• June 10, 2025
  • admin
  • 0

ဗိုလ်လုံ
ရိုးမကျားဆိုးကြီး

သာမန်အားဖြင့် လူ၏အသက်ကို အန္တရာယ်ပြုနိုင်သည့် ကျားအစရှိသည့် သားရဲတိရစ္ဆာန်တို့သည် လူကို ရှောင်လေ့ရှိကြပါသည်။

ထိုနည်းတူစွာပင် သားကောင်များကို ပစ်ခတ်ပြီး အသက်မွေးဝမ်းကျောင်းပြုကြသူ လူသားမုဆိုးများသည်လည်း ကျားကို မုဆိုးဟုပင် သတ်မှတ်ပြီး ဘဝတူ မုဆိုးများအဖြစ် ယူဆကာ ရှောင်ကြဉ်ကြပါသည်။

ကျားရေ၊ ကျားရိုး၊ ကျားစွယ်၊ ဆင်စွယ်၊ ကြံ့ချို အစ ရှိသည့် ပစ္စည်းများသည် ကမ္ဘာ့ဈေးကွက်၊ အထူးသဖြင့် တရုတ်လူမျိုးများ၏ ဈေးကွက်တွင် တန်ဖိုးအလွန်ရှိသည့် ပစ္စည်များဖြစ်ပါသည်။ ထို့ကြောင့် လောဘကြီးသော ကြေးစားမုဆိုးများနှင့် ရမ္မက်ကြီးသည့် ကုန်သည်ပွဲစားများ၏ ပြုမူဆောင်ရွက်မှုများကြောင့် အာဖရိကတိုက်တွင် ဆင်ဦးရေနှင့် ကြံ့ဦးရေ များစွာ လျော့နည်းသွားသကဲ့သို့ အာရှတိုက်တွင်လည်း ကျားဦးရေ များစွာ လျော့နည်းသွားပါသည်။

ဆင်များသည် မြန်မာ့သစ်ထုတ်လုပ်ရေးလုပ်ငန်းတွင် များစွာ အသုံးဝင်သည့် လုပ်သားများပင် ဖြစ်ပါသည်။ ယခုခေတ်သည် စက်မှုထွန်းကားသည့်ခေတ် ဖြစ်သည်မှာ မှန်သော်လည်း စက်များ၏ တန်ဖိုးကြီးမားမှု၊ စက်မောင်းဆီများ၏ တန်ဖိုးကြီးမားမှု စသည်တို့ကြောင့် သစ်ထုတ်လုပ်ရာနေရာများတွင် စက်ဖြင့်ထုတ်လုပ်ခြင်း မပြုသင့်ပါ။

မြန်မာ့သစ်တောသည် ယခုအချိန်အထိ သဘာဝသစ်တောက များပါသည်။ သစ်ပင်ကြီးတစ်ပင် ထုတ်လုပ်ရာတွင် အဖိုးတန် သစ်ပင်ငယ် ဆယ်ပင်ခန့် ပျက်ဆီးနိုင်ပါသည်။

ထို့ကြောင့် ဆင်ဖြင့် သင့်တော်သည့်နေရာတွင် ဆင်ဖြင့်ထုတ်ပြီး၊ စက်ဖြင့် သင့်တော်သည့်နေရာတွင် စက်ဖြင့် ထုတ်ခြင်းအားဖြင့် မြန်မာ့သစ်တော သယံဇာတကို ထိန်းသိမ်းရာရောက်ပါသည်။

စက်၏သက်တမ်းမှာ ဆယ်နှစ်ခန့်သာရှိပြီး ဆင်၏ အလုပ်လုပ်နိုင်မှုသက်တမ်းမှာ (၂၅)နှစ် ခန့် ရှိပါသည်။

ဤမျှ မြန်မာ့သစ်ထုတ်လုပ်ရေးလုပ်ငန်းတွင် အရေးပါ အရာရောက်သည့် ဆင်များကို သမာရိုးကျနည်းဖြင့် တောဆင်ရိုင်းများ ကျုံးသွင်းပြီး ဖမ်းရပါသည်။ ဆင်ကျုံးအတွင်းသို့ ဝင်လာသည့် ဆင်များအနက်မှ အသက်ကြီးပြီး သင်ကြားလို့မရနိုင်သည့် ဆင်များ ကို တစ်ကောင်ချင်းရွေးပြီး လွှတ်ပါသည်။ အသက်ငယ်ပြီး သင်ကြားရန် လွယ်ကူသည့် ဆင်များကိုသာ ချန်ထားပြီး တစ်ဖြည်းဖြည်း ယဉ်ပါးအောင် သင်ကြားပြီး နောက်ဆုံးတွင် လုပ်ငန်းခွင်သို့ ဝင်နိုင်သည့် အခြေအနေသို့ ရောက်ရှိပါတော့သည်။

ထိုသို့ ကျုံးအတွင်းသို့ ဝင်ရောက်လာကြသည့် တောဆင်ရိုင်းများသည် မိမိတို့ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းအတွက် ကြိုးစားပြီး ထွက်ပေါက်ရှာ ရုန်းကန်တိုးဝှေ့ကြပါသည်။ နောက်ဆုံးတွင် ထွက်လို့မရသည့်အခါ၌ ကျုံးအတွင်းသို့ ပထမဦးဆုံးဝင်သည့် ဆင်ကိုရှာပြီး ဝိုင်းဝန်းတိုက်ခိုက်ထိုးသတ်ခြင်းဖြင့် အပြစ်ပေးလေ့ရှိကြောင်း သိရှိရပါသည်။

၁၉၆၂ ခုနှစ်ခန့်က အနောက်ရိုးမတစ်နေရာတွင် တောဆင်ရိုင်းများကို ကျုံးသွင်းဖမ်းသည့်လုပ်ငန်းကို လုပ်ကိုင်နေကြသည့် တိုင်းရင်းသား ကရင်အမျိုးသားအချို့ ရှိခဲ့ပါသည်။ ယင်း ကရင်အမျိုးသား ဆင်ကျုံးသမားများကို ဒုက္ခပေးခဲ့သည့် ရိုးမကျားဆိုးကြီးတစ်ကောင် ရှိခဲ့ပါသည်။

ယင်းကျားဆိုးကြီးသည် ဆင်ကျုံးလုပ်သားနှစ်ဦးကို ကိုက်သတ်ပြီး ဝါးမျိုစားသောက်ပစ်လိုက်ကြောင်းနှင့် နောက်ထပ်လုပ်သားနှစ်ဦးကို ပြင်းထန်စွာ ဒဏ်ရာရစေသဖြင့် ပြည်မြို့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တင်ထားကုသခံနေရသည့်သတင်းသည် ပြည်မြို့နှင့် ပန်းတောင်းမြို့နယ်များအတွင်း တမဟုတ်ချင်း ပျံ့နှံ့သွားပါတော့သည်။

ထိုနှစ် ဆောင်းဦးပေါက်ရာသီ တစ်နေ့သော စနေနေ့နံနက် ၉နာရီခန့်တွင် ပန်းတောင်း နလကဥက္ကဋ္ဌ ဗိုလ်ရဲလွင်သည် ကျွန်တော် ဆင်တဲတပ်ဆွယ်တွင် ရှိနေခိုက် ကျွန်တော့်ထံသို့ ဖုန်းဆက်ပါသည်။

အကြောင်းအရာမှာ ကရင်အမျိုးသား ဆင်ကျုံးလုပ်သားများကို ဒုက္ခပေးနေသည့် ရိုးမကျားဆိုးကြီး၏ရန်ကို နှိမ်နင်းရန် ဖြစ်ပါတော့သည်။

ကျွန်တော်၏ တာဝန်မှာ မုဆိုးအဖွဲ့ကို ဖွဲ့စည်းပြီး သယ်ယူပို့ဆောင်ရေးပါ စီစဉ်ပေးရန်ဖြစ်ပါသည်။

ကျွန်တော်သည် နလကဥက္ကဋ္ ဌဗိုလ်ရဲလွင်အား စိတ်ချနေရန်နှင့် မုဆိုးအဖွဲ့ပါ ခေါ်ဆောင်ပြီး ကားနှစ်စီးဖြင့် တက်လာမည်ဖြစ်ကြောင်း ပြန်ပြောလိုက်ပါသည်။

ကျွန်တော့်အဖွဲ့တွင် အတွေ့အကြုံများသည့် မုဆိုး ဆယ်ဦးခန့် ရှိပါသည်။ သို့သော်လည်း ကျားဆိုးကြီးကို ပစ်ရဲမည့်သူ၊ ပစ်ရဲသော်လည်း တစ်ကယ်ပစ်လိုစိတ်ရှိသည့် မုဆိုးကိုရွေးရန် ဦးနှောက် အလုပ်ပေးနေရပါတော့သည်။ ခေတ်စကားနှင့် ဖော်ပြရသော် ဦးနှောက်စားနေပါသည်။

နာရီဝက်ခန့် စဉ်းစားဆင်ခြင်ပြီးတော့ ပြည်မြို့တွင်ရှိသည့် သူကြီးဦးအေးမောင်အား အဓိက ကျားပစ်မည့် မုဆိုးအဖြစ် သတ်မှတ်ရွေးချယ်လိုက်ပါသည်။ ချက်ချင်းပင် ပဲ့ချိတ်စက်တပ်ရေယာဉ်ငယ်တစ်စီးအမြန်စီစဉ်ပြီး တပည့်နှစ်ဦးအား ပြည်မြို့ဆိပ်ကမ်းသို့ တိုက်ရိုက်မောင်းပြီး သူကြီးဦးအေးမောင်အား အကျိုးအကြောင်းပြောကာ ကျားပစ်ရန်လိုအပ်မည့် သေနတ်လက်နက်ပါ တစ်ပါတည်း ယူဆောင်လာရန်နှင့် ယခု ပဲ့ချိတ်စက်တပ်ရေယာဉ်ဖြင့် တစ်ပါတည်းလိုက်ပါလာရန် မှာကြားလိုက်ပါသည်။

သူကြီး ဦးအေးမောင်သည် လွယ်လွယ်ကူကူ လိုလိုလားလားပင် လက်သုံးတော် လက်နက်ကြီးဖြစ်သည့် ပွိုင့်သုံးရာခုနစ်ဆယ့်ငါး မဂ္ဂနင်ရိုင်ဖယ်ကြီးကို ယူဆောင်ပြီး လိုက်ပါလာပါသည်။

သူကြီးဦးအေးမောင်သည် ပေါက်ခေါင်းမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ သူကြီးဖြစ်ပါသည်။ ၁၉၅၉ ခုနှစ် ကုန်ခါနီးတစ်နေ့တွင် နှစ်လုံးပြူးသေနတ်နှင့် ကိုးလုံးကျည်ငါးတောင့်ခန့်၊ စရိတ်ကျည် ငါးတောင့်ခန့်ကိုယူပြီး ဂျီ၊ ဒေါင်း၊ တောကြက် အစရှိသည့် သားကောင်ငယ်များကိုပစ်ရန် ရွာမှ သူကြီးဦးအေးမောင် တစ်ဦးတည်း ထွက်ခဲ့ပါသည်။

ရွာနှင့် မလှမ်းမကမ်း တစ်နေရာတွင် ဆက်ကြေး ကောက်ရန်လာသည့် ဗကပသောင်းကျန်းသူနှစ်ဦးနှင့် ဆုံတွေ့ ပါသည်။ သောင်းကျန်းသူများသည် ကိုက်တစ်ရာကျော်ခန့်နေပြီး သူကြီးဦးအေးမောင်အား လက်နက်ချ အဖမ်းခံရန် အော်ပြောပါသည်။

သူကြီးဦးအေးမောင်သည် စရိတ်ကျည်ဖြင့် တစ်ဖက်သောင်းကျန်းသူများအား ပစ်ပြီး တစ်ချိုးတည်းထွက်ပြေးပါတော့သည်။ သောင်းကျန်းသူများသည် ရိုင်ဖယ်သေနတ်များဖြင့် သူကြီးဦးအေးမောင်အား
လိုက်လံပစ်ခတ်ကြရာ မြွေလိမ်မြွေကောက် ကွေ့ပတ်ပြေးနေပါသည်။

သူကြီးဦးအေးမောင်သည် ပြေးလွတ်နိုင်မည်မဟုတ်ကြောင်း၊ သူနိုင်ကိုယ်နိုင် တိုက်ခိုက်ရမည့် တိုက်ပွဲအသွင်သို့ ဆောင်နေသည်ကို ရိပ်မိသိရှိပြီး မပြေးတော့ပဲ ခုခံတိုက်ခိုက်ရန် ဆုံးဖြတ်ကာ အကာအကွယ်တစ်ခုမှ စောင့်ပြီး နှစ်လုံးပြူးသေနတ်ပြောင်းထဲသို့ ကိုးလုံးကျည်တောင့် နှစ်တောင့်ထည့်လိုက်ပြီး သောင်းကျန်းသူများအလာကို စောင့်နေပါသည်။

သောင်းကျန်းသူများ ကိုက်ခြောက်ဆယ်ခန့် အရောက်တွင် သောင်းကျန်းသူတစ်ဦးအား ကိုးလုံးကျည်ဖြင့် ချိန်ပစ်လိုက်ရာ လဲသွားပါသည်။

နောက်တစ်ယောက်သည် အကာအကွယ်ယူပြီး အတန်ကြာ စောင့်နေပါသည်။ သူကြီးဦးအေးမောင် ကလည်း ငြိမ်ပြီးစောင့်နေပါသည်။ ကျည်ဆံကုန်နေသည့်ဟန် ဆောင်နေပါသည်။

သောင်းကျန်းသူသည် အချိန်အတော်ကြာအောင် စောင့်ဆိုင်းပြီး အကဲခတ်နေပါသည်။ တစ်ဦးချင်း အနီးကပ်တိုက်ပွဲတွင် နှစ်လုံးပြူးသေနတ်နှင့် ရိုင်ဖယ်သေနတ်တို့ နှိုင်းယှဉ်ရာတွင် နှစ်လုံးပြူးသေနတ်က အလေးသာနေပါသည်။

နှစ်လုံးပြူးသေနတ်အတွင်းမှ ကိုးလုံးကျည်နှစ်တောင့်သည် နှစ်စက္ကန့်အတွင်း ပစ်နိုင်သဖြင့် ဒဿမ သုံးလက်မခန့်ရှိ ကျည်ဆံအလုံး တစ်ရာ့ရှစ်လုံး ထွက်ပါသည်။

ရိုင်ဖယ်မှာကား ထိုအချိန်အတွင်း ဒဿမ သုံးသုံညသုံးလက်မရှိ ကျည်တစ်တောင့်သာ ထွက်နိုင်ပါသည်။

မနုဿ မုဆိုးကြီးနှစ်ဦးတို့သည် အကာအကွယ်နောက်မှ တစ်ဦးကိုတစ်ဦး စောင့်ဆိုင်းချောင်းမြောင်း နေကြသည်မှာ တစ်နာရီခန့်ရှိသွားပါသည်။

သူကြီးဦးအေးမောင်သည် မိမိအား ပစ်ခံရမည့် ပစ်ကွင်းကို ငယ်နိုင်သမျှ ငယ်စေရန် သောင်းကျန်းသူအား ညာဘက်မျက်စိဖြင့် စောင့်လျက်ကြည့်လိုက်ရာ သောင်းကျန်းသူသည် မိမိဘက်သို့ ရိုင်ဖယ်သေနတ်ဖြင့် ချိန်ထားပြီး ၄င်းပစ်ရန်ပစ်မှတ်ကိုအပေါ်ပိုင်းတစ်ဝက်နီးပါးခန့် ပေါ် နေသည်ကို တွေ့ရပါသည်။

သူကြီးဦးအေးမောင်သည် အချိန်မဆိုင်းတော့ဘဲ မိမိအကာအကွယ်မှ နောက်ဘက်တည့်တည့်သို့ ဆုတ်ခွာပြီး မျက်ကွယ်ကိုယူကာ ဘယ်ဘက်သို့ တတ်နိုင်သမျှ တိုးလိုက်ပါသည်။ ဘယ်ဘက်သို့ ဆယ်ကိုက်မျှ ရောက်သွားသဖြင့် ရန်သူ၏ ပစ်မှတ်သည် သုံးပုံနှစ်ပုံခန့်ပေါ်လာရာ သူကြီးဦးအေးမောင်သည် ကျည်ကွယ် မျက်ကွယ်ကို မယူတော့ဘဲ ရုတ်တရက် မတ်တပ်ရပ်ကာ ရန်သူ၏ ဦးခေါင်းသို့ချိန်ပြီး ကိုးလုံးကျည်တစ်တောင့်ဖြင့် ပစ်လိုက်ပါသည်။

ရန်သူသည် နောက်သို့လန်ပြီး လဲကျသွားပါသည်။

သူကြီး ဦးအေးမောင်သည် တစ်ချိုးတည်း ရွာသို့သုတ်ခြေတင်ခဲ့ပါသည်။ ရွာသို့ရောက်လျှင် ဇနီးနှင့်သားသမီးများခေါ်ပြီး တန်ဖိုးရှိသည့် ပစ္စည်းများကိုယူကာ ပေါက်ခေါင်းမြို့သို့ ဒုန်းဆိုင်းမောင်းပါတော့သည်။

ပေါက်ခေါင်းမှတစ်ဆင့် ပြည်သို့ ပြောင်းပြီး ရွှေဆံတော်ဘုရားအနီးတွင် အိမ်တစ်လုံးဝယ်ကာ စက်ပြင်အလုပ်ရုံကလေးတစ်ခု တည်ထောင်ကာ လုပ်ကိုင်စားသောက်နေပါသည်။

ဝါသနာအလျောက် အစိုးရအရာရှိများ၊ တပ်မတော် အရာရှိများက ခေါ်လျှင် အမဲပစ်ပေးလေ့ ရှိပါသည်။

နောင်တွင် ဆောက်လုပ်ရေးမှ ဘီအီး ဦးစောဒေးဗစ်နှင့် ပေါင်းမိကာ အမဲကြီးမျိုးစုံကို ပစ်နိုင်ခဲ့ပါသည်။

၁၉၅၀ ခုနှစ်တွင် ဗကပခေါင်းဆောင် သခင်သန်းထွန်းသည် ဘုန်းကြီးယောင်ဆောင်ကာ အညာမှ သင်္ဘောဖြင့် စုန်လာပြီး ပြည်မြို့မှတစ်ဆင့် ပေါင်ခေါင်းနယ်သို့ ဝင်သွားကြောင်း၊ ၁၉၆၄ ခုနှစ်တွင် “ငဆော်ကြီး”ခေါ် ဝါးရင်းတုတ်ကြီးနှင့် “ငခုတ်ကြီး”ခေါ် ဓားကြီးတစ်ချောင်းတို့ဖြင့် ဖြုတ်၊ ထုတ်၊ သတ် လမ်းစဉ်ကို ကျင့်သုံးပြီး ကျေးရွာလူထုနှင့် ၄င်းတို့အချင်းချင်းကိုပါ သတ်ဖြတ်နှိပ်စက်ကြောင်း၊ နောက်ဆုံးတွင် သခင်သန်းထွန်းကို ရဲဘော်မြကြီးဆိုသူက ရိုင်ဖယ်နှင့် ကိုက်အစိတ်ခန့်မှ ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း စသည်တို့ကို “သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ” စာအုပ်တွင် ဖတ်ရှုပြီး သင်ခန်းစာ ယူရပါသည်။

ကျွန်တော်တို့ မုဆိုးအဖွဲ့သည် လက်နက်မျိုးစုံ ကိုင်ဆောင်ကာ ဂျစ်ကားတစ်စီးနှင့် မြေသယ်ကားတစ်စီးတို့ဖြင့် ဆင်တဲမှ နေ့လည်တစ်နာရီကျော်ခန့်တွင် ထွက်ခဲ့ကြရာ ပန်းတာင်းသို့ နှစ်နာရီမတိုင်မီ ရောက်ရှိကြပါသည်။

ပန်းတောင်းမြို့မှတစ်ဆင့် အသင့်စောင့်နေသော နလက ဥက္ကဋ္ဌ၊ ဗိုလ်ရဲလွင်နှင့် တပည့်တစ်ဦးတို့သည် နှစ်လုံးပြူးတစ်လက်၊ ရိုင်ဖယ်တစ်လက်တို့ဖြင့် ကျွန်တော်တို့အဖွဲ့နှင့်ပေါင်းကာ လိုက်လာကြပြီး ညောင်ကျိုးစခန်းသို့ ဆက်လက်ထွက်ခွာလာခဲ့ကြပါသည်။

ညောင်ကျိုးစခန်းသို့ မရောက်မီ သုံးမိုင်ခန့်အလိုတွင် မုဆိုးကျော်စိန်ညိုအား ရိုင်ဖယ်သေနတ်တစ်လက်နှင့် ကျည်ဆယ်တောင့်ပေးပြီး ချထားခဲ့ပါသည်။

ကျွန်တော်တို့သည် ညောင်ကျိုးစခန်းသို့ ညနေသုံးနာရီခွဲခန့်တွင် ရောက်ရှိကြပါသည်။

လေးနာရီခွဲခန့်တွင် စိန်ညိုသည် ဂျီတစ်ကောင်ကိုထမ်းကာ စခန်းသို့ ရောက်ရှိလာပါတော့သည်။

ဆင်ကျုံးမှာ ကရင်အမျိုးသားနှစ်ဦးသည် စခန်းသို့ ရောက်ရှိနေပါသည်။ ကျွန်တော်တို့သည် ကျားပစ်မည့်အစီအစဉ်ကို တိုင်ပင်ဆွေးနွေးကြပါသည်။ ကျားသည် အလွန်အတင့်ရဲပြီး ကတ္တရာလမ်းပတ်ဝန်းကျင်မှာပင် ရှိကြောင်း သိရှိရသဖြင့် ဤညအဖို့ မီးဆလိုက်ထိုးပြီး ကားဖြင့် ကျားကိုရှာ၍ ပစ်မည်ဖြစ်ပါသည်။

အဓိက ကျားပစ်မည့်သူမှာ အကြီးဆုံးသေနတ်ကို ကိုင်ဆောင်ထားသည့် သူကြီး ဦးအေးမောင်ဖြစ်ပြီး ဗိုလ်ရဲလွင်နှင့် ကျွန်တော်မှာ အရန်ဖြစ်ပါသည်။

ထိုည ကိုးနာရီခန့်တွင် ကျားပစ်မည့်မုဆိုးအဖွဲ့သည် အလိုက်မီးဖြင့် ကျားကိုရှာပြီး ပစ်ရန် ထွက်ခဲ့ကြပါသည်။

သူကြီးဦးအေးမောင်သည် သုံးရာခုနစ်ဆယ့်ငါး ရိုင်ဖယ်ကြီးမှ ထိပ်ဖူးပျော့များကို ကျည်ကပ်မက်ခ်နမ်ထဲတွင် ထည့်၍လည်းကောင်း၊ နလကဥက္ကဋ္ဌ ဗိုလ်ရဲလွင်သည် တစ်ဆယ့်နှစ်ဗို့ ပြောင်းချောနှစ်လုံးပြူးသေနတ်တွင် ခြောက်လုံးကျည်နှစ်တောင့် ထည့်၍လည်းကောင်း၊ ကျွန်တော်သည် ပွိုင့်သာတီးအိုဆပ်၊ ဆီဗီးအော်တို ရိုင်ဖယ်ကျည်ကပ်ထဲတွင် ထိပ်ဖူးအပျော့လေးတောင့်ထည့်၍ ၄င်းကျားဆိုးကြီးကို တွေ့ပါက ပစ်ခတ်နှိမ်နင်းရန် အဆင်သင့်ဖြစ်နေကြပါသည်။

စိန်ညိုက မီးထိုးပြီး သန်းဝင်းက ကားကို ဖြည်းညင်းစွာ မောင်းပါသည်။

စခန်းမှ ငါးမိုင်ခန့်အရောက် ကား၏ ညာဘက် ကိုက်လေးဆယ်ခန့်ရှိ မြက်တောထဲသို့ မီးဆလိုက်ထိုးပြီး စိန်ညိုသည် “ကျား … ကျား” ဟု အော်ပါသည်။

ကျွန်တော်တို့ မုဆိုးသုံးယောက်သည် ကျားမျက်လုံးလည်း မမြင်ရသဖြင့် မပစ်ကြပါ။

စိန်ညိုက “ပစ်ပါ … ပစ်ပါ”ဟု ခပ်ကျယ်ကျယ် အော်ပြောနေသဖြင့် ကျွန်တော်တို့လည်း သူမီးထိုးထားသောနေရာသို့ ဝိုင်းဝန်းပစ်ခတ်ကြပါသည်။

သူကြီး ဦးအေးမောင်က တစ်ချက်၊ နလကဥက္ကဋ္ဌ ဗိုလ်ရဲလွင်က နှစ်ချက်၊ ကျွန်တော်က သုံးချက် ပစ်လိုက်ပါသည်။

ယမ်းခိုးငွေ့များ ကုန်သွားသည်အထိ ခေတ္တစောင့်ကြည့်ပြီး ကားကို တစ်ဖြည်းဖြည်း ရှေ့သို့ ဆက်မောင်းစေပါသည်။

လမ်းဘေးမြောင်းထဲတွင် ကျွဲကြီးတစ်ကောင် သေနတ်ကျည်ဆံများစွာဖြင့် သေနေသည်ကို တွေ့ရပါသည်။

ကျွန်တော်သည် စိန်ညိုအား ဝါရင့်မုဆိုးကြီးဖြစ်ပါလျက် ကျားမျက်လုံးနှင့် ကျွဲမျက်လုံးအား ခွဲခြားပြီးမသိရကောင်းလားလို့ ပြောဆိုပြီး ကြိမ်းမောင်းပါသည်။ နောက်ပြီး ညမီးထိုးပေးရာတွင် ဤမျှ ကျယ် လောင်စွာအော်ပြောနေရကောင်းလားဟုလည်း ဆူပူပါသည်။

ဤတွင် သူကြီးဦးအေးမောင်က စိန်ညို ကျားကြောက်ရသည့် အကြောင်းရင်းကို ပြောပြပါသည်။

ကျားတို့သဘာဝ ပျော်မြူးကြသည့် ပြာသိုလတွင် စိန်ညိုသည် ကျားလေးကောင်နှင့် ပက်ပင်းတိုးမိပြီး ကျားများ၏ လိုက်လံတိုက်ခိုက်ခြင်းကို ပြန်လည်ပစ်ခတ်ရာ ကျားအားလုံးကို ဒဏ်ရာရစေသော်လည်း အသက်လုပြီး ခြေကုန်သုတ်၍ ပြေးလာခဲ့ရကြောင်း သိရပါသည်။

ကျွန်တော်တို့ မုဆိုးအဖွဲ့သည် ကားကို နောက်လှည့်ပြီး စခန်းသို့ ခပ်မှန်မှန် မောင်းပြန်လာခဲ့ကြပါသည်။

စခန်းမှ တစ်မိုင်ခန့်အကွာတွင် ဘယ်ဘက်တောင်ကုန်းတစ်ခုပေါ်တွင် ဂျီတစ်ကောင်ကို တွေ့ရာ သူကြီးဦးအေးမောင်သည် သူ၏ သေနတ်ကြီးနှင့် ပစ်လိုက်ရာ ဂျီ၏ ကိုယ်လုံးတည့်တည့်သို့ ထိပြီး အသားတစ်ပိဿာခန့် ထွက်ကျသွားပါသည်။ သတ္တဝါနှင့် လက်နက် မမျှခြင်း ဖြစ်ပါသည်။

ထိုညတွ ကျွန်တော်တို့ စောစောအိပ်ကြပါသည်။

နောက်နေ့ နံနက်စောစောထပြီး နံနက်စာ စားကြပါသည်၊ ကျားဆိုးကြီး အသွားအလာများတတ်သည့် နေရာအနီးတစ်ဝိုက်တွင် လင့်စင်ထိုးကာ သူကြီးဦးအေးမောင်နှင့် ဆင်ကျုံးမှ ကရင်အမျိုးသားတစ်ဦး တို့သည် ကျားဆိုးကြီးကို စောင့်ပစ်ရန် စီမံချက်ဆွဲကြပါသည်။

၄င်းနေ့နံနက် ရှစ်နာရီခန့်တွင် သူကြီးဦးအေးမောင်နှင့် ဆင်ကျုံးလုပ်သား ကရင်အမျိုးသားကြီးနှစ်ဦးတို့အား ၄င်းတို့ ယာယီစခန်းချနေသောနေရာသို့ မြေသယ်ကားဖြင့် လိုက်ပို့လိုက်ပါသည်။

သူကြီးဦးအေးမောင်သည် အသက်လေးဆယ့်ငါးနှစ်ခန့်ရှိပြီး အရပ်ငါးပေငါးလက်မခန့်မြင့်ကာ ဂင်တိုတို ဗလကောင်းကောင်း ဖြစ်ပါသည်။ အသားမဖြူမညို မျက်လုံးပြူးပြူးနှင့် သူ့ကို ကြည့်ရသည်မှာ ကျားတစ်ကောင်နှင့်ပင် တူနေပါတော့သည်။

သူကြီး ဦးအေးမောင်သည် ဆင်ကျုံးသမားများ ယာယီစခန်းချနေသည့် နေရာသို့ ရောက်သွားပြီး ကျားဆိုးကြီး အသွားအလာများသည့် နေရာတွင် လင့်စင်ထိုးပြီး ကျားဆိုးကြီးအလာကို စောင့်ပစ်ရန် ဖြစ်ပါသည်။

လင့်ထိုးမည့်နေရာကား ကားလမ်းနှင့် နှစ်ဖာလုံခန့်သာ ကွာဝေးသဖြင့် ပစ်ကွင်းကောင်း မြင်ကွင်းကောင်းသည့် နေရာကို ရွေးရန် လမ်းပြ ကရင်အမျိုးသားအား ရိုင်ဖယ်တစ်လက်ပေးပြီး သူကတော့ ထိပ်ဖူးအပျော့ ကျည်သုံးတောင့်ကို မက်ခ်နမ်ရိုင်ဖယ်ကြီး၏ ကျည်ကပ်ထဲတွင်ထည့်ကာ ဓားမြောင်နှင့် ပွိုင့်သုံးဆယ့်နှစ် ပစ္စတိုကိုပင် စခန်းမှာထားခဲ့ပါသည်။

သူကြီးဦးအေးမောင်သည် ရှေ့မှသွားပြီး လမ်းပြက နောက်မှ ကပ်လိုက်ပါသည်။ လူသွားလမ်းအတိုင်း နှစ်ဖာလုံခန့် တောတွင်းသို့ ဝင်သွားပြီး ညာဘက်သို့ ချိုးလိုက်ရာတွင် ကျားဆိုးကြီးမှာ လူသွားလမ်းပေါ်တွင် ဘုရားမုခ်ဦးရှေ့တွင်ရှိသည့် ခြင်္သေ့ရုပ်ကြီးကဲ့သို့ မြိန့်မြိန့်ကြီး ထိုင်နေသည်ကို ကိုက်လေးဆယ်အကွာမှ သူကြီး ဦးအေးမောင် တွေ့လိုက်ရပါသည်။

ကျားဆိုးကြီးမှာ အထီးကြီး ဖြစ်ပြီး ၄င်း၏ငယ်ပါနှစ်လုံးကို ပြူးပြူးကြီး တွေ့ရပါသည်။

ဤတွင် သူကြီးဦးအေးမောင်သည် သေနတ်ပြောင်းအတွင်းသို့ ကျည်ထိုးမထားခဲ့ခြင်းနှင့် သေနတ်ကို အသင့်အနေအထားဖြင့် ကိုင်ဆောင်မလာသည်ကို နောင်တရနေပါတော့သည်။

သူကြီးဦးအေးမောင်သည် ကျားဆိုးကြီး၏ မျက်လုံးများကို မိမိမျက်လုံးဖြင့် မမှိတ်ဘဲ စိုက်ကြည့်ပြီး သေနတ်ကို အလွန်ဖြည်းညှင်းစွာ ကျည်ထိုးလိုက် ပါသည်။ (လှုပ်ရှားမှုအားလုံးကို စလိုးမိုးရှင်းဖြင့် ပင်ပန်းကြီးစွာ ပြုလုပ်နေရပါသည်)

သူကြီးဦးအေးမောင်သည် ကျားဆိုးကြီး၏ လည်းပင်းအောက်၊ရှေ့လက်နှက်ဖက် အဆုံ၏ ဗဟိုတည့်တည့်ချိန်ပြီး ပစ်ထည့်လိုက်ပါသည်။

“ဒိုင်း”ဟူသော ယမ်းအား ဂရမ်သုံးရာ့ငါးဆယ်ရှိသည့် ကျည်ဆံကြီး၏ ကျယ်လောင်စွာ မြည်ဟီးသံနှင့်အတူ ကျားဆိုးကြီးမှာ နောက်သို့ ငါးပေခန့် လွင့်စင်သွားပြီး တုံးလုံးလဲနေပါတော့သည်။

သူကြီးဦးအေးမောင်သည် နောက်ထပ် ကျည်ထိုးပြီး တစ်ဖြည်းဖြည်း ကျားဆိုးကြီးလဲနေသည့် နေရာသို့ သေနတ်နှင့်ချိန်ပြီး တိုးသွားပါသည်။

မိမိထံတွင် ကျည်နှစ်တောင့်သာ ကျန်ရှိတော့သည့်အတွက် နောက်ထပ်တစ်ချက် သေချာအောင် မပစ်ခြင်း ဖြစ်ပါသည်။

ကျားဆိုးကြီး လဲနေသည့်နေရာသို့ ရောက်သွားပြီး ကျားဆိုးကြီး၏ ကိုယ်ကို သေနတ်ပြောင်းဖြင့် ထိုးကြည့်ရာ လုံးဝမလှုပ်နိုင်တော့ဘဲ ဇီဝိန်ချုပ်နေသည်ကို တွေ့ရှိရပါတော့သည်။

ကျားဆိုးကြီးကို ထိမှန်သွားသည့် ထိပ်ဖူးပျော့ကျည်ဆံသည် ဖောက်ထွက်သွားခြင်းမရှိဘဲ အထဲတွင်မွှေ့လိုက်သဖြင့် ထိအား အလွန်ကောင်းပါသည်။

နောက်မှ ကပ်လိုက်လာသည့် လမ်းပြကို လှည့် ကြည့်လိုက်ရာ မည်သည့်အချိန်က ထွက်ပြေးသွားသည်ကို မသိဘဲ မတွေ့ရတော့ပါ။

သူကြီးဦးအေးမောင်လှုပ်ရှားနေသည့် စလိုးမိုးရှင်း အချိန်မှာ တစ်ဆယ့်ငါးစက္ကန့်မျှသာကြာရာ တစ်ဆယ့်ငါးမိနစ်ထက် ကြာသည်ဟု ထင်မှတ်ရပြီး ချွေးသီးချွေးပေါက်များပင် ကျနေပါသည်။

ဤမျှအချိန်အနည်းငယ်အတွင်း သေနတ်သံကြီးကို ကြားလိုက်ရသည့်အတွက် ဆင်ကျုံးလုပ်သားများသည် အံ့ဩကာ ခေါင်းထောင်လာကြပါသည်။

အတွေ့အကြုံရှိသည့် လုပ်သားကြီးတစ်ဦးက သေနတ်သံတိုသဖြင့် ကျားဆိုးကြီးအား ထိမှန်သည့်အသံပင်ဖြစ်ကြောင်း ပြောလိုက်ရာ စခန်းရှိလုပ်သားအားလုံး ထပြီးကခုန်ကြပါသည်။

မကြာမီ သူကြီးဦးအေးမောင် ရောက်ရှိလာပြီး ကျားဆိုးကြီးအား လှဲထားခဲ့ကြောင်း၊ သွားရောက်ဖျက်ကြရမည်ဖြစ်ကြောင်း၊ အရေခွံကို မပျက်ဆီးစေရန် ဂရုပြုပြီးခွာရန် မှာကြားလိုက်ရာ ဆင်ကျုံးလုပ်သားအများစုသည် ဓားကိုယ်စီဖြင့် ပြေးထွက်သွား ကြပါသည်။

အချို့ ဆင်ကျုံးလုပ်သားများသည် ကျားအသားနှင့် ကျားအသည်း အစိမ်းလိုက် ကိုက်စားကြပါသည်။

ကျားဆိုးကြီးအား ပစ်ခတ်သတ်ဖြတ်ပြီးဖြစ်ကြောင်း သူကြီးဦးအေးမောင်က လူလွှတ်ပြီး သတင်းပေးပို့ချက်အရ ကျားသားများ တင်ယူလာနိုင်ရန် မြေသယ်ကားကို စေလွှတ်လိုက်ပါသည်။

မရှေးမနှောင်းမှာပင် သန်းဝင်းနှင့် စိန်ညိုတို့က ဆတ်တစ်ကောင် လှဲထားကြောင်း သတင်းပို့လာသဖြင့် ဆတ်ကိုဖျက်ရန် လူလွှတ်လိုက်ရပြန် ပါသည်။

ကျားသားနှင့် ဆတ်သားတို့သည် မရှေးမနှောင်းမှာပင် ညောင်ကျိုးစခန်းသို့ ရောက်ရှိလာကြပါသည်။

နလကဥက္ကဋ္ဌ ဗိုလ်ရဲလွင်နှင့် ကျွန်တော်တို့သည် ဝီစကီပုလင်းကိုဖွင့်ကာ ကျားသား၊ ဆတ်သားနှင့် ဂျီသားတို့ဖြင့် အောင်ပွဲခံ စားသောက်ကြပါသည်။

ကျားသားမှာ နူးညံသော်လည်း အတော်ညှိပါသည်။ ဟင်းမွှေးမဆလာအတော်များများ ခပ်လျှင် တော့ စားကောင်းမည်ဖြစ်ပါသည်။

ထိုနေ့ညနေပိုင်းတွင် ကျွန်တော်တို့ ကျားပစ်မုဆိုးအဖွဲ့သည် အောင်ပွဲခံကာ ညောင်ကျိုးမှ ပြန်ဆင်း လာကြပါသည်။

ထုံးစံအတိုင်းပင် ကျွန်တော်သည် မိတ်ဆွေများ၊ တပည့်များကို အလှူဒါနပြုခဲ့ရသဖြင့် အိမ်သို့ပြန်ရောက်သည့်အခါတွင် ဂျီသား တစ်ပိဿာခန့်နှင့် ဆတ်သား နှစ်ပိဿာခန့်သာ ကျန်ပါတော့သည်။

ဤသို့အားဖြင့် နလကဥက္ကဋ္ဌ၊ ဗိုလ်ရဲလွင်နှင့် ကျွန်တော်တို့ မုဆိုးအဖွဲ့ စုပေါင်းအကြံထုတ်ပြီး ဆွေးနွေးတိုင်ပင်ကာ ဆင်ကျုံးလုပ်သားကြီးများဖြစ်သည့် တိုင်းရင်းသားကရင်အမျိုးသားများကို အလုပ်များစွာ ထိခိုက်စေပြီး၊ နှစ်ဦးသေခါ နှစ်ဦးကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည့် ရိုးမကျားဆိုးကြီးအား နှိမ်နင်းသတ်ဖြတ်နိုင်ခဲ့ကြသည့် ဖြစ်ရပ်မှန်ကို ရေးသားဖော်ပြလိုက်ရပါတော့သတည်း။

(နောက်ပိုင်း Facebook က စာတင်လို့မရတော့လျှင် စာဆက်ဖတ်နိုင်ဖို့အတွက် အောက်က Telegram ကို Joint ထားကြပါဗျ)

Leave a Reply

Your email address will not be published. Required fields are marked *