July 31, 2025
Uncategorized

ရေခဲပြင်ပေါ်က တောင်နဂါးကြီး

ဖိုးကျော့
ရေခဲပြင်ပေါ်က တောင်နဂါးကြီး

ဆောင်းနှောင်းကာလ၏ နေရောင်ခြည်သည် အိမ်ရှေ့ထင်းရှူးတောပေါ် ထိုးကျနေသည်။

တစ်ဆောင်းလုံး ဆီးဖတ် ဆီးမြှုပ်တွေထဲ နစ်မြုပ်နေခဲ့ကြသော မြက်ရိုင်းပင်များသည် နွေဦးနှင့်အတူ ခေါင်းထောင်စပြုလာကြသည်။ ဤအချိန်သည် အရှေ့မြောက်ဖျား မုဆိုးများအတွက် အမဲလိုက် ရာသီဖြစ်သည်။ ထို့ကြောင့်လည်း ‘ဘွန်ကော’ သည် ကတိုးလိုက်ရန်အတွက် ရေခဲတောင်ပေါ်ဘက် ထွက်လာ၏။

ကတိုးကောင်များသည် ပေရှစ်ထောင်ကျော်မြင့်သော ရေခဲတောင်ပေါ်၌သာ ကျက်စားလေ့ရှိရာ ရေခဲချောင်း ရေခဲတောင်များကို တစ်ခုပြီး တစ်ခု ဘွန်ကော ကျော်ဖြတ်လာရလေသည်။

ဘွန်ကောသည် မုဆိုးတောင်ခြေကို လွန်လာ၏။ ကျားရဲတောင်နား အရောက်တွင် ခြေလှမ်းတန့်သွားသည်။

ပါးစပ်ထဲ အမြှုပ်တစီစီနှင့် ပြေးလာကြသော မြေခွေးအုပ်တစ်အုပ်ကို သူ ကြည့်နေသည်။ ဒီကောင်တွေ ဘာများ ဖြစ်လာကြပါလိမ့်ဟု သူတွေးသည်။

မြေခွေးအုပ်ထဲတွင် သားသည်အမေများလည်း ပါသည်။ လသားအရွယ် မြေခွေးငယ်လေးတစ်ကောင်ကို ကုပ်ဆက်က ကိုက်ချီပြေးလာသော မြေခွေးမကြီးတစ်ကောင်မှာ ဒယိမ်းဒယိုင်နှင့် ဘွန်ကောကိုပင် ဝင်တိုးမိမလို ဖြစ်သွား၏။ ကျန်ကလေးများကိုမူ ဘယ်မှာ ပစ်ထားခဲ့သည်မသိ။

မြေခွေးဆိုသော တိရစ္ဆာန်များမှာ လူနှင့် မနီးလွန်း မဝေးလွန်းသောအရပ်၌ နေတတ်သည်။ ဝံပုလွေ, တောခွေး, ခွေးအ, သစ်ခွေးစသည့် အမျိုးလေးပါးနှင့်လည်း ရန်သတ္တရုပြုရဲကြသော တိရစ္ဆာန်များမဟုတ်ကြ။ မြေခွေးများသည် လိမ္မာပါးနပ်စွာနှင့်ပင် သူတို့အမျိုးလေးပါးနှင့် သင့်တင့်အောင် နေထိုင်ကြသူများဖြစ်သည်။

တစ်ခါတစ်ရံတွင် ရေခဲပြင်တောစပ်၌ ရေခဲငှက်များကို လိုက်ချောင်းနေတာကို တွေ့ရ၏။ တစ်ခါတစ်ခါမှာမူ ဝံပုလွေများ စားကြွင်း စားကျန်များကို အချိန်ကြာမြင့်စွာ စောင့်မျှော်နေတာကို တွေ့ရတတ်၏။

တောခွေး၊ ခွေးအတို့အနား၌မူ မြေခွေးများကို မတွေ့ရတတ်ပေ။ တောခွေးနှင့် ခွေးအတို့မှာ အစားကြူးသော တိစ္ဆာန်များဖြစ်သဖြင့် မြေခွေးများအတွက် စားကြွင်းစားကျန် မချန်တတ်၍လည်း ဖြစ်ပေသည်။

ဤသို့သော မြေခွေးများသည် အဘယ်ကဲ့သို့သော အန္တရာယ်ကြောင့် ယခုကဲ့သို့ သေပြေးရှင်ပြေး ပြေးလာကြရသည်ကို ဘွန်ကော မတွေးတတ်အောင် ဖြစ်သွားလေသည်။

မြေခွေးအုပ် လွန်သွားသောအခါ ဘွန်ကောသည် ဝံပုန်းတောင်ဘက် တက်လာလေသည်။

အိမ်ကယူလာသော ထမင်းထုပ်ကို ဝံပုန်းတောင်ထိပ်တွင် ခရီးတစ်ထောက်နားရင်း စားသည်။ ထမင်းစားပြီးသည်နှင့် မြေခွေးလွင်ပြင်ဘက် ဆင်းလာ၏။ မြေခွေးလွင်ပြင်ဘက်တွင် နွေဦးရွက်နုတို့ ဝေစပြု လောက်ပြီ။ မြက်တော မြက်ဖုတ်များကြားရှိ ချုံများတွင် ပန်းမွှေးများလည်း ပွင့်ကြရော့မည်။

ဘွန်ကောသည် ပန်းမွှေးကြိုက်သော ကတိုးကောင်များကို ယခင့်ယခင်နှစ်များက မြေခွေးလွင်ပြင်တွင် ပစ်နေကျ ရနေကျ။

ထို့ကြောင့်လည်း ရေခဲငုတ်ဆီးမြှုပ်တွေကို ပုံမကျွံအောင်ရှောင်ကာ မြေခွေးလွင်ပြင်ဘက် ထွက်လာသည်။ အရွက်ပြုန်းနေသော ထင်းရှူးပင်များပေါ်တွင် နှင်းကျီးပေါင်းများ ဖွေးဖွေးလှုပ်နေကြသည်။ လေက ပိုထန်လာသည်။ ဆပ်ပြာမြှုပ်ထနေသော နှင်းကျီးပေါင်းများ လေထဲ လွင့်မျောနေကြသည်။ နေညိုလာချိန်မှာ အအေးပိုလာ၏။ ရေခဲတောင်ပေါ်တွင် ဆောင်းမကုန်သေး။

ဘွန်ကောသည် သူ နှစ်စဉ်နှစ်တိုင်း စခန်းချနေကျ ကျောက်ဂူရှိရာဆီ မှန်းလျှောက်လာသည်။ ရေခဲလွင်ပြင်ရှိ ကျောက်ဆောင်ကျောက်တုံးများပေါ်တွင် နှင်းဖတ်ဆီးမြှုပ်များ ဦးပေါင်းဆောင်းထားကြသည်။

နွေရင့်ရက်မရောက်သေးသဖြင့် တောင်ပေါ်တွင် ရေခဲတို့ ဦးပေါင်းဆောင်းနေကြတုန်းပင်။ ထင်းရှူးတောတစ်ခုလုံးမှာ အရွက်ခြွေထားသဖြင့် မြေခွေးလွင်ပြင်က မျှော်ကြည့်လျှင် ဝံပုလွေချိုင့်ဝှမ်းထိ ဖွေးဖွေးထနေသော ဆီးနှင်းလွင်ပြင်ကြီးကို မြင်နေရ၏။

နှစ်စဉ်နှစ်တိုင်း ကတိုးလိုက်ရင်း စခန်းချနေကျဖြစ်သော ကျောက်ဂူနားအရောက်မှာ သားကောင် တစ်ကောင်ကောင်၏ အထိတ်တလန့် အော်လိုက်သံကြောင့် ဘွန်ကောပင် ရုတ်တရက် လန့်သွားသည်။

‘ဘယ်နေရာကပါလိမ့်’ ဟု နားစွင့်မိလိုက်၏။

တစ်ခါတစ်ခါ နှင်းမုန်တိုင်းများ ကျလာလျှင်လည်း ဝံပုလွေများနှင့် ဝက်ဝံကြီးများမှာ သူ စခန်းချနေကျဂူထဲ ဝင်အောင်းနေတတ်သဖြင့် သူစခန်းချရမည့်ဂူဘက် လှမ်းငေး၍ နားစွင့်ကြည့်နေ၏။

သားကောင်၏ တစ်ချက် တစ်ချက်အော်သံက ပိုနီးလာသည်။ သူစခန်းချရမည့် ကျောက်ဂူဘက်ကတော့မဟုတ်။ ဝံပုလွေချိုင့်ဝှမ်း တောစပ်ဘက်မှ ဖြစ်သည်။ ကျောက်ဆောင်တစ်ခုပေါ် ရုတ်တရက် ခုန်တက်လိုက်ကာ အသံကြားရာဘက် လှမ်းကြည့်နေ၏။

တောင်ဆိတ်နီတစ်ကောင်သည် ဝံပုလွေချိုင့်ဝှမ်းတောစမှ ရေခဲပြင်ပေါ် ဆင်းပြေးလာ​၏။ ရေခဲပြင်တွင် သွားလာကျက်စားလေ့မရှိသော တောင်ဆိတ်နီသည် ရေခဲပုံကျွံကာ ခြေနုတ်လက်နုတ်လေးသွားသည်။

ထိုအချိန်မှာပင် တောစမှထွက်လာသော ဝံပုလွေကြီးသုံးကောင်သည် တောင်ဆိတ်နီဆီ ပြေးခုန်လိုက်လာကြသည်။ အမဲလိုက်ကျွမ်းကျင်ပြီးသား ဝံပုလွေသုံးကောင်သည် ချက်ချင်းပင် တောင်ဆိတ်နီကို ဝိုင်းထားလိုက်ကြသည်။

တောင်ဆိတ်နီကြီးသည် သူ့ရှေ့ကို ခုန်အုပ်လိုက်သော ဝံပုလွေတစ်ကောင်ကို သူ၏ ချွန်ထက်သောဦးချိုနှင့် လှမ်းဝှေ့လိုက်၏။

ဝံပုလွေကြီးမှာ တောင်ဆိတ်နီကြီး၏ ဦးချိုကို ကွေ့ရှောင်လိုက်စဉ် ရေခဲပြင်ပေါ် ချော်လဲသွားသည်။

ထိုအချိန်တွင် တောင်ဆိတ်နီနောက် ရောက်နေသော ဝံပုလွေကြီးတစ်ကောင်က တောင်ဆိတ်နီကြီး၏ တင်ပါးကို ဝင်ခဲသည်။

နောက်တစ်ကောင်ကလည်း တောင်ဆိတ်နီကြီး၏ ဦးခေါင်းအလှည့်တွင် ရှေ့လက်ပြင်ကို ဝင်ခဲသည်။ စောစောက ရေခဲပြင်ပေါ် ချော်လဲသွားသော ဝံပုလွေကြီးမှာ သူ့အဖော်များ ဝိုင်းကိုက်နေကြသည်ကို မြင်သောအခါ တအားတက်သွားပြီး တောင်ဆိတ်နီကိုယ်ပေါ် ခုန်အုပ်လိုက်သည်။ တောင်ဆိတ်နီကြီး ရေခဲပြင်ပေါ် လဲအကျတွင် ကုပ်ဆက်ကို မိမိရရ ကိုက်ထားလိုက်လေသည်။

အမဲလိုက်ကျွမ်းကျင်သော ဝံပုလွေသုံးကောင်၏ လုံးထွေးကိုက်ခဲခြင်းကို ခံနေရသော တောင်ဆိတ်နီကြီးမှာ ဝမ်းခေါင်းသံကြီးနှင့် အော်ကာ ရေခဲပြင်ပေါ်တွင် ဆန့်ငင်ဆန့်ငင် ဖြစ်နေလေသည်။

ဘွန်ကောသည် ချက်ချင်း အကြံရ၏။

ဝံပုလွေသုံးကောင်ကို ခြောက်လှန့်ပြီး တောင်ဆိတ်နီကြီးကို လုထားလိုက်ရလျှင် တစ်ပတ် နှစ်ပတ်စာ ရိက္ခာဖူလုံသွားပေမည်။ ဝံပုလွေများသည် လူကိုတော့ ရင်ဆိုင်ရဲကြမည် မဟုတ်။

သူသည် ယခင်ကလည်း ရေခဲပြင်ထဲတွင် ကတိုးလိုက်ရင်း ဝံပုလွေ လေးငါးကောင်အုပ်နှင့် ကြုံဖူးသည်။ ဝံပုလွေများက လူကို မကိုက်ရဲ။ ရဲရဲရဲဝံ့ဝံ့ အနားမကပ်ရဲ။ တစ်ခုတော့ ရှိ၏။ ဝံပုလွေများ လက်ထဲက တောင်ဆိတ်နီကြီးကို သူလုယူလာလျှင် သူ့နောက်ကို လိုက်လာကြမည်မှာ တော့အမှန်ပင်။

ရေခဲပြင်ပေါ်တွင် မပုပ်မသိုးသော တောင်ဆိတ်နီကို ဘွန်ကော ဘယ်နေရာ၌ ထားခဲ့သည်ကို ဝံပုလွေများလိုက်ချောင်းကြမည်။ ဘွန်ကောလစ်သည်နှင့် ခိုးပြေးကြလိမ့်မည်။

ဝံပုလွေများ မသိ မရိပ်မိသော တစ်နေရာရာတွင် ဝှက်ထားရမည်။ ကတိုးလိုက်ရန်လာသော ဘွန်ကောမှာ ဤတောင်ဆိတ်နီကြီးကို အမြဲထိုင်စောင့်မနေနိုင်။ ဝံပုလွေများအလစ်တွင် ကျောက်ဆောင်ဘေးရှိ ရေခဲပြင်တစ်နေရာရာကို တူးပြီးမြှုပ်ဝှက်ထားရမည်။ တစ်နေ့စာ ကုန်သလောက် လှီးဖြတ်၍ အိမ်ကယူလာသော ခေါပျဉ်နှင့် သားပြွမ်းထမင်း ချက်စားရမည်။ နှင်းမုန်တိုင်းကျ၍ ကတိုးရှာမထွက်နိုင်သောနေ့တွင် ဂူထဲ၌ ကင်ဖုတ်စား၍ရသည်။

ဤအတွေးနှင့် ဘွန်ကော ကျောက်ဆောင်ပေါ်က ခုန်ချလိုက် သည်။ ‘ဟေး .. ဟီး’ ဟု အော်သံပေးကာ ဝံပုလွေများ ကိုက်ဖဲ့စားနေကြသော တောင်ဆိတ်နီကြီးရှိရာသို့ ပြေးသွားသည်။ သားစားကြူးသော ဝံပုလွေသုံးကောင်သည် တောင်ဆိတ်နီတစ်ကောင်အား နာရီပိုင်းအတွင်း ကုန်သွားအောင် စားနိုင်ချေရှိသည်။

ဘွန်ကော လမ်းခုလတ်အရောက်တွင် ဝံပုလွေချိုင့်ဝှမ်းအစရှိ ရေခဲတောင်ပေါ်မှ ဝေါခနဲ အသံတစ်ခုကို ကြားရသဖြင့် ချက်ချင်းလှမ်း ကြည့်လိုက်၏။ ရေခဲတုံး အပဲ့အစများ၊ ရေခဲအမှုန်အမွှားများနှင့် လုံးထွေး လိမ့်ဆင်းလာသော သတ္တဝါကြီးကို ဘွန်ကောက ဘာကောင်မှန်းမသိ မည်းမည်းလုံးလုံးသာ မြင်လိုက်ရ၏။

တုံ့ခနဲ တန့်သွားသော ခြေလှမ်းနှင့်အတူ ဘွန်ကော နောက်သို့ ခြေတစ်လှမ်းဆုတ်မိလိုက်သည်။

ဘွန်ကောသည် ဤရေခဲတောင်ပေါ်တွင် ကတိုးသားကောင်လိုက်လာသည်မှာ နှစ်ပေါင်းနှစ်ဆယ်ကျော်ခဲ့ပြီ။ သို့သော် ဤလို သားရဲတိရစ္ဆာန်မျိုးကို သူတစ်ခါမှ မတွေ့ဖူး မကြုံဖူး။

မြင်စကမူ မြွေကြီးတစ်ကောင်လားဟုထင်ခဲ့သော တိရစ္ဆာန်ကြီးသည် ဝံပုလွေသုံးကောင် ဝိုင်းကိုက်ဖဲ့စားနေကြသော တောင်ဆိတ်နီကြီးရှိရာ ရေခဲလွင်ပြင်ပေါ်သို့ နောက်ထပ် ဝေါခနဲတစ်ချက် လျှောချလိုက် သည်။

ဝံပုလွေသုံးကောင် လန့်ဖျပ်အံ့အားသင့်နေစဉ် တစ်ကောင်သော ဝံပုလွေကို ထိုတိရစ္ဆာန်ကြီးသည် အမြီးနှင့် လှမ်းရိုက်လိုက်သည်။

တိရစ္ဆာန်ကြီး၏ အမြီးရိုက်နှက်မှုဒဏ်ကြောင့် ဝံပုလွေကြီးသည် ရေခဲပြင်ပေါ် လဲကျသွား၏။ ပြန်ထလာသောအခါ တအိုင်အိုင်အော်ပြီး တိရစ္ဆာန်ကြီးနားမှ ထပြေး၏။ တိရစ္ဆာန်ကြီးသည် ကျန်သောဝံပုလွေ နှစ်ကောင်ကို သူ့အမြီးနှင့် လှမ်းရိုက်ပြန်သည်။ ဝံပုလွေများကို မထိဘဲ ရေခဲပြင်ပေါ်သွားကျသော သူ့အမြီးကြောင့် ရေခဲပြင်ပေါ်မှ ရေခဲတုံး ရေခဲပဲ့များအပေါ် လွင့်စဉ်ကုန်သည်။ ဝံပုလွေကြီးသုံးကောင် တဟဲဟဲအော်ကာ ချိုင့်ဝှမ်းတောစဘက် ထွက်ပြေးသွားကြသည်။

ဝံပုလွေသုံးကောင် ထွက်ပြေးသွားကြမှ ဘွန်ကောလည်း သတိပြန်ဝင်လာသည်။ ကျောက်ဆောင်နားတစ်ခုကို ပြေးကပ်ကာ ထိုတိရစ္ဆာန်ကြီးကို ချောင်းကြည့်နေသည်။ တိရစ္ဆာန်ကြီးသည် တောင်ဆိတ်နီကြီးကို ကိုက်ချီကာ ရေခဲပြင်ပေါ် တွားသွားနေသည်။ ဘွန်ကောသည် အံ့ဩထိတ်လန့်စွာ တိရစ္ဆာန်ကြီးကို မှင်တက်မိ ငေးကြည့်နေမိသည်။

ဖွတ်ကြီးတစ်ကောင်နှင့် ပုံပန်းသဏ္ဌာန်ချင်း တူသော ဤလို တောတိရစ္ဆာန်ကြီးကို ယခင်က ဘွန်ကော တစ်ကြိမ်တစ်ခါမှ မကြုံဖူး မတွေ့ဖူးပေ။ သို့သော် ဘိုးစဉ်ဘောင်ဆက် မုဆိုးကြီးများပြောပြသော ရေခဲပြင်ထဲမှ တောင်နဂါးကြီးဆိုသည်မှာ ဤတိရစ္ဆာန်ကြီးပင်ဖြစ်ရမည်ဟု ဘွန်ကော တွေးလိုက်သည်။

ဘွန်ကောသည် ထိတ်ထိတ်လန့်လန့်နှင့် တောင်နဂါးကြီးကို ငေးကြည့်ကာ သူ ကတိုးလိုက်ရန်ထွက်လာစဉ်က ကျားရဲတောင်နားတွင် တွေ့ခဲ့ရသော မြေခွေးအုပ်တစ်အုပ်ကို သွားသတိရသည်။

ထိုမြေခွေးအုပ်သည် ဤတောင်နဂါးကြီး၏ရန်မှ တိမ်းရှောင်ပြေးလာကြပုံရသည်။ ယခုအခါ တောင်နဂါးကြီးကို ကြောက်ရွံ့သဖြင့် ဝံပုလွေများလည်း ပြေးကုန်ကြပြီး ဤဝံပုလွေချိုင့်ဝှမ်းတွင် ဤတောင်နဂါးကြီး ရှိနေလျှင် မည်သည့်တောတိရစ္ဆာန်မှ နေဝံ့ကြတော့မည်မဟုတ်။

ဘွန်ကော ဖမ်းဆီးရန် လိုက်ရှာနေသော ကတိုးကောင်များဆိုသည်မှာလည်း ဤတောင်နဂါးကြီးရန်ကို ကြောက်သဖြင့် ဤဝံပုလွေချိုင့်ဝှမ်းမှ တိမ်းရှောင်ပြေးကြပြီး ဖြစ်မည်။

ဤဝံပုလွေချိုင့်ဝှမ်းတွင် ကြာကြာနေလျှင် ဤတောင်နဂါးကြီးနှင့် တစ်နေ့မဟုတ် တစ်နေ့ တွေ့ကြရလိမ့်မည်ဟူသော အတွေးကို တွေးမိသော အခါ ဘွန်ကော၏ မုဆိုးခြေလှမ်းမှာလည်း အလိုလို ပြန်ပြေးမိပြီးသား ဖြစ်သွားလေသည်။

(မုဆိုးပြောသော ဇာတ်လမ်းများမှ)

(၁၉၉၃ ခုနှစ်၊ ဧပြီလ၊ ကလျာမဂ္ဂဇင်း)

– ပြီး –

စာရေးသူ – ဖိုးကျော့

Leave a Reply

Your email address will not be published. Required fields are marked *