ရိုးမ ကျားသစ်နတ်ကြီး
“တောင်- တောင်”
“ဝေါင်း – ဝေါင်း”
တောတွင်းသားကောင်ကလေးများ၏(တစ်သံ)အော်သံကို ကြားလိုက်ရပါသည်။
၁၉၄၃ – ခုနှစ်တွင် ကျွန်ုပ်သည် အင်းတကော်စစ်မြင်းတပ်(ထိုအချိန်က စစ်မြင်းလေ့ကျင့်ရေးတပ်)တွင် တာဝန်ထမ်းလျက်ရှိပါ၏။
တပ်ရင်းမှူးမှာ ဗိုလ်မှူးကြည်၊ ဒုတပ်ရင်းမှူးမှာ ဗိုလ်မှူးကျော် (ဗဟိုလုံခြုံရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဟောင်း) ဖြစ်ပါသည်။ တပ်မတော်ရဲဘော်များအနေဖြင့် ကျွန်ုပ်တို့တပ်ရင်းမှူးဗိုလ်မှူးကြီးကျော်အား (မြင်းကျော်) ဟူ၍လည်း ဘွဲ့များ ပေးထားကြပါသည်။
ဤသည်မှာလည်း တပ်မတော်တွင် ဆာကေကျော် စသော ကျော်များ ရှိနေသဖြင့် နာမည်တူသော်လည်း တာဝန်ယူပုံနှင့် ဝါသနာအရပြုလုပ်ပုံကိုကြည့်ကာ တပ်မတော်ရဲဘော်များက ဝိသေသနဘွဲ့ထူးများ ပေးလိုက်ခြင်းပင်။
ကျွန်ုပ်သည် မြင်းတပ်စတင်ဖွဲ့စည်းသော မြေနီကုန်းနန်းဦးကျောင်းတိုက် ခြံဝင်းကြီးမှနေ၍ အင်းတကော်သို့ဘပြောင်းရွှေ့ခဲ့သည်မှာ သုံးလမျှ ရှိခဲ့လေပြီ။
အစားအသောက်များကလည်း လုံးဝမကောင်း။
ဥပမာ – ကြက်နှစ်ကောင်ကို မည်သို့ ဘူးသီးနှင့်ရော၍ မိုးပြဲဒယ်နှစ်အိုးတွင် ချက်လိုက်သည် မသိ။ကြက်သားအစကိုပင် မတွေ့ရပါချေ။
ပန်းကန်ပြားမရှိ၍ မြေပျော့ပျော့ကို ဖနောင့်ဖြင့်ပေါက်၊ အင်ဖတ်ကိုခင်းကာ ရဲဘော်များက ထမင်း၊ ဟင်းလိုက်ပေးမည့် ရဲဘော်များကို စောင့်ရသည်။ အချို့ရဲဘော်များကမူ စစ်ဦးထုပ်တွင် အင်ဖက်ခင်းကာ စောင့်ကြ၏။
ထမင်းတောင်းများ ဆွဲလာသော ရဲဘော်များက ထမင်းများကိုလိုက်၍ ဒန်ပန်းကန်ဖြင့် ခူးခပ်ကာ ထည့်ပေးသည်။
(ဒန်ပန်းကန်မှာ ဒါးပိန်မြို့၊ သဗြုကျေးရွာကြီးမှ လေယာဉ်ပျက်များအား ပန်းကန်နှင့် ဇွန်း”ဟန်းကော”ခေါ် ထမင်းဘူးပြုလုပ်ကာ ဗမာ့တပ်မတော်သို့ သွင်းခဲ့ခြင်းဖြစ်ပါသည်။
ထိုအချိန်က ဟင်းမှာ ဟင်းရည်အများဆုံးနှင့် ဘူးသီး၊ ခဝဲသီးကပင် နည်းပါးလှ၏။ ဟင်းရည်ကို ကြေးခွက်ကြီးဖြင့် လောင်းချလိုက်လျှင် အင်ဖက် မှတစ်ဆင့် မြေခွက်ထဲသို့ စိမ့်ကာ ဆင်းသွားသောကြောင့် ကမန်းကတန်း တရကြမ်း ပလုတ်ပလောင်း စားကြရသည်။
အမှန်တော့ ရဲဘော်များမှာ အင်းတကော်ရောက်ပြီး သုံးလကျော်ကြာသည်အထိ ထမင်းစားပန်းကန် မရကြသေးပါ။
ကျွန်ုပ်တို့တပ်တွင် တပ်ရင်းမှူးစီးနိုင်သော ကိုယ်ပိုင်ကားပင် မရှိကြပါ။ မြင်းတပ်ဖြစ်၍ မြင်းများတော့ ရှိကြသည်။ မြင်းများ နာမကျန်းဖြစ်၍ ဆေးကုမရသောအခါတွင် စစ်တပ်ထုံးစံအတိုင်း“အနားပေးခြင်း”ဟုခေါ်သော ပစ်သတ်ကာ စစ်အခမ်းအနားဖြင့် မြေတွင်မြှုပ်၍ အလေးပြုကြရ၏။
တစ်ခါက မြင်းတစ်ကောင်သေရာ မြင်းကို ဖျက်စားရန်ပြုလုပ်သော ကျွန်ုပ်အပါအဝင် ရဲဘော်များမှာ တပ်ခွဲမှူးဗိုလ်ကြီးအုန်းတင်၏ ပြင်းထန်သော လက်ဝါးဖြင့် ပါးများကို ဘယ်ပြန်ညာပြန် အရိုက်ခံခဲ့ရဖူး၏။ ဗိုလ်ကြီးအုန်းတင်က
“တပ်မတော်စစ်မြင်းသည် စစ်သည်တော်တစ်ဦးဖြစ်၍ ရဲဘော်သားကို မင်းတို့စားချင်သလား”
ဟူ၍ ဩဝါဒမိန့်ခွန်းဖြင့် မြွက်ကြားခဲ့၏။ ထိုမြင်းကိုပင် အခမ်းအနားဖြင့် မြေမမြှုပ်ခင် အလေးပြုကြရသည်။
(ထိုအကြောင်းနှင့် ပတ်သက်၍ မြဝတီမဂ္ဂဇင်းတွင် ရဲဘော်သားစားရန် ကြံခဲ့စဉ်ကဟူ၍ ရေးခဲ့ဖူးပါ သည်။)
ကျွန်ုပ်တို့၏ စစ်မြင်းတပ်တည်ရာမှ အင်းတကော်ရွာနှင့် သုံးမိုင်ခန့်ဝေးကာ အလျားသုံးမိုင်အနံ သုံးမိုင်ရှိသော တောကြမ်းကို ခုတ်ထွင်ရှင်းလင်းလျက် မြင်းတပ်စခန်း ဖွင့်ခဲ့ပါသည်။ အမှန်တော့ ယင်းနေရာမှာ ပဲခူးအလယ်ရိုးမတောင်ရိုး အဖျားပင်။
မြင်းကွင်းကို “မြင်းခွာပုံ”အောက်လျှိုတွင် ရှင်းလင်းကာ စစ်လေ့ကျင့်ရေးကွင်း၊ မြင်းများထားရာကွင်းအဖြစ် ပြုလုပ်ခဲ့၏။ လျှိုအထက် ကုန်းမြင့် တောင်ကြောတွင် မြင်းဇောင်းများ စစ်တန်းလျားများနှင့် ရုံးအဆောက်အအုံများ တည်ထားပါသည်။
(ရန်ကုန် – ပဲခူးသွားကားလမ်း၊ အင်းတကော်အလွန် “စစ်မြင်းတပ်” ဟူသော ဆိုင်းဘုတ်ကြီးကို တွေ့ကြရမည်ဖြစ်၏။)
ရဲဘော်နှင့် အကြပ်၊ ဗိုလ်ကအစ အစားအသောက်မှာ ငတ်ကြသည်။ ခြောက်လလောက်နီးမှ ငါးခြောက်များ ရောက်လာသဖြင့် ထိုက်သင့်သလောက်စားသောက်ကြရ၏။
ထိုအချိန်က ရသော လစာကို ကြည့်ပါ။ ရဲဘော်တစ်ဦးလျှင် ထောက်ပံ့ကြေး ခုနစ်ကျပ်ခွဲ ယူနီဖောင်းမှာလည်း အညာပုဆိုး ဖျင်ကြမ်းအကွက်များကို မြေရောင်နှင့် မြက်ရောင်ဆိုးထားသည့် စစ်ယူနီဖောင်း၊ယူနီဖောင်းကိုလျှော်ဖွပ်သောအခါ ဆေးများ မခိုင်လွန်းသဖြင့် အရည်ပျော်ကာ မူလပုဆိုးကွက်အတိုင်း ပေါ်လာ၏။
သန်းတွေကလည်းစွဲသဖြင့် နံနက်(၈)နာရီမှ ဆယ်နာရီ စစ်သင်တန်းခေတ္တရပ်ချိန်တွင် ယူနီဖောင်းကိုချွတ်ကာ နေလှန်းသန်းရှာရသည်မှာ အလုပ်တစ်လုပ်ဖြစ်နေသည်။ သည်လောက်ဆိုလျှင် ဂျပန်ခေတ်စစ်မြင်းတပ်သားများ၏ ဆင်းရဲမွဲတေ ချူချာလှပုံကို စာဖတ်သူများ သိလောက်ပါလေပြီ။
“ဝေါင်း … ဝေါင်း”
ခပ်ဝေးဝေး တောအတွင်းမှ နံနက်စောစော ဒရယ်ကလေးများအသံ ကြားရလျှင် ကျွန်ုပ်သည် သက်ပြင်းရှိုက်မိပါသည်။
အမှန်တော့ ထိုညနှင့် ယနေ့နက်ဖြန်အထိ မြင်းကင်းတာဝန်ယူကာ လျှိုအောက်မြင်းကွင်းတွင် ကျွန်ုပ်မှာ တာဝန်ယူထားရပါသည်။
“ဟိတ် ဘယ်သူလဲ- ရပ်”
လျှိုဆင်းလမ်းမှ ကင်းတာဝန်ကျရဲဘော်၏အော်သံက ဟိန်းထွက်လာသည်။
“ဟိုင်း”
တစ်ဖက်စကားဝှက်ကို ပြောလိုက်၏။ ကင်းလာစစ်သော တာဝန်မှူး တပ်ကြပ်ကလေးမျိုးအောင်ဖြစ်ပါသည်။ သူနှင့်အတူ ဗိုလ်အောင်ဒင် ပါလာ၏။
(တပ်ကြပ်ကလေး မျိုးအောင်မှာ ယခု တပ်မတော်တွင် ဗိုလ်မှူးကြီးမျိုးအောင်၊ စည်ပင်သာယာရုံးမင်းကြီးနှင့်မြို့တော်ဝန်လုပ်သွားသူ။)
တပ်ကြပ်ကလေးများကို ကျွန်ုပ်တို့က ဆရာလေးများဟုခေါ်ကြ၏။ သည်အခိုက်
“ဟေ့ မင်း ပဲအိုးကို မြန်မြန်သိမ်းထားစမ်”
ဟု ရဲဘော်အချင်းချင်း သတိပေးသံခပ်တိုးတိုး ပေါ်လာ၏။
မှန်သည်။ မြင်းများစားသောပဲကို ညတစ်ညလုံး ရေစိမ်ထားပြီးမှ နံနက်တွင် ကောက်ရိုးမြက်ခြောက်နှင့် ဆားနှစ်ကျပ်သားခန့်ထည့်၍ကျွေးလေ့ရှိ၏။ ပဲမှာကုလားပဲကြမ်း။ အခွံမချွတ်ရသေး။ ရေစိမ်၍ပွလာသောအခါတွင် မြင်းမကျွေးမီ ရဲဘော်တွေက ကြံဖန်ရှာထားသော ဒန်ပန်းကန်တွင်ဖြစ်ဖြစ် ဝါးရုံရိပ်တွင် ဝါးကိုင်းခြောက် သစ်ရွက်ကိုင်းခြောက်များနှင့် လှော်၍စားကြသည်။ ဤသည်မှာလည်း အထက်အရာရှိများမသိအောင် စားသောက်ရခြင်းပင်။
တစ်နေ့ညတွင် မြင်းတစ်ကောင်အား ကျားသစ်ကိုက်သွားပြီး မြင်းတစ်ကောင်မှာ လွတ်ပြေးသွားခဲ့၏။
ထိုမြင်းကိုရှာဖွေရန် ကျွန်ုပ်မှာ တာဝန်ကျလာသည်။ သည့်အပြင် ကျားသစ်၏ ဘေးအန္တရာယ် မကျရောက်ရန် ကျွန်ုပ်တို့ ကျားသစ်ရှာဖွေရန်လည်း အရေးကြီးပါ၏။
ကျွန်ုပ်သည် ရဲဘော်နှစ်ဦးနှင့်အတူ စစ်မြင်းသုံးကောင်စီးကာ တပ်မြေအပြင် တောအတွင်းသို့ နံနက်စောစော ထွက်ခဲ့ကြပါသည်။ လွတ်ထွက်ပြေးသောမြင်းမှာ ကျားသစ်ဘေးရန်ကြောက်ကာ ထွက်ပြေးခြင်းထက် ချည်ထားသောကြိုးကို ခပ်ပေါ့ပေါ့ချည်ထားသဖြင့် လွတ်သွားခြင်းဖြစ်ပါသည်။
စိုးရိမ်ရသည်မှာလည်း တောခွေးခေါ် မြေအောင်းခွေးအများလည်း အုပ်စုလိုက် ဒုက္ခပေးတတ်သဖြင့် လွတ်သွားသောမြင်းအဖို့ အန္တရာယ်များ အထူးကျရောက်နိုင်ပါသည်။
တောအရိပ်၊ တောင်အရိပ်တို့က အေးမြလှသည်။ သစ်ပင်ကြီး ဝါးပင်ကြီးများကလည်း နေပြောက်မထိုးနိုင်အောင် လွှမ်းမိုးကျပါသည်။ သစ်ပင်ကြီးများနှင့် ဝါးပင်ကြီးများအောက်သို့ဖြတ်ကာ မြင်းများကိုစီးရင်းက ပျောက်ဆုံးသွားသောမြင်းများကို တောင်ကုန်းတစ်ခုမှ တောင်ကြောတစ်ကြော စသည်ဖြင့် မြင်းသုံးစီးကိုနှင်ကာ အင်းတကော်တောအတွင်း လှည့်လည် ရှာဖွေခဲ့သည်။
ကျွန်ုပ်တို့မြင်းကွင်းဖောက်လုပ်ခြင်း၊ အဆောက်အအုံများဆောက်လုပ်ခြင်းများတွင် တောင်ရိုးအတွင်းကျေးရွာများမှ အမျိုးသားများနှင့်အမျိုးသမီး များကို ငှားရမ်းလုပ်ကိုင်ခဲ့သဖြင့် ထိုကျေးရွာများသို့လည်း ရောက်ခဲ့ပါသည်။
ထိုနေ့နံနက်စာကို ညောင်တိုရွာတွင် စားသောက်ကာ ခေတ္တနားရင်း နေ့လယ်ချိန်တွင် တပ်နှင့်သုံးမိုင်အတွင်း လှည့်ပတ်ရှာဖွေခဲ့ပါသည်။
ဆောင်းရာသီဖြစ်သည့်အလျောက် နေစောင်းလာသည်နှင့် အေးမြစပြုလာသည်။
ထိုစဉ် ထိတ်လန့်စွာ အော်လိုက်သောအသံနှင့် ကြောက်မက်ဖွယ်ရာ ခွေးဟောင်သံများကို ကြားလိုက်ရ၏။
“ဝေါင့် … ဝူး”
“ဝေါင့် … ဝူး”
“ဟည်း … ဟည်း … ဟည်း”
ခွေးအော်သံနှင့် မြင်းတစ်ကောင်၏ ထိတ်လန့်စွာအော်သံတို့ကို ကြားလိုက်ရပါသည်။
ခွေးအ,များ (သို့မဟုတ်) တောခွေးများနှင့်တွေ့ကာ လွတ်နေသောမြင်းကို ဝိုင်း၍ လိုက်နေပုံရပါသည်။
ကျွန်ုပ်တို့သည် စီးလာသောမြင်းများကို ကဆုန်နှင်ကာ ဝိုင်းလိုက်ကြသည်။ ကျောမှလွယ်ထားသော ရိုင်ဖယ်ကို ဖြုတ်၍ အသင့်ပြင်ထားလိုက်သည်။
တောကုန်းတစ်ကုန်းကိုကျော်လိုက်သည့်နောက် အနီရောင်အမွေးနှင့် မြင်းတစ်ကောင် တရကြမ်းပြေးလာသည်ကို တွေ့ရပါ၏။ ထိုမြင်းသည် အင်္ဂလိပ်ခေတ်က ပြိုင်မြင်းတစ်ကောင် ဖြစ်သည်။
မန္တလေးဥပုသ်တော်ရပ်၊ ပခုက္ကူဇာတိမြင်းဝိဇ္ဇာဦးဘကြားထံမှ ဝယ်ခဲ့သော နီလာမောင်ခေါ်သည့် ပြိုင် မြင်းဖြစ်၏။ ခြေကျနေပြီဖြစ်သောကြောင့် တပ်မတော်စစ်မြင်း အဝယ်တော်အဖွဲ့သို့ ဈေးသက်သက်သာသာဖြင့် ရောင်းလိုက်ခြင်း ဖြစ်ပါသည်။
တောခွေးတစ်အုပ်သည် မြင်းနောက်မှ တရကြမ်းလိုက်နေသည်ကို တွေ့လိုက်ရသည်။ နီလာမောင်သည် ကျွန်ုပ်တို့အား တွေ့လိုက်ရသောအခါတွင် အားတက်
သွားဟန်ဖြင့် တစ်ချက်ဟီကာ ပြေးလာ၏။
ကျွန်ုပ်တို့မှာ မြင်းပေါ်တွင် သေနတ်ပစ်နည်း၊ ကုန်းနှီးမပါဘဲ စီးနည်း၊ ဇက်ကြိုးလွှတ်ကာ စီးခြင်းနှင့် အခြေခံ ခြေသုံးချောင်းထောက်၊ လေးဖက်၊ ဒုန်းကဆုန် စသည်ဖြင့် မြင်းစီးနည်းများအပြင် စက်ဝိုင်း၊ ခရုပတ်မြားဦး၊ ဂဏန်းလက်မ၊ ပြာသာဒ် စသည်ဖြင့် မြင်းတပ်၏ စစ်ဆင်စစ်ထိုးခြင်းများ သင်ကြားနေရသူဖြစ်၍ မြင်းပေါ်မှပင် တောခွေးများကို ပါလာသော ဒသမ ၃ဝ၃ အင်္ဂလိပ်ရိုင်ဖယ်ဖြင့် ပစ်ခတ်လိုက်ပါသည်။
အမှန်တော့ မြင်းစီးသေနတ်ခေါ် ကာဘိုင်ပြောင်းတိုရိုင်ဖယ်ကို ကိုင်ရမည်ဖြစ်သော်လည်း ကျွန်ုပ်တို့မှာ လုံလောက်မှုမရှိသဖြင့် မကိုင်ရပါ။
တပ်ကြပ်ကြီးဖြစ်သော (ဝမ်းလိုင်း သရီးစတား) တစ်လိုင်းကြယ်သုံးပွင့်ကို ဗိုလ်လောင်းအဖြစ် ဗိုလ်လေးဟုခေါ်ကြ၏။ မင်္ဂလာဒုံဗိုလ်သင်တန်းဆင်း အရာခံဗိုလ်များပင် အထူးဒေါင်းတံဆိပ်နှင့် တလိုင်းကြယ်သုံးပွင့် (မီနာရှင်းဂန်း) ဗိုလ်လေးများ ခေါ်ကြ၏။ အထူးသဖြင့် တစ်လိုင်းတစ်ပွင့် တပ်ကြပ်က စ၍ ခါးတွင် ဓားချိတ်နိုင်ကြပြီဖြစ်၏။
“ဒိုင်း… ဒိုင်း… ဒိုင်း”
ရိုင်ဖယ်သံ သုံးချက်မှာ တစ်တောလုံး ဟိန်းသွားပါလေသည်။ ရုတ်တရက်မြင်းများပင် ထိတ်လန့်စွာ ခုန်လိုက်ကြ၏။ တောခွေးများတောထဲသို့ ဝင်ပြေးသည်။ ကျွန်ုပ်တို့ပစ်လိုက်သော ကျည်ဆန်ကလည်း ခွေးတစ်ကောင်မျှ မထိလိုက်ပါ။
ကျွန်ုပ်တို့သည် နီလာမောင်အား ပြန်လည်၍ မြင်းသုံးကောင်နှင့်ညှပ်ကာ ဆွဲခေါ်လာခဲ့၏။ နီလာမောင်တွေ့ပြီး မြင်းဇောင်းသို့သွင်းပြီးကြောင်းကို တာဝန်မှူးကြီး(ရှိုးပန်း)ကို သတင်းပို့ကာ မိမိတာဝန်ကျရာ နေရာသို့ ပြန်ခဲ့ပါသည်။
ထိုနေ့ည (၁၀)နာရီတွင်
“အား … လုပ်ကြပါဦး”
ရဲဘော်တစ်ဦး၏ အော်သံသည် တောင်ကြောအောက် မြင်းကွင်းအတွင်းမှ ပေါ်ထွက်လာပါသည်။
ကျွန်ုပ်မှာ စစ်မြင်းလေ့ကျင့်ရာ မြင်းကွင်းတာဝန်ကျနေ၏။ ခပ်စောစောက ရဲဘော်များနှင့် ယုန်သားကင်ကို အရက်နှင့် သောက်နေရာမှ ဇိမ်ပျက်သွားကာ အော်သံကြားရာသို့ သေနတ်ဆွဲကာ ပြေးထွက်လာပါသည်။
မြင်းတစ်ကောင် လက်တစ်ဖက်တွင် သွေးတွေ စီးကျနေ၏။ လက်၏ အရင်းပိုင်းအသားစများမရှိတော့။ ရဲဘော်တစ်ဦးကို သတ္တဝါတစ်ကောင်က လက်ဖြင့်ကုတ်သွား၍ မျက်လုံးတစ်ဖက်ပျက်သွား၏။ မြေပြင်တွင် လူးလှိမ့်နေ၏။
ထိုရဲဘော်မှာ မြင်းကင်းစောင့်ရဲဘော်ရွှေထွန်းခေါ် ရခိုင်အမျိုးသားဖြစ်သည်။
“ကျားသစ် (သို့မဟုတ်) သစ်ကျုတ်” ခေါ် ကျားနက် ကုတ်သွားခြင်းတည်း။
ညတွင်းချင်း တပ်ရင်းမှူးဖြစ်သော ဗိုလ်မှူးကျော်ရောက်လာသည်။ ဒဏ်ရာရသူ ရဲဘော်အား ရန်ကုန်ဝှိုက်တဝေါအလုံဆေးရုံသို့ပို့ရန် ပြင်ဆင်ရ၏။
တကယ်တော့ ဆေးဝါးကလည်း တပ်ရင်းဆေးမှူးတွင် မပြည့်စုံ။ မြင်းများကို နံနက်တိုင်း ဆေးဝါးထည့်ပေးရသော ဆေးတပ်ဖွဲ့ရဲဘော်များရှိပါသည်။ သို့သော် ဖန်ရည်ဆေးခြင်းနှင့် အနာထည့်သော ဆေးဝါးအချို့သာ ရှိကြသည်။
ဥပမာ ဖျားနာသောရဲဘော်များအား မြင်းလေ့ကျင့်ရေးကွင်း သုံးပတ်အပြေးခိုင်း၏။ ချွေးထွက်ပြီး လဲကျသွားသောအခါ ပျောက်သွားသည်။ ဤကား အဖျားဖြတ်ဆေးကြီးပါတည်း။
“ဗိုလ်စိန်တင် ခင်ဗျား အဲဒီ့ကျားသစ်ကို သတ်ပစ်ပါ။ မသတ်နိုင်ရင် ငါတို့စစ်မြင်းတွေ ဒုက္ခရောက်ကြလိမ့်မယ်”
ဗိုလ်မှူးကြီးကျော်က ရုံးတွင်ခေါ်၍ တာဝန်ပေး၏။ ကျွန်ုပ်ကလည်း လိုအပ်သော ကျည်ဆန်နှင့် ရိက္ခာများကို တင်ပြ၏။
ရိက္ခာဆိုသည်မှာလည်း ထူးထူးခြားခြား မဟုတ်ညအတွက် ပေါင်မုန့် ခြောက် (သို့မဟုတ်) မုန့်ကြွပ်ခြောက်နှင့် ဆားသာ ဖြစ်၏။ အဘယ်မှာ ငါးသေတ္တာ စသည့် စားစရာများ ရပါမည်နည်း။
xxx xxx xxx
“ည”
“ဒေါင်း … ဒေါင်း”
ဂျပန်စစ်တပ်ရှိသော ရော်ဘာစစ်စခန်းမှ သံချောင်းနှစ်ချက်ခေါက်သံ ကြားလိုက်ရသည်။
ကျွန်ုပ်သည် မိုးကာကိုခြုံ၍ မြင်းကွင်းတောစပ်တွင် ရဲဘော်ပေသီးနှင့်အတူ ဝါးရုံပင်ကြီးဘေးတွင် ရှိနေ၏ မြင်းကွင်းစောင့်ရဲဘော်များကို တပ်လှန့်ထား၏သဘောမှာ (အမြဲတမ်းသတိ) ဟူ၍ ဖြစ်၏။
ကျွန်ုပ်နှင့်တွဲသော ရဲဘော်ပေသီးမှာ အလွန်ချစ်စရာကောင်းသော ရဲဘော်ဖြစ်ပါသည်။ ချစ်စရာဟုဆို၍ လူချောလူလှကလေးဟူ၍ မထင်ပါနှင့်။ မျက်နှာကကျောက်ပေါက်မာ၊ နှာခေါင်းက ခပ်ချွန်ချွန်၊ နှုတ်ခမ်းကထူသော ပဲခူးသား။
သို့သော် ပေသီးမှာ ပါးစပ်ဆိုင်းကောင်းသူ ဖြစ်၏။ စိန်ဗေဒါလက်သံတီး ရမလား။ ပါးစပ်ဖြင့် တီးပြမည်။ ကျွန်ုပ်တို့ရဲဘော်များမှာ ရဲဘော်ပေသီး၏ ပါးစပ်ဆိုင်းဖြင့်သာ ကြည်နူးပျော်ရွှင်နေရပါသည်။
ကျွန်ုပ်က ပေသီးကို လက်ကုတ်လိုက်၏။
“ဟေ့ကောင် အိပ်ချင်ပြီလား”
“အိပ်ချင်တာပေါ့ ဆရာလေးရ”
“မင်းအဘ ဟိုတိရစ္ဆာန်က မလာသေးဘူး။ အခုပဲ နှစ်နာရီထိုးပြီ”
“ဒါဖြင့်…”
“ဒါဖြင့် လုပ်မနေနဲ့။ ဟို ခွေးတိရစ္ဆာန် ကျားနက်ဟာ တစ်နေရာမှာ အစားအစာ ရသွားပြီနဲ့တူတယ်။ အဲဒီတော့ တို့ ညောင်တိုဘက်သွားရင် မကောင်းလား”
“ဟာ သိပ်ကောင်း … သိပ်ကောင်း”
သည်တစ်ခါတော့ ခွေးမသားပေသီးက ထောက်ခံသည်။ ညောင်တိုတွင် အရက်သောက်ရမည်။ ကြက်သားဟင်း စားရမည်။ အသားဖြူဝင်းဝင်းနဲ့ သူ ပိုးနေသော ကောင်မလေးနှင့် တွေ့ရမည် မဟုတ်ပါလား။
ယင်းအခိုက် မြင်းများ၏ ထိတ်လန့်စွာအော်သံနှင့် တဝုန်းဝုန်းခုန်ပေါက်သံများ ပေါ်ထွက်လာပါလေသည်။
ကျွန်ုပ်တို့စစ်မြင်းများမှာ အထက်တောင်ကြော မြင်းဇောင်းများချည်း မထားနိုင်ပါ။ မြင်းကွင်းဘေးဝါးရုံများတွင် ဖြန့်ကာထားရပြီး မြင်းကင်းရဲဘော်များ ချထားရပါ၏။ ညအခါတွင် မီးပုံများ ဖိုထားသော်လည်း ညဥ့်နှစ်နာရီကျော်သော် မီးပုံများ မီးအရှိန်သေစပြုတော့သည်။
“ကျားသစ်ဟေ့”
“ဒိုင်း…”
ရဲဘော်တစ်ဦး၏အော်သံနှင့် ဝါးလုံးထိုးပစ်လိုက်သော သေနတ်သံကြောင့် တစ်ကွင်းလုံး ရုတ်ရုတ်သဲသဲဖြစ်သွားတော့သည်။
ကျွန်ုပ်တို့သည် သေနတ်ကိုဆွဲကာ အသင့်နေရာယူလိုက်ကြပါသည်။
“ဟေ့ မပြေးနဲ့။ ကိုယ့်နေရာ ကိုယ်ယူ၊ စောင့်ကြည့်ပစ်”
ရဲဘော်များ ဟိုပြေး သည်ပြေးနှင့် ပြေးလွှားကာ ကျားသစ်နောက်လိုက်မှာကို စိုးရိမ်ပြီး အော်လိုက်ရပါသည်။
လျင်မြန်စွာ လက်နိပ်ဓါတ်မီးများကိုလည်း ထိုး၍ သားကောင်ကို ရှာလိုက်ပါ၏။ အလစ်ဝင်မြင်းကိုဆွဲကိုက်သွားသည့်ကျားသစ်ကိုကား လုံးဝရှာမတွေ့တော့ချေ။
မှန်သည်။ သေနတ်သံကြောင့် ထွက်ပြေးသွားပြီမှာသေချာ၏။
တပ်ရင်းတာဝန်မှူးကြီး(ရှိုးပန်း) ဗိုလ်အုန်းတင်တို့လည်း ရောက်လာကြ၏။ မြင်းတစ်ကောင်အား ကျားသစ်ကုတ်သွားသော်လည်း ထိရောက်မှု မရှိလှပါ။ မြင်းများ လန့်အော်သံ၊ ကင်းရဲဘော်များ အသိမြန်၍ ပစ်ခတ်မှုကြောင့် ထွက်ပြေးသွားခြင်းဖြစ်၏။
နံနက်လင်းလျှင် လင်းချင်း တပ်ရင်းရဲဘော်များ(ပီတီ)ခေါ် သုံးမိုင်ကျော်ပြေး အားကစားလေ့ကျင့်ပြီးနောက် ဆန်ပြုသောက်၊ စစ်သင်တန်းဆင်းရန် အသင့်ပြင်ကြရသည်။
တပ်ရင်းရုံးမှ ခေါ်၍ သွားရ၏။ တပ်ရင်းမှူး ဗိုလ်မှူးကျော်က –
“ကဲ စိန်တင် မင်းနဲ့ ရဲဘော်နှစ်ယောက်ခေါ် အန္တရာယ်ပေးတဲ့ ကျားသစ်နောက် လိုက်ပေတော့”
“ဟုတ်ကဲ့ ဗိုလ်မှူး၊ ဒါပေမဲ့ ဗြုန်းခနဲတော့ မလွယ်လှဘူး”
“ဒီသတ္တဝါ တို့တပ်ဝန်းကျင် တောထဲမှာပဲရှိမယ်ကွ။အဲဒီတော့ ကိုယ်က စောင့်ပစ်ရတာထက် သူ့ကိုတွေ့အောင်ရှာပြီး ပစ်ခတ်တာက အကောင်းဆုံးပဲ”
“ဟုတ်ကဲ့ ဗိုလ်မှူး”
ကျွန်ုပ်လည်း တပ်ခွဲသို့ပြန်ကာ လိုအပ်သော လက်နက်နှင့် ကျည်ဆန်များထုတ်ယူကာ ရဲဘော်ပေသီးနှင့် ချစ်ခိုင်တို့အား ခေါ်လိုက်၏။
ဒသမ ၃ဝ၃ အင်္ဂလိပ်ရိုင်ဖယ်နှစ်လက်၊ ဂျပန်ရိုင်ဖယ်တစ်လက်၊ ကျည်ဆန်(၂၀)စီ စုစုပေါင်း ကျည်ဆန်(၆ဝ)။ ရေဘူးနှင့် မုန့်ကြွပ်၊ ပေါင်မုန့်၊ ငါးသေတ္တာတစ်ဘူး အထူးထုတ်ယူကာ တပ်ရင်းရိက္ခာရုံတွင် ကပ်ရပ်စားနေသော ခွေးလေခွေးလွင့်နှစ်ကောင်အား ကြိုးချည်ကာ ကျားသစ်ခြေရာခံ၍ တောတွင်းသို့ ခြေကျင်ထွက်လာကြသည်။
ဝါးရုံများနှင့် မျောက်ချောပင်၊ လိမ်ပင်၊ သစ်ဆိမ့်၊ သျှား၊ သပြေ စသော အပင်ငယ်များအပြင် သင်းဝင်ရုန်း၊ ထောက်ကြံ့၊ ယမနေ၊ နှော၊ အင်ပင်ကြီးများက နေပြောက်မထိုးအောင် လွှမ်းမိုးလျက်ရှိနေပါသည်။
ကျွန်ုပ်သည်အနောက်မြောက်ဘက်ရှိ မျောက်ငိုတောင်ကြောနှင့် မဟူရာကြိုးဝိုင်းဘက်သို့ ဦးတည်ထွက်ခဲ့ပါသည်။ ထိုနေရာတွင် ကျားကူးချောင်းနှင့် “ကျောက်မ”ဟု ခေါ်သော ချင်းရွာရှိပါသည်။
နံနက်စောစော နှင်းပွင့်တွေ အကြွေများကာ မြေပြင်တွင် နှင်းပွင့်တွေဖြင့် ပြည့်နေ၏။ သစ်ပင်နှင့် ဝါးရုံများတွင် နှင်းပွင့်တွေဝေကာ နှင်းတောကြီးအား တိုးသွားရသကဲ့သို့ ရှိပါသည်။
ခွေးနှစ်ကောင်အား အစာအနည်းငယ်ကျွေးပြီး ကြိုးမှ လွှတ်ပေးလိုက်သောအခါ ကျွန်ုပ်တို့သွားမည့် ခရီးလမ်းရှေ့မှ အမြီးထောင်ကာ နှစ်ကောင်သား ရှေ့မှ ပြေးလိုက်၊ ပြန်လှည့်စောင့်လိုက်နှင့် မြူးနေပါတော့သည်။
စမ်းချောင်းကလေးများအား ကျော်ဖြတ်၍ တောင်ကုန်းများကို တက်လိုက်၊ ကွင်းပြန်ဆင်းလိုက်နှင့် တောကို တရွေ့ရွေ့တိုးရင်းက ဘေးဝန်းကျင်ကို သတိထားစူးစမ်းရင်း လာခဲ့ကြပါသည်။
မျောက်ငိုတောင်ကြောမရောက်မီ ရှေ့ဆုံးမှပြေးနေသော ခွေးနှစ်ကောင်သည် ရုတ်တရက် ထိတ်လန့်စွာ အော်လိုက်ပါသည်။
“ကိန် – ကိန် – ကိန် – ကိန်”
ခွေးတစ်ကောင်၏ အော်သံနှင့် ခွေးတစ်ကောင် ပြန်ပြေးလာပါသည်။
ကျွန်ုပ်တို့ အသော့ပြေးကာ တောင်ကုန်းကလေးအထက် ကြည့်လိုက်သည်။လိမ်ပင်ကြီးဆီမှ မည်းမည်းသတ္တဝါကြီး ထိုးဆင်းကာ ခွေးတစ်ကောင်ပေါ်သို့ ထိုးအုပ်လိုက်သည်။
ထိုခွေးမှာ တကိန်ကိန်အော်ရင်း ဖင်သီလျက် ရှိနေစဉ် မည်းမည်းသတ္တဝါ၏ ခုန်အုပ်ကိုက်လိုက်ခြင်း ခံရကာ ငြိမ်သက်သွားတော့၏။
ထိုသတ္တဝါကား သစ်ကျုတ်ခေါ် ကျားသစ်နက်တစ်ကောင်ဖြစ်၏။ ကံဆုံချင်တော့ လာ၍တွေ့နေသည်။ ချက်ချင်းပင် သုံးယောက်စလုံး ရိုင်ဖယ်ပြောင်းဦးကို ညွန်ကာ “မလွတ်စေနဲ့” ဟု သတိပေးရင်း ခလုတ်များကို ဆွဲချလိုက်ပါသည်။
“ဒိုင်း …”
“ဝေါင်း …”
သစ်ကျုတ်သည် မြောက်သွားကာ ဗုန်းခနဲ ပစ်ကျသွား၏။
ယင်းအခိုက် –
“ဂူး”
ဖြုန်းခနဲ သစ်ပုပ်ပင်ကြီးတစ်ပင်ဆီမှ ဝုန်းခနဲ အော်ဟစ်ခုန်ဆင်းလာသည့် မည်းမည်းသတ္တဝါတစ်ကောင်။
“အား”
ရဲဘော်ပေသီးအပေါ်သို့ ခုန်အုပ်ကာ ညာဘက်လက်ပြင်ကို ကိုက်ဆွဲလိုက်ပါသည်။ ရဲဘော်ပေသီး မြေပေါ်သို့လဲကျသွားစဉ် ကျွန်ုပ်သည် ရိုင်ဖယ်ဖြင့် ထိုသတ္တဝါကို ပစ်ထည့်လိုက်ပါသည်။
“ဒိုင်း…”
“ဂူး”
ကံကောင်းချင်တော့ ထိုသတ္တဝါ၏ ညာလက်ပြင်ကို ကျည်ဆန်က ဖောက်ထွင်းသွားကာ နောက်ကျွမ်းပြန် ကျသွား၏။
ရဲဘော်ချစ်ခိုင်မှာ ငိုင်နေပါသည်။
“ဟေ့ ဘာငိုင်နေတာလဲ”
ဟု ကျွန်ုပ်က သတိပေးလိုက်မှ ရဲဘော် ချစ်ခိုင် သတိရကာ လဲနေသော ရဲဘော်ပေသီးအား ပြေး၍ပွေ့ထူလိုက်ပါသည်။
ကျွန်ုပ်က ရဲဘော်ပေသီးအား ခုန်အုပ်လိုက်သော သတ္တဝါကို ကြည့်လိုက်ရာ လျှိုမြောင်ထဲ လဲကျကာ တဂူးဂူး အော်နေသည်။
ထိုသတ္တဝါကား သစ်ကျုတ်အမ ဖြစ်သည်။
ဒုတိယ ရိုင်ဖယ်ကျည်မာတစ်တောင့်ကို ဦးခေါင်းထဲ ပစ်သွင်းလိုက်မှ ငြိမ်သွားပေသည်။
သေနတ်သံကြား၍ မြင်းများစီးကာ လိုက်လာသော ဗိုလ်အောင်ဒင်တို့ လူစုရောက်လာကြသည်။
တောင်ကြောပေါ်တွင် ခွေးတစ်ကောင်နှင့် သစ်ကျုတ်အထီးက သေနေပြီဖြစ်၏။ ဤတော၊ ဤတောင်တွင် ရိုးမမှဆင်းလာသော သစ်ကျုတ်အထီး၊ အမ နှစ်ကောင်က မြင်းတပ်ကို ဒုက္ခပေးနေခြင်းမှ ကင်းဝေးပေပြီ။
ရဲဘော်ပေသီးအား ရန်ကုန် အလုံ ဝှိုက်တဝေါရှိ တပ်မတော်စစ်ဆေးရုံသို့ နေ့ချင်း ကားဖြင့်တင်ပို့လိုက်ရပါသတည်း။
– ပြီး –
စာရေးသူ – မြဝဇီ
Uncategorized