October 15, 2025

ရေမုဆိုး

သောင်းမြင့်ဦး(ကွမ်းခြံကုန်း)
ရေမုဆိုး

နွေလယ်နေ၏ အပူရှိန်သည် ပူပြင်းအိုက်စပ်လွန်းလှသည်။ ကိုချမ်းအေးသည် တိုးမြစ်ကမ်းနားဘေးရှိ တစ်ခုသော ကုက္ကိုပင်ရိပ်အောက်ဝယ် နေပူဒဏ်ကို ကာကွယ်ခိုလှုံရင်း မြစ်အတွင်း ရေချထားသည့် မိမိအငှားကျောင်းသော ကျွဲများ ရေစိမ်နေသည်ကို ကြည့်နေမိသည်။

ရာသီဥတု အပူအအေးဒဏ်အား ခံနိုင်ရည်ရှိလှသော ကျွဲများသည်ပင်လျှင် မြစ်ရေအတွင်းဝယ် ဦးခေါင်းကလေးများသာဖော်၍ ရေစိမ်နေကြသည်။ အချို့အကောင်များဆိုလျှင် ရေပင်ငုပ်လိုက်ချေသေးသည်။

ကျွဲကြီး ၄ ကောင် နံဘေးတွင် တစ်လသား ကျော်ကျော်သာရှိသေးသော ကိုချမ်းအေး အငှားကျောင်းသည့်အချိန်တွင်မှ ပေါက်ထားသည့် ကျွဲငယ်ကလေးမှာ ကျွဲကြီးများနည်းတူပင် ရေစိမ်ရင်းက သူ့အမေကျောကုန်းပေါ်တွင် မေးတင်လျက် ခိုတွယ်ပွတ်ကပ်နေသည်။ သူ့အမေကျွဲမကြီးကလည်း မည်သို့မှ လှုပ်ရှားခါမထုတ်။ ကလေးငယ် ရေနစ်မသွားစေရန် ၎င်း၏ ခန္ဓာကိုယ်အား အခြားကျွဲများကဲ့သို့ ရေအောက်သို့ နစ်အောင် မမြှုပ်ဘဲ ကျောရိုးမြှုပ်သည်ဆိုရုံကလေးသာ မြှုပ်ထားသည်မို့ ကျွဲကလေးအဖို့ မေးတင်မှီတွယ်ရသည်မှာ အဆင်ပြေလွန်းလှသည်။

သည်ကျွဲလေးကောင်ကို ကိုချမ်းအေး ထွန်တုံး ပိတ်ချိန်ကပင် စတင်ကျောင်းခဲ့သည်။ ကျွဲတစ်ကောင်လျှင် ထွန်တုံးပိတ်ကာလမှ နွေရာသီလုပ်ငန်းခွင် ဝင်ချိန်အထိ ကျောင်းခအဖြစ် စပါး ၅ တင်း ရပြီး နွေရာသီလုပ်ငန်းသိမ်းချိန်မှ မိုးဦးလုပ်ငန်းဝင်ချိန်အထိ စပါး ၂ တင်း ရမည်ဖြစ်သည်။

ထို့ကြောင့် ကိုချမ်းအေး နှစ်ရာသီ ကျွဲကျောင်းခ စပါး ၂၈ တင်းရမည်ဖြစ်၍ မိမိတို့မိသားစု ၄ ဦး၏ ဝမ်းစာက လာမည့်နှစ်အတွက် မပူရတော့။ မိမိလုပ်နေကျဖြစ်သော ဘိထောင်ခြင်း၊ ငါးရှာခြင်းများမှာ ကျွဲကျောင်းလုပ်ငန်းသိမ်းချိန်တွင် လုပ်ကိုင်နိုင်သည်မို့ ကိုချမ်းအေးအတွက် ဘာအခက်အခဲမျှ မရှိ။

မိုးရာသီ ထွန်တုံးပိတ်ချိန်ကာလများကသာ ကျွဲများအား လွှတ်ကျောင်းရန် စားကျက်သီးသန့်မရှိ၍ လွှတ်မကျောင်းနိုင်သဖြင့် မြက်ရိတ်ကျွေးရသည့် တာဝန်ရှိသည်။ ဒါကလည်း သိပ်ပင်ပန်းလှသည် မဟုတ်။ တစ်ညနေ ဂရုတစိုက် ရိတ်ထားလျှင် ကျွဲလေးကောင်အတွက် နောက်တစ်နေ့ နံနက်စာပင် ဖူလုံသည်။ သည်မြက်ရိတ်ရသည့် တာဝန်ကြောင့်မို့လည်း ကျောင်းခတွင် တစ်ကောင် စပါး (၃) တင်း ပိုရခြင်းဖြစ်ပြီး နွေအခါတွင်မူ လွှတ်ကျောင်း၍ ရသဖြင့် မြက်ရိတ်ကျွေးရန် မလိုပေ။

ကျွဲကျောင်းခြင်းလုပ်ငန်းမှာ ကျွဲများအား နံနက် ၆ နာရီခန့်တွင် ချည်တိုင်မှ ကြိုးဖြုတ်လွှတ်ပေးလိုက်ရုံသာ။ ကျွဲများမှာ ၎င်းတို့ စားနေကျ စားကျက်ရှိရာသို့သာ သွားစား၍ စားကျက်ကျော်ပြီး ဘယ်ကိုမျှ ဝေးဝေးလံလံ သွားလေ့မရှိ။

ယခုလိုရာသီဥတု ပူပြင်းသည့်အချိန်များတွင် နေ့လယ် ၁၁ နာရီလောက်၌ ၎င်းတို့အား စားကျက်မှ ပြန်မောင်းယူလာပြီး အိမ်ရှိ ကနားဖျင်းတွင် နေ့လယ်ပိုင်း အရိပ်သွင်းချည်ထားပြီး ညနေ ၃ နာရီလောက်တွင် အစာစားရန် တစ်ခါပြန်လွှတ်ပေးပြီး ညနေ ၆ နာရီလောက်တွင် တစ်ခါပြန်သိမ်းဆည်း ချည်ထား၊ ညဉ့်သိပ်ရုံသာ။

ကိုချမ်းအေးသည် နေ့လယ်ကျွဲသွင်းချိန်တွင် ၎င်းတို့အစာစားရာ စားကျက်မှာ မြစ်နံဘေးတွင်ဖြစ်၍ အပူသက်သာစေရန် ရေချ ရေစိမ်ခိုင်းပြီးမှ အိမ်သို့ ပြန်မောင်းယူ အရိပ်သွင်းလေ့ရှိသည်။

သည်နေ့လယ် ကျွဲများ နေ့လယ်ပိုင်း အရိပ်သွင်းရန်အတွက် ရေချ ရေစိမ်ခိုင်းထားပြီး ကိုချမ်းအေး ကုက္ကိုပင်ရိပ်မှ ထိုင်ကြည့်နေခြင်း ဖြစ်သည်။ သူတို့ ရေစိမ်နေသည်ကို ကြည့်ရင်း မိမိလည်း ခါတိုင်းလို ရေဆင်းချိုးရ ကောင်းလေမည်လားဟုလည်း စိတ်ကူးရမိပြန်သည်။

သို့အတွက် မိမိဝတ်ဆင်ထားသော စွပ်ကျယ်အင်္ကျီ လက်စကအား ချွတ်၍ ကုက္ကိုပင်ခြေရင်းတွင် ပုံထားလိုက်ပြီး မြစ်ကမ်းနံဘေးသို့ လှမ်းလိုက်စဉ် ကျွဲလေးကောင်မှာ လန့်၍ ဝရုန်းသုန်းကား ကမ်းစပ်ပေါ်သို့ လုတက်လာသည်ကို မြင်ရပြီး သားပေါက် ကျွဲငယ်ကလေးမှာ မြစ်ရေထဲတွင် နစ်လိုက် ပေါ်လိုက် ဖြစ်လျက် ပါးစပ်မှလည်း အလန့်တကြား အော်ဟစ်နေသည်ကို ကြားမြင်လိုက်ရလေသည်။

ကိုချမ်းအေး ကျွဲကလေးအား ဆယ်ယူရန် မြစ်အတွင်း ဆင်းမည်ပြုစဉ် ကျွဲကလေးအနီးမှ ကြီးမားသော ရေဂယက်ကြီးတစ်ခု လှုပ်ရှားဖြစ်ပေါ်သွားသည်ကိုတွေ့ရပြီး ကျွဲကလေးမှာလည်း ကမ်းစပ်အနီးရောက်လာသဖြင့် ဦးခေါင်းအား ဖမ်းယူဆွဲတင်လိုက်သည်။

ကမ်းစပ် လတာနွံပြင်ပေါ်သို့ ရောက်ရှိလာသော ကျွဲငယ်ကလေး၏ အခြေအနေမှာ မြင်ရက်စရာမရှိ။ ကိုချမ်းအေးသည်ပင် တုန်တုန်လှုပ်လှုပ် ခံစားလိုက်ရသည်။ ကျွဲငယ်ကလေး၏ နောက်ခြေနှစ်ချောင်းအနက် ညာဘက်ခြေထောက်တစ်ဘက်မှာ မရှိတော့။ ပေါင်ခြံရင်းမှ ပဲ့ထွက်လျက် ရေတွင် ကျန်ရစ်ခဲ့ပြီ။ ထိုပဲ့ထွက်နေသည့် ပေါင်ထိပ်နေရာမှ ဝမ်းတွင်းကလီစာအူစများ ပြူထွက်လျက်ရှိပြီး သွေးများစီးကျနေလေသည်။

မကြာမီအချိန်မှာ ကျွဲကလေး ဇက်ကျိုး ဇီဝိန်ချုပ်သွားလေသည်။

ကမ်းစပ်သို့ လန့်တက်လာသော ကျွဲလေးကောင်အနက်မှ ကျွဲငယ်ကလေး၏ မိခင်ဖြစ်သူ ကျွဲမကြီးမှာ ကျွဲကလေးအနား ပြေးလာပြီး ငုံ့နမ်းရင်းက ကျယ်လောင်ပူဆွေးစွာ တညံ့ညံ့ဖြင့် အဆက်မပြတ် မည်အော်နေလေသည်။

ကိုချမ်းအေး ကျွဲမကြီးနှင့် ကျွဲကလေးအဖြစ်ကို ကြည့်ရင်းက ရင်ဝယ် နင့်နင့်နဲနဲ ခံစားလိုက်ရသည်။

XXX XXX XXX

“မင်း ကံကြီးပေလို့သာပေါ့ ချမ်းအေးရာ။ ခါတိုင်းလို ကျွဲအုပ်နဲ့အတူ မင်း ရေဆင်းချိုးမိရင် ခုချိန်ဆို ‘လှမေ’ မုဆိုးမ ဖြစ်နေပြီပေါ့”

“အဲဒီနေ့ကလည်း ကျွန်တော် ရေဆင်းချိုးတော့မယ့်ဆဲဆဲပဲ ဘကြီးဉာဏ်ရ”

“မင်း ဘာကောင်ကိုက်တယ်လို့ထင်သလဲ ချမ်းအေး”

“အာ ကျွန်တော် အသေချာ မတွေးတတ်လို့ပေါ့။ ငါးမန်းလား၊ ဟို … မိကျောင်းလား၊ တစ်ခုခုတော့ တစ်ခုခုပဲ ဘကြီးဉာဏ်ရ”

“မင်းပြောပုံအရ ဆိုရင်တော့ ငါးမန်း လုံးဝမဖြစ်နိုင်ဘူး ချမ်းအေး။ ဟို ရေဘုရင်ပဲ ဖြစ်ရမယ်။ ဘာဖြစ်လို့လည်းဆိုတော့ ငါးမန်းဟာ သားစားသတ္တဝါမှန်ပေမယ့် မင်းပြောသလို အစာကို ဆက်ခါဆက်ခါ ဆောင့်ဆောင့် မဆွဲဘူး။ တစ်ခါတည်း ကိုက်ပြေးတတ်တဲ့ အကောင်မျိုး။

နောက်ပြီး ကျွဲကလေးပေါင် ပဲ့ထွက်အောင်လည်း ဆွဲနိုင်လောက်တဲ့ အင်အားမျိုး မရှိနိုင်ဘူးကွ။ ရေဘုရင်ကသာ”

“ရေဘုရင်မကလို့ ရေစကြဝတေးမင်းပဲဖြစ်ဖြစ် ချမ်းအေးကို လာစမ်းလို့ကတော့ ဘယ်ရမလဲ ဘကြီးဉာဏ်ရယ်။ တွေ့သွားမှာပေါ့။ ဒါကြောင့်လည်း ဘာကောင်ဆိုတာ သေချာအောင် ဘကြီးဉာဏ်ကို လာမေးကြည့်တာပါ”

“မင်း အရမ်းလျှောက်မလုပ်နဲ့ ချမ်းအေး။ ဒီရေဘု ရင်နဲ့ ပတ်သက်လို့က အရမ်းအန္တရာယ်များတယ်”

“ဟုတ်ကဲ့ပါ ဘကြီးဉာဏ်ရ။ ကျွန်တော် ဘကြီးဉာဏ် ပြောပြတဲ့အတိုင်း အတိအကျ လိုက်နာပါ့မယ်”

“ဘယ်လို … ဘယ်လို၊ ငါပြောပြတဲ့အတိုင်း ဟုတ်လား။ မလုပ်ပါနဲ့ ချမ်းအေးရယ်။ ငါ အသက်ကြီးလှပါပြီ။ ပြီး ဒီလုပ်ငန်းက မကျွမ်း ကျင်ရင် အလွန်အန္တရာယ်များတယ်”

ဘကြီးဉာဏ်သည် စကားကို ရပ်လိုက်ပြီး ရေနွေးကြမ်းပန်း လှမ်းယူသောက်နေသည်။ ဘကြီးဉာဏ်မှာ အသက် ၇ဝ ခန့်ရှိပြီဖြစ်၍ ၎င်းငယ်စဉ်အခါက ရေသတ္တဝါကြီးများကိုသာ သီးသန့်ဖမ်းဆီးအသက်မွေးသူဖြစ်သည်။

ဒါ့ကြောင့်လည်း ကျုံမှော်ရွာ တစ်ဝိုက်မှာတော့ ‘ရေမုဆိုး’ ဟူ၍ နာမည်ကြီးခဲ့သူ ဖြစ်လေသည်။ နာမည်မကြီးလည်း မခံနိုင်ရိုးလား။ ဘကြီးဉာဏ် ငယ်စဉ်ကဆိုလျှင် သည်တိုးမြစ်ရိုးတစ်လျှောက်မှာ မိကျောင်းအလွန်ပေါသည်ဟု ဆိုသည်။

သည်မိကျောင်းများကို ဘကြီးဉာဏ်တစ်ယောက်သာ မျှားခြင်း၊ ထိုးခြင်း စသည့် လုပ်ငန်းများနှင့် ဖမ်းဆီးပြီး အခြားသူများ ဘယ်သူမှ မဖမ်းဆီးရဲကြချေ။

ဘကြီးဉာဏ်အိမ်တွင် အမြဲလိုပင် ကြိုးချည်လှန်ထားသော မိကျောင်းနှစ်ကောင်ခန့် ရှိနေတတ်သည်။ မိကျောင်း ဘယ်သောင်စပ်မှာ အိပ်နေတာတွေ့တယ်ဟု အသံမကြားလိုက်နှင့်၊ ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ဘကြီးဉာဏ် သွားဖမ်းတတ်မြဲ။ ဘယ်တော့မှလည်း လွတ်သွားသည်၊ အန္တရာယ်ဖြစ်ခဲ့သည်ဟု မရှိခဲ့။

မိကျောင်းသံ အစအနမကြားရလျှင် ဘကြီးဉာဏ် “ဘန်း”လိုက်သည့်အလုပ်ကို လုပ်သည်။ “ဘန်း” လိုက်သည်ဆိုခြင်းမှာ ငါးမျှားခြင်းပင် ဖြစ်သော်လည်း ငါးသေး၊ ငါးဖွဲများ မဟုတ်။ ငါးဒန်၊ ငါးမြင်းနှင့် ကသဘောင်းလို အကောင်ကြီးမျိုးများကိုသာ ဖြစ်သည်။

ဘကြီးဉာဏ် ငါးစားသံကြားရ၍ ‘ဘန်း’လိုက်ထွက်သည့်နေ့ဆိုလျှင် ဘယ်တော့မှ လက်ချည်းပြန်လာရသည်မရှိခဲ့။ သည်အထိ ကျွမ်းကျင်သည့် ဘကြီးဉာဏ် ဖြစ်သည်။

ဘကြီးဉာဏ် ကျွမ်းကျင်သည်လည်း မပြောနှင့်လေ။ ငါး၏ အစာ၊ ငါး၏ သဘာဝ၊ မိကျောင်း၏ အစာ၊ မိကျောင်း၏ သဘာဝများကို စေ့စေ့စပ်စပ် လေ့လာမှတ်သားပြီး လက်တွေ့နှင့် ပေါင်းစပ်အသုံးချသည်။ ဟာကွက်၊ ပျော့ကွက်များကို ဖယ်ရှားပြီး ဉာဏ်ဖြင့်ချင့်ချိန် အစားထိုးဆောင်ရွက်သည်။ သည်တော့လည်း လုပ်ငန်းများဆောင်ရွက်ရာတွင် အောင်မြင်မှုရခဲ့သည်သာ။

ကိုချမ်းအေး ဘကြီးဉာဏ်ကို အမျိုးမျိုးတောင်းပန်ရသည်။ မိမိသည် တစ်ခါသာလုပ်မည်ဖြစ်ကြောင်းနှင့် သည်မိကျောင်းအား မဖမ်းဘဲထားပါက ရွာသားများကိုပါ အန္တရာယ်ပြုလာနိုင်ကြောင်း အထပ်ထပ်ပြောဆိုတောင်းပန်မှ ဘကြီးဉာဏ်က တစ်စွန်းတစ်စ ပြောပြလာသည်။

သူ ငယ်စဉ်က ဆောင်ရွက်ခဲ့သော မိကျောင်းဖမ်းနည်းမှာ နှစ်နည်းသာဖြစ်၍ တစ်နည်းမှာ မှိန်းနှင့်ထိုးခြင်းဖြစ်၍ ကျန်တစ်နည်းမှာ မျှားခြင်းဖြစ်သည်။

မျှားခြင်းလုပ်ငန်းမှာ မှိန်းထိုးလုပ်ငန်းထက် အန္တရာယ်ပိုများပြီး အလုပ်ပိုရှုပ်သဖြင့် လုံးဝမလုပ်ရန် တား မြစ်သည်။ မိကျောင်းထိုးခြင်း လုပ်ငန်းကို ညဘက်တွင်သာ ဆောင်ရွက်ရသဖြင့် ကျားမျက်လုံးမီးအိမ်၊ စနွတ်(မှိန်း)နှင့် လှေတို့ လိုအပ်ကြောင်း၊ မိကျောင်းမှာ လဟာပြင်သောင်စပ်များ၌သာ အိပ်လေ့ရှိသဖြင့် ရေကျချိန်များတွင်သာ ဆောင်ရွက်ရကြောင်း၊ မိကျောင်းများသည် အိပ်သည့်အခါ အမြဲတစေ ရေရှိရာဘက်သို့သာ ဦးခေါင်းလှည့်အိပ်လေ့ရှိပြီး အန္တရာယ် သို့မဟုတ် လှေသံ လူသံများကြားသည့်အခါတွင် ပါးစပ်ကိုဟ၍ အမြီးကို မြှောက်ပြီး ရေရှိရာသို့ တရှိန်ထိုး အလျင်အမြန် လျှောဆင်းတတ်ကြောင်း၊ ၎င်းလျှောဆင်းရာလမ်းကြောင်းနှင့် မလွတ်ကင်းပါက ကိုက်ခြင်း၊ အမြီးနှင့်ရိုက်ခြင်းများကို ပြုတတ်ကြောင်း၊ မိကျောင်း ရှာဖွေသည့်အခါ ကမ်းစပ်နှင့် ခပ်လှမ်းလှမ်း အကွာမှနေ၍ ကျား
မျက်လုံးမီးအိမ်ဖြင့် ထိုးကြည့်ရှာဖွေရကြောင်း၊ မိကျောင်း၏ မျက်လုံးမှာ ကျားမျက်လုံးမီးရောင်တွင် စိမ်းလဲ့တောက်ပနေတတ်ပြီး မိကျောင်းအနီးသို့လှေချဉ်းကပ်နည်း၊ မှိန်းထိုးနည်း၊ ပါးစပ်အား ကြိမ်ကွင်းစွပ်နည်းနှင့် ထိုးမှိန်း (စနွတ်) လုပ်ပုံ လုပ်နည်း စသည်စသည်များအား အသေးစိတ် ပြောပြလာခဲ့သည်။

“ဘကြီးဉာဏ်ဆီမှာ ကျားမျက်လုံးမီးအိမ် ရှိသေးရင် ကျွန်တော့်ကို ခဏငှားပါနော်”

“နောက်ဖေးက စပါးပုပ်စင်နံရံမှာ သွားကြည့်ကွာ။ ရှိဦးမလားတော့ မဆိုနိုင်ဘူး။ ရှိရင်လည်း ဆီထည့်လို့ကတော့ ရမှာမဟုတ်တော့ဘူး။ ပေါက်ပြဲနေလောက်ပြီ။ ဒါပေမဲ့ ကိစ္စမရှိပါဘူးကွာ။ ဆီမီးအစားအထဲကို အားကောင်းတဲ့ဘက်ထရီမီးလုံးထည့်ထွန်းပေါ့ … ဟုတ်လား”

“ဟုတ်ကဲ့ ဘကြီးဉာဏ်၊ ဟုတ်ကဲ့ … ဟုတ်ကဲ့”

“အဲ … နောက် အရေးကြီးတာက ဆိုင်ရာပိုင်ရာတွေကို တင်မြှောက်ဖို့တော့ လုံးဝမမေ့နဲ့နော်”

“ဟုတ်ကဲ့ပါ ဘကြီးဉာဏ်။ ကျွန်တော် အသေအချာမှတ်ထားပါတယ်”

XXX XXX XXX

ကိုချမ်းအေးတစ်ယောက် ဘကြီးဉာဏ်ဆီက ကျားမျက်လုံးမီးအိမ်နှင့် နည်းစနစ်များကို တပည့်ခံယူလာပြီးသည့် နောက်တစ်နေ့ မှစ၍ မိမိအငှားကျောင်းသည့်ကျွဲကိုမှ ကိုက်သော အတင့်ရဲလွန်းလှသည့် ရေဘုရင်အား ဆုံးမရန်အတွက် လုပ်ငန်းများစတင်ပြင်ဆင်လေတော့သည်။

ပထမဦးဆုံး ပြင်ဆင်ရသည်က ကျားမျက်လုံးမီးအိမ်ဖြစ်သည်။ မီးအိမ်မှာ မသုံးတာကြာပြီဖြစ်သည့်ပြင် ထိန်းသိမ်းမှုမရှိတော့သည့်အတွက် ဆီထည့်သောအိုးမှာ သံချေးစားပြီး ပေါက်ပြဲနေပြီ။ ဘယ်လိုမှ ဖာထေး၍ မရနိုင်တော့။

ဘကြီးဉာဏ်ပြောသလို ဘက်ထရီမီးလုံးသာ ထည့်၍ သုံးရတော့မည်ဖြစ်သည်။ ကျားမျက်လုံးမီးအိမ်မှာ လက်ဆွဲမီးအိမ်ကဲ့သို့ဖြစ်ပြီး လေးထောင့်ပုံဖြစ်၍ မျက်နှာစာသုံးဘက်အား အလင်းပိတ် အလုံ ကာရံထားပြီး မျက်နှာတစ်ဖက်တည်းတွင်သာ အလင်းပေါက် ရှိသည်။

ထိုအလင်းပေါ်၌ ကျားမျက်လုံးဟုခေါ်သော တစ်ဘက်ခုံး မှန်ဝိုင်းအထူတစ်ခုတပ်ဆင်ထားသည် မီးရောင်အလင်းတန်းမှာ ထိုတစ်ဘက်ခုံးမှန်ဝိုင်းထူမှ ဖြတ်သန်းထွက်ရသည်ဖြစ်၍ အလင်းအား စူးရှအားကောင်းလှသည်။

သို့ကြောင့်ပင် ကမ်းစပ်သောင်ပြင်နှင့် ခပ်လှမ်းလှမ်းမှနေ၍ မီးထိုးကြည့်သော်လည်း ကမ်းစပ်သောင်ပြင် ရှိ မိကျောင်းအား ကောင်းစွာ မြင်ရခြင်းဖြစ်ပေမည်။

မီးအိမ်တွင်ထည့်ရန် မီးသီးနှင့် ဘက်ထရီအိုးအတွက်ကတော့ မပူရ။ မိမိနှင့် ညီအစ်ကိုဝမ်းကွဲတော်စပ်သူ ချစ်မောင်အိမ်တွင် ညဘက် မီးထွန်းသော ဘက်ထရီအိုးကို ခေတ္တငှား၍ ရနိုင်သည်။

ဒုတိယပြုလုပ်ရသည်က မိကျောင်းအား ထိုးမည့်မှိန်း (စနွတ်) ပင် ဖြစ်လေသည်။ မှိန်းသွားကို လက်ညှိုးလုံးခန့်တုတ်ခိုင်ပြီး တစ်ထောင့်ထွာခန့်ရှိသော သံချောင်းကို မီးဖုတ်၍ အဖျားတစ်ဘက်တွင် အထစ်ပါသော သံချွန် ချွန်ရသည်။

ကျန်အဖျားတစ်ဘက်အား သံကွင်းကလေးတစ်ခု ရအောင်ကွေးရသည်။ မှိန်းသွားရပြီဆိုလျှင် မှိန်းရိုးအဖြစ် အသုံးပြုရန် ထီးရိုးဝါးတုတ်တုတ်တစ်လုံးအား အစွန်းတစ်ဘက်အဆစ်ပိတ်နှင့် ကျန်တစ်ဘက်မှ ခေါင်းပေါက်ပါအောင် အရှည်တစ်လံသာသာခန့် ဖြတ်ယူလျှင် မှိန်းရိုးဖြစ်ပြီ။

ပြီးတော့ မှိန်းသွားနှင့် မှိန်းရိုးကို ဆက်ရန် လိုက်ကြိုးနှင့် အစီကြိုးကို လုပ်ရမည်။ မှိန်းသွားတစ်ဘက်အစွန်းရှိ သံကွင်းကလေးအတွင်း အစီကြိုးဟုခေါ်သော သုံးတောင်ခန့်ရှည်သည့် သုံးပင်လိမ်ကျစ်ထားသော ဘန်ချည်ကြိုး ဆယ်ပင်ခန့်အား ထည့်သွင်း၍ သေသပ်စွာ ချည်ရသည်။

နောက်ကျန်နေသော ကြိုးတစ်ဘက်စကို “လိုက်ကြိုး” ဟု ခေါ်သော တစ်ဆယ့်ငါးတောင်ခန့်ရှည်သည့် လက်သန်းဖျားခန့်ရှိသော နိုင်လွန်ကြိုးပျော့နှင့် ဆက်ရသည်။ ထိုနိုင်လွန်ကြိုး၏ ကျန်တစ်စအား မှိန်းရိုးတွင် အပေါက်ဖောက်၍ ခိုင်မြဲစွာ ချည်ထား ရသည်။

မှိန်းသွားတစ်ခုလျှင် ကြိုးကလေး ဆယ်ချောင်း၊ ထိုမှ ကြိုးကြီးတစ်ချောင်း ယင်းမှ ထီးရိုးဝါးပိုင်းနှင့် တစ်ဆက်တည်း ဖြစ်သွားပြီဆိုလျှင် မိကျောင်းထိုးသည့် မှိန်း (စနွတ်) တစ်ခု ဖြစ်သွားချေပြီ။

မည်သည့်အတွက်ကြောင့် မှိန်းအား အဆက်ဆက်ပြုလုပ်ရပါသနည်းဆိုသော် မှိန်းသွား၊ ကြိုးသေး၊ ကြိုးကြီးနှင့် မှိန်းရိုးတို့မှာ တစ်ခုချင်း သီးသန့်သဘော တာဝန်ထမ်းဆောင်ကြရမည်ဖြစ်၍ပင် ဖြစ်လေသည်။ ၎င်းတို့ ဆောင်ရွက်ကြရမည်မှာ-

မှိန်းအား အသုံးပြုတော့မည်ဆိုလျှင် တစ်ဘက်ဆစ်ပိတ် တစ်ဘက်ခေါင်းပေါက်ဖြစ်သည့် မှိန်းရိုးပေါ်တွင် ၎င်းနှင့် တစ်ဆက်တည်း ချည်ထားသည့် နိုင်လွန်ကြိုးကြီး (လိုက်ကြိုး)ကို မှိန်းရိုးပေါ်တွင် အသေအချာ ရစ်ပတ်ရသည်။

ကြိုးကြီးဆုံး၍ အစီကြိုးဟုခေါ်သော ကြိုးကလေး ၁ဝ ချောင်းပူးနေရာသို့ ရောက်လျှင် မှိန်းသွားသံချောင်းအား ခေါင်းပေါက်အဆစ်ခံမှိန်းရိုးအတွင်း သံကွင်းကလေးရှိသည့်ဘက်မှ ထိုးသွင်းပြီး မှိန်းသွားအလွယ်တကူ ကျွတ်ကျမသွားစေရန် အစီကြိုးစကလေးများဖြင့် ဖိသိပ်ကြပ်ရသည်။ ဒါမှ မှိန်းရိုးနှင့် မှိန်းသွား မြဲနေမည်ဖြစ်သည်။

အကယ်၍ မိကျောင်းအား စနွတ်(မှိန်း)နှင့် ထိုးပြီး မှိန်းရိုးအား လက်မှ လွှတ်ပေးလိုက်သည်နှင့် မိကျောင်းမှာ နာကျင်မှုကြောင့် ရေအောက်သို့ ငုပ်သွားလျှင် မှိန်းရိုးမှအစီကြိုးစကလေးများနှင့် ကြပ်ထားသည့် မှိန်းသွားမှ ကျွတ်ထွက်လာပြီး ဖော့ကဲ့သို့ ရေမျက်နှာပြင်ပေါ်သို့ ပေါ်လာမည်ဖြစ်သည်။ မှိန်းစူးသွားသံချောင်းသာလျှင် မိကျောင်းကိုယ်တွင် ကျန်ရစ်ခဲ့မည်ဖြစ်သည်။ သို့အတွက် မှိန်းချက်မိထားသော မိကျောင်း ဘယ်အရပ်ဆီသို့ ရေငုပ်၍ သွားသွား မှိန်းရိုးဖော့အား ကြည့်ရင်း ရေပေါ်မှလှေနှင့် လိုက်နိုင်မည်ဖြစ်သည်။

စနွတ်(မှိန်း)ချက်မိသွားသော မိကျောင်းမှာ နာကျင်၍ မှိန်းသွားနှင့် ဆက်နေသော ကြိုးများအား ပါးစပ်ဖြင့်ကိုက်ဖြတ်မည်ဖြစ်ရာ မိကျောင်းမှာ သဘာဝအရ သွားကြဲသော သတ္တဝါဖြစ်၍ အစီကြိုး ကလေးများအား ကိုက်သော်လည်း ကြိုးများမှာ သွားများအကြားအတွင်းသို့သာ ဝင်သွားမည်ဖြစ်၍ မပြတ်နိုင်ချေ။

ကြိုးကြီးကြီးနှင့် တွဲထားလျှင် ကိုက်၍ ပြတ်သွားနိုင်ပြီး ကြိုးသေးသေးဆိုတော့ ဘယ်လိုမှ ကိုက်၍ မမိတော့ချေ။ မိလျှင်လည်း တစ်ကြိုးနှစ်ကြိုးသာပင်။ ထို့ကြောင့်လည်း အစီကြိုးအား ကြိုးကြီးကို မသုံးဘဲ ကြိုးသေးကလေးများအား ပူးတွဲအသုံးပြုခြင်းသာ ဖြစ်လေသည်။

စနွတ်(မှိန်း) တစ်ချောင်း၏ အစိတ်အပိုင်းများမှာ သူ့တာဝန်နှင့်သူ တာဝန်ရှိနေကြခြင်း ဖြစ်ပေသည်။

ကိုချမ်းအေး ပစ္စည်းပစ္စယများအား ပြင်ဆင်ဆောင်ရွက်နေစဉ်အတွင်း တစ်ဘက်မှလည်း မိကျောင်းအား ဘယ်နေရာမှာ တွေ့မိသည်ဟူသော သတင်းကို နားစွင့်လျက်ရှိရာ ယမန်နေ့က မြစ်အလယ်ရှိ ကျွန်းကြီးသောင်စပ်တွင် မိကျောင်းတစ်ကောင် အိပ်နေ သည်ကို ရွာလယ်ပိုင်းက တင်အေး ကျွန်းကြီးသို့ ထင်းခုတ်အသွား တွေ့ခဲ့ရသဖြင့် ထင်းခုတ်ပင် ဆက်မသွားတော့ဘဲ ပြန်လာခဲ့ကြောင်း သတင်းကြားရသည်။

အဆိုပါသတင်းကား ကိုချမ်းအေး အကြားချင်ဆုံးနှင့် စောင့်မျှော်နေသော သတင်းပင်။

XXX XXX XXX

ယနေ့ ကိုချမ်းအေး မိချောင်းဖမ်းထွက်မည်။ ကိုချမ်းအေးတစ်ယောက် မိမိ တစ်ခါမျှ မလုပ်ကိုင်ဘူးသော လုပ်ငန်းဖြစ်၍လည်းကောင်း၊ ရေဘုရင်ဟူသော အသိကြောင့်လည်းကောင်း စိတ်အတွင်းဝယ် လှုပ်လှုပ်ရှားရှား ခံစားနေရသည်ကတော့ အမှန်။ ထို့ကြောင့်လည်း ဘကြီးဉာဏ် ပြောပြသည်များကို အထပ်ထပ် စဉ်းစားရင်းက တစ်ခုမျှ အမှားအယွင်းမရှိစေရန် စီမံဆောင်ရွက်သည်။

ညနေပိုင်းတွင် သက်ဆိုင်ရာပုဂ္ဂိုလ်များသို့ တင်မြှောက်ပသခြင်းအား ပြု၍ မိကျောင်းအား ပေးသနားပါရန်နှင့် အန္တရာယ်များကင်းရှင်းအောင်လည်း ကြည့်ရှုမစပါရန် ကိုချမ်းအေး ဆောင်ရွက်ရပြန်သည်။ ထို့နောက် ‘ချစ်မောင်’အိမ်က ငှားလာသည့် ၁၂ ဗို့ ဘက်ထရီအိုးနှင့် မီးသီး၊ မိကျောင်းထိုးမည့် စနွတ် (မှိန်း)၊ ကျားမျက်လုံးမီးအိမ်နှင့် ကြိမ်ကွင်း၊ ကြိုးအပိုများအား ပြည့်စုံမှု ရှိ မရှိ ထပ်မံစစ်ဆေးသည်။

ပြည့်စုံပြီဆိုသည်နှင့် မိမိနှင့်အကူ အဖော်လိုက်မည့် ယောက်ဖဝမ်းကွဲတော်သူ ‘သာရင်’နှင့်အတူ ပစ္စည်းများအား လှေအတွင်းသို့ ချပြီး မြစ်ရေကျချိန်ကို အဖန်ရည်သောက်ရင်း စောင့်ဆိုင်းနေလိုက်သည်။

ည ၉ နာရီကျော်သွားပြီ မြစ်ရေကလည်း တစ်ဝက်သာသာခန့် ကျသွားပြီမို့ သာရင်နှင့်အတူ လှေအား မြစ်လယ်ကျွန်းကြီးဆီသို့ ဦးတည်လှော်ထွက်လာခဲ့လေသည်။

အမှောင်ထုကလည်း တဖြည်းဖြည်း သိပ်သည်းလာသည်။ ကိုချမ်းအေးတို့မှာ လှေအား သောင်စပ်နှင့် ခပ်ခွာခွာမှနေ၍ ရေသံမထွက်စေရန် သတိထား လှော်ရသလို ကျားမျက်လုံးမီးအိမ်ကို မီးဖွင့်လျက် သောင်စပ်ကမ်းနားတစ်လျှောက် ထိုးရှာကြည့်လာခဲ့သည်။

သည်လိုနှင့် ကျွန်းကြီးနံဘေးတစ်လျှောက် ကြည့်ရှုလာခဲ့သည်မှာ နာရီဝက်ခန့်ပင် ရှိသလို ကျွန်းလည်းဆုံးကာနီးပြီ။ ကိုင်းပင်၊ ဆူးတောများမှလွဲ၍ ဘာမျှမတွေ့ရသဖြင့် ကိုချမ်းအေးစိတ်ပျက်ချင်သလိုလို။

ထိုစဉ် သောင်စပ်တစ်နေရာ၍ ဖျတ်ခနဲ တွေ့လိုက်ရ သေး စိမ်းလဲ့လဲ့ တန်ပြန် အလင်းရောင်တန်းတစ်ခုကြောင့် လှေလှော်နေသော သာရင်အား လှမ်း အချက်ပေးလိုက်ပြီး ကျားမျက်လုံးမီးရောင်တန်းနှင့် သောင်စပ် လသာပြင်အား အပြန်ပြန်အလှန်လှန် ထိုးကြည့်ရှာဖွေလိုက်သည်။

“ဟော … ဟော … တွေ့ပီ … တွေ့ပီ”

သောင်စပ်လဟာပြင် မြက်ပင်ကလေးများ ပါးပါးအကြားတွင် ရှည်မျောမျောအရာတစ်ခု၊ စိမ်းလဲ့တောက်ပနေသော မီးလုံးနှစ်လုံး၊ ထို့ကြောင့်လည်း လှေအား သောင်စပ်အနီးသို့ ရေသံမကြားစေရန် တဖြည်းဖြည်းချင်း တိုးကပ်စေလိုက်ပြီး မီးရောင်ဖြင့် အသေအချာကြည့်လိုက်ရာ မြစ်ရေဘက်သို့ ဦးတည်ခေါင်းလှည့်ကာ မိမိ၏ မီးရောင်အား စူးစိုက်ကြည့်နေသည့် ရေဘုရင်တစ်ကောင်အား တွေ့လိုက်ရလေသည်။

ကိုချမ်းအေး မီးရောင်ဖြင့် မိကျောင်းအား မပြတ်တန်း ထိုးထားပြီး ဘက်ထရီအိုးအား ကောက်လွယ်လျက် လက်တစ်ဘက်က ကျားမျက်လုံးမီးအိမ်နှင့် ကျန်လက်တစ်ဘက်က စနွတ် (မှိန်း) အား အသေအချာ ကိုင်တွယ်ကာ လှေပေါ်မှ သောင်စပ် လဟာပြင်ပေါ် သို့ အသံလုံလုံဖြင့် ဆင်းလိုက်လေသည်။

သို့သော် ရေဘုရင်မှာ အန္တရာယ်အငွေ့အသက်အား ရသွားသည်ထင်သည်။ သစ်တုံးတစ်တုံး ချထားသကဲ့သို့ ငြိမ်သက်နေရာမှ အမြီးအား နွံပြင်မှ ဆတ်ခနဲခွာလိုက်သည်။ နောက် ပါးစပ်အား ကိုက်ရန်အသင့် အနေအထား ပြင်ဆင်လျက် လျင်မြန်သော အရှိန်ဖြင့် မြစ်အတွင်းသို့ ထိုးဆင်းလျှောကျလာသည်။

ကိုချမ်းအေးသည် မိကျောင်းလျှောဆင်းရာ လမ်းကြောင်းနှင့် လွတ်ကင်းအောင် ရှောင်လိုက်ရသဖြင့် ဟန်ချက်မှာ နည်းနည်းပျက်သွားသည်။ သို့သော်လည်း လက်အတွင်းရှိ စနွတ် (မှိန်း)နှင့် မိကျောင်း၏ လက်ပြင်ကြားသို့ မိမိရရ ထိုးထည့်နိုင်လိုက်သည်။

စနွတ် (မှိန်း)ချက် ထိသွားသည်နှင့်တစ်ပြိုင်နက် ဝှီးခနဲ အသံနှင့်အတူ အမြီးဖြင့် လှမ်းရိုက်ခြင်းကို ကိုချမ်းအေး ခံလိုက်ရသော်လည်း နွံပြင်ပေါ်သို့ ထိုင်ချရှောင်လိုက်သဖြင့် မိကျောင်း၏အမြီးဒဏ်မှ သီသီကလေး လွတ်ခဲ့ရသည်။

ကိုချမ်းအေးသည် ဖရိုဖရဲဖြစ်သွားသော မီးအိမ်နှင့် ဘက်ထရီအိုးများအား နေသားတကျဖြစ်အောင်
ပြန်လည်ပြုပြင်ရင်းက လှေပေါ်သို့ တက်လိုက်သည်။

မိကျောင်းမှာ စနွတ် (မှိန်း)တန်းလန်းနှင့် ရေအောက်သို့ ငုပ်လျှိုးသွားလေသည်။

XXX XXX XXX

“ကိုချမ်းအေး … ထိုးမိတာ သေချာရဲ့လားဗျ”

“သေချာပါတယ်ကွာ … ရှေ့လက်ရဲ့ နောက်နားကို သေသေချာချာ ထိသွားပါတယ်”

သာရင်၏ အမေးကို ကိုချမ်းအေး ပြန်ဖြေရင်းက မြစ်ရေပြင်ပေါ် သို့ ပေါ်တက်လာမည့် စနွတ် (မှိန်း)ရိုးကို မီးထိုးရှာကြည့်ရာက လှေအား မလှော်ရန်နှင့် ရေစီးအတိုင်းသာ မျှောထားရန် ပြောဆိုလိုက်သည်။

သိပ်မကြာလိုက်ချေ။ စနွတ် (မှိန်း)ရိုး မြစ်ရေပြင်ပေါ်သို့ ပေါ်တက်လာသည်ကို ကိုချမ်းအေး တွေ့လိုက်ရသည်။

“ဟော … ဟိုမှာတွေ့လား သာရင်၊ စနွတ် (မှိန်း)ရိုးပေါ်လာပြီ”

“အား … ဟုတ်တယ်။ ကိုချမ်းအေး အနားလှော်သွားရမလား”

“နေဦး သာရင်ရ၊ ဒင်း မောပါလေ့စေဦး။ နှစ်ခါ သုံးခါမြုပ်လောက်ကျမှ သွားဆွဲမယ်။ ခုတော့ သူ ရုန်းတာကို စောင့်ကြည့်ရအောင်”

ကိုချမ်းအေး စကားသည်ပင် မဆုံးလိုက်ချေ။ စနွတ် (မှိန်း)ရိုးမှာ ရေပေါ် ပေါ်နေရာမှ မိကျောင်းဆွဲရာနောက် ရေအောက်သို့ ပြန်လည်မြုပ်သွားပြန်လေသည်။

ကိုချမ်းအေးက လှေဦးပိုင်းကနေ၍ သာရင်အား လှမ်းပြောလိုက်ပြန်သည်။

“သည်ကောင်တွေ ခုလို ဒဏ်ရရထားရင် ရေအောက်မှာ ကြာကြာမနေနိုင်ဘူးကွ။ သူတို့ဒဏ်ရာကထွက်တဲ့သွေးကို ငါးပူတင်းတွေက သိပ်ကြိုက်ကြတယ်။ ဒီတော့ ဝိုင်းကိုက်ကြတာနဲ့ ဒင်း ရေပေါ် ပြန်တက်ရတယ်လို့ ဘကြီးဉာဏ်က ပြောဖူးတယ်။

ခုလည်း ဒီကောင် ရေအောက်မှာ ကြာကြာနေနိုင်မှာမဟုတ်ပါဘူး။ စနွတ် (မှိန်း) ရိုး ဖော့ဆို့အားကလည်း ရှိနေတော့ မကြာခင် ပေါ်လာမှာပါ”

“ကျွန်တော်တို့ သူ့ကို ဘယ်လိုဖမ်းမလဲ ကိုချမ်းအေး”

“ဒါကလည်း လွယ်ပါတယ်ကွာ။ ခုဆို သူ့မှာ ဒဏ်ရာကလည်း ရထားပြီး စနွတ် (မှိန်း)ရိုးဖော့ကို ဆွဲပြေးနေရတာကြောင့် မကြာခင် မလှုပ်နိုင်လောက်အောင်ကို မောသွားမှာပါ။ ဒီတော့မှ သောင်စပ်ကို ဆွဲတင်ပြီး ကြိမ်ကွင်းစွပ်၊ ကြိုးတုပ်ဖမ်းကြတာပေါ့”

ကိုချမ်းအေး မျှော်လင့်ထားသည့်အတိုင်းပင် မိကျောင်းမှာ စနွတ် (မှိန်း)ရိုးအား သုံးခါမျှ ရေအောက်သို့ နှစ်မြုပ်ဆွဲပြေးပြီးနောက် ထပ်မံမြုပ်ဆွဲပြေးနိုင်ခြင်း မရှိတော့။ သည်တော့မှ ကိုချမ်းအေးတို့ စနွတ် (မှိန်း)ရိုးအား လှေပေါ်မှ ကိုင်ဆွဲရင်း လှေအား သောင်စပ်သို့ လှော်ကပ်ပြီး လူက သောင်ပြင်ပေါ်သို့ ဆင်းကာ လိုက်ကြိုးအား တဖြည်းဖြည်း ဆွဲငင်လိုက်သည်။

လိုက်ကြိုးဆုံးသည်နှင့် ရုန်းကန်လှုပ်ရှားထားရသဖြင့် ခြေကုန်လက်ပန်းကျနေပြီဖြစ်သော ရှေ့လက်များတွင် အစီကြိုးကလေးများ ရစ်ပတ်နေသော ရေဘုရင်ဆိုသည့် မိကျောင်းက ပေါ်လာသည်။

ကိုချမ်းအေးတို့နှစ်ယောက် သတိကြီးစွာဖြင့် ကြိုးမှနေ၍ တဖြည်းဖြည်း မိကျောင်းအား လတာသောင်စပ်သို့ ဆွဲတင်လိုက်သည်။

ကိုချမ်းအေး ထိုးလိုက်သော မှိန်းသွားမှာ ရှေ့လက်နောက်နားတွင် တစ်ဝက်ခန့် နစ်မြုပ်ထိုးစိုက်နေကြောင်း တွေ့ရလေသည်။

မိကျောင်း သောင်ပြင်ပေါ်သို့ ရောက်သည်နှင့် ပါးစပ်အား မဟနိုင်စေရန် ကြိမ်ကွင်းစွပ်ခြင်း၊ ခြေလက်များအား တုပ်နှောင်ခြင်း၊ အမြီးအား တုတ်ချည်ခြင်းများ ပြုလုပ်ပြီးသည့်အချိန်တွင်တော့ ရေဦးပင်တက်စ ပြုလာချေပြီ။

ကိုချမ်းအေးသည် ကြိုးများဖြင့် အသေအချာမလှုပ်နိုင်အောင် တုပ်နှောင်ထား၍ ငြိမ်သက်လျက်ရှိနေသော မိကျောင်းအား သာရင် အကူအညီဖြင့် လှေဝမ်းအတွင်းသို့ မတင်ခါ ပိုမိုစိတ်ချရစေရန် လှေရွက်တိုင်ခုံနှင့် ထပ်မံချည်နှောင်လိုက်ပြန်သည်။

နံနက်ဖြန် မနက်ရောက်လျှင်တော့ မိကျောင်းရလာပြီဟု ကြားလျှင် ကလေးလူကြီးအပေါင်း အုန်းအုန်းကျွက်ကျွက်နှင့် မိမိအိမ်သို့ မိကျောင်းလာကြည့်ကြမှာကို မြင်ယောင်ရင်းက သင်ဆရာ ဘကြီးဉာဏ်အား ဘာပစ္စည်းနှင့် ကန်တော့ရလျှင် ကောင်းမည်နည်းဟုတွေးလျက် ရေဘုရင်အား နှိမ်နင်းအနိုင်ယူပြီးခဲ့သည်မို့ ပီတိများဝေဖြာကာ ကျွန်းကြီးသောင်စပ်မှ လှေအား သွက်လက်စွာ လှော်ထွက်ခဲ့လေတော့သည်။

– ပြီး –

စာရေးသူ – သောင်းမြင့်ဦး(ကွမ်းခြံကုန်း)

Leave a Reply

Your email address will not be published. Required fields are marked *