ဖျာပုံလှမိုးနွယ်
ရေခဲစိမ် သရဲသား
မြင့်မားသော သစ်ပင်ကြီးများ မရှိတော့။ ထင်းအဖြစ် ခုတ်ပစ်ခဲ့ကြပြီး ပင်စည် အကိုင်း အခက် ရှိသော အပင်ငယ်တို့လည်း ထင်းဖြစ်သွားကြသည်။ နွယ်၊ မြက်ရှည်တို့နှင့် ငှက်ကြီးတောင် ဗျိုက်ပင်တို့နှင့်သာ ပြည့်နေကြသည်။ ချောင်းတစ်လျှောက် ချုံမြင့်ကြီးများ၊ ငှက်ကြီးတောင် ဗျိုက်ပင်တောများသာ ဝဲယာမျှော်မဆုံး ပိတ်ဖုံးနေသည်။
ကိုကြည်၏ ပိုက်တဲမှာ သင်မောင်းတိုင် ခြောက်လုံးမျှဖြင့် ဆောက်ထားသည်။ လေးတောင်မျှ ကျယ်ဝန်းသော တဲအခင်းမှာ ဝါးကြမ်းမျှသာ ဖြစ်သည်။ မိုးဒဏ်လေဒဏ်မှ ကာကွယ်ရုံဖြစ်သည်။ ဖြစ်သလို ဖရိုဖရဲ ဆောက်ထားခြင်းဖြစ်သည်။
သပေါ့ဗျာ တစ်ချပ်၊ အစွပ်မဲ့ ခေါင်းအုံးတစ်လုံး၊ ခြုံစောင် နီညိုတစ်ထည်မျှ အိပ်ရာတစ်ခု ရှိသည်။
ငါး ပုစွန် ထည့်သည့် တောင်းကြီးနှင့် သံပုံးဖင်ပြတ် မီးဖိုနှင့် ဒန်အိုးအချို့သာ တဲပေါ်တွင် ရှိသည်။
တဲနှင့်တည့်တည့် ချောင်းမထဲ၌ ချည် ကျားပါးစပ်ပိုက်ကို ထောင်ထားသည်။
လူသူအစုအဝေး နေထိုင်ရာနှင့် ဝေးလှသည်။ လှေနှင့် တစ်ရေကျ ခရီးသွားမှ ရောက်သည်။ ချောင်းဖျားပိုက်ချက်ဟု ခေါ်ကြသည်။ ငါးပုစွန် ရေခဲပွဲစား ဦးချင်တုတ်၏ မော်တော်သည် တစ်နေ့တစ်ခေါက် ကုန်လာယူသည်။ ထိုမော်တော်နှင့် ဆန်၊ ဆီ၊ ဆားကို မှာယူစားသောက်ရသည်။
ချောင်းရိုး ဂရံပိုင်သည် ပိုက်ချက်တစ်ချက်လျှင် ငွေ သောင်းနှင့်ချီ ရောင်းသည်။
ကိုကြည်သည် သာမန် ပိုက်သမားဖြစ်သည်။ ပိုက်ချက်ကို ငွေ သောင်းနှင့်ချီ၍ ဆွဲဝယ် မလုပ်နိုင်ပါ။
ပိုက်သမားများ ငြင်းပယ်ထား၍ ထောင်ဂဏန်းမျှ ဈေးနှင့် ရောင်းသော ဤ ‘သဝေါရုံ’ ပိုက်ချက်ကို ရေခဲပွဲစား ဦးချစ်တုတ်၏ ကြိုတင်ပေးငွေနှင့် ဂရံပိုင် ထံက ဆွဲဝယ်လုပ်ရသူ ဖြစ်သည်။
သို့ကြောင့် တစ်ရာသီလုံး ဦးချစ်တုတ်သည် ဖမ်းဆီးရမိသမျှ ငါး ပုစွန်ကို နေ့စဉ် လာသိမ်းယူသည်။ ကြိုတင်ပေးငွေ ရှိ၍ ပေါက်ဈေးထက် ‘တစ်ကဲယုတ်’ လျှော့ ဖြတ်သည်။
ဥပမာ တစ်ပိဿာ ငွေတစ်ဆယ်ဈေး ပေါက်လျှင် ကိုးကျပ်နှုန်း ဖြစ်သည်။
ဤ သပေါ့ရုံပိုက်ချက်ကို ဂရံပိုင်ထံက ဝယ်ယူလုပ်မည်မို့ ငွေထုတ်ပေးရန် ပြောစဉ်က ဦးချစ်တုတ် တွေသွားသည်။
“ဟကောင် … ဖြစ်မလားဟ၊ ဒီပိုက်ချက်က အလွန် ကြမ်းတယ်ဆို”
“တစ်နှစ် နှစ်နှစ်ကမှ ဒီလို ပြောကြတာပါ။ အရင်က ဒီပိုက်ချက်မှာ ကျွန်တော် လူငှားအဖြစ်နဲ့ ထောင်ဖူးပါတယ်။ ခုမှ ရတဲ့ ငါးပုစွန်တွေ တစ်ပတ်တစ်ခါ ပျောက်တယ်။ အသံဗလံတွေနဲ့ ခြောက်လှန့်တယ်လို့ ပြောကြတာပဲ။ ကိုယ်တွေ့ မကြုံပါဘူး။ ကျွန်တော့်အဖို့တော့ သူများထံလဲ အငှားမလုပ်ချင်ဘူး။ ကြေးကြီးကြီးလဲ ဝယ်မလုပ်နိုင်ဘူး။ ဈေးလဲ သက်သာ၊ ရှိတဲ့ပိုက်ဆံနဲ့လဲ နိုင်တဲ့ ပိုက်ချက်ပဲ။ သူများ မလုပ်ဝံ့ဘူးဆိုတာကိုမှ လုပ်ချင်တယ်။ သူများပြောတာ မယုံဘူးဗျာ။ ခင်ဗျားငွေ ပြန်မဆပ်နိုင်ရင် ကျွန်တော့်ပိုက်ကို သိမ်းပေါ့”
ကိုကြည်က ခေါင်းမာသည်။ မည်သူ ဖျက်၍မှ မရ။
“အေး… ဖျက်မရလဲ လုပ်ကွာ။ အများနည်းတူ ရတဲ့ကုန် ငါအကုန်သိမ်းမယ်။ ပေါက်ဈေးထက် တစ်ကဲယုတ် လျော့မယ်နော်”
ဇနီး မလှိုင်ကမူကား မရသည့်အဆုံး လက်လျှော့သဘောတူလိုက်ရသည်။
သပေါ့ရုံပိုက်ချက်တွင် ကိုကြည် ပိုက်စထောင် သည်မှာ တစ်လပြည့်ပြီ။ အများက ပြောကြသည့်အတိုင်း မှန်သည်။ ရမိသမျှ ငါးပုစွန်များကို တဲပေါ်တွင် တောင်းကြီးများနှင့် ထည့်ထားသည်။ တစ်နေ့ တစ်ည ထောင်မှ အလေးချိန် နှစ်ဆယ်ဝင်တောင်း တစ်လုံးကျော် နှစ်လုံး ရတတ်သည်။ အရနည်းသည့်အခါ တောင်းတစ်လုံးစာပင် မပြည့်။
တဲနှင့် မနီးမဝေး ငှက်ကြီးတောင်ဗျိုက်ပင်နှင့် တောများမှာ မကြာခဏ သည်းသည်းရုတ်ရုတ်အသံများ ညအချိန်တွင် ကြားရသည်။ တစ်စုံတစ်ခုကိုမျှ မမြင်မတွေ့ခဲ့ရပါ။ လက်နှိပ်မီးနှင့် လှမ်းထိုးကြည့်သည်။ ဘာမျှမတွေ့ရ။ သားရေခွနှင့် ထိုင်ပစ်သည်။ ရမ်း ပစ်ခြင်းမျှသာ ဖြစ်သည်။
ပစ်နေချိန်တွင် ငြိမ်နေသည်။ အပစ်ရပ်ပြီး အတန်ကြာလျှင် ကျွဲအုပ်ဖြတ်မောင်းသလို သော သောညံနေတတ်သည်။
ထိတ်တော့ ထိတ်မိသည်။
သို့သော် ကိုကြည် စိတ်ကို တင်းထားသည်။ ဆိုင်ရာပိုင်ရာများကိုလည်း တင်မြှောက်ပသသည်။
ကိုယ်နှင့်မကွာတမ်း သားရေခွနှင့် လောက်စာလုံးအိတ်ကို သိုင်းလွယ်ထားသည်။ အားလပ်ချိန်ရတိုင်း ငှက်ကြီးတောင်ဓားကို ဓားသွေးကျောက်နှင့် ပွတ်သွေးသည်။ ခြေသလုံးမွှေးကို ရိတ်လို့ရသည်။ ငါးထိုးမှိန်းလည်း အိပ်ရာနံဘေးမှာ အသင့်ထားသည်။
ကိုကြည်သည် သတ္တိကောင်းလွန်းလှ၍ ဤ ပိုက်ချက်ကို လုပ်ခဲ့ခြင်းမဟုတ်။ မိသားစု စားဝတ်နေရေးအတွက် စွန့်စားရခြင်း ဖြစ်သည်။ သတ္တိကောင်းလွန်းလှ၍ လက်နက် ကိရိယာအစုံနှင့် အသင့်ပြင်ထားခြင်းမဟုတ်။ မသေဝံ့၍ ကာကွယ်ဖို့ ဖြစ်ပါသည်။
တဲပေါ် တက်၍ နားသည် အိပ်သည်။ လှေထဲဆင်း၍ ချောင်းတစ်ဖက်နှင့် တစ်ဖက် ကူးကာ ပိုက်ဆင်သည်။ ပိုက်ဖော်သည်။
တဲဘေးကပ်လျက် ရှိသော ဝါးတန်းစင်တွင် ပိုက်လှန်းသည်။ ထို့ထက်ပို၍ ဟိုဟိုသည်သည် မသွား၊ ကိုယ့်နေရာမှာသာ ကိုယ် နေသည်။
ပိုက်စထောင်ပြီး ခုနစ်ရက်ခန့် တစ်နံနက်ခင်းတွင် သူ အိပ်ရာမှ ထခဲ့သည်။
သူ အံ့အားသင့် ထိတ်လန့်မိသည်။ ထို့နောက် နှမြော ဝမ်းနည်း ဖြစ်ရသည်။
ညဦးက ရမိသမျှ ငါးပုစွန်တို့ကို တောင်းတစ်လုံးနှင့် အသေအချာ ပေါင်းထည့်ထားခဲ့သည်။ နံနက်ပိုင်း ဦးချစ်တုတ် ရေခဲရုံမှ လာမည့် မော်တော်ပေါ်ကို တင်ပေးရမည်။
အိပ်ရာမှ နိုးသည်နှင့် ငါး ပုစွန် တောင်းကို ကြည့်သည်။ တောင်းထဲ၌ ငါး ပုစွန် သုံးလေးဆယ်သားမျှ သာ ကျန်တော့သည်။ တောင်းနှုတ်ခမ်းမျှ ပြည့်ခဲ့သော ငါးပုစွန်တို့မှာ ပျောက်ချင်းမလှ ပျောက်ခဲ့ပြီ။ ကြမ်းပြင်တွင် ပုစွန်အကျိုးအကြေတို့လည်း တွေ့ရသည်။
သစ်ပင် ချုံပုတ်တို့ကို ခုတ်ထွင်ရှင်းလင်းထားသော တဲကလေး၏ ဝန်းကျင်ကို သူ လှည့်ပတ် ကြည့်သည်။ မည်သည့် အစအနမျှ မတွေ့ရ။
တဲနှင့် တစ်လံခန့်ကွာသော သမှည့်ပင် ငုတ်တိုသည် အညွန့်အတက်အချို့ ထွက်နေသည်။ ထိုသမှည့်ပင်၏ ဟိုမှာဘက်တွင် ငှက်ကြီးတောင် ဗျိုက်ပင်တို့သည် ထူထပ်ပြည့်နှက်နေသည်။
နှစ်ကြာသည်နှင့်အမျှ အပင်အိုလဲ၍ အပင်နုတို့ ထပ် ပေါက်ခြင်းဖြင့် ဗျိုက်ပင်တို့သည် အထပ်လိုက် ထုထည်နှင့် ဖြစ်နေသည်။ နုသစ်သော အညွန့် အရွက်တို့ အစီအရီ ပေါက်နေကြသည်။
အချို့ ငှက်ကြီးတောင် ပင်နုတို့မှာ ကျိုးပဲ့လဲပြိုနေကြသည်။ ဤမျှသာ အခြေအနေ ပျက်ရုံလေးတွေ မြင်ရသည်။ အခြား ဘာမျှ မတွေ့ရပါ။
ဤသတင်းကို ဦးချစ်တုတ်သည် ကုန်သယ်ရန် စေလွှတ်ထားသော မော်တော်သားများ ပြန်ပြော၍ သိရသည်။ ကိုကြည့်အတွက် စိုးရိမ်ပူပန်မိသည်။ ထို့ထက်ပိုသော အခြေအနေမျိုး မဖြစ်စေရန် သပေါ့ရုံပိုက်ချက်မှ ဆုတ်ခွာခဲ့ဖို့ နောက်တစ်နေ့ ရေခဲကုန်သယ်ရန်လာသော မော်တော်သားများနှင့် မှာသည်။
“ကိုကြည် … ညက ဘာထပ်ဖြစ်သေးလဲဗျ”
“ဟေ့… ဘာမှ မဖြစ်ဘူးကွ။ အသံဗလံတောင် မကြားရဘူး။ တစ်ညလုံးလဲ မအိပ်ဘူး၊ ပုစွန်တောင်းဘေးက ထိုင်စောင့်နေတာပဲ။ ဘာ တစ္ဆေ ဘာသရဲမှ မလာကြဘူးကွ”
“ဦးလေးက မှာလိုက်တယ်။ ဒီထက် အတင့်ရဲပြီး လူကို တစ်ခုခု ဒုက္ခပေးမှာ စိုးရတယ်။ ဒီ ပိုက်ချက်မှာ ဆက်မလုပ်ရင် ကောင်းမယ်လို့ ပြောတယ်ဗျ။ ခုနေ ဒီ့ပြင်ပိုက်ချက်တွေ ရှာရင် ရနိုင်သေးတယ်။ ပြန်ဆုတ်ခဲ့လို့ မှာတယ် ဟေ့လူရေ့ …”
“ပြောလိုက်ပါဗျာ… ဒီ ပိုက်ချက်ကတော့ မဆုတ်ဘူး၊ ကျုပ် ပုစွန် ခိုးစားနေတဲ့ သရဲကို မိအောင် စောင့်ဖမ်းမယ်လို့။ သရဲသားကို ရေခဲစိမ်ရောင်းဖိုသာ စီစဉ်ထားပါလို့”
“ဟာ…ဒီ လူကြီး စိတ်မှ ကောင်းသေူရဲ့လား”
ကိုကြည်က ရယ်သည်။ သူ့ အသံထဲတွင် ခံပြင်း နာကျည်းသံ ရောထွေးနေသည်။
“ကောင်းပါတယ်ကွာ။ ငါ ယောက်ျားပဲ … လူသားပဲကွ။ ငါ ရှာထားတဲ့ ပုစွန်တွေ ငါးတွေ လာခိုးနေတာ လူလား သရဲလား သိအောင် ဒီမှာ ဆက်လုပ်မယ်၊ ဖမ်းမယ်။ မိရင် အပိုင်းပိုင်းခုတ်ပြီး ရေခဲစိမ် ရောင်းဖို့ တင်ပေးမယ်။ ငါ့အတွက် မပူပါနဲ့လို့ ပြောပါကွာ။ ငါ့မိန်းမ မိလှိုင်ကိုလဲ စိတ်မပူနဲ့လို ပြောလိုက်ပါ”
ဝီရိယနှင့် ကိုကြည် စောင့်ဖမ်းသည်။
သို့သော် ပင်ပန်းခြင်း၊ အိပ်ရေးပျက်ပေါင်း များလာခြင်းတို့ကြောင့် နှစ်ခြိုက်စွာ အိပ်ပျော်ပြီး မိုးလင်းမှ တစ်ရေးနိုးသည့် ညများလည်း ရှိခဲ့ပါသည်။
သို့ကြောင့် ခုနစ်ရက်ခန့် တစ်ကြိမ် ပုစွန် ပျောက်ဆုံးခြင်းမှာ သုံးကြိမ်တိုင်ခဲ့ပါသည်။
X X X
လမိုက်ရက် ဖြစ်သည်။
ကောင်းကင်၌ မိုးသားတို့ ဟိုတစ်စု သည်တစ်စု ရွေ့လျားနေသည်။ ကြယ်ပွင့်ကလေးတွေ မှုန်မှုန်လဲ့လဲ့ ရှိကြသည်။
လေပြင်းတို့ တစ်ချက် တစ်ချက် တိုးလိုက်သည်။ တဲကလေးတွင် မိုးထားသော ဓနိဖက်တို့ တဖျပ်ဖျပ် လှုပ်ခါသွားကြသည်။
ချောင်းရေသည် ကွမ်းသီးလိမ့်မျှ စီးနေသည်။ ထောင်ထားသော ကျားပါးစပ်ပိုက်သည် ရေထဲတွင် မြုပ်နေသည်။ ပိုက်ဒေါက်ငုတ်သာ ချောင်းလယ်တွင် ရေပေါ်၌ ရှိနေပြီး မီးအိမ်ငယ်ကို ချိတ်ဆွဲထားသည်။
ကိုကြည်သည် အိပ်ရာဘေး ထရံကိုမှီလျက် ငြိမ်သက်စွာ ထိုင်နေသည်။ တဲကလေး၏ ပတ်ဝန်းကျင်ရှိ တောချုံများအတွင်းမှ ပုစဉ်းရင်ကွဲတို့ အော်မြည် သံသည် ဆူညံနေ၏။ ညဉ့်ငှက်တို့ အော်သံကို အဝေးဆီမှ ကြားရသည်။ ညဉ့်နက်လေ အအေးက ပိုလာလေ ဖြစ်သည်။
ခြုံစောင်ပါးကို သူ့ကိုယ်ပေါ်သို့ လွှမ်းခြုံလိုက်သည်။ ခြင်ကောင်တို့သည် တဖွဲဖွဲနှင့် သူ့ကိုယ်ကို ဝိုင်းဝန်း ကိုက်ထိုးလျက် ရှိသည်။
ကျင့်သားရနေသော မျက်လုံးတို့သည် အမှောင်ထဲ၌ တစ်နေရာမှ တစ်နေရာသို့ ရွေ့လျားစူးစမ်းလျက် ရှိသည်။ မည်သည့်နေရာမှ ငါးသူခိုး ပေါ်လာလေမည်လဲ။ မည်သည့်အသွင်နှင့် ဖြစ်မည်လဲ။ လူလော တစ္ဆေလော သူ့အတွေးထဲတွင် လောပေါင်းများစွာ ရှိနေသည်။
မလှမ်းမကမ်း ဗျိုက်တောများက ကျွဲတစ်ကောင်ကောင် ပြေးလွှားသကဲ့သို တဝုန်းဝုန်း တစ်ဝေါဝေါ အသံများကို ရုတ်တရက် ကြားလိုက်သည်။ မှေးငိုက် ငိုက်နေရာမှ သူ ခေါင်းထောင်လိုက်သည်။
“ဒီလို အသံမျိုးတွေပဲ၊ ဒီလိုကြားရတဲ့ ညတွေမှာ ငါး ပုစွန်တောင်း အခိုးခံရတာ။ ဒီညတော့ ဒီသူခိုးကို မိရစေမယ်။ လာခဲ့စမ်း … တစ်ပွဲတစ်လမ်း တွေ့ရောပေါ့ကွာ”
ချောင်းရိုးတစ်လျှောက် ဒီတက်လာသည်ကို ကြားရသည်။ ရေတက်ပြီ ဖြစ်သည်။
နေရာမှ ထထွက်ခဲ့သည်။ ကမ်းမှ လှေကို သုတ်သုတ်ခွာသည်။ ရေထဲမှ ပိုက်ကို အမြန်ဖော်သည်။ မြှုံးထဲရှိ ငါး ပုစွန်တို့ကို လှေပေါ် တောင်းထဲထည့်ပြီး ရုတ်သိမ်းပြီးသော ပိုက်ကို တဲကြမ်းပြင်ထက် ပုံထားလိုက်သည်။ ရမိခဲ့သော ငါး ပုစွန် တို့ကို စောစောက စုထားသည့် တောင်းထဲသို့ ပေါင်းထည့်သည်။
တောင်းပြည့်ရှိသော ငါး ပုစွန်တို့ကို တောင်းအလွတ် တစ်လုံးဖြင့် မှောက်အုပ်သည်။ ငါးပိဿာမျှ လေးသော သစ်တုံးကြီးတစ်တုံးကိုလည်း တင်၍ ဖိထားလိုက်သည်။
စောစောက သူထိုင်ခဲ့သည့် နေရာတွင် ငြိမ်သက်စွာ နေလိုက်သည်။
ဗျိုက်တောတွင်းမှ တဝုန်းဝုန်း တိုးဝှေ့ သေးသည်။ တဲအနီးသို့ ရောက်လာလိုက် ဝေးသွားလိုက် ရှိနေသည်ကို ကြားနေရဆဲ ဖြစ်သည်။
ချောင်းထဲတွင် တက်ရေသည် တသွင်သွင် စီးနေသည်။
“ရှူး … ဂလူး … ဂလူး””
ကိုကြည်သည် စူးရှသော မျက်လုံးတို့ကို မျက်တောင် မခတ်ဘဲ အသံလာရာဆီသို့ စိုက်ကြည့်ထားသည်။ အသက်ကိုလည်း မြှင်းမြှင်းသာ ရှူသည်။ အနားတွင် ရှိနေသော ငှက်ကြီးတောင် ဆောင်ဓားကိုလည်း ကျစ်ကျစ် ဆုပ်ထားလိုက်သည်။ ငါးထိုးမှိန်းနှင့် သားရေခွ လောက်စာလုံးအိတ်ကိုလည်း အသင့်ရှိသည်။ ဓာတ်ခဲသုံးလုံး ထည့်ထားသော လက်နှိပ်မီးလည်း ဘယ်လက်အတွင်း ရှိသည်။
အသက်ရှူသံလိုလို ညည်းညူသံလိုလို အသံနှင့်အတူ ချုံပုတ်များ ဗျိုက်ပင်များကို တိုးသံသည် တဲကလေး အနားသို့ နီးကပ်လာသည်။ လှုပ်ရှားသံမှာ လေးလံ နှေးကွေးနေသည်။
ညဉ့်ငှက်တစ်ကောင်သည် တဲကလေးအထက် ပျံသွားရင်း တဂစ်ဂစ် အော်မြည်သွားသည်။ မအိပ်မနေထုံးကို နှလုံးမူ၍ ဇွဲနှင့် စောင့်နေခဲ့သော ကိုကြည်အဖို့ သုံးကြိမ်တိုင် သူ၏ ငါး ပုစွန်များကို ခိုးယူခဲ့သော တရားခံကို တွေ့ရ၍ လက်ပူးလက်ကြပ် မိတော့မည်ဟု ခိုင်မာစွာ ယုံကြည်နေသည်။
،“ရှူး … ဂလူး … ဂလူး”
သမှည့်ပင်ငုတ်တိုမှ ဖြစ်သည်။ တဲနှင့် တစ်လံခန့်သာ ကွာသည်။
အသက် ပြင်းပြင်းမျှ မရှူဘဲ စူးစိုက်ကြည့်နေသော ကိုကြည်သည် ထိတ်ခနဲ ဖြစ်သွား၏။
သမှည့်ပင် ငုတ်တိုမှ ထွက်နေသော သမှည့်ကိုင်းများပေါ်သို့ တစ်ပြီဝင်ခန့် ဘူးတစ်လုံးစာမျှ ရှိသော မည်းမည်းသဏ္ဍာန်တစ်ခုသည် မြောက်ခနဲ တက်လာပြီး သမှည့်ရွက်များအပေါ်မြင့်မြင့်တွင် ငြိမ်သက်စွာ ရပ် နေသည်။
လေပြည်က သုတ်ခနဲ တိုးဝှေ့သည်။
ဓနိဖက်နှင့် သစ်ရွက်တို့ တဖျပ်ဖျပ် လှုပ်ရှားသွားသည်။
လက်နှိပ်မီးနှင့် ထိုးရန် စိတ်ကူးမိသော်လည်း မထိုးမိ။ လူလော၊ တိရစ္ဆာန်လော၊ တစ္ဆေ သရဲလော သိချင် မြင်ချင်လှပါသည်။
သူ့လှုပ်ရှားမှုကြောင့်လည်း လစ်ပြေးမည်ကို စိုးရိမ်ရ သေးသည်။ သူ့ရင်ထဲတွင် တထိတ်ထိတ်ခုန်နေ သော်လည်း တရားခံအစစ်ကို လက်တစ်ကမ်း၌ မိမိရရကြီး ခုတ်ပိုင်း ဆုံးမလိုက်ချင်သည်။ မိမိအတွက် မမျှော်မှန်းနိုင်သော ဘေးအန္တရာယ် ဖြစ်နိုင်သည်ကိုလည်း ချင့်တွက်မိပါသည်။
အခဲမကြေ ဒေါသစိတ်ကလည်း ရင်ထဲမှာ အုံကြွနေ သည်။
သမှည့်ပင်ငုတ်တိုအထက်မှ မည်းမည်းသဏ္ဌာန်သည် လေးတွဲ့ စွာ လှုပ်ရှားလိုက်သည်။
ကိုကြည် အသက် အောင့်ထားလိုက်သည်။
မည် မည်းသဏ္ဌာန်သည် တဲဆီ ရွေ့လျားချဉ်းကပ်လာသည်။ အကာမရှိသော တဲအတွင်းသို့ ရောက်လာသည်။ စူးရှလင်းလက်ရောင် ရှိသော မျက်လုံး တစ်စုံသည် ရွေ့လျားရာမှ ပုစွန် ငါးတောင်း အနီးတွင် ရပ်သွားသည်။
ကိုကြည် မျက်တောင်ကို တဖျတ်ဖျတ်ခတ်လိုက် သည်။ ယခုအချိန်အထိ မည်သို့သော သတ္တဝါဟူ၍ အကဲခတ် မရသေး။
“အုံး … ဝုန်း … ဝုန်း”
ပုစွန်တောင်းပေါ်မှ သစ်တုံးနှင့် တောင်းလွှတ်သည့် ကြမ်းပေါ် ကျသွားပြီ။
“ခွပ် … ကွိကွိ … ကွပ်ကွပ်”
ငါး ပုစွန်တို့ကို မွတ်သိပ်စွာ ကိုက်ဝါးသံကို ကြားရသည်။
ကိုကြည် ရင်ထဲ၌ အုံကြွနေသော ဒေါသသည် ငယ်ထိပ်သို့ တက်လာသည် ထင်ရ၏။
နေရာမှ ဖျတ်ခနဲပင် လက်နှိပ်မီးနှင့်လည်း ထိုးပြီးဖြစ်သည်။ ဓားနှင့်လည်း ပိုင်းခုတ်ရန် ဝင်ပြီး ဖြစ်သည်။
ခြေလှမ်း နှစ်လမ်းမျှဖြင့် ငါး ပုစွန် ထည့်ထားသော တောင်းအနီး လက်ပူးလက်ကြပ် ရှိနေသော သူခိုးဘေး ရောက်သွားသည်။
“ဟ… သင်း ခိုးစားတဲ့ အကောင်ပဲ”
အံ့လည်း အံ့သြသည်။ ဒေါသလည်း ဖြစ်ရသည်။ တောင်းလွတ်နှင့်အုပ်၊ သစ်တုံးနှင့် ဖိထားသည်ကို တွန်းချ၍ ငါး ပုစွန်များကို ကြီးမားကျယ်ဝန်းသော ပါးစပ်နှင့် အားပါးတရ ဝါးမျိုနေသော သူခိုးမှာ လူလည်း မဟုတ်၊ တစ္ဆေ သရဲလည်း မဟုတ်။
ပြီတောင်းနီးပါး ရှိသော ခေါင်းနှင့် လှပသော အကွက်အဆင်းတို့ဖြင့်ပြီးသော မြွေကြီးတစ်ကောင်သာ ဖြစ်သည်။
ဤမျှကြီးသောမြွေကို သူ မမြင်ဘူးခဲ့။ အကွက် အဆင်းနှင့် ခေါင်းအနေအထားကြောင့် စပါးကြီး အမျိုးအစားထဲမှ မြွေ ဟူ၍တော့ သတိပြုမိသည်။
ရုတ်တရက် ငါး ပုစွန်တို့ကို ကျိုးကျိုးကျွတ်ကျွတ် ဝါးမျိုနေသော မြွေကြီးမှာ ခေါင်းကို တွန့်ရုတ်၍ သမှည့်ပင်ငုတ်ဆီ ရွေ့လျားထွက်ပြေးရန် ပြင်သော်လည်း ကိုကြည်၏ ဒေါသအရှိန် ပေါက်ကွဲမှုနှင့် တိုးသွားသည်။
ကိုကြည်သည် အားယူချိန်ရွယ်ပြီး ဖြစ်သော ဓားဖြင့် ပိုင်းချလိုက်သည်။ မြုပ်ဝင်သွားသော ဓားကို ဒေါသမာန်ဖြင့် နုတ်ယူပြီး အားပါးတရ ဆင့်၍ဆင့်၍ ခုတ်ပိုင်းသည်။
မီးရောင်အောက်တွင် မြွေကြီး၏ ဇက်ပိုင်းသည် တိခနဲ မပြတ်သော်လည်း ကိုယ်လုံးနှင့်ဆက်နေလျက် မထောင်နိုင်ဘဲ တွဲလဲဖြစ်နေသည်။
မြွေကြီးကိုယ်လုံးသည် သွေးအလိမ်းလိမ်းဖြင့် တွန့်လိမ် ရုန်းကန်သည်။
တဲကလေး၏ တိုင်ကို ပတ်မိသည်။ ပေါင်လုံးမျှရှိသော ကိုယ်လုံးအားနှင့် သွေးရူးသွေးတန်း ပတ်ချည် လူးလွန့် ရုန်းကန်ခြင်းဖြင့် တဲကလေးမှာ သွက်သွက် ခါယမ်းသွားသည်။
ရှည်လျားသော မြွေကြီး တစ်ကိုယ်လုံးသည် တဲကလေးအတွင်း ရောက်လာသည်။
မိရာ လိမ်ပတ် ဆွဲညှစ်သည်။ တဲကလေး၏ တိုင်များ ကျိုးကုန်သည်။
ထိုအချိန်တွင် လမုငုတ်နံဘေးမှ လှုပ်ရှားသံကြား၍ လှည့်ကြည့်ရာ အလားတူ မြွေကြီးတစ်ကောင်၏ ခေါင်းပိုင်းမည်းမည်း သဏ္ဌာန်တစ်ခုကို တွေ့ရ ပြန်သည်။
ကိုကြည်သည် အဆက်မပြတ် ခုတ်ပိုင်းနေရာမှ သမှည့်ပင်ငုတ်ဆီ လက်နှိပ်မီးနှင့် ထိုး၍ ခုန်ဆင်းသည်။
ကိုကြည် အပြေးလိုက်သော်လည်း မမိလိုက်၊ ကြီးမားသော မြွေကြီးတစ်ကောင်သည် တဝေါဝေါ တိုးဝှေ့၍ ဗျိုက်တောများကို ကျော်လျက် ထွက်ပြေးသည်။
ခပ်လှမ်းလှမ်း ရောက်မှ ကိုကြည် ပြန်လှည့်ခဲ့သည်။
သူ၏ပိုက်တဲကလေးသည် ပြိုလဲလျက်ရှိသည်။ မြွေကြီး ကိုယ်လုံးမှာ တဲပျက်နှင့် လုံးထွေးနေသည်။ ဒေါသတကြီး တက်ခေါက်ရင်း ကိုကြည်သည် မြွေကြီးကိုယ်လုံးကို အပိုင်းပိုင်း ခုတ်ဖြတ်နေမိသည်။
X X X
“ဦးချစ်တုတ်ကို ပြောလိုက် … သရဲသားကို ရေခဲစိမ်ပြီး ဈေးတင်ပေးပါလို့”
နောက်တစ်နေ့တွင် ရေခဲကုန် လာယူသော မော်တော်သို့ ပိုင်းတစ်ထားသော မြွေကြီး၏ အသားတုံးများကို ပုစွန်တောင်းများနှင့် ထည့်၍ ကိုကြည်က တင်ပေးသည်။
သူ့အတွက် စိုးရိမ်ပူပန်ခဲ့သော ဦးချစ်တုတ်ကိုလည်း ရေခဲစိမ်သရဲသားဟု ဈေးတင်ရောင်းပေးရန် မှာလိုက်သည်။
ထို့အပြင် တဲအသစ် ဆောက်လုပ်ရန် လိုအပ်သော ပစ္စည်းကလေးများကိုလည်း တစ်ပါတည်း မှာလိုက်သည်။
ထွက်ပြေးလွတ်မြောက်သွားသော မြွေကြီးကို ကိုကြည်သည် ထပ်မံတွေ့ရဦးမည်ဟု မျှော်လင့်ထားခဲ့သော်လည်း ယနေ့တိုင် အစအန မတွေ့ရ၊ မကြားရတော့ပါ။
သပေါ့ရုံ ပိုက်ချက်တွင် ကိုကြည်သည် ဂရံပိုင်ထံမှ နှစ်စဉ် ဆွဲဝယ် ပိုက်ထောင်လျက် ရှိနေပေသည်။
– ပြီး –
စာရေးသူ – ဖျာပုံလှမိုးနွယ်
Uncategorized