July 31, 2025
Uncategorized

ရေမျောက်

ပုသိမ်ရန်နောင်စိုး
ရေမျောက်

ဆပ်သွားဖူးချုံတန်းများကြားထဲကနေ လှမ်းမျှော်ကာကြည့်လိုက်ရာ ဖြူလွလွသဲသောင်ပြင်၊ အုပ်သင်းဖွဲ့နေသည့် ကဏန်းနီကောင်များ၊ ရေကျချိန် ရေစစ်ချိန်မှာ ထိုးထိုးထောင်ထောင်ပေါ်နေလေ့ရှိသည့် ကျောက်တုံး၊ ကျောက်ဆောင်၊ ကျောက်ချွန်းများ၊ ရှေ့ဆင့်နောက်ဆင့် မရပ်မနား တအိအိချီတက်လာနေသည့် လှိုင်းလုံးများ၊ လှိုင်းခေါင်းဖြူများ၊အနောက်ဘက်မိုးကုပ်စက်ဝိုင်းနှင့် ထိနမ်းနေသည့် ပင်လယ်ပြင်ပြာပြာကြီး။

ကျွန်တော်နှင့် ကိုရွှေထွန်း သဲသောင်ပြင်ပေါ်ရောက်သွားတော့ ကဏန်းနီအုပ်ကြီး ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ ရေစပ်လှိုင်းကြားထဲသို့ ပြေးဆင်းသည့် အကောင်တွေက ပြေးဆင်း၊ သဲကျင်းတူးကာ အလျင်အမြန် ပုန်းသူတွေက ပုန်းနှင့် ကဏန်းနီအုပ်ကြီး တကွဲတပြား ယောက်ယက်ခတ်သွားသည်။

ကဏန်းနီကောင်တွေက မြန်သည်၊ လျင်သည်။ သည်အတိုင်း လက်နှင့်လိုက်ဖမ်းနေလို့ကတော့ ဘယ်လိုနည်းနှင့်မှ ဖမ်းမမိနိုင်။ သူတို့က ရှေ့ကိုပြေးနေရာမှ နောက်သို့ တုံ့ခနဲ ပြန်ပြေးမလား၊ ညာဘက်ကို ပြေးနေရာက ဘယ်ဘက်သို့ ဆတ်ခနဲ ပြေးအုံး မလား၊ သူတို့ကိုယ်လုံးကို မလှည့်ဘဲ ရှေ့နောက် ဝဲယာကို လျင်လျင်မြန်မြန် ကြိုက်သလို လှည့်ပြေးနိုင်သည့် စွမ်းအားရှင်တွေဖြစ်သည်။

အများအားဖြင့် နေ့လယ်နေ့ခင်း ပင်လယ်ရေကျချိန်၊ ရေစစ်ချိန်များ၌ အုပ်လိုက်ချီကာ သောင်ပြင်ပေါ်တက်ပြီး အစာရှာစားနေလေ့ရှိသည်။ အဝေးကနေ လှမ်းပြီးကြည့်မည်ဆိုပါက သဲသောင်ဖွေးဖွေးပေါ်၌ ပတ္တမြားခဲတွေ လိမ့်နေသလို နေရောင်ခြည်တောက် တောက်အောက်မှာ ကဏန်းနီတွေ အုပ်စုဖွဲ့ သွားလာနေတာကို တွေ့မြင်နိုင်ပါသည်။ အရွယ်အစားမှာ လယ်ပုစွန်လုံးနှင့် မတိမ်းမယိမ်းရှိမည်။ ထိုကဏန်းနီများကို ကမ်းခြေသားတို့ စားလေ့စားထ မရှိကြ။

ကိုရွှေထွန်းက ခါးကြားမှာထိုးထားသည့် ပစ်တန်ကောင်း တုတ်နှစ်ချောင်းကို ဆွဲထုတ်ပြီး တစ်ချောင်းပြီးတစ်ချောင်း ကဏန်းနီအုပ်ထဲသို့ ပစ်ထည့်နေသည်။

“ဟေ့လူ ဘာလုပ်တာလဲ၊ ကဏန်းနီတွေ သူ့သဘာဝအတိုင်း ပျော်ပျော်ပါးပါး နေပါစေဗျာ။ ခင်ဗျား ကလည်း ကလေးမဟုတ် သူငယ်မဟုတ်နဲ့”

“အမ် . . . ဆရာပဲ ရေမျောက်ဖမ်းတာ ကြည့်ချင်တယ်ဆို”

“ဟုတ်တယ်လေ … ကျွန်တော်က ရေမျောက်ဖမ်းတာကိုသာ ကြည့်ချင်တာ။ ကဏန်းနီတွေကို တုတ်နဲ့ပစ်တာ ကြည့်ချင်တာမှ မဟုတ်တာ”

“ရော … ရေမျောက်ကို လက်နဲ့ဖမ်းလို့မရ၊ ကဏန်းနီနဲ့ ထောင်ဖမ်းမှ ရဖို့ဝေး”

ကိုရွှေထွန်းက အနောက်လေသံ (ရခိုင်သံ)နှင့် ပြော၏။ သူ့စကားကြောင့် ရေမျောက်ဆိုသည့် သတ္တဝါကို ကျွန်တော် ပိုမိုစိတ်ဝင်စားသွားတော့၏။

အံ့ဩသံ “ရော” ဟု ဆိုရာ၌ ရကောက်သံ လျှာလိပ်ပြီး အသံထွက်၏။ “မရ”ဆိုရာတွင်လည်း “မယ”ဟု အသံမထွက်၊ ရကောက်သံ လျှာလိပ်ပြီးမှ “မရ”ဟု အသံထွက်၏။ ဒါကိုပင် အနောက်လေသံ(ရခိုင်သံ)ဟု ပုသိမ်သားတွေက ပြောကြ၏။

ကိုရွှေထွန်းက ရှေ့ကနေ ခပ်သုတ်သုတ်သွား၏။ ကြည့်လိုက်တော့ ကဏန်းနီအုပ်ကြီး သဲသောင်ပြင်ပေါ်မှာ မရှိတော့။ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ပြီ။

ဒါပေမဲ့ နှစ်ကောင်ကတော့ ရှိနေပါ၏။ ကိုရွှေထွန်း တုတ်ပစ်ချက်ကြောင့် တစ်ကောင်ကတော့ အသက်ထွက်သွားဟန် ငြိမ်သက်နေ၏။ တစ်ကောင်ကတော့ ပက်လက်လန်ကာ ယက်ကန်ယက်ကန်ဖြစ်နေ၏။

နှစ်ကောင်စလုံးကို ကောက်ယူပြီး ကိုရွှေထွန်းက သူ့ခါးပိုက်ထောင်ထဲသို့ ထည့်၏။ ခြေချောင်းတွေကိုချိုးပြီး အဖျားပိုင်းအဆစ်ကလေးတွေကို ဖြုတ်ပြီး လွှင့်ပစ်၏။ ခြေချောင်းအလယ်ပိုင်း အခေါင်းပေါက်ထဲသို့ ကြိမ်နန်းကြိုး မျှင်မျှင်လေးကို ထိုးသွင်းကာ အစရှည်ရှည်ဆွဲထုတ်ပြီး အလယ်တည့်တည့် နေရာရောက်သွားတော့ ကြိမ်ကြိုးလေးကို ခေါက်ချိုးထားလိုက်၏။

“ရပြီလေ … ဘယ်လိုပဲလုပ်လုပ် ကဏန်းနီခြေချောင်းရိုးက ပြုတ်မထွက်နိုင်တော့ဘူး။ ဒါနဲ့ ရေမျောက်ကို ဖမ်းဖို့ဝေး”

“ဒါလေးနဲ့ ဘယ်မှာ သွားဖမ်းမှာလဲ၊ ပင်လယ်ထဲမှာလား”

“ဟိုရှေ့မှာ မြင်နေရတဲ့ ဘူးကွဲကျွန်းမှာ သွားဖမ်းမှာ”

ကိုရွှေထွန်းက တောင်ဘက် တစ်မိုင်ခန့်ဝေးနေသေးသည့် ဘူးကွဲကျွန်းကလေးကို လက်ညှိုးထိုးပြီးပြ၏။ ဘူးကွဲကျွန်းပေါ်မှာ သစ်ပင်တွေပေါက်နေသောကြောင့် ထိုသစ်ပင်၊ သစ်တောတွေထဲမှာ ရေမျောက်တွေ နေကြသည်ဟု ကျွန်တော် တွေးထင်မိ၏။

ထိုကျွန်းကလေးမှာ ဘူးကွဲရွာထိပ်၊ ဘူးကွဲချောင်းဝမှာ တည်ရှိနေသဖြင့် ‘ဘူးကွဲကျွန်း’ဟု ခေါ်ကြ၏။ ချောင်းသာရွာနားက ဖိုးကုလားကျွန်းလို၊ သဲဖြူကျွန်းလို နွေ၊ မိုး၊ ဆောင်း ရာသီမရွေး ရေတက်ရေကျ ရေပတ်လည်ဝိုင်းနေသည့် ကျွန်းမျိုးမဟုတ်။

ဘူးကွဲကျွန်းက ရေပြည့်ချိန်မှာသာ ရေပတ်လည်ဝိုင်းနေပြီး ရေကျရေစစ်ချိန်တွေမှာတော့ ကမ်းခြေသောင်တန်းနှင့် တစ်ဆက်တည်းလမ်းအဖြစ် သောင်တန်းကြီး ပေါ် နေသောကြောင့် ကျွန်းပေါ်သို့ ခြေကျင်ပင် လျှောက်သွားလို့ရ၏။

ရေမပြည့်ခင်၊ သဲသောင်တန်းကြီး ရေမမြုပ်ခင် ကမ်းခြေသို့ ပြန်လာမှဖြစ်မည်။ မဟုတ်ပါက ရေကူးသန်သန်နှင့် ကူးနိုင်မှ ကမ်းခြေသို့ ပြန်ရောက်နိုင် မည်။ မဟုတ်လို့ကတော့ သောင်လမ်းပေါ်လာသည်အထိ ကျွန်းပေါ်ကနေ ထိုင်ပြီး ရေအကျကို စောင့်ပေတော့။

ယခုခေတ် ကမ်းခြေအပန်းဖြေစခန်းတွေ ပေါ်ထွန်းလာကာ ဘူးကွဲကျွန်းက ငွေဆောင်ကမ်းခြေထဲမှာ အပါအဝင် ဖြစ်နေလေတော့ ဘူးကွဲကျွန်း ဆိုသည့်အမည် ပျောက်ကွယ်သွားပြီး ‘ချစ်သူများကျွန်း’ဟု အမည်တွင်လေတော့၏။

“ကနုကမာ ကြွေယောက်သွားနဲ့ ရေမျောက်များတို့ ပေါက်ဖွားရာ” ဆိုသည့် တေးသွားက ကျွန်တော့် ရင်ထဲမှာ အမှတ်ထင်ထင် ရှိနေပါ၏။ ‘ရွှေဝါချိုင်’ဆိုသည့် တေးသီချင်းကို စန္ဒရားလှထွဋ်ရေးပြီး အဆိုတော်တစ်ဦးက သီဆိုထားသည်ဟု ထင်၏။

ငွေဆောင်ကမ်းခြေမှာ ရေမျောက် ဖမ်းလို့ရသလားဟု မေးမိတော့ “ရတာပေါ့”ဟု ကိုရွှေထွန်းက ဖြေ၏။

ရေမျောက်ဆိုသည့် သတ္တဝါမှာ မျောက်တံငါလို မျောက်မျိုးဟု ကျွန်တော် ထင်ခဲ့၏။ ချောင်းရိုးမြောင်းရိုး မြစ်လက်တက် ပင်လယ်ချောင်းဝတွေမှာနေပြီး ကဏန်း၊ ဖား၊ ငါး စတာတွေကို ရှာဖွေဖမ်းဆီးပြီး စားသောက်တတ်သည့် မျောက်တံငါလို မျောက်မျိုး ဟု ကျွန်တော်ထင်နေ၏။

သစ်ပင်ပေါ် မှာနေ၊ သစ်ပင်ပေါ်မှာအိပ်ပြီး အစာ ဆာလောင်လာတော့မှ မြေပြင်ပေါ်သို့ ဆင်းကာ အစာရှာစားလေ့ရှိသည့် မျောက်မျိုးဖြစ်လိမ့်မည်ဟု ထင်ထား၏။

ခြေလှမ်းကျဲကျဲနှင့်ပင် ကိုရွှေထွန်း နောက်ကနေ ကျွန်တော် လိုက်ရ၏။ သည်တော့ ကျွန်တော့်မျက်စိက ကိုရွှေထွန်း၏ ကျောပြောင်ပြောင်ဆီသို့ ရောက်သွား၏။ သူ့ကိုယ်လုံးမှာ အင်္ကျီမရှိ၊ ပုဆိုးခါးကြားမှာ သံစူးချွန်တစ်ချောင်းကိုသာ ထိုးထည့်ထား၏။ ညာလက်မှာ ကြိမ်နန်းကြိုးတစ်ချောင်းနှင့် ဘယ်ဘက်လက်ကတော့ ကဏန်းနီခြေချောင်းရိုး ထိုးထည့်ထားသည့် ကြိမ်နန်းကြိုးခေါက်ချိုးတစ်ခုသာ ကိုင်ထား၏။

ထိုကိရိယာတန်ဆာပလာလောက်နှင့် ရေမျောက်ကိုရအောင် မည်သို့ဖမ်းယူမည်နည်း။ ကျွန်တော် သိချင်နေပါ၏။ သိချင်နေပေမယ့် ကိုရွှေထွန်းကို ကျွန်တော်မမေးဖြစ်။

ပင်လယ်ပြာပြာကြီး၏ အလှအပကိုသာ ငေးကြည့်နေမိပါ၏။ ချစ်ချစ်တောက် ပူပြင်းလှသည့် နေရောင်အောက်မှာ ပင်လယ်ကြီးကတော့ ဣန္ဒြေကြီးလှ၏။ ရေကျရေစစ်ချိန်မို့လားတော့ မသိ။ လှိုင်းလုံးတွေက မကြီးလှ။ အမောက်ထောင် ဒေါမာန် ထနေသည့် လှိုင်းလုံးကြီးများ ထကြွမနေ။ လှိုင်းကျဲလေးတွေသာ သဲသောင်စပ်ကို တဖျပ်ဖျပ် တဝုန်းဝုန်းနှင့် မှန်မှန်လာရောက်ရိုက်ခတ်နေပါ၏။

“ကျွန်းပေါ်ကိုရောက်ရင် စကားတိုးတိုးပြော”

ကိုရွှေထွန်းက ကြိုတင်ကာ ကျွန်တော့်ကို သတိပေးလိုက်တော့ ကျွန်တော် ခေါင်းညိတ်ပြမိ၏။

ပင်လယ်ရေ သုံးချိုးနှစ်ချိုး ကျဆင်းနေသောကြောင့် ဘူးကွဲကျွန်းသို့သွားသည့် သဲသောင်လမ်းလည်း ထင်းထင်းကြီးပင် လှမ်းပြီး တွေ့မြင်နေရပါ၏။

ကျွန်တော်နှင့် ကိုရွှေထွန်း သဲသောင်လမ်းအတိုင်း ဘူးကွဲကျွန်းဆီသို့ ဦးတည်ကာ ဆက်ပြီးလျှောက် ကြ၏။ ဘူးကွဲကျွန်းနှင့် နီးကပ်လာတော့ ကျွန်တော်က ကျွန်းပေါ်သို့ လှမ်းမျှော်ကာ ကြည့်သည်။ ကျွန်းပေါ်ရှိ သစ်ပင်တွေကြားထဲမှာ ရေမျောက်တွေ ပြေးလွှားဆော့ကစား ခုန်ပေါက်နေသည် အထင်နှင့် ကြည့်ခြင်းဖြစ်၏။

ကိုရွှေထွန်းကတော့ ကျွန်တော်နှင့် ဆန့်ကျင်ဘက်။ ကျွန်းပေါ်ကို တစ်ချက်ကလေးပင် မော်၍မကြည့်။ ကျွန်းဘေးပတ်လည်မှာ ထိုးထိုးထောင်ထောင်နှင့် အငေါသားပေါ်ထွက်နေသည့် ကျောက်တုံးကျောက်ဆောင်တွေကြားထဲသို့သာ ငုံ့ကြည့်နေပါ၏။ ကျွန်းပေါ်သို့လည်းမတက်။ ကျွန်းဘေး ရေစပ်စပ်ရှိနေသည့် ကျောက်တုံးတွေကြားထဲသို့သာ ခက်ခက်ခဲခဲ လျှောက်သွားနေသောကြောင့် စိတ်မရှည်သည့် လေသံနှင့် ကျွန်တော် တိုးတိုးမေး၏။

“ရေမျောက်ဆိုတဲ့အကောင် ခုထက်ထက်ထိ မတွေ့သေးပါလားဗျ”

“ရေမျောက်က ရေထဲ ကျောက်တုံးအောက်မှာ နေတာလေ ဆရာရဲ့”

ရေမျောက်ဆိုတာ သစ်ပင်တွေပေါ်မှာမနေဘဲ ရေထဲက ကျောက်တုံးတွေအောက်မှာ နေတယ်ဆိုပါလား။ တကယ့်ကို အံ့ဩစရာ။

ကိုရွှေထွန်းက ကျွန်တော့်ကို တိတ်တိတ်နေဖို့ သတိပေးပြီး ဆောင့်ကြောင့်ထိုင်ကာ ကျောက်တုံးတစ်တုံး၏ အောက်ခြေရင်းကို စိတ်ဝင်တစား ငုံ့ကာကြည့်၏။ ကျွန်တော်လည်း ရောယောင်ကာကြည့်သည်။ ဘာတစ်ခုမှ ထူးထူးထွေထွေ မတွေ့ရ။

“ဒီတွင်းထဲမှာ ရေမျောက်ရှိတယ်ဗျ”

“ရေမျောက်က တွင်းထဲမှာနေတယ် … ဟုတ်လား”

ကျွန်တော် အံ့ဩသွား၏။ ရေမျောက်ဆိုတာ ကုန်းပေါ်က သစ်ပင်ထက်မှာ မနေဘဲ ရေအောက် ကျောက်ကြားတွင်းထဲမှာ နေတယ်ဆိုပါလား။

သူပြသည့်နေရာကို ကြည့်လိုက်တော့ တွင်းလည်းမဟုတ်၊ ကြည်လင်နေသည့် ရေအောက်ကျောက်တုံးဘေးကနေ သဲပွက်ထနေ၏။ ရေအောက်ကနေ သဲမှုန်လေးတွေကို မှုတ်ထုတ်ပေးနေသလို ဖြစ်နေ၏။ ရေပွက်ထနေသည့် ဘေးပတ်လည်တစ်ဝိုက်မှာတော့ ငါးအရိုးများ၊ ကဏန်းအခွံများ၊ ကဏန်းလက်ရိုး ခြေရိုးများနှင့် သဲမှုန်လေးတွေ မို့တက်နေသည်ကိုသာ တွေ့ရ၏။

“အဲဒါ အောက်ကနေ ရေမျောက် မှုတ်ထုတ်နေတာ၊ တွင်းထဲမှာ အကောင်ရှိနေတယ်”

ကိုရွှေထွန်းက လေသံတိုးတိုးလေးနှင့် ပြော၏။ ပြီး တော့ ရေမျောက်ဖမ်းဖို့ပြင်ဆင်၏။ လက်ထဲမှာ ကိုင်ထားသည့် ကဏန်းနီ ခြေချောင်းရိုး ထိုးထည့်ထားသော ခေါက်ချိုး ကြိမ်နန်းကြိုးလေးကို ရေပွက်ထနေသည့် တွင်းထဲသို့ သာသာလေး တဖြည်းဖြည်းချင်း ထိုးထည့်နေ၏။

တစ်ဖက်လက်မှာ ကိုင်ထားသည့် သံစူးချွန်ကိုလည်း ထိုးဖို့ အသင့်ချိန်ရွယ်ထား၏။ စက္ကန့်နှစ်ဆယ်ခန့် ကြာသွားတော့ အောက်က ရေပွက်ထနေတာလည်း ငြိမ်သက်သွား၏။

မကြာလိုက်ပါ။ ညိုမွဲမွဲ ပျော့ပျော့ပျောင်းပျောင်းဟု ထင်ရသော အချောင်းတစ်ချောင်းက ကြိမ်နန်းကြိုး လေးကို လာပြီး ရစ်ပတ်လေ၏။ ထို ကြိမ်နန်းကြိုးလေးကို ကိုရွှေထွန်းက မသိမသာ ဖြည်းဖြည်းချင်းပြန်ဆွဲထုတ်၏။ တဖြည်းဖြည်းချင်း ဆွဲလိုက်မှ ကြိပ်နန်းကြိုးလေးမှာ ရစ်ပတ်တွယ်ကပ်နေသည်က တစ်ချောင်းတည်းမဟုတ်။ နှစ်ချောင်း၊ သုံးချောင်း ဖြစ်နေတာကို တွေ့ရတော့၏။

“စွပ်”

ကိုရွှေထွန်းက သံစူးချွန်နှင့် လျင်မြန်စွာ ဆောင့်ထိုးလိုက်၏။ ပြီးတော့ ကဏန်းနီခြေချောင်းရိုးအစာ တပ်ထားသည့် ကြိမ်နန်းကြိုးနှင့် သံစူးချွန်ပါ ဆွဲဖော်ကာ လေမှာမြှောက်ပြီး ကျွန်တော့်ကိုပြ၏။

“အဲဒါ ဆရာတွေ့ချင် မြင်ချင်နေ တဲ့ ရေမျောက်”

“ဒါ ရေမျောက် … ဟုတ်လား”

ကျွန်တော် အံ့သြနေ၏။

သံစူးချွန် ထုတ်ချင်းခပ် ဖောက်ဝင်နေသည့် နေရာကနေ ကြိမ်နန်းကြိုး နှီးပင်တစ်ချောင်းကို ထိုးသွင်း၏။ တစ်ဖက်က ထွက်လာသည့် အစလေးကို ရှည်ရှည်ဆွဲထုတ်ပြီး ခိုင်ခိုင်ချည်ကာ ကျွန်တော့်ကို လှမ်းပေးရင်း သံစူးချွန်ကို ဆွဲထုတ်၏။

ကြိမ်နန်းကြိုးကို လှမ်းယူပြီး ရေမျောက်ဆိုသည့် သတ္တဝါကို ကျွန်တော် သေသေချာချာကြည့်၏။

လက်ဖက်ရည်ကြမ်းပန်းကန်လုံးလောက်ရှိမည့် ပျော့စိစိ မို့မို့ခုံးခုံးလေး၏ ပတ်လည်မှာ အရင်းတုတ်တုတ် အဖျားသွယ်သွယ် ရှည်ရှည်အချောင်းတွေက တွဲလောင်းကျပြီး အောက်ပိုင်းရှူးကာ ပူးကပ်နေသောကြောင့် မည်သည့်ပုံပန်းသဏ္ဌာန်နှင့် နှိုင်းယှဉ် ပြရမှန်း မသိလောက်အောင်ပင် ဖြစ်နေပါ၏။

“ခင်ဗျားရဲ့ ရေမျောက်ဆိုတာကလည်း အရိအရွဲတွေပါလားဗျ”

ကျွန်တော် တအံ့တဩ သူ့ကို ပြန်မေးမိ၏။

“သူ့ပုံသဏ္ဌာန်အမှန်ကို သိရအောင် ရေထဲချကြည့်လိုက်”

ရှေ့မှာရှိနေသည့် ရေအိုင်ထဲသို့ ချကြည့်လိုက်တော့မှ အရိအရွဲဟု ထင်ရသည့် အရာတွေက တစ်ခုချင်း အသက်ဝင်လာပြီး လက်ရှစ်ချောင်း ဖြစ်နေပါ၏။ လန်းလန်းလန်းလန်းနှင့် အသက်ဝင်လာ၏။ တွေ့ထိမိရာကို လက်ချောင်းတွေက ဖမ်းကိုင်နေကြ၏။ လှမ်းဆွဲယူနေကြ၏။

ရေမျောက်၏ ပုံသဏ္ဌာန်အမှန်ကို တွေ့မြင်ရလေတော့မှ ကျွန်တော် သဘောပေါက်သွား၏။ အနောက်သားတံငါတွေ သူတို့ ခေါ်ပြောနေကြသည့် `ရေမျောက်’ဆိုသော သတ္တဝါမှာ လေးမည်ရ သတ္တဝါတစ်ကောင်ဖြစ်နေမှန်း သိရလေတော့၏။

ထိုရေမျောက်ဆိုသည့် သတ္တဝါကား အများအခေါ် ‘ဘဝဲ’ သို့မဟုတ် ‘ရေသရဲ’၊ ကမ္ဘာ့အခေါ် ‘အော့တို ပတ်စ်’ (Octopus)ဆိုသည့် ရေသတ္တဝါပင် ဖြစ်နေပါ၏။

xxx xxx xxx

ကျွန်တော့်အသက် ၁၅ နှစ်လောက်က နိုင်ငံခြားရုပ်ရှင်ဇာတ်ကားတစ်ကား ကြည့်ဖူးသည်။ ထိုဇာတ်ကားမှာ ပင်လယ်ထဲ ငါးဖမ်းနေသည့် သင်္ဘောပေါ်သို့ ရေမျောက်ကြီးတစ်ကောင် ဖက်တွယ်တက်လာပြီး သင်္ဘောပေါ်ရှိ တံငါတွေကို လူ၏ ပေါင်ရင်းလောက် ကြီးမားသည့် သူ့လက်ကြီးတွေနှင့် ဖမ်းယူကာ သူ့ပါးစပ်ထဲသို့ ထည့်၏။ သင်္ဘောပေါ် ရှိ တံငါတွေကလည်း ရဲတင်းတွေ၊ ဓားတွေ ယူလာပြီး ရေမျောက်ကြီး၏ လက်ချောင်းတွေကို ခုတ်ဖြတ်ကြသည့် သည်းထိတ်ရင်ဖို ရုပ်ရှင်ဇာတ်ကား တစ်ကားပင်ဖြစ်၏။

ရေမျောက်ဆိုသည့် သတ္တဝါ၏ ထူးခြားချက်မှာ ခေါင်းနှင့်ကိုယ်ဟူ၍ သီးခြားစီမရှိဘဲ တွဲဆက်နေ၏။ ပန်းကန်လုံးမှောက်ထားသလိုမျိုး အပေါ်ပိုင်းခုံးခုံးက ကိုယ်ထည်ဖြစ်ပြီး ဦးခေါင်းဟုလည်း ဆိုနိုင်၏။ မျက်စိလည်း ရှိ၏။ ခုံးခုံးမို့မို့၏ အောက်ပိုင်းမှာ ပါးစပ်ပေါက်ရှိ၏။ ထိုခုံးခုံးမို့မို့၏ ပတ်လည်မှာ လက်ရှစ်ချောင်း ပေါက်နေ၏။

ထိုလက်ချောင်းများက အရင်းပိုင်း တုတ်ခိုင်ကာ တဖြည်းဖြည်း သေးသွယ်ရှည်လျားပြီး ပျော့ပျောင်းနေ၏။ လက်ချောင်းတို့၏ အတွင်းပိုင်း၌ လေစုပ်ခွက်တွေ တန်းစီပြီး ရှိနေ၏။ သူ၏လက်ချောင်းများနှင့် ရစ်ပတ်ဖမ်းဆီးပြီး လေစုပ်ခွက်များနှင့် ထိကပ် ညှစ်ထားမည်ဆိုပါက သူ့ထက် နှစ်ဆ သုံးဆ ကြီးမားသည့် သတ္တဝါပင် လွတ်မြောက်အောင် မရုန်းနိုင်တော့ဘဲ သူ့အစာ ဖြစ်သွား၏။

ရေထဲမှာ လျင်လျင်မြန်မြန် သွားလာကူးခပ်နေကြသည့် ငါးတွေကို သူ့လက်ချောင်းများနှင့် ဖမ်းယူစားသောက်နိုင်သည့် စွမ်းအားမှာ အံ့ဘနန်းပင် ဖြစ်၏။ သို့ကြောင့် သူ၏ တွင်းဝနှုတ်ခမ်းပတ်လည်၌ ငါးအရိုးများ၊ ကဏန်းအခွံများ၊ ခရုအဆန်ကျွတ်များကို တွေ့ရ၏။

ရေမျောက်များသည် သူ၏ သားကောင်များကို သွားနှင့် ဝါးစားခြင်းမဟုတ်။ အသားများကို လေနှင့်စုပ်ယူစားသောက်ပြီး အရိုးများ၊ အခွံများကို ပြန်လည်ထွေးထုတ်ပစ်လေ့ရှိသည်။

တစ်ဆယ့်ငါးကျပ်သားလောက်ရှိသည့် ရေမျောက်တစ်ကောင်မှာ လေးဆယ့်ငါးကျပ်သား၊ ငါးဆယ်သားခန့်ရှိသည့် ကျောက်တုံးတစ်တုံးကို ရေပေါ် သို့အရောက် ဆွဲယူနိုင်စွမ်းရှိ၏။

ကမ္ဘာ့သမုဒ္ဒရာပင်လယ်တို့၏ ကြမ်းပြင်အောက်၌ ရေမျောက်တွေ အများအပြား အရွယ်အစား အကြီး၊ အသေး အမျိုးမျိုးရှိနေကြ၏။ ရေမျောက်တို့သည် သွားလာလှုပ်ရှားနေတတ်ကြသော်လည်း ငါးတွေလို ဒလနန့်ခတ် ယောက်ယက်ဆန်အောင် လှုပ်ရှား၍ မနေ။ တစ်နေရာရာမှာ အချိန်ကြာကြာ နေလေ့မရှိ။

တွင်းခေါင်း၊ ကလိုင်အခေါင်းပေါက် စသည်တို့၌ အိမ်လုပ်ပြီး နေကြ၏။ တစ်ခါတစ်ရံ အုန်းမှုတ် ခွက်လို ပစ္စည်းမျိုးကို သယ်ယူသွားပြီး ထိုအထဲမှာပင် ဝင်ပြီး နေတတ်ကြသည်။

ရေမျောက်တို့၏ ထူးခြားသော စွမ်းရည်များကို ကိုရွှေထွန်းက ကျွန်တော့်အား စိတ်ရှည်လက်ရှည် ပြောပြရင်း နောက်ထပ် ရေမျောက်တစ်ကောင် ဖမ်းဆီးနိုင်ဖို့ ပြင်ဆင်နေ၏။

“ဒီတွင်းထဲမှာ ရေမျောက် မရှိတော့ဘူးဗျ”

“ရေမျောက်မရှိမှန်း ခင်ဗျား ဘယ်လိုသိလဲဆိုတာ ပြောပါအုံး”

“ဆရာ သေသေချာချာကြည့်လေဗျာ။ တွင်းထဲကနေ ရေတွေ မှုတ်မထုတ်တော့ဘူး။ ပြီးတော့ တွင်းဝမှာ အရိုးတွေ၊ အခွံတွေလည်း ပုံထပ်မနေဘူး”

ဟုတ်ပါ၏။

တွင်းဝရှိ ရေတွေက ငြိမ်သက်နေ၏။ အရိုးတွေ၊ အခွံတွေကလည်း အသစ်မဟုတ်၊ အဟောင်းတွေသာ ဖြစ်၏။ ပုံထပ်မနေဘဲ အနည်းအကျဉ်းသာ ရှိနေပါ၏။

“အဲဒီတွင်းထဲက ရေမျောက် ဘယ်ရောက်သွားသလဲ ကိုရွှေထွန်း”

“ကျုပ်လို ဖမ်းတဲ့လူရဲ့ လက်ထဲ ပါသွားလို့လားမှ မသိ။ ဒါမှမဟုတ် တွင်းဟောင်းကို စွန့်ထားခဲ့ပြီး တွင်းသစ်ဖောက်သွားတာမျိုးလည်း ဖြစ်ဖို့ဝေး”

ရေမျောက်တို့၏ ထူးခြားချက်မှာ ပထမတစ်ကောင် မိထားသည့် ကဏန်းနီခြေထောက်ရိုးအစာနှင့် ထပ် ဖမ်းလို့မရ။ ကဏန်းနီခြေထောက်ရိုး အသစ်တစ်ခုကို လဲလှယ်ပြီး အစာအဖြစ် ထပ်မံပြီးတပ်ရ၏။ အညှီနံ့ပြင်းပြင်းကို ရေမျောက်တို့ ပိုပြီး နှစ်သက်ဟန်ရှိ၏။

သံစူးချွန်နှင့် ထိုးသည့်အခါ ခေါင်းနှင့် ကိုယ်လုံးကို ထိုးမိမှ ရ၏။ လက်ချောင်းတွေကို ထိုးမိက မရနိုင်။ သံစူးချွန်နှင့် လက်ကို ထိုးမိပါက သူ့နည်းသူ့ဟန်နှင့် လက်ဖြုတ်ပစ်ခဲ့သည်ဟု ဆို၏။ ထိုသို့ ဖြုတ်ပစ်ပြတ်ထွက်သွားသည့် လက်ကလည်း ရက်ပိုင်းအတောအတွင်းမှာပင် နဂိုပကတိအတိုင်း အလျင်အမြန် ပြန်လည်ရှည်ထွက်လာသည်ဟု ဆိုပါ​၏။

ရခိုင်ကမ်းမြောင်ဒေသမှာတော့ ရေမျောက်ကောင်ဆိုတာ ကြီးကြီးမားမားမရှိ။ အလွန်ဆုံးကြီးပါမှ နှစ် ဆယ်သား အစိတ်သားထက် ပိုမကြီး။

ရေမျောက်ဆိုသည့် သတ္တဝါမှာ အရသာရှိပြီး ဈေးကွက်ဝင်သည့် ငါးမျိုးလည်းမဟုတ်။ အရသာကလည်း ထူးထူးခြားခြားမကောင်းဘဲ ပျဉ်းတွဲတွဲ မာကျောကျောမို့ လူတိုင်းမကြိုက်။ ထူးခြားသည်မှာ ရေမျောက်သည် အရိုးမဲ့သတ္တဝါဖြစ်၏။

အညှီနံ့ပြင်းထန်သောကြောင့် လူတိုင်းမကြိုက်ပေမယ့် ငါးတိုင်းကတော့ ကြိုက်၏။ တခြားအစာနှင့် ယှဉ်မျှားပါက ရေမျောက်အစာ ငါးမျှားကိုသာ ငါးကြီးငါးကောင်းတွေက လာပြီးဟပ်ကြ၏။ သားရေပင်လို ပျဉ်းတွဲနေသောကြောင့် ငါးစာလည်း အကုန်သက်သာ၏။ ငါးမျှားရာ၌လည်း ငါးအစာကို ငါးမျှားမှာ ခဏခဏ ထပ်ထပ်ပြီး တပ်နေစရာမလို။

ညဘက် ပင်လယ်ထဲထွက်ပြီး ရေမျောက်အစာနှင့် ငါးကြီးငါးကောင်းတွေကို မျှားပြီး ငါးခြောက်ခွဲကြ၏။ ဆားပေါ့ငါးကြီးငါးခြောက်မှာ ဈေးအမြင့်ဆုံး ရ၏။

ကိုရွှေထွန်းက ရေမျောက်ဖမ်း ကျွမ်းကျင်သူမို့ ငါးကြီးငါးကောင်း မျှားလိုသူများအတွက် ငါးစာအဖြစ် ဈေးကောင်းကောင်းနှင့် ရေမျောက်တွေကို ဖမ်းပြီး ရောင်းချပေးသလို သူကိုယ်တိုင်လည်း ညဘက် ပင်လယ်ထဲထွက်ပြီး ရေမျောက်အစာနှင့် ငါးမျှားကာ ဘဝကို ရပ်တည်နေသူဖြစ်၏။

ထိုနေ့က ရေမျောက် အကြီးအသေး ခြောက်ကောင်ရ၏။

အားလုံးကို ချိန်တွယ်ပြီး ကြည့်လိုက်ရာ လေးဆယ်သားတိတိ အချိန်စီး၏။ တစ်ဆယ်သားကို ၈ ကျပ်ဈေးရှိသည်ဆိုတော့ ၃၂ ကျပ်ရမည်။ ထိုခေတ် ထိုအချိန်က ပင်လယ်ငါးသလောက်တစ်ပိဿာမှ ငွေ ၄ ကျပ်သာ ပေးရ၏။

လူတစ်ယောက် လုပ်အားခကလည်း တစ်နေ့ ၅ ကျပ်၊ နေ့တစ်ဝက်လောက်နဲ့ ရေမျောက်ဖိုး ငွေ ၃၂ ကျပ် ရသွားသည်ဆိုတော့ ကိုရွှေထွန်းတစ်ယောက် အကြီးအကျယ် တွက်ခြေကိုက်သွားလေတော့သည်။

ကျွန်တော်လည်း ကိုရွှေထွန်းနည်းတူ တွက်ခြေကိုက်ခဲ့ပါ၏။

ရေမျောက်ဆိုသည့် သတ္တဝါကို ကုန်းပေါ်မှ မျောက်သတ္တဝါလိုလို ထင်မှတ်မှားနေကြသည့် ကျွန်တော့်လို လူမျိုးများအတွက် ရေးပြစရာ သုတ အဖြာဖြာ ကုန်ကြမ်းများလည်း ရရှိခဲ့ပါ၏။

ထိုတစ်နေ့တာအဖို့ ကျွန်တော့်အတွက်လည်း များစွာပင် တွက်ခြေကိုက် အမြတ်ထွက်ခဲ့ပါလေ၏။ ။

– ပြီး –

စာရေးသူ – ပုသိမ်ရန်နောင်စိုး

Leave a Reply

Your email address will not be published. Required fields are marked *