ငတော ငလုံး ဝတ္ထုတိုများ – တွင်းကြီးဝမ်းမောင်
၁၅။ ယုန်ရိုက်သမား
(၁)
မှောင်မိုက်လွန်းသောည။
ညမှောင်မှောင်၌ ကြယ်ရောင် လင်းလက်နေသည့်တိုင် ပြိုသကဲ့သို့ ကျလာနေသော နှင်းထုကြောင့် ဝန်းကျင်တစ်ခုလုံး နှင်းဖုံးလွှမ်းလျက် ဝေ ရီနေသည့်ည။
လေအထက်၌ရှိသော ထင်းမွေးတောများ၊ မည်သည့် စိုက်ပျိုးပင်မှ စိုက်ပျိုးမရသော လျှိုမြောင်၊ ချောင်နှင့် ကုန်းရိုးတို့၌ ပေါက်ရောက်နေသော သစ်ကြီးဝါးကြီးများ၊ ချုံပုတ် ချုံနွယ် ချုံတန်းကြီးများဆီမှ မြည်သံပေးနေသော သင်းခွေချပ် အသံကို သဲ့သဲ့ကြားရသည်။ သင်းခွေချပ်သည် အသံမျိုးစုံကို တုပမြည်တတ်သည့် ထူးခြားသော အကောင်ဖြစ်ရာ သူ့အသံမှာ ပုံမှန် မရှိ။
မှောင်မိုက်သော အကာလ ညအခါ၌ ငတောတို့ သုံးယောက်သည် မီးလင်းဝင်းထိန် ရှိန်တောက်နေအောင် ထိုးကာ တစ်စုံတစ်ခုကို ရှာဖွေ လာကြသည်။
အချို့ရှာသကာ တွေ့သကဲ့သို့ သူတို့ ရှာနေသော သားကောင်ကို တွေ့လာပြီ။ ငလုံး ထိုးလိုက်သော မီးရောင်အောက်တွင် တောယုန် နှစ်ကောင်။ မီးရောင် အောက်မှ ယုန်အပေါ်မွေးသည် ပြာနှမ်းနှမ်း၊ ရောစပ်နေသည့် အမွေးသည် နီကြင်ကြင်။
ယုန်တစ်ကောင်က ကျစ်ကျစ်လျစ်လျစ်။
ထိုယုန်က ယုန်ဖို။
ယုန်တစ်ကောင်က ခပ်ပွပွ။ ထိုယုန်က ယုန်မ။
ငတောသမား မျက်စိ၌ တန်းခနဲမြင်၊ တန်းခနဲသိသည်။ မီးရောင် အောက်မှ ယုန်နှင့်လူ အကွာအဝေးသည် ဝေးလှမှ ဝါး ကိုးပြန် ဆယ်ပြန်။
သည် ယုန်နှစ်ကောင်ကို ငတောတို့ ရိုက်ဖမ်းမည်။
ယုန်ရိုက်ရာ၌ လူသုံးဦး လိုသည်။
ယုန်ကို မီးထိုးရှာ၊ မီးကစားပြသူက တစ်ဦး။
ယုန်ရှိရာသို့ လူက အသွား၌ ခြေသံကို ဖုံးလွှမ်းစေရန် ချုလုံးကို လှုပ်ပေးမည့်သူက တစ်ဦး။
မီးရောင် နောက်ကွယ်မှ နေ၍ ယုန်ကို လှမ်းရိုက်မည့် သူက တစ်ဦး။
ယခုည ယုန်ရိုက်ရာ၌ ငလုံးသည် မီးထိုးသမား။ ငမုံးသည် ခြူလုံး လှုပ်မည့်သူ။
ငတောသည် ယုန်ရိုက်မည့် ယုန်ရိုက်သမား။
ယုန်ကို ဖမ်းဆီးရာ သူ့ဒေသ သူ့နည်း၊ ကိုယ့်ဒေသ ကိုယ့်နည်း နည်းပေါင်းများစွာ ရှိသည်။ ကိုယ့်ရေ ကိုယ့်မြေနှင့် အဆင်ပြေ အလျဉ်းသင့် သကဲ့သို့ ဖမ်းဆီးကြသည်။
ငတောတို့ ချိုင့်ကြီးဒေသ၌ ယုန်ဖမ်းနည်း သုံးနည်းကို အဓိကထား သုံးသည်။ ယုန်သမားကို ခွဲခြားရာ၌လည်း သူတို့ သုံးစွဲသော ဖမ်းဆီးနည်းကို လိုက်လျက် ခေါ်ဝေါ်၏။
ပထမနည်းက ယုန်ကို ထောင်ဖမ်းသောနည်း။
ထိုနည်းက ယုန်ဝပ်ကျင်းရှာ၊ ယုန်သွားကြောင်း ရှာလျက်၊ ဝပ်ကျင်းမှ အထွက်၊ စားကွင်းသို့ အလာတွင် ယုန်ကို ထောင်ဖမ်းခြင်း ဖြစ်သည်။ ထိုသို့ ယုန်ကို ထောင်ဖမ်းသော သူအား ယုန်ထောင်သမားဟု ခေါ်သည်။
ဒုတိယနည်းက ယုန်လိုက်နည်း။
ဝပ်ကျင်းများ၊ ချုံပုတ်ချုံနွယ်များထဲ၌ ခိုအောင်း နေသော ယုန်တို့ကို ချုံပုတ်လန့်ထုတ်၊ ခွေးနှင့်လိုက်၊ လူနှင့်လိုက်ပြီး ဖမ်းသည်။ ယုန်ကို ဤသို့ လိုက်လံ ဖမ်းဆီး သူအား ယုန်လိုက်သမားဟု ခေါ်သည်။
တတိယနည်းက ယုန်ရိုက်နည်း။
ဤနည်း၌ မီးထိုးရှာ၊ ရိုက်၍ မီလောက်သော အနေအထား ရောက်မှ ဝါးမာတုတ်ဖြင့် ယုန်ကို ရိုက်ယူရသည်။ ထိုသို့ မီးထိုး ရိုက်ဖမ်းနည်းကို သုံးစွဲဖမ်းသော သူအား ယုန်ရိုက်သမားဟု ခေါ်သည်။
ငတောတို့သည် ယုန်ကို မီးထိုးရှာကာ တွေ့လာသော ယုန်အား ရိုက်ယူကြမည့် ယုန်ရိုက်သမားများ ဖြစ်သည်။
ယုန်ရိုက်သမားသည် ယုန်ရိုက် မထွက်မီ ယုန်ခြေရာနှင့် ယုန်ချေးကို ရှာဖွေထားရသည်။ ယုန်ရိုက်ထွက်မည့်ညမှ စိတ်ကူးပေါက်ရာ လျှောက်မီးထိုးရှာရိုက်က အလွန့်အလွန် တိုက်ဆိုင်မှ ရကောင်းရဖွယ် ရှိသည်။ စနစ်တကျ ပြင်ဆင် လေ့လာသူကဲ့သို့ ထိရောက်မှု မရှိ၊ ယုန်ရိုက်သမား၏ ဗွေဆော်ဦး တာဝန်မှာ ခြေရာခံရေးနှင့် ချေးရှာရေးပင် ဖြစ်သည်။
ယုန်ခြေရာသည် မိုးတွင်းကာလ အစိုဓာတ်ရှိသော အချိန်၌ သွားလာ ထားပါက လက်မနှိပ်ထားသကဲ့သို့ လွန်စွာ ထင်ရှားသည်။
နွေနှင့်ဆောင်း ကာလတွင် ဖုန်ထူရာ၊ သဲထူရာ ခြေရာ ထင်နိုင်သည့် နေရာများ၌သာ ယုန်ခြေရာ ခံလွယ်သည်။
ယုန်ဖို ခြေရာက ကားပြီး၊ ယုန်မခြေရာသည် စုသည်။
ပုန်းလျှိုးတော့မည့် အချိန်၊ ဝပ်ကျင်းဝင်တော့မည် အချိန်၌ ဖနောင့် ခြေရာပျောက်သည်။ သေရေးရှင်ရေး ဒုန်းတိုက် ပြေးသောအခါ ခြေရာ၌ ဖနောင့်ရာ ပါသည်။
မိုးတွင်း အစိုဓာတ်ထဲ နစ်သွားပါက ခြေသည်းရာ တွေ့ရတတ်သည်။ ခြေသည်းရာမှာ သုံးခု ဖြစ်သည်။ ယုန် စားသော နေရာ၌ အစိုဓာတ်ရှိနေပါက ခြေသည်းရာ ထင်လေ့ ရှိသည်။
ယုန်ခြေရာကို ဝပ်ကျင်း အဝင်အထွက် ဖြတ်သန်းသွားရာလမ်းနှင့် စားကွင်းတို့၌ ရှာဖွေရသည်။ ယုန်ချေးကို ရှာဖွေရာ၌လည်း ထိုနေရာများတွင် ရှာဖွေရသည်။
ယုန်သည် နေ့ခင်း၌ အပြင်ထွက်လေ့ မရှိ၊ အိမ်မွေး ယုန်ကသာ နေ့ခင်းဘက် ထွက်ဝံ့ချင် ထွက်ဝံ့မည်။ တောယုန်က မထွက်ဝံ့၊ ထွက်လာက စွန်ညို၊ လင်းယုန်တို့က ထိုးသုတ် တိုက်ခိုက်သည်။ ညဘက်၌သာ အစာရှာကြ ပျော်မြူးကြသည်။
ယုန်တို့ အထူး ကြိုက်နှစ်သက်သော စားကွင်းသည် ပန်းတော်ဖြူ၊ ပန်းတော်နီ၊ မြေဇာမြက် ပေါများသော စားကွင်း၊ သည်စားကွင်းကို ယုန်တို့ မက်မက်မောမော။
ကုန်းနှင့် သံဃာမြေ၌ ပေါက်ပေါက်၊ ကျောက်ကုန်း ကျောက်ချိုင့်၌ ပေါက်ပေါက် ပန်းတော်ဖြူ၊ ပန်းတော်နီနှင့် မြေဇာ ပေါက်ရာသို့ နီးဝေးမဟူ လာရောက် စားသောက်ကြသည်။ ဤသို့ လာရောက် စားသောက်ရခြင်းကို ယုန်က နှစ်သက်သည်။
ညဦးပိုင်း၌ ယုန်သည် စားကြွင်းစားကျက်သို့ အမြဲတမ်း သွားရောက် စားသောက်သည်။ အစာဝ မြူးထူး ပျော်ပါးပြီးမှသာ မူလဝပ်ကျင်းသို့ ပြန်သည်။
စားကွင်းသို့ သွားရာ၌ ဖြစ်ဖြစ်၊ စားကွင်းအတွင်း၌ ဖြစ်ဖြစ် ယုန်သည် မစင် စွန့်လေ့ ရှိသည်။
ယုန်ချေးသည် ဆိတ်ချေးနှင့် တူ၏။ ယုန်ချေး အစိုဖြစ်က အစိမ်းရောင်၊ ခြောက်သွေ့သွားသောအခါ အဖြူရောင် ပြောင်းသွားသည်။ ပုံစံမှာ ဆိတ်ချေး ကဲ့သို့ လုံးလုံးလေး
ကျောက်ပန်းတော်ကုန်းသို့ ယုန်ခြေရာခံ၊ ယုန်ချေး ရှာလာရာတွင် ငတောသည် တောသမား မျက်စိဖြင့် အဘက်ဘက်မှ ချိန်ဆ တွေးတောရ၊ အဖြေရှာရ၏။
ကျောက်ပန်းတော်ကုန်းသည် တစ်ခေါ် အကွာအဝေး အတွင်း၌ ထင်းမွေးတောမရှိ၊ သစ်ကြီးဝါကြီးမရှိ၊ ကဇာခင်တန်းဟု ခေါ်သော ချုံပုတ် ချုံနွယ်များလည်း ထိလျက် ဆက်လျက် မရှိ၊ ချုံများမှာ ဟိုနေရာ တစ်ချုံ သည်နေရာ တစ်ချုံ ဟိုစုစု သည်စုစု။
ကျောက်ပန်းတော်ကုန်းထိပ်၌ မိုးများလျှင် ရေဝပ်သော ချိုင့်ကြီးရှိသည်။ ချိုင့်ကြီးသည် ကန်ကဲ့သို့ ရက်ရှည် လချီ ရေမနေ၊ သို့ရာတွင် ကျောက်ကုန်းကျောပေါ်တွင် ရေဝပ်သော နေရာ ကျယ်ပြန့်သော ဧရိယာ ၊
သည်နေရာမှာ ကျောက်ပန်းတော်ဖြူကျောက်ပန်းတော်နီနှင့် မြေဇာ မြက်များက ပေါက်ရောက်နေသည်။ တောကြီး စားကျက်ကဲ့သို့ စားမကုန်။
သည်မျှ ပန်းတောပေါ၊ မြေဇာပေါ သော်လည်း နေ့ခင်းဘက်၌ ယုန်တို့ ကျင်းခပ်ကျင်းဝပ်စရာ နေရာထိုင်ကွင်း မကောင်း ထိုနေရာသို့ သိုးဆိတ် နွားအုပ် များလည်း လာ၏။ လူလည်း ပါ၏။ စွန်ညို၊ လင်းယုန်၊ ချိုးသိမ်း၊ တိုက်သိမ်းတို့ ဝဲပျံရှာပါကလည်း ခက်ခက်ခဲခဲ မရှာရ၊ လူရန် သားရဲရန် မလွတ်သောအခါ ယုန်တို့နေ့ဘက် နေမရ၊ ညဘက်၌ အစာ လာစား၊ နေ့ဘက်တွင် လုံခြုံရာ ဝပ်ကျင်းဆီ ပြန်ကြလျက် သူတို့ ဘဝ ရှင်သန်ရေးကို ဗီဇအသိဖြင့် ရွေးချယ် တည်ဆောက်ကြ၏။
စားကွင်းစားကျက်သို့ ယုန်တို့ ပုံမှန်လာကြောင်း သက်သေခံကား ယုန်ခြေရာ မဟုတ်၊ သုံးရက် မဟုတ်။
စားကျက် စားကွင်း အနေအထားက ယုန်တို့ ကြိုက်နှစ်သက်ဆဲ အတက်အနုပေါက်များ ရွှန်းရွှန်းစိုစို၊ မြရည်စို ညိုမှောင်ရောင်ပြေးနေသော စားကွင်းစားကျက်က ယုန်တို့ လာရောက်ဦးမည်ဟု ကြေညာဟန် ရှိ၏။
ကျောက်ပန်းတော်ကုန်းကို နေ့သမားက ခွေးအုပ်နှင့် လိုက်သွားသလား။ ညသမားက မီးထိုး ရိုက်သွားသလားဟုလည်း ငတော စနည်းနာရ၏။
နေ့သမားက ခွေးအုပ်နှင့် မလိုက်သေး။ ညသမားက မီးထိုး မရိုက်သေး။
သည်သတင်းက ယုန်တို့ တောမလန့်သေး။ လူမလန့် သေးကြောင်း ထင်ရှားနေ၏။ သည်ယုန်မှ မဖမ်းလျှင် ဘယ်ယုန် သွားဖမ်းမလဲ။
ဖမ်းမည်ကတော့ ဟုတ်ပါပြီ။
ဘယ်လို ဖမ်းမလဲ ယုန်လိုက် ယုန်ခြောက်၍ ရမလား။
ယုန်ထောင်၍ ရမလား။
ယုန်လိုက် ယုန်ခြောက်ရန် မဖြစ်နိုင်။
လေးဖက်လေးတန် ဟင်းလင်းဖွင့် လွင်ပြင်ကဲ့သို့ ဖြစ်နေသာ ယုန် စားကွင်းကြီးကို လာပြီး ယုန်ခြောက်ရန်မှာ အလွန် ခက်ခဲသည်။
မည်သည့်ဘက်ကို ယုန်ပြေးမည်ဟု မှန်းဆမရ၊ ယုန်တောင်ပြေး ခွေးမြောက်လိုက်က တိရစ္ဆာန် အချင်းချင်းမို့ ယုန်နှင့်ခွေးကို ကဲ့ရဲ့ မည် မဟုတ်။
ငတောလို လူတစ်ဦးက ယုန်လိုက်ရာတွင် ထင်ခြေ မပေါက်က ကျိတ်ရယ်စရာ ဖြစ်သွားမည်။ လေးဖက်လေးတန် ဟင်းလင်းပြင်ကို ယုန်ခြောက်ရာ၌ ယုန်နှင့်အတူပြေး ခွေးနှင့်အတူ လိုက်ဖို့က ဘာမျှ မခက်။ ပိုက်ဆီ မောင်းသွင်းဖို့ ခက်သည်။ ပိုက်က တခြား၊ ယုန်ပြေးရာက တခြား ဖြစ်ခဲ့လျှင် ယုန်နှင့်အတူ ပြေး၊ ခွေးနှင့်အတူလိုက်၍ မောရုံသာ ရှိမည်။ နေ့ခင်းဘက်ဖြစ်က ခွေးမောလဲလဲ၊ လူမော ဟောဟဲလိုက်လိုက်၊ ယုန်ရှေ့
ဟပ်ထိုးကျကျ ညာသံပေး လိုက်ဖို့ ငတော မကြောက်။ ကိုးကုန်း ကိုးကွင်း
ကျော်အောင် လိုက်ရမလား၊ ငတော မမှု။ ယခုမူ ဖမ်းရဆီးရမည့် နေရာက ညစားကွင်း။ နေ့ဘက်၌ ယုန်လုံးဝ မလာသော နေရာ။ သည်လို နေရာမျိုးမှာ ယုန်ဘယ်လို ခြောက်ရပါ့မလဲ၊ မရနိုင်။
ယုန်ခြောက်ရန် ယုန်လိုက်ရန် မလွယ်က ယုန်ထောင်၍ ရမလား ငတော စဉ်းစားရာ စဉ်းစားရင်း ခေါင်းယမ်းမိသည်။ ခေါင်းယမ်းရပေလိမ့်မည်။
ပိုက်ထောင်ရမည့် ကွင်းက လေးဖက်လေးတန် ကျယ်ကျယ်ဝန်းဝန်း။ သည်လောက် အကျယ်ကြီးကို ဘယ်လို ဝထိုးမလဲ၊ ဘယ်လို စည်းတားမလဲ။ ဘယ်လို ပိုက်ထောင်မလဲ၊ ဒေဝဒတ်အင်းနှင့် ဆောင်းနှင့် တိုင်းယက်သကဲ့သို့ ငတော လုပ်မရ။ ဘယ်လိုလုပ်မှ ယုန်ဖမ်းရမလဲ။
ထောင်ရန်လည်း မလွယ် ခြောက်ရန်လည်း ခက်ခဲသော ကျောက်ပန်းတော်ကုန်းသို့ ညမှ လာစားသည့် ယုန်ကို မီးထိုးရိုက်နည်းဖြင့် ဖမ်းဆီးခြင်း သာလျှင် အသင့်တော်ဆုံး ဖြစ်လိမ့်မည်။
သည်အချိန်အဆဖြင့် ငတော ယုန်ရိုက် လာခဲ့၏။ ယခု တွေ့လေပြီ။ တွေ့လာသည်မှ တစ်ကောင်ထဲ မဟုတ်၊ ယုန်ဖို ယုန်မ နှစ်ကောင်တွဲ။
ငလုံးသည် ကြိုးဖြင့် သိုင်းလွယ်ထားသော ခြောက်ဗို့အား ဘက်ထရီ မီးနှင့် ယုန်ကို မျက်ခြည်မပြတ် ထိုးထားသည်။ ယုန် နှစ်ကောင်စလုံးအား မီးရောင်က ဖုံးလွှမ်းထားသည်။ တောက်လျှောက် ကျရောက် ဖုံးလွှမ်းနေသော မီးရောင်ကို ယုန်တို့ စိတ်ဝင်စားသည်။ စားလက်စ မြက်ကို မစားတော့ မီးရောင် လာရာကိုသာ အထူးအဆန်းသဖွယ် ကြည့်မြဲကြည့်နေ၏။
ငတောတို့ ဘိုးဘွားများ လက်ထက်က ရေနံချေး ၀၀စိမ်ထားသော မီးကွင်းကြီးများကို ထွန်းခဲ့သည့်ခေတ်။ အဖေတို့ ဘတို့လက်ထက်က ရေနံဆီ မီးခွက်ကြီးများကို ထွန်းခဲ့သည့်ခေတ်။
ဘိုးဘွား အဘအဖေတို့ ခေတ်က ဆယ်ဝင် သံပုန်း အခွန် အဟောင်း ကြီးကို တစ်ဖက်ဖွင့်၊ သုံးဖက်ပိတ်၊ ရေနံချေး ၀၀ စိမ်ထားသော မီးကွင်းကြီးများ အဆက်မပြတ်ထည့် သို့မဟုတ် ပွဲဈေးတန်းက မီးခွက်ကြီးကြီးကဲ့သို့သော မီးခွက်ကြီးများ ထွန်းကာ မီးထွန်းခဲ့ကြသည်။
မီးပုံးကြီးကို ရွက်ရာ၌ အဝတ်ခွေလုပ်ကာ ရွက်သူရွက်၊ အဝတ်ခံကာ ရွက်သူရွက်။ ရေနံချေး ၀ဝစိမ်ထားသော မီးကွင်းခေတ်ကို ငတော မမီ။
မီးခွက်ခေတ်ကို ငတောမီသည်။ ကိုယ်တိုင်လည်း မီးပုံးဖြင့် ယုန်ရိုက်ခဲ့ရသည်။ ယခုမှသာ တစ်ခေတ်ဆန်းပြီး ဘက်ထရီ တောလိုက်မီး သုံးတတ်လာကြသည်။ ဘက်ထရီ တောလိုက်မီး သုံးသောကြောင့် ဘိုးတို့ ဘတို့ ခေတ်ကလို မီးပုံးကြီး မရွက်ရတော့။ ငါးခဲထိုး တုတ်မီး (လက်နှိပ်)ဖြင့် ဝင်းထိန်ရှိန်တောက် နေစေရန် အသာ ထိုးရုံမျှပင်။
မီးသုံးစွဲရာတွင် ဘိုးတို့ ဘတို့ခေတ်နှင့် မတူတော့သော်လည်း၊ ယုန်ရှိရာ ချဉ်းကပ်သောအခါ အသံပေးရာ၌ တူညီသည်။ ဘတို့ ဘိုးတို့ ခေတ်ကလည်း ချူလုံးကို သုံးသည်။ ငတောတို့ လက်ထက်၌လည်း ချုလုံးကို သုံးသည်။
ယုန်ရှိရာသို့ ချဉ်းကပ်ရာတွင် ငတောတို့ ဒေသက ချူလုံးကို သုံးသော်လည်း အချို့ဒေသများတွင် ဒလက်ကို သုံးသည်။ အချို့ဒေသများက ငါးမူးလုံး သံကွင်း အစိတ်သုံးဆယ်ခန့်ကို ကြိုးဖြင့် သီပြီး လှုပ်လှုပ်ပေးသည့် သံကွင်း ပန်းကုံးကို သုံးသည်။ ငါးမူးလုံး သံကွင်း နှစ်ဆယ် အစိတ် သုံးဆယ်ခန့်ကို ကြိုးဖြင့် သီကုံးထားခြင်းအား ဒလက်ဟု ခေါ်သော ဒေသက ခေါ်သည်။
သံကွင်း အစိတ်သုံးဆယ်ခန့်ကို ကြိုးဖြင့် သီကုံးပြီး လှုပ်လှုပ် လှုပ်လှုပ် ပေးပါက ချပ်၊ ချပ်၊ ချပ်၊ ချပ်၊ ချပ်၊ ချပ်ဖြင့် အသံထွက်သည်။
ချူကုံးကို ချူလုံးသေးသေးလေး ဆယ့်လေးငါးလုံး တွဲပြီး လှုပ်ပေးပါက ချွင်၊ ချွင်ချွင်၊ ချွင်၊ ချွင် ချွင် ဖြင့် အသံထွက်သည်။ ယုန်ရိုက်ရာတွင် သုံးစွဲသော ချူမှာ နွားများကို ဆွဲပေးသော ချူကလုံ (ချူဂလုံ) အသေးလေးများ ဖြစ်သည်။ တစ်လုံးတည်းသော ကလုံ၊ ကလုံ၊ ကလုံ၊ ကလုံ နှင့်မြည်သည့်
ချူကြီးများ မဟုတ်။ ချူဖို ချူမ ချူကြီး မဟုတ်။ ချွင်၊ ချွင်၊ ချွင် နှင့် မြည်သံပေးသည့် ချူအငယ်စားလေးများ။
ချူကုံး လှုပ်သမားသည် ဆောင့်ကြီး အောင့်ကြီး မလှုပ်ရ၊ နွားပြေး နားလိုက် ချူသံမျိုး မလှုပ်ရ၊ မေ့ပြီး ချူမလှုပ်ဘဲ မနေရ၊ ချူလှုပ်ပြီး ယုန်ခြောက်ထုတ်သလို သုတ်ပျာ သုတ်ပျာမလှုပ်ရ၊ အကောင်းဆုံး လှုပ်သံမှာ ယုန်တို့ နေ့စဉ် ကြားလေ့ရှိသော လာသွားနေသည့် ကျွဲနွားတို့ လည်ပင်း ဆွဲထားသော ချူသံမျိုး ဖြစ်သည်။ မနှေး မမြန်၊ မတိုး၊ မကျယ်၊ မပြေး မရပ်၊ ချွင်၊ ချွင်၊ ချွင်၊ ချွင် သံထွက်စေရမည်။ ငမူးက ခြူကုံးကို ထိုသို့ ဖြစ်စေရန် အတတ်နိုင်ဆုံး သတိထားလှုပ်သည်။
ယုန်ရိုက်ရာ လိုက်နာသော စည်းကမ်းများကလည်း ဘိုးတို့ ဘတို့ လက်ထက်က စည်းကမ်းများပင်၊ ယုန်ရိုက်ရာ စကား မပြောရ၊ လိုအပ်၍ စကား ပြောခဲ့လျှင် တိုးတိုး၊ ချောင်း မဆိုးရ၊ သီချင်း မဆိုရ၊ ရိုက်ကွင်း၌ အပေါ့ အလေး မသွားရ၊ မဆဲရညစ်ညမ်းသော ကိလေသာရာဂ ကိစ္စ မပြောရ၊ သည်စည်းကမ်းများကို ယခုလည်း ယခင်ကလို လိုက်နာရ၏။
အထူး သတိထားရသော အချက်မှာ မီးရောင်ရှေ့ကို မည်သူမှ ဖြတ်သန်း မသွားမိရန် ဖြစ်သည်။ မီးရှေ့ကို လူရိပ် ထွက်သွားလျှင် ယုန်က အလွန်လန့်သည်။ ယုန်လိုက်၍ ဒုန်းခြောက်ချိန် မဟုတ်၊ ယုန်ထောင်ချိန်ကို ပိုက်အားကိုးရသော အချိန်မဟုတ်၊ ယုန်လန့်ပါက ယုန်ရိုက်သမားမှာ မည်သို့မှ လုပ်မရ။ ထိုသို့ဖြစ်မည်ကို ယုန်ရိုက်သမားက အလွန် ကြောက်သည်။ ယုန်ရိုက်ရာပါသော သုံးဦးစလုံးသည် တက်ညီ လက်ညီ ဘက်ညီ သတိရှိရန် လိုအပ်သည်။
(၂)
“ကစား”
ငတော ပြောသံက ခပ်တိုးတိုး၊ ခပ်တိုတို၊ ငလုံးက နားလည်သည်။
မီးထိုးရင်း သားအဖ သုံးယောက် ရှေ့ဆင့်နောက်ဆင့် တက်လာကြ သည်။ ငမုံး၏ ချွင်၊ ချွင်၊ ချွင် အသံက မနှေးမမြန် ခပ်မှန်မှန်။ စည်းကိုက် ဝါးကိုက်သဖွယ် အံကွက်ကျကျ။ ငလုံးသည် ယုန်နှစ်ကောင်စလုံးဆီသို့ မီးကို စွပ်ထိုးမြဲထိုးလိုက်သည်။ “
စွပ်ထိုးရာမှ ယုန်မျက်နှာဆီက ခွာလိုက်သည်။ ယုန်ခြေစုံ ရှေ့သို့ မီးကို အောက်စိုက်ငိုက် ထိုးပေးသည်။
ယုန်တို့၏ မီးရောင် အပြောင်းအလဲကို ကြည့်သော အကြည့်က စူးစမ်း သည့် အကြည့်။ အသံကို နားစွင့်ဟန်က ကြားနေကျ အသံဖြစ်ဖူး မဖြစ်ဖူး၊ ပြန်ချိန်ဆနေဟန်ဖြင့် မျက်လုံးလေး ကလယ်ကလယ်၊ နားရွက်လေး တစွင့်စွင့်၊ မီးရောင်နှင့် အသံသည် သူတို့နှင့် တဖြည်းဖြည်း ပိုပို နီးလာပြီ ဖြစ်ကြောင်း သိသော်လည်း ထိတ်လန့် ထူးခြားဟန် မပြ။
မီးကို ယုန်ခြေစုံရှေ့သို့ ထိုးရာမှ ယုန်နှစ်ကောင်၏ မျက်လုံးအစုံဆီသို့ ငလုံးက စိုက်ထိုးလိုက်ပြီးမှ ယုန်အပေါ် ကျော်လျက် ဝါးတစ်ရိုက်ခန့် အဝေး
ရောက်အောင် ထိုးသည်။ မီးရောင်ပျောက်သွားကာ ယုန်နှစ်ကောင်သည် မီးရောင်ကို ရှာလိုဟန် ပြလာမှ ငလုံးက ယုန်မျက်နှာဆီ မီးတည့်တည့် ပြန်ထိုးကာ မီးရောင်ကို ပြောင်းလိုက်သည်။ ယုန်နှစ်ကောင် ရှေ့မှ ဝါးတစ်ရိုက် အကွာ၌သာ မီးရောင်ကို ထိုးထားသည်။
ယုန်နှစ်ကောင်စလုံးပင် မီးရောင် တည့်တည့် ရောက်လာလိုက်၊ ကျော်သွားလိုက်၊ ရှေ့ရောက်လာလိုက် ဖြစ်နေသည်ကို အဖြေရှာနေဟန် ရှိသည်။ ငမုံ ချူကုံးသံက ချွင်၊ ချွင်၊ ချွင် ဖြင့် တချွင်ချွင် မြည်ကာ ရှေ့တက်သည်ထက် တက်လာသည်။ ငလုံးက ဇာတ်ပွဲထဲမှ မီးစကြာမှန်ပြောင်း အပြေးလှည့်သလို လှည့်ပတ်ထိုးကာ ရှေ့သို့ ရှေ့သို့ တိုးလာနေသည်။ ရိုက်ရမည့် ငတောက ရိုက်မီမမီ ရိုက်ကွင်း ချိန်ဆရင်း ရှေ့တက်လာသည်။
ယုန်ကို ထိုးထားသော မီးသည် အရေးကြီးသော အချိန် နီးကပ်လာပြီ ဖြစ်ရာ တည့်တည့် စူးစူးစိုက်စိုက် ထိုးပေးရသည်။ စူးစိုက်တည့်ထိုးပေးရာမှ ဝေ့ကာ၊ ဝဲကာ၊ လူးကာ၊ တွန့်ကာ ပတ်ကာ ဝိုက်ကာ၊ ရစ်ကာ၊ ပတ်ကာ ထပ်ပြန်တလဲလဲ ထိုးသည်။ မီးရောင် အမြူးအကြွ ချူသံ ချွင်၊ ချွင်၊ ချွင် ခြေလှမ်း ကျကျ ကြားခဲ့ရသည်မှာ ကြာခဲ့သော်လည်း သူတို့၌ မည်သည့် ဘေးအန္တရာယ်မှ မကျရောက်ကြောင်း သိလာသော ယုန် နှစ်ကောင်သည် အစာမစားဘဲ ထိုင်ကြည့်နေရာမှ မြူးကြွ လာသည်။
ပိုက်တစ်ကမ်း၊ ယုန်တစ်ကမ်း၊ ရိုက်ဝါးတစ်ကမ်းသည် အရေးကြီးဆုံး အချိန်များ၊
ပိုက်တစ်ကမ်း ဟူသည် ယုန်ခြောက်ရာ၌ ပိုက်ဆီ တိုးလုလု အချိန်တွင် လူ့လက်တစ်ကမ်း ရောက်လာသော ယုန်ကို ဘေးအန်မထွက်စေရန် နောက်လှန် မထွက်စေရန် ခြောက်လှန့် သွင်းချက် မှန်ရမည့် အနေအထားမျိုး ဖြစ်သည်။
ယုန်တစ်ကမ်း ရိုက်ဝါးတစ်ကမ်း ဟူသည် ယုန်ကို ရိုက်ရန် မီသော အချိန်ဖြစ်ရာ အရေးကြီးဆုံး အချိန် ဖြစ်သည်။ ညအချိန်လေးမှာ ရိုက်ကွင်း ရွေးရသည်။ ရိုက်ချက် လက်ဆ မှန်ရန် ဆရသည်။ အချိန်နှင့် တစ်ပြေးညီ ဆက်တိုက် စဉ်တိုက် ရိုက်နိုင်ရန် လျင်မြန်ရသည်။ ပိုက်တစ်ကမ်း လှန်ထွက်၊ အန်ထွက် ဖြစ်လည်း ယုန်ဆုံးသည်။ ရိုက်ဝါးတစ်ကမ်း ယုန်တစ်ကမ်းအတွင်း ရိုက်ချက် မမှန်လည်း ယုန်ဆုံးသည်။ ယုန်နှစ်ကောင်ကို ပြိုင်ရိုက်ရမည်ဖြစ်ရာ လက်သွက်၊ ရိုက်ချက် မှန်ရန် များစွာ လိုအပ်သည်။
ယုန်နှင့် ငတော အနေအထားမှာ ယုန်ဖိုက ဝေးသည်။ ယုန်မက နီးသည်။ မီးရောင်က လှည့်ပတ်ဝေ့ဝဲ ထိုးမြဲ၊ ချူသံက ချွင် ချွင် မြည်မြဲ။ ယုန်နှစ်ကောင် ပျော်မြူး ခုန်ပေါက်ဆဲ။
မီးရောင်နောက်ကွယ်မှ ငတောသည် ဝါးမာ ခုနစ်တောင် ကျော်ရှိသည့် ဝါးမာပြတ်တုတ်ဖြင့် အဝေး၌ရှိသော ယုန်ဖိုအား ဖုန်းခနဲ နေအောင် ရိုက်ချ လိုက်သည်။ ဖုန်းခနဲ မြည်သံကြောင့် လန့်ခုန်သည့် ယုန်မသည် မြေပြင်ပေါ် အကျ၌ ပြေးရန် ကြိုးစားသည်။ ခြေတစ်လှမ်းရှေ့ အတိုး၌ ဖုန်းခနဲ မြည်သံ ထပ်မံ ထွက်လာပြီး ယုန်မလဲကျသွားသည်။
ငတောတို့ မှန်းသည့်အတိုင်း ယုန်ဖိုယုန်မလည်း မှန်သည်။ ရိုက်ချက်မှာ ဆက်တိုက် စဉ်တိုက် ဖြစ်ရာ နှစ်ကောင်စလုံး ပြေးမလွတ်။
ယုန်သည် သမင်ကဲ့သို့ ကောင်ရေများများ အုပ်ဖွဲ့ နေလေ့ ရှိသော အကောင်မဟုတ်။ အတွဲများသည်က နှစ်ကောင်၊ သုံးကောင် တွဲတတ်သော်လည်း ရှားရှားပါးပါး။ ယုန်ရိုက်သံ၊ လူသံကြောင့် ယုန်ရိုက်ဖို့ ဆက်ကြိုးစားလည်း ထိုနေရာ၌ မရနိုင်တော့။ ရွာသို့ပြန်ရန်သာ ငတောက ယုန်များကို တုပ်နှောင် ရင်း ငလုံးနှင့် ငမုံးကို ပြောကြားသည်။
ကိုယ့်ဇောနှင့်ကိုယ်ရှိစဉ်က ချမ်းရ အေးရမှန်းမသိ။ ယုန်ရပြီးချိန်မှ နှင်းဆောင်း လေဒဏ်ကြောင့် ချမ်းအေးရမှန်း သိလာ၏။
(၃)
ငလုံးနှင့် ငမိုးတို့သည် ယုန်နှစ်ထုပ် ရခဲ့သဖြင့် ကျေကျေနပ်နပ် ပျော်ပျော် ရွှင်ရွှင်။
ရှေ့မှ ငလုံးက အပြန်ခရီးဖြစ်၍ မီးထိုးလျက် စကား တဖောင်ဖောင်။ နောက်ပိုင်းမှ ငမုံးကလည်း အာသွက်လျှာသွက်။ အချိန်အစောကြီး ရှိသေးတယ် အဖေ၊ သင်းခွေချပ် အသံ ကြားခဲ့ရတဲ့ တောကို သွားပြီး သင်းခွေချပ် ရှာပါလားဟု ပြောရာ ငတော ရယ်မောကာ ရွာသို့သာ ပြန်ခိုင်းသည်။
တောဆိုတာ စိတ်ရူးပေါက်တိုင်း အသံကြားရုံနဲ့ လျှောက်ရှာလို့ သားကောင် တွေ့စတမ်း မဟုတ်။ သူ့အချိန်နှင့် သူ့အခါ သူ့ရာသီ သူ့နေရာ သူ့သဘာဝနှင့် ကိုက်ညီ တိုက်ဆိုင်မှ သားကောင် ရသည်။ အဆင်ပြေသည်။ တောအန္တရာယ်ကို လျှော့တွက်သောကြောင့် သေခဲ့ဖူးသူ မနည်းတော့။
သင်းခွေချပ် အသံပေးသည် ဆိုမှတော့ တစ်စုံတစ်ခုကို သူ ကြားသိ လိုက်၍ ဖြစ်မည်။ ထိုတစ်စုံတစ်ခုသည် တောသမားအား ဒုက္ခပေးမည့် ဘေး အန္တရာယ်လည်း ဖြစ်နိုင်၏။ သင်းခွေချပ်နေသည် ဆိုသော တောသည် ထင်းမွှေးတောဖြစ်လည်း သစ်ကြီးဝါးကြီး ရှိသည်။ လျှိုမြောင် ချိုင့်ဝှမ်း ကမ်းပါး ကမ်းစွယ် ရေကျထူးပေါက် ဂလိုဏ် ရှိသည်။ သဘာဝပေါက်ပင်တောဖြစ်လည်း အညာဒေသ ပေါက်ပင်အို ပေါက်ပင်ရင့် သစ်ကြီး ဝါးကြီးများ ဖြစ်သည်။ ချုံပုတ် ချုံနွယ်များထဲ ပိုး၊ ပုရွက်၊ ခါချဉ် ခြလာစားလည်း သာမန် အသေးအမွှား မဟုတ်။ အိမ်လုံး လေးငါးဆယ်လုံးစာမျှရှိသော ဆင်ဝင်၍ မမြင်ရလောက်အောင် ဖုံးကွယ်နိုင်သည့် ချုံများ သည်နေရာကို ကြိုတင် ပြင်ဆင် ချိန်ဆ လေ့လာ မသွားဘဲ စိတ်ရူးပေါက် ထင်တိုင်း သွားက ဘေးတွေ့ လိုက်လျှင် သက်သက်သာသာ တွေ့မည့်ဘေး မဟုတ်။
လူငယ်က အဖြစ်၊ အရ၊ အကောင်း၊ အကျိုး၊ ဆန္ဒ အဓိက ထား ကြည့်သည်။
လူကြီးက အဖြစ် အပျက်၊ အရ အဆုံး၊ အကောင်းအဆိုး၊ အကျိုးအပြစ်ကို ပြန်လှန် ချိန်ဆရ နှိုင်းချိန်ရသည်။
ယခု အဓိက ထားရသော အချက်မှာ ချောချောမောမော ပြန်နိုင်ရေးသာ ရှေးရှူ ရသည်။ ယုန်နှစ်ထုပ်က ထောင်ကျော် ဝင်ငွေရနေပြီမို့ လောဘတင်းတောင်း လောင်းတိုင်းမပြည့် လုပ်ချင်၍ မသင့်၊ မနက်မှာ ပဲစဉ်းငုံခင်းကို ပုတ်ပြတ်ခုတ်ရ၊ ပုတ်ပြတ် ပေါက်ရဦးမည်။ ညမနား နေ့မအား လုပ်ကိုင်ရ သည့်တိုင် အသက်ဉာဏ်စောင့်သောကြောင့် ကြာကြာဝါးမည့်သွား အရိုး ကြည့် ရှောင်ရမည်။ အခြေအနေ ပေးသော ည၌ စောစော အိပ်ထပြုကျင့်မှသာ ရေရှည် ခံနိုင်ရည်ရှိမည်။ ထို့ကြောင့် အိမ်ကိုသာ တန်းတန်းမတ်မတ်ပြန်ရန်နှင့် တောဟူသည် အချိန်မရွေး ဘေးအန္တရာယ် ပေါ်ပေါက်နိုင်၍ သတိထားသွားရန် သားနှစ်ယောက်အား မှာကြားကာ သူကိုယ်တိုင်လည်း သတိမမေ့။
“ဟာ အဖေ အဖေ မြွေကြီး နှစ်ကောင် ရှေ့မှာ… ရှေ့မှာ”
တောသမား အသက်သည် သတိရှိခြင်း၌သာ တည်သောကြောင့် ငလုံးနှင့် ငမုံးက ရှေ့မှသွားနေရင်း အော်လိုက်လျှင် အော်လိုက်ချင်း ငတောက တုတ်ရှည်ကို အသင့်ပြင် ရှေ့ကို ကြည့်လိုက်သည်။
ငတောတို့ ရောက်နေသော နေရာမှာ ဝါးနှစ်ရိုက် သုံးရိုက်ခန့် ကျယ်သောရိုး။
ရိုးဟူသည် ဝဲယာ၌ ချုံပုတ်ချုံနွယ်များ သစ်ပင်ကြီးငယ်များ ပေါက် ရောက်လေ့ရှိပြီး မိုးကြီးရွာစဉ် ရေများ အင်တိုက် အားတိုက် စီးဆင်းခဲ့သော ရေကြောင်း ရေသွားလမ်း။
ရိုးအတွင်းမှာ လက်ကောက်ဝတ်ခန့် တုတ်သည့် မြွေကြီး နှစ်ကောင်။
မြွေကြီးနှစ်ကောင်သည် ငတောတို့ သုံးယောက်အား တိုက်ခိုက်ရန် စောင့်နေခြင်း မဟုတ်။ ရိုးကြောင်းထဲ၌ တစ်ကောင်နှင့်တစ်ကောင် လုံးထွေး ရစ်ပတ်ကာ ပူးလိုက် ကပ်လိုက်၊ ကွဲလိုက် ကွာလိုက်၊ လုံးလိုက် ထွေးလိုက် ရုန်းလိုက် ကန်လိုက် ကြသည်မှာ အားကုန် အင်ကုန်။
ငတော ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွားသည်။ မြွေမိတ်လိုက်နေခြင်းများလား။ ။
မြွေမိတ်လိုက်ပါက ထိုသို့ပင် လုံးထွေးရစ်ပတ်ကာ ပူးလိုက် ကွာလိုက် တစ်ကောင် တစ်ကောင် သူလိမ် ကိုယ်လိမ် လိမ်ပြီး ခေါင်းကြီးများ ထောင်လိုက် လုပ်တတ်၏။
မြွေမိတ်လိုက် နေခြင်းဖြစ်က သည်နှစ်ကောင်ဖြင့် ပွဲပြီးမည် မဟုတ်။ မိတ်နံ့ ရသော မြွေထီး၊ မြွေမ အကြီး၊ အလတ်၊ အငယ် အစရှိသည့် အရွယ်ရောက်သော မြွေမှန်သမျှ မိတ်နံ့ရှိရာ မိတ်လိုက်ရာသို့ ကာမဇောဖြင့် ဒုန်းပြေးလာကြမည်။
မိတ်လိုက်နေစဉ်ဖြစ်စေ၊ မိတ်လိုက်ရန် အလာတွင် ဖြစ်စေ ကြုံတွေ့ လာသော မည်သည့် သက်ရှိသတ္တဝါကို မဆို အဟန့်အတားသဖွယ်ဖြစ်နေက မိတ်ဇော အဟုန်ဖြင့် ကိုက်ကြ ပေါက်ကြမည်။ ထိုသို့ အကိုက်အပေါက် မခံရစေရန် အတွက် မြွေမိတ်လိုက်နေခြင်းဖြစ်က လွတ်ရာ ရှောင်တိမ်းပြီး နီးစပ်ရာ သစ်ပင်ပေါ်သို့ ချက်ချင်း ပြေးတက်မှ ဖြစ်မည်။ မိတ်လိုက်သော မြွေတို့ ထွက်ခွာသွားမှသာ သူတို့သွား လမ်းကြောင်း၏ လေအထက်မှ မှန်း ကာ ဝေးနိုင်သမျှ ဝေးသော နေရာက ဝေ့ဝိုက်ကာ သွားရ လာရမည်။
ငလုံးနှင့် ငမုံးက ဤမျှအထိ မတွေး။ လူများ နပန်းသတ်သလို သိုင်း ကစားသလို လက်ဝှေ့သတ်သလို ပူးတုံခွာတုံ ရစ်တုံပတ်တုံ လုံးတုံရုန်းတုံ ဖြစ်နေသည့် မြွေကြီး နှစ်ကောင်အား ကြည့်ကောင်းကောင်းဖြင့် စိတ်ဝင်တစား ကြည့်နေကြသည်။
မြွေမိတ်လိုက်ခြင်းလား။
တစ်ကောင်ကို တစ်ကောင် အသေအကျေ တိုက်ခိုက်ခြင်းလား။
ယခုအချိန်၌ ငတော မဆုံးဖြတ်နိုင်သေး။ သတိ ထားကာ မျက်ခြည် မပြတ် ကြည့်နေသကဲ့သို့ သားနှစ်ယောက် အားလည်း ကြည့်နေရန် နှိုးဆော် ထားရသည်။
မြွေကြီးနှစ်ကောင်သည် အားကုန်အင်ကုန်ပင်လျှင် တစ်ကောင်ကို တစ်ကောင် ပေါက်ကြ ကိုက်ကြသည်မှာ ဒေါသတကြီးနှင့် မရပ်မနား။
တစ်ကောင်နှင့် တစ်ကောင် ရစ်လိုက်ပတ်လိုက် ရုန်းလိုက် ကန်လိုက် ခေါင်းကြီးပြိုင်ထောင်ထလာပြီး လူများ လည်ကုပ်ကို ဖိသလို ဦးရာ မြွေက ဖိလိုက်၊ အမြီး တစ်ဖျန်းဖျန်း မြည်အောင် ယမ်းခါလျက် အားကုန်အင်ကုန် တိုက်လိုက်၊ ကိုက်လိုက် ခဲလိုက်နှင့် တစ်ကောင်ကို တစ်ကောင် အလျှော့ မပေး။ မည်သည့် မြွေကြီးကမှ ထွက်မပြေး။
ကျားနာခဲ ခဲ့သလို အသဲကြီး ဇွဲကြီးဖြင့် သဲသဲမဲမဲ ကိုက်ကြ၊ ခဲကြ၊ ရုန်းကြ၊ ကန်ကြ၊ ရစ်ကြ၊ ပတ်ကြ သည်မှာ အကြိမ်ရေ မရေတွက်နိုင်။
တစ်ကောင်က အပိုင်ရစ်လျှင် တစ်ကောင်က မရမက ဖြေလျက် ရုန်းထွက်သည်။ ရုန်းထွက်ရာမှ လွတ်သော မြွေနှင့် ရစ်ပတ်သော မြွေတို့ ခေါင်း ပြိုင်ထူထောင်ပြီး သူဦး ကိုယ်ဦး ထပ်မံ ရစ်ပတ်ပြန်ရာ တစ်ကောင်နှင့် တစ်ကောင် သူ့အား ကိုယ်ကပတ်၊ ကိုယ်အား သူကပတ် ရစ်ပတ်မိသွားသည်။
မိသော နေရာကို ဖမ်းကိုက် ဖမ်းမျိုရာ တစ်ကောင့် အမြီးကို တစ်ကောင်က ကိုက်မိ မျိုမိသွားသည်။
တစ်ကောင့် အမြီးကို တစ်ကောင်က သူတစ်ပြန် ကိုယ်တစ်ပြန် ပြိုင်တူ မြိုမိနေကြပြီဟူသော အသိတို့ မြွေနှစ်ကောင် စလုံး၌ ရှိဟန် မတူ။
မိမိ ပါးစပ်ထဲ ရောက်နေသော ရန်သူမြွေ၏ အမြီးကိုသာ အငြိုးတကြီးဖြင့် အငမ်းမရ မျိုချနေသည်က အင်တိုက်အားတိုက်။ မိမိက နိုင်ပြီဟု ထင်၍များ အားရပါးရ မျိုချနေ သလား။
သူ့ကို ကိုယ်မျို ကိုယ်ကို သူမျို အပြန်ပြန် အလှန်လှန် ပြိုင်တူ မျိုနေကြ သည့် အဖြစ်ကို မေ့လျော့၍များ သဲသဲမဲမဲ့ မျိုနေကြသလား။
လူသားတို့ ပြောလေ့ရှိသည့် ပါးရိုက်၍ နားကိုက်၊ နားကိုက်၍ ပါးရိုက် သဘောကဲ့သို့ အငြိုးအာဃာတ ကြီးမားစွာထားကာ လက်တုံ့ပြန် သဘောမျိုး ဖြင့် အစွမ်းကုန် မျိုနေကြသလား။ သေမထူး နေမထူး စိတ်ဝင်ကာ မိုက်မိုက်မဲမဲ ရှိနေကြသလား။
ငတော စဉ်းစားနေခိုက်မှာပင် မြွေနှစ်ကောင်သည် မိမိဘေးအန္တရာယ်မှ လွတ်မြောက်ရေးကို လုံးဝ မစဉ်းစားဘဲ အခြားမြွေကို အပြီးအပိုင် မျိုချရေး အတွက်သာ အဓိကထားကာ သဲသဲမဲမဲပင် ပြိုင်တူရှိကြရာ မြွေအမြီးသာမက ကိုယ်လုံး အောက်ပိုင်းပါ ပြိုင်တူမျိုမိကြသည်။ မျိုထားသည့် အခြားမြွေ၏ အမြီးနှင့် ကိုယ်လုံးကို မည်သည့်မြွေကမှ ပြန်အန်မထုတ်။ မိမိ အမြီးနှင့် ကိုယ်လုံး ကိုလည်း ရန်သူမျိုထားရာမှ ရုန်းထွက်ဖို့ နှစ်ကောင်စလုံး မကြိုးစား။
မျိုမိမျိုရာကို အငမ်းမရပင် တပ်မက်စွာ ပြိုင်တူ မျိုရာ မြွေနှစ်ကောင် သည် မူလက စက်ဝိုင်းကြီးကြီး ပုံစံရှိနေရာမှ စက်ဝိုင်းလတ်ပုံစံ အထိ တဖြည်းဖြည်း ကျဉ်းကျဉ်းလာသည်။ ကြည့်ရင်း ကြည့်ရင်းမှာပင် သိသိသာသာ ကျဉ်းလာသည်။
ကျဉ်းလာ ကျဉ်းလာသည့်တိုင် တစ်ကောင်ကို တစ်ကောင် အငြိုးတကြီး အာဃာတ တကြီးဖြင့် မက်မက်စက်စက် မျိုချနေကြ၏။ စတင်မျိုစကကဲ့သို့ လွယ်လွယ်ကူကူ မျိုမရတော့။ လွယ်လွယ်ကူကူ မရသော်လည်း မလျှော့။ ကိုယ်ကို ဆန့်ကာဆန့်ကာ မက်မက်စက်စက်ပင် အစွမ်းကုန် ပြိုင်တူ မျိုချ နေ၏။ မည်သည့်မြွေကမှ မလျှော့။
မြွေနှစ်ကောင် အပြန်အလှန် မျိုနေခြင်းသည် ငတော တို့ သားအဖအား ဘေးအန္တရယ် မရှိနိုင်။ ဘေးအန္တရာယ် မရှိရုံမျှမက သည်မြွေကြီး နှစ်ကောင်ကို ဖမ်းဆီးခဲ့ပြီး ရွာပြန်ရောက်က ရောင်းချခဲ့လျှင် ငွေဝင်နိုင်သည်မို့ ဝမ်းသာစရာ အနေဖြင့် တွက်က ဝမ်းသာစရာဖြစ်၏။ သို့ရာတွင် ငတောကလည်း ဝမ်းမသာ ငလုံးနှင့် ငမုံးလည်း ဝမ်းမသာ။ မဖြစ်ကောင်းသည်တို့ဖြစ်၊ မမြင်ကောင်း သည်တို့မြင်၊ မတွေ့ကောင်းသည်တို့ တွေ့လာသောကြောင့် သုံးဦးစလုံး ဝမ်းနည်းကြေကွဲ နေကြ၏။ မျက်နှာ သုံးမျက်နှာစလုံး ရီဝေဝေ မရွှင်မပျ စိတ်ညှိုး လူညှိုး မကြည်မသာ။
ငတော စိတ်ထဲ၌ မြွေကြီးနှစ်ကောင်သည် ကြင်ဖော် လုရာမှ သည်ပွဲ စသွားလေသလား။
အစာကို ပြိုင်လုရာမှ သည့်အခြေ ရောက်သွားလေသလား။
သူ့နယ်ကိုယ့်နယ် လုရာမှ စတင် တိုက်ခိုက်မိကြလေသလား။
မြွေတို့၏ ဗီဇဉာဉ်ကြောင့်လား။
တောတောင်ရေမြေ သဘာဝ ရာသီဥတုက လှုံ့ဆော်သောကြောင့်လား။
ငါတည်းဟူသော မာန်မာန၊ ငါ့ အလိုမကျမှု ဟူသော ဒေါသနှစ်ဖက် ပျက်ဆီးနိုင်သည်ကို မသိသော မောဟတို့ ပိတ်ဖုံး၊ သူသာရှုံး ငါသာနိုင်ဟု ဘဝင်လေမြောက် မကြောက်မရွံ့ နောက်မတွန့်ဘဲ တိုက်ပွဲဝင်လေသလား၊
လား…လား၊ ..လားဟု တွေးထင် သုံးသပ်ရင်း ငတောဆုတောင်းမိ၏။ မေတ္တာပို့မိ၏။ စေတနာထား စိတ်စကား ပြောမိ၏။
မြွေကြီးနှစ်ကောင်ရယ်… ငြိမ်းချမ်းခြင်း၊ ညီညွတ်ခြင်း၊ စည်းလုံးခြင်း ဂုဏ်ကို ထိန်းသိမ်းတဲ့ အနေနဲ့ ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်ကြပါတော့။
မာနနဲ့ အာဃာတကို မေတ္တာနဲ့ ချေဖျက်ပါတော့။
အမုန်းကို အပြုံးလွှမ်းတဲ့ သံယောဇဉ်နဲ့ ဖုံးလွှမ်းပါတော့။
သည်မျှ ကျယ်ဝန်းသော တောတောင်ရေမြေမှာ နေစရာကလည်း အလွန်ပေါ၊ စားစရာကလည်း အလျှံအပယ် များတာကို သတိရပြီး နေစရာ၊ စားစရာ အတွက် တိုက်ခိုက်တာဖြင့် ရပ်လိုက်ကြပါတော့။ ဒီနေရာ ဒီတော ဒီနယ်မှာ ကိုယ့်ဂုဏ် ကိုယ့် အလှ သူ့ဂုဏ် သူ့အလှနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေကြပါတော့။
ငါ့မာန၊ ငါ့ဒေါသ၊ ငါ့အတ္တ၊ ငါ့ဆန္ဒကို လျှော့ပြီး ငါလည်း သူ့လို သူလည်း ငါ့လို ကိုယ်ချင်းစာနာစိတ်နဲ့ သဘောထား ကြီးကြီးမားမားမွေး သည်းခံကြပါတော့၊ စိတ်ရှည်ကြပါတော့၊ အနာကို မေတ္တာနဲ့ဖုံး အပြုံးနဲ့ ချစ်ကြည်ရေးသစ် စပါတော့ဟု ငတော ဆုတောင်း၏။ စေတနာ မေတ္တာ စကား ပြောကြားမိ၏။
သူ၏ ဆုတောင်း မည်မျှပြည့်မပြည့် သိစေရန် ငတော စူးစူးစိုက်စိုက် ထပ်မံကြည့်၏။ အသေအချာ ကြည့်၏။
မြွေကြီး နှစ်ကောင်သည် လုံးဝ မလျှော့။
မျိုရသမျှကို ခက်ခက်ခဲခဲ ဆန့်ကာ ဆန့်ကာ မတ်မတ်စက်စက် မျို၏။ မမျိုနိုင်တော့မှ နား၏။ နားပြီး အားပြန်ပြည့်လာသောအခါ ထပ်မံ မျိုပြန်၏။ သူက ထပ်မျိုသောအခါ ကိုယ်ကလည်း အညံ့မခံ သဘောဖြင့် ကျန်မြွေကလည်း ပြန်မျို၏။ မျိုရင်း မျိုရင်း စက်ဝိုင်းပုံစံမှာ ကျဉ်းကျဉ်း ကျဥ္းကျဉ်းလာသည်ထက် ပိုကျဉ်းကျဉ်းလာ၏။
ငတော သက်ပြင်းချ၏။ အသိဝင်၏။
မြွေဟူသည် တိရစ္ဆာန်။
တိရစ္ဆာန်သည် လူမဟုတ်။
စာစီ စာရိုက် – လွင်မျိုး
Uncategorized