August 1, 2025
Uncategorized

ရေမုဆိုးနှင့် ရေဘုရင်

မင်းနန္ဒီရှိန်
ရေမုဆိုးနှင့် ရေဘုရင်

သူ့အမည်က ကောမလ။

သို့သော် နေထိုင်သည့်မြို့ကုန်းရွာတစ်ဝိုက် အမြတ်(ခါးပြတ်) ရွှေခြေကျင်း ဘုန်းကြီးသောင်တစ်ဝိုက်တွင်တော့ သူ့ကို ရေမုဆိုးကောမလဟု သိထားကြသည်။

သူ့ဇာတိက ဘိုကလေးမြို့နယ် အောက်ဘက်အပိုင် ကျွန်းညိုကြီးနယ် ရွာခွဲလေးဖြစ်သော ဆတ်ချောင်းရွာ။

သို့သော် ခါးပြတ်(အမြတ်)ရွာသူဖြစ်သော နော်အေးမယ်နှင့် အကြောင်းပါခဲ့ပြီးနောက် မြို့ကုန်းရွာတွင် လာရောက်အခြေချနေသူဖြစ်ပြီးလျှင် မိကျောင်းဖမ်းရာတွင် အလွန်ကျွမ်းကျင်သော ရေဘုရင် ကရင်တိုင်းရင်းသား စောလှထွန်း၏ညီ ဖြစ်ပြီး ကောမလ၏ မိကျောင်းဖမ်းပညာအဆင့်ကလည်း မသေးလှချေ။

အချိန်ပြည့် ကွမ်းတမြုံ့မြုံ့ဝါးနေတတ်သဖြင့် သွားများက ကွမ်းကြေးတက်ပြီး မည်းချိတ်နေသော်ငြား သူ၏ ပိရိလှသော နှုတ်ခမ်းက အလုပ်လုပ်ရာတွင် သေသပ်ကျနမှုရှိကြောင်းကို ဖော်ပြနေလေ၏။

သို့သော် ခါးပြတ်သူ နော်အေးမယ်နှင့် အကြောင်းပါပြီးနောက် အသက်အန္တရာယ်ကြီးလှသည့် မိကျောင်းဖမ်းခြင်းအလုပ်ကို အိမ်သူ၏ တားမြစ်ချက်နှင့် စွန့်ပယ်ထားသူဖြစ်သော်လည်း တစ်လောကတင် ရေလုပ်သား အောင်တင့် လာ၍ ယခုတစ်လော သရွက်ဖျားချောင်းများတွင် ပါးဖြူ သောင်းကျန်းနေသဖြင့် ရှင်းလင်းပေးပါရန်၊ သို့မဟုတ်ပါက ရေလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းပြုသူများ ချောင်းဝမထွက်နိုင်လျှင် ရွာပျက်၍ ဆင်းရဲအတိဒုက္ခရောက်ကြရပြီး စွန့်ခွာပြေးကြရုံသာရှိတော့ကြောင်းကို အကျိုးအကြောင်းပြ အကူအညီတောင်းခံသဖြင့် မိမိစွန့်လွှတ်ထားသော အလုပ်ကို ပြန်လည်လုပ်ကိုင်ပေးရဦးတော့မည်။

ညဦးကပင် အောင်တင့်နှင့် တိုင်ပင်၍ ဖော့ကြိုး၊ အစီကြိုး၊ သနွတ်၊ မှိန်းတို၊ ဓနိဖူးတံရှည်တို့ကို အသင့်ပြင်လျက် မနက်တွင် လာခဲ့ရန် အောင်တင့်ကို ချိန်းဆိုပြီး တပြူလာ (ကွမ်းယာ) ဝါးလျက် စောင့်မျှော်နေလေ၏။

ထိုအချိန်တွင် ကိုအောင်တင့်မှာ သူ၏ဇနီး ထည့်ပေးလိုက်သော ထမင်းကြမ်းနှင့် ငါးရံ့ခြောက်ဖုတ်ကို လှေဝမ်းထဲ ထည့်ယူဆောင်လျက် ရေမုဆိုး ကောမလ ၏ အိမ်ရေဆိပ်(လှေဆိပ်)သို့ လှော်ခတ်ပြီး ရောက်ရှိလာပါသည်။

ဒီနေ့က တိုက်တိုက်ဆိုင်ဆိုင် လပြည့်နေ့မို့ လပြည့်ရေက ဒီရေနှင့်အတူ တဖြည်းဖြည်း မြင့်တက်လာနေပြီ။

“ဝေး … ဖထီးရေ၊ နင့်ထွီ(ခွေး)တွေ ကြည့်ထားဦး။ ဒီကောင်တွေက ရမ်းက ရမ်းနဲ့”

“ဝေး … အောင်တင့်ရေ၊ ရဲရဲသာသာ လာခဲ့။ ငါ့ထွီ (ခွေး) တွေ ဇင်းဘောင်ကျွန်းဘက်ကို တောလည်ဖို့ ငွေသောင် ခဏလာငှားသွားတယ်ဝေ့”

အောင်တင့်လည်း မုဆိုးကြီး ကောမလအိမ်ထဲ အခုမှရဲရဲဝင်သွားပြီး အသင့်တွေ့ရသော ရေနွေးကြမ်းတစ် ခွက်ကို သောက်လိုက်ပါသည်။

ထိုအချိန် ကောမလ၏ အိမ်သူက စားဖွယ်များ လာ
ချပါသည်။

“ကဲ … ကောင်လေး အောင်တင့်ရေ၊ မင်းအကြိုက်ပဲ။ တလောကတုန်းက ဇင်းဘောင်ကျွန်းဘက်ကို ငခွေးတင့်တို့ မျောက်အုပ်သွားရှင်းရင်းကနေ ရလာတဲ့ ဆတ်ဖားကြီးက အသားခြောက် လာမျှထားတာ။ တစ်ဝအော်(စား)လိုက်ဦး”

“အေးမယ်ရေ … တကွီး (ငှက်ပျောသီး) ပါ ချပေးရဲ့လား”

ရိုးရှင်းသော ကရင်တိုင်းရင်းသားပီပီ ရှိတာချကျွေးခိုင်းနေ၏။

ရေနွေးအကြမ်းတစ်အိုး၊ ဆတ်သားခြောက်ဆီရွှဲရွှဲဆမ်း၍ မြုံ့ရင်းက ပါးဖြူရှင်းလင်းရေး အစီအစဉ်ကို ပြောပြနေလေသည်။

“ငါတို့ ပင်လယ်ပိုင်းအောက်ဘက်တွေမှာ မိကျောင်းတွေ ပေါပေမယ့် ဒီလို အတင့်ရဲ လူဆွဲရဲတာမျိုးတော့ မကြားဖူးဘူး။

တစ်ခါက အမာနယ်ဘက်မှာ ဖိုးသီလဆိုရင် မိကျောင်းပေါတဲ့နယ်မြေ ကိုးတွင်းအစပ်နားမှာနေတာ။ အဲ … ထူးတာက ဖိုးသီလနဲ့ မိကျောင်းတွေဟာ ဘယ်လိုဆက်စပ်နေသလဲတော့ မသိဘူး။ ဖိုးသီလကလည်း ပင်လယ်ပိုင်းမှာသာ နေတယ်။ သတ္တဝါတွေ သတ်တာဖြတ်တာ မလုပ်ဘူး။ မေတ္တာထားသလား မသိပါဘူး။ တချို့မိကျောင်းတွေဆို သနွတ်ထိတာတို့၊ သူတို့အချင်းချင်းနေရာလု တိုက်ခိုက်ပြီး ဒဏ်ရာအနာတရဖြစ်လာရင် ညဘက်မှာ ဘယ်သောင်၊ ဘယ်လတာပြင်၊ ဗျိုက်တော၊ သရွတ်ဖျားမှာ ဒဏ်ရာရနေလို့ အဘိုး ဆေးကုပေးပါဦး ဆိုပြီး အိပ်မက်ပေးတဲ့နေရာကိုဆေးသွားကုတာပဲ။ဒဏ်ရာပျောက်ကင်းသက်သာသွားရင် အဲဒီမိကျောင်းဟာ ပင်လယ်ထဲ ကိုဆင်းသွားတာပဲ။

ဖိုးသီလကို အန္တရာယ်မပြုတဲ့အပြင် ကျေးဇူးတောင် ဆပ်သွားကြတယ်။ ဒါက ငါကိုယ်တွေ့ပဲ အောင်တင့်”

“ထူးခြားလှချေလားဗျာ”

“ထူးတာမှာ တအားထူးတာဝေ့။ ဒါနဲ့ နင်က ပဲ့စီးလိုက်ရမှာဆိုတော့ ပါးဖြူနဲ့ ရင်ဆိုင်တဲ့အခါ လျင်မြန်ရမယ်။သတိရှိရမယ်။

မိကျောင်းတွေက သူတို့ အားကိုးတာ ရိုက်အားကောင်းတဲ့ အမြီးရိုက်ချက်ပဲ။ ငါက သနွတ်လွှတ်လိုက်ပြီဆိုတာနဲ့ နင့်လှေဝမ်းထဲကို ဝပ်ချဖို့ လုံးဝ မမေ့နဲ့ဝေ”

ပါးဖြူနှင့်တွေ့လျှင် ဆောင်ရန်၊ ရှောင်ရန်နည်းများကိုပြောပြ၍ နှစ်ဦးသား လှေဆိပ်သို့ဆင်း၍ မိကျောင်းဖမ်းလှေပေါ် တက်လိုက်၏။

(မိကျောင်းဖမ်းလှေ ဆိုသည်မှာ သစ်လုံးထွင်းလှေနံနှစ်ဖက် သစ်လုံးအရှည်နှစ်လုံး ဟိုဘက်ဒီဘက် အကျအနချည်ထားသည့်လှေ။ အခန့်မသင့်လျှင် မိကျောင်းမှ ကိုယ်နှင့်ထမ်း၍ မမှောက်အောင် အထူးစီမံပြုလုပ်ထားသောလှေ)

“ကျုံကံက လှမြင့်၊ ခါးပြတ်က ကပ္ပလီ လူနှစ်ယောက်နဲ့ ရွှေထီးက ဆိတ်တစ်ကောင် စားပြီးပြီဆိုတော့ ဒီပါးဖြူကို မမိလို့မဖြစ် ဖထီးရေ”

ဟု ချောင်းရိုးတစ်လျှောက် လှော်ခတ်ရင်း ပြောလိုက်၏။

“ဝေ့ …အောင်တင့်၊ မိကျောင်းဆိုတာ ချောင်းဖျားသရွတ်ဖျားမှာ နေတာ။ ဟိုကောင် ငခွေးတင်တို့က အတွေ့အကြုံမရှိဘဲနဲ့ ဟိုလူစု ဒီလူစုနဲ့ ချုံလျှောက်တိုးနေလို့က သတိပေးနေသလို ဖြစ်မှာ။

ရေဘုရင်ဆိုတာ သိပ်ပါးနပ်တာ။ ရန်သူ အငွေ့အသက်ရလို့က သရွတ်ဖျားက ဘယ်တော့မှ မဆင်းဘူးမှတ်ဝေ”

ကောမလ၏ ရေမုဆိုးအတွေ့အကြုံအရ ပါးဖြူ ရွာအနီးဝန်းကျင်တွင် နေတော့မည် မဟုတ်။ ထို့ကြောင့် ချောင်းဖျားသရွတ်ဖျားအထက်သို့ ရေကို ဆန်၍ လှော်ခဲ့သည်။

သရွတ်ဖျားအထက်ပိုင်းသို့ ရောက်လာလေ ချောင်းလုံးက မကောင်း။ မဖြောင့်တော့ဘဲ ကျဉ်းမြောင်း လာ၏။ ရေစူးက နက်လှသလို ပင်လယ်ထွက်ပေါက်ချောင်း သဲသောင်ပြင်ဆီသို့ ဂရုပြုကြည့်နေ၏။

တစ်နေရာတွင် မိကျောင်းနှစ်ကောင် သတ်ပုတ်ထားသည့် ကိုင်းပြတ်၊ ကိုင်းပင်ငုတ်တို့ ဝမ်းဗိုက်ရာ၊ ရှုပ်ယှက်ခတ်နေသည့် ခြေရာများကိုကြည့်၍ ညဦးပိုင်းက မိကျောင်းနှစ်ကောင် နေရာလုခြင်းဖြစ်နိုင်သည်။

တစ်လောတုန်းက အမာနယ်ဘက်မှ နေရာပြောင်းလာသော နှာပြတ်ကြီးနှင့် ပါးဖြူတို့ နေရာစား ကျက်လုပုံရပြီး နှာပြတ်ကြီး အရှုံးပေးခဲ့ပုံရ၏။ ထို့ကြောင့် ဒီနယ်မြေတွင် ပါးဖြူ သောင်းကျန်းနေခြင်းဖြစ်သည်။

နှာပြတ် ဆိုသည်မှာ သံကွင်းဆက်မိကျောင်းနှင့် ပျဉ်ဒရယ်ဘက်တွင် နေရာလုရာမှ နှာခေါင်းပြတ်၍ ထွက်ပြေးလာသောကြောင့် အနီးဝန်းကျင်ရွာများတွင် နှာပြတ်ဟု ခေါ်ကြခြင်း ဖြစ်၏။

တစ်နေရာတွင် ဗျိုက်တောစပ်၌ ရုတ်တရက်ကြည့်လျှင် ရေအိုင်ထဲတွင် သစ်တုံးသဏ္ဌာန်တစ်ခုကိုတွေ့ရှိလိုက်၍ ကောမလ သေချာစွာ ကြည့်လိုက်သော် ဟုတ်ပါပြီ … ပါးဖြူမှ ပါးဖြူ အစစ်။

တွေ့ကြပြီကော။

သနွတ်ကို ကိုင်လျက် လက်ဟန်ခြေဟန် အချက်ပြလိုက်ရာ အကင်းပါးသော အောင်တင့်က လှေကို တက်သံမကြားရအောင် လှော်နေတာကို ရပ်လိုက် ၏။

သောင်လတာစပ်ကို ခေါင်းပြုထားသဖြင့် ပါးဖြူက သူတို့ကို မမြင်။ ရေဘုရင်ဖြစ်၍ စိတ်ချလက်ချ နေပူစာလှုံနေပုံ ရသည်။ ပါးစပ်က ဟလျက်ရှိ၏။

ထိုအခိုက် ပါးဖြူကျောပေါ်နှင့် ပါးစပ်ထဲရှိ ရေညှိစားပိုးကောင်များကို စားသောက်နေသည့် ငှက်ကလေးများ ရုတ်တရက် ထပျံအပြေး ဗျိုက်တောစပ်မှ ရေကြက်များက အသံပေးလျက် ပျံသွားကြ၏။

“ဝှီး … ဝှီး … ဖျန်း … ဖျန်း”

ကြီးမားမည်းနက်သော အမြီးကြီးကို ယမ်းလိုက်သည်နှင့် လေထဲတွင် ကိုင်းပင်အပိုင်းအစ သစ်ငုတ်များမွစာကျဲသွားပြီး ရေထဲသို့ ရှောခနဲ ဆင်းပြေးသွားရာ
ပါးတွင် အဖြူကွက်ကြီးက အထင်းသား။

စက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်း ပြောင်းလဲသွားသောအခြေအနေ။

ရေမုဆိုးကြီး ကောမလ၏ ငယ်မူပြန် သနွတ်အစွမ်းက ဂယက်ထနေသော ရေပြင် (၆) ပေခန့်အကွာ ပစ်လွှတ်ပြီး လှေဝမ်းထဲဝပ်ချလိုက်၏။

“ဝှီး ဝှစ် ဒုတ်”

“ဝှီး ဝှီး ဖျန်း”

“ဝုန်း ဝုန်း”

အသံမြည်လျက် အမြီးမည်းမည်းကြီးက လှေပေါ်ဝဲပျံသွား၏။ ရေပြင်ထဲတွင် တဝုန်းဝုန်းအသံပေးလျက် ပါးဖြူ ဒေါသဖြစ်နေသည်။

ရေဘုရင်နှင့် ရေမုဆိုးတို့ အသက်လုပွဲပေမို့ သည်းထိတ်ရင်ဖိုဖွယ်ရာ တုန်လှုပ်ဖွယ်ရာ။

နောက်တစ်ကြိမ် သနွတ်ကို ကိုင်၍ အစီကြိုးကို ကောမလက လျှော့ထားပေးသည်။

ရေပြင်ပေါ်၌ သွေးကွက်တချို့ အမြှုပ်ပွက်ပွက်ဆူလာသည်ကို တွေ့ရ၏။

ရေအောက်တွင် ဒဏ်ရာအနာတရနှင့် ဒေါသတကြီး လှုပ်ရှားရုန်းကန်နေ၏။

“ဝုန်း ဝုန်း ဝုန်း”

နောက်တစ်ကြိမ် ပါးဖြူ၊ ရေပြင်ပေါ်သို့ အသက်ရှူရန် ပြေးတက်လာသောအခါ ရေမုဆိုး ကောမလက ပါးဖြူ၏ အရေပျော့နေရာ ဝမ်းဗိုက်ဘေးကို သနွတ်ဖြင့် ပစ်လွှတ်လိုက်ရာ …

“ဝှီး … ဒုတ်”

ပစ်မှတ်က စူးရောက်လှ၏။

“ဝှီး … ဘုန်း … ဖျန်း”

အမြီးရိုက်ချက်ကလည်း ကြောက်ခမန်းလိလိ။

ရေအောက်ကြမ်းပြင်တွင် လူးလှိမ့်ရန် ဒဏ်ရာပျောက်အောင် လုပ်သဖြင့် သနွတ်သွားက သူ့ကိုယ်တွင်း ဆောင့်သွားလေ ပိုရုန်းလေ။ သနွတ်သွားက နစ်မြုပ်ဝင်သဖြင့် ရေပေါ်တက်ပြီး လှေကိုမှောက်ရန် ကိုယ်ဖြင့် ထမ်း၏။

“ဝေ့ … အောင်တင့်၊ အစီကြိုးကို လျှော့ပေး၊ တင်းမထားနဲ့။ ဖော့ကြိုးတွေ လျှော့လိုက်ဝေ့”

ရေကိုဆန်သော လှေကလေးက ပြေးသွားလိုက်၊ တန့်သွားလိုက်နှင့် ပါးဖြူ သွေးတိုးစမ်းနေရာ နာရီဝက်ခန့်အကြာမှာ ကြမ်းချင်တိုင်းကြမ်းသော်လည်း အတွေ့အကြုံရင့်သော ရေမုဆိုးကြီး ကောမလ လက်အောက်တွင် အရှုံးပေးလိုက်ရလေတော့သည်။

နေညိုလေပြီ။

ပါးဖြူ ဘဝ နေသည်လည်း ဝင်ခဲ့လေပြီ။

အနောက်အရပ် တောတန်းဆီသို့ လိမ္မော်ရောင်နေနီလုံးကြီး တရိပ်ရိပ် ကျဆင်းနေချိန် လူနှစ်ယောက်နှင့် လှေတစ်စင်း အနောက်ဆီတွင် ပါးဖြူဆိုသည့် ရေဘုရင်ကြီးကို မူးကြာကြိုး (ပိုက်ခေါင်းကြိုး)နှင့် တွဲလျက် တွေ့လိုက်ရသလို လှေဆိပ်တွင်လည်း ပါးဖြူဆိုသည့် မိကျောင်းကြီး ချောင်းရိုး တစ်လျှောက် ရေလုပ်သားများကို နည်းမျိုးစုံအနှောင့်အယှက်ပေးခဲ့သဖြင့် ဖမ်းမိလာခဲ့ရာ လာရောက်ကြည့်ရှုကြသည့် ရွာသူရွာသားများနှင့် စည်ကား၍ နေပေသည်။

ပါးဖြူမိကျောင်းကြီးကို သုတ်သင်ပြီးနောက် ချောင်းရိုးတစ်လျှောက် ကျုံကံ၊ အမြတ်(ခါးပြတ်)၊ ရွှေလှေခြင်း၊ ကုလားထိပ်၊ မြို့ကုန်းတစ်ဝိုက်တွင် ယခင်ကလို ရေလုပ်ငန်းဖြင့် အသက်မွေးကြသူများနှင့် ဆားချက်လုပ်ငန်းများ ပြန်လည်၍ စည်ကားဖွံ့ဖြိုးဝေစည်လာခဲ့ပါတော့လေသည်။

သူရဇ္ဇမဂ္ဂဇင်း
အတွဲ(၁၀) ၊ အမှတ်(၇)
၂၀၁၀ခုနှစ် ၊ ဇူလိုင်လ

– ပြီး –

စာရေးသူ – မင်းနန္ဒီရှိန်

Leave a Reply

Your email address will not be published. Required fields are marked *