မှားလား(စ/ဆုံး)
—————-
“ အိမ်ထောင်မှု့၊ ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး
ဤသုံးမျိုး၊ ချက်မပိုင်လျှင် နောင်ပြန်ရင် ခက်သည့်အမျိုး ဟု
ရှေးပညာရှိ စာဆိုတော်များ လေးလေးနက်နက် အဓိပါယ်ဖွင့်ဆိုချက်များကို နက်နက်နဲနဲ သိမြင်လာချိန်တွင် ကျွန်တော့်ဘဝ
နောက်ပြန်လှည့်ရန် နောက်ကျခဲ့ပြီဖြစ်သည်။ ကျွန်တော့ဘဝ၏
အဖြူရောင် စာမျက်နှာပေါ်တွင် ဖျက်၍မရ ပြင်လည်ပြင်ဆင်၍
မရအောင်ပင် အမည်းစက်တစ်ခု အစွန်းထင်ခဲ့သည်။
ကျွန်တော် ဆယ်ကျော်သက်အရွယ် အတွေးနုစဉ် တွေးခဲ့မိသည်က
တစ်ဦးနှင့်တစ်ဦး ချစ်ခင် နှစ်သက်ရုံမျှဖြင့် မတူညီသော ဘဝနှစ်ခုကို
ပေါင်းစပ်ထူးထောင်၍ ရသည်ဟု တွေးထင်ခဲ့ မိသည်။ တကယ့်
အိမ်ထောင်ရှင်ဘဝတွင်မှု ထိုကဲ့သို့ မဟုတ်ဘဲ တစ်ဦးနှင့်တစ်ဦး
သည်းခံ ခွင့်လွှတ် နိုင်မှုစွမ်းရည်နှင့် ပင်ကိုယ်ဗီဇ စရိုက်ကိုက်ညီမှုရှိခြင်းတို့ကသာ အဓိကဟု ကျွန်တော် သိမြင်လာရသည်။
စိတ်သဘောထားချင်း မတိုက်ဆိုင်မှုများလာသောအခါ
အိမ်ထောင်ရေး သာယာချမ်း ချမ်မြေ့မှု မရှိတော့ဘဲ ပုထုဇဉ်
လူသားများပီပီ သည်းခံခွင့်လွှတ်နိုင်မှု စွမ်းရည်တို့ ကျဆင်းလာကာ
မာန်မာနတို့က အားပြိုင်လာကြသည်။
အခန်း (၂)
အလုပ်ကနေ မောမောပန်းပန်းနှင့်ပြန်အလာ တိုက်ခန်းတံခါးကို ဖွင့်လိုက်သည်နှင့် တပြိုင်နက်အသုံးအဆောင် ပစ္စည်းများဖြင့် ရှုပ်ပွနေသော
ဧည့်ခန်းက ကျွန်တော့်အား ပထမဦးစွာ ခရီးဦး ကြိုပြုနေသည်။ ထိုမှတစ်ဖန် ထမင်းစားခန်းထဲကို ဝင်သွားပြန်တော့လည်း ညနေစာ ထမင်းဟင်းတို့က ချက်ပြုတ်မထား။ ပန်းကန် ခွက်ယောက်များကလည်း ဟိုတစ်ခု သည်တစ်ခုနှင့် အစီအရီမဲ့ ပြန့်ကျဲနေသည်။ လက်ဆေးဘေဇင်းထဲတွင်လည်း ချက်ပြုတ်ပြီး ဒန်အိုး၊ ဒန်ခွက်များနှင့် စားပြီးသား ဇွန်း၊ ပန်းကန်တို့က အပြည့်အလျှံ။ ရေချိုးခန်းထဲကို မျက်နှာသစ်ရန် ဝင်သွားမိပြန်တော့လည်း ရေစိမ်ထားသော လျှော်စရာ အဝတ်အစားများ တစ်ပုံတပင်နှင့် ကျွန်တော့် မိန်းမ မိရွှေစင် ဘာကြောင့် အိမ်ရှင်မ
မပီသရသည်ကိုတော့… ကျွန်တော် တွေးလို့မရ၊ စဉ်းစား၍မရပါ။
ထိုစည်းကမ်းမဲ့ မြင်ကွင်းများကို မြင်တိုင်း၊ တစ်ချိန်က သူနှင့်ကျွန်တော် ချစ်သူရည်းစားဘ၀ အမြဲချိန်တွေ့တိုင်း၊ သူ အမြဲပြောနေကျ လက်သုံးစကား တချို့ကို ကျွန်တော် အမှတ်ရမိသည်။
“ အစ်ကိုရယ်… ။ ရွှေစင်လေ… အစ်ကိုနဲ့ ချိန်းထားတာကို မေ့ပြီး အဝတ်တွေ စိမိထားမိတယ်။ အဲဒါ တစ်ထိုင်တည်းနဲ့ မြန်မြန်လျှော်ခဲ့ရတယ် အစ်ကိုရယ်။ ထမင်းဟင်းလည်း မျက်ရ၊ အိမ်သန့် ရှင်းရေးလုပ်ရနဲ့ အရမ်း ပင်ပန်းတာပဲ အစ်ကိုရယ်
သူက ပြောပြီး ကျွန်တော့်ရင်ခွင်ထဲ တိုးဝင်ပြီး အမြဲ ညည်းညူနေတတ်သည်။ ကျွန်တော်လည်း သူ သည်လိုညည်းညူနေရင် မနေတတ်
မထိုင်တတ်တော့ပါ။
“ ကဲပါဗျာ… ။ အစ်ကို့ချစ်သူလေး အိမ်မှုကိစ္စတွေ မနိုင်မနင်းလုပ်ရ
တော့ ပင်ပန်းမှာပေါ့။ ပင်ပန်းတာ ပြေသွားအောင် အစ်ကိုက ပြုစုပေးရမှာပေါ့ ဟုဆိုပြီး ကျွန်တော့်လည်း သူ့ပခုံးကို နှိပ်ပေးနေကျ။ ချစ်သူရည်စားဘဝက ဟန်ဆောင်ပြီး ချွဲနေမှန်းလည်း ထိုအချိန်က ကျွန်တော် မသိခဲ့ပါ။ အချိန်နှောင်းမှ သူ့မာယာများကို သိခွင့်ရလာသည်။
ကျွန်တော့်အချစ်ကို ခုတုံးလုပ်၊ ညာညာပြီး ပခုံးနှိပ်ခိုင်း၍
ဇိမ်ယူတတ်သည့် သူ၏အပြုအမူများကို ပြန်လည် စဉ်းစားမိလေတိုင်း သူ့ကို စက်ဆုပ် ရွံ့ရှာမိပါသည်။
အခန်း (၃)
“ အဖေကြီးတို့…
“ သားကြီးမောင်မိုးတို့၊ သမီးငယ်ဆွေဆွေတို့ရေ… ။ မေမေ
ထမင်းဝိုင်းပြင်လို့ပြီးပြီ။
အားလုံးလာကြ၊ ထမင်းစားကြရအောင်
မိသားစုအားလုံး ထမင်းစားကြရန်ခေါ်နေသော မေမေ့အသံမှာ ဥသြသံပမာ နားဝင်ချိုလှသည်။ စနေ၊ တနင်္ဂနွေ၊ ဖေဖေ့ရုံးပိတ်ရက်၊ မေမေ့ ကျောင်းနားရက်၊ နှမလေးနှင့် ကျွန်တော်တို့ ကျောင်းပိတ်ရက်မို့
ကျွန်တော့်တို့ မိသားစု ထမင်းဝိုင်းက ဟင်းအမယ်များစုံလင်လှသည်။ မေမေသည် ဟင်းတစ်မျိုးနှင့်တစ်မျိုး လိုက်ဖက်ညီအောင် ချက်ပြုတ်စီမံနိုင်သူသည့် အိမ်ထောင် ရှင်မဖြစ်သည်။ ဖေဖေ စစ်သားကြီးကလည်း မေမေ ချက်ပြူတ်ကျွေးမွေးသမျှ ထမင်းဟင်းများ ကို နှိုက်မြည်းရင်း
မေမေ့ကို ချီးမွမ်းခန်းဖွင့်တော့သည်။
“ အား အရမ်း စားလို့ကောင်းတာပဲ။ လျှာရင်းထဲမှာ စွဲနေတာပဲ။ ဒီကမ္ဘာပေါ်မှာ ငါ့မိန်းမရဲ့ ထမင်း ဟင်းလက်ရာကို မီမယ့်သူ
မရှိဘူးထင်တယ်
ဖေဖေက ကြွေးကြော်ပြီး မေမေ ချက်ကျွေးသမျှကို ခေါင်းမဖော်တမ်း အားရပါးရစားတတ်သည်။ ထိုကဲ့သို့ ဖေဖေ့ ချီမွှမ်းသံကို
ကြားလိုက်ရသောအခါတွင် မေမေ့မျက်နှာပြင်ထက်မှာ ပီတိအပြုံးပန်းများက ဝေေ၀ဆာဆာ ဖူးပွင့်နေတော့သည်။ ကျွန်တော့်တို့ မိသားစု
ထမင်းဝိုင်းမှာ နွေးနွေးထွေးထွေးနှင့် စိတ်ချမ်းမြေ့ပျော်ရွှင်ဖွယ် ကောင်းလှသည်။ ကျွန်တော် လည်း အိမ်ထောင်ကျကတည်းက
မေမေ၏ထမင်းဝိုင်းနှင့် ဝေးနေခဲ့ရပြီ။
ချစ်ဇနီး မချက်တတ် ချက်တတ်နှင့် ချက်ကျွေးတတ်သော
ကြက်ဥကြော်ငန်ငန်၊ ကန်စွန်းရွက်ကြော် ပျော့ပြဲပြဲ ငပိရည်
ကျဲကျဲစပ်စပ်တို့နှင့်သာ နှစ်ပါးသွားနေရတာ ကြာပြီ။ ထိုအချိန်များတွင် အမေ့အိမ်က ထမင်းဟင်းကို ကျွန်တော် ပို၍ သတိရမိသည်။
ဟင်းချက် မကောင်းသော ချစ်ဇနီးကို ဟင်းချက်ကောင်းအောင်
ပြင်သပေးပြန်တော့လည်း သူက ကျွန်တော့်ကို ဆရာကြီးလုပ်တယ်ဟုဆိုပြီး မသင်ချင်ဘဲ အပျင်းထူနေသည်။ နောက်ဆုံး ကိုယ်စားချင်သည့် ဟင်းလျာကို ကိုယ်တိုင် ချက်ပြူတ်၍ စားရသည်။
ကျွန်တော့်ချစ်ဇနီးသည် မိန်းမ မဆန်သည့်အတွက် မိန်းမမှဟုတ်ရဲ့လားဟုပင် တစ်ခါတစ်ခါ ကျွန်တော် စဉ်းစားကြည့် မိသည်။
“ မိန်းမ မပီသတဲ့သူကို အိမ်ထောင်ရှင်မအဖြစ် ရွေးချယ်ခဲ့မိတာ
ကိုယ့်အပြစ်နဲ့ကိုယ် ရဲရဲကြီးသာ ခံလိုက်ပေတော့… ဟု
ကိုယ့်ကိုယ်ကိုယ် အားပေးမိသည်။
အခန်း (၄)
“ လူကလေးရဲ့ အိပ်ချင်တန် ဗျိုင်းရှေ့ကပြန်…
ခိုဖြူခိုဝါ တစ်ကောင်ပေး အိပ်ပါတော့လေး…
အိမ်ရှေ့မျက်နှာချင်းဆိုင် တိုက်ခန်းက ကိုဖိုးအေး သားချော့တေးကို အဆီအငေါ့မတည့် ကပေါက်တိ ကပေါက်ချာဆို၍ ကလေးချော့သိပ်နေသည်။ သူ၏ သားချော့တေးသံကို ကြားရသူ ကျွန်တော်မှာ
ကြည်နူးမိသည်။ ကိုဖိုးအေး သားချော့တေးဆိုပြီး ကလေး
ချော့သိပ်သလို ကျွန်တော်လည်းပဲ ကလေးချော့သိပ်ချင်ပြီ။ သို့သော်
ချော့သိပ်စရာ သားသမီး မရှိသေး။ အိမ်ထောင်သက်
သုံးနှစ်သုံးမိုးပြည့်သည့်တိုင် သားသမီး မရှိသေးသဖြင့်
“ ကိုမိုး မင်းအိမ်ထောင်ကျတာ သုံးနှစ်ရှိပြီ။ အခုချိန်ထိ
လက်စွမ်းမပြနိုင်သေးဘူး
“ လူ မဖြစ်သေးဘူးနော် ဟု အိမ်ထောင်သည် သူငယ်ချင်းများ၏ လှောင်ပြောင် ထောပနာပြုခြင်းကို မကြာခဏ ခံနေရသည်။ အမှန်တော့ ကျွန်တော်က အိမ်ထောင်ကျကတည်းက ကလေးယူဖို့ပါ။
ကျွန်တော့်မိန်းမ မိရွှေစင် ကလေး မယူချင်သေး၍ သူ့ကို
အလိုလိုက်သည့်အနေဖြင့် ကလေးမယူဖြစ်ခဲ့။
“ ရွှေစင်။ အစ်ကိုတို့ ကလေးယူစို့ကွာ…
ကျွန်တော်က ရွှေစင်ကို ကလေးယူဖို့ ပြောမိတိုင်း
“ ဟင့်အင်း… ။ ရွှေစင် ကလေး မယူချင်ဘူး
သူက ကျွန်တော့်ဆန္ဒကို ခါးခါးသီးသီး ငြင်းပယ်တတ်သည်။ ထိုစကားများကို ကျွန်တော် ကြားရဖန်များလာသောအခါ ဒေါသက သူ့အလိုလို ထွက်လာသည်။
“ ကလေး မယူချင်တာ… ဘာဖြစ်လို့ ယောက်ျားယူလဲ။ ဟင်း… ။
ငါလေ… ။ မင်းကို ရိုင်းရိုင်းစိုင်းစိုင်း မပြောလိုက်ချင်ဘူး
ကျွန်တော်က ဒေါသသံဖြင့် ဆိုမိပြန်တော့လည်း ရွှေစင်က မျက်နှာလေး ညှိုးညှိုးငယ်ငယ်နှင့် ကျွန်တော့်ရင်ခွင်ထဲသို့ ကလေးတစ်ယောက်ပမာ တိုးဝင်လာတတ်သည်။
“ ကလေးယူလို့ ကလေးရခဲ့ရင် ကိုကိုက ကလေးကို အချစ်ပိုပြီး
ရွှေစင်အပေါ် အချစ်ပေ့ါမှာ ကြောက်လို့ပေါ့အစ်ကိုရယ်…
ထိုစကားသံကို ကြားရတော့၊ ကျွန်တော်သည် ရွှေစင်ကို မဆူရက်
မကြိမ်းမောင်းရက်တော့ပါ။ ကလေးဆန်သော ရွှေစင်ကို ကြည့်ပြီး ပို၍ ကရုဏာသက်မိသည်။ သူ့ကို ထွေးပွေ့ထားရင်းဖြင့်
“ ရွှေစင်ရယ်… မင်းက အရမ်းကို ကလေးဆန်တာပဲကွယ် ဟု
ကျွန်တော့်စိတ်ထဲကနေ တစ်ယောက်တည်း ကြည်နူးစွာ
ပြောနေမိသည်။
အခန်း (၅)
“ ရွှေစင်
“ ပြောလေ အစ်ကို
“ အစ်ကိုအပ်ထားတဲ့ပိုက်ဆံ ပြန်ထုတ်ပေးဦး။ နောက်ထပ်ဖွင့်မယ့်
မိတ္တူဆိုင် အတွက် ငွေလိုအပ်နေပြီ။ အဲဒါ အရင်းအနှီး
ထပ်ထည့်ရဦးမယ်
“ ဟင့်အင်း။ မရှိတော့ဘူး။ ရွှေစင် သုံးလိုက်လို့ကုန်သွားပြီ
ရွှေစင်က စိတ်မဝင်စားဟန်ဖြင့် ပြောလိုက်သည်။ ရွှေစင်က မှန်တင်ခုံ
ရှေ့မှာ လက်သည်းနီး အဆိုးမပျက်။ ကျွန်တော်လည်း
စိတ်မရှည်သဖြင့် အိပ်ယာထဲ လှဲအိပ်နေရာမှ ဝုန်းခနဲ
ထထိုင်လိုက်ပြီး ခုတင်ခြေရင်းရှိ မှန်တင်ခုံရှေ့
သွားလိုက်မိသည်။
“ ရွှေစင်ရယ်… ။ အစ်ကို အလုပ်ကိစ္စနဲ့ အတည်ပြောတာနေတာကို မနောက်ပါနဲ့ကွာ။ လေးလေးနက်နက်ထားပြီး ပြောစမ်းပါ
“ ဟုတ်တယ်။ ရွှေစင် အတည်ပြောနေတာပါ။ ပြီးခဲ့တဲ့ သောကြာနေ့က ဝေေ၀တို့နဲ့ ဖဲသွားဆွဲတာ… အစ်ကိုအပ်ထားတဲ့ သိန်း(၅၀)စလုံး
တစ်ထိုင်တည်းနဲ့ ဖဲရှုံးလို့ ကုန်ခဲ့ပြီ
“ ဟင်
“ ဘယ်လို
ထိုစကားကို ကြားရသောအချိန်တွင် ကျွန်တော့်မှာ ခေါင်းမီးတောက်သွားသည်။ ရွှေစင်ကို ကျွန်တော် ထကန်ပစ်ချင်သည်။ ကျွန်တော့်စိတ်တွေ ထိန်းချုပ်လို့မရ။ သူ့အလိုလို ဒေါသထွက်လာသဖြင့် နံရံကို
လက်သီးဖြင့် သုံးလေးချက် ပစ်ထိုးမိသည်။
“ ရွှေစင်ရာ… မင်းလုပ်ရက်တယ်။ သိန်း(၅၀)ဆိုတဲ့ငွေက
နည်းတဲ့ငွေလားကွာ
“ ငါ့မှာတော့ မင်းမိဘလက်ထက်မှာ မင်းက ကိုယ်ပိုင်ကားစီးပြီး သွားနိုင်လာနိုင်တယ်။ ငါ့နဲ့ယူမှ မင်းလိုင်းကား တိုးစီးရတဲ့အဖြစ်ကို သနားလို့ ကိုယ်ပိုင်ကားလေး တစ်စီး ဝယ်စီးနိုင်အောင် ငါ့မှာတော့ မစားရက် မသောက်ရက်နဲ့ စုထားလိုက်ရတာ… ။ ဂျစ်ကားလေးမှ ဝယ်နိုင် ဝယ်နိုင်ဆို ပြီး ငွေစုလိုက်ရတာ…
“ အခုတော့ မင်းက ဖဲရှုံးလို့ ကုန်ခဲ့ပြီဆိုတော့ လူကြားလို့မှ
ကောင်းကြသေးရဲ့လား မိရွှေစင်
“ မင်း ငါ့စေတနာကို စော်ကားတယ်။ ငါ့ရဲ့ ယုံကြည်မှုကိုလည်း
အလွဲသုံးစားလုပ်တယ်။ မင်း ဘယ်လို မိန်းမလဲဆိုတာကို
မင်းကိုယ်မင်း ပြန်စဉ်းစားစမ်းပါဦး ရွှေစင်ရာ…
ကျွန်တော် ဘာပြောပြော သူ့အပြစ်နှင့်သူမို့ ရွှေစင်က ဘာတစ်ခွန်းမှ
ခွန်းတုံ့မပြန်ဘဲ ကြက်သေ ငှက်သေပမာ ငြိမ်ခံနေသည်။
ကျွန်တော့်ရင်ထဲက အနှစ်နှစ်အလလက မျိုသိပ်ထားသမျှ
မကျေနပ်ချက်များသည် မိုင်းကုန်ယမ်းကုန် ပေါက်ကွဲထွက်လာသည်။
နှစ်ရက် သုံးရက်တိုင် ဒေါသက မပြေနိုင်သေးသဖြင့် ရွှေစင်ကို
ကျွန်တော် စကားမပြောဖြစ်ပါ။ လေးရက်မြောက်သောနေ့တွင်
ရွှေစင်က အဝတ်ထုပ်ကို ဆွဲပြီး ထွက်လာသည်။
“ ရွှေစင်
“ မင်းက ဘယ်လဲ။ ဒါက ဘာသဘောလဲ
ကျွန်တော့်စကားစကာပင် ရှိသေး။ သူက ကျွန်တော့်ကို
မျက်နှာထားတင်းတင်းဖြင့် ကြည့်လိုက် သည်။ သူ့မျက်ဝန်းမျာက
ဒေါသမီးလျှံများက တဟုန်းဟုန်း တောက်လောင်နေသည်ကို
ကျွန်တော် သတိပြုမိသည်။
“ ရှင့်လို ဇီဇာကြောင်တဲ့ ယောက်ျားနဲ့ ပေါင်းနေရတာ၊ ကြာတော့
မိရွှေစင်တို့ နေ့တိုင်း အကြိမ်းမောင်းခံနေရလို့ အသက်တိုလိမ့်မယ်။
ရှင်မြင်တဲ့အတိုင်းပဲလေ… ။ ရှင်နဲ့ မပေါင်း နိုင်လို့ အိမ်ပေါ်ကနေ
ဆင်းမလို့ ရှင်းပြီးလား…
“ အေးနော် မင်းကို ဘယ်သူကမှ အိမ်ပေါ်ကနေ နှင်ချနေတာ မဟုတ်ဘူးနော်။ မင်းသဘောနဲ့ မင်း ဆင်းတာ…
“ အေးပါ အေးပါ။ ငါဆိုတဲ့ကောင်ကလည်း ဆင်းသွားတဲံ့ မိန်းမကို လိုက်ပြန်ခေါ်ပြီး အိမ်ပေါ် ပြန်တင်တတ်တဲ့ ယောက်ျား မဟုတ်ဘူးနော်။
မင်းစဉ်းစား ဆုံးဖြတ်ပြီးမှ သွား…
ကျွန်တော့် စကားဆုံးသည်နှင့် ရွှေစင်က လက်ခုပ်လက်ဝါးတီးပြီး
ဟားတိုက်၍ ရယ်လိုက်ပါတော့ သည်။ ပြီးတော့ ကျွန်တော့်ကို မျက်စောင်းထိုးလိုက်သေးသည်။
“ အမယ်လေး ရယ်ရတယ်နော်။ ဟောဒီက မိရွှေစင်တို့ကလည်း အိမ်ပေါ်က ဆင်းပြီး အိမ်ပေါ်ပြန်တက်ဖို့ ဒူးထောက် တောင်းပန်
မျက်ရည်စထိုးမယ့် မိန်းမစား မဟုတ်ဘူးဆိုတာလည်း ရှင်မြဲမြဲ
မှတ်ထားပါ
“ အေးပါ အပြောနဲ့ အလုပ် ညီသလား၊ မညီဘူးလားဆိုတာ စောင့်ကြည့်ကြသေးတာပေါ့ကွာ
ရွှေစင် သူ့သဘောနှင့်သူ အိမ်ပေါ်မှ ဆင်းသွားချေပြီ။ ရွှေစင်မရှိသည့် ညများတွင် ကျွန်တော့်မှာ အထိးကျန်သလို ခံစားရသည်။ မင်္ဂလာဦး
စုံတွဲဓာတ်ပုံလေးကို ကြည့်ပြီး သူ့ကို ကျွန်တော် လွမ်းနေမိသည်။
သို့သော်လည်း သူ၏လုပ်ရပ်များကိုတော့ အခုအချိန်ထိ ကျွန်တော်
ခွင့်မလွှတ်နိုင်သေးပါ။
ငွေဆိုတာက အချိန်မရွေး ပြန်ရှာ၍ ရနိုင်သည်က မှန်သည်။
သို့သော်လည်း မှန်ကန်သော အသိတရားတစ်ခု အတွေးအခေါ်တစ်ခုရဖို့ကတော့ အချိန်မရွေးပြန်ရှာ၍ မရနိုင်သကဲ့သို့ ငွေဖြင့် ပေးဝယ်၍
လည်း မရနိုင်ဘူးဆိုတာကိုတော့ ရွှေစင် သိသင့်ပါသည်။
လင်ယောက်ျား ရှာဖွေသမျှကို ဇနီးမယားက သုံးပိုင်ခွင့် ဖြုန်းပိုင်ခွင့်ရှိ
သည်က လည်း မှန်သည်။ သို့သော်လည်း စည်ကမ်းတကျ
နည်းမှန်လမ်းမှန် မှန်ကန်စွာ သုံးစွဲခြင်းမျိုးတော့ ဖြစ်သင့်သည်
မဟုတ်ပါလား ။
ကျွန်တော်က ရွှေစင်ကို အသုံးစရိတ် မပေးလျှင် ထားတော့။ သူ
သီသန့်သုံးစွဲနိုင်ရန် တစ်လ အသုံးစရိတ် တစ်သိန်းတိတိ ပေးထာတာကိုမှ လောက်ငှအောင် မသုံးတတ်သည်ကိုတော့ ကျွန်တော်လည်း
မတက်နိုင်ပါ။ ရွှေစင်က တော်တော်ကို အသုံးစွဲကြီးလွန်းလှ လက်ဖွားလွန်းလှသည်။
အိမ်ပေါ်က ရွှေစင်ဆင်းသွားကတည်းက ကျွန်တော် ညညအိပ်၍
မပျော်ပါ။ ရွှေစင့်အကြောင်းများကို စဉ်းစားရင်းနှင့်ပင် ညတိုင်းနီးပါး
မိုးလင်းခဲ့ရသည်။ အိပ်မပျော်လွန်းသော ညများတွင် အိပ်ဆေးများကို အဖော်ပြု၍ အိပ်နေရသည်။ ကျွန်တော်ကလည်း အိမ်သို့ ရွှေစင်
ပြန်လာရင်လည်း လိုက်မခေါ်ဖြစ်။ ပြန်ခေါ်ရန်လည်း အစီအစဉ် မရှိ။
အိမ်ထောင်သက် ငါးနှစ်ရှိသည့်တိုင် ရွှေစင့် အပြုအမူများကို ပြန်လည် စဉ်းစားမိတိုင်း အိမ်ပြန်ခေါ်ချင်စိတ် တစ်စက်ကလေးမှ ကျွန်တော့်မှာ
မရှိ။
အခန်း (၆)
“ အစ်ကို့ကို ကြည့်နေတာ သက်ပြင်းတွေ ခဏခဏချလို့လား။
အလုပ်လုပ်ရတာ စိတ်မပါဘူး ထင်တယ်
“ မောင်ဉာဏ်ပြောမှပဲ ကျွန်တော့်ကိုယ်ကျွန်တော် သတိထား၍
ကြည့်မိသည်။ ကျွန်တော် တကယ်ပဲ သက်ပြင်းတွေ ခဏခဏ
ချလို့နေပါလား။ ဒါကြောင့် ကွန်ပျူတာစာစီသည့်နေရာမှာ ခဏခဏ
စာလုံးပေါင်းသတ်ပုံတွေ မှားနေတာကိုး
“ ဟုတ်တယ် မောင်ဉာဏ်ရာ ။ ဒီနေ့ အလုပ်လုပ်ရတာ သိပ်ပြီး
စိတ်မပါလှဘူး။ အစ်ကို့မှာ စိတ်ညစ်စရာတွေ စိတ်ရှုပ်စရာတွေရှိနေ
တော့ အလုပ်ထဲကို အစ်ကို့စိတ် က နှစ်လို့မရဘူးဖြစ်နေတယ်ကွာ
“ အစ်ကို စိတ်မပါလည်း အိမ်ပြန်ပြီး နားပါတော့လားဗျာ ။
ကျွန်တော်တို့ စာစီစရာရှိတာတွေကို ဆက်ပြီး လုပ်လိုက်မယ်
“ ဖြစ်ပါ့မလား ။ လကုန်ခါနီးဆိုတော့ အပ်ရမယ့် စာမူတွေက
အများကြီး။ မင်းတို့ချည်းပဲ အချိန်မီ ပြီးစီးပါ့မလား
“ ပြီးပါတယ်ဗျာ… ။ ဒီဆိုင်မှာက အလုပ်သမား ကိုးယောက်တောင်ရှိတာ… ။ စာရိုက်စရာရှိတာတွေ မပြီးစီးရင် အိမ်မပြနဘဲကို
လုပ်မယ်ဗျာ… ။ စိတ်ချလက်ချ အိမ်ပြန်စမ်းပါ အစ်ကိုရာ…
“ အေးပါကွာ… ။ ဒါဆိုလည်း အစ်ကိုအိမ်ပြန်ပြီး နားတော့မယ်။
အလုပ်ကိစ္စရှိရင် အစ်ကိုဆီကို ဖုန်းဆက်လိုက်
ထိုနေ့မှစ၍ ကျွန်တော်လည်း အလုပ်လုပ်ရတာ၊ စိတ်မပါသဖြင့်
ကွန်ပျူတာဆိုင်ရှိ အလုပ်အားလုံးကို မောင်ဉာဏ်နှင့် အလုပ်သမားများကို စိတ်ချလက်ချ လွဲအပ်ခဲ့ပြီး တိုက်ခန်းမှာ အေးအေးဆေးဆေး အနားယူ၍ နေသည်။
ကွန်ပျူတာဆိုင်ကို အလုပ်မသွားသည်မှာ တစ်ပတ်ခန့်ရှိပြီ။ ညနေခင်းအချိန်တွင် အမှတ်မထင် တိုက်ခန်းတံခါးခေါက်သံ ကြားလိုက်ရသဖြင့် ကျွန်တော့်၏ မသိစိတ်က ရွှေစင်ပြန်လာသည်ဟု ထင်မိပြီး
ဖက်လက်စာ ဆရာကြီး တက္ကသိုလ်စိန်တင်ရေးသားထားသော ငြိမ်းချမ်းရေး ဗိသုကာ ဦးသန့်စာအုပ်ကို လက်မှချခဲ့ကာ အခန်းတံခါးဆီကို
အမြန်ပြေး၍ ဖွင့်ကြည့်မိပါသည်။
ကျွန်တော့် အထင်နှင့်အမြင် တခြားစီ။ ကျွန်တော် မသိသော
လူကြီးတစ်ယောက်သာ ရောက်ရှိလာသည်။ ထိုလူကြီးကို
ကျွန်တော်မသိ။ ဧည့်ခန်းမှာ နေရာ ထိုင်ခင်းပေးပြီး အကျိုးသင့်
အကြောင်းသင့် မေးကြည့်သောအခါတွင် ရွှေစင်က ကွာရှင်းစာချုပ်
မှာ လက်မှတ်ရေးထိုးရန် လွှတ်လိုက်သည့် အကျိုးတော်ဆောင်
ရှေ့နေကြီး တစ်ဦးဖြစ်နေသည်။ ကျွန်တော် အံ့သြမိပါသည်။
အပြစ်လုပ်သူက မတောင်းပန်။ အိမ်ထောင်တစ်ခုကို လွယ်လွယ်နှင့်
ပြိုကွဲဖို့ ဆုံးဖြတ်ချက် ရဲရဲကြီး ချရဲသည့် ရွှေစင် သတ္တိကိုတော့
ကျွန်တော် ချီးကျူးမိပါသည်။ မြန်မာ့လူဘောင်လောက တွင်
အိမ်ထောင်ပျက် တစ်ခုလပ် မိန်းမတစ်ဦး တစ်ယောက်တည်း
ရပ်တည်နိုင်ဖို့ကလည်း မတင့်တယ်ဘူးဆိုတာတော့ ရွှေစင်
သိသင့်သည်။ တစ်ဦးနှင့်တစ်ဦး ချစ်ခင် နှစ်သက်ကြလို့
အိမ်ထောင်ပြုခဲ့ကြတာ… အခုလို ပြိုကွဲဖို့မှ မဟုတ်ဘဲ။
ကျွန်တော်သည် ရွှေစင်၏ ဆုံးဖြတ်ချက် မှန်သည်၊ မှားသည်ကိုလည်း
မစဉ်းစားချင်၊ မဝေဖန် ချင်တော့ပါ။ ရွှေစင် သဘောဆန္ဒရှိသည့်အတိုင်း ကွာရှင်းစာချုပ်မှာ ကျွန်တော် လက်မှတ်ရေး ထိုးပေးလိုက်သည်။
ရွှေစင်သည် ဥပဒေအရ ကျွန်တော့် ဇနီးမယား မဟုတ်တော့ပေမယ့် ကျွန်တော့် နှလုံးသားထဲ အသည်းထဲမှာတော့ ရွှေစင်သည် ကျွန်တော့်ဘဝ၏တစ်ဦးတည်းသော ထာဝရ ဇနီးမယားပါ။
အခန်း (၇)
ဖေဖေ၊ မေမေနှင့် ကျွန်တော့်၏ တစ်ဦးတည်းသော ယောက္ခမကြီး
အမေချိုတို့သည် ကျွန်တော့် တိုက်ခန်းမှာ စုံလင်စွာ ရောက်ရှိနေ
ကြသည်။ ယောက္ခမကြီး အမေချိုက ဖေဖေ၊ မေမေနှင့် ကျွန်တော့်အား သူ၏သမီး မိရွှေစင် မှားသည့် အမှားများအတွက် အနူးအညွှတ်
တောင်းပန်ရှာသည်။ ကျွန်တော်လည်း စကားတစ်ခွန်းမှ မပြောဘဲ
တေမိမင်းသား လုပ်နေမိသည်။ ကျွန်တော် ထိုင်နေရာမှ ထသွားမည် အပြုတွင် အမေချိုသည် ရုတ်တရက် ကျွန်တော့် ပခုံးနှစ်ဖက်အား
ကိုင်၍ ချုံးပွဲချငိုပါတော့သည်။
“ မောင်မိုးရယ်…
“ အမေချိုရဲ့သမီး မိရွှေစင် အမိုက်မ၊ မိန်းမ မပီသတာကို အမေချို သိပါတယ်။ အမေချိုမှာ သမီး အိမ်ပေါ်က ဆင်းလာတာလည်း မသိရ။
ယောက်ျားဖြစ်သူနဲ့ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးလာ တာလည်း
မသိရ။ စင်ကာပူကအပြန် ခရီးရောက်မဆိုက် အိမ်ဖော်ပြောပြမှ သိရတဲ့အဖြစ်မို့ အမေချို အသည်းနာလိုက်တာကွယ်
“ လူကြီးပြောပြောနေတဲ့ သမီးတစ်ယောက် မလိမ္မာရင်
နွားတစ်ထောင် ထိန်းရတာထက်ကို ပိုပြီး ခက်ခဲတယ်ဆိုတဲ့
စကားက အမေချိုအတွက် အရမ်းမှန်တာပဲကွယ်
ယောက္ခမကြီး အမေချိုက ပြောပြောပြီး သူ့ရင်ဘတ်ကို ထု၍ ရှိုက်ကြီးတငင် ငိုပွဲဝင်နေရှာသည်။ အမေချို ငိုနေသည်ကို မေမေကလည်း
ထိုင်၍ မကြည့်နိုင်။ မေမေက ထိုင်နေရာမှ ထပြီး နှစ်သိမ့်
စကားဆိုလိုက်သည်။
“ မမချိုရယ်…. ။ မငိုပါနဲ့တော့ရှင်… ။ အရမ်း ပင်ပန်းပါတယ်
မမချိုရယ်… ။ ဖြစ်ပြီးသမျှ ကိစ္စတွေက ဖြစ်ပြီးသွားပြီပဲ။ ကလေးတွေ ကိစ္စကို ကျွန်မတို့မိဘတွေက ဝိုင်းပြီး အကောင်းဆုံး စဉ်းစားပေးကြတာပေါ့ရှင်…
အခန်း (၈)
ရွှေစင်နှင့် ပြန်ပေါင်းရန် ဖေဖေ၊ မေမေနှင့် အမေချိုတို့က ကျွန်တော့်ကို အမျိုးမျိုး ဖျောင်း ဖျကြသည်။ အမေချိုကလည်း ရွှေစင် သုံးဖြုန်းပစ်လိုက်သည့် ပိုက်ဆံ သိန်း(၅၀)ကို အစားပြန်ပေးမည်။ ကျွန်တော်နှင့် ရွှေစင် ပြန်ပေါင်းရန် တိုက်တွန်းကြသည်။ ကာယကံရှင် ရွှေစင်က
အခုအချိန်အထိ ကျွန်တော့်ရှေ့ကို ရောက်မလာ။ ကျွန်တော်လည်း
ဘယ်သူ ဖျောင်းဖျမှုကိုမှ နားမဝင်နိုင်တော့… ။ ကိုယ်ပိုင်ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချလိုက်သည်။
ကျွန်တော်သည် ရွှေစင်နှင့် ပြန်မပေါင်းနိုင်တော့ပါ။ ဘယ်သူ့မှ ဖျောင်းဖျ၍ မရကြသည့်အဆုံးတွင် အားလုံးက လက်လျှော့လိုက်ကြပြီး
ကျွန်တော့် သဘောဆန္ဒအတိုင်း ဆုံးဖြတ်ခွင့်ပြုလိုက်သည်။
ကျွန်တော်သည် ရွှေစင်အား မေတ္တာစစ် မေတ္တာမှန်ဖြင့် ချစ်ခဲ့သည်။
ကျွန်တော့်ဘဝမှာ ရွှေစင် တစ်ယောက်ကိုသာ စွဲစွဲလမ်းလမ်း
ချစ်ခဲ့မိသည်။ တကယ်ချစ်ခဲ့၍လည်း သူ ဆိုးနွဲ့သမျှ၊ သူ
မသိတတ်ခဲ့သမျှ၊ အိမ်ထောင်ရှင်မ မပီသခဲ့သမျှကို အိမ်ထောင်သက် (၅)အတွင်း ခွင့်လွှတ် သည်းခံ၍ ပေါင်းသင်းနေထိုင်ခဲ့ပါသည်။
အခုတော့ ကျွန်တော့်မှာ ခွင့်လွှတ် သည်းခံနိုင်မှု စွမ်းရည်တို့ မရှိတော့ပါ။ လင်ယောက်ျားတစ်ဦး ၏ တန်ဖိုးကို မသိတတ်၊
တန်ဖိုးမထားတတ်သော မိန်းမ သူ့ထိုက်နှင့်
သူ့ကံသာရှိပါစေတော့လေ။
သို့ပေမယ့်လည်း နောက်အိမ်ထောင်တော့ ကျွန်တော် မပြုပါ။
ကျွန်တော့်ဇနီးရွှေစင် နေရာတွင် ရွေစင်မှာ လွဲ၍ အခြားမည်သူတစ်ဦးတစ်ယောက်ကိုမှ အစားထိုးရန်လည်း စိတ်ကူးမရှိ။ အစီအစဉ်လည်း မရှိပါ။ သူနှင့်အတူတကွ ပေါင်း သင်း နေထိုင်ခဲ့သည့် တိုက်ခန်းမှလည်း ဘယ်တော့မှ မပြောင်းပါ။
ကျွန်တော့်အချစ်၏တန်ဖိုး၊ လင်ယောက်ျားတစ်ဦး၏ တန်ဖိုး၊ ကျွန်တော့် စေတနာတွေကို သူ သိလာသောအချိန်၊ တန်ဖိုးထားတတ်လာသော
အချိန်၊ အိမ်ထောင်ရှင်မ ပီသလာသောအချိန်၊ မိခင်စိတ်ဓာတ်
ပြည့်ဝလာသော အချိန်မှာ ရွှေစင်က ကျွန်တော့်ရင်ခွင်ကို
ပြန်လာခဲ့မည်ဆိုလျှင် ကျွန်တော့် နှလုံးသားတံခါး အမြဲဖွင့်ကာ
ကြိုဆိုနေပါမည်။ အကယ်၍ ကျွန်တော် မျှော်လင့်ထားသကဲ့သို့
ဖြစ်မလာခဲ့ရင်တော့…. ကျွန်တော့်ဘ၀ နေဝင်ချိန်အထိ
တစ်ကိုယ်တည်း တစ်ယောက်တည်း ကျွန်တော် ဖြတ်သန်းပါတော့
မည်။ မိန်းမ မပီသသော မိန်းမတစ်ယောက်ကို ချစ်ခင်နှစ်သက်နေ
လျှက်နှင့် အခုလို စွန့်လွှတ်ခဲ့မိတာ.. စာပေချစ် ပရိသတ်ကြီးရယ်…
ကျွန်တော် မှားလားဗျာ….. ။
ဟန်သုသော်
ရန်ကင်း မဂ္ဂဇင်း
ဇန်နဝါရီ၊ ၂၀၁၃။