August 1, 2025
Uncategorized

ယောကျားတို့အားမာန်

ခင်မောင်အေး(မန္တလေး)
ယောကျားတို့အားမာန်

စိမ်းစိုညိုမှောင် မြသားမြရောင် လွှမ်းခြုံလျက်ရှိသော တောအုပ်ညိုညိုထဲမှ တောဘုရင်က ဣန္ဒြေ ရရ ခန့်ညားထည်ဝါစွာ လျှောက်လှမ်းလာလေသည်။

အချိန်က ညနေဆည်းဆာ။ နေရောင်သည် ရွှေရည် ဝင်းလက် ပြိုးပြက်လင်းဖြာလျက် ရှိသည်။ တောဘုရင်၏ ဝါရွှေရောင် အမွေးများအပေါ်မှာ နေရောင်ခြည် ထွန်းပလျက်ရှိသည်က ရှုမငြီးစရာ ဖြစ်သည်။

ဟင်းမျိုးသည် တောင်ကမူတခု၏ အပါးမှနေ၍ ရှေ့တူရူရှိ မြေပြန့်တောင်ကြားတခွင်သို့ စူးစမ်းသောအကြည့်ဖြင့် ဝေ့ကာ ကြည့်လိုက်သည်။

တောဘုရင်သည် အလျားကိုးတောင်နီးပါး ကျားထီးကြီး ဖြစ်သည်။ သို့တစေ သူ့လက်တချောင်းက သန် စွမ်းခြင်းမရှိတော့။ ထော့ကျိုးဖြစ်နေသည်။ ယင်းသို့ ထော့ကျိုး ဖြစ်ခဲ့ရခြင်းမှာလည်း ဖြူတကောင်၏ တုံ့ပြန်ချက်ကြောင့် ဖြစ်သည်။

ဖြူကို သူ ဖမ်းဆီးစားသောက်ရန် ကြိုးစားစဉ် ဖြူက ဒေါသတကြီး ပြန်လည်တိုက်ခိုက်ခဲ့သည်။ အဆိပ်ပြင်းသော ဖြူဆူးက သူ့လက်တဘက်၏ အသားထဲသို့ စူးဝင်နစ်မြုပ် သွားခဲ့သည်။ ဖြူဆူးကို နှုတ်ပစ်ရန် မည်သို့ပင် ကြိုးစားစေကာမူ ဖြူဆူးက မထွက်ပဲ ကျိုးသွားသည်။ ယခုတိုင် အသားထဲမှာ စူးဝင်နေသည်ဖြစ်ရာ ဟင်းမျိုးကြီးမှာ လက်တဘက် ထော့ကျိုး ဖြစ်ခဲ့ရသည်။ လက်တဘက် မသန်တော့သည့်အတွက် သားကောင်များကို ပြေးလွှားလိုက်လံ ဖမ်းဆီးခြင်းမပြုနိုင်။

သည်လိုနှင့် ကျွဲကျောင်းသားကလေးများ၊ ဖက်ခူးသမား၊ မှိုရှာသမားများ၊ ဝါးခုတ်သမား၊ တောင်ယာထဲကို လာသူများကို လွယ်လင့်တကူ ဖမ်းယူကိုက်ဆွဲ စားသောက်ခဲ့ယင်းဖြင့် လူသားစား ကျားဆိုးကြီး ဖြစ်လာရသည်။

တောသူတောင်သားများကလည်း တောနှင့် တောင် နှင့် ကင်း၍ မနေနိုင်ကြချေ။ တောထဲ တောင်ထဲမှာ ဝမ်းစာရှာဖွေရသည်။ တောင်ယာလုပ်ရသည်။

တောင်ယာတွင် စပါးစိုက်ရသည်။ ဟင်းသီးဟင်းရွက် စိုက်ရသည်။ တောထဲမှာ ထင်းခုတ်နိုင်သည်။ မီးသွေး ဖုတ်နိုင်သည်။ သစ်ဝါးရနိုင်သည်။ စားပင် သီးပင် ပေါ၍ စားဖွယ်ခဲဖွယ် ရနိုင်သည်။

နံနက်စောစော ရွာမှထွက်၊ တောင်ယာတက်၊ ညနေစောင်းချိန် ရွာသို့ ပြန်ကြရသည်။

ကျားဆိုးကြီး သောင်းကျန်းလာသည့် အခါ၌မူ တောသည် ခြောက်သွေ့လာသည်။ ခရီးသွား ခရီးလာ မရှိကြတော့။ ဖက်ခူး၊ မှိုရှာ၊ သစ်ခုတ်ဝါးခုတ် ထား ဘိဦး တောင်ယာသို့ပင် တက်မလာကြတော့။ ယုတ်စွအဆုံး သစ်ခုတ်ပုဆိန်သံပင် တိတ်ဆိတ်လျက်ရှိနေပြီ။ တောင်ယာခုတ်ဖို့မူ ဝေးစွတကား။

ဟင်းမျိုးသည် တောင်ယာဟောင်းတခုပေါ်မှနေ၍ တောင်ခြေရှိ ပန်ဝိုးရွာကိုလှမ်း၍ ကြည့်နေသည်။ ပန်ဝိုးရွာတွင် မီးခိုးများအူလျက် ပြာသောကောင်းကင်ထက်သို့ တလူလူလွင့်တက်နေသည်။ကျေးရွာတွင်းမှာ ညစာချက်နေကြခြင်းဖြစ်သည်။

ဆည်းဆာသည် မှိန်ဖျော့လျက် ရှိပြီ။သို့တစေ အလင်းရောင်တန်းများက ရွာခြေမှာ ပျံ့နှံ့ဖြတ်သန်းလျက် ရှိနေဆဲပင်။

ကျားသည် ပန်ဝိုးရွာကို လှမ်းကြည့်နေယင်းက တစုံ တခုကို သတိရသည်။ သည်ရွာတွင်းက လူတယောက်ကို တကြိမ်သောအခါက ဝင်ဆွဲ၍ စားရဖူးသည်။ ရွာစည်းရိုးနံဘေးမှာ တငုံ့ငုံ့ အလုပ်လုပ်နေသော ရွာ သားခမျာ ကျားက ဝုန်းကနဲ မာန်ဖီ၍ လည်ကုပ်ကို ဝင်ခဲခံလိုက်ရတော့မှ သိတော့သည်။ သည်လိုသိသည်နှင့် တချိန်တည်းမှာ အသက်ထွက်သွားခဲ့ပေပြီ။

ကျားသည် ပန်ဝိုးရွာကို မမှိတ်မသုန် စူးစိုက်၍ ကြည့်နေယင်းက ရွာသို့ ဆင်းသော လမ်းအတိုင်း တရွေ့ရွေ့ဖြင့် ထော့ကျိုး ထော့ကျိုး ဆင်းသွားသည်။

(နှစ်)

ဇော်နူးတို့ညီအစ်ကိုက “ဆွန်း”ထဲမှာ တနေ့တာ လုပ်ငန်းရပ်များကို အပြီးသတ်နေကြသည်။ သူတို့၏ “ဆွန်း” ထဲမှာ ရာသီစာ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားသည်။

“ဆွန်း” သည် အိမ်နှင့်တွဲဖက်၍ ခြံစည်းရိုး ကာရံ ထားသော ဥယျာဉ်ဖြစ်၏။

မုန်ညင်းခင်းက သန်လှသည်။ ဆေးရွက်ကြီးများ လည်း ရင့်လှပြီ။ အချိန်များသာ တရွေ့ရွေ့ ကုန်ဆုံး သွားသော်လည်း လုပ်စရာတွေ တပုံကြီး ကျန်သေး သည်။ သို့စေကာမူ မကြာမီ မှောင်လာတော့မည်။ ညစာကို ညီအစ်ကိုနှစ်ယောက်အတွက် ချက်ရဦးမည်။

အဖေက ဆေးရုံတက်နေရသည်။ မြစ်ကြီးနားဆေးရုံမှာ ဖြစ်သည်။ ပန်ဝိုးရွာမှာ ဝေးလံလှသည်။ အဖေထံကိုပင် မသွားနိုင်။

တောင်ယာကအပြန် လမ်းခုလတ်မှာ အဖေနှင့် ဝက်ဝံ ပက်ပင်းပါ ရင်ဆိုင်တွေ့သည်။ အဖေသည် ကချင်ဓားကို မြဲမြဲကိုင်ယင်း ဝက်ဝံကို ရင်ဆိုင်သည်။ ဝက်ဝံ၏ နှာနုကို အဖေ့ ကချင်ဓားက ပိုင်းဖြတ်လိုက်နိုင်သည်။ ဝက်ဝံခမျာ မြေမှာဗုန်းဗုန်းလဲ၍ သေရသည်။

သို့တစေ အဖေလည်း မသက်သာပါ။ ဦးခေါင်းမှာ ဝက်ဝံကုတ်၍ ဒဏ်ရာ အပြင်းအထန်ရသည်။ ခုနစ်ချက်လောက် ချုပ်ရသည်။ ဆေးရုံမှာ အနည်းဆုံး နှစ်လလောက်တော့ ကြာလိမ့်ဦးမည် ထင်ပါသည်။

သူတို့ ညီအစ်ကိုမှာ အမေမရှိတာ ကြာပြီ။ ညီထွေး ဇော်တန် သုံးနှစ်သားလောက်ကတည်းက အမေသေသည်။ ယခု ဇော်တန် အသက် ဆယ့်ငါးနှစ် ရှိနေပြီ။

ဇော်နူးက နှစ်ဆယ့်နှစ်နှစ်၊ ဇော်တန်ထက် ခုနစ် နှစ်ကြီးသည်။ ဇော်တန်က ကလေးသာသာပဲ ရှိသေး သည်။ အဖေကရော သူကပါ ဇော်တန်ကို သိပ်ချစ် သည်။ ထို့ကြောင့် ဇော်တန်ကို အစစအရာရာမှာ ညှာ သည်။ ပင်ပန်းသည့်အလုပ်များကို ဇော်နူးက သူကိုယ်တိုင် လုပ်သည်။ အစ်ကိုကြီး အဖအရာ မဟုတ်လား။

တောင်ယာမှာ လုပ်ငန်းဆောင်တာ များလှသည်။ သစ်ပင်ကြီးတွေ ခုတ်လှဲရမည်။ ဆောင်းကုန်ပြီဆိုလျှင် တောင်ယာမီးရှို့ရမည်။ တောင်ယာစပါး စိုက်ပျိုးရန်အတွက် တောင်ယာကို ထွန်ယက်ရဦးမည်။

လောလောဆယ်မှာမူ ဆွန်းထဲရှိ စားပင်သီးပင်များကို ရေလောင်း ပေါင်းသင် မြေတောင်မြှောက်နေ သည်။ ချွေးများက ရေချိုးထားသည့်နှယ် ကြွက်သား အမြှောင်းအမြှောင်းထနေသည့် ဇော်နူး၏ ယောက်ျား ပီသလှသော ကိုယ်လုံးကိုယ်ထည်တွင် ရွှဲနစ်လျက် ရှိသည်။ အင်္ကျီဗလာမို့ ဇော်နူး၏ ကိုယ်ခန္ဓာသည် လက်ရာမြောက်လှသော ကျောက်ဆစ်ရုပ်တခုနှယ်ပင်။

သူတို့သားအဖတစု ပျော်ကြသည်။ အပူအပင် အကြောင့်အကြ မရှိကြ။ တောင်ယာစိုက်လျှင် စပါးရသည်။ စပါးရလျှင် ဆန်ရသည်။ ထမင်းဝလင်အောင် စားရသည်။ တောင်ယာကရော ဆွန်းထဲကပါ ဟင်းသီးဟင်းရွက်များ အလျှံပယ်ရသည်။ ထမင်းက ပူပူ၊ မုန်ညင်းရွက်ပြုတ်နှင့် ငရုတ်သီးစိမ်းတောင့်ကို ကိုက်ပြီး စားရလျှင် မောမောပန်းပန်းနှင့် ထမင်း မြိန်လှသည်။ သည်လို သူတို့သားအဖများ ပျော်ပျော်ပါးပါး နေထိုင်ခဲ့ကြသည်။

အရာရာကို ဇော်နူးက ဦးဆောင်သည်။ အဖကလည်း သားကြီးဇော်နူးကို အားကိုးသည်။ သားငယ် ဇော်တန်က ငယ်သေးသည် မဟုတ်လား။ သူတို့ သားအဖလောက် ပျော်နေကြသူ မရှိတော့။

ရသမျှလေးနှင့် စားကြသည်။ ရှိသမျှလေးနှင့် ဝတ်ကြသည်။ တင်းတိမ်ရောင့်ရဲမှုဆိုသည်မှာ သူတို့ အဖို့ အထူးအဆန်းမဟုတ်ပေ။ သို့သော် သူတို့ ပျော်ကြသည်။ ဒုက္ခကို ဝေမျှယူကြသည်။ သုခကိုလည်း မျှတစွာ ခွဲဝေသည်။ ချမ်းမြေ့ဖွယ်ရာ ဘဝပါတကား။

အလုပ်ထဲမှာ နစ်မြုပ်နေသော ဇော်နူးက ပေါက်ပြားကို သစ်ပင်တပင်၏ ခြေရင်းမှာ ထောင်ထားလိုက် သည်။ ညီငယ် ဇော်တန်ကမူ ဆွန်းထောင့်တနေရာမှာ တကုပ်ကုပ်နှင့် ပေါင်းနုတ်နေဆဲ ရှိသည်။

ခါးကိုဆန့်၍ ရပ်လိုက်ယင်း ဇော်နူးက မျက်နှာထက် ရှိ ချွေးများကို သပ်ချသည်။ ပြီးတော့ ခန့်ညားထည်ဝါစွာ ယောက်ျားကြီးတယောက်နှယ် အိမ်ထဲသို့ဝင်သွားသည်။

ဂျိန်းဖော့ဓလေ့ထုံးစံအရ အိမ်ရှေ့ပေါက် တပေါက် တည်းသာ ရှိသည်။ သစ်သားခိုင်ခိုင်ဖြင့် ပြုလုပ်ထားသည့် လှေကားကို အိမ်ရှေ့ကပြင်ထက်သို့ တက်ရန် တည်ဆောက်ထားသည်။

ဇော်နူးက အိမ်ပေါ်သို့လှမ်းတက်၍ မီးဖိုတွင်းသို့ ထင်းသုံးလေးချောင်း ထည့်လိုက်သည်။ မီးဖိုတွင်းမှာ မီးကျီးခဲများ ရှိနေဆဲမို့ ထင်းချောင်းများ ထည့်၍ မီးခဲကို ဆွဲလိုက်သည့်အခါ မီးကျီးခဲများ ရဲလာ သည်။ မီးကျီးခဲများပေါ်မှာ ထင်းရှူးသားတစ ထည့် လိုက်သည်နှင့် မီးတောက်လာသည်။ မီးတောက်လာ သည့်အခါ အိမ်တွင်းမှာ အလင်းရောင် ပိုမိုတောက်ပ
လာသည်။ ထမင်းအိုးကို မီးဖိုပေါ်တင်ပြီးသည့်နောက် ဇော်နူးက ဆွန်းထဲရှိ ညီငယ်ကို အိမ်ရှေ့ကပြင်မှ လှမ်းကြည့်လိုက်သည်။ ဇော်တန်သည် တကုပ်ကုပ် ပေါင်းနုတ်နေဆဲ ရှိသည်။

“ဇော်တန်ရေ လာတော့ကွာ။ မင်း ရေချိုးပြီးယင် ထမင်းစားရအောင်”

သူတို့၏အိမ်ဘေးမှာ ဝါးရေတံလျှောက် ရှိသည်။ တောင်စောင်းရှိ ကျောက်တုံးများအကြား ရေကျသည့် နေရာကနေ၍ ဝါးရေတံလျှောက်ဖြင့် သွယ်ထား ခြင်း ဖြစ်သည်။ အိမ်ဘေးမှာ တွင်းရှိသည်။

ညီငယ်ကို လှမ်းခေါ်ပြီးနောက် ဇော်နူးသည် ရေတံလျှောက်အောက်သို့ သွား၍ ရေချိုးသည်။ ရေက ရေခဲရေလို အေးမြနေသည်။ ကြာကြာစိမ်၍ ချိုးမနေနိုင်။

ရေချိုးပြီးသည့်အခါ ထမင်းအိုး ဆူနေပေပြီ။ ထမင်းအိုးငှဲ့ပြီးသည်နှင့် မီးဖိုဘေးတွင်ပင် မီးကျီးခဲအချို့နှင့်တင်၍ နှပ်ထားလိုက်သည်။ စိတ်ကူးထဲမှာ ဟင်းချိုတအိုးလောက် တည်ဦးမည်ဟု စိတ်ကူးပေါ်လာ သည်။ သို့နှင့် ဟင်းချိုတအိုး တည်သည်။ ဟင်းချိုက မုန်ညင်းရွက်ဟင်းချို ဖြစ်သည်။ ဆားခတ်သည်။ ကချင် ငရုတ်သီး လေးငါးဆယ်တောင့်လောက်ကို တံစို့နှင့်သီ၍ ကင်ထားလိုက်သည်။ ညစာအဆင်သင့် ဖြစ်နေပြီ။

အမှောင်သည် ပန်ဝိုးရွာတွင်းကို လွှမ်းမိုးလျက် ရှိ နေပြီ။ ဆွမ်ပရာဘွမ်တောင်တန်းပေါ်တွင် ဝင်လုဆဲ နေလုံးကြီးက ပန်ဝိုးရွာကို နှုတ်ခွန်းဆက်လျက် ရှိနေ သည့် အလားပင်။ ပန်ဝိုးရွာသည် နေဝန်းနီနီ၏ အရိပ် အောက်တွင် လှပနေသည်။ အိမ်ခေါင်မိုးများအထက်တွင် မီးခိုးများ လွှမ်းခြုံလျက် ရှိသည်။ ကောင်းကင်ထက်သို့ အလုအယက် ထိုးတက်နေသည့်နှယ် ဖြစ်သည်။ ဂျိန်းဖော့ထုံးစံအတိုင်း မီးဖိုများ ဖိုထားကြခြင်း ဖြစ်သည်။ မိသားစု များများရှိသည့်အိမ်မှာ မီးဖိုက များများ၊ မီးခိုးက များများ ထွက်နေသည်။

ညပိုင်းဆို အေးလာပြီ။ လုံခြုံသော ဂျိန်းဖော့အိမ် များအတွင်း၌ မီးဖိုမှ မီးအပူရှိန်ကြောင့် နွေးထွေးနေ သည်။ အိမ်ရှေ့တံခါးကြီးကို ပိတ်ထားလိုက်ပြီဆိုလျှင် လုံခြုံနွေးထွေးစွာ အိပ်စက်နိုင်ချေပြီ။

“ဇော်တန်ရေ လာတော့ ၊ ထမင်းပူပူ စားလိုက်ကြရအောင်”

ဇော်နူးက အိမ်ရှေ့ကပြင်မှ လှမ်းအော်လိုက်သည်။ ဇော်တန်ကို ဆွန်း၏ တံခါးဝတွင် လှမ်းမြင်ရသည်။ အသက် တဆယ့်ငါးနှစ်သာ ရှိသေးသည်ဖြစ်စေကာမူ ဇော်တန်၏ ကိုယ်ခန္ဓာသည် ထွားကျိုင်းကြံ့ခိုင်သည်။ ညိုမှောင်၍ ကြေးနီရောင်ထနေသော အသားပြင်များပေါ်မှ ချွေးသီးများ ယိုစီးနေသည်။

“လာပြီအကို … ရေချိုးလိုက်အုံးမယ်၊ ခဏလေး”

“အေး … အေး ဇော်တန်၊အကို ထမင်းခူးထားလိုက် မယ်”

ဇော်တန်က ရေချိုးပြီးသည့်အခါ အိမ်ထဲသို့ ဝင် လာသည်။ မီးဖိုမှ ထင်းချောင်းများက မီးတောက် လောင်လျက် ရှိသည်။ မီးရောင်ကြောင့် မီးခိုးများ ဆိုင်းလျက်ရှိသော သူတို့အိမ်အတွင်းမှာ လုံလောက်သည့်အလင်းရောင် ရရှိနေသည်။ သူတို့က မီးဖိုကို မျက်နှာမူလျက် အိမ်ရှေ့တံခါးမကိုကျောပေး၍ ထမင်းစားရန် ပြင်ဆင်နေသည်။

အငွေ့ တထောင်းထောင်း ထလျက်ရှိသော ထမင်းပူပူရနံ့က သူတို့ညီအစ်ကို၏နှာဝမှာ သင်းပျံ့နေသည်။ တောင်ယာဆန်သစ်ကို ချက်ထားသည့် မွှေးသော ထမင်းနံ့ကြောင့် သူတို့ညီအစ်ကို ပိုမိုဆာလောင် လာသလိုပင်။

တံခါးဝမှ အလင်းရောင်ကြောင့် သူတို့မီးဖိုနားမှာ ပိုလင်းနေသည်။ ဇော်နူးက ထမင်းပန်းကန်ထဲသို့ ထမင်းများ ခူးထည့်သည်။ ဇော်တန်က သီတံနှင့် မီးကင်ထားသော ငရုတ်သီးတောင့်များကို ဖြုတ်ယူနေသည်။ သည်အခိုက် သူတို့နောက်ဘက်က မှောင်သွားသည်။

ဘာဖြစ်လို့ပါလိမ့်၊ လှေကားက တယောက်ယောက် တက်လာလို့များလားဟု တွေးကာ ညီအစ်ကိုနှစ် ယောက်စလုံး တံခါးဘက်ဆီကို လှည့်ကြည့်လိုက်မိ
ကြသည်။

“ကျား”

ညီအစ်ကိုနှစ်ယောက် တွေ့လိုက်ရသည်က ကျားကြီး တကောင်။ သူတို့အိမ်ကို အလည်အပတ်လာသော ရွာထဲက ဧည့်သည်မဟုတ်ချေ။

ကျားသည် အသံတစုံတရာမပေးပဲ အိမ်တံခါးဝမှာ ပေါ်လာခြင်း ဖြစ်သည်။ အေးဆေးညင်သာစွာ ရောက်ရှိလာခြင်း ဖြစ်သည်။ ရှေ့လောတကြီး ရှိမနေ။ အတွေ့အကြုံ ရင့်ကျက်သော သတ္တဝါဖြစ်သည်။ လူသားကို သားကောင်အဖြစ် အမဲလိုက်၍ သတ်ဖြတ်သုတ်သင် စားသောက်ခဲ့ပြီးဖြစ်သော ကျားဖြစ်သည်။ လူကို မကြောက်မရွံ့ပဲ ရဲရဲတင်းတင်းပင် အိမ်ပေါ်သို့ တက်လာခြင်းဖြစ်သည်။

ဇော်နူးတို့ အိမ်တံခါးဝသည် ကျားခေါင်းကြီး တလုံးတည်းနှင့် ပြည့်သွားလုခမန်းဖြစ်သည်။ တိုဝိုင်း သော နားရွက်အစုံက အကျည်းတန်သော ကျား၏ မျက်နှာကြီးနှင့် မလိုက်ဖက်လှအောင် သေးငယ် လွန်းလှသည်။ နှုတ်ခမ်းမွေးများက လိမ္မော်ရောင်အသွေး။ ကျနေ၏ အလင်းရောင်များကြောင့် တောက်ပြောင်နေသည်။

ဆွမ်ပရာဘွမ် တောင်တန်းပေါ်မှ နေဝန်းကြီး၏ အလင်းရိပ်က ကျားကိုယ်လုံး အထုအထည်ကြီးကို မည်းမှောင်သောအရိပ်နက်ကြီးအဖြစ် ဇော်နူးတို့ ညီအစ်ကို၏ အိမ်ရှေ့ကပြင်မှာ ထင်ဟပ်နေစေသည်။

ကျားထော့ကျိုးကြီးဖြစ်သည်။ ရှေ့လက်တဘက်တည်း၏ အပေါ်တွင် အားပြုရပ်တည်နေခြင်းဖြစ်၍ ကျား၏ ကိုယ်လုံးကိုယ်ထည်သည် တဘက်စောင်းနင်း ဖြစ်နေသည်။ ဤမြင်ကွင်းကပင် အကျည်းတန်သော ဟင်းမျိုးကြီးအား ပိုမို၍ အရုပ်ဆိုးနေစေသည်။

ဟင်းမျိုး၏ မျက်လုံးများသည် ဇော်နူးတို့ မီးဖိုမှ မီး ရောင်ကြောင့် ဝင်းဝင်းလက်လက် ပြိုးပြက်တောက်ပလျက် ရှိသည်။ စက်ဆုပ်ဖွယ်ရာ မျက်လုံးနီနီကြီးများသည် ဇော်နူးတို့ ညီအစ်ကိုအား မုန်းတီးစက်ဆုပ်စွာ စူးစိုက်ကြည့်ရှုနေသည်။

ကျားသည် အိမ်ရှေ့ကပြင်မှ အိမ်တွင်းသို့ ဖြည်း ညင်းစွာ တလှမ်းချင်းတိုးဝင်လာသည်။ အိမ်ကြမ်းခင်းများသည် ကြိုးကြိုးကျွိကျွိ မြည်နေသည်။ တလှမ်းပြီးတော့ တလှမ်း။

ဇော်နူးသည် တဟုန်းဟုန်းတောက်လောင်လျက် ရှိသည့် မီးဖိုထဲမှ မီးစွဲလောင်လျက်ရှိသော ထင်းချောင်းတချောင်းကို ဆတ်ကနဲ ဆွဲယူလိုက်သည်။ ယင်းနောက် လက်တကမ်းအနီးသို့ ချဉ်းကပ်ရောက်ရှိလာ သော ကျား၏မျက်လုံးတဘက်ကို အားကုန်ထိုးထည့်လိုက်သည်။

“သွားသွား … သွားစမ်း”

နှုတ်ကလည်း အသံကုန်ဟစ်၍ အော်ကာ ကျားကို ခြိမ်းခြောက်မောင်းနှင်ထုတ်လိုက်သည်။

တညီးညီးတောက်လောင်လျက်ရှိသည့် ထင်းချောင်း ဖြင့် မျက်နှာတည့်တည့်သို့ ထိုးခြင်းခံလိုက်ရသော ကျားသည် ပြင်းထန်ကျယ်လောင်သောဟိန်းသံ ပြုလိုက်သည်။ ဇော်နူးတို့အိမ် ပွင့်ထွက်သွားမတတ် ဖြစ်သည်။ မီးခိုးများ၊ မီးတောက်များ၊ မီးပွားများ တဖွားဖွား စဉ်ထွက်သွားသည်။

နာနာကျည်းကျည်း ဟိန်းလိုက်သည့် ကျားဟိန်း သံက ပန်ဝိုးရွာတရွာလုံးကို တုန်လှုပ်ချောက်ချားသွားစေသည်။ မျက်လုံးတဘက် မီးသင့် လောင်ကျွမ်း၍ မျက်စိတဘက် ကန်းသွားသော ဟင်းမျိုးသည် တံခါးဝသို့ ပြန်လှည့်ကာ နောက်ကြောင်းပြန်လျက် တရကြမ်း ပြေးထွက်သွားသည်။ ကျားခုန်ဆင်းလိုက်သော ပြင်းထန်သည့်အရှိန်ကြောင့် တံခါးက ဝုန်းကနဲမြည်ပြီး ပိတ်သွားသည်။

မီးလောင်ညှော်နံ့က အိမ်ခန်းတွင်းမှာ မွှန်နေသည်။

ပန်ဝိုးရွာအတွင်းမှာမူ ကျားထော့ကျိုး၏ မာန်သွင်း ဟိန်းဟောက်သံများ အဆက်မပြတ် ဆူညံသွားသည်။ ထိုကမှ တစတစ အသံဗလံများ တိတ်ဆိတ်သွားသည်။ ကျားသည် ပန်ဝိုးရွာတွင်းမှာ မြေငလျင်တခု တော်လဲတုန်လှုပ်သွားသည့်နှယ် ဖန်တီးလိုက် ပြီးနောက် တောခြေတောင်အစပ်ဆီသို့ တက်ရောက် ပျောက်ကွယ်သွားသည်။

ဟိုအဝေးဆီမှ လူတစုံတဦး၏ ကြောက်ရွံ့တုန်လှုပ်စွာ ဟစ်အော်လိုက်သံကို အမှတ်မထင် ကြားရသည်။ သည့်နောက် ပန်ဝိုးရွာသည် အမှောင်အောက်မှာ ငြိမ်သက်သွားသည်။

ကြောက်မက်ဖွယ်ရာ တိတ်ဆိတ်ခြင်း။ ချောက်ချားဖွယ်ရာ ငြိမ်သက်ခြင်းတို့ ကြီးစိုးသည်။

(သုံး)

အန္တရာယ် မရှိတော့ပြီ။ အိမ်တွင်းမှာ မီးခိုးတွေ၊ ညှေနံ့တွေသာ ကျန်ရစ်ခဲ့သည်။ မီးခိုးများ ညှော်နံ့များ သက်သာအောင် ဇော်တန်က အိမ်ရှေ့တံခါးကို ဖွင့်လိုက်သည်။ လေအေးက ဖွင့်ထားသော တံခါးမှ တိုးဝင်လာသည်။ ချမ်းမြေ့ငြိမ်းချမ်းခြင်းက အိမ်တွင်းသို့ လှမ်း၍ ဝင်ရောက်လာသလိုပင်။ အိမ်ရှေ့တံခါးကို သွားရောက်ဖွင့်လိုက်သည့် ဇော်တန်၏ လက်များ တုန်နေသည်။ ရင်တွင်းမှာ နှလုံးခုန်နှုန်း မမှန်ကန်သေး။ တဒိန်းဒိန်း ခုန်နေဆဲဖြစ်သည်။ တကိုယ်လုံးမှာ ဇောချွေးများ ရွှဲနစ်နေသည်။

အစ်ကို ဇော်နူးက ကျားကို မီးစနှင့်ထိုး၍ မောင်း ထုတ်ပစ်လိုက်လို့သာပေါ့။ နို့မို့များဆိုယင် မတွေးဝံ့ စရာပါ။ ဟုတ်တယ် … အစ်ကိုဇော်နူး။ အစ်ကိုက ညီအစ်ကိုနှစ်ယောက်စလုံးရဲ့ အသက်ကို ကယ်လိုက်တာပါ။ ဇော်တန် ရင်တွင်းမှာ ကြီးမားသော ပီတိလွှမ်းခြုံနေသည်။ သတ္တိရှိသော အစ်ကို ဇော်နူး။ ရဲရင့်သော အစ်ကို။ ငါ့အစ်ကို။

အို…. အစ်ကို့လက်မှာ မီးလောင်သွားပါကလား။

“အကိုလက်မှာ မီးလောင်သွားတယ် မဟုတ်လား-ဟင်”

“အေး ဟုတ်တယ်ကွ ဇော်တန်။ နဲနဲပါးပါးပါးကွာ။ ဝံဆီနဲ့ လိမ်းလိုက်ယင် ပျောက်သွားမှာပါ”

“ကျွန်တော် လိမ်းပေးမယ် အကိုဇော်နူး။ မီးလောင်
တာ သိပ်မနဲဘူး။ အရေခွံတွေ ကွာနေပြီ။ နီရဲနေတာပဲ”

ပြောပြောဆိုဆို ဇော်တန်က အိမ်ခန်းတွင်းမှ ဝံဆီပုလင်းကို သွားယူလာပြီး သူ့အစ်ကို ဇော်တန်၏ လက်မှ မီးလောင်ဒဏ်ရာကို လိမ်းပေးသည်။ ဇော်နူးသည် မီးလောင်ဒဏ်ရာက နာကျင်နေသည့်တိုင် ညီငယ် အားရှိအောင် အံကြိတ်ခံသည်။

ပြီးတော့ ညီအစ်ကိုနှစ်ယောက်သား ညစာကို ငြိမ်သက်တိတ်ဆိတ်စွာ စားကြသည်။ မုန်ညင်းရွက်ဟင်းချိုကအေးစက်နေပြီ။ ထမင်းကလည်း ခပ်နွေးနွေးသာ။ ငရုတ်သီး မီးသင်းနံ့က သူတို့ကို ဗိုက်ဆာစေသည်။ ထမင်းကို ဆားငန်ငန်ကဲယင်း စားလိုက်ကြသည်။ အန္တရာယ်ဆိုးကြီးဘေးမှ ကျော်လွှားလွတ်မြောက်ခါစမို့ ထိတ်လန့်ချောက်ချားမှုက မပြေနိုင်တတ်သေး။

ညစာ စားအပြီးမှာ အိမ်ရှေ့တံခါးမကြီးကို ပိတ်၍ ညီအစ်ကိုနှစ်ယောက် အိပ်ရာဝင်သည်။ အိမ်တွင်းမှာ မီးဖိုမှမီးကြောင့် နွေးနေပြီ။ စောင်ကို ခေါင်းပါလုံအောင် တင်းတင်းဆွဲခြုံကာ ကွေးသည်။ ည၏ အအေးဒဏ်သည် မြစ်ကြီးနားအထက်ပိုင်း ပန်ဝိုးဒေသမှာ ခိုက်ခိုက်တုန်မျှ အေးမြလှသည်။

ဇော်နူးသည် အိပ်ရာထဲမှာ စောင်ခြုံ၍ ကွေးနေစေ ကာမူ အိပ်၍မပျော်။ ကျားထော့ကျိုးအကြောင်းကို စဉ်းစားနေမိသည်။

အိမ်မှာ အဖေမရှိချိန် ခုလိုအခါမျိုးမှာ အစ်ကိုကြီး အဖအရာ၊ သူသာလျှင် အိမ်ဦးစီး။ ယခုပဲ ကြည့်လေ။ အိမ်မှာ အဖေမရှိတုန်း အန္တရာယ်ကောင်ကြီး က မဖိတ်ခေါ်ပါပဲလျက် အိမ်ပေါ်တက်လာသည်။ လက်မြန်ခြေမြန် ရဲရဲဝံ့ဝံ့ သတ္တိရှိရှိဖြင့် ရင်ဆိုင် လိုက်၍သာ အန္တရာယ်မှ လွတ်မြောက်ခဲ့ရသည် မဟုတ်လား။

“ဒီကျားထော့ကျိုးကို ဒီအတိုင်းထားလို့တော့ မဖြစ်ဘူး။ တခုခုတော့ လုပ်မှ။ ဇော်တန် တောင်ယာ တက်လို့ ထော့ကျိုးနဲတွေ့ရင် …”

ဇော်နူးက ဇော်တန်အတွက် စိုးရိမ်သည်။ ပြီးတော့ ပန်ဝိုးရွာသားတွေအတွက်လည်း စိုးရိမ်သည်။

(လေး)

အရုဏ်သည် နိုးကြားလာခြင်း မရှိသေး။ သည်အချိန်မှာ ဇော်နူး နိုးလာသည်။ ဝံဆီသုတ်လိမ်းထားသော လက်မောင်းမှ မီးလောင်နာက စပ်ဖျဉ်းဖျဉ်း ရှိနေသေးသည်ကလွဲ၍ နာကျင်လှခြင်း မရှိချေ။ မီးဖိုထဲသို့ ထင်းနှစ်ချောင်းလောက် ထိုးထည့်၍ မီးကျီးခဲကိုဆွလိုက်သည်။ ထင်းရှူးစ တစ ထည့်လိုက်သည့်အခါ မီးတောက်လာသည်။ အိမ်တွင်းမှာ အနွေးဓာတ် ပျံ့နှံ့သွားသည်။

မီးဖိုဘေးမှာ ညကတည်းက ချထားသော ရေနွေးအိုး တွင်းမှ ရေနွေးအချို့ကို ဝါးခွက်ထဲသို့ လောင်းထည့် သည်။ ပြီးတော့ မျက်နှာကို သပ်လိုက်သည်။ ကိုယ်လက်သုတ်သင်ပြီးလျှင် ထမင်းကြမ်းကို ဆားနှင့် စားသည်။ ဗိုက်ပြည့်သွားပြီ။

ညီငယ် ဇော်တန်ကမူ တခေါခေါနှင့် အိပ်၍ကောင်း နေတုန်းပင် ရှိသည်။အိမ်တွင်း အဖေ့အခန်း ခေါင်းရင်းမှာ ထောင်ထားသော တူမီးသေနတ်ကို ဇော်နူးက ယူလာသည်။ မီးခတ်၊ ယမ်းမှုန့်အိတ်၊ ခဲသီး အပြည့်အစုံ ရှိ မရှိ ဇော်နူးကိုယ်တိုင် စစ်ဆေးသည်။ ပြီးတော့ ကိုင်နေကျ ကချင်အိမ်နှင့်ထည့်၍ လွယ်လိုက်သည်။

တူမီးကို မီးခတ်အကောင်းဆုံး ထည့်သည်။ ယမ်းမှုန့်ကို အချိန်အဆမှန်ကန်စွာ ကျွဲချိုခွက်ကလေးနှင့် လောင်းထည့်၍ သံချောင်းဖြင့် ဂရုတစိုက် သိပ်ထည့်သည်။ အညီညာဆုံးသော ခဲသီးလုံးများထဲမှ သုံးလုံးကို ရွေး၍ ပြောင်းဝမှ ထည့်လိုက်ပြီး ပျားဖယောင်း လက်တဆစ်နှင့် သိပ်၍ ကျပ်နေအောင် ဖို့ပေးလိုက်သည်။ ပြောင်းဝမှ အဆို့ရှင်ဖြင့် ဆို့၍ ပိတ်လိုက်ပြီး ဇော်နူးသည် တူမီးကိုထမ်း၍ အိမ်တွင်းမှ ထွက်လာခဲ့သည်။ အိမ်တံခါးကိုမူ လုံခြုံအောင် ပိတ်၍ ထားခဲ့သည်။

ညဘက်က အိမ်အတွင်းသို့ မဖိတ်မခေါ်ပဲ ရောက်ရှိ လာခဲ့သော ဧည့်သည် အန္တရာယ်ကောင်ကြီးထံသို့ အဦးဆုံးရောက်အောင် သွားရမည်။ မနေ့ညပိုင်း မိမိတို့အိမ်မှ ထွက်ပြေးသွားသော ထော့ကျိုးကြီးက တောတွင်းသို့မဝင်မီ မိန်းကလေးတဦးကို ဆွဲသွားသည်။ ရွာစွန်က ဖြစ်သည်။ ဦးကရိမ်နန်း၏ သမီးကလေး မရစ်ထု ဖြစ်သည်။ ကံဆိုးရှာသော ကလေးမကလေး မရစ်ထုခမျာ မီးတုတ်ကလေးနှင့် အိမ်သို့ဝင်လုဆဲဆဲမှာ ထော့ကျိုးက မဲမဲမြင်ရာ အတင်းဝင်ခဲ့ပြီး တောတွင်းသို့ ဆွဲသွားသည်။

ဦးကရိမ်နန်းနှင့် ဆွေမျိုးများ၊ ရွာသားများ ကျားထော့ကျိုးကြီးနောက်သို့ ညတွင်းချင်း လိုက်မသွားရဲကြပါ။ သည်မနက်မှ မြင်မြင်ထင်ထင် လင်းလင်း ချင်းချင်း လူစုပြီး လိုက်ကြမည်။

ဇော်နူးသည် ဖိနပ်မပါ ခြေထောက်ဗလာဖြင့် ဘောင်းဘီရှည်ကို ဒူးဆစ်အထိ နှစ်ဘက်လိပ်ထားသည်။ အင်္ကျီက ခါးတိုနေသဖြင့် ဘောင်းဘီတွင်းသို့ သွင်း၍ မရ။ အပြင်မှာ အေးသည်။ လေတိုးသည့်အခါ ဇော်နူး၏ ဗိုက်သားများ အေးစိမ့်စိမ့် ဖြစ်သွားသည်။ လမ်းတွင် မကြာမကြာ ရပ်တန့်၍ ခြေဖဝါးမှ ဆူးများကို ထွင်ရသည်။

အမှောင်ထု၏ သိပ်သည်းခြင်းများကို အရုဏ်၏ ဝိုး တဝါးအလင်းများက ဖယ်ရှားပစ်လိုက်သည်။ လေပြည်သည် နွေးထွေးလာသည်။ သန့်စင်သော အရုဏ်ဦး၏ မွှေးကြူသော ရနံ့သည် လေပြည်၏ ညင်းသွေးသွေး သယ်ဆောင်ရာနောက်သို့ လိုက်ပါလာပြီး ဇော်နူးအား ပွတ်သပ်တိုးသွားသည်။ အရုဏ်ဦးရနံ့က ဇော်နူးကို အားမာန်သစ်များ ပြည့်လျှမ်းသွားစေသည်။

အိပ်တန်းမှ မြေပြင်သို့ မသက်ဆင်းမီ အရုဏ်ကို ကြို ဆိုသောအားဖြင့် တွန်ကြွေးလိုက်သည့် တောကြက်သံများ မြိုင်ယံတွင် လွှမ်းခြုံသွားသည်။

မကြာမီ ဇော်နူးသည် မရစ်ထုအား ထော့ကျိုးကြီး ကိုက်ချီဆွဲယူသွားသောနေရာသို့ ရောက်ရှိလာသည်။ ဤနေရာတွင် ညောင်ချဉ်ပင် တပင်ရှိသည်။ ညောင်ချဉ်ပင် အမြစ်များပေါ်တွင် သွေးကွက်များ စွန်းထင်းပေကျံနေသည်။ သန္တာပုတီးကုံးကလေး ပြတ်၍ ပုတီးစေ့အချို့ မြေပေါ်တွင် ပြန့်ကျဲနေသည်။နက်မှောင်သော ဆံခြည်ထွေးအချို့ကို ညောင်ချဉ်ပင်နှင့် မနီးမဝေးရှိ ဆူးချုံပေါ် တွင် တွေ့ရှိရသည်။

ဇော်နူးက အံကို တင်းတင်းကြိတ်လိုက်သည်။ ဇော်နူးတို့နှင့် မရစ်ထုတို့ ဆွေမျိုးတော်စပ်ကြသည်။ ညီမလေး မရစ်ထု၏ ကံကြမ္မာ မည်သို့ရှိမည် မသိတတ်နိုင်။ ကျားထော့ကျိုး၏ အစာဖြစ်ပြီးလောက်ပြီ။ အချိန်က တညတာပင် ကုန်ဆုံးခဲ့ပြီးပြီမဟုတ်လား။

ဇော်နူးသည် စွတ်ကြောင်းရာကို ရှာဖွေကြည့်သည်။ အရုဏ်၏ နီပျို့သော အလင်းရောင်မှုန်ပျပျအောက်မှာ ထော့ကျိုး၏ခြေရာကို တွေ့မြင်ရသည်။ ညီမလေးမရစ်ထု၏ ခန္ဓာကိုယ်မှ ထွက်ကျခဲ့သော သွေးစက် သွေးကွက်များကိုလည်း ထင်ရှားစွာ မြင်ရသည်။ ထော့ကျိုးသည် မရစ်ထုအား လည်ကိုခဲ၍ ဆွဲသွားပုံရသည်။

ကျားတို့၏ သဘောက သားကောင်ကိုငုံခဲ၍ ဆွဲချီသွားသည့်အခါမျိုးမှာ လည်ကုပ်ကို ခဲတတ်သည်။ မိမိထက် ကိုယ်လုံးကိုယ်ထည်ကြီးမားသော စိုင်၊ ကျွဲ၊ နွား စသော အမဲများကို ကိုက်ဆွဲသွားရာတွင် လည်ကုပ်မှငုံခဲ၍ ဆွဲသွားတတ်သည်။ သားကောင်ကို အသေကိုက်မသတ်သေးပဲ အညှာဖြစ်သော လည်ကုပ်ကိုငုံ၍ ခဲထားသည်ဖြစ်ရကား အခဲခံထားရသည့် သားကောင်ခမျာ ဒဏ်ရာက နာကျင်ရှာ လွန်း၍ ကျားဆွဲရာနောက်သို့ ကိုယ်ကိုဖော့ကာ လိုက်ပါသွားရသည်။

ဘေးအန္တရာယ် ကင်းရှင်းရာ သားရဲ၏နယ်မြေသို့ ရောက်သွားပြီဆိုလျှင်တော့ သားကောင်ခမျာ ဟင်းမျိုး၏ အသေခဲခြင်းကို ခံရသည်။ သားရဲသည် ဆွဲယူကိုက်ချီလာသော သားကောင်ကို စိမ်ပြေနပြေ ကြိုက်ရာရွေး၍ စားသောက်သည်။ အဝအပြဲ စားသောက်သည်မဟုတ်ပဲ ရံဖန်ရံခါ တင်ပါးဆုံတပိုင်းခန့်နှင့် ဝမ်းတွင်းသားအချို့ကိုသာ စားပြီး ချုံကောင်းကောင်း တနေရာအတွင်း ဆွဲသွင်းထားရစ်ခဲ့ပြီး ထွက်ခွာသွားတတ်သည်။ နောက်တနေ့ သို့မဟုတ် နောက်တညမှသာ ပြန်လည် ရောက်ရှိ လာရောက်ပြီး တဝကြီး စားတတ်သည်။

ယခု မရစ်ထု၏ လည်ကုပ်ကိုခဲ၍ ဆွဲသွားပြီ။ ခရီးဘယ်ဆီအထိဆန့်မည် မပြောတတ်နိုင်။

အရုဏ်သည် ပို၍လင်းလာသည်။ တောကြက်များ တောင်ပံတဖြန်းဖြန်းခတ်၍ တွန်သံပေး ဟစ်ကြွေးနေသည်။ နံနက်ခင်းကို သာယာသော ဥဒေါင်းတို့၏ အိုးဝေသံက မင်္ဂလာအပေါင်းနှင့် ပြည့်စုံနေစေသည်။ အဝေးဆီမှာ ထရံခချောင်းကို မြင်ရသည်။ တောင်ခြေတွင် ကွေ့ကာ ဝိုက်ကာ စီးဆင်းလျက်ရှိသည်။ ငွေကြိုးမျှင်ကလေးများ အပြားလိုက် ဖြန့်၍ချထားသည့်အလားပင်။

ငွေနှင်းမှုန်တို့က သက်ကယ်ပင်များကို ပက်ဖျန်းထား သဖြင့် ပြိုးပြက်တောက်ပသော လှံတံသွားများနှယ် တည့်မတ်စွာ ထောင်နေကြသည်။

သက်ကယ် ရွက်စောင်းများက ဇော်နူး၏ဝမ်းဗိုက်ကို ရှသည်။ လက်ဖဝါးကို ရှသည်။ ဇော်နူးက သက်ကယ်စများကို သတိကြီးစွာ ဖယ်ရှား၍ တလှမ်းပြီးတလှမ်း ခရီးဆက်သည်။ ထော့ကျိုး၏ နယ်မြေသို့ ရောက်နေပြီ။ သည်သက်ကယ်တောတဝိုက်မှာ ထော့ကျိုး ကျက်စားသည်။ သက်ကယ်တောလွန်လျှင် လွင်ပြန့်ကို ရောက်တော့မည်။ ထရုံခချောင်းကို စီးမိုး၍ နေသောနေရာ၊ ပန်ဝိုးရွာ၏ အထက်ပိုင်းကျသော စားကျက်ဖြစ်သည်။

မကြာမီ ဇော်နူးသည် မျောက်ညိုတချို့၏ စီစီညံညံ အော်သံများကို ကြားရသည်။ စူးစူးဝါးဝါးအော်ပြီး တဏချင်း တိတ်ဆိတ်သွားသည်။

ဟုတ်ပြီ။ သည်မျောက်တွေ အန္တရာယ်တစုံတရာကိုတွေ့ရှိသဖြင့် အချင်းချင်း အချက်ပေးခြင်း ဖြစ်နိုင်သည်။ မြူးထူးပျော်ရွှင်နေသည့် အခါမျိုးမှာဆိုလျှင် တကွိကွိ တကွကွဖြင့် အဆက်မပြတ် ဆူညံနေအောင် အော်တတ်သည်။

ဇော်နူးက ပြာသော မိုးကောင်းကင်ကို မော့ကြည့်လိုက်သည်။

နံနက်မိုးသောက် အလင်းရောက်ပြီ ဖြစ်ရ ကား တိမ်တို့သည် သစ်လွင်တောက်ပနေသည်။ အပြာရောင်ကောင်းကင်တွင် ငွေနှင်းမြူမှုန်တို့၏ အကြွင်းအကျန်များ ဝဲမှိုင်းအုံလျက် ရှိဆဲပင်။

ကောင်းကင်ထက်မှာ လင်းတသုံးလေးကောင် လှည့်ပတ်ပျံဝဲနေ သည်ကို မြင်ရသည်။ လင်းတပါးနီများ ဖြစ်သည်။ အသေကောင်ကို အမြင်တတ်ဆုံး၊ အလျင်ဆုံး လင်းတမျိုး။

တောကျီးကန်း သုံးလေးကောင်က အားလားလား- အားလားလားနှင့် ဟိုအဝေးဆီက သစ်ပင်မြင့်မြင့်တပင်ပေါ်မှာ အော်သံပြုနေသည်။

ဇော်နူးက သိလိုက်ပြီ။ ရှေ့ မလှမ်းမကမ်းတနေရာမှာ မရစ်ထု၏ အလောင်းကောင် ရှိနေမည်။ မရစ်ထုကို ကိုက်ချီသွားသော သတ္တဝါ ထော့ကျိုးလည်း ရှိနေမည် မုချ။

တောကျီးကန်းလို အကောင်မျိုးက အလွန်အတင့်ရဲသည်။ ကျားရှိနေ၍သာ သစ်ပင်မြင့်မြင့်ပေါ်က ဆင်းမလာဝံ့ပဲ အသံပေးနေခြင်း ဖြစ်သည်။ လင်းတပါးနီများကလည်း ကောင်းကင်ထက်မှာသာ ဝဲပြီး သစ်ပင်ထက်သို့ပင် သက်ဆင်းလာရောက် ခိုနားခြင်း မပြုကြသေးသဖြင့် အန္တရာယ်သည် မြေပြင်ပေါ်တွင် သေချာပေါက် ရှိနေပြီဖြစ်ကြောင်း ဇော်နူးက ကောင်းစွာ သဘောပေါက်သည်။

နံနက်ခင်း၏ လှပဆန်းသစ်သော နေရောင်သည် ဝန်းကျင်အနှံ့ကို နွေးထွေးစွာ ဖြန့်ကြက်ထားသည်။ သစ်လွင်သော မိုးသောက်ရနံ့ကို ဇော်နူးက အားပါးတရ ရှူရှိူက်လိုက်သည်။ ဝဲဘက်ပခုံးပေါ်မှာ ထမ်းလာသော တူမီးကို ညာလက်ဖြင့် ပြောင်း၍ကိုင်လိုက်သည်။ ပြောင်းဝမှာ ဆို့ထားသော အဆို့ရှင်ကို ဖြုတ်၍ လွယ်အိတ်ထဲသို့ ထည့်သည်။ မောင်းရိုက်တံနှင့် မီးခတ်ကြားမှာ ညှပ်ထားသော သစ်သားပြားကလေးကို ဖြုတ်သည်။ မောင်းရိုက်တံကို လက်မနှင့် နောက်သို့ ဆွဲလှန်လိုက်သည့်အခါ တူမီးသေနတ်သည် ပစ်ခတ်ရန် အသင့်အနေအထား ရှိနေပေပြီ။

သက်ကယ်တောကိုကျော်၍ လွင်စပ်သို့ နီးလာသည်။ တောကြက်ဖတို့၏ တွန်ကြွေးသံနှင့် ဒေါင်းအိုးဝေသံတို့ တိတ်ဆိတ်သွားပြီ။ တောသည် ငြိမ်သက်လျက်ရှိသည်။ ယင်မမဲရိုင်းတချို့ ဝုန်းကနဲ ဝုန်းကနဲ ထပျံသည့်အသံကို ဇော်နူး ကြားရသည်။

သက်ကယ်ပင် တပင် နှစ်ပင်ကို ဆွဲဖယ်၍ လွင်စပ်သို့ ဇော်နူးက လှမ်းကြည့်ယင်း တိုးဝင်လိုက်သည်။ သစ်ပင် ကျိုးတိုးကျဲတဲပေါက်၍ မြင်ကွင်းက ရှင်းနေသည်။ မလှမ်းမကမ်း ဆယ့်ငါးဂိုက်လောက်အကွာ ချုံစပ်မှာ မရစ်ထု၏ အလောင်းကို ချောက်ချားဖွယ်ရာ တွေ့မြင်လိုက်ရသည်။

အလောင်းကောင်မှာ မှောက်လျက် ဖြစ်နေသည်။ မရစ်ထု၏ ကိုယ်ခန္ဓာတခြမ်း မရှိတော့ပြီ။ လူဟူ၍ပင် မပြောနိုင်လောက်အောင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်။ အမဲကျွဲပေါင် တချောင်းနှယ် သွေးသံ ရဲရဲဖြင့် အသားစ အရိုးစများ ပြွမ်းတီးနေသော သားတစ်စတခုနှယ် ဖြစ်သည်။

မရစ်ထု၏ ဝတ်ဆင်နေကျ ဂျပ်ခုတ်ထည် အင်္ကျီအနက်နှင့် ကချင်ထဘီမှာမူ အပိုင်းပိုင်းအစစ ဖွာဆန်ကြဲ၍ စုတ်ပြဲလွင့်စဉ်နေသည်။ ယင်ကောင်များက သွေးရဲရဲ အသားတစ်ပေါ်မှာ မဲမဲလှုပ်လှုပ်မျှ ရှိသည်။

ချုံဖုတ်အနီးမှာ လူတကိုယ်စာ သစ်ပင်တပင်ရှိသည်။ သစ်ပင်၏ အခေါက်များက ဖွာဆန်ကြဲ၍ အလွှားလွှား ကွာကျနေသည်။ ကျားထော့ကျိုးက သည်သစ်ပင်မှာ သင်းတို့၏ အလေ့အထအတိုင်း လက်သည်းများကို သွေးထားခြင်းဖြစ်သည်။

အနီးတဝိုက်မှာ ထူးခြားချက်တစုံတရာကိုမျှ ဇော်နူး က မတွေ့မမြင်။ သို့ပင်ဖြစ်စေကာမူ မရစ်ထု၏ အလောင်းရှိရာ သည်နေရာနှင့် မလှမ်းမကမ်း တနေရာရာတွင် ကျားထော့ကျိုးကြီး ခိုအောင်းနေမည် ဆိုသည်ကိုမူ ဇော်နူးက အသေအချာ သိနေသည်။

မိမိ၏လှုပ်ရှားမှုကို ကျားထော့ကျိုး မမြင်နိုင်အောင်
မည်သို့မည်ပုံ ဆောင်ရွက်ရပါမည်လဲဟု ဇော်နူးက စဉ်းစားသည်။ သက်ကယ်တောကိုမူ ကျောခိုင်းထား ရစ်၍ မဖြစ်သည်က သေချာသည်။ ထော့ကျိုးသည် လူသားစားကျားဆိုးကြီးဖြစ်သည်။ အလွန်တရာလျင်သည်၊ ပါးနပ် ကောက်ကျစ်သည်။ သက်ကယ် တောကို ခို၍ နောက်ကြောင်းကလှည့်ကာ အလစ် အငိုက် တိုက်ခိုက်လာနိုင်သည်။

လွင်ထဲမှာဆိုလျှင်မူ ကိုယ်ကဦးလျှင် ကိုယ်ကမြင်မည်။ သူကဦးလျှင် သူကမြင်မည်။ လျင်သူ မြင်သူက သာစတမ်း ဖြစ်သည်။

လူသားစားကျားဆိုးနှင့် မိမိတို့ တပွဲတလမ်းတော့ အကဲစမ်းရချိမ့်မည်။ ကျားထော့ကျိုးကို ယမန်နေ့ညက မိမိထင်းစနှင့် မျက်စိတည့်တည့်ကို ထိုးပစ်ခဲ့သည်။ သင်း မုချ တဘက်ကန်းနေပြီ။ မျက်စိ ကလည်း တဘက်ကန်း၊ လက်ကလည်းတဘက်ကျိုး။

လွင်တဝိုက်ကို ဇော်နူးက ဖြည်းညင်းသက်သာစွာ ဝေ့ဝဲကြည့်ရှုသည်။ ခန္ဓာကိုယ်ကိုမူ တလက်မမျှ မရွေ့ခဲ့။ မိမိလှုပ်ရှားလိုက်လျှင် ကျားက မြင်နိုင်သည်။ ပတ်ဝန်းကျင်ကို တိကျသေချာစွာ စူးစမ်းကြည့်ရှုလိုက်သည်နှင့် ကျားရှိနိုင်မည့်နေရာကို ဇော်နူး ခန့်မှန်းမိသည်။

လွင်၏ အနောက်ဘက်မှာ ကျောက်တုံး ကျောက်ခဲများ ရှိနေသည်။ မရစ်ထု အသေကောင်ရှိရာ ချုံဖုတ်နှင့်ဆိုလျှင် ပေငါးဆယ်လောက်သာ ဝေးကွာသည်။ စေးပျစ်ချုံများအချို့ ကျိုးတိုးကျဲတဲ ရှိနေသည်။

ကျောက်တုံး ကျောက်ကြားများ အကြားမှ စိမ့်၍ ထွက်လာသည့် စမ်းတခုက မလှမ်းမကမ်းရှိ ကျောက်ခွက်တခုအတွင်းမှာ ဆယ်ပေပတ်လည် ရေအိုင်တခုသဖွယ် ရှိနေသည်။ ရေသည် ကြည်လင်စိမ်းမြနေသည်။ သည်ကျောက်ဆောင်ကျောက်တုံးများအကြားမှာ ကျားသည်အခြေပြု နေထိုင်နေခြင်းဖြစ်သည်။

ကျောက်တုံးကျောက်ဆောင်များ ဟိုတစု သည်တစု ရှိနေသည်ဖြစ်၍ ကျောက်ဆောင်ကွယ်မှာ ခိုနားအိပ်စက်နေလျှင် ကျားကို မည်သူကမျှ မမြင်နိုင်။ အရိပ်အာဝါသကလည်း အေးမြသည်။ ရေကလည်း အသင့်ရှိသည်။ အရပ်လေးမျက်နှာကိုလည်း ကောင်းစွာစီးမိုး၍ မြင်နိုင်သည်။

ဇော်နူးသည် လွင်အစပ်မှနေ၍ ကျောက်ဆောင် ကျောက်တုံးများနှင့် ခရီးတဝက်အကွာမှာ ရှိသည့် ကျောက်တုံးကြီးတတုံးကို စိတ်ဝင်စားသွားသည်။ယင်း ကျောက်တုံးကြီးပေါ်သို့ မိမိ တက်ထားနိုင်လျှင် စေးပျစ်ချုံဖုတ်များအတွင်းမှာ သို့မဟုတ် ကျောက်တုံးကျောက်ဆောင်များအကြားမှာ လဲလျောင်း အိပ်စက်နေမည့် ကျားထွက်လာလျှင် ကောင်းစွာ ဆီးကြိုမြင်နိုင်လိမ့်မည်။

သည်စိတ်ကူးဖြင့် ဇော်နူးသည် တူမီးသေနတ်ကို ညာ လက်ဖြင့် မြဲမြံစွာကိုင်တွယ်ယင်း တလှမ်းချင်း လှုပ်ရှားလိုက်သည်။

ဗယ်ခြေကို ရွှေ့၍ ရှေ့သို့တလှမ်းပင် လှမ်းလိုက်ရသေးသည်။ ထိတ်လန့်ချောက်ချားဖွယ်ရာ ကျား ဟိန်းသံက လွင်တစပ်လုံး ပျံ့နှံ့သွားအောင် ဟိန်းထွက် လာသည်။

(ငါး)

ကျားဟိန်းသံသည် ဟိုအဝေး တောစပ်တောင်စောင်းများဆီမှ ပဲ့တင်သံပြန်၍လာသည်ဖြစ်ရာ ဆက်ကာ ဆက်ကာ မရပ်မနား ဟိန်းနေသည်နှင့် တူနေသည်။အာခေါင်ကိုခြစ်၍ ဝမ်းခေါင်းတွင်းမှ လိုဏ်သံပါလာသည်အထိ မာန်သွင်းလျက် ဒေါသတကြီး ဟိန်းနေလိုက်ခြင်း ဖြစ်ရကား ဇော်နူးပင် ဦးခေါင်းထက်ရှိ ဆံပင်များထောင်၍ ကြက်သီးမွေးညင်းများ တဖိန်းဖိန်း တရှိန်းရှိန်းထအောင် ထိတ်လန့်ကြောက်ရွှံ့သွားသည်။

စားမာန်ထ၍ဟိန်းခြင်းမဟုတ်ပဲ ရန်သူလူသားကိုမြင် ၍ ဟိန်းခြင်းဖြစ်သည်။ လူသည် သူ၏သားကောင်ဖြစ်သည်။ ယခင့်ယခင်အခါများကဆိုလျှင် လူကို အလွယ်တကူ ကိုက်ချီဆွဲယူ စားသောက်နိုင်ခဲ့သည်။ သူစားခဲ့သော မနုဿသားကောင် မှန်သမျှ မည်သူကမျှ သူ့ကို ရင်မဆိုင် အန်မတုနိုင်။ တချက်တည်းနှင့် ကုပ်ကိုခဲ အသေလွှဲ၍ လိုရာသို့ ဆွဲချီ ယူဆောင် စားသောက်ခဲ့သည်ချည်း ဖြစ်သည်။

ယခုမူ မိမိ လှမ်းမြင်ရသော လူသားကောင်ငယ် ကလေးကား ယခင်လူသားကောင်များနှင့် မတူချေ။ မိမိမျက်လုံးတဘက်ကို ကန်းသွားအောင် ပူလောင်စူးရှသော နီရဲလင်းပြောင်သည့် အလင်းရောင်ဖြင့် ရှို့မြိုက်ခဲ့ ပြီးပြီ။ ယခုလည်း တဖန် ရောက်လာပြန်ချေပြီ။

ကျားထော့ကျိုးသည် အပြင်းအထန် ဒေါသထွက် လျက်ရှိသည်။ မိမိရှေ့ရှိ ရန်သူသည် ရေအိုင်နှင့် မိမိရှိရာ ကျောက်ဆောင်ဆီသို့ ရဲရဲဝံ့ဝံ့ တလှမ်းချင်း ရွေ့လျား လာနေသည်။ မိမိမျက်လုံးတဘက်ဖြင့် ရန်သူ၏ လှုပ်ရှားမှုကို မြင်နေရသည်။ ချုံစပ်မှာ မနေ့ညက ကိုက်ဝါးထားခဲ့သော မနုဿသားကောင်ကော ရှိပါသေးရဲ့လား။

ကျားသည် မနှစ်ထု၏ အလောင်းရှိရာ ချုံစပ်ဆီသို့ ခေါင်းကိုစောင်း၍ လှမ်းကြည့်လိုက်သည်။ ယင်မမဲရိုင်းအုပ်က ဝုန်းကနဲ ထပျံသွားကြသည်။ သဘာဝအသိဥာဏ်ကြောင့် သားရဲကိုကြောက်ရွံ့၍ ထပျံခြင်းလားမဆိုနိုင်၊ တိုက်တိုက်ဆိုင်ဆိုင်ရှိသည်က အမှန်ဖြစ်သည်။

ထော့ကျိုးသည် ရန်သူ ဇော်နူးဘက်သို့ ခေါင်းကို ပြန်စောင်း၍ ကြည့်လိုက်ပြန်သည်။ ဇော်နူးကို ရုတ် တရက် မတွေ့လိုက်ရတော့။

ရန်သူသည် အလွန်လျင်မြန်သည်။ သို့စေကာမူ သားရဲသည် ပါးနပ်၍ မျက်စိလျင်လှသည်။ တဘက်တည်းသာရှိသော မျက်လုံးတလုံးဖြင့် ဇော်နူးကို မြင်လိုက်သည်။ ရေအိုင်အနီးရှိ ကျောက်တုံးကြီးနောက်ကို ဇော်နူးရောက်သွားပြီ။ လှစ်ကနဲ မြင်ရသည်။

ထော့ကျိုးသည် လဲလျောင်းနေရာ ပိစပ်ချုံတွင်းမှ တိုးထွက်လိုက်သည်။

ဟိုး သစ်ပင်မြင့်မြင့်ကြီး၏ အကိုင်းဖျားများတွင် ခိုနားလျက်ရှိသော တောကျီးကန်းသုံးကောင်က သုတ်ကနဲ ထပျံပြေးသွားကြသည်။ သင်းတို့ ပျံပြေးသွားကြသည်မှာ လေပြည်ဝှေ့လိုက်သည့်အလားပင်။ ပြာသောမိုးကောင်းကင်ထက်မှာ ခပ်စောစောက နိမ့်နိမ့်ပျံဝဲနေကြသည့် လင်းတပါးနီများပင် ကောင်းကင်အမြင့်ဆီသို့ ဝဲကာဝေ့ကာ ပြန်လည်ထိုးတက်သွားကြသည်။

ကျားသည် တော၏ ဘုရင်တဆူပေပဲ မဟုတ်ပါလား။

ကျားထော့ကျိုးက ဇော်နူး ဝင်ရောက်ခိုကပ်သွားရာ ကျောက်တုံးကြီးဆီသို့ ဣန္ဒြေရစွာ လျှောက်လှမ်း သွားသည်။ တောဘုရင် ဟင်းမျိုး ကျားမုဆိုးသည်
မည်သည့်အခါကမျှ သားကောင်ကို ရှေ့လောတကြီး မလိုက်တတ်။ သတိကြီးစွာဖြင့် ဣန္ဒြေရရ လှုပ်ရှားတတ်သည်။ လိုအပ်လျှင် လျှပ်စီးလက်လိုက်သလို လျင်မြန် သွက်လက်စွာလည်း လှုပ်ရှားနိုင်စွမ်း ရှိသည်။

ယခုပဲ ကြည့်လေ။ ရန်သူသည် ကျောက်တုံး နောက်ကွယ်မှာ ရှိနေသည်။ သို့နှင့် ထော့ကျိုးသည် တဘက်စောင်းနင်းလှုပ်ရှား၍ ကြီးမားသော ဦးခေါင်းကြီးကို စောင်းငဲ့ကြည့်ရှုကာ ကျောက်တုံးကြီးရှိရာသို့ တလှမ်းချင်း လှမ်းလာသည်။

သည်အခိုက် ဇော်နူးသည် မျောက်လွှဲကျော်တကောင်လိုပင် ကျောက်တုံးကြီးပေါ်သို့ ဖြုတ်ကနဲ လှမ်းတက်လိုက်သည်။ ကျောက်တုံးပေါ်မှာ တင်ပါးနှစ်ဘက် ချ၍ ခြေဖဝါးနှစ်ဘက်ကို ကန်လျက် ကျကျနန ထိုင်ချလိုက်သည်။ တူမီးကို ညာကော်လာဖုံးမှာ ဖိကပ်၍ ပြောင်းဝကို ထော့ကျိုးကြီး၏ မျက်နှာတည့်တည့်သို့ ထိုးချိန်လိုက်သည်။

ထော့ကျိုးသည် မထင်မှတ်သော လှုပ်ရှားမှုကြောင့် အခိုက်အတန့်မျှ ကြောင်သွားပုံရသည်။ ပျောင်းနွှဲသော ခါးကြီးကို ဗယ်ညာယမ်း၍ တလှမ်းချင်းလှမ်းလာနေရာက ရုတ်တရက် တုံ့ကနဲ ရပ်တန့်လိုက်သည်။ တင်းတောင်းတခုနီးပါး ကြီးမားသော ဦးခေါင်းကြီးကိုငဲ့၍ ကျောက်တုံးပေါ်ရှိ ရန်သူလူသားကို စူးစမ်းသောအကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

သည်အခိုက် ဇော်နူးသည် ကျားထော့ကျိုး၏ တခြမ်းငဲ့စောင်းလျက်ရှိသော ဦးခေါင်းတည့်တည့်သို့ တူမီးပြောင်းဝကို ချိန်လျက် ခလုတ်ကို ဆွဲလိုက်သည်။ ရိုက်တံသည် မီးခတ်ကို ဖြန်းကနဲရိုက်ပြီး မီးပွင့်သွားသည်။

မီးပွင့်သည် တူမီးပြောင်းရင်းအတွင်း သိပ်သွင်းထည့်ထားသော ယမ်းကိုကူးပြီး ကျယ်လောင်သော တွန်းကန်အားကို ဖြစ်စေကာ ဒိုင်းကနဲ ပွင့်ထွက်သွား သည်။ ပြင်းထန်လှသည့် တွန်းကန်အားသည် ပြောင်းအတွင်းရှိ ကျောက်ဒိုးခန့် ခဲသီးသုံးလုံးကို ထော့ကျိုး၏ ပါးစောင်ဆီသို့ အရှိန်အဟုန်ဖြင့် တွန်းပို့လိုက်သည်။

ခဲသီးတလုံးသည် ကျားထော့ကျိုး၏ နားထင်ကို ဖောက်ထွင်း၍ ဦးနှောက်တွင်းသို့ ဝင်သွားသည်။ ခဲသီးတလုံးသည် ပါးသွယ်ကိုဖြတ်၍ ထုတ်ချင်းခတ် ပွင့်ထွက်သွားသည်။ ကျန်ခဲသီးတလုံးသည် ထော့ကျိုး၏ လည်တိုင်ကို ဖောက်ထွင်းသွားသည်။

သည်မျှ ပြင်းထန်သော တူမီးဒဏ်ချက်သည် ကျားထော့ကျိုးကို မဆိုထားဘိ၊ ဆင်ကြီးတကောင်ကိုပင် တုံးလုံးလဲသွားစေနိုင်သည်။ သို့တစေ ကျားထော့ကျိုးသည် တင်ပါးဆုံပိုင်းကို နှိမ့်၍ ရှေ့လက်တဘက်ကို အားပြုလျက် ကျောက်တုံးထက်ရှိ ရန်သူရှိရာသို့ ခုန်အုပ်လိုက်သည်။

ဇော်နူးသည် မမျှော်လင့်ပဲ ရောက်ရှိလာသော ထော့ကျိုးကြီး၏ ခန္ဓာကိုယ်ကို ရှောင်ရှားခြင်းငှာ မတတ်နိုင်။

တဘက်တည်းသာ သန်စွမ်းသေးသည့် ရှေ့လက်တဘက်က ဇော်နူး၏ လက်ထဲမှ တူမီးကို အဝေးသို့ လွင့်စဉ် ထွက်သွားစေသည်။ သည့်အပြင် ထော့ကျိုး၏ ကိုယ်လုံးကြီးက ဇော်နူး၏ အထက်မှာ ပိလျက် လူသားရော သားရဲကောင်ပါ ကျောက်တုံးအောက်သို့ ဒလိမ့်ခေါက်ကွေး ကျသွားကြသည်။

ထော့ကျိုးသည် နောက်ဆုံးထွက်သက်ကို ရှိုက်ထုတ် လိုက်ယင်း ကျောက်ခွက်ရေအိုင်တွင်းသို့ လိမ့်ဆင်း လဲပြိုကျသွားပြီး ငြိမ်သက်သွားသည်။

ဇော်နူးသည်လည်း ခန္ဓာကိုယ်၏ ညာဘက်ခြမ်းကို တင်းပုတ်တလက်ဖြင့် ထုနှက်လိုက်သည့်နှယ် အပြင်းအထန် နာကျင်သွားသည်။ အင်္ကျီလက်မောင်းတဘက် စုတ်ပြတ်ထွက်သွားပြီး ထော့ကျိုး၏ လက်သည်းရာကြီးများက ဖြူသော လက်မောင်းပေါ်မှာ ရဲကန် ပေါ်လာသည်။ သည့်နောက် သွေးစိမ်းရှင်ရှင်များ ယိုစီးထွက်ကျလာသည်။

ဇော်နူးက လွယ်အိတ်တွင်းမှာ ပါရှိသည့် ဆေးရွက်ကြီးတရွက်ကို ဝါး၍ လက်သည်းရာများပေါ် သို့ ထွေးအန်ချလိုက်သည်။

တကိုယ်လုံး မခံမရပ်နိုင်လောက်အောင် စပ်ဖျဉ်း နာကျင်သွားသည်။ သို့ပင် ဖြစ်စေကာမူ သွေးက ချက်ချင်းတိတ်သွားသည်။ ထော့ကျိုးကြီးကမူ ရေအိုင်တွင်းမှာ မလှုပ်မယှက်ပဲ လဲလျောင်း၍ အသက်ထွက်သွားပြီ။ ကြည်လင်သော စမ်းရေကြည်သည် စွေးစွေးနီမောင်းသော သွေးရောင်ကြောင့် နီကြင်နောက်ကျိနေသည်။

ဇော်နူးက အချိန်ကိုဖြုန်းမနေတော့။ ရေအိုင်ထဲမှ ကျားသေကို လှိမ့်၍ တွန်းတင်လိုက်သည်။ ပူနွေး လျက်ရှိသေးသည့် အသေကောင်၏ သားရေကို ခွာရန် ကြိုးစားသည်။

လွန်ခဲ့သော နှစ်ရက်လောက်ကတည်းက သွေးထား၍ ထက်မြလျက်ရှိသည့် ကချင်ဓားသည် ကျားထော့ကျိုး၏ အရေခွံကို ခွာရာတွင် များစွာ အသုံးဝင်နေသည်။ ဇော်နူးက စိတ်ရှည်လက်ရှည် ခွာသည်။ အချိန်များစွာ ကုန်လွန်သွားသည်။ လက်သည်းထိပ်များပင် နာကျင်လာသည်။

အူကလည်း ဟောင်းလောင်းမို့ ဗိုက်ကလည်း ဆာ လာသည်။ ဓားကို ကျောက်သားပြင်မှာ သွေးယင်း အရေခွံကို ဂရုတစိုက် ခွာသည်။ အပွန်းအရှ ကလေးများပင် မဖြစ်ရအောင် ဂရုတစိုက် ခွာသည်။

လင်းတပါးနီ သုံးလေးကောင်သည် ဟိုး သစ်ပင် မြင့်မြင့်ကြီးများပေါ်ရှိ အကိုင်းဖျားသို့ လာနားသည်။ တောကျီးကန်းနှစ်ကောင်က ရဲရဲဝံ့ဝံ့ပင် မလှမ်းမကမ်း မြေပြင်သို့ သက်ဆင်းလာသည်။

ဇော်နူးက စိတ်ရင်း သဘောကောင်းစွာ ကျားသားအပဲ့အရွဲ့များကို ပစ်ပေးလိုက်သည်။ တောကျီးကန်းများက ရုတ်တရက်လန့်၍ ထပျံသွားပြီးမှ မရဲတရဲ ပြန်ဆင်းလာကာ ကျားသား အရိအရွဲများကို မြိန်ရှက်စွာ ထိုးဆိတ်စားသောက်ကြသည်။

ပန်ဝိုး ရွာသားတဦးတလေမျှ ရောက်ရှိမလာကြသေး ချေ။ ကျားနှင့် ဇော်နူး သူနိုင်ကိုယ်နိုင် အပြိုင်နွှဲ၍နေကြဆဲပင်ဟု ထင်နေကြ၍ တောင်ပေါ်သို့ တက်မလာသေး ဟန်တူသည်။

ဇော်နူးက ကျားသားရေကိုခွာယူပြီးသည့်အခါ ကျကျနနလိပ်သည်။ လျှော်ကြိုးတပင်ကို ကျစ်၍ သားရေလိပ်ကို ချည်နှောင်လျက် ကျောမှာပိုးသည်။ သည့်နောက် ကျား၏ ဦးခေါင်းခွံနှင့် အရိုးတချို့ကိုပါ လျှော်ကြိုးနှင့် စည်းနှောင်လျက် ရွာသို့ပြန်ဆင်းလာသည်။

(ခြောက်)

ပန်ဝိုးရွာထိပ်သို့ ဇော်နူးရောက်လာသည်နှင့် ဇော် တန်ကို မြင်ရသည်။ ညီလေး ဇော်တန်က ဝမ်းပန်း တသာပင် အစ်ကိုဇော်နူးကို ဆီးကြိုသည်။ ငယ်ရွယ်၍နုပျိုသော ဇော်တန်၏ အပြစ်ကင်းစင်သော မျက်နှာသည် ဇော်နူးရင်ကို ချမ်းမြေ့ သွားစေသည်။

ညီလေးဇော်တန်နှင့်တကွ ပန်ဝိုးရွာသားများကို အန္တရာယ်ပြုမည့် ကျားထော့ကျိုးကြီး မရှိတော့။ သေပြီ။ ဇော်နူး … ပန်ဝိုးရွာသား ဇော်နူးက ချေမှုန်းလိုက်ပြီ။

ဇော်နူးတို့ညီအစ်ကိုက အိမ်မှာ တနေ့လုံး အလုပ်ရှုပ် နေကြသည်။ အသားအစအန နည်းနည်းကလေးမျှ မကျန်ရအောင် ထော့ကျိုး၏ အရေခွံကို ခွာသည်။ ဆားနှင့် ပြာနှင့် သိပ်၍ ငုတ်စိုက်ကာ နေလှန်းသည်။ယင်ကောင် မနားအောင် ဝံဆီရွှဲရွှဲ သုတ်လိမ်းထားသည်။ ညီအစ်ကိုနှစ်ယောက် ပျော်နေကြသည်။

ကျားခေါင်းကို ပုရွက်ဆိတ်တွင်းဝမှာ သွားချထား သည်။ ကျားခေါင်းခွံမှ အသားအစအနများအားလုံး ပုရွက်ဆိတ်စားသွား၍ ဖွေးဖွေးဖြူလျက် ကျန်ရစ်သည်။

ဦးခေါင်းခွံ ပြောင်စင်ခြောက်သွေ့သွားသည့်အခါ ကျားသားရေခွံအတွင်း သွင်းပြီး ကျားထော့ကျိုး၏ ဦးခေါင်းပုံသဏ္ဌာန် ဖော်သည်။ ကျားသားရေပြားက မာခေါက်ခေါက် ကြွပ်ဆတ်ဆတ် ရှိနေစေကာမူ အနာအဆာကင်းပသော အလွန်တရာလှပသည့် ကျားသားရေတချပ် ဖြစ်သွားသည်။

အဖေ ဆေးရုံကဆင်းလာသည့်အချိန်တွင် သူတို့၏ အိမ်ရှေ့ခန်းမှာ ကျားထော့ကျိုး၏ သားရေချပ်ကိုအဖေ မြင်ရသည်။

လှလိုက်သည့် သားရေချပ်။ အဝါတွင် အနက်စင်းများဖြင့် အလွန်တရာလှပသောသားရေချပ်ဖြစ်သည်။ ထော့ကျိုး၏ မျက်နှာသည် အသက်ရှိနေစဉ်ကလိုပင် ကြီးမားကြောက်မက်ဖွယ်ရာ မာန်ဖီလျက် ရှိနေသည်။

ဇော်နူးက ဂရုတစိုက်ခွာယူခဲ့ခြင်းဖြစ်သဖြင့် နှုတ်ခမ်းမွေးများပင် အပျက်အစီးမရှိ၊ ကော့ထောင်လျက် ရှိသည်။ အာခေါင်ရင်း တဘက်တချက်မှာ ဝါနေပြီဖြစ်သော အစွယ်နှစ်စုံက အမှုမဲ့ ကြည့်လိုက်လျှင် ထိတ်လန့်သွားလောက်အောင် အရှိန်အဟုန် ကြီးမားလျက် ရှိသေးသည်။

မည်သို့ပင်ဆိုစေကာမူ အဖေက ဇော်နူးတို့ ညီအစ်ကို ကို တခွန်းတည်းဖြင့် ချီးကျူးသည်။ အဖေ့စကားက တိုသည်။ အသိုင်းအဝိုင်း တန်ဆာမဆင်ပါ။ သို့တစေ ဇော်နူးတို့ ကြက်သီးမွေးညင်းထအောင် ပီတိဖြစ်သွားသည်။ ယောက်ျားဟူသော အားမာန်ကို လှစ်ဟပြလိုက်သော ဇော်နူးတို့ညီအစ်ကို သေသည်အထိ မမေ့နိုင်။

“အေးကွ … အိမ်မှာ ယောက်ျားသုံးယောက် ရှိလာပြီ ပေါ့ကွာ”

မြဝတီ မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *