သန်းမြင့်သန်း(ကွမ်းခြံကုန်း)
ရေလိုက် ငါးလိုက် မနှစ်ခြိုက်နိုင်သောအခါ
“ငါးစင်းပြားပိုက်တွေ ကိုကျားမောင်ဒိုင်မှာ ပေးနေတယ်ဟေ့။ ထက်ဝက်စားတဲ့။ ဝါသနာပါရင် သွားကြနော်။ ငါတော့ ဦးဦးဖျားဖျား ပိုက်တစ်ဖုံယူခဲ့ပြီ”
ကိုရင်မောင်သည် ပိုက်ကလေတန်း ရွာရိုးတစ်လျှောက် အော်ကြီးဟစ်ကျယ် ပြောသွား၏။ တောအရက်ဆိုင်တွင် ဝိုင်းဖွဲ့နေကြသော ညိုမောင်၊ စိန်မောင်၊ သန်းမောင်တို့ ပိုက်သမားမောင်အုပ်စုက သူ့နောက်မှလိုက်ပြီး တစ်ယောက်တစ်ခွန်း မေးမြန်းကြ၏။
“မသေချာ မရေရာဘဲ ပြောပါ့မလား။ ဒီမှာကြည့် ပီနံအိတ်ထဲမှာ အသစ်စက်စက်ကြီး”
ကိုကျားမောင်ဟုဆိုလျှင် တိုးမြစ်အရှေ့ခြမ်းသား တံငါအများ ပါးစပ်ဖျားတွင် ရေပန်းစားလှ၏။ မသိသူရှား၏။ ငါးဒိုင်အလုပ်ဖြင့် ကြီးပွားနေသူဖြစ်ရာ ပိုက်သမားမှန်သမျှ ကိုကျားမောင်နှင့် ကင်းသူလည်းမရှိ။ ကိုကျားမောင်၏ တံငါရွှေခေတ်ဟု ဆိုရမလောက်ပင် ဖြစ်၏။
သင်္ဘောဆေးအနီရင့်ရင့်နှင့် “ကျားမောင်ငါးဒိုင်” ဆိုင်းဘုတ် မှာ ချောင်းသုံးခွဆိုင် ဝဲထောင့်နေရာတွင် ထီးထီးမားမားရှိနေ၏။ ဖြတ်သွားဖြတ်လာ လှေ၊ သမ္ဗန်၊ မော်တော်များ ငါးဒိုင်ရေဆင်းတံတားတွင် ဆိုက်ကပ်ရပ်နားလေတိုင်း မမြင်ချင်အဆုံးဖြစ်သည်။
ရာသီကလည်း ငါးစင်းပြားတို့ ဗုံးပေါလအောပေါများချိန်ဖြစ်၏။ ငါးစင်းပြားပေါချက်မှာ အံ့ဩစရာပင် ကောင်းလှ၏။ ခုနစ်ထည်ရှိသော ပိုက်တစ်ဖုံကုန်အောင် ပစ်စရာမလို။ လေးငါးထည် ပစ်ထားရုံနှင့် အုံလိုက် ကျင်းလိုက် ငါးတိုးတော့၏။
ပိုက်ကွက်အစေ့ ငါးအစေ့ ပိုက်တိုးလေ့ရှိရာ တစ်ကောင်ချင်း ဖြုတ်မနေနိုင်ဘဲ ပိုက်ကို လုံးထွေးကာ လှေပေါ်ဆွဲတင်ပြီး ဇယ်စက်သလို လက်မလည်အောင် ဖြုတ်ယူကြရသည်။ တံငါသည် အူစိုကြသည့်ကာလ ဖြစ်သည်။
ပြောစမှတ်ပြုစရာတစ်ခုတော့ ရှိ၏။ လေးပင်သုံးခန်းတွဲ ငါးဒိုင်တဲကြီး၏ရှေ့ အဖီထုပ်တန်းတွင် တွဲလောင်းချိတ်ဆွဲထားသော ရာဇူကုလားမောင်းချိန်ခွင်ကြီးကိုမူကား မျက်စောင်းခဲသူ များလှ၏။ ပိုက်လှေသမားတို့ ငါးရောင်းလာတိုင်း မကြားတကြားပြောသွားတတ်ကြသည်။
“ရာဇူ လျှာပြူရင် ဘာဘူတောင် မခံနိုင်ဘူးတဲ့နော်”
တံငါအချို့က ပေါ်ပေါ်ထင်ထင် ပြောကြသည်များလည်းရှိ၏။ ထက်ဝက်စားပေးထားသည့် ငါးစင်းပြားပိုက်များမှ နေ့စဉ်ရရှိသည့် ငါးများကို ချိန်တွယ်သည့်အခါ ချိန်ခွင်လျှာထွက်ရုံမျှနှင့် အောက်ထစ် တစ်ဆယ်သားလောက် အသာစီးရသွား၏။ ကြာဖန်များတော့ ကုလားဘာဘူသူဌေးတောင် မွဲရသည့်အဖြစ်မျိုး။
“ကိုကျားမောင်တို့များ စီးပွားတက်ချင်တော့ တိုးလိုက်တဲ့ ငါးတွေ တောင်ပုံရာပုံပဲ။ ဥစ္စာစောင့် ထီပေါက်တဲ့ကိန်း ဆိုက်သလိုမျိုး ထင်ပါ့”
ကျားမောင်မယ်ဆေးပေါ့လိပ်ကြီးခဲရင်း ကိုကျားမောင် တစ်ယောက် တဟဲဟဲနှင့် သွားဖြဲကာ သဘောခွေ့လျက်ရှိ၏။ ပိုက်လှေများကလည်း ရေပြည့်တန်းအချိန်၌ တစ်စင်းပြီးတစ်စင်း ဒိုင်ဆိပ်သို့ရောက်လာကြ၏။ ငါးချိန်သူ၊ ရေခဲရိုက်သူ၊ ငါးစည်ထည့်သူများနှင့် ပျားပန်းခပ်နေကြသည်။ ကံလည်းကောင်း၊ အကြံလည်းကောင်း၍ တစ်ချက်တည်းနှင့် ဒီရေအလား စီးပွားတက်နေတော့သည်။
xxx xxx xxx
ပင်လယ်ဒီရေတက်ချိန်တွင် တိုးမြစ်အတွင်း ပိုက်သမားများ ပိုက်ပစ်ဆင်းကြသည်။ တိုးမြစ်ရင်ခွင်၌ ပိုက်သမားများ မှီတွယ်ခိုနားကြရ၏။ သဘာဝက အခမဲ့ပေးသော ရေပြင်တစ်လွှားတွင် အချိန်ပြည့် အသက်မွေးကျောင်း ပြုကြရရှာသည်။ ပိုက်ပစ်ထားရင်း အချင်းချင်း စကားဖောင်ဖွဲ့ကြသည်လည်းရှိ၏။
“ကျားမောင်ဆိုတဲ့ကောင်က တို့တစ်တွေနဲ့ တစ်ရွာတည်းသားပဲကွ။ အရင်တုန်းကတော့ တို့လိုပဲ ပိုက်ပစ်စားခဲ့ရတာ။ ကောင်းစားချင်တော့လည်း နေ့ချင်းညချင်းပဲ။ အရှင်မွေးတော့ နေ့ချင်းကြီးဆိုတာမျိုးနဲ့တူတယ်”
ဘကြီးရင်မောင်နှင့်အတူ ပိုက်လှေဦးစီးလိုက်ရင်း ကိုကျားမောင်အကြောင်း ပြောကြဆိုကြသံကို ကြားရ၏။ ကျွန်တော့်အဖေဘက်မှ ဆွေမျိုးတော်စပ်သူဘကြီးမှာ အရွယ်ရောက်ကတည်းက ပိုက်ပစ်စားခဲ့သူဖြစ်ရာ ယနေ့အထိ လောက်လောက်လားလား မဖြစ်သေးပေ။
လှေတစ်စင်း ပိုက်တစ်ဖုံနှင့် မြစ်အတွင်းမှာ စုန်ချည် ဆန်ချည်သာဖြစ်နေရဆဲပင်။ တစ်စုံတစ်ရာမျှ ပြောင်းလဲတိုးတက်လာသည်ဟူ၍ မရှိ။ ပိုက်ကလေတန်းရွာကလေးမှ အိမ်ဦးကြမ်းပြင်ဖြစ်သည့် တိုးမြစ်တွင်းသို့ နိစ္စဓူဝ ပိုက်ပစ်ဆင်းနေခဲ့ရသည်။
ဘကြီးခမျာ လှေထဲမှတက်ရသည်လည်း မရှိချေ။ တစ်နေကုန် တစ်နေခန်း မြစ်ထဲ၌ပင် အချိန်ကုန်နေရ၏။ ဘကြီးဘဝက ဆင်းရဲတွင်းနက်လှ၏။ ကျွန်တော်သည် ဘကြီးကို စာနာမိသည့်အလျောက် ပိုက်လှေဦးစီးလိုက်ပေးခြင်း ဖြစ်သည်။ ပိုက်ပစ်သည့်အခါ ပိုက်လှေဦးမှနေ၍ အဖော်အဖြစ် ကူညီလုပ်ရသည်သာဖြစ်၏။ အဖော်မရှိပါက ငွေပေး၍ လူငှားရသည်။ အငှားခပိုက်ဆံ မကုန်စေရန် ဘကြီးရင်မောင်ကို ကူညီခြင်းဖြစ်၏။
တစ်ခါတစ်ရံ ဘကြီး၏ ရင်တွင်းခံစားချက်ကို ကြားရတတ်သည်။
“ငါတို့များတော့ ကျားမောင်ဆီက ငါးစင်းပြားပိုက် အငှားချ လုပ်စားနေရတဲ့ဘဝကကို မတက်တော့ဘူး။ လူချင်းတူပေမယ့် အသက်ရှူပုံချင်း ကွာသေးတယ်လေ။ သူဖြစ်ထွန်းသလို ကိုယ်ကမှ မဖြစ်တာ။ သူ့ကုသိုလ်နဲ့ သူပဲဥစ္စာ”
သည်တော့လည်း ကျွန်တော်က ဘကြီးကို အားပေးစကား ပြောရပြန်၏။
“ဘကြီးကလည်းဗျာ။ လူ့ဘဝမှာ အကောင်းချည်းပဲ မရှိဘူး။ အဆိုးချည်းပဲလည်း မဖြစ်ဘူးတဲ့။ လူတိုင်းဟာ တစ်ခါတော့ ကောင်းစားတတ်ပါတယ်။ နိမ့်ပါးတဲ့အခါ စိတ်မပျက်ရဘူး။ အောင်မြင်တော့လည်း ဘဝင်မမြင့်နဲ့တဲ့။ လောကဓံဆိုတာ နိမ့်ချည်တစ်ခါ သာချည်တစ်လှည့် ဖြစ်သတဲ့”
ဘကြီးရင်မောင်သည် ကျွန်တော့မျက်နှာကို ကွက်ခနဲ ကြည့်လိုက်၏။ မိကျောင်းမင်း ရေခင်းပြသလိုမျိုး ထင်ကောင်းထင်နေမည်။
လောကဓမ္မတာ ကံတရားသည် မျက်နှာကြီးရာ ဟင်းဖတ်ပါလေသလားမသိ။ ရှိသူများမှာ ရှိသည်ထက် ပိုရှိကြပြီး နွမ်းပါးသူများမှာ မွဲသည်ထက် ပိုမွဲနေကြသည်ကား မည်သို့သောအကြောင်းတရားကြောင့်ပါနည်း။ နားလည်နိုင်စွမ်းပင် မရှိတော့ချေ။ စဉ်းစားရ ခက်လှပေ၏။
xxx xxx xxx
ကိုကျားမောင်သည် ရန်ကုန်မြို့ရှိ ပင်မငါးဒိုင်ကြီးသို့ နေ့စဉ်သွားရ၏။ ငါးစည်ပိုင်းများ၊ ငါးသေတ္တာပုံးများကို ရွှေငွေထွန်း သင်္ဘောနှင့် တင်ပို့ရန် သွားရင်း သင်္ဘောဆလင်နှင့် ရင်းနှီးလာ၏။ သင်္ဘော ဆလင်ကလည်း ငွေရွှင်သော ကိုကျားမောင်ကို ဦးစားပေး ဆက်ဆံလာသည်။ သင်္ဘောဆလင်ခန်းတွင် နေရာပေးသည့်အဆင့်သို့ ရောက်၏။
နေ့စဉ်သွားလာရင်းနှင့် ဖန်ခါးရေနွေးကြမ်းကြိုက်တတ်သူ ကိုကျားမောင်သည် ဆလင်နှင့် ရင်းနှီးလာသည်။
“ဆရာကျား စားကောင်းသောက်ကောင်းလေး တစ်ခွက်လောက်”
ဟု လည်းကောင်း…
“တစ်နေကုန် သင်္ဘောစီးရတာ ပျင်းပါတယ်။ အပျင်းပြေ ဖဲကက်လေးဆွဲရအောင်လား”
ဟူ၍ လည်းကောင်း၊ အပျော်သဘောမှ အစရှိ အနောင်နောင် ဖြစ်လာ၏။ တစ်ခွက်တစ်ဖလားမှ အရက်သမားလုံးလုံးဖြစ်ပြီး ကက်ဆွဲရာမှ ဖဲသမား အရင့်မာကြီးဖြစ်သွားတော့၏။
အရက်ဖိုးနှင့် ဖဲရှုံးသမျှ ငါးကုန်ဖိုးငွေများ ယူသုံးရသည်အထိ ဖြစ်၏။
“လှေမျောရင် လှေနဲ့လိုက်၊ ငွေမျောရင် ငွေနဲ့လိုက်စမ်းပါဗျာ။ ကြွေတစ်လက် ကြက်တစ်ခုန်ပဲဟာ”
သင်္ဘောသားများက ဝိုင်း၍ ဘေးတီးပေးကြ၏။ ရန်ကုန် ဒိုင်မကြီးမှ ကြိုတင်ငွေကို ထုတ်ယူသုံးစွဲနေရ၏။ ငွေကုန်၊ လူပန်း၊ စိတ်ပန်းဖြစ်ကာ လုပ်ငန်းလည်ပတ်မှု နှေးကွေးလာသည်။ စိတ်ညစ်ရာမှ သောက်သောက်စားစား လူ့ငနွား ဖြစ်လာသည်။
တစ်စစနှင့် လူလုံးမလှ ဖြစ်လာသည်။ ငါးဖိုးငွေကို အလျဉ်မီအောင် ရှင်းမပေးနိုင်တော့သဖြင့် ပိုက်သမားများ ငါးလာမရောင်းတော့ဘဲ အခြားဒိုင်များသို့ ဖြန့်ခွဲရောင်းချရာမှ ဝင်ငွေရပေါက်ရလမ်းလည်း မမှန်တော့ချေ။
ရန်ကုန်ဒိုင်မကြီးမှလည်း ငါးအတက်နည်းလာသဖြင့် ကြိုတင်ယူငွေများကို ခုနှိမ်လာရာ လုပ်ငန်းတစ်ခုလုံး ရေစုန်မျောသည့်အခြေ ဆိုက်ရောက်ခဲ့၏။ တစ်စတစ်စနှင့် ဘဝပျက်လာတော့သည်။
xxx xxx xxx
“အဲဒီအချိန်ကစပြီး ပိုက်သမားတွေက စောင်းချိတ်ပြောလေ့ ရှိကြတယ်။ ကိုကျားမောင် ငါးရိုးစူးသွားပြီတဲ့လေ။ အဲဒါပဲ ဖိုးသားရယ်။ မင်းပြောသလို အခွင့်အရေးကောင်းခိုက်မှာ မမိုက်မမှားအောင်နေမှ ဘဝလှကြတာကလား။ အခါသင့် အခွင့်သာပေမယ့် အသုံးမချတတ်တော့ မွဲချင်တဲ့ခွေး ပြာပုံတိုးဖြစ်ပါရောလား”
ဘကြီး၏ သင်ခန်းစာပေးသော စကားအရာကို အလေးအနက်ထားကာ ကျွန်တော်နားစိုက်နေမိသည်။
“ငါးစင်းပြားဆိုတဲ့ငါးက ကိုယ်လုံးခပ်ပြားပြားနဲ့ အကြေးခွံများ တစ်ကောင်လုံး ငွေရောင်လက်နေတာပဲ။ အသားက နူးညံ့ပြီး အလွန်ချိုတယ်။ ငါးစင်းပြားနဲ့ မုန့်ဟင်းခါး ဟင်းရည်ချက်စားရင် ဆွေမျိုးမေ့လောက်အောင် ကောင်းတယ်။ ပထမတန်းစားပေါ့။ ငါးဥက အရမ်းဆိမ့်တဲ့အရသာရှိတယ်။ များများစားရင်တော့ ဖင်ဆီတောင် ယိုတတ်တာ လက်တွေ့ပဲဟေ့။
မကောင်းတာကတော့ အရိုးများလွန်းတာပဲ။ အဲ အရိုးများတာချင်း တူတာရော၊ ငါးဥဆိမ့်တာချင်း တူတာရော၊ ငါးအသားချိုတာရောတူတဲ့ ငါးဓားမောက်ဆိုတာ ရှိသေးတယ်။
အလုံးအထည်ပါးပါးနဲ့ အလျားရှည်တဲ့ငါး။ ဦးခေါင်းပိုင်းနှုတ်သီးဖျားက ဓားမောက်ဦးချွန်းလို ကော့ထောင်နေတဲ့ ပုံစံကြောင့် ငါးဓားမောက်လို့ ခေါ်ကြတယ်။ ငါးစင်းပြားပိုက် ဆိုပေမယ့် ငါးမားမောက်တို့ငါးသလောက်တို့ကိုလည်း မိတတ်တာပဲ။
မျိုးရင်းတူတဲ့ ငါးတွေပေါ့။ အခုတော့ ငါးစင်းပြားပိုက်ထောင်စားတဲ့ ကျားမောင် ကြောင်ဖားကြီး ငါးစင်းပြားရိုးစူးသွားပြီလို့ ခနဲ့ကြသတဲ့လေ”
ကျွန်တော်သည် ဘကြီးရင်မောင်ပြောပြသည်များကို လှေလှော်ရင်း နားစွင့်နေရာမှ ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေရ၏။ ဩော်. . . ကြောင်သတ္တဝါလည်း ရံဖန်ရံခါ အရိုးမျက် တတ်ချေပါတကား။
ဘကြီးရင်မောင်သည် ကိုကျားမောင်အကြောင်းကို ကရားရေလွှတ်ပြောရင်း သက်ပြင်းတစ်ချက်ချလိုက်၏။
“အင်း… ဒုက္ခ သုက္ခရောက်မှ နောင်တရတာမျိုးပေါ့။ တို့တစ်တွေကို အရင်က ဖုတ်လေတဲ့ငပိ ရှိတယ်တောင် မထင်ခဲ့ဘူး။ နတ်ပြည်လေတိုက်နေတဲ့ သူ့ကိုကြည့်ပြီး သံဝေဂရမိပါရဲ့။ တစ်ရွာတည်းနေ တစ်ရေတည်းသောက်ခဲ့ကြတဲ့ အချင်းချင်းတွေမို့ တွေ့တဲ့အခါ အားပေးစကားပြောရတာပေါ့။
ကျားမောင် ကောင်းစားစဉ်က သာပေါင်းညာစားတွေ ဝိုင်းဝိုင်းလည်နေတဲ့ဟာ၊ အခု သူ့မှာ လက်တို ငါးရိုးမျက်ဖြစ်တော့ အနားမကပ်ကြတော့ဘူးလေ။ ဆင်းရဲတဲ့ဘဝ လင်းဆွဲနဲ့ လင်းတ ဖြစ်ပြီမဟုတ်လား။ ဘဝဆိုတာ ဗုံလုံတစ်လှည့် ငါးဖျံတစ်လှည့်ဆိုတာ သွေးထွက်အောင်မှန်လှသကွာ”
မြစ်ကမ်းနဖူးသို့ ကျွန်တော် အမှတ်တမဲ့ကြည့်မိ၏။ ဘကြီးရင်မောင်သည် မြစ်ကမ်းနဖူးတွင် အလေ့ကျပေါက်နေသော ဗုံလုံပင်ကြီးကို လက်ညှိုးညွှန်ပြ၏။
လေတိုက်တိုင်း ဗုံလုံသီးများ ကြွေကျရာ ကမ်းစပ်ဓနိငုတ်ပေါ်မှ ငါးဖျံလေးများက အပြေးအလွှား ကူးခတ်သွားကြ၏။ ငါးဖျံတစ်ကောင်သည် ပေါလောမျောနေသော ဗုံလုံသီးတစ်လုံးပေါ်သို့ ဖက်တွယ်တက်၏။ တက်တုန်းခဏ အသီးပေါ်တွင်ကပ်နေပြီး ခဏချင်းပင် ရေပြင်သို့ လိမ့်ကျသွား၏။ ငါးဖျံ ကလည်း နောက်တစ်ကြိမ်တက်ပြန်၏။ ရေထဲသို့ ကျွမ်းပြန်ကျ၏။
ဗုံလုံသီး ရေပေါ်မျောနေပြန်၏။ ဗုံလုံသီးနှင့် ငါးဖျံတစ်ပြန် တစ်လှည့်စီနှင့် အဆုံးမသတ်နိုင်ကြတော့ပြီ။
“ချောင်းနဖူး မြစ်ကမ်းစပ်မှာပေါက်တဲ့ ဗုံလုံသီးဆိုတာ အဲဒါပဲ။ အသီးနုနုလေးတွေဟာ ငါးပိရည်နှင့် တို့စားရင် သိပ်ကောင်းတယ်။ ချဉ်ပြုံးပြုံးနဲ့။
လူ့ဘဝလည်း ဒီလိုပဲ။ ကြည့်လေ။ ချောင်းစပ် တစ်လျှောက် ရင်ကွင်းထောင်တစ်လက်နဲ့ ကျားမောင် ရင်ကွင်းထောင်စားနေရပြီ။ ကုန်းကောက်စရာ မရှိလောက်အောင်ဖြစ်သွားတော့ တစ်ကပြန်စနေရပြီပေါ့”
ဗုံလုံသီးကတစ်လှည့်၊ ငါးဖျံကတစ်လှည့် လုံးချာလိုက်နေသော ဘဝအဓိပ္ပာယ်ကို ကျွန်တော်နားလည်သဘောပေါက်ကာ နိမ့်ချည် တစ်ခါ၊ သာချည် တစ်လှည့် ဖြစ်ရပ်ကို အကြိမ်ကြိမ် အထပ်ထပ် နှိုင်းယှဉ်သုံးသပ်နေမိပါတော့သည်။
xxx xxx xxx
ဦးကျားမောင်သည် ခါးတစ်ဝက်နစ်သော ချောင်းရေပြင်ကမ်းစပ်တွင် ရင်ကွင်းထောင်လျက်ရှိ၏။ နေကျဲကျဲပူနေသော်လည်း အေးအေးလူလူပင်။ တစ်ဝမ်းတစ်ခါးအတွက် ကြုံသလို ရှာစားနေရချေပြီ။
ယကွင်းထောင်ခေါ် ရင်ကွင်းထောင်ဟူသည့် ငါးပုစွန်ကလေးများကို အစာချ ထောင်ဖမ်းသော တန်ဖိုးနည်း တံငါကိရိယာပစ္စည်း ဖြစ်သည်။ အရင်းအနှီးမရှိတော့သည့် ဦးကျားမောင်အတွက် နောက်ဆုံးလက်နက်နှင့် ဟန်ကျပန်ကျဖြစ်နေ၏။
ငိုစား ရယ်စား သားမယားမရှိ၊ ဥတစ်လုံး တစ်ကောင်ကြွက် တစ်မျက်နှာဖြစ်၍သာ တော်ရော့သည်။ သို့ကြောင့်လည်း အကွပ်မဲ့ကြမ်း ပရမ်းပတာ ဖြစ်ခဲ့ ရ၏။ ဘကြီးရင်မောင် ပြောပြချက်အရ ဦးကျားမောင် ဘဝကို သိထားနှင့်၍ သူ့အကြောင်း စနည်းနာရန် ဦးကျားမောင် ရင်ကွင်းထောင်ရာသို့
တကူးတကရှာပြီး အရောက်သွားခဲ့သည်။
လောကဓံတရားက ကြောက်စရာတော့ ကောင်းလှပေသား။
“ဗျို့ ဦးကြီး၊ ချောင်းစပ်မှာ ဘာလုပ်နေတာလဲ”
ကျွန်တော့်အသံ ကြားသဖြင့် ရှုတည်တည်နှင့် လှည့်ကြည့်၏။ ဇဝေဇဝါနှင့် အကဲခတ်စိုက်ကြည့်နေပြီးမှ ကျွန်တော့်ကို မှတ်မိသွား၏။
“မင်း ရင်မောင့် တူ မဟုတ်လား။ ရင်မောင်နဲ့ ပိုက်လှေဦးစီးလိုက်နေတဲ့ ကောင်လေးပဲ။ အေး ရင်ကွင်းထောင်နေတာလေကွာ။ ပေါက်တဲ့နဖူး မထူးဘူး တစ်ကပြန်စနေတာဟေ့”
ဘဝကို ကြံ့ကြံ့ခိုင် ရင်ဆိုင်နေသည့် လူစားမျိုးဟူ၍ ကျွန်တော် မှတ်ချက်ပြုမိသည်။
“ဘာလဲဗျ၊ ရင်ကွင်းထောင်ဆိုတာ”
“ရင်ကွင်းထောင်ဆိုတာ ဒါပဲလေကွာ။ တို့နယ်ဘက်မှာ ဆင်းရဲနွမ်းပါးတဲ့သူတွေရဲ့ အနိမ့်ဆုံး ငါး၊ ပုစွန် အသေးအမွှားဖမ်းတဲ့ ပစ္စည်းပေါ့။ ပိုက်ဆံမတတ်နိုင်တဲ့ တံငါသုံး လက်နက်ပဲဟေ့။ ပိတ်စိမ်းပါးတစ်စကိုရှာ။ ထောင့်လေးထောင့်မှာ ကြိုးနဲ့ခိုင်အောင် ချည်။ လက်သန်းဖျားလောက် ကြသောင်းဝါးခြမ်းပြား ဝါးတံနှစ်ချောင်းကို ကန့်လန့်ဖြတ် ထောင့်ချိုးတွဲတုပ်။ လက်တံနှစ်ချောင်းကို အလယ်ဗဟိုတည့်တည့်မှာ သင်ကြိုး၊ သမန်းလျှော်ကြိုး ရရာနဲ့ မြင်းဇက်ခွတုပ်။ ဝါးကိုင်းလက်တံတွေကို စုနိုင်၊ ကားနိုင်အောင် ဆုံချက်နေရာမှာ သားရေပင်ကြိုးတစ်ချောင်းထပ်ချည်။ ရေထဲမြှုပ်ချထားရင် လက်ကိုင်ကိုင်းကို ချဲ့ကားလိုက်။ ရေထဲကပြန်ဖော်ရင် ကိုင်းကို စုလိုက်။
ပုစွန်လေးတွေဝင်လာအောင် ဖွဲနုလုံးအစာချပေး။ ငါးနုပ်ငါးဖွဲလေးတွေလာစားအောင် ငါးပိကောင်ကို ကြိုးတန်းလန်း ချည်ထားပေး။ ပိုက်ဆပ်ကုန်စရာ မလိုဘူး။ ကြွက်သေတစ်ခု အရင်းပြုပေါ့ကွာ။ လုပ်တတ်ရင် စားရတာပဲ။ ဟဲဟဲ ဒီမှာကြည့်လေ၊ ဗုံလုံထဲမှာ ငါးပုစွန်တွေ ပြည့်လုပြည့်ခင်ရနေပြီ”
ဦးကျားမောင်သည် ရယ်ကျဲကျဲလုပ်ရင်း သူ့ခါးစောင်းတွင် ကြိုးနှင့်ချည်ထားသော ခြင်းပလိုင်းကို လက်ညိုးထိုးပြနေ၏။ ကျွန်တော်သည် ဗုံလုံဆိုသောအသံကို ဒုတိယအကြိမ်ကြားရပြန်၏။
“ဗျာ… ဗုံလုံ ဟုတ်လား ဦးကြီး”
“အေး ဟုတ်တယ်။ မင်းက ဗုံလုံကို မမြင်ဖူးသေးဘူးနဲ့ တူတယ်။ အေးလေ မင်းတို့ခေတ်မှာ ဗုံလုံဆိုတာ ပျောက်ကွယ်နေပြီပဲ။ တို့ခေတ်တုန်းကသာ ဗုံလုံတို့၊ ဗုံလုံပြုံးတို့ သုံးခဲ့ကြတာ။ ဗုံလုံဆိုတာ ဗုံတိုပုံသဏ္ဌာန် ဝါးနှီးကြောကြမ်းနဲ့ ရက်လုပ်ထားတဲ့ အဝကျင်း ငါးထည့်ခြင်းပလိုင်းတစ်မျိုးကို ခေါ်တာကွဲ့။ ဗုံလုံထဲမှာ ငါးပုစွန်တွေကို ကြာရှည် အရှင်လတ်လတ်ထားလို့ရတယ်။ ရေသေ ပုစွန်ငါးထက်စာရင် ဗုံလုံပုစွန်ငါးက ဈေးကောင်းရသကွဲ့။ ဗုံလုံအဝမှာ လျှာခင်တပ်ထားတော့ ငါးပုစွန်တွေ မထွက်နိုင်တော့ဘူးလေ”
ဦးကျားမောင်သည် ရင်ကွင်းထောင်ကို တစ်နေရာပြီးတစ်နေရာ ပြောင်းရွှေ့ထောင်သွားရော ဗုံလုံမှာ သူ့နောက်မှ တန်းလန်းတွဲ ပါနေ၏။ အနှီဗုံလုံပေါ်သို့ ငါးဖျံတစ်ကောင်တက်နေသည်ကို တွေ့လိုက်ရ၏။ သည်ဗုံလုံမူကား ရေမြုပ်မသွားတော့ချေ။ တုတ်တုတ်မျှလည်း မလှုပ်။
“တော်လောက်ပြီကွ။ နေလဲမြင့်နေပြီ။ ဥတုကပူလွန်းတယ်၊ ဗုံလုံထဲက ပုစွန်တွေ ငါးစိမ်းတန်းမှာ ဖောက်သည်ပေးပြီး ရေသေ ပုစွန်ကျန်တာလေးကို ဟင်းစားလုပ်တော့မယ်။ ခါးရေဆွတ် ဟင်းစားမလွတ်ပေါ့ကွာ။ မရှက်မကြောက် ရိုးရိုးသားသားလုပ်စား တတ်ရင် ထမင်းမငတ်ပါဘူး”
ဗုံလုံကို ဆွဲလျက် ဈေးတန်းဘက်သို့သွားကာ ရလာသမျှပုစွန်နှင့် ငါးများကို ရောင်းချကာ ပိုက်ဆံများကို ခါးပုံစထဲသို့ ထည့်လိုက်၏။
ကုန်ဈေးတန်းမှ ဖြတ်လျှောက်ပြီး ဟင်းသီးဟင်းရွက်
ဆိုင်ရှေ့တွင် ရပ်ပြန်၏။ ကျွန်တော်ကလည်း သူ့နောက်မှ ထက်ကြပ်မကွာ လိုက်ပါခဲ့၏။
“ဟာ ဗုံလုံသီးကြီးတွေ စိမ်းစိုနေတာပဲ။ ရောင်းကျန် ရေသေပုစွန်လေးနဲ့ ဆီပြန်ရေကျန်ကြော်ချက်လေးချက်စားလိုက်လို့ကတော့ အနိပ်ပဲဟေ့”
ကျွန်တော်သည် လက်ဆန့် တစ်တောင်ကျော်ခန့်ရှည်သော အသီးတောင့်များကို ကုန်စိမ်းသည်၏ ဈေးဗန်းထဲတွင် တွေ့လိုက်ရ၏။ ကျွန်တော်သိထားသည်မှာ ပဲလင်းမြွေသီးဖြစ်၏။ ဦးကျားမောင်က ဗုံလုံသီးဟု ပြောနေပြန်ရာ ဗုံလုံဝေါဟာရတစ်ခု ထပ်တိုးလာပြန်၏။
အပြန်လမ်းတွင် ဘုံဆိုင်ရှေ့မှ ဖြတ်လျှောက်သွားရ၏။ ဦးကျားမောင်ကို မြင်လိုက်သော သာပေါင်းညာစား မိတ်ဟောင်းမောင်အုပ်စုက လက်ယပ်ခေါ်ကြ၏။ ကိုစိန်မောင် ဦးဆောင်သည့် မောင်အုပ်စုမှ တစ်ယောက်က လှမ်းခေါ်ရာ… ။
“ဟကောင် ကျားမောင်ကြီး လာပါကွ။ ကာလူးလေးတစ်ခွက်လောက် ချသွားပါဦး”
ကိုကျားမောင်၏ ခြေအစုံ တုံ့ခနဲရပ်သွား၏။ မိမိ ပိုက်ဆပ်ဝါလား ပေါများစဉ်က အနားမှာ ဝိုင်းဝိုင်းလည်နေသည့် သူတွေ။ မိမိ နွမ်းပါးဘဝပျက်သွားတော့ ပေးရနိုး ကျွေးရနိုးနှင့် ဝေးဝေးမှ ရှောင်ကွင်းကြသူတွေ။
အတိတ်ဖြစ်စဉ်များကို အရိပ်လို ပြန်လည်မြင်ယောင်နေမိရင်း ရင်တွင်းစိတ်မှာ နာကြည်းခံပြင်းစွာနှင့် ကိုကျားမောင် မျက်ခုံးတွန့်မိ၏။ နဖူးကြောလည်း တင်းလာ၏။ အံကို တင်းတင်းကြိတ် မဲ့ပြုံးပြုံးလိုက်၏။
“ဒီမှာ ကြည့်ကွ။ ငါ့လက်ထဲမှာ ငါးဖျံတွေတက်လို့မရတဲ့ ဗုံလုံသီးရှိနေပြီနော်။ ရှင်ကြီးဝမ်းလည်း ဝင်ခဲ့ပြီ။ ရှင်ငယ်ဝမ်းလည်း ဝင်ခဲ့ပြီးပြီ။ ချေးစော်နံလို့ ထွက်ခဲ့တာ။ ဒီတစ်ခါတော့ ပြန်မဝင်တော့ဘူးဟေ့။ အရင်လို ရေလိုက် ငါးလိုက် မလုပ်တော့ဘူး။ ရေသာလိုက်ချင် လိုက်မယ်၊ ငါးမလိုက်တော့ဘူး မှတ်ဟေ့”
ဘုံဆိုင်ကို ကျောပေးလျက် ခြေလှမ်းကျဲကျဲဖြင့် သွက်သွက် ထွက်ခွာသွားသော ဦးကျားမောင်နောက်သို့ ကျွန်တော် မီအောင် မလိုက်နိုင်တော့ဘဲ ကျန်ရစ်ခဲ့တော့၏။ သည်တစ်ကြိမ်တွင် ဦးကျားမောင်၏ သံမဏိစိတ်ထားမှာ တည်ကြည်ပြတ်သား ခိုင်မာ သွားချေပြီတည်း။
– ပြီး –
စာရေးသူ – သန်းမြင့်သန်း (ကွမ်းခြံကုန်း)
Uncategorized