ရိုးမမှ ပြောင်တိုက်ပွဲ
အချိန်မှာ နံနက်၈နာရီ ဖြစ်သည်။ ကျွန်ုပ်နှင့် မုဆိုးကြီး ဦးဖဝေးသည် နှင်းမုန်တိုင်းထန်နေသည့် ဆင်သေတောင်ကြောအတွင်းသို့ အင်တိုင်းတောမှ ဖြတ်ကာ တက်လာခဲ့ပါ၏။
သည်အချိန် ကျွန်ုပ်တို့လိုက်နေသော အမဲကြီးမတွေ့ရသေးပါ….။
လွန်ခဲ့သော တစ်ပတ်ကတောင်ညို ရွာမှ ဆင်သေရိုး မုဆိုးမစမ်းကွင်းတွင် ဒရယ်သွားလိုက်ခဲ့သော ရွာမုဆိုး ဦးထိုက် ကို ပြောင်ကြီးတစ်ကောင်လိုက်ရာ ချောက်ထဲကျခဲ့ရာ ခြေထောက်ကျိုး၍ အင်္ဂပူဆေးရုံတက်ခဲ့ရသည်။
ယင်းပြောင်ကြီးမှာ သင်းကွဲပြောင်ကြီး၊ ပြောင်အိုကြီး ဖြစ်သည်။ ဆင်သေတောင်ဘက်သို့ ပြောင်အုပ်တစ်အုပ် ကူးလာသည်မှာ ရက်ပိုင်းသာရှိသေးကြောင်း သိရပြီး သင်းကွဲပြောင်ထီးကြီးသည် ပြောင်အုပ်နောက်မှ လိုက်နေရာက ဦးထိုက်နှင့် ဖိုးပါတူဆိုသူတို့ကိုတွေ့ ကာ ပြောင်ကြီးလိုက်သဖြင့် ဖိုးပါတူ ဆိုသူ ထွက်ပြေးခဲ့ရပြီး ဦးထိုက်မှာ ချောက်ထဲသို့ ကျခဲ့သည်။
ဦးထိုက် ကို ဆေးရုံတင်ပြီး မကြာမီ တောင်ညို မစိန်နုယာကွင်းမှ ပြောင်းခင်းကို ပြောင်အုပ် ဝင်မွှေသွား၍ တစ်ဝက် ပျက်စီးသွားချေသည်။
ပြောင်ကိုပစ်ရန်မှာ လိုင်စင်မရှိဘဲ ၁၉၃၆ ခုနှစ် ဥပဒေအရ ကြိုးဝိုင်းတော၌ ဖြစ်စေ၊ ကြိုးပြင်တောမှာပင်ဖြစ်စေ ပစ်ခွင့်မရပါ။ အခါအားလျော်စွာ သစ် တောမင်းကြီးက ပစ်နိုင်သောကောင်ရေကို ကန့်သတ်နိုင်ပါသည်။
ကျွန်ုပ်တို့သည် လိုင်စင်ရ မုဆိုးစာရင်းဝင် ဖြစ်စေကာမူ ပြောင်ကိုပစ်ခတ်ရာတွင် သက်ဆိုင်ရာ သစ်တောအရေးပိုင်ရုံးသို့ ကြိုးပြင်တောတွင်း တွေ့ရသော ပြောင်အုပ်နှင့် ပြောင်ထီးကြီးများအကြောင်းကို အစီရင်ခံရ၏။
ကျွန်ုပ်တို့ ထောက်လှမ်းရသော ပြောင်အုပ်မှာ ကောင်ရေလေးဆယ် ပါဝင်သည်။ အရွယ်ရောက်ပြီးသော ပြောင်ထီးကြီး လေးကောင်တိတိ ပါသည့်အပြင် ပြောင်သင်းကွဲနှစ်ကောင်ကိုလည်း တွေ့ရှိထားကြောင်းဖြင့် ပစ်ခတ်ခွင့်လိုင်စင် တင်ရ၏။
ပြောင်းဝ ဒသမ ၄ဝဝ – ရိုင်ဖယ်ရှိမှလည်း ခွင့်ပြု ပါသည်။
လိုင်စင်တစ်စောင်လျှင် ပြောင်ပစ်ခွင့် နှစ်ကောင် ရပါသည်။ သို့သော် ဦးချိုအရင်းမှ အဖျားအကွေးအထိ ၂၂ လက်မရှိရမည်ဖြစ်ပြီး ဦးချိုးအရင်းတွင် လှိုင်းတွန့်များ ၄ လက်မအထက် တွန့်လှိုင်းကြောင်းများ ပါရမည်ဟု လိုင်စင်တွင် ပါရှိပါသည်။
သည်ကိစ္စတွင် မလွယ်ပါ။ ပြောင်များကို အနည်းဆုံးကိုက် ၅ဝ အကွာ၊ ကိုက် ၄ဝ အကွာမှ သေချာစွာစောင့်ကြည့်ရန် လိုပါသည်။
လိုရမည်ရ ကျွန်ုပ်ယူထားသော စစ်သုံးဂျာမန်မှန်ပြောင်းတစ်လက် ပါရှိသဖြင့် တော်ပါသေးသည်။
လိုင်စင်ရထားပြီးဖြစ်၍ ကျွန်ုပ်နှင့် မုဆိုးကြီးဦးဖဝေးတို့သည် ပြောင်အုပ်နောက် လိုက်ခဲ့သည်မှာ သုံးရက်လုံးလုံး ရှိချေပြီ။
ဆင်သေတောင်သည် တောင်မကြီးနှင့် အရန်တောင်သုံးလုံး တစ်ဆက်တည်းရှိပါသည်။ ဆင်သေတောင်မကြီးကို ဆင်ဦးခေါင်းတောင်နှင့် ဆင်ကုန်းထိပ် ဆင်နှာမောင်းဟူ၍ ခေါ်ဆိုပါသည်။ တောင်မကြီးဘက်တွင် ဓားပြဂိုဏ်းမှ ရိုးလေးရိုးကြီးတို့စခန်း ရှိသောကြောင့် အထူးသတိထားရပါလေသည်။
နံနက် ၈ နာရီ ၁၅ မိနစ်တွင် ကျွန်ုပ်နှင့် မုဆိုးကြီးဦးဖဝေးတို့သည် ဆင်ကုန်းထိပ်ဗွေကြောသို့ ရောက်လာပါသည်။
အင်တိုင်းတောမှာ ဝါးသုဉ်းတောကို ဖြတ်၍ တက်ခဲ့စဉ်ဝယ်
“ဂရူး… ဂရူး”
ဟူသော အသံကို ကြားရ၏။
နှင်းများမကွဲသေး၍ ခပ်မွဲမွဲအရောင်သာ မြင်ရသည်။ ရောက်နေသော နေရာမှာ တောငှက်ပျော၊ ဇင်ပြွန်းတောနှင့် ဒီးဒူးပင်ကြော ဖြစ်သည်။
ဒီးဒူးပင်များကြားတွင် ဇင်ပြွန်းစာတောနှင့် ချိုင့်ဝှမ်းထဲမှ တောငှက်ပျောပင်တွေ ရှိသည်။ ဒီးဒူးပင်ကြီး တစ်ပင်ပေါ်၌ ဝံကြီးတစ်ကောင် ပျားဖွပ်နေသည်ကိုတွေ့ရ၏။
သစ်ပင်အောက်မှ ဝက်ဝံမတစ်ကောင်နှင့် ဝံငယ်နှစ်ကောင်ကို တွေ့ရ၏။
ရုတ်တရက် ကျွန်တော်တို့ကိုမြင်သွားသဖြင့် ဝက်ဝံမက အသံပြုကာ အော်လိုက်၏။ ဝက်ဝံများသည် နားပါးပြီး မျက်စိမွဲသော သတ္တဝါများ ဖြစ်ကြ၏။
ကျွန်ုပ်တို့က ခေတ္တမျှငေး၍ ကြည့်မိပြီးမှ လမ်းခွဲလိုက်ကြသည်။ ဝက်ဝံထီးသည် စိုးရိမ်သဖြင့် သစ်ပင်ပေါ်မှ ပျားသလက်ကြီးကိုင်ကာ အောက်သို့ ဆင်းလာစဉ် ကျွန်ုပ်တို့က အခြားတောင်ကြောဘက်သို့ ကွေ့ပတ်လာခဲ့ကြပါသည်။
ယင်းအချိန်တွင် နှင်းများ အနည်းငယ်ကျဆင်းကာ လေသာ တဟူးဟူးတိုးဝှေ့နေ၏။ နေခြည်သည် ပါးလွှာသော နှင်းလွှာကြားမှာ သက်တံ့ရောင်တန်းပမာထိုးဖောက်ကျဆင်းလာပါသည်။
ကျွန်ုပ်တို့သည် ဆင်သေကုန်းထိပ် ဗွေကြောမှ ကိုင်းပင်ဝါးစိမ်းတောဘက်သို့ ဆင်းလာစဉ် ပြောင်တွန်သံကြားရသည်။
“ထရိန်း…”
“ထရိန်း…”
ကျွန်ုပ်တို့သည် တောင်စွယ်ကြော “ကော့ညွတ်”ခေါ် ကုန်းကလေး၏ ကျောက်တုံးကြီးတစ်တုံးဘေးကပ်၍ ဝါးစိမ်းတောကို ကြည့်လိုက်ကြသည်။
ဝါးနုဝါးကိုင်းကလေးများကို စားနေသည့် ပြောင်အုပ်တစ်အုပ် ဖြစ်သည်။ စုစုပေါင်း ကောင်ရေလေးဆယ်ခန့်ရှိပြီး ပြောင်မများနှင့် သားငယ်ပြောင်ပေါက်လေးများနှင့် အရွယ်ရောက်ပြီး ပြောင်ကြီးအချို့ပါဝင်ပါသည်။
ရုတ်တရက် ဝါးစိမ်းတောတစ်ဖက်မှ ပြောင်ကြီးတစ်ကောင် ထွက်လာသည်ကို တွေ့ရ၏။
“ ထရိန်း … ရှူး … ရှူး”
“ဖောင်း … ဖောင်း”
ဝါးစိမ်းတောတွင်း တစ်ဖက်မှ ထွက်လာသော ပြောင်ကြီးသည် အသက်ကြီးသော ပြောင်ထီး ဖြစ်သည်။ အရပ်အမြင့် မြေမှပခုံးအထိ ခြောက်ပေခန့် ရှိပြီး အလေးချိန် ပေါင်နှစ်ထောင်နီးပါး ရှိပါလိမ့်မည်။
ဦးချိုနှစ်ဖက်မှာ ကြီးမားလှပြီး ပစောက်ပုံသဏ္ဌာန်ဝိုင်းကာ အရင်းမှာ ကျွဲချိုကဲ့သို့ ခပ်ပြားပြားနှင့် အတွန့်များသည် လိုင်စင်ဖြင့်ပစ်ခတ်ရန် ခွင့်ပြုချက်နှင့်အညီ ပြောင်ကြီးပင်ဖြစ်၏။
ပခုံးမှာ ကျောရိုးအတိုင်း ကြွက်သားမျှောင်းကြီးသည် ကျောပေါ်၌ ပြေပြစ်စွာလျှော၍ ခါးသို့မရောက်မီဝမ်းဗိုက်အောက်သို့ သက်ဆင်းသွားခြင်းနှင့် ကြီးမားသော ဦးခေါင်း၊ ကြီးမားသော ကိုယ်ထည်၊ တုတ်ခိုင်သောခြေလက်တို့မှာ အင်အားကြီးမားခြင်းကို ဖော်ပြလျက် ရှိနေပါ၏။
အရောင်မှာ အနက်ရောင်ဖြစ်ပြီး ခြေလက်လေးဖက်စလုံးမှာ ခြေအိတ်စွပ်ထားဘိအလား အဖြူရောင်အမွေးများ ဖုံးထားသောကြောင့် ကျွဲ၊ စိုင်များနှင့် အများကြီး ကွာခြားပါဘိ၏။
ဤဝါးစိမ်းတောမှ ထွက်လာသော ပြောင်ကြီး၏ ဦးချိုသည် လက်မသုံးဆယ်ထက် ကျော်မည်။ အိမ်တွင်း အလှချိတ်ထားလိုသော ပုဂ္ဂိုလ်များအတွက် တန်ဖိုးကြီးကြီး ပေးဝယ်ရမည့် ဦးခေါင်း ဦးချိုအမျိုးအစားတည်း။
ကျွန်ုပ်တို့သည် လေအောက်မှရှိ၍ ပြောင်တို့၏ ပြင်းထန်သော ချွဲကျိကျိအနံ့ကို ရှိုက်မိနေကြသည်။
သည်ပြောင်ကြီးသည် သင်းကွဲပြောင်ကြီး သို့မဟုတ်ပါက အုပ်စုခေါင်းဆောင်က လိုက်ဝှေ့၍ နှင်ထုတ်ထားသဖြင့် ဗိုလ်လုရန် ထွက်လာခြင်းသာလျှင် ဖြစ်ပေမည်။
ယင်းအခိုက် ပြောင်အုပ်ထဲမှ အုပ်စုခေါင်းဆောင် ပြောင်ကြီးတစ်ကောင် ပြေးထွက်လာပါသည်။ သူ့နောက်မှ ပြောင်ပေါက်နှစ်ကောက် ပါလာ၏။
“ရှူး … ရှူး”
အုပ်စုခေါင်းဆောင် ပြောင်ကြီး၏ နှာမှုတ်သံမှာ လက်ခေါက်မှုတ်သံပမာ ကျယ်လောင်လှသည်။
“ထရိန်း…”
တစ်ခဏကြာလျှင်အုပ်စုခေါင်းဆောင်ပြောင်ကြီးသည် သင်းကွဲပြောင်ကြီးထံသို့ တအားကုန်ပြေးသွားခဲ့သည်။
ဝါးစိမ်းတောဘက်မှ ဗိုလ်လုရန်ထွက်လာသော သင်းကွဲပြောင်ကြီးသည် ဦးထိုက်တို့ကို လှလှကြီးဒုက္ခပေးခဲ့သည့် သတ္တဝါကြီးဖြစ်ပေမည်။
တစ်ခဏအတွင်းမှာပင် ”ဖောင်း” ဟူသော အသံကြီးကြားရကာ ဝါးစိမ်းတောမှ ထွက်လာသော ပြောင်အိုကြီးသည် အူးခနဲအော်ကာ ခေါင်းတစ်ချက် ယိမ်းယိုင်သွားပါချေသည်။
သည်အချိန်တွင် ဒသမ ၄ဝ၅ ထိပ်ဖူးကျည်မာအမျိုးအစား ဂျာမန်မော်ဇာ အမဲပစ် ဒသမ ၄ဝ၅ ရိုင်ဖယ်ကြီး ကိုင်ထားသည့် မုဆိုးကြီးဦးဖဝေးသည် သူ၏သေနတ်ပြောင်းကို ချိန်ရွယ်လိုက်ပါသည်။
ကျွန်ုပ်မှာလည်း ဒသမ ၄၅၈ ဝင်ချက်စတာ ရိုင်ဖယ်ကြီး ပါလာသည်။ ယမ်းအားဂရိန် ၅ဝဝ ရှိပြီး တစ်စက္ကန့်လျှင် ပေ ၅ဝဝဝ အထိ တွန်းကန်အားရှိ သဖြင့် ပြောင်လို အမဲကြီးပစ်ရန်အတွက် ဥပဒေနှင့် ညီညွတ်ပြီးလည်း ဖြစ်ပါသည်။
ပြောင်ကြီးနှစ်ကောင်ကို လိုင်စင်အရ ပစ်ခွင့်ရထားသည့်အတိုင်း အုပ်စုဗိုလ်လုနေချိန်တွင် ကျွန်ုပ်တို့အတွက် ပစ်ခတ်ရန် အကောင်းဆုံးအချိန်အခါပင် ဖြစ်ပါသည်။
ပြောင်အုပ်စုခေါင်းဆောင်နှင့် သင်းကွဲပြောင်ကြီးသည် အချင်းချင်း အပြင်းအထန် ဗိုလ်လုပွဲ ကျင်းနေချေပြီ။
ခွာလိုက်၊ တိုက်လိုက်နှင့် အားချင်းပြိုင်ကြသည်။ မြေသည် ဖုန်တထောင်းထောင်းထသွားကာ ချုံများ ပိပြားသွားသည်။ တစ်ဦးနှင့်တစ်ဦး နှာမှုတ်သံ၊ မာန်သွင်းသံများက ဆူညံလာ၏။
သည်အချိန်မှာပင် မုဆိုးကြီးဦးဖဝေးက ကျွန်ုပ်အား အချက်ပေးလိုက်ပါသည်။
“ဝုန်း …”
ရုတ်တရက် ထူးဆန်းသော အသံများ ပြောင်အုပ်စုမှ ရုတ်ရုတ်သဲသဲ ပေါ်ထွက်လာပါချေသည်။
“ဝေါင်း…”
ရုတ်တရက် ဖက်ကြီးပင်များ အကာအကွယ်ယူ၍ ဝါးစိမ်းတောတစ်ဖက်မှ အဝါနှင့် အနက်စင်းသတ္တဝါကြီးနှစ်ကောင်တို့သည် ပြောင်အုပ်အတွင်းမှ ပြောင်မနှစ်ကောင်အပေါ် လွှားခနဲ ခုန်အုပ်လာသည်ကိုတွေ့ရ၏။
“ထရိန်း..”
“ထရိန်း…”
ပြောင်ပေါက်တို့၏ တွန်သံနှင့် ရုတ်တရက် အမဲကြီးဖြစ်သော ကျားကြီးနှစ်ကောင်ဆီသို့ တစ်ရှိန်ထိုးပြေးသွားကာ ဦးချိုဖြင့် ခတ်လိုက်ကြ၏။
သို့သော် ပြောင်မတစ်ကောင်မှာ ကျားကြီး၏ လက်ချက်မိသွားကာ လည်ကုပ်ကို ကျားကြီးက ခဲမိပြီးဖြစ်၍ တစ်ချက်ဟပ်ကာ ခုန်ထွက်သွား၏။
ပြောင်မမှာ လည်ကုပ်သားများ ကျားပါးစပ်ထဲ ပါသွား၍ သွေးတွေ ဝေါခနဲထွက်ကာ တုန်တုန်ယင်ယင် ဖြစ်နေ၏။
ကျားကြီးနှစ်ကောင်အနက် တစ်ကောင်မှာ အမဖြစ်၍ တစ်ကောင်မှာ အထီးဖြစ်ပြီး တောင်ပတ်ကျား၊ ကျွန်းပတ်ကျားများအရွယ် ဖြစ်၏။
ပြောင်များသည် အုပ်စုစိတ်ပြင်းထန်သော သတ္တဝါများဖြစ်၍ တစ်ခဏချင်းပင် ဝိုင်းကြီးပတ်ပတ်လည်ပြုကာ ကျားရန်မှ ကာကွယ်ရန် ပြင်လိုက်ကြ၏။
သည်အခိုက် အုပ်စုခေါင်းဆောင်ပြောင်ကြီးနှင့် သင်းကွဲပြောင်ကြီးတို့သည် အချင်းချင်း တိုက်ခိုက်နေခြင်းကို ရပ်လိုက်ကာ ကျားကြီးနှစ်ကောင်ဆီသို့ ပြေးကာ ရင်ဆိုင်လိုက်ကြ၏။
ကျားကြီးနှစ်ကောင်မှာ ပြောင်အုပ်စုထဲမှ အားနည်းသော ပြောင်မများကို တိုက်ခိုက်ရာမှ ယခုအခါ နောက်ဆုတ်သွားကာ ရုတ်တရက်တစ်ပတ် လှည့်၍ သင်းကွဲပြောင်နှင့် အုပ်စုခေါင်းဆောင်ပြောင်ကြီးတို့အား တိုက်ခိုက်ရန်အတွက် ပြင်လိုက်၏။
သည်အခါတွင် အုပ်စုခေါင်းဆောင် ပြောင်ကြီးနှင့် သင်းကွဲပြောင်ကြီးတို့သည် ဖင်ချင်းဆက်၍ ပြောင်အုပ်စုကိုကာကွယ်ရန်အတွက် အသင့်ပြင်လိုက်ကြ၏။
ပြောင်ပေါက်ကြီးများနှင့် ပြောင်မများကလည်း ပြောင်ငယ်ကလေးများကို အတွင်းမှထား၍ ဖင်ချင်းဆက်ပြီး ကျားဘေးမှ ကာကွယ်ရန် ပြင်လိုက်ကြသည်။
“ဝုန်း…”
ရုတ်တရက် သင်းကွဲပြောင်ကြီးပေါ်သို့ ကျားကြီးတစ်ကောင်သည် ခုန်ဝင်လာသည်။
သင်းကွဲပြောင်ကြီးသည် ခေါင်းမော့၍ သူ၏ဦးချိုဖြင့် ခတ်ချလိုက်၏။ ပြောင်အုပ်ခေါင်းဆောင်ပြောင်ကြီးကလည်း တစ်ပတ်လှည့်၍ကျားကြီးကို တအားကုန် ခတ်ပစ်လိုက်၏။
“အာဝု … ဝေါင်း”
“ဝုန်း …”
ရုတ်တရက် ကျားကြီးက တောင်သပြေပင်ကြီးဘက် ကျသွား၏။ သင်းကွဲပြောင်ကြီးသည် ဝေါခနဲပြေးကာ ခတ်လိုက်၏။
“အာဝု … ဝေါင်း”
ရုတ်တရက် သပြေပင်ကြီးတစ်ဖက်မှ ကျားကြီးတစ်ကောင် ခုန်ထွက်ကာ ပြောင်ကြီး၏နောက်ကျောကို ခုန်အုပ်လိုက်သည်။
“ ဖောင်း …”
“ဒုတ် …”
ရုတ်တရက် သင်းကွဲပြောင်ကြီးသည် ဦးခေါင်းမော့၍ ထိုကျားကြီးအား ခတ်လိုက်ရာ သူ၏ဦးချိုဖြင့် တောင်သပြေပင်ကိုယ်လုံးကို ခတ်မိကာ ဦးချို မှာစိုက်ဝင်နေ၍ နုတ်မရဘဲ တရှူးရှူးဖြစ်နေ၏။
ထို့ကြောင့် ပြောင်ကြီး၏ ကြီးမားသောလည်ပင်းကြီးသည် မော့၍စင်းပေးထားဘိအလား ရှိနေ၏။
တောင်သပြေပင်ခြေရင်းမှ ကျားကြီးက ဝေါင်းခနဲ တစ်ချက်မာန်သွင်းကာ ပြောင်ကြီး၏လည်ပင်းကို ခုန်၍ ဟပ်ပစ်လိုက်ရာ သွေးတွေ ဝေါခနဲ ပန်းကာ ကျလာပြီး ပြောင်ကြီးမှာ ဝူးခနဲ အော်လိုက်ပါ၏။
“ဝူး…”
ရုတ်တရက် ပြောင်အုပ်ခေါင်းဆောင် ပြောင်ကြီးကပြေးလာသည်။
“ဝုန်း…”
ရုတ်တရက် ကျန်နေသောကျားကြီးက လမ်းမှဖြတ်၍ သင်းကွဲပြောင်ကြီး၏ လည်ကုပ်သားကို ခုန်၍ဟပ်ကာ ကိုက်ချလိုက်ပါသည်။
“အူး…. ရှူး”
ရုတ်တရက် နာကျင်လှစွာ အော်လိုက်သော ပြောင်အုပ်ခေါင်းဆောင်ကြီးအသံက ပေါ်ထွက်လာပါချေသည်။
ယင်းအချိန်တွင် တောင်သပြေပင်ကြီး၏ ပင်စည်လုံးတွင် ဦးချိုစိုက်ဝင်နေသော သင်းကွဲပြောင်ကြီးမှာ ကျားကြီးပြုသမျှ ခံနေရ၏။ ကျားကြီးသည် တစ်ချက်တည်းဖြင့် တစ်ပိဿာခန့် လည်ပင်းအသားကို ဝါးမျိုစားလိုက်သည့်အပြင် နောက်ထပ် ဝေါင်းခနဲအသံပြု၍ လည်ပင်းသားကို အတွင်းသွေးကြောကြီးပါ ကိုက်ဆွဲလိုက်ခြင်းဖြင့် သင်းကွဲပြောင်ကြီးမှာတဂူးဂူးအသံမြည်လျက် သွေးတွေပွက်ပွက်ထွက်ကာ အသက်ပျောက်ရချေပြီ။
ကျန်သော အုပ်စုခေါင်းဆောင် ပြောင်ကြီးမှာလည်း ကျားကြီးတစ်ကောင်၏ မလွတ်တမ်း ကုပ်ကြောကိုခဲနေမှုကြောင့် ဝါးစိမ်းတောကြားဝယ် ယိမ်းထိုးနေပေပြီ။
သည်အခိုက် ကျွန်ုပ်အား မုဆိုးကြီး ဦးဖဝေးက “ပစ်တော့” ဟု အချက်ပေးလိုက်၏။
ကျွန်ုပ်တို့၏ အမဲကြီးပစ် ရိုင်ဖယ်ပြောင်းများသည် ပြောင်များအစား ကျားကြီးနှစ်ကောင်ဆီသို့ တစ်ပြိုင်တည်း ညွှတ်လိုက်ကြကာ ခလုတ်များကို ညှစ်ချလိုက်ပါ၏။
“ဒိုင်း…”
“ဒိုင်း…”
သေနတ်သံနှစ်ချက်သည် ဟိန်းထွက်သွားသည်။ ကော်ဒိုက်ယမ်းနံ့များ ထောင်းခနဲ ထသွားသည်။
ကျွန်ုပ်တို့တစ်တွေ ပစ်လိုက်သော ကျွန်းပတ်ကျားထီး အမ နှစ်ကောင်သည် ပြောင်ကြီးနှစ်ကောင်အနီးဝယ် လွင့်စဉ်ကာ မြေပေါ်သို့ကျ၍ အသက်ငင်နေလေပြီ။ ကျားကြီးနှစ်ကောင်စလုံးပင် လက်ပြင် ဦးခေါင်းထိကာ စက္ကန့် ပိုင်းမှာပင် ဇီဝိန်ချုပ်သွားပေသည်။
ယင်းအချိန်မှာပင် ပြောင်ပေါက်များခေါင်းဆောင်သော ပြောင်မနှင့် ပြောင်ငယ်များသည် ဝါးသုဉ်းတောဘက်သို့ တဝုန်းဝုန်း ထွက်ပြေးသွားပါချေပြီ။
ကျွန်ုပ်တို့သည် တောင်ကုန်းထက်မှ ဝါးစိမ်းတောဘက်သို့ ခုန်ချသွားခဲ့သည်။ ပြောင်ကြီးနှစ်ကောင်နှင့် ကျားနှစ်ကောင်ကို ရလိုက်ချေပြီ။
ပြောင်ပစ်ရန်လာသော မုဆိုးများအဖို့ ကျားတွေကိုပါ အဆစ်ရလိုက်ပါ၏။
မုဆိုးကြီးဦးဖဝေးက သပြေပင်ကြီးတွင် ဦးချိုစိုက်ကာ ကျားကြီး၏ ဒဏ်ချက်ဖြင့် သေပွဲဝင်နေသော ပြောင်ထီးကြီးကို လက်ညှိုးပြကာ…
“တော်တော်ကံဆိုးတဲ့ အကောင်ကြီးကွာ၊ ကျားကိုမထိပဲ သပြေပင်ကိုမှ ခတ်မိတယ်။ သူ့ဦးခေါင်း မပျက်ပဲရတာပဲ တော်လှပြီကွ”
“ဒါပေါ့ ဖထီး … စားရကံကြုံ မုတ်ဆိတ်ပျားစွဲဆိုတာ။ အခုတော့ ပြောင်တွေတင်မကဘူး ကျားတွေပါရတော့ ဒီနှစ်မှာ အလုပ်ကောင်းကောင်း ဖြစ်သွားတာပဲပေါ့”
ဤသို့ ကျွန်ုပ်က ပြောနေစဉ်မှာပင် မုဆိုးကြီးဦးဖဝေးက ကျွန်ုပ်အား လက်ညှိုးထောင်ပြလိုက်ပါသည်။
“မြန်မြန်လုပ်ဟေ့၊ ငါတို့ ဒီနေရာက မြန်မြန်သွားမှ ဖြစ်မယ်”
ကျွန်ုပ်သည် ဦးဖဝေးပြောလိုက်သောစကားကို နားလည်လိုက်ပါသည်။
ရုတ်တရက် ခပ်ဝေးဝေး တောင်တစ်ကြောဆီမှ တုံးခေါက်သံတစ်သံ ပေါ်ထွက်လာပါချေသည်။
ထိုအသံသည် တောအမဲကြီးတွေထက်ဆိုးသောတောင်ရိုးဓားပြစခန်းမှ အချက်ပေးတုံးခေါက်သံတွေပင် မဟုတ်ပါလား။
“ဒုံဒုံ…ဒုံး..”
“ဒုံဒုံ…ဒုံး..”
အချက်ပေး တုံးခေါက်သံသည် တောင်တစ်တောင်မှ တစ်တောင်ဆီသို့ ပျံ့လွင့်ကာ တဖြည်းဖြည်း ကျယ်လာပါသတည်း။
ကျွန်ုပ်တို့သည် အရေးကြီးသော အမဲကြီးများ၏ ဦးချိုနှင့် အရေခွံများကို အရယူကာ အချို့တောတွင်းမှာပင် လျှို့ဝှက်ထားကာ သည်ဆင်သေရိုးမှ ပြန်ရန် ပြင်ရပါသတည်း။
– ပြီး –
စာရေးသူ – မြဝဇီ
Uncategorized