#ခင်မောင်အေး(မန္တလေး)
ရန်လုံ
“ဖေဖေ၊ ဘုက်မကြီး မွေးနေပြီ။ အများကြီးပဲ လာကြည့်စမ်းပါ ဖေဖေ”
ကျွန်တော့်သားကြီး လူမော်က အမောတကော ပြေးလာပြီး ဝမ်းသာအယ်လဲ ပြောလာလေသည်။ သို့နှင့် ကျွန်တော်က လူမော်နှင့်အတူ ဗိုလ်ကြီးသိန်းတန် အိမ်သို့ သွားကြည့်လိုက်ရ၏။
ဗိုလ်ကြီးသိန်းတန်၏ ဘုတ်ဆုံအမည်ရှိ ခွေးသမင်မကြီးမှ ခွေးကလေးခြောက်ကောင် ပေါက်နေသည်ကို တွေ့ရ၏။ မိခင်၏နို့ကို တစ်ကောင့်တစ်ကောင် တိုးခွေ့ကျော်နင်းရင်း တပြွတ်ပြွတ် စို့နေကြသည်မှာ ချစ်စရာ သနားစရာ။
“ကဲ ခင်ဗျား ဆုတောင်းပြည့်ပြီဗျို့။ ကြိုက်ရာတစ်ကောင် ယူပေတော့”
ဗိုလ်ကြီးသိန်းတန်ထံ နဂိုကပင် မွေးလာလျှင် တစ်ကောင်ပေးပါဟု တောင်းထားရင်းစွဲ ရှိသဖြင့် ခြောက်ကောင်အနက် တစ်ကောင် ရှောရှောရှူရှူ ရရှိခဲ့၏။ ဘုတ်ဆုံမကြီးမွေးပြီး သုံးလပြည့်သည်နှင့် ကျွန်တော်ရော သားလူမော်ပါ နှစ်သက်သည့် ခွေးငယ်ကလေး တစ်ကောင်ကို ဆွဲယူလာခဲ့၏။
အသွေးအရောင် အညိုရင့်နှင့် ခြေတံ လက်တံ ခပ်ထွားထွားရှိပြီး အားရပါးရ ဟောင်လိုက်သည့် သူ့အသံကို ကျွန်တော်တို့က သဘောကျလျက် ရှိကြ လေသည်။ အောင်မြင်သော ဟောင်သံမှာ ခွေးငယ်နှင့် မမျှအောင် ဟိန်းလျက်ရှိသည်ကိုပင် ကျွန်တော်တို့ ဝမ်းသာကြ၏။
“ကိုင်း ငါ့သား၊ ဒီကောင်ကြီးကို ဖေဖေက ရန်လုံလို့ နာမည်ပေးလိုက်မယ်။ သား သဘောကျရဲ့လား”
“ကောင်းတယ် ဖေဖေ၊ ရန်လုံဆိုတာ သား သဘောကျတယ်”
သားအဖနှစ်ဦးလုံး ကြိုက်သဖြင့် ခွေးကလေးအား ရန်လုံဟု အမည်ပေးခဲ့ကြသည်။ သို့နှင့်ကျွန်တော်၏ အိမ်တွင် နဂိုကရှိပြီးသား သားသမီးခြောက်ယောက်အပြင် ရန်လုံတစ်ကောင် ထပ်မံတိုးလာသည်။
xxx xxx xxx
ရန်လုံ အသက်ခြောက်လပြည့်သည့်နေ့တွင် ကျွန်တော်က အိမ်အနီးရှိ တောထဲသို့ ခေါ်သွားလျက် သေနတ်သံကို နားလည်စေရန်နှင့် တောလိုက်အလေ့အကျင့် သင်ကြားရန် လေ့ကျင့်ပေးခဲ့သည်။
တောမှာ ဝါးစိုတော ဖြစ်သောကြောင့် ချိုး၊ ခါနှင့် တောကြက်များ ကျက်စားသည်ဖြစ်ရာ တောအစပ်သို့ ဝင်သည်နှင့်ပင် ခါတစ်ကောင်ကို ကျွန်တော်
မြင်လိုက်ရပေသည်။
ဆယ်ပေခန့် အမြင့်တွင်ရှိ နီပဆေးပင်ကိုင်းပေါ်၌ လည်တိုင်ကိုဆန့်လျက်
“တက်တက်တူး ခါးခါး”
ဟု စူးရှရှ တွန်သံပြုလျက် ရှိရာမှ ကျွန်တော် နှစ်လုံးပြူးနှင့် ဖြုတ်ချလိုက်သည်တွင် အောက်ခြေ ချုံတောတွင်းသို့ ကားခနဲ ကျသွားခဲ့၏။
ရန်လုံသည် အရိပ်အကဲကို နားလည်ကာ မခိုင်းရဘဲ ချုံတွင်းသို့ အပြေးဝင်ရောက်သွားပေသည်။ ခါကို ချုံအပြင်သို့ ကိုက်ချီလာရန်နှင့် ကိုက်ဆွဲစား သောက်ခြင်း မပြုဘဲ ကျွန်တော့်ထံသို့ ချီလာပေးရန်ကိုမူ အခေါက်ခေါက် အခါခါ လေ့ကျင့်ခဲ့ရ၏။
ဤသို့ တစ်ညနေမျှ လေ့ကျင့်သင်ကြားခြင်းဖြင့် ရန်လုံသည် အတော်အသင့် သဘောတရားကို နားလည်ခဲ့ရာမှ တစ်နှစ်သားသာသာ ကြီးပြင်းလာခဲ့ သည့်အခါမူ အတော်ပင် ကျွမ်းကျင်လာခဲ့ပြီ ဖြစ်၏။
ကန်အလယ်မှ စစ္စလီ၊ ရေဘဲ စသည်တို့ကို ပစ်ချလိုက်လျှင် ရေကူး၍ ဆယ်ယူခြင်း၊ ချေ၊ ဒရယ် စသည့်အမဲငယ်များကို အနံ့ခံလိုက်၍ သေနတ်သမားထံ ပြန်ထွက်လာစေရန် ခြောက်လှန့်ပေးခြင်း စသည်တို့အထိ အသုံးဝင်လာခဲ့၏။
ကျွန်တော့်သား လူမော်ကမူ ခြောက်နှစ်သားပင် ရှိသေးသော်လည်း ရန်လုံအား မနိုင့်တနိုင် ရေချိုး၊ ဆပ်ပြာတိုက်၊ သန်းသတ်ဆေး၊ ပေါင်ဒါလူး စသည် ဖြင့် ဆောင်ရွက်ပေးခဲ့လေသည်။
ကိုယ်တိုင်လည်း ရန်လုံအား အစာကျွေးခဲ့သည်ဖြစ်ရာ ရန်လုံနှင့်မူ ညီအစ်ကိုတမျှ အကျွမ်းတဝင် ချစ်ခင်ရင်းနှီးလျက် ရှိသဖြင့် ကျွန်တော်က နှစ်သိမ့်လျက် ရှိရ၏။
xxx xxx xxx
နွေရာသီ ကျောင်းပိတ်ရက်များအတွင်း ကျွန်တော်တို့မိသားစုက ကလေးများနှင့်အတူ ပြင်ဦးလွင်သို့ ပြန်လည်နေထိုင်ကာ အေးဆေးစွာ အနားယူလျက် ရှိခဲ့ပေသည်။
ပြင်ဦးလွင်မှ မန္တလေးသို့ အဆင်း လမ်းခရီးရှိ ဆီးပင်ကြီးရွာ ဦးမောင်မောင်ထံသို့လည်း ရင်းနှီးသောမိတ်ဆွေ ဖြစ်သဖြင့် မကြာခဏ သွားရောက်လျက် တစ်ညတန်သည် နှစ်ညတန်သည် နေထိုင်ခဲ့ကြပေသည်။
ဆီးပင်ကြီးရွာ ပတ်ဝန်းကျင်မှာ သစ်တောကြိုးဝိုင်းများ ရှိခြင်းကြောင့် အမဲသားကောင်ပေါများလှသည်ဖြစ်ရာ ဝါသနာတူ ဆီးပင်ကြီးရွာ မုဆိုးဦးမောင် မောင်နှင့် သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့လျက် နေကြ၏။ ရန်လုံအတွက်လည်း တောလိုက်လေ့ကျင့်ရေး ကွင်းကောင်းကောင်း ရနေချေသည်။
ဥတုရာသီ ကြည်လင်သာယာသော နေ့ခင်းအချိန်တွင် ကျွန်တော်သည် ရန်လုံနှင့်အတူ ဆီးပင်ကြီးရွာ အနောက်ဘက်သို့ ငှက်ပစ်ထွက်လာခဲ့၏။
ခြောက်နှစ်ကျော် ခုနစ်နှစ်အတွင်း ငယ်ပင် ငယ်ရွယ်သေးသော်လည်း မိမိကိုယ်ကိုမိမိ ယုံကြည်မှု ရှိစေရန်၊ စိတ်ဓာတ်ကြံ့ခိုင်စေရန်နှင့် သေနတ်ပစ်ကျွမ်းကျင် ဝါသနာပါစေရန် လူမော်ကိုပါ ကျွန်တော်နှင့်အတူ ခေါ်ဆောင်လာခဲ့သည်။
ရွာအနောက်ဘက် နှမ်းခင်းများတွင် နေဝင်ချိန်များ၌ ကြက်အုပ်များ ဆင်းသက် ကျက်စားလေ့ ရှိကြပြီး နှမ်းခင်းအဆုံး တောစပ်တွင် တစ်ခါတစ်ရံ ချေများ ကောင်လုံးပေါ် တွေ့ ရတတ်သည်။ နှမ်းခင်းနှင့်ဆက်၍ ပဲကြီးများလည်း ကြဲဖြန့် စိုက်ပျိုးထားသဖြင့် ပဲကြီးအလွန်ကြိုက်သော ချေများမှာ နေဝင်ချိန်တွင် ယာတောအလုပ်သမားများ အိမ်သို့ပြန်ကြ၍ လူပြတ်သည့်အခါ ပဲခင်းထဲသို့ ဆင်းလာတတ်ကြသည်။
ရွာနှင့် အလှမ်းမကွာလှဘဲ အမဲငယ်ဖြစ်သော ချေများကိုပင် ပစ်ခတ်နိုင်သဖြင့်တစ်ကြောင်း ကျွန်တော့်သား လူမော်အား ပစ်မှတ်ပစ်ခတ် လေ့ကျင့်နိုင်စေရန် ဒသမ ၂၂ ဗို့ ဘရူနို သေနတ်ကလေးကိုသာ ဆွဲလာခဲ့၏။
ပြောင်းဝအကျယ် ဒသမ ၂၂ လက်မရှိ၍ ယမ်းအား ဂရိမ် ၄၀ မှ ၄၄ အထိသာရှိသော ကျည်တောင့်ဖြင့် ပစ်ခတ်ရသည့် ငှက်ပစ်သေနတ် သက်သက် ဖြစ်၏။
စစ္စလီ၊ ရေဘဲ၊ ချိုး၊ ခါ၊ ကြက်နှင့် ယုန် စသည့် အကောင်ကလေးများကို ပစ်ခတ်ရာတွင်မူ အလွန် အသုံးဝင်ပေသည်။
အသံအားဖြင့်လည်း ယမ်းအားနည်းပါးသဖြင့် ပြင်းထန်ခြင်းမရှိဘဲ ရေပြင်ပေါ်သို့ ဝါးခြမ်းတစ်ချောင်းဖြင့် ရိုက်လိုက်လျှင် ပေါ်ထွက်လာသည့် အသံမျှသာ ကျယ်လောင်သည်။
သို့သော် Hollow Point ကျည်ဆန်ထိပ်ဖူးတွင် ဖောက်ထားသည့် ကျည်တောင့်မျိုးနှင့် High Velosity ယမ်းအား ပိုကဲထားသည့် ကျည်များနှင့် ပစ်ခတ်
ရာတွင်မူ သေနတ်သံမှာ ပြင်းထန်ကျယ်လောင်လှ၏။
ရွာစည်းရိုးအတိုင်းကပ်၍ ကျွန်တော်နှင့် လူမော်တို့က ကိုက်သုံးရာခန့်တွင် လှမ်းမြင်နေရသည့် နှမ်းခင်းများသို့ မျှော်ကြည့်ရင်း လျှောက်လာခဲ့ကြသည်။ ရန်လုံကလည်း ကျွန်တော်တို့အနောက်မှ ငြိမ်သက်စွာကပ်၍ လိုက်ပါလာသည်။
နှမ်းပင်များ နှုတ်သွားကြပြီဖြစ်၍ အခင်းထဲရှိ တစ်မိုက် တစ်ထွာသာသာ ပေါင်းပင်များအကြားတွင် နှမ်းသီးကလေးများ ကျကြွေပြန့်ကျဲလျက် ရှိသည်ဖြစ် ရာ အကောင်နှစ်ဆယ်ထက်မနည်းသော ကြက်တစ်အုပ်ကို ပေါင်းပင်စိမ်းစိမ်းများအကြားတွင် နီနီရဲရဲ တွေ့မြင်ရသည်။
ရန်လုံအား နောက်မှ ငြိမ်ငြိမ်လိုက်လာရန် လေချွန်၍ အချက်ပေးလိုက်ပြီး နှမ်းခင်းသို့ ရွာစည်းရိုးနှင့် တစ်ဆက်တည်း ဖြစ်နေသည့် ခင်တန်းအတိုင်း လိုက်သွား၏။
နှမ်းခင်းနှင့် ကိုက် ၇ဝ ခန့်အထိ ကပ်မိကြသည့်တိုင် ကျွန်တော်တို့မှာ ခင်တန်းအကွယ်ကို မျက်ကွယ်ပြု၍ ချဉ်းကပ်လာခြင်း ဖြစ်သဖြင့် ကြက်အုပ်က မသိရှိဘဲ နှမ်းသီးကလေးများကို ယက်ဖယ်လျက် တကြွပ်ကြွပ် စားသောက်လျက် ရှိကြ၏။
ကြက်ဖကြီး လေးငါးကောင်၊ ကြက်မနှင့် ကြက်မတမ်း၊ ကြက်ပေါက်များဖြစ်၍ မိသားစု တစ်စုတည်း ဖြစ်ဟန်တူသည်။ နီတျာတျာ အသွေးရောင် ရင့်ရင့်ကြီးနှင့် တံစဉ်ကွေးပမာ ကောက်ကွေးလျက်ရှိသော မြီးဆံဖားဖားကြီးများ တခါခါနှင့် နှမ်းခင်းအတွင်း လှည့်လည်ယက်ဖယ် စားသောက်လျက် ရှိကြသည်။
“ငါ့သား တွေ့လား ကြက်တွေ။ ဖေဖေတို့ တိတ်တိတ်ကလေး ဟောဒီချုံတန်းကိုကွယ်ပြီး လာလို့ သူတို့မသိဘူး။ ဖေဖေတို့အသံသာ ကြားရင် တစ်ခါတည်း ပျံကုန်မှာပဲ”
သားတော်မောင်အား နားဝသို့ကပ်လျက် တိုးတိုးကလေး မုဆိုးလက်ချာ ပေးလိုက်၏။
“ဟုတ်တယ် ဖေဖေ၊ ဘယ်အကောင်ကို ပစ်မလဲ။ ပစ်လို့မရသေးဘူးလားဟင်”
အဖေ့သားပီပီ လူမော်က တိုးတိုးကလေး မေး၏။
“အေး ဖေဖေ ပစ်မယ်၊ ဟိုအုပ်ထဲက တွေ့လား”
သေနတ်ပြောင်းဖြင့် ညွှန်ပြရင်း
“ကြက်ဖ အကြီးဆုံးကောင်ပဲ။ တစ်ချက် တစ်ကောင်ပဲရတဲ့ ပွိုင့်တူးတူးမို့ ကြီးတဲ့ကောင်ပဲ ရွေးပစ်ရတယ်၊ ဖေဖေ့အိမ်က နှစ်လုံးပြူးနဲ့ဆိုရင် လေးငါးကောင် ရတယ်”
စကားဆုံးသည်နှင့် သားလူမော်နှင့် ရန်လုံကို အသာလက်ပြလျက် ကျွန်တော်တို့ ကွယ်ရပ်နေသော ဝက်ခေါင်းသီးပင်ကိုင်းပေါ်သို့ သေနတ်ကိုတင်ကာ
စောစောက ကြက်ဖအား ချိန်၍ ပစ်ချလိုက်၏။
“ဖြန်း”
သေနတ်သံအဆုံးတွင် ကြက်ဖသည် အတောင် တဖျပ်ဖျပ်ခတ်ရင်း နှမ်းခင်း၌ လိမ့်ကျလျက် ရှိ၏။
ဝူးခနဲ ပျံတက်ပြေးသွားကြသော ကြက်အုပ်ထဲသို့ ဒုတိယအကြိမ် သေနတ်မောင်း ပြန်ထိုးလျက် ချိန်ကြည့်လိုက်သည်။
ဦးတည်ရာသို့ ကြက်များ ပျံသွားကြသော်လည်း ကြက်မတစ်ကောင်ကမူ ကျွန်တော်တို့ ရပ်နေရာရှေ့ ငါးကိုက်ခန့်ရှိ ဝါးရုံပေါ်သို့ လွှားခနဲ ပျံတက်နားလာ သည်။
ကြက်မနားပြီးသည်နှင့် တစ်ပြိုင်နက် ကျွန်တော့်လက်ထဲမှ သေနတ်ဖြင့် ပြောင်းထိုးပစ်ချလိုက်ရာ ကြက်မသည် ကျွမ်းပစ်၍ ကျလာသည်။
ရန်လုံက နှမ်းခင်းထဲမှ ကြက်ဖကို ပြေးကောက်သည်နှင့်အတူ သားတော်မောင်လူမော်ကလည်း ဝါးရုံပင်အောက်မှ ကြက်မကို ပြေးကောက်လိုက်ကြသည်။ ရန်လုံ၏ပါးစပ်ထဲမှ ကြက်ဖနှင့် သားလူမော် ကိုင်ဆွဲလာသော ကြက်မကို လှမ်းယူကာ ညနေဟင်းစားဖြင့် ဖူလုံပြီဟု တွေးမိသည်။
နေသည် အနောက်ဘက် တောတန်းအတွင်းသို့ တဖြည်းဖြည်း ဝင်ရောက်လျက်ရှိရာ အလင်းရောင်သည်လည်း တစ်စတစ်စ လျော့ပါးလာသည်။ တောဆီ မှ လှမ်း၍ ကြားနေရသော အိပ်တန်းတက် ကြက်ဖများ၏တွန်သံ ညံလျက်ရှိ၏။
လေပြည်သုတ်ဖြူးလျက် ရှိသဖြင့် ဝါးကိုင်းဝါးခက်များ အချင်းချင်း တဖျပ်ဖျပ် ရိုက်ခတ်လျက် ရှိသည်။
“ကိုင်း ပြန်ကြစို့လား။ မှောင်နေရင် မေမေ စိတ်ပူနေလိမ့်မယ်။ လက်ပံပင်ကျရင် သား တစ်ချက်နှစ်ချက် ပစ်ဦးပေါ့ ဟုတ်လား၊ လာ ရန်လုံ ပြန်စို့”
xxx xxx xxx
ဆီးပင်ကြီးမှ ပြန်ခဲ့ကြပြီးနောက် နှစ်ရက်မျှကြာခဲ့ပြီ ဖြစ်သည်။ ချမ်းမြေ့ဖွယ်ရာသီကြောင့် စိတ်ထက်ရွှင်လန်းစွာ နေထိုင်ရင်း အေးချမ်းစွာ ရှိနေကြ၏။
နေချစ်ချစ်တောက်လျက် ရှိသဖြင့် အပြင်သို့ မထွက်ဘဲ အိမ်တွင်သာ ကုပ်နေရစဉ် ဆီးပင်ကြီး ကိုမောင်မောင် ရောက်လာသည်။ ဗုံမဆင့် ဆိုင်းမဆင့် ရုတ်တရက်ရောက်လာသော ကိုမောင်မောင်၏ စကားကြောင့် ကျွန်တော်က ဝမ်းမြောက်သွား၏။
“ဆီးပင်ကြီး ကြိုးဝိုင်းထဲ ကျားသစ်တစ်ကောင် ရောက်နေပြီဗျို့။ ခင်ဗျား ပြန်သွားပြီး နောက်တစ်နေ့ပေါ့၊ ဟန်ညွန့်တို့တဲက ကြက်တွေ ဝင်ဆွဲသွားတယ်။ နေ့ခင်းကြောင်တောင်ကြီးဗျာ”
“ဟင် ငနဲက ရဲလှချည်လား၊ နေပါဦး ကြက်ဆွဲပြီး လစ်သွားရောပေါ့”
ကျွန်တော့်အမေးကို ကိုမောင်မောင်က လက်ကာရင်း အဖြေပေးသည်။
“ရဲဆို အကောင်ကလည်း မသေးဘူးဗျ။ ဟန်ညွန့်တို့ အိမ်သားတွေ နှမ်းကြိတ်ဖို့ စက်ထဲသွားနေကြတုန်း အိမ်မလည်း ဟန်ညွန့် တစ်ယောက်တည်း ကျန်ခဲ့တော့ ခြံတံခါးစေ့ပြီး သရက်ခြံဘက် သရက်သီးသွားဆွတ်တယ်။ ခဏကြာလို့ ခြံနဲ့လည်း ကပ်နေတော့ ကြက်တွေ ဆူသံကြားတာနဲ့ ခွေးလား ကြောင်လား ဝင်ဆွဲတယ်ထင်ပြီး ဝင်ကြည့်တော့ ကျားသစ်က ကြက်ဖတစ်ကောင်ကိုက်ပြီး တောစပ်ထဲ ဝင်ပြေးတာ တွေ့လိုက်တယ်လို့ ပြောတယ်။ စိတ်ထင်တော့ ခြောက်တောင်သာသာရှိ ထင်ပါ့ဗျာ”
လက်ဖက်ရည်တစ်ကျိုက် သောက်လိုက်ရင်း ကိုမောင်မောင်က စကားဆက်ပြန်သည်။
“နောက်တစ်နေ့ မနက်အစောကြီး တစ်ခါ ပြန်လာချောင်းတယ်။ ဟန်ညွန့်အဖေ ဦးဖက်ကြီးက တပိုတပါးသွားဖို့ တဲနောက်ဖေးအဆင်း တောစပ်မှာ ဝပ် နေတာတွေ့လို့ သားအမိသားအဖတွေ ဝိုင်းအော်လိုက်တာ ကျားသစ်က လန့်ပြီး တောစပ်ထဲ ဝင်ပြေးသွားတယ်လို့ သိရတယ်။ ဒါနဲ့ ကျုပ်လည်း ခင်ဗျားကို သတိရတာနဲ့ ပြေးလာခဲ့ရတာပဲဗျို့။ လိုက်မယ် မဟုတ်လား”
“ဟာ လိုက်မှာပေါ့၊ ရန်လုံပါ တစ်ခါတည်း ခေါ်လာခဲ့မယ်လေ”
“အား ကောင်းတာပေါ့၊ ကိုင်း အချိန်မနှောင်းမီ သွားကြစို့ ရဲဘော်”
xxx xxx xxx
တောသည် ဆိတ်ငြိမ်လျက်ရှိသည်။ ခါတွန်သံ၊ ချေဟောက်သံများကိုပင် မကြားရဘဲ ပကတိတိတ်ဆိတ်လျက်ရှိသည်။ ပျင်းရိပျင်းတွဲကူနေသော ချိုး တစ်ကောင်၏ အသံသည်သာ ခပ်ကျဲကျဲ ထွက်ပေါ်နေသည်။ ဦးမောင်မောင်သည် ၎င်း၏ ဘီအက်စ်အေ အမျိုးအစား ၃၂ လက်မ နှစ်လုံးပြူးကို လည်းကောင်း၊ ကျွန်တော်က ဝင်ချက်စတာ စပရင်းဖီးလ် (Spring Field) ၃၀. ရိုင်ဖယ်ကို လည်းကောင်း အသီးသီးကိုင်ဆောင်၍ ဝါးတောအတွင်း တစ်လှမ်းချင်း နင်းလျက်ရှိ၏။
မြေပြင်တစ်ဝိုက်ကို တရှုတ်ရှုတ်အနံ့ခံလျက် ရန်လုံသည် သခင်၏ရှေ့မှ ဖြည်းဖြည်းချင်း သွားလျက်ရှိသည်။ ဝါးတောအတွင်း မြေပျော့ပေါ်တွင် ထင်လျက်ရှိသော ကျားသစ်ခြေရာများက ရန်လုံအား လမ်းပြလျက်ရှိသည်။
နံနက်စောစောကမှ ဖြတ်သန်းသွားသည့်အတွက် ခြေရာများမှာ လတ်ဆတ်သစ်လွင်လျက် ရှိသည်။ တောတွင်းသို့ ကိုက် ၁၅ဝဝ ခန့် ဝင်ရောက်ခဲ့မိသည့်တိုင် ကျားသစ်ကို အစအနမျှပင် မတွေ့သေးဘဲ ရှိ၏။
ခြေရာအတိုင်း အနံ့ခံလိုက်လာသော ရန်လုံသည် တစ်နေရာတွင် ခေတ္တရပ်တန့်လိုက်သည်။ ကျွန်တော်တို့ ရောက်ရှိနေသောနေရာတွင် လေပြင်းဒဏ် ကြောင့် သစ်ကိုင်းသစ်ခက်များ ကျိုးပြတ်စုပုံလျက် ရှိသဖြင့် ရှုပ်ထွေးလျက်ရှိ၏။ ချုံတန်းပါးကလေးများနှင့် ကျိုးတိုးကျဲတဲပြန့်၍ ပေါက်လျက်ရှိသော မြက်ပင်များ ဟိုတစ်ကွက် သည်တစ်ကွက် တွေ့ ရ၏။
ရန်သူကို အနံ့ခံမိကြောင်း ပြသည့်အနေနှင့် ရန်လုံသည် ကျွန်တော့်ရှေ့တွင် မြေပေါ်သို့ ဝပ်ချလိုက်သည်။ ရှေ့တည့်တည့်တွင်ကား လေဒဏ်ကြောင့် လဲပြိုနေသော သစ်ပင်တစ်ပင်ရှိရာ သစ်ပင်၏ရှေ့ ကိုက် ၂ဝ ခန့်တွင်မူ ပိတ်လျက်ရှိသော ချုံတန်းတစ်ခု ရှိသည်။
သေနတ်ကို အသင့်ထားလျက် မြေပြင်မှ လက်လှမ်းမီရာ ကျောက်ခဲအချို့နှင့် တူရှုမှ ချုံတန်းအတွင်းသို့ ပစ်ကြည့်လိုက်ရ၏။ ဗြုန်းခနဲ ထပျံသွားကြသော ကြက်နှစ်ကောင်မှတစ်ပါး လှုပ်ရှားမှုမရှိဘဲ ပြန်လည် ငြိမ်သက်သွားရပြန်သည်။
ရန်လုံသည် ကြက်များကြောင့် ဆတ်ခနဲ ထရပ်လိုက်ကာ ညာဘက်တစောင်းခန့်ရှိ ဆူးရစ်ချုံဆီသို့ ဦးတည်၍ ပြေးထွက်သွားသည်။
ကျွန်တော်နှင့် ဦးမောင်မောင်တို့က ရန်လုံ အပြေးသွားရာနောက်သို့ လိုက်ရန် ကိုယ်ကို လှည့်လိုက်စဉ်တွင်ပင် အမည်းကွက်ကြီးများ အဝါခံပေါ်တွင် ထင်းထင်းကြီး ပေါ် လျက်ရှိသည့် ကျားသစ်၏ တင်ပါးဆုံပိုင်းကို လှမ်းမြင်လိုက်ရသည်။
ဆူးရစ်ချုံအောက်တွင် ဝပ်လျက်ရှိရာမှာ လစ်ထွက်သွားဟန်တူသည်။ ရိပ်ခနဲသာ မြင်လိုက်ပြီး ပျောက်သွားသော ကျားသစ်နောက်သို့ ကျွန်တော်တို့ ဆက်လိုက်ကြသည်။
ကြိုးဝိုင်းအတွင်း ရှည်လျားသော ကျွန်းပင်ကြီးများ အကြားသို့ ရောက်လာသည့်တိုင် လိုက်မြဲလိုက်လာသော ရန်လုံနှင့်အတူ ကျွန်တော်တို့က ကျွန်းပင်တစ်ပင်၏ အခြေတွင် ကျားသစ်အား လှမ်းတွေ့လိုက်ရသည်။ ကျားသစ်သည် ကျွန်တော်တို့အား ရန်မူရန် ဖြတ်စောင့်နေဟန်တူသည်။
မြင်ရသော ကျားသစ်၏ ကိုယ်ခန္ဓာအစိတ်အပိုင်းအား ဦးမောင်မောင်သည် တန်းထိုးချိန်ကာ နှစ်လုံးပြူးဖြင့် ပစ်ချလိုက်၏။
ကျားသစ်သည် “ဝေါင်း” ခနဲ သံရှည်ဆွဲ၍ မာန်သွင်းသံဖြင့် ဟိန်းလိုက်ပြီး ခါးတစ်ပိုင်းကို လူးလွန့် ရှောင်ထွက်သွားလေသည်။
ရှေ့သို့ အပြေးတက်၍ ကြည့်လိုက်သည်တွင် ကျားသစ်အား ပစ်လိုက်ရသည့်နေရာ၌ သွေးစသွေးနများကို တွေ့ရပေသည်။ အရေပျော့သော ကျားသစ် လို အမဲများအဖို့ အမေရိကန်လုပ် အိုဘက် (Obuck) ကျည် ၁၂ လုံးတွက်မျှဖြင့် လုံလောက်ပါ၏။
သို့သော် တစောင်းပစ်ရခြင်း ဖြစ်သောကြောင့် ခဲသီးဝင်ရာ ကျားသစ်၏ ကိုယ်ခန္ဓာကို ဇဝေဇဝါ သံသယ ဖြစ်ကြရ၏။ ကျောရိုးအောက်ဆိုလျှင် နှလုံး တည့်တည့် မှန်ကောင်းမှ မှန်ပေမည် ဖြစ်ပေသည်။
ဝမ်းဗိုက်အတွင်းသို့ ဝင်သွားလျှင်မူ ဗြုန်းခနဲ နေရာတွင် မလဲနိုင်ဘဲ ဒဏ်ရာကြောင့် တစ်ကြောင်း၊ ဒေါသကြောင့်တစ်ကြောင်း သွေးပူဆဲဖြစ်၍ ရှောင်တိမ်းသွားခြင်း ဖြစ်ပေမည်။ သွေးစက်အတိုင်း ရန်လုံနှင့်အတူ အနှံ့အပြား ရှာကြသော်လည်း မှောင်လာသဖြင့် လက်လျှော့ပြန်လာခဲ့ကြရ၏။
နောက်တစ်နေ့နံနက်တွင် ဦးမောင်မောင်နှင့် ကျွန်တော်တို့ ဒဏ်ရာရထားပြီဖြစ်သည့် ကျားသစ်အား ဆက်လက် ရှာကြပြန်သည်။
ညပိုင်းက မိုးရွာလိုက်လိုက်သောကြောင့် ရန်လုံအဖို့ အနံ့ခံရန် ခက်ခဲလျက် ရှိလေသည်။
ယမန်နေ့က ပစ်ခတ်ခဲ့သော နေရာအတိအကျကို မှတ်သားထားခဲ့သည် ဖြစ်၍ ထိုနေရာကို ဗဟိုပြုကာ ကျွန်တော်တို့က လှည့်ပတ် ရှာဖွေလျက်ရှိ၏။
ရန်လုံသည် လေအောက်မှ ခေါင်းကိုမော့၍ အနံ့ခံလျက်ရှိရာမှ ရှေ့သို့ တဖြည်းဖြည်း တိုးသွားလျက်ရှိသည်။ မြေသားလမ်းကလေးအတိုင်း လိုက်လျက်ရှိရာမှ ရှေ့တွင် တသွင်သွင် ရေစီးဆင်းလျက်ရှိသော ချောင်းဘေး ရေစပ်စပ်တွင် ကျားသစ်၏ ခြေရာများကို စတင်တွေ့ရှိရပြီး ချောင်းကို ဖြတ်တက်သွားသည်ကို တွေ့ရ၏။
တစ်ဖက်ချောင်းစပ် တစ်လံခန့်အထိ ထင်လျက်ရှိပြီး မြေမာမြက်ခင်းပေါ်တွင် အစပျောက်သွားပြန်သည်။
“ကိုင်း ကိုမောင်မောင် ဘယ်နဲ့လုပ်ကြမတုံး၊ ရန်လုံ လျှာထွက်နေပြီ”
“အေးဗျာ၊ ငနဲက ဒဏ်ရာကြီးနဲ့တောင် တော်တော် သွားသား။ မှန်တာတော့ သေချာတယ်။ ဒဏ်ရာ သိပ်ပြင်းဟန်မတူဘူး။ သွေးကျလည်း နည်းပုံထောက်ရင် အတော်လိုက်ရဦးမယ် ထင်တယ်”
ချောင်းစပ်တွင် ခြေပစ်လက်ပစ် ထိုင်ချရင်းက ညည်းညည်းညူညူဖြင့် ကိုမောင်မောင်က ဖြေသည်။ ကျွန်တော်က သေနတ်ကို သစ်ပင်တွင်မှီ၍ ထောင်လိုက်ပြီး ချောင်းတွင်းသို့ ရေသောက်ရန် ငုံ့လိုက်သည်။
ဟဲခနဲ ဟဲခနဲ လျှာထုတ်၍ မောသံကြီးနှင့် ဝပ်နေသော ရန်လုံသည် အသံကိုမြှင့်၍ ဆက်တိုက်ဟောင်လိုက်ကာ ဦးမောင်မောင်၏နောက်မှ ကပ် ထွက်လာသော ကျားသစ်အား ဖြတ်ခဲလိုက်သည်။
အလစ်တွင် ကမ်းစပ်မြေပြောင်၌ ထိုင်လျက်ရှိသော ဦးမောင်မောင်အား အုပ်ရန် ချုံတွင်းမှ ထွက်လာသော ကျားသစ်နှင့် ရန်လုံသည် ဝေါင်းခနဲ ဝေါင်းခနဲ မာန်ဖီကိုက်ခဲ ကုတ်ခြစ်လျက် ရှိသည်။
ရန်လုံသည် ကျားသစ်၏ ဗိုက်အောက်မှ ဗိုက်သားမီရာကို တက်ဆွဲလျက်ရှိသော်လည်း ကျားသစ်၏ လက်သည်းရာကြောင့် တစ်ကိုယ်လုံးတွင် နီရဲသော သွေးများက ဖြာထွက်လျက်ရှိ၏။
မချိမဆံ့ နာလွန်း၍ တကိန်ကိန် အော်မြည်နေသည့်တိုင် ကျားသစ်အား ကိုက်ဆွဲထားခြင်းမှ မလွှတ်ဘဲ ခဲလျက်ရှိသည်။
ဦးမောင်မောင်သည် ထိုင်ရာမှ ရုတ်ခြည်း ခုန်ထလိုက်ပြီး အသင့် ဘေးတွင်ရှိသော နှစ်လုံးပြူးဖြင့် ကျားသစ်အား ချိန်လျက် ရှိသော်လည်း ရန်လုံနှင့် ရောနေသောကြောင့် မပစ်သာသေးဘဲ ရှိသည်။
“ကိုမောင်မောင် ဆုတ်ပေး … ဆုတ်ပေး။ ရန်လုံပါ မှန်သွားမယ်၊ မပစ်နဲ့ … မပစ်နဲ့”
ကျွန်တော့်အနေဖြင့် ရန်လုံအား မှန်မည်စိုးရိမ်သဖြင့် နှစ်လုံးပြူးနှင့်ပစ်ရန် ခွင့်မပြုနိုင်ပါချေ။ ထောင်ထားသော သေနတ်ကို ပြေးဆွဲလျက် တစ်ကောင်နှင့် တစ်ကောင် ပူးကပ်လျက်ရှိသည့် ကျားသစ်နှင့် ရန်လုံ၏ ခန္ဓာကိုယ်နှစ်ခုအနက် ကျားသစ်အား ပစ်ရန် လှမ်းချိန်လိုက်၏။
“ရန်လုံ … ရန်လုံ လွှတ်လိုက်”
ပစ်ခတ်ရန် အခွင့်အရေးကို စောင့်ဆိုင်းခြင်းဖြင့် ရန်လုံအတွက် အခြေအနေ ပိုမိုဆိုးရွားလာမည်ကို ရိပ်မိသဖြင့် ရန်လုံအား လှမ်းအော်လိုက်ရ၏။
လက်ထဲမှ သေနတ်ကိုမူ ရုတ်ခနဲ ဆွဲထွက်လာမည့် ကျားသစ်အားပစ်ရန် အသင့်ပြင်ထားပြီး ဖြစ်၏။ ကျွန်တော့်အသံကြောင့်လော၊ အကြောင်းအားလျော်စွာ ခွာထွက်သွားသလော မသိရှိဘဲ ကျားသစ်သည် ရန်လုံနှင့် ခဲနေရာမှ လွှားခနဲ လေထဲသို့ မြောက်တက်လာသည်။
ကိုယ်ကိုလိမ်ကာ လူရှိရာသို့ လှမ်းအုပ်လိုက်သော်လည်း ယမ်းအား ဂရိမ် ၂၂ဝ အားဖြင့် တွန်းကန်ထွက်လာသော ၃၀.၀၆ ကျည်ထိပ်ဖူးကြောင့် တန့်ခနဲ ဖြစ်သွားရာမှ ဘေးတိုက် ပစ်ကျသွားရသည်။
မာန်သွင်းကာ အစွယ်နှစ်ချောင်း အဖွေးသားပေါ်အောင် ဖြဲထားသော ကျားသစ်၏ ပါးစပ်အတွင်းမှ ဖြတ်၍ နောက်စေ့မှ ကျည်ထွက်သွားသည်ဖြစ်ရာ ကျရာမှ ပြန်မထလာတော့ဘဲ ငြိမ်သက်သွားသည်။
ရန်လုံအား ပြေးပွေ့လိုက်ရာတွင် ဒဏ်ရာများဖြင့် မလှုပ်နိုင်သည့်တိုင် သနားစဖွယ် မျက်လုံးကလေးလည်၍ ကျွန်တော့်အား ပြန်ကြည့်လိုက်ပုံမှာ ပေးအပ်သော တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြောင်း အသိပေးဟန်ပင် ဖြစ်ပါသည်။
အသာအယာပွေ့ချီကာ အိမ်သို့အရောက် သယ်ယူလာပြီးနောက် ဒဏ်ရာများကို ဂရုတစိုက် ဆေးကြောသုတ်သင် ပြုစုခဲ့ရ၏။
တစ်လခွဲခန့်ကြာမှပင် ဒဏ်ရာများ ပျောက်ကင်းသွားခဲ့ရသည်။ သခင့်အတွက် အသက်ကိုပေး၍ ကာကွယ်ခဲ့သော သစ္စာရှိခွေးကလေး ရန်လုံအား ကျွန်တော်က ပိုးမွေးသလိုမွေးလျက် အရိပ်တကြည့်ကြည့် နေခဲ့ရ၏။
အကယ်၍များ ချစ်သောစာဖတ်သူများက ကျွန်တော့်ခွေးကလေးရန်လုံအား တောင်းသလောက် ငွေပေးပါမည် ရောင်းပါဟုဆိုသည့်တိုင် ကျွန်တော်က လေးလေးနက်နက် ငြင်းပယ်မည်သာ ဖြစ်ပါသတည်း။
– ပြီး –
စာရေးသူ – ခင်မောင်အေး(မန္တလေး)
Uncategorized