August 2, 2025

မှိုရှာပုံတော်

လေးမောင်
မှိုရှာပုံတော်

ဥနှဲပင်ကျေးရွာကလေးမှ လှမ်းမျှော်ကြည့်လျှင် တောင်နှင့်မြောက် တန်းနေသည့် ပဲခူးရိုးမတောင်တန်းကြီးကို မှိုင်းမှိုင်းညို့ညို့လှမ်းမြင်တွေ့နေသည်။

ဖောင်ကြီးတာဆုံမှ ရိုးမကြီးဘက်ကို ဆင်းပြီး “ဝါးချောင်း” အမည်ရှိ တောင်ကျရေတို့ စီးဆင်းသည့် ချောင်းရိုးအတိုင်း သဲသောင်ပြင်ထက်လမ်းလျှောက်ခဲ့ကြရင်း (၇)မိုင်ခန့်အရောက် ဘယ်ဘက်ကို ဖဲ့ထွက်ကာ သွားလိုက်လျှင် တောလမ်းအတိုင်း(၃)မိုင်ခန့်အတွင်း ထိုရွာကလေးဆီသို့ ရောက်ရှိနိုင်သည်။

(ယခုအခါ ထိုနေရာသည် နိုင်ငံတော်က လှည်းကူးရေ လှောင်တမံကြီး တည်ဆောက်လိုက်သည့်အတွက် သွားလာလို့မရတော့ပါ)

ထိုနေရာသည် မိုးကာလ ရိုးမကြီး အတွင်းသို့ ရွာချလိုက်သောမိုးရေတို့ စုပေါင်းကာအထက်မှ အောက်ကို စီးဆင်းသော တောင်ကျရေတို့ စီးဆင်းသည့် ထိုချောင်းကြီးသည် ယခုလို တပေါင်းတန်ခူး၊ နွေကာလအချိန်တွင် စီးဆင်းရန် မိုးရေတို့ မရှိတော့သဖြင့်ချောင်းကောကြီးအဖြစ် တည်ရှိကာ ထိုချောင်းရိုးတစ်လျှောက် သဲသောင်ပြင်ကြီးအဖြစ် တည်ရှိကျန်ခဲ့သဖြင့် ရိုးမကြီးအတွင်းပိုင်းမှ ဖောင်ကြီး တာဆုံရောက်သည့်တိုင် မြွေကြီးတစ်ကောင် ခွေခေါက်တွန့်လိမ်အိပ်စက်နေသည့်အလား အထင်အရှားတွေ့မြင်နေ ရသည်။ ဟိုအချိန်က ထိုချောင်းရိုးကမ်း စပ်များတွင် ကျော၊ လျှို၊ ချောက်ကမ်းပါး၊ ခင်တန်းနှင့် ရွာသိမ်ရွာငယ်တို့ ရှိနေကြ။

သည့်အထဲမှ ရွာကလေးတစ်ရွာပင် ဖြစ်သည်။

ထိုကျေးရွာတွင်ကျွန်တော်၏လက်ရင်းတပည့် မုဆိုးလုပ်ငန်းဖြင့် ဘဝကိုရပ် တည်နေသော “စိုးဝေနှင့် ဆုမွန်ဦး” ဆိုသည့် ဇနီးမောင်နှံရှိသလို၊ ခင်ပွန်းဖြစ်သူ စိုးဝေက သားကောင်တွေကို ထောင်ချောက်အမျိုးမျိုးဆင်ကာ ဖမ်းဆီးပြီး အမဲလိုက်ခြင်းလုပ်ငန်းကိုလည်းလုပ်ကာ ဇနီးဖြစ်သူ ဆုမွန်ဦးကတော့ မှိုရှာ၊ မျှစ်ချိုး၊ ပုတတ်စာတူး၊ ဟင်းသီးဟင်းရွက် ခူးကာ ရောင်းချရင်း တစ်ဖက်တစ်လမ်းက ဝင်ငွေကို ရှာပြီး မိသားစုဘဝကို ရပ်တည်နေကြသူများ ဖြစ်သည်။

အထူးသဖြင့် ကျေးရွာသည် ရိုးမကြီးအတွင်းပိုင်းကျကျနေရာတွင် တည်ရှိသည့်အတွက် မိသားစုတိုင်း၏ အိမ်ထောင်ဦးစီးတို့က သစ်၊ ဝါး၊ ထင်း၊ မီးသွေးဖုတ်၊ လွှတိုက်၊ သစ်ခွဲ၊ ကြိမ်ခုတ် စသည့် လုပ်ငန်းတွေကို လုပ်ကိုင်ကြသလို ဇနီး၊ သား သမီးတို့က မှိုရှာ၊ သပြေရွက်ခူး၊ တောင်တန်းခုတ်၊ လက်မဲ၊ စလူ၊ ဓနုံး၊ သက်ကယ် ရိပ်၊ ဖားရှာ ငါးရှာလုပ်ငန်းတို့ဖြင့် ကြုံရာ ကျပန်းလုပ်ကိုင်ကာ ဘဝကို ရပ်တည်နေကြသည်။

တောနက်ရာဖြစ်သလို သားကောင်ပေါများရာလည်း ဖြစ်သည့်အတွက် အိမ်သူဇနီးမယားများ တောတွင်းကိုဝင်ကြသည့်အခါ အန္တရာယ်တွေ့လျှင် ခုခံကာကွယ်နိုင်ရန်အတွက် ဓား၊ လှံ၊ လက်နက်များ ကိုင်ဆောင်သွားကြပြီး တစ်ဦးနှင့်တစ်ဦး အသက်ပေး ကာ ကွယ်ကြရန် ကတိကဝတ်ပြုကာ တောထဲသို့ ဝင်ကြခြင်း ဖြစ်သည်။

ထိုကဲ့သို့ တောတိုးကာ ဟင်းစားရှာဖွေကြသည့် မိန်းမအုပ်စုထဲတွင် ခေါင်းဆောင်လုပ်သူက “ဆုမွန်ဦး” ဖြစ်သည်။ ခင်ပွန်းဖြစ်သူ စိုးဝေက မုဆိုးတစ်ဦးဖြစ်သည့်အတွက် ဇက်ရဲလက်ရဲရှိသလို တော အတွေ့အကြုံလည်း အတော်အတန် သိရှိထားသူမို့ခေါင်းဆောင်အဖြစ် တင်ထားကြဟန်ထင့်။

ယခုလဲ သူတို့အုပ်စု တောထဲရှိ မှိုရှာ ထွက်ဖို့ပြင်ဆင်နေကြခြင်းဖြစ်ပေသည်။ သို့သော်လဲ လူကမစုံသေး၊ အိမ်ကိုပြန်ပြီး လိုအပ်သည့်ပစ္စည်းများကို ယူနေကြသည့် အမျိုးသမီးတွေကိုစောင့်ရင်း ရှမ်း ဖက်လိပ်တိုကို မီးရှို့ဖွာရှိုက်နေသည့် “ခင်မြကြွယ်”က “

“ဟဲ့- ဆုမွန်ဦး – ငါ ဒီနေ့ မှုတ်ပြောင်း လိုရမည်ရ ယူခဲ့တယ်ဟဲ့”

“ဟုတ်လား- ကောင်းတာပေါ့။ ဒါနဲ့ ညည်းက ပြောင်းကိုတောင် မှုတ်တတ်နေပြီလား”

“အေး- ငါ့ယောက်ျားသင်ပေးလို့ မှုတ်တတ်နေပြီတော့်”

“အလိုတော်- ညည်းယောက်ျားက နင့်ကို ပြောင်းမှုတ်နည်း သင်ပေးတယ် ဟုတ်လား”

ဆုမွန်ဦးက ခင်မြကြွယ်ကို လှမ်းမေးလိုက်ရင်း မျက်နှာက စပ်ဖြဲဖြဲလုပ်ရင်း စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသော ခင်မြကြွယ်က –

“ညည်းက ဘာလို့ပြုံးပြီး ကျုပ်မျက်နှာကို စိုက်ကြည့်နေရတာလဲ။ ကောင်မနော် .. ကောင်မ၊ ငါမပြောလိုက်ချင်တော့ဘူး- ဟင်း”

ထိုသို့ အငေါ်ထူး မျက်စောင်းချိတ် လိုက်စဉ် ဆုမွန်ဦးက –

“ညည်း အတွေးမလွဲပါနဲ့ဟယ်။ နင့် ယောက်ျား သိန်းဝင်းအကြောင်း ငါသိပါတယ်။ ပြောင်းမှုတ်တယ်ဆိုတော့ ဘယ်လိုပြောင်းမျိုးကို မှုတ်တယ်ဆိုတာကို သိ ချင်လို့ပါ”

“ပြောင်းပဲဟယ်။ ဘယ်လိုပြောင်းကို မှုတ်ရမှာလဲ။ ငါ့ယောက်ျားမှုတ်ခိုင်းတဲ့ ပြောင်းကို မှုတ်တာပေါ့”

“အေးလေဟယ်- ညည်းယောက်ျားက ညည်းကိုဘယ်လိုပြောင်းကို အမှုတ်ခိုင်းတာလဲဆိုတာ မေးတာပါဟဲ့”

“ဝါးပြောင်းဟဲ့ … ဝါးပြောင်း။ တကတဲ အရစ်က ရှည်ကို ရှည်တယ်”

ခင်မြကြွယ် စိတ်တိုသွားမှန်းကို သိလိုက်ရသည့် ဆုမွန်ဦးက ပြုံးရင်းက

“ဒီလိုပါဟယ် အတွေးမချော်ပါနဲ့။ ညည်းယောက်ျားက ပြောင်းမှုတ်တာကိုပဲ သင်ပေးတော့ ညည်းကလည်း မှုတ်တာလောက်ပဲ သိမှာကိုးအေ့။ ကျုပ်က မုဆိုးမယားဆိုတော့ သိတယ်လေ။ ဒါကြောင့် ဘယ်လိုပြောင်းလဲ မေးတာပေါ့။ ဝါးပြောင်းကို မှုတ်တယ်ဆိုတော့ ပြောင်းအရှည် ဘယ်နှတောင်ရှိလဲဆိုတာ သိချင်လို့ပါ”

ဆုမွန်ဦး ပြောလိုက်သည့်စကားကြောင့် ခင်မြကြွယ်က အတန်ငယ် စဉ်းစားလိုက်ပြီး –

“ငါ့အရပ်ထက် နှစ်တောင်လောက် ရှည်မယ်ဟဲ့။ ဝါးရိုးကိုင်းတွေအကြားမှာ အရိပ်ခိုနေတဲ့ ချိုးကိုတော့ မှုတ်လို့ ကျတယ်အေ့။ ဟိုမှာကြည့်ပါလား။ ထောင်ထားတာ”

ခင်မြကြွယ်က တဲရှေ့ ဒန့်သလွန်ပင် အကိုင်းတွင် မှေးကပ်ထောင်ထားသော ပြောင်းတံကို လက်ညှိုးထိုးပြလိုက်သည်ကို လှမ်းကြည့်ရင်း –

“ဟိုဟာမတွေ မလာသေးခင် ညည်းကို ဗဟုသုတအဖြစ် မှုတ်ပြောင်းအကြောင်းကို သိထားလို့ ပြောပြမယ်။ နားထောင်ပြီး မှတ်ထား။ တော်ကြာ ကိုယ်စီးတဲ့မြင်းကိုတောင် အထီးမှန်း အမမှန်း မသိဘူးဆိုရင် လူကြားလို့မှ မကောင်းဖြစ်နေမယ်။

ခု နင်ယူလာတဲ့ဝါးမှုတ်ပြောင်းက အရှည်ခုနစ်တောင်ရှိတယ်။ ပြောင်းတံကို စပြီး အမှုတ်လေ့ကျင့်နေတဲ့သူဟာ အဲဒီခုနစ်တောင်အရှည်ရှိတဲ့ ပြောင်းတံနဲ့ကစပြီး အမှုတ်ကျင့်ရတယ်။ အဲဒီပြောင်းကို ကျွမ်းကျင်စွာမှုတ်တတ်တော့မှ နောက်တစ်ဆင့် (၈)တောင်ကို မှုတ်ရတယ်။ တဖြည်းဖြည်း တစ်ကောင်စီ တိုးသွားရင်း (၁၃)တောင်အဆင့်လို မှုတ်နိုင်တဲ့အခါမှ ဆရာကြီးအဆင့်ထိ ရောက်တော့တာပေါ့ဟယ်”

သူတို့နှစ်ဦး ထိုကဲ့သို့ ပြောဆိုနေကြစဉ် မှိုနုတ်ရန် အတူသွားကြမည့် မိန်းကလေး(၃)ဦး လိုအပ်သည့်ပစ္စည်းကိုယ်စီ ယူဆောင်လျက် ရောက်ရှိလာကြသည်။

ဆုမွန်ဦးခေါင်းဆောင်လျက် ခင်မြကြွယ်၊ နောက်ထပ်ရောက်လာသည့် မြမြအေး၊ ထားဥနှင့်အပျိုကြီးမော်မော်တို့ ငါးဦးသား တောင်းများကိုရွက်၊ ကျော ပိုးအိတ်လွယ်ကာ ဓား၊ လှံ၊ မှုတ်ပြောင်း ကိုယ်စီကိုင်ကာ ရွာလမ်းအတိုင်း လျှောက်ရင်း ရွာထိပ်ခင်တန်းမှ တောလမ်းအတိုင်း လျှောက်လှမ်းခဲ့ကြပေသည်။

အတန်လှမ်းရာဆီသို့ရောက်တော့ ချောင်းကူးတံတားကိုကျော်ကာ လှည်းလမ်းကြောင်းမှတစ်ဆင့် ရိုးမအတွင်း တောထူရာဘက်ဆီသို့ အချင်းချင်း နောက် ပြောင်ကျီစယ်၍ သီချင်းသံတညံညံဖြင့် မှိုရှိနိုင်မည့်နေရာဆီသို့ သွားနေကြရင်းက မုဆိုးမထားဥဿုံက –

“မော်မော်ရေ တစ်မြန်နေ့က ငါ့ဆီ ကိုတင်ထွန်းကြီးလာသွားတယ်ဟ”

“ဟုတ်လား သူက ညည်းဆီကို ဘာလာလုပ်တာလဲ”

“ချေမှိုလိုချင်လို့တဲ့ဟဲ့။ တောထဲသွားလို့ရရင် သူ့ကို ရောင်းပါတဲ့။ ပေါက်ဈေးထက် ပိုပေးပါ့မယ်တဲ့လေ”

“ငါ့ဆီကိုလဲ လာသွားသေးတယ်လေ”

“ဟုတ်လား၊ ဘာပြောသွားသေးလဲ”

“သူ့ဆရာ ရန်ကုန်မုဆိုးအဖွဲ့ လာမယ်တဲ့။ ချေမှိုကိုပေါင်းပြီး ဧည့်ခံဖို့အတွက် သူ့ကိုရောင်းပါဆိုပြီး မှာသွားတာပဲဟ”

သူတို့နှစ်ဦး ပြောနေစဉ် မြမြအေးကလဲ-

“အဲဒီ့ ကိုတင်ထွန်းဆိုတဲ့လူကြီး ငါ့ဆီကိုလဲရောက်လာသေးတယ်တော်။ ချေမှိုကိစ္စနဲ့ပဲ”

“ဘယ်လိုလုပ် ကျွေးမှာမို့လို ဒီလောက် လူပေါင်းစုံ လိုက်မှာနေရတာလဲတော်”

“အဲဒါတော့ မသိဘူးလေ။ သူပြောတဲ့ ဂျီမှိုဆိုတာကိုပဲ ရအောင်ရှာပါဦး”

အမှန်တော့ သူမတို့အဖွဲ့ မှိုရှာသွားနေခြင်းသည် မှတ်သားထားကြသည့် မှိုကျင်းမဟုတ်သည့်အတွက် သစ်တောထူထပ်ရာဆီသို့ ရောက်ပါမှ အလျဉ်းသင့် သလို ဝန်းကျင်ကို လူစုခွဲ၍ဖြစ်စေ၊ နှစ်ဖွဲ့ ခွဲ၍ဖြစ်စေရှာကြရန်ပင်။

အရေးကြုံပါကလည်း တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ အကူအညီပေးနိုင်ရန် တစ်ခေါ်စာလောက်ဝေးသည့် နေရာဆီထိ အုပ်စုခွဲကာ တောတိုးရှာဖွေကြရမည့် အနေအထားဖြစ်ပေသည်။

တကယ်တော့ တောထဲတွင် နေထိုင်ကြသူများတွင် မှိုနှင့်ပတ်သက်ပြီး (ထိပ်တန်းလျှို့ဝှက်ချက်) ထားတတ်ကြသူများ ဖြစ်ကြသည်။ ယခုရိုးမကြီးအတွင်း နေရာအနှံ့ တောတိုးကာ လုပ်ကိုင်ရှာဖွေစားသောက် နေကြသူများအဖို့ တောတိုးကြရင်းက မှိုကျင်းတို့ကိုရှာဖွေတွေ့ရှိထားကြသူများချည်း ဖြစ်သည်။

ထိုသို့ ကိုယ်ရှာဖွေတွေ့ရှိ မှတ်သားထားကြသော မှိုကျင်းများကို မည်သူ့ကိုမှ ဖွင့်မပြောဘဲ တစ်ယောက်တည်းသာ လျှို့ဝှက်ထားပြီး မှတ်သားထားလေ့ရှိကြသည်။ မှိုဆိုသည်က မိမိမှတ်သားထားသည့်အချိန် တစ်နှစ်တင်းတင်းပြည့်သည့်နေ့တွင် ထပ်မံပေါ်ထွက်လာတတ်ကြသည်ကို တောသူတောင်သားတိုင်းက သိရှိထားကြသည့်အတွက် သတ်မှတ်ရက်ပြည့် လျှင် ထိုသို့ လျှို့ဝှက်မှတ်သားထားသည့် မှိုကျင်းဆီကို မည်သည့်အဖော်ကိုမှ မခေါ် ပဲ တိတ်တဆိတ်လာရောက်တူးဖော်လေ့ရှိကြသည်။

ရှားပါးသည့်အချိန် ပြန်ရောင်းလျှင် ဈေးကောင်းရကြသည်။ အခြားသူများကို မှတ်ထားသည့် မှိုကျင်းရှိရာကို ဖွင့်ပြောပြလိုက်ပါက ထိုသူက ကိုယ့်အရင် တူးယူသွားတတ်ကြသည် ဖြစ်သည့်အတွက်ကြောင့်ပင်။

အမှန်တော့ ရိုးမကြီးအတွင်းမှ ထွက်ရှိကြသော အဖိုးတန်သယံဇာတပစ္စည်းတွေထဲတွင် ယခု သူမတို့အဖွဲ့ ဝင်ရောက်ရှာဖွေကြသည့် မှိုဆိုသောအရာလည်း ပါသည်။

သို့သော် မှိုအမျိုးအစားချင်းတော့ မတူကြ။

သည်ရိုးမကြီးအတွင်း သဘာဝပေါက်ကြသည့် မှိုများသည် မိုးကာလအဦးဆုံးပိုင်းထွက် တောင်ပို့မှိုနှင့် ငှက်မို့မှိုတို့ ပေါက်ကြသည်။

မိုးလယ်ပိုင်းကာလတွင် မှိုအုန်းနက်၊ ဝါးရုံမှို၊ ဆန်ကွဲမှို၊ မှိုအဂ္ဂ၊ မှိုဥ၊ နွားချေးမှိုများ ထွက်ကြသည့်အပြင် အခြားသော စားလို့မကောင်း (အဆိပ် အတောက်)ဖြစ်သည့် အရောင်အဆင်း အမျိုးစုံ၊ အရွယ်အစားမျိုးစုံတို့ သိန်းချီ ထွက်ကြသည်။ အရွယ်အစားပုံသဏ္ဌာန်မျိုးစုံ ဖြစ်ကြသည်။

ထိုကဲ့သို့ ရိုးမကြီးအတွင်းထွက်သော မှိုပေါင်းစုံတို့သည် သစ်တောထူထပ်ရာလည်းဖြစ်၊ အောက်ခြေရှင်းလင်းသည့် မြေသားထက်တွင် သဘာဝအရ ပေါက် ကြသည်။ မြက်ထူရာနှင့် ကျောက်သားဆန်သောမြေသားနှင့် ကျောက်တောင်တို့တွင် မပေါက်။ သို့အတွက် သူမတို့အုပ်စု သစ်တောထူထပ်ရာအတွင်းပိုင်းဆီသို့ ဦးတည်ကာသွားပြီး ရှာဖွေကြရမည်ဖြစ်ပေသည်။ တောတွင်းဆီသို့ ရောက်ပြန်တော့လည်း ဝန်းကျင်အနှံ့ မြေသားပြင်သည် ဂရုတစိုက် လိုက်လံရှာဖွေကြည့်ရှုကြရပြန်သေးသည်။

သူတို့အုပ်စုရှာဖွေကြမည့် ချေမှို(ဂျီမှို)ဆိုသည်ကအရောင်အဆင်းကနီညိုရောင် ငှက်မို့မှို၊တောင်ပို့မှိုကဲ့သို့ နေရာအနှံ့လည်း မပေါက်ကြ။ သစ်တောထူထူတို့ အရိပ်အောက်မြေပြောင်ပြောင်တွင်သာ ပေါက် သည်။ မှိုသားက မာကြောပြီး (အသားဟင်းကို စားရသလို) စေးစေးပိုင်ပိုင်ရှိသည်။ အလွန်ရှားပါးပြီး လူကြိုက်များသလို တန်ဖိုးလည်းကြီးသည်။

မှိုသားအရောင်အဆင်းက နီညိုရောင်ဆိုသော်လည်း အချို့သောနေရာတို့တွင် (အနီ၊ အဝါ၊ အညို) စသည်ဖြင့် အရောင်ကွဲပြီး တွေ့တတ်ကြရသော်လည်း အရသာမှာ အတူတူပင်ဖြစ်သည်။ မှိုပွင့်က မကြီး၊ သိပ်လည်း မငယ်၊ ခပ်လတ်လတ်အရွယ်အစားဖြစ်သည်။ ချေသတ္တဝါကောင်၏ အရောင်အဆင်းနှင့် တူသည့်အတွက် ချေ(ဂျီ)မှိုဟု တောသူတောင်သားတွေက ခေါ်ကြခြင်းဖြစ်သည်။

တဖြည်းဖြည်း သူမတို့(၅)ဦးသား တောတိုးကာ လျှောက်လှမ်းခဲ့ကြရင်း တစ်နေရာဆီ ရောက်လာကြသည်။ တောမှာ အမြဲစိမ်းတောမျိုးဖြစ်သည့်အတွက် သစ်ပင်ကြီးငယ်တို့အပြင် ချုံ နွယ်ပိတ်ပေါင်းတို့မျိုးစုံသလို ဝါးရုံတောကြီးများ ပြန့်ပြန့်ပြောပြော ပေါက်နေကြသည်။ ချုံနွယ်ပင်များက ပင်မြင့်ကြီးတွေ ကို ရစ်ပတ်သွယ်သိုင်းထားပြီး ပင်စောက်၊ ကံ့ကော်၊ သပွတ်သိန်၊ ဆူးရစ်၊ ဒိုးနွယ်၊ သစ်အယ်(ဖြူနီ)၊ မဏိသြဃ၊ ဆူးပုပ်ရိုင်းနှင့် ကင်ပွန်းရိုင်း စသည့်အပင်များနှင့် စိမ်းစိုအုံ့ဆိုင်းကာ နေရောင်ပင်မတိုးနိုင်အောင် မည်းမှောင်ပိတ်ဆည်းနေသည်။

ဖြတ်သန်းသွားနေကြသည့် လမ်းကြောတောင်ကြားလျှိုကြီးများတွင် ကပ်၍ ပေါက်နေသော သစ်ပင်ကြီးတို့မှာ ခပ်စောင်းစောင်းပေါက်နေကြသည်။အတန်ကြာကြာ လျှောက်လှမ်းခဲ့ကြပြီးသောအခါ တောင်တစ်လုံး၏ ထိပ်ပိုင်းဆီတွင် မြက်ရိုင်းပင်များသာ ဖုံးလွှမ်းနေပြီး ဆက်လက်လှမ်းခဲ့ကြရာ တောင်ခေါင်းတုံးတစ်ခုဆီသို့ ရောက်ရှိလာခဲ့ကြသည်။

ထို တောင်ထိပ်ဆီသို့ သွားရာလမ်းကြောင်းတွင် သစ်ပင်တို့ ခပ်ကျဲကျဲပေါက်နေသည်ကိုလဲ သတိပြုလိုက်မိကြသည်။ ထိုနေရာဆီမှ တောင်ဆင်းလမ်းအတိုင်း ဆက်လက်ဆင်းခဲ့ကြရာ ညာဘက်ခြမ်းဆင် ခြေလျှောလမ်းအဆုံး၏ ရှေ့တွင် ခပ်ပြေပြေ ခပ်နိမ့်နိမ့် တောင်ကုန်းလေးတစ်ခုကို လှမ်းမြင်တွေ့လိုက်ကြရသည်။

ထိုနေရာတွင် ကျောက်တုံးကျောက်ခဲများ ရှိနေပြီး ချုံပင်များနှင့် မြက်ရိုင်းပင်တို့က ကျောက်တုံးများကို ဖုံးအုပ်နေကြပြီး ကုန်းထိပ်တွင် “မုဆိုးလက်ဆုပ်ပင်” ကြီး ထီးထီးမားမား ပေါက်နေသည့်အောက် တွင် မြေပြင်ထက် အရိုးကိုစိုက်လျက် အရွက်ကို ဖွင့်ထားသည့် ထီးနီကြီးတစ်လက်ကို သူမတို့(၅)ယောက်သား လှမ်းမြင်တွေ့လိုက်ကြရပေသည်။

“ဟာ- ဟိုအပင်ကြီးအောက် မြေပြင်မှာ ထီးနီကြီးတစ်လက် ဘယ်သူလာပြီး စိုက်ထောင်ထားသလဲ မသိဘူး။ ကြည့်လိုက်ကြဦး”

ဆုမွန်ဦးဆိုသည့် အမျိုးသမီးက လှမ်းလက်စခြေလှမ်းကို ရပ်တန့်ရင်း လက်ညှိုးထိုးပြလျက် ပြောလိုက်သည့်အတွက် သူတို့ကလည်း ရပ်တန့်ကာ အပင်ကြီးအောက်တွင် ထူးထူးခြားခြား မြေပြင်တွင်စိုက်ထားသည့် ထီးနီကြီးကို လှမ်းကြည့်လိုက်ရင်း မြမြအေးက –

“အေး-ဟုတ်တယ်ဟ။ ရှေ့ကိုဆက် မသွားကြနဲ့ဦး။ ဘာမှန်းညာမှန်းမသိ။ တော်ကြာ အန္တရာယ်နဲ့တိုးနေဦးမယ်။ ယူလာတဲ့လက်နက်တွေ အသင့်ပြင်ထား၊ ဟိုသပွတ်သိမ်ချုံပင်ကြီးအောက်ကိုဝင်ပြီး စောင့်ကြည့်လိုက်ကြရအောင်”

မြမြအေးပြောလိုက်သည့်စကားကြောင့် သူတို့အားလုံး လက်နက်တွေကို အသင့်ကိုင်ဆောင်ပြီး သပွတ်သိမ်ချုံနွယ်ပင်ကြီးအောက် ပြေးဝင်လိုက်ကြ သည်။ ဆုမွန်ဦးဆိုသည့် မုဆိုးဇနီးက သပွတ်သိမ်ချုံနွယ်ပင်အောက် အရွက်တွေအကြိုအကြားမှ ကိုက်တစ်ရာသာသာရှိ မုဆိုးလက်ဆုပ်ပင်ကြီးအောက် မြေပြောင်ပြောင်တွင် မြေပြင်ထက် ထီးထီးကြီးဖြစ်နေသည့် ဘုန်းတော်ကြီးတွေဆောင်းသည့် ထီးနီတစ်ချောင်းကိုဖွင့်ကာ မြေပြင်တွင် ထိုးစိုက်ထောင်ထား သည့်အရာကြီးကို အသေအချာကြည့်လိုက်ရင်း ဖြစ်နိုင်သည့်အရာတို့ကို လိုက်လံတွေးတောနေချိန် ခင်မြကြွယ်က –

“ဟဲ့ မုဆိုးမယား ဘာကြီးလည်းဆိုတာ ပြောပါဦးဟဲ့၊ တကတဲမှပဲ”

လိုက်ပါလာကြသည့်အမျိုးသမီး (၄)ဦးသည် ရိုးရိုးသာမန်အရပ်သူများသာ ဖြစ်ကြသည်။ သို့အတွက် တောထဲကိုဝင်ပြီး မှတ်သားထားသော မှိုကျင်းကိုရှာ၊ မျှစ်ချိုးသာ လုပ်ခဲ့ကြဖူးပေမယ့် ယခုလိုတောနက်ကြီးအတွင်းသို့ စွန့်စွန့်စားစား တောတိုးကာ ရှာဖွေကြသူများ မဟုတ်သဖြင့် ထိုမြင်တွေ့နေရသည့် အခြင်းအရာကို သိကြမည်မဟုတ်။

မိမိကသာ မုဆိုးတစ်ဦး၏မယား ဖြစ်သည့်အတွက် လင်တော်မောင် စိုးဝေ (စာကလေး) နဲ့အတူ သားကောင်တွေကို လိုက်လံပစ်ခတ်ခြင်း၊ ထောင်ချောက် အမျိုးမျိုးကိုထောင်ခြင်း စသည့်လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ဖူးသူဖြစ်သဖြင့် သူတို့တွေထက်စာလျှင် အတွေ့အကြုံပိုပြီး သိရှိထားသူဖြစ်သည့်အတွက် သူတို့အမေးကို ပြန်ဖြေနေလျှင်လည်း အကြောင်းထူးမှာမဟုတ်သည့်အတွက် ပြန်ဖြေမနေတော့။ သို့အတွက် လေသံတိုးတိုးနှင့် –

“ငြိမ်ငြိမ်လေးနေကြပြီး အသေအချာ ကြည့်ကြစမ်း။ ဘာဖြစ်နိုင်သလဲ ဆိုတာကို…”

ဆုမွန်ဦး ပြောလိုက်သည့်အတွက် အတန်လှမ်းရာဆီတွင် တွေ့ မြင်နေရသည့် ထီးနီကြီးကို စူးစိုက်ကြည့်ကြရင်း ကိုယ့်အတွေးနှင့်ကိုယ် အဖြေရှာနေလိုက် ကြသလို သူမကိုယ်တိုင်ကလဲ နီးစပ်ရာအဖြေကို တွေးတောရှာကြံနေလိုက်သည်။ ထိုအချိန် –

“ဝင်ထရိန်း – ဝင်ထရိန်း”

သူတို့ဝင်ရောက်ပုန်းအောင်းနေကြသည့် သပွတ်သိမ်ချုံနွယ်ပင်ကြီးထက်ဆီမှ အသီးမှည့်တွေကို စားသောက်နေကြသည့် ငှက်ငနွားတို့က နွားသိုးကြီးတွေ တွန်သံမျိုးဖြင့် အော်မြည်ဟစ်ကြွေးလိုက်သံက ဘာဖြစ်မည်မှန်းကိုမသိ၍ စူးစိုက်ကြည့်ကာ အဖြေရှာနေကြသော သူမတို့တစ်သိုက်အား ထိတ်လန့်စိုးရွံ့အောင် ခြောက်လှန့်လိုက်သလိုပင်။

သို့အတွက် ကြက်သီးတဖြန်းဖြန်း ထသွားသည်ထိ တိုင် ဖြစ်သွားကြပေသည်။ ထိုစဉ် မော်မော်ဆိုသည့် ကလေးမက –

“ဒါဟာ ထီးကိုစိုက်ထောင်ထားတာတော့ မဖြစ်နိုင်ဘူးဟဲ့”

သူမ လှမ်းပြောလိုက်သည့်စကားကြောင့် ထားဥဿုံက –

“ဘယ်လိုကြောင့်လဲဟဲ့ မိမော်ရဲ့”

“ငါအသေအချာကြည့်တော့ ဘုန်းတော်ကြီးဆောင်တဲ့ ထီးကြီးနဲ့တော့ ဆင်တယ်ဟဲ့။ ဒါပေမဲ့ ထီးရွက်ကို အသေအချာကြည့်တော့ လက်နှစ်လုံးလောက် ထူနေတယ်ဟ။ မြေမှာ စိုက်ဝင်နေတဲ့ လက်ကိုင်ရိုးကလဲ သင်္ဘောပင်လုံးပတ်လောက် ရှိနေတယ်။ ထီးရွက်ရဲ့အောက်ခံသားက ဖြူနေတာတော့်။ နောက်ပြီး ထီးရိုးအလယ်လောက်မှာ ထမင်းပန်းကန်ပြားတစ်ချပ်စာလောက်ရှိတဲ့ အဲဒီ့ထီးပုံစံမျိုးတစ်လက်၊ အဲဒီဟာကတော့ အဖြူရောင်လေ မမြင်ကြဘူးလား”

မော်မော်ပြန်ပြောလိုက်သည့်စကားကို အားလုံးက ကြားလိုက်ရသည်။ ဆုမွန်ဦးတစ်ယောက် အတွေးနယ်ချဲ့နေရင်း မော်မော်ပြောလိုက်သည့်စကားကြောင့် သူမဦးခေါင်းထဲတွင် အသိတစ်ခုက လင်းလက်လာသည်။ မဆယ်ကုန်းရွာမှ အဘဆရာကြီးဦးညိုမှိုင်းပြောလိုက်သည့်စကားကိုပင်။

တစ်နေ့ အဘဆေးဆရာကြီးဦးညို မှိုင်း သူတို့လင်မယားဆီ ရောက်လာပြီး ပြောသည့်စကားက –

“ဟာ – အဘဆရာကြီး – ထူးထူးခြားခြား ကျွန်မတို့အိမ်ကို ကြွလာတယ်။ ထိုင်ပါရှင့်။ ဘာကိစ္စများရှိလို့ပါလဲ။ ကျွန်မတို့ ဘာအကူအညီပေးရမလဲ အမိန့်ရှိပါ ရှင့်”

အဘဆရာကြီး ဦးညိုမှိုင်းဆိုသူက သိပ်ကြီးသူတော့ မဟုတ်သေး။ ရှိလှမှ အလွန်ဆုံး (၄၀)သာသာ၊ တိုင်းရင်းမြန်မာဆေးဆရာကြီးတစ်ဦး။ သို့သော် ပယောဂလဲကုသည်။ အလွန်ဆေးလိုက်သလို ပယောဂကိုလဲ နိုင်နင်းစွာ ကုသနိုင်မှုကြောင့် ရွာနီးချုပ်စပ်နှင့် ဖောင်ကြီး၊ စံပြ၊ မင်းကုန်း၊ ဥတို၊ ရေနက်ကြီးကျေးရွာများနှင့် လှည်းကူးမြို့နယ်တစ်ကြောထိတိုင် နာမည်ကြီးနေသူ။ လူက ဖြူဖြူ နုနု၊ ရွှေကိုင်းမျက်မှန်နှင့် ထာဝစဉ်ပုဆိုးကွက်တုံးဝတ်ပြီး ယောဂီရောင်တိုက်ပုံ ကိုဝတ်ကာ ထိပ်ကပြောင်ပြောင်။ ငယ်ထိပ်တွင် ဆံပင်မရှိဘဲ ပြောင်နေသည်။ နှစ်ဖက်သော နားထင်ဘက်ရှိ အမွေးများကို ငယ်ထိပ်ပြောင်ပြောင်ပေါ် ဆွဲတင် ဖုံးအုပ်ထားပြီး မျက်မှန်ထူထူကြီးကို သားရေကြိုးနှင့်ဆွဲကာ အမြဲတပ်ထားရသူ။ သမားသက်ရင့်သလိုဆေးဘက်လည်း လိုက်သည့်အပြင် ပယောဂကိုလည်းနိုင်နင်းသူ၊ တပည့်တပန်းများအပေါ်လည်း စေတနာထားသူ၊ ငွေကြေးတို့ အဓိကမထားပဲ မည်သည့်ရွာမှ မည်သည့်အချိန်မဆို လာရောက်ပင့်ဆောင်ပါက ငြင်းဆိုခြင်းမရှိတဲ့ လိုက်လံကုသပေးသူတစ်ဦး ဖြစ်သည်။

“အေးကွဲ့ စာကလေးနဲ့ ဆုမွန်ဦးရဲ့ ငါလိုချင်တဲ့ပစ္စည်းလေးတွေ နင်တို့ဆီမှာချင်တော့လည်း နင်တို့လင်မယားဆီ အရောက်လာခဲ့ရတာပေါ့ကွဲ့”

ထိုကဲ့သို့ဆရာကြီးပြောလိုက်သည့် စကားကြောင့် စိုးဝေက –

“ဒါနဲ့ ဆရာကြီးရယ် ကျွန်တော့် နာမည်က စိုးဝေပါ။ စာကလေးဆိုတဲ့ နာမည်က ဘယ်သူပြောလို့ သိနေတာတုံးဟင်”

“ဟိုကောင်တွေလေကွာ၊ သူတို့ ပြောလို့ ငါသိတာပေါ့”

“ဟုတ်ကဲ့ ဘယ်ကောင်တွေပါလဲ။ အမိန့်ရှိပါဦး ဆရာကြီးရဲ့”

“ဟ ဘယ်ကောင်တွေရှိရမှာတုံး။ ထန်းပင်ကုန်းက သိန်းဝင်း၊ ကလီတော်က လေးမောင်၊ ဝါးချောင်းက တင်ထွန်း၊ စံပြက မြတ်မင်းဟန်တို့ ပြောလို့ပေါ့”

ဆရာကြီးပြောလိုက်သည့် ထိုနာမည်တွေကို ကြားလိုက်တော့ စိုးဝေ မလှုပ်တော့။ ဆရာကြီး ခေါ်လိုက်သည့် စာကလေးဆိုသည့်နာမည်ကို အလိုလို လက်ခံသွားပေသည်။

“ထားပါတော့ အဘရယ်။ ကျွန်တော်တို့ အဘကို ဘာအကူအညီပေးရမယ်ဆိုတာသာ အမိန့်ပါ။ တတ်နိုင်သလောက် အကူအညီပေးပါ့မယ်။ အမိန့် သာရှိပါ”

“အိမ်း … အိမ်း သာဓုပါကွယ်။ သာဓု သာဓု ၊ ဘုန်းကြီးပါစေ။ သက်တော်ရာကျော် ရှည်ပါစေ။ ဒီလင် ဒီမယား အိုအောင်မင်းအောင် ပေါင်းရပါစေ။

ဒီလိုဟေ့ အကူအညီက နှစ်ခုတောင်းရမှာကွ။ အဲဒီ့နှစ်မျိုးစလုံးကလဲ မင်းတို့လို မုဆိုးတွေမှသာ ကူညီနိုင်မှာကိုးကွ နော”

“ဟုတ်ကဲ့ အဘ ဦးညိုမှိုင်း။ မိန့်သာ မိန့်ပါ။ သားတို့ ကူညီပါ့မယ်”

“ပထမတစ်မျိုးက ဖြူဆိုတဲ့ အကောင်ကွ။ နောက်တစ်မျိုးက မှိုလေကွာ”

ထိုသို့ သူလိုအပ်ချက်ပစ္စည်းကို ပြောပြလိုက်သဖြင့်မုဆိုးစိုးဝေ (စာကလေး) က-

“ဖြူဆိုတဲ့အကောင်ကိုတော့ တစ်ပတ်လောက် စောင့်ရမယ် အဘ။ မှိုကတော့ ပေါပါတယ်။ ရွာမှာ မှိုနုတ်တဲ့သူတွေ ရှိနေတာပဲ။ သူတို့ကိုမှာလဲ ရတာပဲ အဘရယ်”

“ဟဲ့ကောင် စာကလေးရဲ့အဲဒါကို နင်ပြောမှ ငါသိရမှာမဟုတ်ပဲ။ ငါလိုချင်တဲ့မှိုက အဲဒီလိုမှိုမျိုးမဟုတ်ဘူး”

“အဘကလဲဗျာ နာမည်ရှိရဲသားနဲ့ နာမည်ကို ခေါ်ပါဗျ။ ဒါနဲ့ အဘလိုချင်တဲ့မှိုက ဘယ်လိုမှိုမျိုးလဲဟင်”

“မှိုအုန်းနက်ကွ ၊ မှိုအုန်းနက်ဆိုတဲ့အမျိုး”

“မှိုအုန်းနက် ဟုတ်လား အဘ။ ကြားတောင်မကြားဖူးဘူး။ မမြင်လဲ မမြင်ဖူးဘူး။ ဘယ်လိုမှိုမျိုးလဲဟင်။ နောက်ပြီး ဘယ်လိုရောဂါအတွက် သုံးမှာလဲ အဘ”

“အေး ပြောပြရတာပေါ့။ ဖြူဆိုတဲ့ အကောင်ကိုတော့ အစာအိမ်ကိုထုတ်၊ အခြောက်လှန်း၊ အမှုန့်ကြိတ်ပြီးကျွေးဖို့လေ”

“ဟုတ်လား အဘ။ အဲဒီ့လိုကျွေးတော့ ဘယ်လိုရောဂါတွေပျောက်သလဲဟင် အဘ”

“အင်း ရန်ကုန်ကလငါ့လူနာ ဝင်းနိုင်ဆိုတဲ့အကောင် အစာမစားပဲ တရှောင်ရှောင်ဖြစ်ပြီး မစားနိုင်၊ မအိပ်နိုင်တဲ့ ဝေဒနာစွဲနေတာ။ ငါ့ကိုလာပင့်လို့ လိုက်ပြီး စစ်ကြည့်လိုက်တော့ ခွာနာလျှာနာရောဂါစွဲနေတာကိုးကွ။ ဒါကြောင့် သူ့ရောဂါကို ကုဖို့ပေါ့နော”

“ဒါနဲ့ အဘ ကျွန်တော်ကြားဖူးတာက ဖြူတစ်ကောင်၊နွားတစ်ကောင်ဆိုတဲ့ စကားလေ။ ဖြူတစ်ကောင်ရဲ့အစာအိမ်ကိုအခြောက်လှန်း၊ အမှုန့်ကြိတ်ပြီး အစာနဲ့ရောကျွေးရင် ကျွဲတို့၊ နွားတို့မှာဖြစ်နေတဲ့ ခွာနာလျှာနာပျောက်တယ်ဆိုတာကိုပဲ။ ခု အဘက လူကိုကျွေးမှာဆိုတော့”

“အေးပေါ့ကွာ ခေတ်ကြီးကိုက ငါတို့ငယ်ငယ်တုန်းကလို ထိခိုက်ရှနာမိလို့ သွေးထွက်သံယိုဖြစ်ရင် မြေကြီးက ဖုန်ကိုယူပြီး အနာကိုသိပ်လို့ရတဲ့ခေတ်ကြီး မဟုတ်တော့ဘူးလေကွာ။ ခုခေတ်က ပါတီစုံဒီမိုကရေစီခေတ်ကွ။ အရင်ကကျွဲ နဲ့ နွားတွေမှာဖြစ်တဲ့ရောဂါ လူမှာမဖြစ်ရဘူးလို့ ဘယ်သူပြောထားလို့လဲ။ ပြည်သူ့လွှတ်တော်ကလည်း အဲဒီလိုသတ်မှတ် ထားလို့လား။ အမြင်ကျယ်စမ်းပါကွာ။ ဒီမိုကရေစီခေတ်ကွ၊ ဒီမိုကရေစီခေတ်”

“ဟုတ်ကဲ့ပါ အဘ။ခေတ်ချင်းမတူတော့ ဟိုအရင်ကျွဲတွေ၊ နွားတွေမှာဖြစ်တဲ့ရောဂါဟာ ဒီခေတ်မှာ လူတွေဘက် ရောက်လာတာတောင် ကျွန်တော်မသိလိုက်ဘူး။ အတော်နောက်ကျနေပြီပဲလေ။ ဒါနဲ့ မှိုဆိုတာက ဘယ်လိုမှိုမျိုးလဲ။ စောစောက အဘပြောခဲ့တဲ့ မှိုအုန်းနက်ဆိုတာ သူက ဘာရောဂါကို ကုမှာလဲ ဟင်”

“အဲဒီလူနာက ငါ့လက်ရင်းတပည့်ပါပဲ။ သူ့နာမည်က သိန်းဝင်းလို့ ခေါ်တယ်လေ။ သူဖြစ်တဲ့ရောဂါက ခုခေတ်စကားနဲ့ပြောရရင် (ဂေါက်)ရောဂါလို့ ခေါ်တာ ပေါ့။ သွေးတိုး၊ နှလုံး၊ ဆီးချို၊ အသည်းရောင်အသားဝါနဲ့ ယှဉ်ဖြစ်တာဆိုတော့ ခု မင်းကိုရှာခိုင်းတဲ့မှိုအုန်းနက်ဆိုတာကိုရမှ ကုသလို့ရမှာမို့ပါ။

စောစောကမင်းပြောခဲ့သလိုမကြားဖူး၊ မမြင်ဖူးဘူးဆိုတာလည်း ဖြစ်နိုင်ပါတယ်။ မင်းလိုကောင်မျိုးမပြောနဲ့၊ တော်ရုံမုဆိုးဆို မကြားဖူးသလို မြင်လည်း မမြင်ဖူးကြဘူးလေ။ ဒါပေမဲ့ ရှားရှားပါးပါးလည်းဖြစ်၊ အလွန်အစွမ်းထက်ပြီး ဆေးဘက်လည်းဝင်တဲ့မှိုဆိုတော့ မင်းက ရိုးမမုဆိုးကြီး အမည်မခံရသေးပေမဲ့ တောအနှံ့ တောင်အနှံ့ သွားလာနေတဲ့ မင်းကလွဲပြီး တော်ရုံလူရှာလို့လည်း ရမှာမဟုတ်တဲ့မှိုမျိုးကိုးကွ။

အလွန်လည်း ရှားတယ်။ အန္တရာယ်လည်း များတယ်ကွ။ သူ့အပွင့်က ဘုန်းတော်ကြီးတွေဆောင်းတဲ့ထီးလောက်ကြီးတယ်။ အဝေးက လှမ်းမြင်ရရင် ထီး ကြီးတစ်လက်ကို မြေပြင်မှာ စိုက်ထောင်ထားသလိုပဲ။ တစ်ပွင့်တည်းရယ်။ နှစ်ပွင့်ကနေ သုံးပွင့် အများဆုံးပဲ။

အထူးသဖြင့်အဲဒီမှိုပွင့်တဲ့နေရာမျိုးမှာ ငန်းစောင်း၊ ငန်းလက်ပတ်၊ ငန်းတော်ကျား၊ ငန်းသံကွင်းစွပ်၊ ငန်းဦးကွက်၊ ငန်းပြသာဒ်ဆိုတဲ့ အဆိပ်ပြင်းပြီး ကြီးမားတဲ့ မြွေကြီးတွေရှိနေပြီး မှိုအနီးကို ရောက်လာသူတွေကို ရန်လုပ်တတ်ကြတယ်ကွ။

အတွေ့အကြုံများတဲ့ ရိုးမမုဆိုးကြီးတွေကတော့ အဲဒီမှိုပွင့်ကြီးကိုတွေ့ရင် အနီးမှာငန်းမြွေကြီးတွေ ရှိ မရှိကို ဦးစွာ မြွေစွတ်ကြောင်းကို အရင်ရှာကြတယ်။ အချို့တွေက အနံ့ခံစူးစမ်းကြတယ်။ မင်းတို့ သိကြတဲ့အတိုင်းပဲလေ ။ ငန်းမြွေ၊ စပါးကြီးနဲ့ စပါးအုံးမြွေမျိုးဆိုတဲ့အကောင်မျိုးတွေက ကြီးလာလေ၊ သူတို့အနံ့က ညှီစို့စို့ ပုပ်အဲ့အဲ့အနံ့က ပိုထွက်လေကိုးကွဲ့၊

“ဟုတ်ကဲ့ အ … အဘ။ ဒီလောက် အန္တရာယ်များနေမှတော့ ဘယ်လိုလုပ်ပြီး မှိုကို ခူးခဲ့ရမှာလဲ”

“တစ်ပွင့်လုံးရရင်တော့ ပိုပြီးကောင်းတာပေါ့။မရလည်း ဆေးဖော်ဖို့အတွက် နည်းနည်းဖဲ့ပြီး ယူလာခဲ့ပေးပါကွာ။မကြာမီ ရှောတော့မယ့် သိန်းဝင်းအသက်ကို ကယ်လို့ရတာပေါ့။ ကုသိုလ်လည်း ရပါတယ်။ ရခဲ့မယ်ဆိုရင် ထိုက်ထိုက်တန်တန် ကျေးဇူးပြုပါ့မယ်နော်- ဒါပါပဲ။ ကိုင်း ငါသွားတော့မယ်”

အမှတ်မထင် ဆေးဆရာကြီး ဦးညိုမှိုင်းအိမ်ကိုရောက်လာပြီးထိုမှိုပွင့်ကြီးအကြောင်း ပြောသွားသည့်စကားတွေကို အမှတ်ရလိုက်သည်။ သို့အတွက် ချုံတောကြီးအတွင်း ငြိမ်ကုပ်၍ မှိုပွင့်ကြီးကိုကြည့်လျက် ကိုယ့်အမြင်နှင့်ကိုယ် တွေးနေကြသော အဖွဲ့သားတို့အား ပြောပြတော့မည့်အလုပ် မုဆိုးလက်ဆုပ်ပင် ကြီးဟိုဘက် ဝါးရုံတောကြီးဘက်ဆီမှ-

“ဟု – ကိ ကိ ၊ ဟု – ကိ ကိ ၊ ဟု-ကိကိ”

တိတ်ဆိတ်ငြိမ်သက်နေသည့် ကြားမှ ရစ်ဖကြီးတစ်ကောင်၏ တထိတ်တလန့် အော်ဟစ်သံနှင့်အတူ ဝါးရွက်ခြောက်တွေကိုနင်းကာ ပြေးလွှားသံကိုပါ ကြားလိုက်သည်။ လှမ်းကြည့်လိုက်တော့ ဝါးရုံတောကြီးဘေးမှ ပြေးလွှားထိုးထွက်လာသည့် ရစ်ဖကြီးကို မြင်တွေ့လိုက်ရသည့်အချိန်၊ ပြေးလာသည့် ရစ်ကြီးနောက်ဘက်ဆီမှ –

“အိန် – အိန်အိန် – အိန်”

တအိန်အိန်အသံကိုပြုကာပြေးလွှားလာနေကြသည့်အကောင်များကို တွေ့ မြင်လိုက်ရသဖြင့် အားလုံး မျက်လုံးပြူးနေစဉ် ထားဥဿုံက –

“ဘာအော်သံလဲ။ မြမြအေး ဘာကောင်တွေတုံးဟဲ့”

ထိုအချိန် ဆုမွန်ဦးအသံက အရေးတကြီးထွက်ပေါ်လာသည်က-

“ဟိုအပင်ကြီးပေါ် အမြန်တက်ကြ။ အားလုံးတက်နော် – အန္တရာယ်ရှိတယ်”

ထိုအချိန် ဝါးရုံတောကြီးဘေးမှ တထိတ်တလန့် ပြေးလွှားထိုးထွက်လာသည့်ရစ်ဖကြီးမှာဝါးရုံတောအစပ်ဆီသို့ အရောက် ရှေ့ဆက်ပြေးလွှားရန် လမ်းမရှိတော့သည့်အတွက် လျှိုအောက်ကို ဆင်းပြေးကာ အောက်ပိုင်းဆီ ရောက်ပြန်တော့လဲ ချုံနွယ်ပိတ်ပေါင်းများ ရှုပ်ထွေးပိတ်ဆီးနေသည့်ကြား တိုးဝင်ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ကြရသည်။

ထိုအချိန် သူမတို့(၅)ဦးသား ခပ်လှမ်းလှမ်းရှိ “စက္ကသုန်းပင်ကြီး”၏ ဘေးထွက်ကိုင်းများကို ဆွဲခိုကာ တက်ရောက်လိုက်ပြီး အခြားသောအကိုင်းတို့မှတစ်ဆင့် အမြင့်ဆုံး ဘေးထွက်ကိုင်းတွေကို ခွထိုင်နေရာယူလိုက်ကြပြီး နောက်ဆက်တွဲဖြစ်ပေါ်လာမည့်အခြေအနေကို ရင်တထိတ်ထိတ်နှင့် ငံ့လင့်စောင့်စား ကြည့်နေလိုက်ကြပေသည်။

တအိန်အိန်နှင့် အော်မြည်ကြရင်း ပြေးလွှား၍ လိုက်လာကြသည့် အသံများ တဖြည်းဖြည်း နီးလာတော့လည်း အကောင်တွေကို မမြင်တွေ့ကြရသေး။ ထိုအချိန် မြင်ကွင်းကိုက်တစ်ရာကျော် ကျော်ဝါးရုံတောကြီးအစပ်ဆီသို့ အချိန် (၇ဝ)ခန့်ရှိ ဆတ်ကြီးတစ်ကောင် ပြေးလာနေသည်ကို သူမတို့ မြင်တွေ့လိုက် ကြရပြန်ပေသည်။

ဆတ်ဖားကြီးဖြစ်သော်လည်း ဦးချိုချထားသည်မို့ လက်နှစ်သစ်ခန့်အရှည်ရှိ ချိုသစ်ငေါက်တောက်လေးနှင့် စောစောက ရစ်ဖကြီး ပြေးဆင်းသွားသည့် လမ်းကြောင်းအတိုင်း ဆင်းသွားရာ လျှိုအောက် ကိုရောက်တော့ ချုံနွယ်များကြောင့် ပြေးလမ်းပိတ်နေသည့်အတွက် နောက်ထပ်အသစ်ထွက်သည့်ဦးချိုမှာ ကာဆီးထားသောချုံတောအကြား ဖြတ်သန်းထိုးဝှေ့ရန် ထိခိုက်ပွတ်တိုက်သည့်ဒဏ်ကို မခံနိုင်သည့်အတွက် ဆင်းလာခဲ့သည့် လျှိုအထက်ပိုင်းဆီသို့ ပြန်ပြေးအတက်၊ သူ့လမ်းကြောင်းအတိုင်း နောက်က လိုက်လာကြသည့်တောခွေး(၄)ကောင်ကို တွေ့လိုက်ရ၍ ရှေ့ကိုဆက်မတက်တော့ပဲ လျှိုအောက်ကိုပြန်ဆင်းအပြေး လိုက်လာသည့် တောခွေး (၄)ကောင်အနက် (၃)ကောင်က သူ့ကို ပန်းတက်လိုက်ပြီး ရုတ်ခြည်း နောက်ကိုပြန်လှည့်ကာ ပြေးလမ်းကို ပိတ်လိုက်သည်။

ဆတ်ကြီးမှာ ဦးချိုချထားသည်မို့ တောခွေးတွေကိုဝှေ့ ကာ ဖောက်ထွက်ဖို့ အခက်တွေ့နေစဉ် နောက်ထပ်ရောက်လာသည့် တောခွေး (၃)ကောင်က စစ်ကူလိုက်လာကြသည်ကို တွေ့လိုက်ရပြန်သည်။

တောခွေးဆိုသည့် အကောင်မျိုးက ယခုလို သစ်တောထူထပ်ရာ တောအုပ်များအတွင်း အုပ်စုနှင့်နေကာ နေ့ရောညပါ အမဲလိုက်ပြီး စားသောက်နေထိုင်ကြသည့်အကောင်မျိုး ဖြစ်ပေသည်။

တောခွေးသည် ခေါင်းနှင့်ကိုယ် အရှည်သုံးတောင်ခန့်ရှိပြီး အမြီးက တစ်တောင့်ထွာခန့် ရှည်ကြသည်။ပိဿာချိန် (၂၀)ခန့်ရှိပြီး ထို့ထက် ပိုကြီးတာလည်း ရှိသည်။

အရောင်အဆင်းက နီညိုရောင်၊ အမြီးက ညိုနက်၊ မဟောင်တတ် မအူတတ်၊ အမဲလိုက်လျှင် တအိန်အိန်ညည်းညူသံနှင့် အမြီးထောင် အမဲလိုက်ကြသည်။ သန်မာထွားကျိုင်းပြီး အလွန်ရက်စက်ကြမ်းကြုတ်သည့် အကောင်မျိုးဖြစ်သည်။

သူတို့ အမဲလိုက်ကြရာတွင် ကျား၊ ကျားသစ်၊ဝံနှင့် တောဆင်ရိုင်းတို့ ပါဗိုလ်မထား၊ လိုက်လံတိုက်ခိုက် စားသောက်ပစ်ကြသည်။ အကောင်ကြီးများ ၊ အိုမင်း ရင့်ရော်သောအကောင်၊ ဒဏ်ရာအနာတရဖြစ်သည့်အကောင်တို့ကို အုပ်စုခွဲကာ စားသောက်ပစ်ကြသည်။

သစ်ပင်ထက်ကို တက်ပြီး ရှောင်ပုန်းနိုင်ကြသည့် ကျားသစ်၊ ဝံ လိုအကောင်များကို လွင် နှင့် ပြန့်များရှိရာဆီသို့ အုပ်စုနှင့် ခြောက်လှန့်မောင်းထုတ်ပြီး ထိုနေရာဆီရောက်တော့မှ ကိုက်ခဲစားသောက်ပစ်ကြသလို သစ်ပင်မတက်တတ်သော ကျားလို အကောင်မျိုးကိုတော့ တွေ့သည့်နေရာတွင် တိုက်ခိုက်စားသောက်ပစ်ကြသည်။ ၎င်းတို့တွင် ချွန်ထက်ပြတ်ရှသော သွားစွယ်များနှင့် သွားများ ရှိကြပြီး အလွန် ရက်စက်သည့် အကောင်မျိုး။

သူတို့သေးများ မျက်စိအတွင်း ဝင်ပါက လွန်စွာလောင်စပ်သည့်အတွက် ရှေ့ကို ဆက်မပြေးနိုင်၊ ထိုအချိန် သူတို့အစာ ဖြစ်ပေတော့သည်။ ထိုစဉ်-

“ ဗျော-ဝေါ-ရှဲရှဲရှဲ-ရွှီး- ဖျီး”

ဆတ်ကြီးပြေးထွက်လာရာလမ်းဆီမှ နောက်ထပ် တောခွေးတွေ လိုက်လာပြီး ပူးညှပ်ပိတ် ရှေ့နောက်၊ ဘယ်ညာ ကိုက်တော့မည့်အဖြစ်ကို သစ်ပင်ထက်ရှိအမျိုးသမီးတစ်သိုက်က အသက်ပင် ပြင်းပြင်းမရှူဝံ့ဘဲ စူးစိုက်ကြည့်နေစဉ် ဝါးရုံတောကြီးဘက်ဆီမှ နောက်ထပ် “တဗျောဗျော၊ တရှဲရှဲ၊ တဖြီးဖြီး” အသံများကို ထပ်မံကြားလိုက်ရသလို ဆတ်ကြီးကို ကိုက်ခဲစားသောက်ကြတော့မည့် တောခွေးများကလည်း ထိုအသံကြီးကို ကြားလိုက်ကြဟန်ထင့်။

သို့အတွက် မကိုက်ခဲကြသေးပဲ အသံကြားရာဆီသို့ ခေါင်းထောင်ကာ ကြည့်လိုက်ကြစဉ် မြေပြင်ထက် ဝါရွက်ခြောက်တို့အပေါ်မှ တွားသွားရင်း လိုက်လာသည့် မြွေကြီးတစ်ကောင်ကို တအံ့တဩ တွေ့ မြင်လိုက်ကြရပေတော့သည်။

“ဟာ – ကြီးလိုက်တဲ့အကောင်ကြီး ဘ။ မြွေကြီးပါလိမ့်”

မော်မော့်ထံမှ တအံ့တဩထွက်လာသည့် အသံကြောင့် ဆုမွန်ဦးက စကားမပြောပဲငြိမ်ငြိမ်လေးနေကြရန် အချက်ပြလိုက်သည်။ အားလုံးက ကြောက် ကြောက်နှင့် ငြိမ်သက်သွားကြသည်။

ဟုတ်လည်း ဟုတ်ပေသည်။ နောက်က လိုက်လာသည့်မြွေကြီးကား ခပ်သေးသေးမဟုတ်။ အရှည်က (၁၂) တောင်လောက်ရှိပြီး လုံးပတ်က ပေါင်လုံးခန့်၊ မျက်လုံးအစုံက ဖန်ဂေါ်လီလုံးသာသာ၊ အစွယ်ကြီးတွေက လက်တစ်ဆစ်ခန့် ဘေးသို့ကားကာပေါ်ထွက်နေသည်။ သူ့ရှေ့မှ ဆတ်နှင့် ခွေးတွေကို တွေ့လိုက်ရသဖြင့် –

“ရွှီး-ဖြီးဖြီးဖြီး”

သူ၏ တစ်ဝက်နီးပါး ရှေ့ပိုင်းကိုယ်လုံးကို ဆန်ကောလောက်နီးပါးရှိသော ရှည်ဝိုင်းဝိုင်း ပါးပျဉ်းခွက်ကြီးကို ဖြန့်ကြက်ပြီး သူ့လမ်းကို ပိတ်ဆို့ထားသည့် တောခွေးတို့ကို ဦးခေါင်းထောင်ကာ မာန်ဖီနေသည့်အတွက်ခွေးတွေက ဆတ်ကြီးဘက်မှ မြွေကြီးဘက်ဆီသို့ ဦးတည်သွားသည်။ တောခွေးများက မြွေကြီးကို ဝိုင်းလိုက်ပြီး တဟဲဟဲ မာန်ဖီသံကို ပြုနေစဉ် ဆတ်ကြီးမှာ လာရာလမ်းဘက် ပြေးဝင်ပျောက်ကွယ်သွားပေ သည်။

မာန်ထနေသော မြွေကြီးမှာ ရှည်ဝိုင်းဝိုင်းခွက်ထားသော ဦးခေါင်းပိုင်းကို သူ့ခန္ဓာကိုယ်တစ်ဝက်ခန့် ထောင်ပြီး သူ့ကို ဝိုင်းထားသည့် တောခွေးတွေကို မာန်ဖီရင်း လုပ်နေသလို ခွေးတွေကလဲ သူ၏ရှေ့နောက်ဘယ်ညာဝိုင်းရင်း အလစ်ကို ဝင်ရောက်ကိုက်ခဲဖို့ချောင်းမြောင်းနေစဉ် မြွေကြီးက အမြီးပိုင်းကို မြေတွင် ရစ်ခွေကာ ပေါက်ချရန်အတွက် တဖြည်းဖြည်း ဆန့်ထုတ်နေသည်နှင့်အတူ ပြင်းထန်စွာမာန်ထနေသည်။

မြွေကြီးမှာ ငန်းလင်းကြီးတစ်ကောင် ဖြစ်ဖို့များသလို အဆိပ်လည်း ပြင်းပုံရသည်ကို ခင်မြကြွယ်က တွေးနေမိသည်။ မြင်ကွင်းက မလှပေ။ မြွေကြီးဦးခေါင်းပိုင်း တသွဲ့သွဲ့ ပြောင်းသော လှုပ်ရှားမှုနှင့်အတူ ပါးပျဉ်း ခွက်ကြီးအပြင် မည်းနက်သောလျှာနှစ်ခွကငေါ်ထွက်နေသည့် အစွယ်တို့ကြားမှ ပြူတစ်ပြူတစ်၊

ရဲရဲတောက်နေသည့် မျက်လုံးအစုံနှင့် ခွေခေါက်ထားသည့် အမြီးဝိုင်းအပုံကြီးအပေါ်မှာ မာန်ထကာ သူ့ကိုဝိုင်းထားသည့် တောခွေးတွေထဲမှ ဘယ်အကောင်ကို စတင်သုတ်သင်ရမည်ကို အလစ်အငိုက်စောင့်နေဟန်၊ သူ့ အမူအရာက ယခုလို သူ့လို မြွေဘုရင်ကို မလေးမစားလုပ်နေကြသည့်အတွက် ခံပြင်းဒေါသထွက်နေသည့်ပုံ။ သို့အတွက် တောခွေးများကလည်းမြွေကြီးသဘောထားကို သိပုံရသည်။အလွန်ဒေါသထွက်နေသည်မို့ မထိမခိုက်လုပ်လို့မရ ဆိုတာလဲသိနေပုံရသည်။ ထိုသို့ လုပ်မိပါက သူ့အစွယ်ဖျားတွင်အသက်ပေးလိုက်ကြရမည်ကိုလဲ သိရှိနေကြသည့်အသွင်။

သို့အတွက် မြွေကြီးကို ရှေ့မှာ အယောင်ပြသည့်အကောင်က ပြသလို နောက်ပိုင်းတွင် ခွေခေါက်ထားသည့် အမြီးကို လစ်လျှင်လစ်သလို ဝင်ခဲနေကြ သည့်အကောင်က ခဲနေကြသည်။

ဆုမွန်ဦးတစ်ယောက် တောခွေးအုပ်နှင့် မြွေကြီး လက်ရှိအခြေအနေကို ကြည့်နေရင်း စိတ်တွင်းက တွေးဆမိလိုက်သည်က မြွေကြီးမှာ တောခွေးတို့ နောက်လိုက်လာခြင်းဖြစ်ဟန်မတူ။ မှိုပွင့်ကြီးရှိရာဆီသို့ လာခဲ့ရင်းက မမျှော်လင့်ပဲ ယခုလို တောခွေးအုပ်နှင့်တိုးကာ ဝိုင်းပတ်ရန်ရှာခြင်း ခံလိုက်ရဟန်တူ သည်ဟု တွေးတောရင်း တောတွင်းတိုက်ပွဲကို အသာစောင့်ကြည့်နေလိုက်သည်။

တိုက်ပွဲစလိုက်သည်နှင့် တိုက်စစ်ကိုစတင်ဖွင့်လိုက်သူက ငန်းမြွေကြီးပင်။ သူ၏နောက်ကျောဆီမှ အမြီးပိုင်းကို အဓိကထားတိုက်ဖို့ပြင်ဟန်ထင့်။ တော ခွေး(၄)ကောင်က မြွေကြီး၏ နောက်ကျောမှဖြစ်ပြီး ကျန်(၃)ကောင်က ရှေ့တွင် ဖြန့်လျက် တဟဲဟဲမာန်ဖီရန်စောင်ကာ ကိုက်မည့်ဟန်ရေးကို ပြနေစဉ် နောက်ပိုင်းခွေး(၄)ကောင်က အမြီးပိုင်းကို ပြေးဝင်ထိုးဟပ်ကိုက်ခဲဖို့ အနီးကိုတိုးလိုက်၊ ငိုက်ခနဲ ပါးပျဉ်းခွက်ကြီးက နောက်ပိုင်းကို ထိုးကျလာလိုက်၊ ခွေးက လှိမ့်ရှောင်လိုက်၊ လွဲချော်သွားလိုက် ဖြစ်နေသည်။ ကြာတော့ ငန်းမြွေကြီးက မြေပြင်တွင် စိုက်ဝင်သွားသည့် သူ့အစွယ်ကြီးကိုခေါင်းထောင်ကာ ဆွဲထုတ်လိုက် ပြီးဘေးကိုလှိမ့်ရှောင်သွားသည့် တောခွေးအားထပ်မံပေါက်ဖို့ အားထုတ်လိုက်သော်လည်း နောက်ကျသွားခဲ့ပေပြီ။

တောခွေးကိုနောက်ပြန်လှမ်းပေါက်လိုက်သည့် အောက်ကို ငိုက်ကျသွားသည့် ဦးခေါင်းပိုင်းကို ရှေ့တွင်ရှိသော တောခွေး(၃)ကောင်က အလစ်အငိုက်ကို စောင့်နေဟန်ထင့်။ ဦးခေါင်းနောက်ပြန်နှင့် မြေပြင်ကို ငိုက်ခနဲအကျ ခွေးတွေက လျှပ်တစ်ပြက်ပြေးဝင်ကာ မြွေကြီး အလယ်ထိုင်ရင်း ပါးပျဉ်းခွက်ကြီးကို သူ၏ ချွန်ထက်ပြတ်ရှသော သွားများဖြင့် ကိုက်ခဲကာ အသားတွေကို ဆွဲဖဲ့ခြင်း ခံလိုက်ရသည့်အတွက် ကိုယ်လုံးကြီးကို ဆန့်တန်းရုန်းကန်နေစဉ် ရရှိသည့်အခွင့်အရေးကို အကွက်ကျကျအသုံးချတိုက်စစ်ဆင်တတ်သော ကျန်ခွေး(၄)ကောင်က ငန်းမြွေ၏ကိုယ်ထည်အနှံ့ကို ပြေးဝင် ကိုက်ခဲ ဆွဲဖြဲလိုက်ကြသည့်အတွက် အချိန်တိုအတွင်း ငန်းမြွေကြီးမှာ တောခွေးတို့၏အစာ ဖြစ်သွားသည်ကို အံ့ဩဖွယ် သူမတို့ တွေ့ မြင်လိုက်ကြရပေသည်။

ထို တောတွင်းတိုက်ပွဲကို သစ်ပင်ထက်မှ ရင်တထိတ်ထိတ်ဖြင့် ကြည့်နေကြသော အမျိုးသမီးခေါင်းဆောင် ဆုမွန်ဦးက ထိုဖြစ်ရပ်ကိုကြည့်ရင်း ဝမ်း သာနေမိသည်။ အဘယ့်ကြောင့်ဆိုသော် သူလိုချင်သော “မှိုအုန်းနက်ပွင့်” ကြီးကို တစ်ပွင့်လုံးရတော့မည်ဖြစ်သည့်အတွက်ကြောင့်ပင်။ သွေးသံရဲရဲနှင့် ငန်းမြွေကြီးအသားတွေကို ကိုက်ပြီး ဆွဲဖြဲစားသောက်နေကြသည့် တောခွေးတို့ က မြေပြင်ထက်တွင် ငွါးငွါးစွင့်စွင့်ရှိနေသည့် မှိုပွင့်ကြီးကို သူတို့အစာမဟုတ် သည့်အတွက် စားရကောင်းမှန်းလည်း မသိ။ မြွေသားကို မက်မက်စက်စက် စားနေကြသည့် ခွေးတွေကိုကြည့်ရင်း –

“ခင်မြကြွယ် တောခွေးတွေကို မြားပြောင်းနဲ့မှုတ်စမ်း”

“မြားတွေနဲ့မှုတ်တော့၊ ခွေးတွေက ငါတို့ကို ရန်လုပ်မှာပေါ့ဟဲ့”

“နင်ကလဲ တောခွေးတွေက သစ်ပင်ပေါ်တက်နေတဲ့ ငါတို့ကို ရန်မလုပ်ပါဘူး။ မှုတ်သာမှုတ်စမ်းပါဟဲ့။ အဲဒါမှ ငါတို့ ပြန်လို့ရမှာပေါ့”

“အေး ဒီလိုဆို ဘယ်နေရာကိုမှုတ်ရမှာလဲ။ အဆိပ်မပါလို့ မသေဘူးနဲ့ တူတယ်ဟ”

“လည်တိုင်ကိုမှုတ်၊ မသေပေမဲ့ သူတို့ကိုလှန့်ထုတ်သလိုမျိုးပေါ့”

ခင်မြကြွယ်က မှုတ်ပြောင်းရင်းအတွင်း မြားတံထည့်ကာ တောခွေးတွေဆီသို့ တစ်ချောင်းပြီးတစ်ချောင်း မှုတ်နေသည်။ မြားတံတို့မှာ မြွေသားကို စား နေကြသော ခွေးတို့၏ လည်တိုင်ရင်းကို တစ်ချောင်းပြီးတစ်ချောင်း စိုက်ဝင်ခြင်း ခံလိုက်ရသည့်အတွက် မြားတံလာရာ သစ်ပင်ထက်ဆီ မော့ကြည့်ပြီး ရန်သူကို ရှာကြရင်းမှ ဆင့်ကာဆင့်ကာ မြားတံတွေ စိုက်ဝင်ခြင်းကို ခံနေရရှာသည့်အတွက် ကြောက်လန့်လာဟန်ထင့်။ အတန်ကြာတော့ စားလက်စအစာကိုလွှတ်ပြီး လာရာလမ်းအတိုင်း ဦးစွာပြေးထွက်သွားသော တောခွေးနောက်ဆီသို့ ကျန်အကောင်များပါ ပြေးလိုက်သွားကြသည်ကိုကြည့်ရင်း ဝမ်းသာပီတိဖြစ်နေသူတို့ကတော့ မှိုရှာမုဆိုးမများပင် ဖြစ်ပေတော့သည်။

တောခွေးများ မြားတန်းလန်းဖြင့် ပြန်လည်ပြေးထွက်သွားကြပြီး အတန်ကြာတော့ သူမတို့အဖွဲ့ သစ်ပင်ထက်မှ ဆင်းကာ မှိုပွင့်ကြီးရှိရာဆီကိုသွားလိုက် ကြပြီး အရင်းမှ လှီးဖြတ်ကာ ခွဲစိတ်ပြီး ကျောပိုးအိတ်နှင့် ပုဆိုးများနှင့် ထုပ်ပိုးကာ ရွာဘက်ဆီသို့ ပြန်ခဲ့ကြပေသည်။

“မိမော်နဲ့ ထားဥဿုံ နင်တို့ကို တင်ထွန်းကြီးက ချေမှိုမှာတယ်ဆို”

“အေးလေ – ဘာပြုလို့တုံး ဆုမွန်ရဲ့”

“ရန်ကုန်သားမုဆိုးတွေ ချေမှိုလောက် စားဖူးတာဟဲ့။ ခု ငါတို့ရလာတဲ့ မှိုကို ပေါင်းပြီးကျွေးကြည့်စမ်း။ စားပြီးရင် နောက်ခုနစ်ရက်လောက် လေချဉ်တက် ရင်တောင် အလွန်မွှေးတဲ့ အဲဒီမှိုနံ့က မပျောက်ဘူးတဲ့”

မှိုအုန်းနက်ကို အရှာခိုင်းပြီး ရခဲ့ပါလျှင် ထိုက်ထိုက်တန်တန်ပေးပါမည်ဆိုသည့် တိုင်းရင်းမြန်မာဆေးဆရာကြီး အဘဦးညိုမှိုင်းဆီသို့ ခပ်သွက်သွက် လျှောက်လှမ်းခဲ့ကြပေတော့သည်။

– ပြီး –

စာရေးသူ – လေးမောင်

Leave a Reply

Your email address will not be published. Required fields are marked *