July 31, 2025
Uncategorized

ရိုးမည

စိုးတင့်ထူး(မအူပင်)
ရိုးမည

အဖေ့နာမည်က ဦးအိုက်ထွန်း။ မိုးပုလဲရွာကလေးမှာ အဖေက သူရဲကောင်း။ ကျွန်တော် အဖေ့သားဖြစ်ရတာကို ဂုဏ်ယူဝင့်ကြွားခဲ့၏။

ရွာသားတွေက ဦးအိုက်ထွန်း၏သားဆိုပြီး အရေးပေးခဲ့ကြ၏။ သွားရာ လာရာမှာလည်း အဖေ့အရှိန်အဝါကြောင့် ကျွန်တော် မျက်နှာပွင့်လန်းခဲ့၏။

ကျွန်တော်တို့ မိုးပုလဲရွာကလေးမှာ ပဲခူးရိုးမတောင်ခြေရဲ့ အရှေ့ဘက် ရွာကလေးဖြစ်၏။ အိမ်ခြေ ခြောက်ဆယ်ခန့်သာရှိပြီး ရွာသူရွာသားများမှာ သစ်ခုတ် ဝါးခုတ် အလုပ်အပြင် အမဲလိုက်ခြင်းနှင့် အသက်မွေးကြလေ၏။ အဖေ ဦးအိုက်ထွန်း၏ ဇာတိမှာ ရှမ်းပြည်တောင်ပိုင်း ထန်ဆမ်းရွာသား တစ်ဦးဖြစ်ပြီး မြေပြန့်သို့အလာတွင် အမေနှင့် အကြောင်းပါခဲ့ခြင်းဖြစ်၏။

ကျွန်တော့်ကိုမွေးတော့ အမေက ကျန်းမာရေးမကောင်းလှ။ မွေးပြီး ကျွန်တော်ငါးနှစ်သားအရွယ်တွင်အမေဆုံးပါးခဲ့၏။

ထိုအခါ အမေ့ညီမ အဒေါ်ကြီးအေးပုံရင်ခွင်ထဲတွင် ကျွန်တော် ကြီးပြင်းခဲ့ရ၏။ အဖေက အမေဆုံးပြီးကတည်းက ကျွန်တော်နားမှာ နေသည်မရှိ။ တောအနှံ့ တောင်အနှံ့သွားလာရင်းအချိန်ကုန်ခဲ့၏။

ဒေါ်ကြီးအေးပုံတွင် သားသမီးလေးယောက်ရှိ၏။ သူ့ခင်ပွန်းသည် ဦးကြီးမြထိုက်က အဖေ့လိုပဲ တောလိုက်မုဆိုးကြီးဖြစ်၏။

အဖေက ကျွန်တော့်ကို နို့တိုက်ပေးသည် ဒေါ်ကြီးအေးပုံအတွက် တောလိုက်ပြီးရလာသည့် သားကောင်တွေကို ပေးတတ်၏။

အဖေလာပြီဆိုလျှင် ဒေါ်ကြီးတို့လူသိုက် အူစိုနေတတ်၏။ ဦးကြီးမြထိုက်ကလည်း အဖေနှင့် အတူတွဲပြီး တောလိုက်ခရီးထွက်တတ်၏။ သို့ပေသည့် အဖေ့လောက် သားကောင်အထာ မကျွမ်းသည်မို့ ဦးကြီးမြထိုက်က အဖေ့ကို ဆရာတင်ထားရ၏။

အဖေကလည်း တောလိုက်ရမည်ဆိုလျှင် အရာရာကိုမေ့သွားတတ်၏။ အဖေတောလိုက်သွားပြီဆိုလျှင် ကျွန်တော်အမြဲတမ်းပျော်ရ၏။

အဖေ့မေတ္တာနှင့် ကျွန်တော် ငယ်ငယ်လေးထဲက ဝေးရမည်ဟု ဆိုရချေမည်။ သို့သော် အဖေနဲ့ ဘယ်လောက်ဝေးဝေး အဖေလာပြီဆိုသည်နှင့် ဒေါ်ကြီးအေးပုံ၏ရင်ခွင်က အတင်းရုန်းထွက်ပြီး အဖေရှိရာကို အပြေးအလွှား သွားတတ်၏။

အဖေကတစ်ခါတစ်ခါ စိတ်လိုလက်ရရှိပြီဆိုလျှင် ကျွန်တော့်ကို သူ့ပခုံးကြမ်းကြမ်းကြီးပေါ်တင်ကာ ရွာစဉ် လျှောက်လည်တတ်၏။

ထိုအခါမျိုးဆိုလျှင် ကျွန်တော်ပျော်လိုက်သည် ဖြစ်ခြင်း။ အဖေကလည်း လမ်းမှာ ကျွန်တော်စားချင်တာမှန်သမျှ ဝယ်ကျွေးတတ်၏။ ကျွန်တော်က ကောက်ညှင်းပေါင်း သိပ်ကြိုက်တဲ့ကောင်။ ဒါပေမယ့် အုန်းသီးဖြူးတာမကြိုက်၊ နှမ်းထောင်းလေးငန်ကျိကျိကို စားချင်သူဖြစ်၏။

အဖေက ကျွန်တော့်ကို ရွာထိပ်မှာရောင်းသည့် ကောက်ညှင်းပေါင်းကို တဝတပြဲ ကျွေးတတ်၏။ ထိုညမျိုးဆိုလျှင် ကျွန်တော် ဝမ်းမသွားနိုင်သည် ဝေဒနာ အကြီးအကျယ်ခံစားရဖူး၏။

အဖေက ကျွန်တော့်ကို ဤသို့ကျွေးပြီးသည့်နောက် ဒေါ်ကြီးအေးပုံက အဖေ့ကို ဆူတော့၏။ အဖေကတော့ ပြုံးပြုံးပင်။ တစ်ခါတစ်ရံ အမဲပစ်က ပြန်လာလျှင် ယုန်ကလေးတွေ သုံးလေးကောင် ပါလာတတ်၏။

ကျွန်တော်က ယုန်ကလေးတွေကြည့်ပြီး သနားနေတတ်၏။ အဖေကတော့ ယုန်အသေကလေးတွေကို ခြေထောက်နှစ်ချောင်းကကိုင်ကာ ဓားမြှောင်ကြီးနှင့် အရေခွံကို တဗြိဗြိဆွဲခွာနေ၏။ ကျွန်တော်ကတော့ အဖေ့ အပြုအမူကို နားမလည်။ သွေးရဲရဲဖြစ်နေသော ယုန်ကလေးကို ကျွန်တော် မကြည့်ရဲ။

သို့သော် ယုန်သားကြော်ကို ကျွန်တော် အလွန်ကြိုက်၏။ နောက်တော့ အဖေအမဲပစ်ထွက်ပြီဆိုလျှင် ယုန်သုံးလေးကောင်ပါလာစမြဲ။

ယုန်သားရေကိုခွာပြီး အမြဲတမ်းနေလှန်းတတ်၏။

ကျွန်တော်ကတော့ ယုန်သားကြော်ဝါးလိုက် ယုန်သားကင်စားလိုက်နှင့် ဇိမ်တွေ့နေတတ်၏။

တစ်နေ့ အဖေကိုယ်တိုင် ယုန်သားရေကို စပ်ကာ ကျွန်တော့်အတွက် ယုန်သားရေအင်္ကျီ ချုပ်ပေးခဲ့၏။

ချုပ်ပြီးကာစတော့ ကျွန်တော်မဝတ်ရဲ။ ယုန်ကလေးတွေသားရေကို ဝတ်ရမှာသနားမိ၍ ဖြစ်သည်။ သို့သော် အဖေက အတင်းဝတ်ပေးသဖြင့် ဝတ်ကြည့်ရာ နွေးနွေးထွေးထွေးရှိလှသလို ဝတ်လို့လည်းကောင်းလှ၏။

အဲဒီအချိန်ကစပြီး အဖေချုပ်ပေးသည် ယုန်သားရေအင်္ကျီကို ဘယ်တော့မှ မချွတ်တော့။ အဖေကလည်း တောလိုက်ပြီးပြန်လာပြီဆိုလျှင် သူချုပ်ပေးထားသည့်အင်္ကျီကလေး ဝတ်ထားမှ ကြိုက်တတ်၏။

သို့ဖြင့် ကျွန်တော်ဆယ်နှစ်သားခန့် အရွယ်ရောက်လာသောအခါ အဖေနှင့်အတူ တောထဲလိုက်တတ်လာ၏။

အဖေက ကျွန်တော်ပါသည်အခါတွင် တောနက်ကြီးထဲဘယ်တော့မှမသွား။

ယုန်တွေ သမင်တွေပေါသည့် တောအုပ်စပ်နားသာ ဝင်တတ်၏။ ပဲခူးရိုးမတောင်ရိုးကြီးက အမြဲတမ်း တောင်ခိုးတွေ ဝေနေတတ်၏။ သစ်ပင်ကြီးငယ်တွေကလည်း စိမ်းစိုအုပ်ဆိုင်းနေတတ်၏။

ကျွန်တော်အဲဒီတောကြီးထဲသို့ သွားရောက်လည်ပတ်ချင်သော်လည်း အဖေက လိုက်ခွင့်မပြု။ သားရဲတိရစ္ဆာန်ကြီးတွေ ပေါလှသဖြင့် ကျွန်တော့်ကို ဘယ်တော့မှ မခေါ် … ။

ကျွန်တော့်စိတ်ထဲမှာတော့ အဲဒီတောင်တန်း တောင်ရိုးကြီးထဲ တစ်နေ့ အဖေ့လိုပဲ သွားရောက်အမဲလိုက်မည်ဟု ကြုံးဝါးထားမိ၏။

ကျွန်တော်ရွာမှာကျန်ခဲ့စဉ် ဒေါ်ကြီးအေးပုံက ကျွန်တော့်ကို သူ့သားနှစ်ယောက်နှင့်အတူ ကျောင်းထားပေး၏။

ကျွန်တော်ငယ်ငယ်က သတ္တဝါလေးတွေ သတ်ဖြတ်တာကို သနားခဲ့သော်လည်း အရွယ်ရလာသည့်အခါ အဖေ့လိုပဲ အမဲလိုက်ချင်စိတ်တွေ ပေါ်မိ၏။

ကျောင်းစာသင်နေရသော်လည်း စာကို စိတ်မဝင်စား။ ကျောင်းသွားချင်ယောင်ဆောင်ပြီး ရွာအပြင်ထွက်ခါ ငုံးထောင် ချိုးထောင်လုပ်​၏။

တစ်ရံတစ်ခါ ငါးရိုက် ဖားရိုက် လုပ်တတ်၏။

အဖေကတော့ ကျွန်တော်ကျောင်းသားကြီးဖြစ်နေပြီမို့ ဝမ်းသာအားရဖြစ်နေမိတာ အမှန်ပင်။ ကျွန်တော်က စာဖတ်ဖို့ထက် လောက်လေးတစ်ချောင်းနှင့် ရွာအပြင်ထွက်ပြီး ဟိုပစ် ဒီပစ်လုပ်တာကို ဝါသနာပါ၏။

တစ်နေ့ ကျွန်တော်ကျောင်းပြေးတာကို ဒေါ်ကြီးအေးပုံ မိသွား၏။ ထိုအခါ ကျွန်တော့်ကို ဝါးခြမ်းပြားနှင့် ခပ်ကြမ်းကြမ်း ရိုက်နှက်လေရာ အဲဒီည ကျွန်တော် စိတ်ကောက်ပြီး ထမင်းမစားဘဲ အိပ်ယာဝင်ခဲ့၏။

ဒေါ်ကြီးအေးပုံက ကျွန်တော့်ကို ပြန်ချော့ပြီး ကျွေးမွေးသော်လည်း ကျွန်တော် ခေါင်းခါခဲ့၏။ ထိုအခါဒေါ်ကြီးအေးပုံက ကျွန်တော့်ကို အဖေလိုပဲလာမယ့် ကောင်လေးဟု မှတ်ချက်ပြုတတ်၏။ ထိုအခါ ကျွန်တော် ပီတိဖြစ်မိသလို ဂုဏ်ယူမိသလို ခံစားမိ၏။

အမှန်တော့ ကျွန်တော်ကိုယ်၌က အဖေ့လို မုဆိုးကြီးဖြစ်ရမှာ ဝမ်းသာ၏။ ကျွန်တော် မုဆိုးကြီးဖြစ်လာလျှင် ဒူးလေးကောင်းကောင်းတစ်လက်၊ အဆိပ်လူးမြား အချောင်းနှစ်ဆယ်လောက်ထည့်ပြီး ဓားမြှောင်တစ်ချောင်းနှင့် တောင်ရိုးတစ်လျှောက် လျှောက်သွားချင်၏။

ကျွန်တော်ပစ်ချင်သည် အမဲကောင်က ယုန်တွေ သမင်တွေ မဟုတ်။ သားကောင်ကြီးကြီးကိုမှ ရွေးပစ်ချင်၏။ ထိုသို့ အမဲလိုက်သွားရာတွင်လည်း သိုင်းပညာတတ်မှဖြစ်မည်ဟု စိတ်ကူးရ၏။

ဘာကြောင့်ဆိုသော် တစ်ချိန်က အဖေ တောထဲ အမဲလိုက်သွားရင်း ဝက်ဝံပေါက်တစ်ကောင်နှင့် တိုးခဲ့ဘူး၏။ ထိုအခါ အဖေနှင့် ဝက်ဝံ နပမ်းလုံးခဲ့ရာ ဒဏ်ရာအနာတရတွေ ရခဲ့၏။

ဝက်ဝံကြီးမှာလည်း အဖေ့လက်ချက်နှင့် သေရဆုံးခဲ့ရ၏။ ထိုစဉ်က ဝက်ဝံကြီးကို တောဈေးတွင် ပြန်လည်ရောင်းချကာ အဖေ့ကို ဆေးပြန်ကုခဲ့ရဘူး၏။ ဒါကြောင့် ကျွန်တော် တောလိုက်သွားရင်း သားကောင်ကြီးတွေနဲ့တိုးလျှင် သိုင်းပညာနှင့် ပြန်ချမှဖြစ်မည်ဟု တွေးမိ၏။

ထို့ကြောင့်လည်း ကျောင်းက လစ်လစ်ပြီး ရွာအနောက်ဖက် ဘကြီးထင်ကျော်ဆီပြေးကာ သိုင်းပညာသင်ခဲ့သည်။

ဘကြီးထင်ကျော်က ကျွန်တော့်ကို သိုင်းပညာ လိုလိုလားလား သင်ပေးခဲ့သဖြင့် ကျွန်တော် ဆယ့်လေးနှစ်သားတွင် အတွင်းသိုင်းကွက် သုံးဆယ့်နှစ်ကွက်ကိုကောင်းမွန်စွာ ကစားနိုင်ခဲ့ပြီဖြစ်​၏။

ဓားနှစ်လက်ကိုင်ကာ ခုန်ပျံကျော်လွှားရင်း ရှောင်နိုင် ရှားနိုင် ခုတ်နိုင် ထစ်နိုင်ခဲ့ပြီ ဖြစ်၏။

အဖေပြန်လာတော့ ကျွန်တော်သင်ထားသည် သိုင်းပညာကို ကစားပြခဲ့၏။ အဖေကတော့ ကွမ်းတမြုံ့မြုံ့ဝါးရင်း သဘောကျနေတတ်သည်။

ထိုအချိန်ကစပြီး အဖေ့ကို ကျွန်တော် အမဲလိုက်ချင်သည်ဟု ပြောခဲ့၏။ အဖေကတော့ ငြင်းဆန်နေဆဲ။ ကျွန်တော့်ကို လွယ်အိတ်လွယ်ပြီး ကျောင်းတက်နေတာပဲ မြင်ချင်ပုံရ၏။

သို့နှင့် ကျွန်တော် ကျောင်းကို မတက်ချင် တက်ချင်နှင့် အောင့်အီးတက်ခဲ့ရ၏။ ဆရာကြီး သင်ကြားသောစာတွေကို ကျွန်တော် စိတ်မဝင်စား။ မျက်လုံးထဲတွင် အဖေပြင်ဆင်နေသော ထောင်ချောက်များ၊ သားကောင်ပစ်ခတ်နည်းများသာ စိတ်ဝင်စားခဲ့၏။

တစ်နေ့ အဖေကြက်တူရွေးတောင်ဘက် အမဲပစ်ထွက်သွား၏။ ဦးကြီးမြထိုက်လည်း ပါသွား၏။ အဖေတို့နှစ်ဦး ထောင်ချောက်တွေ၊ ဒူးလေးတွေ၊ စားနပ်ရိက္ခာတွေပါ ပါသွားသဖြင့် အနည်းဆုံး တစ်ပတ်ခန့်တော့ ကြာပေလိမ့်မည်။

ကျွန်တော်လိုက်ချင်သမှ အူကိုယားလို့။ အဖေက ကျွန်တော်လိုက်မှာစိုးသဖြင့် အသိတောင်မပေး ။

ကျွန်တော် ကျောင်းသွားနေသည့်အချိန်တွင် တောတက်သွားကြ၏။ အဖေတို့နဲ့အတူ ဗလကြီးလည်း ပါသွား၏။ ဗလက အဖေ့ရဲ့အချစ်တော် ခွေးကြီး –

ရုတ်တရက်ကြည့်လျှင် ကျားကြီးတစ်ကောင်အလားပင်။ အရောင်က နက်မှောင်နေ၏။ အဖေက ဗလကို နေ့တိုင်း ကျားရိုးသွေးပြီးတိုက်ခဲ့​၏။

ဒါကြောင့်လည်း ကျွန်တော်တို့သားအဖနေသည် ခြံနား လူစိမ်းသူစိမ်း မကပ်ရဲ။ ဗလက ကျွန်တော်တို့သားအဖကလွဲ၍ ဦးကြီးမြထိုက်ကိုပင် ရန်မူချင်သူဖြစ်၏။

သို့သော် အိမ်သို့ ဝင်ပါထွက်ပါများလာ၍ ဗလတစ်ကောင် ဦးကြီးမြထိုက်နှင့် ရင်းနှီးခဲ့၏။ ယခုလည်း ဗလက အဖေ့ကိုယ်ရံတော်အဖြစ် ပါသွားလေပြီ။

စင်စစ် အဖေက ကျွန်တော့်ကို ဗလလောက်တောင် အရာမထား။ စိတ်ထဲတွင် မကျေမချမ်း ဖြစ်မိတာအမှန်။ ကျွန်တော်လည်း ယခုဆို ဆယ့်လေးနှစ်ပင် ကျော်ခဲ့ပြီဖြစ်၏။

အရပ်ကလည်း အဖေ့နည်းတူ ထွားထွားကြိုင်းကြိုင်း။ သိုင်းပညာလည်း ကျွမ်းကျင်အောင် တတ်မြောက်ထားပြီဆိုတာ အဖေသိရက်နဲ့ ကျွန်တော့်ကို အဖေအရေးမထားတာ အဖေ့အပေါ် ကျွန်တော် စိတ်ခုခဲ့၏။

အဲဒီနေ့က ကျွန်တော် ကျောင်းမတက်။ ငါးမျက်ရှင်ချောင်းဘက်သွားပြီး ကြက်တူရွေးအုပ် ထောင်ခဲ့၏။

ထောင်ချောက်ဆင်ပုံကို အဖေကသင်ပေးထားသဖြင့် ဘာမှ ခဲယဉ်းလှသည် မဟုတ်။ အရေးကြီးတာ မြွေအန္တရာယ်ပင်။

ငါးမျက်ရှင်ချောင်းဘေးမှာ မာလကာခင်းရှိ၏။ အလေ့ကျပေါက်ရောက်နေသည်မို့ ခူးမည်သူမရှိ။ ဝါထိန်နေသော မာလကာသီးတွေကလည်း မြေပေါ်မှာ အဖွေးသား။ ကြက်တူရွေးတွေက မာလကာသီးမှည့်ချိန်ဆို အုပ်လိုက်ရောက်လာ၏။ တစ်ခါတစ်ရံ တောင်ပေါ် မျောက်အုပ်တွေလည်း ဆင်းလာတတ်၏။

သို့ပေသည့် မြွေတွေက ပင်ခြေမှာ တလျှောလျှောနှင့် သွားလာတတ်သည်မို့ သတိထားမှ တော်ရုံကျလှပေမည်။

ကျွန်တော်နှင့်အတူ ဖိုးတာတို့လူသိုက်လည်းပါ၏။ သူငယ်ချင်းတွေကြားတွင် ကျွန်တော်က ဆရာကြီး။

အိမ်က ပိုက်တစ်အုပ်ကို လွယ်အိတ်ထဲဝှက်ယူလာပြီး မိုးလင်းကတည်းက ငါးမျက်ရှင်ချောင်းဘက် ထွက်ခဲ့ကြ၏။

ကျွန်တော်ထင်သည့်အတိုင်းပင် မာလကာခင်းထဲတွင် ကြက်တူရွေးအုပ်၏ အသံဗလံတွေက ဆူပွက်နေ၏။

ကျွန်တော်တို့ သူငယ်ချင်းတစ်စု ခြေသံလုံအောင် မာလကာခင်းနား ကပ်ခဲ့ပြီး ပိုက်ထောင်လိုက်၏

ပိုက်ကို ငှက်တွေထပျံလောက်မည် မာလကာခင်းမြောက်ဖျားမှ ဟ၍ ထောင်လိုက်သည်။ ထိုနောက် ဖိုးတာတို့လူစုက မာလကာခင်းထဲကို တရွှီးရွှီးနှင့် ခဲတွေ တုတ်တွေ ပစ်သွင်းလိုက်ရာ ငှက်အုပ်က တကွိကွိအော်ရင်း ဝုန်းခနဲ ထပျံကုန်၏။

ကျွန်တော်က ပိုက်ကြိုးကို အဆင်သင့်ချည်နှောင်ထားသလို တစ်ဖက်ချုပ်ကြိုးကို ကိုင်ထားပြီး ဝေါခနဲဝင်လာသော ငှက်အုပ်မြင်သည်နှင့် ချုပ်ကြိုးကို ဆွဲချ၏။

ငှက်တွေက တကျွိကျွိအော်ရင်း ဟို ဒီ အထိတ်တလန့်နှင့် ပျံနေကြ၏။ ပိုက်ထဲက လွတ်လိုလွတ်ငြား ရုန်းကန်ပျံသန်းနေဆဲ။

ကျွန်တော်က ချုပ်ကြိုးကိုကိုင်ပြီး ငှက်အခြေအနေကို ကြည့်နေ၏။ ထိုစဉ် ဖိုးတာတို့လူစု ရောက်ကာ ငှက်တွေမြင်ရတော့ အားရဝမ်းသာ ဖြစ်နေကြ၏။

ပိုက်ထဲမိလာသမျှ ငှက်တွေဖမ်းကာ တောဈေးထဲမှာ သွင်းဖို့ တိုင်ပင်ကြ၏။ ထိုအချိန်တွင် အထက်ချောင်းရိုးအတိုင်း လူတစ်ဦး တဖုန်းဖုန်းပြေးလာသည်ကို တွေ့လိုက်ရ၏။

“ဟေး … တောကျော် … တောကျော်”

“ဟင်”

ကျွန်တော့်နာမည် ခေါ်သံကြားသဖြင့် ပိုက်ထဲက ငှက်တွေဖမ်းနေစဉ် ဝုန်းခနဲ ထရပ်လိုက်၏။

အသံက ဦးကြီးမြထိုက်အသံ။ အဝေးက အမောတကောပြေးလာပုံကို ကြည့်ပြီး ကျွန်တော့်ရင်တွေ ထိတ်သွား၏။ သူ့တစ်ကိုယ်လုံး ပေကျံစုတ်ပြဲနေ၏။

အနားရောက်သော် အမောပင်မဖြေနိုင်။

“ဟို … ဟို”

“ဦးကြီး ဘာ … ဘာ ဖြစ်လာတာလဲ”

“ဟို .. မင်း … မင်းအဖေ”

“ဗျာ … အဖေဘာဖြစ်လို့လဲ ဦးကြီး”

“ဟို … ဟို ၊ ကျားဆွဲခံရလို့”

“ဗျာ”

ဦးကြီး၏ စကားကြောင့် ကျွန်တော်အကြီးအကျယ် တုန်လှုပ်သွား၏။ ကျွန်တော် ဘာလုပ်လို့ လုပ်ရမှန်း မသိတော့။ လက်ထဲက ပိုက်ကိုပင် ယောင်၍ လွတ်ချလိုက်ရာ ငှက်တွေ ဝေါခနဲ ထပျံကုန်၏။

“ဦး … ဦးကြီး ၊ တကယ်လား … ဟင်”

“တကယ်ပါကွာ ၊ ဒုက္ခပါပဲ … ကိုကြီးအိုက်တော့ မလွယ်ဘူး၊ ကျားက မျက်လုံးတစ်ဖက်ကန်းနေတဲ့ ကျားကြီး”

“ဟင် … ဒုက္ခပါပဲ ၊ ဘယ်လိုလုပ်ကြမလဲ”

“ငါ … ငါလဲ မပြောတတ်ဘူး”

“ဗျာ”

ကျွန်တော့်တစ်ကိုယ်လုံး ထူပူသွား၏။ အဖေမရှိရင် ကျွန်တော် ဘယ်လိုလုပ်ရမလဲ။ ကျားကလည်း အတင့်ရဲပေစွ။ အဖေ့လို မုဆိုးကျော်ကြီးကိုတောင် ဒင်းက လုပ်ရက်လှ၏။

စိတ်ထဲတွင် ဒေါသတွေ ဟုန်းဟုန်းဆူလာ၏။ အဖေ့ကို ဆွဲသွားသည့်ကျားကို ကျွန်တော် လက်စားချေမှ ကျေနပ်နိုင်မည်။ စော်ကားလွန်းလှသည် ကျားဆိုးကို အမြန်ဆုံး ရင်ဆိုင်ချင်နေသည်။

“ဦး … ဦးကြီး”

“ ဟေ ”

“ဒီမှာခဏစောင့်၊ ကျွန်တော် လှံနဲ့ ဒူးလေး ပြန်ယူဦးမယ်”

“ဟင် … မင်း .. မင်း ဘာလုပ်မလို့လဲ”

“ဟို .. ကျွန်တော် အဲဒီကျားကို ကလဲ့စားချေရမှ ကျေနပ်မယ်”

“ဖြစ် … ဖြစ်ပါမလား တောကျော်ရာ၊ မင်းကငယ်ပါသေးတယ်”

“ဟာ ကျွန်တော် မကြောက်ပါဘူး ဦးကြီး ၊ ဒီမှာ ခဏစောင့်”

ပြောပြောဆိုဆိုနှင့် ရွာဘက်ကို ပြန်ပြေးခဲ့၏။ အဖေ အပိုသိမ်းထားခဲ့သော ဒူးလေးနှင့် မြားကျည်တောက်ကို ပခုံးတွင် လွယ်လိုက်၏။

ထိုနောက် ကျွန်တော့်တစ်ရပ်စာရှိသည် လှံကြီးကိုယူကာ အိမ်ထဲမှ အပြေးထွက်ခဲ့၏။ ဒေါ်ကြီးအေးပုံက ကျွန်တော့်ကိုမြင်တော့ တဟဲ့ဟဲ့ တားနေသေး၏။ ကျွန်တော် ဘာကိုမှ မမှုနိုင်တော့။ အဓိကအရေးကြီးတာ အဖေ့နောက်လိုက်ဖို့ပဲ။

ချောင်းရိုးနားရောက်တော့ ဦးကြီးမြထိုက်မှာ ကျွန်တော့အသွင်ပြင်ကိုကြည့်ပြီး မျက်လုံးပြူးနေ၏။ ပီဘိမုဆိုးကြီးအလား။ စိတ်ထဲမှာ ဒူးလေးလွယ်လိုက်ရသဖြင့် သွေးတွေကြွနေ၏။

အဖေ့အတွက် ကျွန်တော် ကလဲ့စားချေရတော့မည်။

“ကဲ သွားကြစို့ ဦးကြီး”

“ဟာ ဘာသွားလုပ်မှာလဲ။ အန္တ ရာယ် အရမ်းကြီးတယ် တောကျော်ရာ…”

“အို ဘာအန္တရာယ်ရှိရှိဗျာ၊ အန္တရာယ်ရှိလည်း ကျွန်တော် ဒီကျားကို မတွေ့မချင်း ရွာမပြန်ဘူး”

“ဒုက္ခပါပဲကွာ ..”

“လာစမ်းပါ ဦးကြီးရာ … ကျွန်တော့်ကို နေရာသာပြစမ်းပါ”

“ဟို … ဟို ပုစွန်စာတောအုပ်ကြီးထဲမှာကွ တောကျော်ရ။ အဝေးကြီး”

“လာပါ ဦးကြီးရာ”

“ဟာ ရွာက တစ်ယောက် နှစ်ယောက် ထပ်ခေါ်မှ ထင်တယ်”

“ဘာဖြစ်လို့လဲဗျ”

“ကျားက အတော်ကြီးတယ်ကွ။ တစ်ယောက် နှစ်ယောက်နဲ့ မလွယ်ဘူး”

“ဒါဆို ကိုထွန်းကြိုင်တို့ကို ခေါ်လိုက်မလား”

“အေး ထွန်းကြိုင်က မင်းအဖေနဲ့လည်း အမဲလိုက်ဖူးတယ်”

“ဒါဆို ဖိုးတာ မင်းအမြန်သွားခေါ်ကွာ”

“အေး … အေး”

သူငယ်ချင်းဖိုးတာ ရွာထဲ အမြန်ပြေးကာ ကိုထွန်းကြိုင်တို့ကို သွားခေါ်၏။

တစ်အောင့်အကြာတွင် ကိုထွန်းကြိုင်နှင့်အတူ ကိုသောင်းစိန်၊ ကိုဖူးခန့်တို့ ပါလာ၏။ လက်ထဲတွင်လည်း ဒူးလေးတွေ၊ လှံတွေ၊ ဓားတွေပါလာ၏။

ကိုထွန်းကြိုင်က အနားရောက်လာသည်နှင့် ဖြစ်ပုံကိုမေးမြန်းလာ၏။ ဦးကြီးမြထိုက်က လေသံ ကတုန်ကရီနှင့် ပြောပြလိုက်သည်။

“ဟို ငါတို့ ပုစွန်စာတောအုပ်ထဲ သမင်အုပ်တွေ့တာနဲ့ မဲပြီးလိုက်တာကွာ။ အဲဒါ ငါနဲ့ ကိုကြီးအိုက်နှစ်ယောက် လမ်းမှာ လူချင်းကွဲသွားတယ်ကွာ။ ဒီလိုနဲ့ တစ်အောင့်ကြာတော့ ကိုကြီးအိုက်ရဲ့အော်သံနဲ့ ကျားဟိန်းသံကိုပါ ကြားလိုက်ရသည်။ ငါလည်းအသံကြားရာကို ပြေးလိုက်ခဲ့တာပဲ။ ငါလဲရောက် ကျားပါးစပ်ထဲမှာ ကိုကြီးအိုက် သွေးစက်လက်နဲ့ ပါသွားတာတွေ့လိုက်ရတယ်ကွာ”

“ဟင် . .”

ဦးကြီးစကားကြောင့် ကျွန်တော့်မျက်လုံးထဲတွင် အဖေအဖြစ်ကို မြင်ယောင်လာ၏။ အံတကြိတ်ကြိတ် လက်သီးတဆုပ်ဆုပ် ဖြစ်လာ၏။

“ကဲ လာဗျာ အဖေ့နောက်ကိုလိုက်ကြရအောင်”

“အေး ခုချိန်လိုက်ရင် အချိန်မီနိုင်တယ်ကွာ”

“ကဲ လာ သွားကြမယ်ဟေ့”

ပြောပြောဆိုနှင့် ကျွန်တော်တို့ငါးဦး ရိုးမတောင်ခြေအတိုင်း တက်ခဲ့ကြ၏။ တောင်ခြေတစ်လျှောက် သစ်ပင်ကြီးတွေက ဟည်းထနေ၏။ စိမ့်ညို့အုံ့ဆိုင်းနေသဖြင့် နေရောင်ပင်မမြင်ရ။

တစ်ချိန်က ကျွန်တော်သွားချင်လှသော ရိုးမတောကြီး။ ခုတော့ ဒူးလေးတွေ လှံတွေကိုင်ပြီး တောကြီးထဲဝင်ခဲ့ပြီးဖြစ်သည်။ စိတ်ထဲတွင် ကလဲ့စားချေလိုစိတ်တွေက ကြွနေ၏။

ကျွန်တော်ဟာ မုဆိုးကြီးရဲ့သား။ ကြောက်စိတ်မွေးနေလို့မဖြစ်။ အဖေ့ကိုယ်စား ကျားကြီးကို ကလဲ့စားချေမှဖြစ်မည်။ ဒါ ကျွန်တော့်ရဲ့ သံမဏိဆုံးဖြတ်ချက်။

တစ်စတစ်စနှင့် ကျွန်တော်တို့လူစု တောနက်ပိုင်းကြီးထဲ ရောက်လာ၏။ တောလမ်းတစ်လျှောက် ရွက်ကြွေကလည်း ဖွေးဖွေးလှုပ်လို့ လျှို့တွေ ချောက်တွေကလည်း ပေါလှ၏။

ဝါးရုံပင်ကြီးတွေကလည်း ထွေးလုံးယှက်သိုင်းနေ၏။ ပျဉ်းကတိုး၊ ကျွန်းနှင့် အခြားသစ်ပင်များ ပိန်းပိတ်အောင်ပေါက်ရောက်နေ၏။ ပုဇွန်စာတောကြီးက ကျွန်တော်တို့ဖြတ်သန်းခဲ့သည် တောအုပ်ထက်ပင် သစ်ပင်ထူထပ်လှ၏။

ဦးကြီးမြထိုက် ညွှန်ပြသည်လမ်းအတိုင်း တောအုပ်ထဲ ဝင်ခဲ့ကြ၏။ ငှက်တစ်အုပ်မှာ ကျွန်တော်တို့ လူစုဝင်လာသံကြားသည်နှင့် ဝေါခနဲ ထပျံသွား၏။

ဦးကြီးက ခြေသံလုံလုံနင်းဖို့ ကျွန်တော်တို့ဘက် လှည့်ပြီး သတိပေးလာ၏။ ကိုထွန်းကြိုင်တို့လူစုမှာ ပုစွန်စာတောအုပ်ထဲရောက်သည်နှင့် သတိကြီးကြီးထားကာ အခြေအနေကို အကဲခတ်ခဲ့ကြ၏။

တောအုပ်က ညှို့မှိုင်းနေသည်။ တဖြည်းဖြည်းနှင့် ကျွန်တော်တို့လူစု ချောင်းရိုးကလေးတစ်ခုအနား ရောက်လာ၏။ ချောင်းရေက ကြည်လင်လှပြီး ရေအောက်တွင် သွားလာနေကြသော ငါးရောင်စုံကိုပင် မြင်နေရသည်။

ထိုစဉ် ဦးကြီးမြထိုက်က လေသံတိုးတိုးနှင့် ပြောလာ၏။

“ရှေ့ဘက်ချောင်းအထက်မှာ ငါတို့ ကျားနဲ့တိုးတာပဲကွ သတိထားကြနော်။ ဟေ့ကောင်တောကျော်”

“ဗျာ”

“မင်း အရမ်းမလုပ်နဲ့ ။ ငါလုပ်ဆိုမှလုပ်”

“ဟုတ်ကဲ့ပါ ဦးကြီးရဲ့”

“ကဲ လာ … လာ”

ပြောပြောဆိုဆိုနှင့် ချောင်းရိုးကိုဆန်ပြီး တက်ခဲ့ကြ၏။ ချောင်းရိုးအထက်ပိုင်းတွင် မြေသားက မြင့်တက်လာသလို ရွက်ကြွေတွေကလည်း မြေပြင်ပေါ် အဖွေးသားကျနေ၏။

ကျွန်တော်တို့လူစု ရွက်ခြောက်တွေကို သတိထားနင်းရင်း တောင်ပူစာပေါ် တက်ခဲ့ကြ၏။ တောင်အထက်ပိုင်းတွင် ကျောက်တုံးကျောက်ဆောင်တွေ များလာ၏။

ဦးကြီးမြထိုက်က မျက်စိကို အနားမထား။ ဟိုဟိုဒီဒီကြည်နေ၏။ ထိုစဉ်ကျောက်ဆောင်နှစ်ခုကြားတွင် မြင်လိုက်ရသော အရာကြောင့် အားလုံး အံ့ဩသွား၏။

“ဟာ အဖေ့ဒူးလေးပါလား”

“ဒါ မင်းအဖေကို ကျားကြီးဆွဲသွားတဲ့ နေရာပဲကွ။ သတိထားကြနော်”

ဦးကြီးမြထိုက်က ဒူးလေးကို ကောက်ယူပြီး ကြည့်လိုက်၏။

မြားဘူးလည်း အပိုင်းပိုင်းအစစ။ ဒူးလေးလက်ကိုင်ရိုးမှာလည်း ကျိုးပဲ့နေပြီ​၏။

ကျွန်တော်တို့လူစု တောင်ကြားထဲမှ ဖြည်းဖြည်းချင်း လျှောက်ခဲ့၏။

“ဟာ ဟိုမှာ ပုဆိုးစတစ်ပိုင်း”

မြင်ကွင်းတွေကြောင့် ကျွန်တော့်ဒေါသတွေ ဟုန်းဟုန်းဆူနေ၏။ ကျားကြီးက အဖေ့ကို တစ်ပိုင်းတစ်စ ကိုက်ချည်သွားသည့်ပုံပင်”

“ဝေါင်း … ဝေါင်း”

“ဟာ ကျားသံဟေ့။ သစ်ပင်ပေါ်တက်နေကြစမ်း”

“ဟုတ် … ဟုတ်ကဲ့”

အသံကြောင့် ကျွန်တော်တို့အားလုံး ဆံပင်မွေးတွေထောင်သွား၏။ စောစောက ကလဲ့စားချေလိုစိတ်၊ ဒေါသစိတ်တွေပင် ကြက်ပျောက် ငှက်ပျောက် ဖြစ်သွား၏။

ဦးကြီးမြထိုက်ပြောသည့် စကားအတိုင်း ကျွန်တော်တို့လူစု ကျောက်တုံး၊ ကျောက်ဆောင်များပေါ်တွင် တွယ်ကပ်ပေါက်နေသော သစ်ပင်ကြီးတွေပေါ် တွယ်တက်ခဲ့ရ၏။

ကျွန်တော်တို့လူစု သစ်ပင်ပေါ်ရောက်ပြီး မိနစ်နှစ်ဆယ်ခန့်အကြာတွင် ကျောက်တုံးကျောက်ဆောင်ကြား ပေါက်ရောက်နေသော မြက်ရိုင်းအုပ်တွေကြားမှ တလျှောလျှောနှင့် တောတိုးသံကို ကြားလိုက်ရ၏။

ဦးကြီးမြထိုက်က မြက်ရိုင်းပင်ကြီးတွေ လှုပ်ရမ်းနေသည့်နေရာကိုလည်း လက်ညှိုးထိုးပြလိုက်၏။

အားလုံး၏အကြည့်က မြက်ရိုင်းပင်တွေထဲ ရောက်နေ၏။

ထိုစဉ် အဝါရောင်အစင်းအစင်းနှင့် ကျားကြီးကို ရိုးတိုးရိတ်တိတ် မြင်လိုက်ရ၏။ တအောင့်အကြာတွင် မြက်ရိုင်းအုပ်ထဲမှ သတ္တဝါကြီးနှစ်ကောင် ထွက်လာသည်ကို တွေ့လိုကရ၏။

“ဟင် ကျားက နှစ်ကောင်ပါလား”

“ရူး တိုးတိုးကွ”

ကျားကြီးနှစ်ကောင်မှာ မြေပြင်ကို နှာခေါင်းတရှုံ့ရှုံ့နှင့် ဟိုနမ်း သည်နမ်း လုပ်ရင်း ကျွန်တော်တို့ပုန်းနေသည့် သစ်ပင်အရှေ့ဘက် ကျောက်ဆောင်ပေါ် ခုန်တက်သွားကြ၏။

တစ်အောင့်အကြာတွင် ကျွန်တော်တို့လူစု သစ်ပင်ပေါ်မှ တဖြည်းဖြည်းချင်း ဆင်းခဲ့ပြီး ကျားကြီးနှစ်ကောင်တက်သွားသော ကျောက်ဆောင်ပေါ် တက်ခဲ့ကြ၏။

“ဟာ ဟို … ဟိုမှာ”

“ဘာလဲ”

“ဟိုမှာလေကွာ။ အဲဒါ ကျားကြီးတွေနေတဲ့ ဂူကြီးကွ”

“ဟင် … ဟုတ်ရဲ့လား”

“သေချာပါတယ်ကွာ။ ဂူရှေ့က မြေပြင်ပေါ်မှာ ကျားချေးပုံတွေ မြင်လား”

“ဟာ … ဟုတ်သားပဲ”

“ဒါ … ဒါဆို ဘယ်လိုလုပ်ကြမလဲ”

“သတိထားပြီးလုပ်ကြတာပေါ့။ တောကျော်”

“ဗျာ”

“စိတ်မလောနဲ့နော်”

“ဟုတ် … ဟုတ်ကဲ့ ဦးကြီး”

ကျားကြီးတွေကိုမြင်တော့ ကျွန်တော့်စိတ်ထဲ ကတုန်ကရီ ခံစားနေရ၏။ အဖေ့အတွက် သတ်မယ် ဖြတ်မယ် ပြောခဲ့တဲ့စိတ်တွေ ဘယ်ရောက်ကုန်မှန်း မသိတော့။

တစ်ကိုယ်လုံး ချွေးသီးချွေးပေါက်တွေ စို့လာ၏။

“ကြောက်နေသလား တောကျော်”

“ဟို … ဟို မကြောက်ပါဘူး”

“ငါတို့နောက်က လိုက်ခဲ့”

“ဟုတ် .. ဟုတ်ကဲ့”

ကျွန်တော် ကိုထွန်းကြိုင်တို့နောက်မှ ကုတ်ချောင်း ကုတ်ချောင်း လိုက်ခဲ့၏။ ကျောက်ဆောင်ကြီးတွေပေါ် ကျော်လွှားရင်း ဂူနှင့် အနီးဆုံးနေရာကို ကပ်ခဲ့ကြ၏။

“သေချာပြီဟေ့”

“ဘာလဲ .. ဦးကြီး”

“ဟိုမှာ .. ဂူထဲမှာ ဖိနပ်တစ်ဖက်ကွ”

“အဲ … အဲဒါ အဖေ့ဖိနပ်ဗျာ “

“အင်း မင်းအဖေ အသက်ရှင်ဖို့ မလွယ်တော့ပါဘူးကွယ်”

“ဗျာ …. ဒါ … ဒါဆို”

“စိတ်မကောင်း မဖြစ်နဲ့လူကလေး။ တို့တစ်တွေဟာ တောလိုက်မုဆိုးတွေပေမယ့် တစ်ခါတစ်ခါ တိရစ္ဆာန်တွေက တို့ကိုပြန်လိုက်တဲ့အခါလဲ ရှိတယ်ကွ။ ခုလဲ ငါတို့နှစ်ယောက် မုဆိုးဘဝကနေ သားကောင်ဖြစ်ခဲ့ ရတာပေါ့ကွာ။ တကယ်တော့ ဒါဟာ သဘာဝဖြစ်စဉ်ကြီးပါပဲ။ ငါတို့ မုဆိုးဖြစ်ရင် သူတို့သားကောင်ဘဝနဲ့ လည်စင်းပေးရသလို ငါတို့သားကောင်ဖြစ်လဲ သူတို့ရှေ့မှာ လည်စင်းပေးခဲ့ရတာပဲ။ ဒါ တောတွင်းသဘာဝပေါ့ လူကလေးရာ။ ဘာမှ စိတ်မကောင်းဖြစ်မနေနဲ့ ။ မင်းကိုယ်စား ဦးကြီးကိုယ်တိုင် ကလဲ့စားချေပေးမယ် … ”

“ဟုတ် … ဟုတ်ကဲ့”

ဦးကြီးစကားကို အသေအချာနားထောင်ရင်း ကျွန်တော့်စိတ်ထဲ ငိုချင်သလိုလိုပင်။

ထိုစဉ် ကျွန်တော်တို့လူစု ကျောက်ဆောင်တစ်ဆောင်ဘေးနား တအောင့်တနား နားရင်း အခြေနေကို စောင့်ကြည့်ခဲ့ကြ၏။ ဦးကြီးမြထိုက်က

“အင်း ဒီအချိန် ကျားကြီးတွေ မထွက်တော့ဘူးကွ”

“ဘာဖြစ်လို့လဲ ဦးကြီးရဲ့”

“အမှန်ကတော့ စောစောကထွက်လာတာ ကျားဖိုနဲ့ကျားမကွ။ သူတို့ဟာ ရန်သူအခြေအနေကို လာကြည့်တာ။ ခု ဂူထဲပြန်ဝင်ပြီး အိပ်နေကြပြီပေါ့။ ဧကန္တတော့ အထဲမှာ ကျားပေါက်ကလေးတွေရှိမှာ သေချာတယ်”

“ဟင် ဟုတ်လား”

“ဖြစ်နိုင်တယ် ဦးကြီးထိုက်”

“ဟာ ကျားဆိုတာ ညမှ အစာရှာထွက်တာကွ။ ဒီတော့ သူတို့ကလေးတွေ ဂူထဲမှာကျန်ခဲ့မှာ သေချာတယ်”

“ဟုတ်လား”

“ကဲ နားကြတော့။ စားစရာရှိတာ စားထားကြ။ ဟေ့ကောင်ထွန်းကြိုင်”

“ဗျာ”

“မင်းက သစ်ကိုင်းချောက်တွေ ကောက်ထား”

“ဟုတ်ကဲ့”

ကျွန်တော်တို့လူစု ကျောက်ဆောင်အကွယ်တွင်ထိုင်ကာ ယူလာသည့် စားစရာတွေကို စားသောက်လိုက်ကြ၏။

ကိုထွန်းကြိုင်တို့လူစုက ထင်းချောက်တွေ တစ်ပုံကြီး ကောက်လာ၏။ သို့နှင့် အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားပေရာ အမှောင်ထုကလဲ တောအုပ်ကြီးထဲ ပြိုဆင်းလာ၏။ တစ်ခါတစ်ရံ တောအုပ်အရှေ့ဘက်ဖျားမှ ဂျီဟောက်သံ သမင်ဟောက်သံများ သဲ့သဲ့ကြားနေရ၏။

လမင်းကြီးက တိမ်ညိုတွေကြားမှ ရုန်းထွက်လာ၏။

လရောင်ကြောင့် ကျွန်တော်တို့နှင့် ဝါးနှစ်ရိုက်အကွာတွင်ရှိသော ကျောက်ဂူကြီးကို လှမ်းမြင်နေရ၏။ ဂူဝက လူတစ်ကိုယ်စာမရှိ။

“ရှုး ထွက်လာကြပြီ”

“ဟင်”

“ဟာ … ဟုတ်ပါ့”

လရောင်အောက်တွင် ဂူထဲမှထွက်လာကြသော ကျားကြီးနှစ်ကောင်။ သူတို့နောက်ဘက်တွင် ကျားပေါက်ကလေးသုံးကောင် ခုန်ပေါက်ကစားရင်း လိုက်လာ၏။ အရွယ်က အိမ်မွေးကြောင်အရွယ်လောက်ရှိ၏။

ကျားကြီးတစ်ကောင်သည် ကလေးငယ်တွေကို လက်တစ်ဖက်နှင့် လှမ်းပုတ်ရင်း ဂူထဲ ပြန်သွားခိုင်းနေ၏။ တအောင့်အကြာတွင် ကျားကလေးတွေ ဂူထဲပြန်ဝင်သွားကြ၏။

ထိုအခါ ကျားကြီးနှစ်ကောင်မှာ ဂူရှေ့ရပ်ကာ ဟိုဟိုဒီဒီ ကြည့်လိုက်ကြပြီး တောအုပ်ထဲ ဝင်သွားကြလေ၏။

“ကဲ အမြန်ဆင်းတော့ဟေ့။ ဟိုထောင်ချောက်တွေရော သစ်ကိုင်းချောက်တွေရော ယူခဲ့ကြ”

“ဟုတ်ကဲ့”

ကျွန်တော်တို့အားလုံး ပုန်းနေရာမှ အပြင်ထွက်လိုက်ကြ၏။

ဂူရှေ့ရောက်သည်နှင့် ဦးကြီးမြထိုက်သည် ထောင်ချောက်လေးငါးခုကို အသင့် ထောင်လိုက်၏။

ပြီးသည်နှင့် ထောင်ချောက်မလှမ်းမကမ်းရှိ ဂူဝနားတွင် သစ်ကိုင်းချောက်တွေပုံကာ မီးတင်ရှို့လိုက်သည်။

“ကဲဟေ့ တို့ စောစောက နေရာကနေ ပုန်းပြီး ကျားတွေအလာကို စောင့်ကြည်ကြစို့”

“လာ … လာ”

“မြန်မြန်လာကြကွ”

ပြောပြောဆိုနှင့် ကျောက်ဆောင်ဘက်သို့ အပြေးအလွှားပြန်ခဲ့ကြပြီး ဒူးလေးတွေ မြားတွေ လှံတွေ အသင့် ချိန်ရွယ်ထား၏။

“ဝေါင်း .. ဝေါင်း”

“ရူး … ရူး”

“ဟော လာပြီဟေ့”

“သတိထားကြဟေ့”

မြက်ရိုင်းတောကို ဖြတ်ကာ တရှဲရှဲပြေးလာသော ကျားကြီးနှစ်ကောင်ကို အထင်းသား မြင်နေရ၏။

ဂူရှေ့က မီးပုံကြီးကလည်း တဟုန်းဟုန်း တောက်လောင်ကျွမ်းနေ၏။

မီးအရှိန်ကြောင့် တဖျောက်ဖျောက်မြည်သံတွေကလည်း ဆူညံနေ၏။ ကျားကြီးနှစ်ကောင်မှာ မြက်ရိုင်းတောမှ အထွက်တွင် မီးပုံကြီးကို မြင်လိုက်ရ၍ တဝေါင်းဝေါင်းနှင့် ဟိန်းလိုက်၏။

ထိုစဉ် ရှေ့မှကျားကြီးက မီးပုံကြီးကို အတင်းဖြတ်ဖို့ကြိုးစားလေ၏။

“ဝေါင်း”

“ဖြောင်း”

“ဟာ .. မိပြီကွ”

“ပစ် … ပစ်”

“ဝှစ် … ဝှစ်”

“ဒုတ် … ဒုတ်”

“ဝေါင်း … ဝေါင်း”

ဒူးလေးမြားတွေက မီးပုံဘေးတွင် အော်ဟစ်နေသော ကျားကြီးကိုယ်ထဲကို မြုပ်ဝင်သွား၏။ မြားတန်းလန်းစိုက်နေသော်လည်း မမှု။ တဝေါင်းဝေါင်းအော်ဟစ်ရင်း မီးပုံကို ဝုန်းခနဲဖြတ်ကာ ဂူထဲ အတင်းတိုးဝင်သွားတော့၏။

ကျွန်တော်တို့လူစုမှာ မြင်ကွင်းကြောင့် အံ့ဩနေ၏။

ကျားကြီးတစ်ကောင်က အပြင်ဘက်မှ တဝေါင်းဝေါင်း ညာသံပေးနေခဲ့၏။

ထိုစဉ် ဂူထဲမှ ကျားကလေးတွေချီကာ ကျားကြီး ပြန်ထွက်လာ၏။ တစ်ကိုယ်လုံး မြားတွေစိုက် မီးတွေစွဲနေသည်ကို မမှု . . .။

ကျားကလေးတွေကို တစ်ကောင်ပြီး တစ်ကောင် ဂူအပြင် ဆွဲထုတ်နေ၏။

သုံးကောင်စလုံး အပြင်ရောက်လာသည်နှင့် ကျားပေါက်ကလေးတွေမှာ မြက်ရိုင်းစပ်နားရှိ ကျားကြီးထံ ပြေးသွား၏။

ထိုစဉ် ဂူထဲက ကျားကြီးမှာ အပြင်သို့ထွက်လာစဉ် ထောင်ချောက်ကြီးတစ်ခုကို နင်းမိသွား၏။

ကျားကြီးမှာလည်း မဟန်နိုင်တော့ဘဲ မီးပုံဘေးတွင် တဝေါင်းဝေါင်း အော်ရင်း လဲကျသွား၏။ ထိုစဉ် ကျားပေါက်ကလေးများမှာ မြက်ရိုင်းစပ်မှ ကျားကြီးနှင့်အတူ တောထဲ ပြေးဝင်သွားကြလေတော့၏။

ကျွန်တော်တို့လူစု မြင်ကွင်းကိုကြည့်ပြီး အံ့ဩနေကြ၏။ မိနစ်နှစ်ဆယ်အကြာတွင် ပုန်းနေရာမှ ထွက်ခဲ့ကြ၏။ မြေပြင်ပေါ်လဲကျနေသည် ကျားကြီးအနီးသို့ လျှောက်ခဲ့ကြ​၏

” သေနေပြီကွ”

“ဟင် … ကျားက ကျားထီးကြီးဗျ . . . မျက်စိတစ်ဖက်ကန်းနေတယ်”

“အေး… အဲဒါ တောကျော်အဖေကို ကိုက်သွားတဲ့ကျားကြီး”

ကျွန်တော်က

“ဟင် … ဟုတ်လား”

ကျားကြီးမှာတော့ လှံကြီးတွေ မြားကြီးတွေက သူ့ခန္ဓာကိုယ်ထဲ မြှုပ်ဝင်နေပြီး သွေးတွေက စီးကျနေ၏။ ခေါင်းကြီးမှာ မြေပေါ်စိုက်နေ၏။

“ဒီကျားထီးကြီးက တော်တော်အံ့သြစရာပဲကွ”

“ဟုတ်ပါ့ဗျာ”

“အေးကွ… အထဲက ကလေးတွေကို အတင်းခေါ်ထုတ်တာ အံ့ဩစရာပဲ။ သူ့အသက်တောင် သူ မမှုဘူးဗျို့”

“အေး အပြင်မှာစောင့်နေတာ ကျားမကြီးကွ။ ကလေးတွေလဲလွတ်ရော ထွက်ပြေးတော့တာပဲ”

“အင်း … သားသမီးအပေါ် အသက်စွန့်ပြီး ချစ်တတ်တဲ့ကျားကြီးကိုတော့ ချီးကျူးသကွာ”

“ကဲ … ကဲ လုပ်စရာရှိတာ လုပ်ကြဟေ့”

“ဂူထဲဝင်ကြည့်မယ်ဗျာ”

“ဝင်လို့ရပါမလား”

“ရပါတယ်”

ကိုထွန်းကြိုင်တို့ ဂူထဲဝင်သွားကြပြီး တအောင့်အကြာတွင် ပြန်ထွက်လာ၏။ သူတို့လက်ထဲတွင် အဖေ့၏ အသုံးအဆောင်ပစ္စည်းများနှင့်အတူ သွေးစွန်းနေသော အင်္ကျီအပိုင်းအစတစ်ထည်ကို တွေ့လိုက်ရ၏။

ကျွန်တော် အဲဒီအရာတွေ မြင်လိုက်ကတည်းက အဖေ ဘယ်နည်းနဲ့မှ အသက်မရှင်နိုင်တော့ကြောင်း သိလိုက်၏။

သို့နှင့် ကျွန်တော်တို့လူစု ကျားသေကြီးကို ဝါးစိမ်းတုတ်ကြီးနှင့် လျှိုထမ်းကာ ပုစွန်စာတောအုပ်ကြီးထဲမှ ပြန်ခဲ့ကြလေတော့သည်။

စိတ်ထဲမှာတော့ ကျွန်တော် ကလဲ့စားချေချင်လွန်းလှသော ကျားဆိုးကြီး ခုတော့ ဦးကြီးမြထိုက်တို့၏ လက်ချက်နှင့် သေဆုံးခဲ့ရပြီမို့ တစ်စိတ်တစ်ပိုင်းကျေနပ်မိသော်လည်း ကျားကြီးအပေါ် ကျွန်တော်စိတ်မကောင်းဖြစ်မိတာအမှန်ပင်။

သူလည်း ဖခင်ကောင်းတစ်ယောက် ပီသလှ၏။

သားသမီးများကို အသက်စွန့်ကယ်ထုတ်ကာ ရန်သူလက်ချက်နှင့် သေဆုံးခဲ့ရ၏။ ကျားကြီး၏ မေတ္တာတရားကို ကျွန်တော်တစိမ့်စိမ့်တွေးမိလာ၏။

အဖေလည်း ကျွန်တော့်အပေါ် အသက်စွန့်ပြီး ရှာဖွေကျွေးမွေးခဲ့သည်ပင်။

ယင်းသို့ အဖေ့မေတ္တာနှင့် ကျားကြီးမေတ္တာသဘောကို အပြန်ပြန် အလှန်လှန် တွေးမိသောအခါ နောက်ကပါလာသော ကျားကြီးကို ကြည့်လိုစိတ် မရှိတော့။

ရွာရောက်သည့်အခါ တစ်ရွာလုံးက ကျွန်တော်တို့လုပ်ရပ်ကို ချီးကျူးကြသလို အဖေ့အတွက်လည်း စိတ်မကောင်းဖြစ်ရ၏။

ကျားသေကြီးကို ဖျက်ပြီး အောင်သေ အောင်သား စားသောက်ဖို့ ပြင်ဆင်နေကြ၏။

ကျွန်တော်ကတော့ ကျားကြီးအသားဟင်းကို တစ်စက်ကလေးပင် လက်နဲ့မတို့။ စိတ်ထဲတွင် ကြေကွဲခြင်း၊ တမ်းတခြင်း၊ ခွင့်လွှတ်ခြင်းတွေ ရောထွေးနေ၏။

ကလဲ့စားချေလိုခြင်းဆိုသော စိတ်ပင်လျှင် ကျားကြီးအဖြစ်ကို မြင်လိုက်ကတည်းက ကြက်ပျောက် ငှက်ပျောက် ပျောက်သွားခဲ့ချေပြီ။ ဒါသည်ပင် မေတ္တာတရား၏ စိုးမိုးဖမ်းစားမှုပေလားဟု ကျွန်တော် မရေမရာနှင့် တွေးတောနေမိလေတော့သည်။

မှတ်ချက် ။ ။ မအူပင်မြို့ရှိ မုဆိုးကြီးဦးတောကျော်၏ ကိုယ်တွေ့ပြောပြချက်ကို ပြန်လည်ခံစားရေးသားသည်။

– ပြီး –

စာရေးသူ – စိုးတင့်ထူး(မအူပင်)

Leave a Reply

Your email address will not be published. Required fields are marked *