါပြောမယ် . . .တို့ရွာက အလှူပြီးသာနဲ့ တောင်ကျွန်းကအလှူ ဆက်၀င်မှာ . . .ကိုယ်က ဦးအောင် အ၀တ်အစားနဲ့ ဖိထားမှ မလှန်နိုင်မှာ . . .အဖိုးတန်တော့လည်း မဟုတ်ဘူးပေါ့အေ . . .အဖိုးနည်း အိုးကွဲကျတော့လည်း သူတကာ အထင် လျော့မခံနိုင်ဘူး . . .ငါ မြို့က အဆင်ကလေး သဘောကျထားသာရှိသယ် . . .ညည်းတို့လည်း ကြည့်ကြပါဦးပေါ့”
သည်စကားက အတည်ဖြစ်ရတော့သည်။ မြောက်ကျွန်းသူတွေ လှကြတယ်ဆိုရာမှာ အ၀တ်အစား ၀တ်တတ်စားတတ်ကြတာလည်း ပါသလို လူညီကြတာလည်း ပါသည်။ သူ့ရုပ်ရည် ကိုယ့်ရုပ်ရည် မတူနိုင်ကြပေမယ့် စိတ်ထားညီတော့ လှကြတာလည်း ပါပါလိမ့်မည်။ တကယ့်ကို စက်စက်ယိုလှသူက နှစ်ယောက်သုံးယောက်သာ ရှိပါ၏။ ထွေးပိုနှင့်အေးညို။ သည်နှစ်ယောက်ကတော့ တကယ်လှကြသူကလေးတွေ။ ကျွန်းသုံးရွာက ကာလသားတွေက မျက်စိကျကြတာလည်း မပြောနှင့်။ မြင်းတစ်ပြေး ကြည့် ကြည့်၊ ကွမ်းတစ်ပေးကြည့် ကြည့် လှကြသူတွေ မဟုတ်လား။ အလှူ မဏ္ဍပ်၀င်ကြပြီဆိုသည်နှင့် ရွာလုံးကျွတ်အောင် ကြည့်ကြ ငေးကြရသူကလေးတွေ။ သည်နှစ်ယောက်နှင့်ပင် မြောက်ကျွန်းသူတွေ နိုင်လှပေါ့။
(၃)
နို့ဖြင့် မြောက်ကျွန်းမှာ မလှသူရယ်လို့ မရှိဘူးပေါ့။ အဲသလို မေးလျှင်တော့ အကျည်းတန်သူလည်းရှိသပေါ့ လို့သာ ဖြေရမည်။ တစ်ခါတလေ မိဖုရား ကင်းကိုက်မိသလို ဘေးကလူတွေ နေမထိ ထိုင်မသာ ဖြစ်ရတာများလည်း ရှိပါ၏။ အထူးသဖြင့် “မချုံ တင်”ကြောင့်ပင်။ ချုံတင်ကလည်း မြောက်ကျွန်းရွာသူ ဓမ္မစစ်။ ပြီးတော့ အပျို။ အပျို မှ အသက် နှစ်ဆယ်ကျော် မနွံမရေအပျိုထဲက ဖြစ်သည်။ ဘ၀က ကံမပါတော့ ရုပ်ကလည်း ဆိုးလွန်းလှပါ၏။ သည်ကြားထဲ လူကောင်ကလည်း ကြမ်းလိုက်သမှ တော်ရုံ မြေတစ်ကျင်းစာလောက်တော့ ချုံတင်တစ်ယောက်တည်း မွန်းမတိမ်းခင် တူးနိုင်သည်ဆိုတာမျိုး။ ခမျာ သောင်သာတာ မဟုတ်တော့ နေပူစပ်ခါး ပြဲပြဲစင် လုပ်စားရတာကလည်း နဂိုအသားအရေကို လှော်ထားသလို ရှိရသည်။ အဆိုးဆုံးကတော့ သွားများပင်။ ကွမ်းညှပ် ကောင်းကောင်းဖြင့် ညှပ်ထားသော ကွမ်းသီးပြားကြီးတွေ ထောင်လိုက် ကပ်ထားသလို ရှိနေကြသော သွားတွေက ကြီး ရုံမက ရှေ့ကို ခေါထွက်နေကြ၏။ မျက်စိက မှေးမှေး၊ နားရင်းက ကားကား၊ မျက်နှာက ဆယ်ပြားစေ့ကြီးနှင့်ဆိုတော့ အမှတ်တမဲ့ဆိုလျှင် ယောက်ျားသား သန်သန်ကြီးနှင့်ပင် တူနေတတ်ပါ၏။
“ချုံတင်က ငယ်ငယ်က အလွန် ချူချာသာကိုး . . .အခုမှ ဆင်ပေါက် ကျားပေါက်ကြီးဖြစ်လာသာ . . .မွေးတုန်းကလည်း ချုံတင့်ရှေ့က ကလေးတွေ အဖတ်မတင်ကြလေတော့ ချုံတင်လည်း မွေးရော ဆန်ကောထဲထည့်ပြီး ချုံပေါ်တင် ထားရမယ်လို့ ဗေဒင်က ဟောသယ် . . .ပြောသဲ့အတိုင်း တင်လိုက်တာ အဖတ်လည်း တင်ရှာပါရဲ။ ကျန်းလည်း ကျန်းမာ ပါရဲ့. . .သို့ပေသိခမျာ ရုပ်မပါရှာပါဘူးအေ . . .ညည်းတို့လက် ငါ့သမီးကလေး အပ်ပါသယ် . . . . ..”
အပျိုခေါင်း မအုန်းရီကို မချုံတင် အမေ အရီးကောက်က အပျိုစာရင်း ပေါက်သည့်နေ့က ပြောခဲ့ဖူးသောစကား ဖြစ်သည်။ ရွာရေး ရပ်ရေးရှိလို့ အပျိုဖိတ် အဖိတ်ခံရခြင်းသည် အပျိုစာရင်းပေါက်ခြင်း မဟုတ်လား။ ရုပ်မလှတော့ကော ရွာရေးရပ်ရေး မပါလို့ ဖြစ်ကရောလား။ မဖြစ်ပါ။ ချုံတင်က သူတကာ မလုပ်ချင်သည့်အလုပ်တွေမှာ အားကိုးရသည်။ ပေပေကျံကျံအလုပ်တွေမှာ ချုံတင် မရှိလို့ မရ။ ချုံတင်က ပုဆိန်တစ်လက်နှင့် ထင်းခြမ်းခွဲနိုင်သည်။ ယောက်ျား ရေထမ်းပုံးလောက်တော့ ပါသည်မထင်။ ခြေကားကြီးတွေက အက်ကွဲနေကြတာလည်း မပြောနှင့်။ ရှားနက်စူး၊ ဆီးနက်စူးခံရတာတွေကလည်း မနည်းလှပြီ။
အိမ်မှာ ချုံတင်ရှိတော့ လူပိုငှားစရာ မလိုသကဲ့သို့ ရပ်ရေးရွာရေးမှာလည်း တော်ရုံ အပျို လေးယောက်စာလောက် အားကိုးရတာလည်း အမှန်ပင်။ သို့သော် လူပြမလှတာကိုတော့ မအုန်းရီ စိတ်ညစ်ရပါ၏။ ချုံတင်က အပျိုစာရင်း၀င်ဆိုတော့ အပျိုကိစ္စတွေမှာ ရုပ်မလှလို့ ထားခဲ့ရသည် မဖြစ်စကောင်း။ ချုံတင့်မှာလည်း အပျိုတစ်ယောက်၏အခွင့်အရေးတွေ ရှိရမှာပဲ မဟုတ်လား။ အပျိုတကာ အလှူလှည့်တော့ မဖိတ်မဖြစ် ဖိတ်ရသည်။ အပျိုတကာ ရပ်ရေးရွာရေးဆိုတော့ ပါရသည်။ တချို့ ရွာထဲက စိတ်ရင်းညံ့ကြသူများဆိုလျှင် ချုံတင်ကို မဖိတ်ပါနဲ့၊ လူရှေ့ မရပ်ပါစေနဲ့ ဆိုတာမျိုးအထိ ပြောတတ်ကြသည်။ ဒါမျိုးတော့ မအုန်းရီက လက်မခံဘဲ ချုံတင်ဘက်က ခုခံသည်။
“ဟဲ့ . . .ဘယ့်နှယ်ပြောလိုက်သာတုန်း . . .ချုံတင်လည်း အပျိုပဲ . . .မြောက်ကျွန်းရွာသူပဲဟာ . . .ရုပ်ရည်က ဂုဏ်မဟုတ်ပါဘူးအေ . . .အပျိုဆိုတာသာ ဂုဏ်ပါ . . .သူလည်း ပျိုရတုန်း အပျိုကိစ္စပါရသာပါ . . . . လင်ရတော့လည်း ညည်းတို့က ပါပါဆိုတောင် မပါပါဘူး . . . . အရုပ်ဆိုးဆိုး ကျိုးကျိုးကန်းကန်း အပျိုဆိုရင် အပျိုစာရင်း မဖျက်နိုင်ပေါင် အေ . . . .”
မအုန်းရီကို ကြောက်တော့လည်း သည်စကား သည်မှာတင် ပြီးရပါ၏။ မအုန်းရီကိုယ်တိုင်က စိတ်ညစ်သည် မှန်သော်လည်း အပျိုခေါင်းဆိုတော့ မျှမျှတတပြောရသည်။ မျှမျှတတ စဉ်းစားရသည်။ မျှမျှတတ နေရာပေးရသည်ပင်။ မြောက်ကျွန်းရွာက ချုံတင်တစ်ယောက်နဲ့တင် တို့ရွာတွေက ရှုံးပါသကွာလို့ တောင်ကျွန်းနဲ့ အလယ်ကျွန်းရွာတွေက ခနဲ့တာများလည်း သိပါ၏။ သို့သော် ရုပ်ဆိုးသကောရယ်လို့ ရွာက နှင်ထုတ်လို့ မဖြစ်ပါ။ စာရင်းက ပယ်လို့ မရပါ။ တော်ရာသင့်ရာ ချောင်မှာခိုနေပါအေလို့ မပြောသာ။ ရွာချင်း ခါးစောင်းအတင် မခံကြသူတွေဆိုတော့ သည်ကိစ္စက ခုစရာဖြစ်နေရပါ၏။ ဟင်္သာတွေထဲက ဒင်ကျီးတစ်ကောင်ဆိုသော်လည်း ချုံတင်ကို အကြောင်းကြောင်းကြောင့် မပစ်ပယ်သာခဲ့။
ချုံတင်ကလည်း ချုံတင်ပင်။ အလှူရှိလို့၊၊ ဆွမ်းကြီးလောင်းလှည့်လို့၊ ဆွမ်းသိမ်းပွဲလှည့်လို့ ပွဲမရှိလိုက်နှင့်၊ ရှိတာနှင့် ထိပ်ဆုံးက ရောက်လာပြီ။ ရွာအပျိုတွေ အလှပြင်ကြသည့်အိမ်ကြီးဆီ ပထမဆုံးရောက်လာသူက ချုံတင် . . .။ သည်တော့ သူများအပျိုတွေ မပြင်ရခင်က ချုံတင်ကို ပြင်နှင့်ကြရသည်။ ချုံတင် အရောင်ထွက်လျှင် တိုင်ပေါ် အလံစိုက်နိုင်ပြီ မဟုတ်လား။ ချုံတင်ကို မအုန်းရီနှင့်အတူ အပျိုကြီးလေးယောက်လောက်က ပြင်ကြရပါ၏။
“ချုံတင့်အသားက မည်းလှသအေ မိတ်ကပ်မလူးနဲ့. . . မျက်နှာချေ ရေနဲ့ဖျော်စမ်း . . . .အခံလိမ်းရအောင် . . . ပြီးရင် သနပ်ခါးမှုန့် ထူထူပုတ် . . . သနပ်ခါးအဝါမှုန့် ပုတ်နော် . . . . .နားရွက်တွေပါ နာနာလိမ်း . . . .ဂုတ်တွေ လည်ပင်းတွေ . . . . . ဟဲ့ . . .များများ ဖျော်ပါဟဲ့ . . .ကတည်း . . .”
ချုံတင်ကတော့ ပြဲပြဲကြီး ထိုင်ကာ မျက်နှာလေးထောင့်ကြီးကို မော့ထားလိုက်တာ ကြိုက်သလိုလုပ်ကြစမ်း ဆိုသည့်ပုံ။ မျက်နှာပြီးတော့ ဆံထုံးဘက် လုကြရသည်။ ဆံထုံး ထုံးပြီးတော့မှ အ၀တ်အစား ၀တ်ခိုင်းရပါ၏။ အားလုံးပြီးပြီဆိုတော့ အချောကိုင် ရပြန်သည်။ ဆံထုံးဘေးကနေ ပန်းတစ်ခွေ ကပ်ပန်ပေးကြရ၏။
“ချုံတင်က မျက်ခုံးတုတ်တော့ စင်ရော်ထောင်ကလေးလောက် ပါးပါးလေး မှေး ဆွဲစမ်း . . . .နှုတ်ခမ်းနီအညိုရောင် ဘယ်သူ့ရှိသလဲဟေ့ . . .တစ်ဆိုးစာလောက် ပေးကြစမ်းအေ . . အဲ ဟုတ်ပြီ . . .တစ်ယောက် ဆိုးပေးစမ်းဟေ့ . . .နှုတ်ခမ်းရစ်အထိ မဆိုးနဲ့. . .ချန်ဆိုး စမ်း . . .လှချက်တော့အေ . . . ပပ၀တီက မမ ခေါ်ရပြီပေါ့”
မအုန်းရီက ချုံတင်ရှေ့ တည့်တည့်ကနေ တင်ပျဉ်ခွေ ထိုင်ပြီး စီစဉ်ညွှန်ကြားသမျှ ကျန်အပျိုကြီးတွေက တစ်သဝေမတိမ်း လိုက်လုပ်ပေးရသည်။ ချုံတင်က မအုန်းရီစကားကို တကယ် ထင်ရှာပါ၏။ ချုံတင်ကိစ္စ ပြီးပြီဆိုတော့မှ ဖြီးလိမ်း ပြင်ဆင်ပေးရသူတွေ တစ်လှည့် ပြင်ရပါသည်။ ချုံတင်ကို ငြိမ်ငြိမ်ကလေး ထိုင်ခိုင်းထားရသည်။ ချုံတင်ကလည်း တောင့်တောင့်ကြီး ထိုင်နေတာပါပဲ။ ချုံတင်က လေးထောင့်ပြားပြားကြီးဆိုတော့ ထိုင်နေတာကိုက မအောင်ဖြူ ဖျာလိပ်နတ်နှင့်ပင် တူတော့သည်။ ချုံတင်ကို ညွှန်ကြားချက်တွေလည်း ထုတ်ရသည်။
“ချုံတင် . . .လူထူရင် မရယ်နဲ့ . . .ပါးစပ်ကလေးစေ့ပြီး ပြုံး ကြားလား . . .လျှောက်ရင်လည်း ဒေါင်းတိမောင်းတိ မလျှောက်နဲ့၊ နွဲ့နွဲ့ကလေး လျှောက် . . .ဘေးဘီကို မကြည့်နဲ့၊ ငုံ့လျှောက် . . .မောင်းထောင် ချိုင့်ထဲ ရွှေပန်းခက် မတ်မတ်ထည့်ပြီး မျက်နှာကလေး ကာရုံပွေ့ . . .”
တစ်ဖက်သား နှိမ်ရာကျမှာစိုးတော့ လှသည်ထက် လှအောင် ပြောရတာမျိုး သုံးနှုန်းရသည်။ ချုံတင်ကလည်း သူတကာ အပျိုလို လှည့်ခွင့်ရလျှင် ကျေနပ်ပြီ။ ဘယ်သူ ဘာပြောပြော ခွန်းတုံ့ပြန်တာမျိုးတော့ မရှိ။ သွားကလေးစေ့ကာ ပြုံး၍ပင်ပြလေ၏။ ချုံတင့်ကွယ်ရာမှာတော့ နေရာပြဿနာ ရှင်းကြရသည်။
“ချုံတင့်ကို နောက်ဆုံးက ထားလိုက်အေ . . .ပြီးသာပဲ”
“မလုပ်ပါနဲ့ မမအုန်းရီရယ် . . .နောက်ဆုံးပိတ် အိတ်နဲ့လွယ် . . .ကြည့်ကြသူတွေက ချုံတင်ကြီး စွဲကျန်နေကြပါ့မယ်”
“ဒါဆို ရှေ့ဆုံးက ထား”
“ဗွေဆော်ဦး ဘူးနဲ့လွယ် . . . .စစချင်း ချုံတင်နဲ့ ထိပ်တိုက်တွေ့တော့ လန်ကြကရောပေါ့”
“ဒါဆို . . .အလယ်ထား”
“အလယ်က အသား မမအုန်းရီရဲ့ . . .အလယ်ရောက်လေ လှလေ ဖြစ်ရမှာလေ”
“နို့ . . .ချုံတင်ထားဖို့ ခက်ကရောပေါ့”
“ကျုပ်တော့ ချုံတင်ကို ဒိုးပတ်ဝုိင်းထဲသာ ထည့်လိုက်ချင်တော့သယ် . . .”
တကယ်တမ်းနေရာချတော့လည်း နေရာက မကျချင်။ ဟိုရွှေ့ကြည့် သည်ရွှေ့ကြည့်။ ဟိုနောက်ထား၊ သည်နောက်ထား။ မဟုတ်ရပြန်။ တစ်ခါ ရွှေ့လိုက်ကြ၊ ပြန်ခေါ်လိုက်ကြ။ ကြာတော့ ချုံတင် ရိပ်မိရာက စိတ်တွေဆိုးတော့သည်။ သည်တော့လည်း အပျိုခေါင်း မအုန်းရီမှာ စကားလှအောင် ချော့ရသည်။
“ဟဲ့ . . .ချုံတင်ရဲ့ . . . ညည်းကို အသားလုပ်ရသာ . . ညည်းက မိန်းမခန့်ဆိုတော့ ထားတတ်မှ လှမှာပေါ့ . . . တခြားရွာတွေက လာကြည့်ကြမှာအေ့ . . .ညည်းနဲ့ လှန့်ရမှာ . . .”
သည်လိုဆိုတော့လည်း ချုံတင် ကျေနပ်ရှာသည်။ တကယ်ပြောနေကြတာလို့ ထင်သည်။ သည်လိုနှင့် တစ်ပွဲ ပြီးရပြန်ပါ၏။ ရွာကလည်း ချုံတင့်ကြောင့် အတန်းပျက်ရမှန်း သိကြပါ၏။ သို့သော် ပွင့်ပွင့်လင်းလင်း မပြောရက်ကြတော့ ကွယ်ရာမှာ ပြောကြသည်။ ကာလသားတွေကပါ ချုံတင်ကြောင့် ခက်ပါရဲ့ ဖြစ်ကြရပြီ။ သည်စကားတွေ ကြားတော့ ချုံတင့်အမေ အရီးကောက်က ထဘီစွန်တောင် ခါးတက်ချိတ်ရင်း အော်လေသည်။
“ဘယ် ကောင်မတွေကများ ဖုတ်သွင်းရထား ဆိုက်ကြလို့တုန်းဟေ့ . . .ငါ့သမီးများ မခြောက်ရပါဘဲနဲ့ သရဲအထင်ခံရလို့အေ . . .ချုံတင့်ကို အပျိုစာရင်း နှုတ်ချင်သဲ့ကောင်မတွေ ထွက်ခဲ့ကြစမ်း…ထဘီ ကလနားချင်း ချည်ဆွဲ ပစ်လိုက်စမ်းမယ်”
မြောက်ကျွန်းသူတွေ လှသည်ဆိုပေမယ့် ချုံတင်က ကြားခုနေလေတော့ အလယ်ကျွန်း တောင်ကျွန်းရွာတွေက ဒါကို လက်ညှိုးထိုးလာကြသည်။ နဂိုကမှ ကိုယ့်ရွာကိုယ် အမွှမ်းတင်ချင်ကြသည့် ရွာတွေဆိုတော့ ဆွမ်းဆန်ထဲ ကြွက်ချေးပါသလို ပြောစရာ လုပ်လာကြသည်။ ဟုတ်ကလည်း ဟုတ်နေတော့ မြောက်ကျွန်းရွာသူတွေ အခံရခက်လှပါ၏။ ချုံတင်ကလည်း ဖျောက်ထားလို့မရတော့ လူလုံးပြရ။ လူလုံးပြရပြန်တော့ ပြောစရာဖြစ်ရ။ အပျိုတွေ အိမ်ထောင်ရက်သား ကျကုန်လို့ နောက်ပေါက်ကလေးတွေ အပျိုစား၀င်ကြပြန်သည့်တိုင် ချုံတင်က အပျိုစာရင်းပေါက်ရတုန်းဆိုတော့ ပြဿနာက တသီကြီးပါနေရသည်။
“ပြဿနာက ချုံတင် လင်ရမှ ပြီးမှာအေ့ . .ချုံတင်မှ မဟုတ်ပါဘူးအေ . . .ငါပါ လင်ရမှ ပြီးမှာပါ”
တစ်ရက်တော့ မအုန်းရီက ညည်းသည်။
“လင်ရ ရအောင်ကလည်း ကိုယ့်ရွာသားကလည်း မကြိုက်၊ တစ်ရွာသားကဆို ဝေးရော့ ဆိုတော့ မခက်ဘူးလား . . .။ အခုဟာက ချုံတင်ကြောင့် ရွာက ပြတ်ပြတ်သားသား မနိုင်ရသာကို အခံရခက်သာ . . .”
တစ်ယောက်ကလည်း ထောက်ခံသည်။ မအုန်းရီက မျက်စိကလေး မှေးရင်း စဉ်းစားသည်။ ဘယ်လိုများ လုပ်ရင် ကောင်းမှာပါလိမ့်။ စဉ်းစားတာက အခုမှ စဉ်းစားတာတော့ မဟုတ်ပါ။ တစ်လျှောက်လုံး စဉ်းစားလာခဲ့ရခြင်းဖြစ်၏။ သို့သော် အဖြေမတွေ့ခဲ့။ ချုံတင် အပျိုစာရင်းက ပျောက်ဖို့ လင်ရမှ ဖြစ်မည်။
“သည်လိုဆိုရင်ကော အေ . . . .”
မအုန်းရီက စကား စ လိုက်တော့ အားလုံးက မအုန်းရီဘက် လှည့်ကြည့်ကြသည်။
(၄)
“ချုံတင်ရယ် . . ညည်း အလှူလှည့်သဲ့ရက်က တို့ရွာက ကိုအေးမောင်ကြီးက ညည်းကို လှလွန်းလို့တဲ့ . . . ပေါ်လိုက်သဲ့ ရုပ်နှယ်ဗျာ။ မိန်းမသားဆိုသာ ဒါမျိုးခေါ်သာ . . . အလုပ်များတော့လည်း ဖျန်းဖျန်းကွဲ . . .ချုံတင့် ရသဲ့သူတော့ ကံကောင်းပါ့ဗျာသဲ့ . . .ငါကတောင် ပြောခဲ့သေးသာ . . . ချုံတင်ကြားရင် စိတ်ဆိုးလိမ့်မနော် . . .တောစကား တောပျောက်ပစေလို့ . . .”
အပျိုခေါင်း မအုန်းရီအပါအ၀င် ရွာ့မိန်းကလေးတွေက သည်စကားမျိုး ချုံတင်ကို အကြောင်းဆိုက်တိုင်း ပြောကြသည်။ ပထမတော့ ချုံတင်က မျက်နှာကြီးနီကာ “သေချင်းဆိုးက လူ ဘာမှတ်လို့တုန်း” လုပ်ပါသေးသည်။ ကြားရဖန်များတော့ “တကယ်လားအေ” ဖြစ်လာခဲ့သည်။ ရွာကာလသားတွေကလည်း ကိုအေးမောင်ကို အရက်ဝုိင်းခေါ်တာတွေ များပြီ။
“ကိုအေးမောင်တို့များ စွံချက်တော့ဗျာ . . .မိန်းကလေးက စရတာမျိုး ပါလားဗျာ . . ချုံတင်က ကိုအေးမောင်ကြီး ရိုးသယ် အေးသယ်နဲ့ . . .ယောက်ျားဆိုသာ အဲသလို ကျားစီးဖားစီးရှိမှ စီးပွားဖြစ်သာ တဲ့ဗျာ . . .မဟုတ်မှလွဲရော . .”
ကိုအေးမောင်ကြီးကလည်း ချုံတင်ဆိုတော့ စိတ်မပါ။ သို့ပေသိ လူကလည်း ခပ်ရူးရူးဆိုတော့ ကြားရဖန်များရာ က “မင်းတို့ဟာက ဟုတ်ရဲ့လားကွာ” ဖြစ်လာတော့သည်။ ယာထဲအခင်းထဲကို အေးမောင်နှင့်ချုံတင် မတွေ့မရှိ တွေ့ကြရတာဆိုတော့ တစ် ယောက်တစ်ယောက် ခိုးကြည့်ကြရာက ရင်နွေးရတာတွေ ဖြစ်လာပါ၏။ ရွာကာလသား၊ ကာလသမီးတွေ လှော်ဖန်များတော့လည်း “ပေမကုန်ပဲ စာကျ” ကြလေသည်။
ကိုအေးမောင်နှင့် ချုံတင်တို့ မင်္ဂလာဆောင်တော့ ရွာကာလသား ကာလသမီးတွေက မြေတစ်ကွက် စု၀ယ်ကာ လက်ဖွဲ့ကြသည်။ မင်္ဂလာဆောင်ကလည်း စည်လိုက်သည့်ဖြစ်ချင်း။ ရွာကလည်း သည်အခါမှ “ဟင်း”ချကြရသလို မင်္ဂလာဆောင်ကို ဝုိင်းလိုက်ကြတာ လက်ဖွဲ့တွေများ သိမ်း၍ပင် မနိုင်။ သတို့သမီး ချုံတင်ကို တစ်ရွာလုံးက အပျိုတွေ ဝုိင်းပြင်ပေးလိုက်ကြတာ မကန်းလှေကားကြီး ထုံးသုတ်ထားတာနှင့်ပင် တူ၏။ အပျိုခေါင်း မအုန်းရီက မင်သေသေမျက်နှာဖြင့် နှမျောဟန်ပြသည်။
“ချုံတင်ရယ် . . .ညည်းနှယ် . . .နှမျောချက်တော့အေ . . . .လင်ရမှများ ပိုလှလာသလား အောက်မေ့မိသယ် . . .ကိုအေးမောင်နဲ့တောင် မတန်ပေါင်အေ . . .နေပါဦး . . .ညည်းတို့ ဘယ်သူတွေကများ အောင်သွယ်တာပါလိမ့် . . .”
“ဖူးစာပါတော့လည်း မရှောင်သာဘူးပေါ့ မမအုန်းရီရယ် . . .စဥ့်အိုးထဲ ၀င်ပုန်းတောင် လွတ်မထင်ပါဘူး . . . ဘ၀က အကြောင်းပါသာကိုး မမရဲ့. . .”
ချုံတင်က သည်လိုပြောလေ ကာလသား ကာလသမီးတွေက ကွယ်ရာမှာ ရယ်ကြလေ။ မင်္ဂလာဆောင်ပြီး နောက်ရက်မှာ ချုံတင် အပျိုစာရင်းက အဖျက်ခံရလေပြီ။ ချုံတင်က သွားခေါတော့ ရွာက အေးမောင်တို့များ ကံကောင်းပုံများ အိမ်ထောင့်တစ်သက် အုန်းခြစ်၀ယ်စရာ မလိုဘူးတဲ့။
(၅)
ကိုအေးမောင်နှင့်ချုံတင် ညားကြရာက သမီးနှစ်ယောက်ရတော့မှ အဖြစ်မှန်ကို သိကြသည်။ စိတ်လည်း မဆိုးသာတော့“သေနာမတွေ”ဆိုတာလောက်နှင့် ပြီးခဲ့ရသည်။ အပျိုခေါင်းမအုန်းရီကပဲ ဖွင့်ချခြင်း ဖြစ်ပါ၏။
“ညည်းသာ လင်ရအောင် လှော်ရသာပါအေ . . ငါဖြင့် ခုထိ လင်မရနိုင်သေးဘူး”
“အပျိုခေါင်းဇာတာ မကုန်သေးလို့ပေါ့ မမအုန်းရီရယ်”
အခုတော့လည်း ရွာပြိုင် ရပ်ပြိုင်ရယ်လို့ သိပ်မရှိကြတော့။ ကျွန်းသုံးရွာစလုံး တစ်ရွာတစ်ရွာ စကားနာထိုးတာတွေ မရှိကြတော့။ အလှူပွဲလှည့်ရယ်လို့၊ ဆွမ်းကြီးပွဲလှည့်ရယ်လို့လည်း စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက် မရှိတော့တာလည်း ပါပါလိမ့်မည်။ မြစ်မကြီးကလည်း မြောက်အရပ်မှ တောင်အရပ်ပင်လယ်ဆီ စီးဆင်းမြဲ စီးဆင်းလျက် ရှိပါ၏။ ကျွန်းသုံးရွာစလုံးကို မြစ်ရေက ခေါင်းဝှေ့မြဲ ဝှေ့ဆဲပင်။ မြေပဲ၊ ဘူး၊ ဖရုံ၊ သခွားတွေလည်း ဥမြဲဥလို့ သီးမြဲသီးလျက် ရှိပါ၏။ သို့သော် ကျွန်းရွာ အချင်းချင်း ရွာပြိုင်ရပ်ပြိုင်စိတ်တွေ ခန်းခြောက်ကုန်ကြတာကတော့ ဘယ်လိုပြောရမည်မသိ။
အရုပ်ဆိုးလှသူ မချုံတင်နှင့် အကျည်းတန်လှသူ ကိုအေးမောင်တို့က မွေးသည့် သမီးနှစ်ယောက်စလုံး စက်စက်ယိုအောင် လှနေခြင်းကတော့ ထူးဆန်းလှပါ၏။ ကျွန်းသုံးရွာမှာ အပျိုတွေများလှသော်လည်း မချုံတင့်သမီး မိချာရစ်နှင့် မိသေးတာတို့ကို မီသူ မရှိ။ မချုံတင်တို့လက်ထက်ကတည်းက မြောက်ကျွန်းသူတွေ အချောအလှမှာ နိုင်စားကြရသလို မိချာရစ်တို့ မိသေးတာတို့လက်ထက်မှာလည်း နာမည်ကောင်းရဆဲပင်။ မြောက်ကျွန်းက မိန်းမချော ထွက်မှာပေါ့၊ မြောက်ကျွန်းမကြီးက မြစ်ရေအောက်က သိုက်နန်းပေါ် ကျနေသာကိုးလို့ပင် ပြောကြရသည်အထိ မိန်းမချော မျိုးမပြတ်တာကို ၀န်ခံကြရပြီ။ အရင်တစ်ခေတ်တစ်ခါကလို ရပ်ပြိုင်ရွာပြိုင်စိတ်တွေ မရှိကြတော့ အပျိုလှတာ ရွာအတွက် မဟုတ်တော့ဘဲ ကာလသားတွေကိစ္စလောက်သာ သဘောထားကြပါ၏။ ဒါကို မချုံတင်က မခံချင်။
“ငါ့သမီးများခေတ်ကျမှပါအေ . . .အမေတို့ခေတ်တွေတုန်းက တစ်ရွာ့တစ်ရွာ သူသာ ကိုယ်သာ ကြည့်နေကြသာ . . . . .မြောက်ကျွန်းသူတွေ လှလွန်းလို့ လာပိုးကြသာများ လှေကြက်တောင်စိုက် . . . ညည်းတို့အဖေဆိုရင် အမေ အလှူလှည့်ထွက်ရင် ကြည့်ရသာ အမော . . .အမေ့ကို ပိုးသာပဲ သုံးနှစ်ကြာသယ်”
တစ်ခါက ကွမ်းသီးပြားကြီးတွေလို ခေါထွက်နေတဲ့ သွားကြီးတွေ မရှိတော့ပေမယ့် မချုံတင်က တစ်ချီတစ်မောင်း ဂိုက်ထုတ်လိုက်ချင်သေးဆိုသည့်ပုံ။ သမီးတွေကတော့ မအေ့မျက်နှာကို ကြည့်နေကြရုံသာ။ နွားစားကျင်းမှာ နွားစာကျွေးနေသည့် ကိုအေးမောင်က “ပုန်းမကြည်မ . . .ရူးသာ ကောင်းမှတ်လို့”တဲ့။
———————-
ခင်ခင်ထူး
(ရက်ကန်းလွန်း ဝတ္ထုတိုများ)
Uncategorized