ရင်ဝှက်မေတ္တာ(စ/ဆုံး)
———————-
ယနေ့ သူပျော်လွန်းလှ၍ လမ်းလျှောက်ရသည်မှာ ခြေဖဝါးပင် မြေနှင့်ထိသည်ဟု မထင်။ သတင်းကြားစကဆိုလျှင် ထခုန်မိသည်အထိ။ ယခုလည်း အမေ့ကိုပြောချင်စောနှင့် ပြေးလာခဲ့ရ၍ ဖိနပ်တောင်မှ လမ်းမှာကျွတ်ကျန်ရစ်ခဲ့သည်။
“အမေရေ…အမေ”
“ဟဲ့…အလန့်တကြားနဲ့ ဘာဖြစ်လာတာတုန်းသားရဲ့”
“သားမြို့နယ်အဆင့် လူရည်ချွန်အဖြစ် ရွေးခံရတယ်အမေရ။ အဲ့ဒါ ခရိုင်အဆင့်ထပ်ပြိုင်ရမှာမို့ မနက်ဖြန်ခါ ကလေးမြို့ကိုသွားရမယ်တဲ့။ မိဘလည်းခေါ်ခွင့်ရှိတယ်တဲ့။ အမေလိုက်ခဲ့သိလား”
“ဟယ် မဖြစ်ဘူးထင်တယ်သားရဲ့။ အမေက စာဆိုရင်လည်း အရေးအဖတ်တောင်အနိုင်နိုင်၊ လူကြားသူကြားလည်း မနေတတ်ဘူးသားရဲ့။ ဒီလိုလုပ် သားအဖေကိုခေါ်သွား။ သားရဲ့အဖေက ဆယ်တန်းပညာရောက်တော့ အမေ့ထက်တော့ပွဲလယ်တင့်တယ်”
“ဟာ…အဖေက ဒီလောက်မူးရူးနေတာကြီးကို ခေါ်ချင်ပါဘူး။ အလိုလိုနေရင်းတောင်ရိုက်လိုက်ဆဲလိုက်နဲ့ လူကြားထဲ ဆဲဆိုနေရင်ဒုက္ခ”
“ဟဲ့…ကိုယ့်အဖေကို အဲ့သလိုမပြောရဘူး သားရဲ့။ လူကြားထဲတော့ မဆဲလောက်ပါဘူးသားရယ်။ မရိုက်မငေါက်ဖို့ အမေပြော ထားပါ့မယ်သိလား”
အမေ့ကို ပြောမရသည့်အဆုံး စိတ်ပျက်ပျက်နှင့် “ဟုတ်ကဲ့ပါအမေရာ” ဟုပြောလိုက်ရသော်လည်း လူသူကြားထဲ အရှက်ခွဲခံရမည်ကိုတော့ တွေးကာကြောက်နေမိပါ၏။
………………………..
နတ်တော်ပြာသိုမို့ အအေးကပိုလှသည်။ အားကစားဝတ်စုံ အပြည့်အစုံနှင့် ကင်းပတ်ရှုးအဖြူလေးများကို ဝတ်ထားကြသည့် တခြားမြို့နယ်က ကျောင်းသားများကတော့ သူ့လောက်ချမ်းကြဟန်မတူ။ သူ့မှာတော့ အားကစားဝတ်စုံလည်းမရှိ။ ကင်းပတ်ရှုးလည်းမပါ။ ပုဆိုးလေးနှင့်ကွေးရအောင်ကလည်း ကားလမ်းက မညီညာတော့ ချမ်းလည်း ကြိတ်မှိတ်နေရသည်သာ။ သည်ကြားထဲ အကွေ့အဝိုက် လမ်းကလေးများကြောင့် ကလေးမြို့မရောက်မချင်း တဝေါ့ဝေါ့နှင့် အန်ရသည်မှာလည်း မပြောပါနှင့်။ သူမှအန်သလားဆိုတော့ မဟုတ်။ တစ်ကားလုံးနီးပါး အန်ကြရသည်ပင်။ တခြားမြို့နယ်ကကျောင်းသားများ၏ မိဘများကတော့ သားသမီးတစ်ခါအန်တိုင်း
“သမီးလေးရရဲ့လား၊ သားလေးဓာတ်ဆားလေးသောက်အုံး”
ဟု ပြောရင်း ကျောသပ်ရင်သပ်နှင့် နွေးထွေးစွာ ပြုစုနေကြသော်ငြား အဖေကတော့ သူဘယ်နှစ်ခါအန်အန် သည်အတိုင်းကြည့်နေသည်သာ။ မြို့ပေါ်ရောက်တော့လည်း ထိုနည်းတူစွာ။ တခြားမြို့နယ်ကကျောင်းသားများ၏ မိဘများက သူတို့သားသမီးများကို အဝတ်အထည်နှင့်သရေစာတို့ တနင့်တပိုးဝယ်ခြမ်းပေးနေသော်လည်း အဖေကတော့ အရက်ဆိုင်များကိုသာ ငေးကောင်းနေဆဲ။ နောက်ဆုံး အမြင်ကပ်ကပ်နှင့် အဖေ့ကိုကျောခိုင်းကာ တခြားသူများနှင့် ရောယောင်ကာလိုက်လာဖြစ်သည်။
“ကဲ…စျေးဝယ်ချိန်တစ်နာရီပြည့်ပြီ။ လူလည်းစုံပြီထင်တယ်။ စုံရင် နေမဝင်ခင်လေး တည်းမဲ့ကျောင်းကိုသွားရအောင် ကားပေါ်တက်ကြတော့”
ကားဆရာကြီး၏ နှိုးဆော်သံအဆုံး သူအပါအဝင် အားလုံးက ကားပေါ်တက်ကာနေရာယူလိုက်ကြသည်။
“ဟင်…အဖေ မရောက်သေးပါလား”
သူ့ဘေးက အဖေ့နေရာလပ်လေးကိုမြင်မှ အဖေ့ကိုသူသတိရသည်။ ဧကန္တ အဖေ အရက်ဝင်သောက်နေပြီထင်၏။
“ဟဲ့…ကောင်လေး မင်းအဖေရော”
“ဟို…ဟို”
“ဟွန်း…သားကလည်း အူကြောင်ကြား၊ ဖအေကလည်း အချိန်ကိုမလေးစား”
“ဟုတ်ပ ဒါနဲ့များလာပြိုင်ချင်နေသေး”
တစ်ယောက်တစ်ပေါက် စကားသံများအကြား သူ့မှာခေါင်းမဖော်ဝံ့။ စိတ်ထဲမှာတော့ အဖေ့ကို အားပါးတရ အပြစ်တွေဆိုနေမိသည်။ အရက်သောက်လာလျှင် သည်နေရာကနေ ချက်ချင်းလှည့်ပြန်ခိုင်းမည်ဟုလည်း တေးထားလိုက်သည်။
“ဟော…ဟိုမှာ ကျေးဇူးရှင်ကြီး လာပါပြီဗျာ”
ကားဆရာ၏ ခပ်ရွဲ့ရွဲ့စကား။ ဆံပင်ဂုတ်ထောက်၊ ပုဆိုးကဒူးလောက်၊ ခါးပုံစက ပေါင်လယ်လောက်နှင့် ဗြုပ်စဗြင်းတောင်းနိုင်လွန်းလှသည့် အဖေ့ကိုကြည့်ကာ အဖေ့သားဖြစ်ရသည်ကို သိမ်ငယ်နေမိသည်။
“ဟဲဟဲ…နည်းနည်းနောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်ဗျာ”
“ဘာတွေလှိမ့်ဝယ်နေလို့ နောက်ကျနေတာတုန်း”
“တခြားမဟုတ်ပါဘူး ကားဆရာကြီးရာ။ ရေသန့်ဘူးနဲ့ သားအတွက် ဓာတ်ဆားထုတ်လေးတွေရယ်၊ အားကစားပြိုင်ရင်ဝတ်ဖို့ ဝတ်စုံရယ်၊ ဖိနပ်လေးတစ်ရံရယ် ပြေးဝယ်နေတာပါ။ ရိုးရိုးကင်းပတ်ရှုးတွေတော့ ဈေးထဲမှာ ပေါတယ်ဗျ။ ဒါပေမဲ့ ဒီဘေးကအနီတန့်လေးတွေပါတာလေးက ပိုအသားထူပြီးစီးကောင်းတယ်လို့ ရွာကဘောလုံးကန်နေကျ ကလေးတွေပြောတာကြားဖူးလို့ ရှာဝယ်နေတာနဲ့ ကြာသွားတာ။ သား…အင်္ကျီလေးတွေဝတ်ကြည့်အုံးမလားဟင်၊ ဖိနပ်လေးရော စီးကြည့်အုံးမလား”
အဖေ့စကားဆုံးတော့ ကားဆရာကြီးက စိတ်တိုဟန်မပြတော့ဘဲ ပြုံးပြုံးကြီးနှင့်
“ဟုတ်တယ်…ဝတ်ကြည့်လိုက် ကောင်လေး။ အဓိကက ဖိနပ်ပဲ။ ခေါင်းရမ်းမနေနဲ့။ တော်ကြာမှ မတော်ဘဲနေရင် ပြန်လဲလို့မရဘဲနေမယ် အခု ဝတ်ကြည့်၊ စီးကြည့်မှ မတော်ရင် လဲဖို့အချိန်မီမှာ”
ဟုပြောလာသည်မို့ မျက်ရည်အဝိုင်းသားနှင့် အဖေ့လက်ထဲက အထုတ်လေးကိုယူကာ ကားပေါ်ကဆင်းပြီး ဝတ်ဆင်လိုက်ရသည်။
“ကွက်တိပဲအဖေ”
အဖေက စကားတစ်ခွန်းမျှမပြောဘဲ ပြုံး၍သာ ခေါင်းငြိမ့်ပြသည်။ အားကစားဝတ်စုံကတော့ အများနှင့် မတိမ်းမယိမ်းဆိုပေမဲ့ ဖိနပ်လေးကျ အများနှင့်မတူ အနီတန့်လေးများဖြင့် သစ်လွင်တောက်ပနေသည့်အတွက် သူ့ဖိနပ်လေးကိုကြည့်ကာ တခြားကျောင်းသားများက သူတို့၏မိဘများကိုလက်ကုပ်ကာ ပူဆာနေကြတော့သည်။
#ညိုလေးနွယ်
ဖတ်ရှုပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်။