မွေးစားသား
————–
“ဒေါက် … ဒေါက်”
တံခါးခေါက်သံကြားလိုက်ရသဖြင့် ဦးဘမြင့်က သတင်းစာဖတ်နေရာမှ ထဖွင့်ပေးလိုက်သည်။
“စာခင်ဗျ”
ဦးဘမြင့်က မှတ်ပုံတင်စာကို လက်မှတ်ထိုးပြီး လက်ခံလိုက်သည်။
စာအိတ်မျက်နှာဖုံးတွင်တွေ့လိုက်ရသည်က “ဘိုးဘွားရိပ်သာအထိမ်းအမှတ်” နှင့် ဘိုးဘွားများပုံ
စာအိတ်နောက်ကျောတွင် ရေးထားသည်က
“အဖေနှင့်အမေအတွက် ကားလက်မှတ်အထဲတွင်ပါသည်” ဆိုသည့် မှတ်ချက်တိုလေး
“အဟွတ် … အဟွတ်”
ချောင်းဆိုးသံနောက်မှ အဘွားအိုတစ်ယောက် အခန်းထဲက ထွက်လာသည်
“ကိုဘမြင့် ဘာလဲ … ဘယ်သူလဲ”
“မင်းသားဆီကစာ”
“ဘာတဲ့လဲ … ကျွန်မတို့ မြေးရပြီတဲ့လား”
“တို့ကို ဘိုးဘွားရိပ်သာ ပို့တော့မယ်နဲ့တူတယ်”
“စာထဲမှာ ဘာတွေရေးထားသလဲ … ဖတ်ကြည့်ပါဦး”
ဦးဘမြင့်က စာအိတ်ကိုဖွင့်လိုက်ပြီး အထဲမှ ဆွဲထုတ်လိုက်ရာ ပို့စ်ကတ်တစ်ခုထွက်လာသည်။ ပို့စ်ကတ်နောက် ကျောတွင် ရေးထားသည်မှာ
“အဖေနှင့်အမေ အိမ်ပြောင်းဖို့ စီစဉ်ပြီး၊ သားဆီကို အမြန်ဆုံး လိုက်လာပါ”
ဦးဘမြင့်လက်ထဲမှ ပို့စ်ကတ်လေး လွတ်ကျသွားသည်။
“ကိုဘမြင့် … ဘာဖြစ်လို့လဲ … ကျွန်မကိုပြစမ်းပါဦး”
“မင်းသားက အိမ်ကို ရောင်းလိုက်ပြီ”
“အိုရှင် … လုပ်ရက်လိုက်တာ။ ကျွန်မတို့ကို နောက်ဆုံးတော့ ကျေးဇူးဆပ်လိုက်တာပေါ့။ သူ့ကို ဆရာဝန်ကြီး ဖြစ်အောင်လုပ်ပေးခဲ့တာ၊ နိုင်ငံခြားလွှတ်ခဲ့တာ၊ ရာထူးကြီးကြီးရအောင်လုပ်ပေးခဲ့တာ ကျေးဇူးဆပ်လိုက် တာပေါ့။ ကျွန်မ ဒီအိမ်ကို စွန့်ပြီးမထွက်နိုင်ဘူး။ ဘာလဲ အိမ်ကထွက်ပေးပြီး ဘိုးဘွားရိပ်သာမှာ သွားနေရမယ် တဲ့လား … ရက်စက်လိုက်တာသားရယ်”
ဇနီးဖြစ်သူက ပို့စ်ကတ်လေးကို ကောက်ကြည့်ပြီး မျက်ရည်တွေကျနေသည်။
“ဒေါက် … ဒေါက်”
တံခါးဖွင့်ပေးလိုက်ရာ အိမ်ဘေးမှ အဘွားဒေါ်ချစ်အေးဖြစ်နေသည်။
“မမချစ်ပါလား … လာလေ”
“မင်းတို့ သားက ငါ့ဆီကို ဖုန်းဆက်တယ် … မင်းတို့ ဖုန်းမကိုင်လို့တဲ့ ဘာဖြစ်နေသလဲ သွားကြည့်ပေးပါ ဆိုလို့ လာကြည့်တာ … ဖုန်းသံမကြားဘူးလား”
“ဖုန်းက အခန်းထဲမှာ … ဘာလဲ … ကျွန်မတို့သားဆီက ဟုတ်လား … မမချစ်ရေ … ညိုတို့တော့ ဘုံပျောက်ပါပြီ … သားက ဒီအိမ်ကိုရောင်းလိုက်ပြီတဲ့ရှင် … ဘိုးဘွားရိပ်သာကို ကျွန်မတို့ကို ပို့တော့မယ်”
“အို … သားက ဒီလိုလုပ်မတဲ့လား … မဖြစ်နိုင်ပါဘူးညိုရယ်”
“ဒီမှာ မမချစ် … ကျွန်မတို့သွားရမယ် ဘိုးဘွားရိပ်သာ”
ဒေါ်ညိုထွေးက ပို့စ်ကတ်ကို လှမ်းပေးလိုက်သည်။
“စာတွေ ဘာတွေ သေသေချာချာ ရေးမထားဘူးလား။ ဖုန်းဆက်ပြီး မေးစမ်းပါဦး”
“သူ့ကို စကားပြောချင်စိတ်မရှိတော့ဘူး မမချစ်ရယ် … ကျွန်မတို့ကို နောက်ဆုံးတော့ ဘိုးဘွားရိပ်သာ ပို့ပြီပေါ့”
“ဒါကြောင့် ညို့ကို ပြောတာ မွေးစားသားဆိုတော့ ဘယ်လိုလုပ်ပြီး သံယောဇဉ်ရှိမှာလဲနော့”
“ဟုတ်တယ် … မွေးစားသား … မွေးစားသား … နောက်ဆုံးတော့ စည်းစိမ်ပြုတ်အောင် သူ့ဘဝကို တွန်းတင်ပေးခဲ့တဲ့ မိဘတွေကို ဘိုးဘွားရိပ်သာပို့ပြီး ကျေးဇူးဆပ်လိုက်တာ”
“ညိုနဲ့ ကိုဘမြင့် စိတ်မပျက်နဲ့ … သူအိမ်ရောင်းလိုက်လဲ ဘာဖြစ်သေးလဲ … ကျွန်မနဲ့လာနေ … ကျွန်မလည်း တစ်ယောက်တည်းဟာ … ဒါနဲ့ နေပါဦး … သူက အိမ်ရောင်းခွင့်ရှိလား … ရောင်းပိုင်ခွင့်ရှိလား”
“ပြီးခဲ့တဲ့ လကပဲ သူအရေးတကြီး ငွေလိုနေတယ်ဆိုလို့ အိမ်နဲ့ပတ်သက်တာတွေ အားလုံး ပေးလိုက်တယ် … စာချုပ်မှာလည်း လက်မှတ်တွေအားလုံးထိုးပေးလိုက်တယ် … အိမ်ပိုင်ဆိုင်မှုအားလုံး သူ့ကို လွဲပြောင်း ပေးလိုက်မိတယ်”
“အဲဒါပေါ့ … သားသမီးယုံတော့ စုံလုံးကန်းတယ်ဆိုတာ”
“မမချစ်ရယ် … ကျွန်မတို့လင်မယား … အသက်တွေကြီးမှ ဘိုးဘွားရိပ်သာရောက်ရတော့မယ်”
ဒေါ်ချစ်အေးနှင့် ဒေါ်ညိုထွေးတို့နှစ်ယောက်ဖက်ငိုနေကြသည်။
“သူက ကျွန်တော်တို့ကို ကားလက်မှတ်ပါ ပို့လိုက်တယ်တဲ့”
“ဘယ်နေ့ထွက်ပေးရမှာလဲ … ကားလက်မှတ်ဘယ်မှာလဲ”
“စာအိတ်ထဲမှာ ထုတ်မကြည့်ရသေးဘူး”
ဒေါ်ချစ်အေးက စာအိတ်ကို ကောက်ယူပြီး ကားလက်မှတ်ကို ဆွဲထုတ်လိုက်သည်။
“ဟဲ့ … ညို … ဒီမှာ ဓာတ်ပုံနဲ့စာတစ်စောင်”
ဓာတ်ပုံလေးက နှစ်ထပ်တိုက်လှလှလေးပုံဖြစ်သည်။ ဓာတ်ပုံနောက်တွင်
“ဖေဖေနှင့် မေမေအတွက်”
“ဟဲ့ စာဖတ်စမ်းပါဦး”
ဖေဖေနှင့်မေမေ
သား ဖေဖေနဲ့မေမေတို့ အိမ်ကြီးကို ရောင်းပြီးတော့၊ ဘိုးဘွားရိပ်သာ လှူလိုက်တယ်။
ဖေဖေနဲ့မေမေကို မတိုင်ပင်မိတာ ခွင့်လွှတ်ပါ။ တိုင်ပင်လည်း ဖေဖေနဲ့မေမေက ခွင့်ပြုမယ် မထင်လို့ပါ။
သားကခုဆို ပြည့်စုံနေပါပြီ။ ဓာတ်ပုံထဲမှာပါတဲ့ တိုက်က ဖေဖေနဲ့မေမေနေဖို့ သားဆောက်ထားတာပါ။ မျက်နှာချင်းဆိုင်တိုက်မှာ သားနဲ့မေမေ့ချွေးမတို့နေတယ်။
မေမေတို့ အသက်ကြီးပြီလေ၊ သားတို့က အနီးကပ် ပြုစုစောင့်ရှောက်ချင်တာပေါ့။ ခုတော့ အဝေးကနေ နေ့တိုင်းစိတ်မချဖြစ်နေရတာ။
ဖေဖေတို့လိုချင်တဲ့ ပစ္စည်းတွေကို ပုံထားခဲ့ပါ။ သားကားနဲ့လာတိုက်ခိုင်းလိုက်မယ်။ ဖေဖေနဲ့မေမေ လူချည်း သက်သက် ကားနဲ့လိုက်ခဲ့ပါ။ သားကားဂိတ်က လာစောင့်နေမယ်။
သားဆေးရုံကခွင့်မရလို့ ကိုယ်တိုင်လာမကြိုနိုင်တာကို ခွင့်လွှတ်ပါ။
ဖေဖေနဲ့မေမေချွေးမကလည်း သိပ်တွေ့ချင်နေပြီတဲ့
သား
ကျော်ကျော်လွင်
“ဘာလဲ … ကိုဘမြင့် … လူမိုက် … ဘာတွေ ရေးထားသလဲ”
“ရော့ ဖတ်ကြည့်တော့”
စာကို အဘွားအိုနှစ်ဦး ခေါင်းချင်းဆိုင်ဖတ်နေကြသည်။
“ကျွန်မပြောသားပဲ သားက ဒီလို မလုပ်လောက်ပါဘူးလို့”
“သားရယ် … ဖေဖေတို့ကို ဘိုးဘွားရိပ်သာလှူမယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ပြောရောပေါ့”
“ပြောတော့ ရှင်က ခွင့်ပြုမှာလား”
“အေး … အိမ်ကြီးက အိုနေပြီဆိုပေမယ့် သံယောဇဉ်တော့ ဖြတ်ဖို့ခက်သား … ကောင်းပါတယ်လေ … ဒီလိုမှ မဖြတ်ရင် ပြတ်မှာမဟုတ်ဘူး”
“ဒါဆိုရင် သားဆီကိုလိုက်သွားမယ်ပေါ့”
“တို့မှာ ဘာများ ရွေးချယ်ခွင့်ရှိတော့လို့လဲ … သားကို တစ်သက်လုံး ယုံကြည်ခဲ့ပြီးမှ ဘာဖြစ်လို့ ဆက်ပြီးတော့ မယုံရမှာလဲ”
“ဟုတ်တယ် … ကျွန်မတို့မှာ ရွေးချယ်ခွင့်မရှိတော့ဘူး”
“ကိုဘမြင့်နဲ့ ညိုတို့ရယ် ကံကောင်းလိုက်တာကွယ်”
“မမချစ်ပြောတဲ့အတိုင်း ဖြစ်ပါစေရှင်”
တင်ညွန့်
၈.၁၂.၂၀၁၉