August 3, 2025

ရေဝက်မြူးချိန်

#ဖျာပုံလှမိုးနွယ်
ရေဝက်မြူးချိန်

မိုးသက်လေနှင့်အတူ မိုးပေါက်ကြီးငယ်များ ဝေါခနဲ ရွာချသည်။ တောတစ်ပြင်လုံး ဟည်းထအောင် တဝေါဝေါ ဆူညံနေသည်။

မိုးဦးကျချိန် ဖြစ်သည်။ ပူလောင်အိုက်စပ်သော မိုးဦးအရွာနှောင်းသောကာလ နယုန်လဆန်း (၁၄) ရက်ည မိုးရိပ်တို့ကြားမှ တိုးထွက်၍ ထိန်ထိန် သာသောလရောင်သည် အုပ်ဆိုင်းသောတောအတွင်း ပြောက်ပြောက်ကျားကျား ကျဆင်းထိန်လင်းသမျှ မှောင်အတိကျနေသည်။

မိုးသက်လေက ပြင်းသည်။ သင်ပေါင်းချောင်းရိုးထဲရှိ သစ်ပင်သစ်ကိုင်းတို့ ကျိုးကျသည်။ လဲကြသည်။ ဦးရစ်ခေါင်းပေါင်း ပြုတ်ကျအောင် မြင့်မားသော ကနစို၊ လဘ၊ ပျဉ်းမ၊ ဗြူး စသောအပင်ကြီးတို့အောက်ခြေတွင် ချုံနွယ်ပိတ်ပေါင်း ရှုပ်ထွေးထူထပ်သည်။

နှစ်အတန်ကြာက လဲကျခဲ့သော သစ်ပင်၊ သစ်တုံးအဆွေးတို့လည်း အတုံးအရုံး ရှိနေသည်။ ချောင်းမကြီးက သင်ပေါင်းချောင်းအတွင်း ဝင်လာ၍ ခဏကြာလျှင် သစ်ပင်ကြီးများ အုပ်မိုး၍ အောက်ခြေရှင်းသော ကုန်းမြင့်မြင့်တွင် ကွယ်လွန်သူတို့ကို မြှုပ်နှံသော မြေပုံအမှတ်အသား မှတ်တိုင်အချို့တွေ့ခဲ့ရသည်။

အသက် (၇ဝ) ရှိ ဦးထော်နှင့် အသက် (၄၁) နှစ် မသေးသေးဟု ပျဉ်ချပ်ကို ထုံးနှင့်ရေးထားသော မှတ်တိုင်နှစ်ခုမှာ အခြား မှတ်တိုင်အဟောင်းများထက် ပီပီသသ တွေ့နိုင်သေးသည်။

“စိတ်အားငယ်လိုက်တာ ကိုဒေါင်းစိန်ရယ်။ ညနေထဲက ချောင်းမထဲထွက်ပြီး ကိုအောင်သိန်း၊ မတင်အေးတို့တဲဆိပ်မှာ အိပ်ပါရစေဆိုတာ ပြောခဲ့ပါတယ်။ အလုပ်မတွင်ဘူး။ သွားချိန်လာချိန်နဲ့ အချိန်ပါကုန်တယ်ဆိုပြီး ခေါင်းမာလို့ ဒီမှာအိပ်ရတယ်။ သုသာန်လည်း ကျော်လာရတယ်။ ချောင်းဖျားထဲ ရောက်နေလို့ ပတ်ဝန်းကျင်မှာ လူဆိုလို့မရှိဘူးတော့။ တစ်ခုခုများဖြစ်ရင် လူမသိသူမသိ သေရုံသာရှိတော့တယ်”

ကိုဒေါင်းစိန်က အသက်လေးဆယ်ခန့်ရှိပြီး ဇနီးသည်မအေးကြည်မှာ အသက်သုံးဆယ်ကျော်ဖြစ်သော်လည်း ကျန်းမာရေးမကောင်းလှသဖြင့် ချိနဲ့ကြုံလှီသည်။ သမ္ဗန်ဦးခတ်အလုပ်သမားနှစ်ဦးငှား၍ တောဝင်ထင်းဖြတ်တင်၍ မြို့သို့သယ်ကာ ပေါက်ခြမ်းခွဲရောင်းသည်။

ယခင်က ကိုဒေါင်းစိန်သည် မအေးကြည်ကို နေအိမ်တွင် နှမအပျိုကြီးနှင့် ထားရစ်ခဲ့သည်။ မမျှော် လင့်ဘဲ နှမအပျိုကြီး အိမ်ထောင်ပြုသွားသည်။ ထို့ကြောင့် အိမ်သော့ခတ်၍ မအေးကြည်ပါခေါ်ခဲ့သည်။

“အေးကြည်ရယ် နင်ကလည်း ..ကြောက်တတ်ရန်ကော။ ခင်မြင့်နဲ့ စံလှတို့လည်း ရှိကြပါတယ်။ ငါတို့လေးယောက် ဘာကိုကြောက်ရမှာလဲဟ။ တောသဘာဝက ဒီအတိုင်းပဲလေ။ လူတွေသူတွေ ဘယ်ရှိပါ့မလဲဟ။ နင် သိသားနဲ့ ကုန်းပေါ်ကဖြတ်ပြီး ထင်းတုံးတွေ ကမ်းအရောက်ပုံထားပြီးပြီ။ စပါးတစ်ထောင်ပါတဲ့ သမ္ဗန်ကြီးနဲ့ထွက်ချည်ဝင်ချည် လုပ်ရတာ မလွယ်ဘူးဟ။ မိုးလင်းက မိုးချုပ် တောထဲမှာ ဖြတ်ရ၊ သမွန်ရှိတဲ့ ကမ်းဘေးရောက်အောင် ထမ်းချရတာနဲ့ မင်းအမြင်ပဲကွာ။ ဒီကနေ တစ်နာရီလောက်သွားမှရောက်တဲ့ ကိုအောင်သိန်းတို့တဲကိုသာ သမ္ဗန်ကြီးရွှေ့နေရရင် အလုပ်က တွင်တော့မှာမဟုတ်ဘူးဟ “

“ကျွန်မနားထဲမှာ ကလေးငိုသံလိုလို လူတွေရယ်သံလိုလို ကြားနေရတယ်တော့”

ကိုဒေါင်းစိန် ဘေးသို့ တိုးကပ်ထားပါလျက် မအေးကြည်မှာ စိတ်ထိန်း မရအောင် ဖြစ်နေသည်။ သူမနားထဲတွင် “ဝု ဝါးဝါးဝါး” ဟူသော အသံများနှင့် “ဟီးဟီးဟီး ဝုဝါးဟားဟား” ဟူသော မိုးသက်လေတိုးဝှေ့ရိုက်ပုက်ရင်း တဝေါဝေါရွာချသော မိုးသံတို့နှင့်အတူ ကြားနေရသည်။

“တောတိရစ္ဆာန်တွေ မြူးကြ အော်ကြတဲ့အသံ ဖြစ်မှာပါကွာ။ မိုးဦးလေဦး ကျချိန်ဆိုတော့ တောထဲက အကောင်ဗလောင်တွေလည်း မြူးကြမယ်။ ရေထဲက ငါးတွေ ဖားတွေလည်း မြူးကြ ပျော်ကြ ငါးရစ်တက်ကြမယ်။ လယ်ထဲကနွားတွေ ကျွဲတွေလည်း မြူးကြ အော်ကြ ခုန်ရင်း ပေါက်ရင်း ပြေးကြတာ မိုးဦးကျ သဘာဝပါကွယ့်”

“ဝုန်း…ဒိန်း ဒိန်း”

လျှပ်စစ်တစ်ချက်ဝင်းခနဲ ပြက်လိုက်သည်။ တစ်ဆက်တည်း မိုးချုန်းသံ မိုးကြိုးပစ်သံတို့ ဆူညံသွားသည်။ သမ္ဗန်ကြီး၏ ပဲ့စင်ပုံမှန်ပေါင်းမိုးအပြင် တစ်ပြန်ကျော် ရှေ့သို့ဆွဲထုတ်ထားသော ပေါင်းမိုးကြောင့် သူတို့အားလုံး မိုးရေများ မစိုသော်လည်း လှည့်ပတ်တိုးဝှေ့သော မိုးသက်လေကြောင့် အေးစက်နေကြသည်။

မီးထိုး၍မရ အမှောင်ထဲတွင် ထိုင်နေကြသည်။ သမ္ဗန်ဦးပေါင်းမိုးနှင့် အိပ်ကြသော ခင်မြင့်နှင့် စံလှတို့သည်ကား ဒေါင်းစိန်တို့အနီး ပဲ့စင်ပေါ် ရောက်နေကြသည်။

အသက်နှစ်ဆယ်အရွယ် သူတို့နှစ်ဦးမှာ ရိုးရိုးအအနှင့် ကြောက်တတ်သူများလည်း ဖြစ်သည်။ အသက်လည်းကြီး၍ အလုပ်ရှင်လည်းဖြစ်သော ကိုဒေါင်းစိန်ကို အားကိုးယုံကြည်ကြသည်။ တောကြီးမျက်မည်း လေကြီးမိုးကြီး ကျနေသဖြင့် သူတို့လည်း စိတ်အားငယ်သည်။ သို့ကြောင့် ကိုဒေါင်းစိန်နှင့် မလှမ်းမကမ်းသို့ ရောက်နေကြခြင်း ဖြစ်သည်။

မအေးကြည် တုန်တုန်ယင်ယင်နှင့် အထိတ်တလန့်ဖြစ်နေပုံကိုကြည့်ရင်း သူတို့လည်း စိတ်ချောက်ချားနေကြသည်။ သူတို့နားထဲတွင်လည်း ကလေးငိုသံများလူအချို့ရယ်သံကြီးများကို ကြားသည်ဟု ထင်မိကြသည်

မိုးရေလေပါ ပြင်းထန်စွာ တိုက်ခိုက်ရွာသွန်းပြီး တဖြည်းဖြည်းငြိမ်သက်သွားသည်။ မိုးကြိုးပစ်သံ မိုးခြိမ်းသံတို့ ကျဲ၍ ဝေးသွားကြသည်။ လရောင် ဝိုးဝါးလင်းလာသည်။ ဖားသံ ပုရစ်သံတို့ ဆူညံလာကြသည်။ တောကို လေတိုးသံ တဟည်းဟည်း တဝေါဝေါ အသံတို့မှာ ကြားနေရဆဲဖြစ်သည်။

“ကဲ့ ချက်ချင်းပဲကွာ မိုးရောလေရော ရပ်သွားပြီ။ ရွာသင့်တာကြာပြီ။ ခေါင်လိုက်တဲ့မိုး၊ ခုမှပဲ ပြိုကျသလို ရွာလိုက်တယ်။ မိုးဦးလေဦးကျချိန်ဆိုတော့ ရေထဲကငါးတွေလည်း မြူးတဲ့အချိန်ပေါ့”

ကိုဒေါင်းစိန်သည် ရွှင်လန်းတက်ကြွစွာပြောရင်း လက်နှိပ်ဓာတ်မီးဖြင့် ဘုရားစင်ရှေ့တွင်ချိတ်ထားသောနာရီကို ကြည့်သည်။ ဆယ့်တစ်နာရီ …

ဝု ဝါးဝါးဝါး … ဝုဝုဝု ဝါးဝါးဝါး”

“အောင်မယ်တော့။ သရဲသဘက်အော်သံတွေပါတော့။ မိုးသံလေသံတွေကြားထဲမှာ ကျွန်မကြားရတာအဲဒီအသံတွေပါပဲတော့။ကြောက်ကြောက်
လိုက်တာနော်။ ကိုဒေါင်းစိန် ကျွန်မတို့ကို တောကြီးက သရဲသဘက်တွေ ဝိုင်းထားကြပြီထင်တယ်။ ပြေးကြရအောင်”

မအေးကြည်သည် တုန်တုန်ယင်ယင်ငိုရှိုက်ရင်း ကိုဒေါင်းစိန်ကို ဖက်တွယ်ထားသည်။ခင်မြင့်နှင့် စံလှတို့ခမျာလည်း ယောက်ျားဟု အားတင်းပါလျက်နဲ့ ကိုဒေါင်းစိန်အနီးသို့ တိုးရွှေ့မိကြသည်။

“ဟာ ..ကွာ အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့တော့။ တိရစ္ဆာန်တွေပါ။ သဲကုန်းတန်းက ဆင်းလာတဲ့ခွေးအတွေ အူကြတာဖြစ်မှာပေါ့။ ငါ့သမ္ဗာန်ပေါ်ကို ဘယ်အကောင်မျှ မတက်လာနိုင်ပါဘူး။ တက်လာရင် ဓားနဲ့ခုတ်ချမယ်။ ခင်မြင့်နဲ့ စံလှလည်း ရှိတယ်။ မကြောက်စမ်းပါနဲ့ကွာ”

“ဝုဝါးဝါး… ဝုဝုဝု ဝါးဝါးဝါး … ဝုဝါးဝါး”

ရုတ်တရက်ထွက်ပေါ်လာသော လိုဏ်ခေါင်းသံ မသဲမကွဲသည် သမ္ဗာန်နှင့် မဝေးလှသော ကုန်းပေါ်တစ်နေရာဆီမှ ကြားရပြန်သည်။ ပတ်ဝန်းကျင် ဆူညံနေသော ရင်ကွဲကောင်၊ပုရစ်ကောင်နှင့် ဖားကြီးငယ်တို့အော်သံသည် ရပ်သွား၏။ မသဲကွဲသော အော်ဟစ်သံသည် ဟိန်းထွက်လာသည်။

“ဝုဝါးဝါး … ဝုဝါးဝါး … ဝုဝါးဝါး”

“အမယ်လေးတော့။ ကြောက်တယ် သရဲသဘက်တွေ ဝိုင်းလာပြီတော့။ ကျွန်မတို့ကို ချိုးဖဲ့စားကြတော့မယ်။ ပြေးမယ် … ပြေးမယ်။ ရှင်မလိုက်ရင်နေ အသေမခံဝံ့ဘူး။ ကျွန်မပြေးတော့မယ်။ ကျွန်မပြေးတော့မယ်။ အဖေတို့ အမေတို့ရဲ့”

မအေးကြည်သည် အထိတ်တလန့်အော်ရင်း ရှိုက်ငိုလျက် တုန်တုန်ယင်ယင်ဖြင့် ပြောသည်။ ပြီးတော့ သမ္ဗန်ကြီးနောက်တွင် ချည်၍ ရပါမြဲဖြစ်သော ဆတောလှေပေါ်သို့ အတင်းဆင်းသည်။ ကိုဒေါင်းစိန်သည် ဆွဲထား ဖမ်းထား၍ မရတော့ပါ။ ပင်ကိုကပင် မီးယပ်ရောဂါကြောင့် တစ်ခါတစ်ရံ သည်းခြေနောက်တတ်သည်။ စိတ်ဖောက်ပြန်တတ်သည်။ ယခု အကြောက်လွန်၍ စိတ်မထိန်းနိုင်ဖြစ်နေပြီ။ ထို့ကြောင့် ကိုဒေါင်းစိန်ပါ ဆတောလှေပေါ် ဆင်းခဲ့သည်။

“ကဲပါကွာ … ကိုအောင်သိန်းတဲကို သွားကြတာပေါ့။ နင့်စိတ်ကို ထိန်းပါ အေးကြည်ရယ်။ ခင်မြင့်နဲ့ လှစံရေ”

“ကိုကြီးဒေါင်းစိန်ရေ ကျွန်တော်တို့လည်း အဆင်သင့်ပဲဗျို့။ လှေကို မလှည့်တော့ဘူး။ ကြာနေမယ်။ နောက်ပြန်ထွက်မယ်။ ချောင်းမကြီးရောက်မှ လှည့်တော့မယ်ဗျာ”

စံလှနှင့်ခင်မြင့်သည် လှေဦးနှင့်ပဲ့တွင် နေရာယူပြီး လှေနောက်ပြန် လှော်ကြသည်။

“ကတောက်… ကတောက်… ကတောက်”

“အဲဒါ အဲဒါ သရဲလေးတွေ တောက်ခေါက်သံတော့။ ကြောက်လိုက်တာနော်။ ဒီတစ်ခါကြုံဖူးတဲ့ အဖြစ်ဆိုးပါပဲ။ ဘုရားကယ်ပါ”

“ဝုဝါးဝါး .. ဝုဝါးဝါး .. ဝုဝါးဝါး”

“ဟ …ဟ မအေးကြည် ဘေးက ရေတွေဟ၊ ကုန်းပေါ်မဟုတ်ဘူး။ ကုန်အမှတ်နဲ့ ဆင်းပြေးလို့ ရေထဲရောက်မှ မိကျောင်းစာလှလှ ဖြစ်မယ်။ မြန် မြန်လှော်ကြစမ်းပါကွာ”

လိုဏ်ခေါင်းသံနှင့် ပဲ့တင်ထပ်သလို ငိုသံလော၊ ရယ်သံလော ဝေခွဲမရသော အသံကြီးသည် ဝန်းကျင်ရှိသစ်ပင်များဆီသို့ ကျယ်လောင်စွာ ရိုက် ခတ်သွားသည်။ ခင်မြင့်နှင့်စံလှသည် သေသူတို့၏ မြေပုံအမှတ်အသားများရှိသော လရောင်မလင်းတလင်းအောက်မှ သုဿာန်ဘက်ဆီသို့ လှည့်မ ကြည့်ဖြစ်အောင် သတိကြီးစွာထားသည်။ ကွေ့ကွေ့ကောက်ကောက် ချောင်းထဲတွင် ချုံများနှင့်လဲကျနေသော သစ်ကျများကို မတိုးမတိုက်မိအောင် လှေကို ထိန်း၍ အမောဆို့မတတ် ကျုံး၍လှော်ခဲ့ကြသည်။

xxx xxx xxx

တစ်နာရီခန့်ကြာလျှင် အိပ်မောကျနေသော ကိုအောင်သိန်းတို့ကိုနှိုး၍ အဖြစ်စုံပြောရသည်။ မအေးကြည်ခမျာ စိတ်သက်သာရာရတော့သည်။ မိတင်အေးကလည်း နှစ်သိမ့်အားပေးရှာသည်။

ကိုဒေါင်းစိန်တို့ပြောသမျှ နားထောင်ပြီး ကိုအောင်သိန်းသည် တွေးတွေး ဆဆ ငေးနေရာက ပြုံးသည်။ ပြီးတော့ အားပါးတရ ရယ်သည်။

မုဆိုးကျော် ကိုအောင်သိန်းသည် လက်စွဲတော်လှံနှင့်ဓားကိုယူ၍ ရုပ်ဆိုးနှင့် ပျားတုပ်မပါသော ညဆယ့်နှစ်နာရီကျော်ချိန်တွင် တောဝင်၍ ရေဝက် ထိုးမည်ဟု ပြင်ဆင်ပါတော့သည်။

xxx xxx xxx

ညသန်းခေါင်ချိန် ဖြစ်သည်။ ကိုဒေါင်းစိန်နှင့် သူရင်းငှားစံလှ၊ ခင်မြင့်တို့နှင့်အတူ ကိုအောင်သိန်းလိုက်ခဲ့သည်။ လှေပေါ်ရောက်ပြီးမှ တစ်စုံတစ်ခုကို သတိရသဖြင့် တဲပေါ်သို့ပြန်တက်၍ ဒစ်ပါသော တစ်လုံးထိုးမှိန်းကို ယူခဲ့သည်။

“မသွားဘဲ နေလို့မဖြစ်ဘူးလား ကိုအောင်သိန်းရယ်။ မိုးလင်းမှသွားပြီး ထင်းတုံးတွေ သမ္ဗန်ပေါ်တင်ထွက်ခဲ့ပါမယ်ဗျာ။ ခင်ဗျားအိမ်ဆိပ်မှာ သမ္ဗန်နဲ့ ကျုပ်မိန်းမ မအေးကြည်ကိုထားပြီး စပါးအစိတ်ပါတဲ့ ဒီဆတောလှေနဲ့ပဲ နေ့ဘက်တောထဲဝင် ထင်းဖြတ်ပြီး လှေနဲ့သယ်ထုတ်တော့မယ်ဗျာ။ ကျုပ်ကိုကလူကြီးခေါင်းဆောင်ဖြစ်လို့သာ ဟန်ဆောင်တင်းထားရတာဗျ။ မမြင်ရတဲ့ လှုပ်လှုပ်ရှားရှားနဲ့ အသံဗလံတွေကို ဒီလိုနေရာ ဒီလိုအချိန်အခါမျိုးမှာ ကြုံရကြားရတော့ ရင်ထိတ်ရပါတယ်ဗျာ။ မှန်တာပြော သစ္စာပါ။ တစ်သက်တစ်ခါသာ ကြုံဖူးတဲ့အဖြစ်ပါဗျာ”

“ကျုပ် အားလုံး တာဝန်ယူပါတယ် ကိုဒေါင်းစိန်ရယ်။ ဒီကုန်းတန်းကြီးကို စိတ်ဝင်စားတာကြာပြီဗျ။ ဒါကြောင့် ကုန်းတန်းအနီးအနားကိုပြောင်းလာတာ တစ်နှစ်လောက်ကြာပြီ။ ထူးထူးခြားခြားတွေ စွန့်စွန့်စားစားရင်ဆိုင်ရတာတွေ ကြုံရပါတယ်ဗျာ။ အတွေ့အကြုံတွေပြောရမယ်ဆိုရင် မနည်းဘူး။ အဲဒါတွေထားလိုက်ပါတော့လေ။ အခု ကိုဒေါင်းစိန်တို့ ကြုံရတာလည်း ထူးထူးခြားခြားပဲဗျ။ ကြားဖူးထားတဲ့အကြောင်း အချက်ကို လက်တွေ့ဖော်ထုတ် ရမှာဗျာ။ အလွန်အံ့ဩဖို့ကောင်းတဲ့ သဘာဝအတိုင်း လူသူဝေးတဲ့အရပ်မှာ ရှင်သန်နေခဲ့တဲ့ ရေဝက်ကြီးဗျ။ ကိုဒေါင်းစိန်မြင်ရရင် မကြောက်ဘူးနော်။ ဟုတ်စ”

ကိုအောင်သိန်းသည် ကိုဒေါင်းစိန်ရှေ့ လှေအလယ်တွင် ထိုင်သည်။ စံလှက ပဲ့ကိုင်၍ ခင်မြင့်ရှေ့က လှော်သည်။ ပြည့်လုဆဲ လဝန်းကြီးထိန်ထိန် သာနေသည်။ မိုးသက်လေ တိုးဝှေ့နေသော်လည်း မိုးရွာမည့်တိမ်တိုက်တို့ မရှိတော့၍ ကောင်းကင်လည်း ကြည်လင်သည်။ လူသူကင်းသော တောကြီးအလယ်မှ ချောင်းထဲတွင် သူတို့လှေကလေးသည် ပြည့်လျှံတက်သော ချောင်းရေကို တိုးဖြတ်ရွေ့လျားနေသည်။

“ကိုအောင်သိန်းရယ် မြင်ရတာ ထိတ်စရာ လန့်စရာ ဆိုရင်လည်း မကြည့်လိုပါဘူးဗျာ။ မအေးကြည်အတွက် စိတ်ပူလိုက်ရတာဗျာ။

“ကျုပ်တာဝန်ထားပါ။ ငါ့ညီတို့လည်း အတွေ့အကြုံသစ် ရတာပေါ့ကွာ။ ဘေးအန္တရာယ်မဖြစ်စေရပါဘူး။ ကိုယ်တွေ့ မြင်ရအောင်ပါ။ နောက်က လိုက်ခဲ့ကြပေါ့”

“ကျွန်တော်တို့ကတော့ လိုက်မှာပဲ။ တစ်ယောက်တည်းတော့ ချန်မနေဝံ့ပါဘူးဗျာ။ ကိုကြီးဒေါင်းစိန်တို့… ကိုကြီးအောင်သိန်းတို့ ရှေ့ကသာသွား။ ကျွန်တော်တို့နောက်က လိုက်ရဲပါတယ်”

“ဟုတ်ပါ့ဗျာ။ ကျွန်တော်လည်း ကိုစံလှပြောတဲ့အတိုင်းပါပဲ”

ကိုအောင်သိန်းက သဘောကျစွာ ရယ်သည်။ ကိုဒေါင်းစိန်ကလည်း ရောပြီး ရယ်သည်။ သင်ပေါင်းချောင်းအတွင်း ဝင်ခဲ့၍ သုသာန်ကို ကျော်ခဲ့သည်။ လမင်းက ထိန်ထိန်သာသည်။ ချောင်းရေကလည်းလျှံ၍ ကမ်းပေါ် ရောက်အောင် တက်သည်။ ရင်ကွဲကောင်နှင့် ဖား ပုရစ်တို့ မြူးထူးစွာအော်ဟစ်ဆူညံနေသည်။ ချုံစပ်တစ်နေရာမှ ညဥ့်ငှက်တစ်ကောင် အထိတ်တ
လန့် အော်၍ထပျံသွားသည်။

“ကတောက် … ကတောက် … ကတောက်”

“ကိုကြီးအောင်သိန်း အဲဒါ ဘာအော်တာလဲဗျ”

တက်နှင့် ယက်လှော်ရင်း စံလှက တီးတိုးသံနှင့်မေးသည်။ သစ်ရွက် သစ်ကိုင်းတို့အကြားမှ ဖြာကျထိန်လင်းသော လရောင်နှင့် ကမ်း ဝဲယာတောအောက်ခြေအနေအထားကို ကြည့်ရှုအကဲခတ်ရင်း ကိုအောင်သိန်းက ပြောသည်။

“ရှဉ့်အဘိုးအဘွားတွေ အော်တာပါ။ အကောင်ငယ်လေးတွေ အိပ်ကြပြီလေ။ ရှဉ့်အဘိုးအဘွားတွေအိပ်တစ်ဝက်နိုးတစ်ဝက်နဲ့ သစ်ခေါင်းပေါက်ထဲ က အော်တာကွ။ ရှဉ့်မြည်သံလို့လည်း ဆိုကြတယ်။ အဝကျဉ်းကျဉ်း သစ်ခေါင်းထဲကအော်တော့ လိုဏ်ခေါင်းသံ အကျယ်ကြီးဖြစ်နေတာပေါ့။

“ဝုဝါးဝါး … ဝုဝါးဝါး … ဝုဝါးဝါး”

“အဲ အဲဒါပေါ့ဗျ။ ခင်ဗျားပြောသလို လိုဏ်ခေါင်းသံပဲလား။ အကောင်ကြီး သူရဲသဘက်တွေ ဝမ်းခေါင်းသံနဲ့ အော်နေကြတာလား။ မအေးကြည်တော့ လိပ်ပြာစဉ်မတတ် ကြောက်ရှာတယ်”

ထိတ်ထိတ်လန့်လန့်နှင့် ကိုဒေါင်းစိန်က ကိုအောင်သိန်းလက်မောင်းကို ပုတ်၍ တီးတိုးပြောသည်။ လရောင်ကွက်ကျားအောက်တွင် ကိုဒေါင်းစိန်တို့၏သမ္ဗာန်ကြီး တစ်ဖက်ကမ်းနဖူးတွင် ပုံထားသော ဖြတ်ပြီးကနစိုထင်းတုံးများကို တွေ့ရသည်။ မသဲမကွဲ အသံကြီးမှာ တစ်ဖက်ကမ်းသစ်တုံးဆွေးများ ချုံပုတ်များဆီမှ ဖြစ်သည်။ တစ်နေရာတွင် လှေကပ်ရန် ကိုအောင်သိန်း လက်နှင့်ညွန်ပြသည်။

“ခင်ဗျားတို့ ကျုပ်နောက်က လိုက်ခဲ့ကြပါ။ ရော့ ဒီလှံကို အသွားအပေါ် ထောင်ပြီး ကိုင်ထား။ ဟိုညီလေးတို့က လိုရမည်ရ လက်နက်တစ်ခုစီ ကိုင်ခဲ့”

ကိုအောင်သိန်းသည် သူ၏ဓာတ်ခဲသုံးလုံးထိုးလက်နှိပ်ဓာတ်မီးကို ဖွင့်၍ ရှေ့ကကမ်းပေါ်တက်လာသည်။ ကမ်းပေါ်တွင် ချောင်းရေလျှံတက်နေသည်။

ချုံနွယ်တို့ကို ကွေ့ရှောင်၍ တစ်ထွာတစ်မိုက်မြေပေါ် ချွန်ထွက်နေကြသော ကနစိုငုတ်များကို သတိထားပြီး ကိုအောင်သိန်း တောထဲဝင်သည်။ သူ၏ ဘယ် လက်က လက်နှိပ်ဓာတ်မီးကိုကိုင်၍ ဒစ်ပါသော သုံးမူးလုံးသံချောင်းအသွားတပ် ဝါးရိုးမှိန်းကို ချိုင်းကြားညှပ်ထားသည်။

မှိန်းသွားကို ရှေ့ဘက်လှည့်ထားသဖြင့် နောက်မှလိုက်လာသူတို့အတွက် ဘေးကင်းပါသည်။ သူ၏ ညာ လက်တွင် အဖျားငှက်တော်မြီးပုံနှင့် တောတိုးဓားကို အသင့်ကိုင်၍ ကာလကြာမြင့်စွာက လဲကျနေသော သစ်ခေါင်းဆွေးများ၊ သစ်တုံးများကို ကျွမ်းကျင်စွာ ကျော်လွှားရင်း ပျောက်ကွယ်သွားလိုက်၊ ပေါ်လာလိုက်နီးကပ်စွာ ကြားနေရသောအသံဆီသို့ ခြေဖွနင်း၍ တိုးသွားသည်။

“ဝုဝါးဝါး … ဝုဝါးဝါး … ဝုဝါးဝါး”

“အမယ်လေးဗျ။ အသံကြီးနီးလာပြီဗျ။ အစ်ကိုကြီးအောင်သိန်း လှည့်ပြန်ရရင် မကောင်းဘူးလား”

အသက်အငယ်ဆုံး ခင်မြင့်သည် အထိတ်တလန့်ဖြစ်၍ တစ်ကိုယ်လုံး တုန်နေသည်။ လှေထဲမှ ယူလာသော မဒမမျောသားချောင်းကို တောင်ဝှေးအဖြစ်ထောက်၍ထောက်၍ နောက်ဆုံးကလိုက်သူဖြစ်သည်။

သူ့လိုပင် တုတ်တစ်ချောင်း အားပြုထောက်၍ ကိုဒေါင်းစိန်နောက်မှ ကပ်လိုက်သော စံလှ၏လက်မောင်းကို ခင်မြင့်က ဆုပ်ကိုင်ထားသည်။ စံလှမှာလည်း တုန်တုန်ယင်ယင်ဖြင့် စိတ်ကိုမနည်းထိန်းထားရပါသည်။ မလှမ်းမကမ်းသစ်ပင်ထက်မှ ကိုင်းခြောက် တစ်ခု ပြုတ်ကျသည်။ ခင်မြင့်နှင့် စံလှ မျက်စိမှိတ်၍ ဖက်ထားမိကြသည်။

“ဘုရား ကယ်တော်မူပါ”

အပေါ်ထောင်ထားသော လှံရိုးကို ကျစ်ကျစ်ဆုပ်ရင်း ကိုဒေါင်းစိန်လည်း နှုတ်မှ တီးတိုးဘုရားတနေသည်။ ဝန်းကျင်ကို မျက်စိလျင်လျင် နားပါးပါးနှင့် သတိကြီးစွာ စူးစမ်းအကဲခတ်ရင်း ရှေ့မှသွားသော ကိုအောင်သိန်းသည် ကိုဒေါင်းစိန်တို့အဖြစ်ကို သတိပြုမိ၍ သနားလည်း သနားသည်။ ကရုဏာဒေါသောလည်း ဖြစ်မိသည်။

“ဝုဝါးဝါး … ဝုဝါးဝါး … ဝုဝါးဝါး”

ရှေ့တစ်လံမျှကွာ ရေအိုင်ငယ်ထဲတွင် လူးလှိမ့်လှုပ်ရှားရင်း ကျယ်လောင်အက်ကွဲစွာ အော်နေသည့်သတ္တဝါကို ကိုအောင်သိန်းတွေ့ ပြီ။ သူ၏ ညာဘက်စောင်းစောင်းတွင် သုံးလံခန့်ရှိသော ကနစိုသစ်ဆွေးအခေါင်းပေါက်ကြီးရှိသည်။ တုံး၏ တစ်ဖက်သည် မြင့်ရာမှဆင်းသော ရေစီးတိုက်စားသဖြင့် ချောင်းငယ်လေး ဖြစ်နေသည်။ ကိုအောင်သိန်း သဘောပေါက်သွားသည်။

“တွေ့ပြီလား ကိုအောင်သိန်းရဲ့။ ကျုပ်တို့တော့ ဘာမျှမမြင်ဘူးဗျို့။ အသံကွဲကြီးကိုပဲ ကြားနေရတယ်။ စောစောကလိုတော့ လိုဏ်ခေါင်းကြီးထဲက ထွက်တဲ့အသံမျိုး မဟုတ်ဘူးဗျ။ ကျုပ်တို့ အနားရောက်လို့ ရန်လုပ်ဖို့ ပြင်နေပြီထင်တယ်။ ခင်ဗျားပြောတဲ့ ရေဝက်က တောဝက်လို အစွယ်နဲ့ ပက် ရင်ဒုက္ခပါပဲဗျာ”

ကိုဒေါင်းစိန်သည် သူ၏လက်နှိပ်မီးဖြင့် ဝန်းကျင်ကိုလှည့်ပတ်ထိုးရင်း ထိတ်ထိတ်လန့်လန့်နှင့် ပြောသည်။ ခင်မြင့်နှင့် စံလှတို့လည်း ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း ဘုရားတမိကြသည်။

“ဟေ့လူတွေ မကြောက်ပါနဲ့ဗျာ။ ကျုပ်တွေ့ထားပြီ။ ခင်ဗျားတို့ ရောက်နေတဲ့နေရာမှာရပ်နေ။ လက်နှိပ်မီးနဲ့ ကျုပ်ကို မထိုးနဲ့။ ရော့ ကျုပ်ဓားကို ခဏကိုင်ထား။ ချက်ချင်း ကျုပ်ပြန်ယူမှာနော်”

ကိုအောင်သိန်းသည် နှီးဦးထုပ်ကို ခေါင်းပေါ်တွင်မြဲအောင်ဖိလိုက်သည်။ အခေါင်းပေါက်ပါသော သစ်တုံးဆွေးအနီးသို့ တိုးကပ်သွားပြီး ပါးစပ်မှ အော်ရင်း သစ်ခေါင်းပေါက်ထဲဝင်ရန် လူးလှိမ့်ရွေ့လျားလာသော မည်းပြောင်နေသော သတ္တဝါ၏ ခါးလယ်ခန့် ချက်ကောင်းနေရာကို ချိန်ရွယ်၍ ညာလက်ဖိအားဖြင့် မှိန်းကို ထိုးစိုက်ဖိထားလိုက်သည်။

“ဝုဝါးဝါး”
“ဖြောင်း … ဖြောင်း”
“ဝုန်း”
“ဝုဝါးဝါး”

မှိန်းသွားက ထုတ်ချင်းပေါက်ထိုးမိသည်။ အထိတ်တလန့်အော်ပြီး ကြီးမားသော ကိုယ်လုံးမည်းမည်းကြီးကို ဗြောင်းဆန်အောင် လှိမ့် လူး ယမ်း ရုန်းကန်သဖြင့် မှိန်းရိုးကို ဖိထားသော ကိုအောင်သိန်းမှာ မိမိမှိန်းကို တာရှည်ကြံ့ကြံ့ခိုင်နိုင်မည့် အခြေအနေမရှိနိုင်ကြောင်း သတိပြုမိသည်။ ထို့ ကြောင့် သူကြိုတင်တွက်ဆထားသည့်အတိုင်း ဓားကိုလှမ်းယူသည်။

“ကိုဒေါင်းစိန် မှိန်းရိုးကို ဖိကိုင်ထားစမ်းပါ။ ဓား ကျုပ်ကိုပေး”

ထိတ်လန့်တကြား ကြောင်ငေးကြည့်နေသော ကိုဒေါင်းစိန်သည် လက်တစ်ဖက်နှင့် မှိန်းကို ဖိကိုင်ထားလိုက်သည်။ သတ္တဝါကြီးအား ကိုအောင်သိန်းသည် ဓားနှင့်ပိုင်း၍ခုတ်သည်။

“ဝုဝါးဝါး ဝုဝါးဝါး”

“ဘာကောင်ကြီးလဲဟ။ လက်စသတ်တော့ ရေထဲမှာဟ။ နဂါးကြီးများလား”

“ဟာ ကျုပ်သိပြီ။ ကြားတော့ ကြားဖူးခဲ့တယ်။ လက်စသတ်တော့ တွင်းအောင်းတဲ့ ငါးလင်ပန်းကြီးပဲဗျ။ ဘယ်မှာရေဝက်ဟုတ်လို့လဲ။ ဒီအကောင်မျိုး ကြီးရင် ကလေးမွေးစငိုသံလို အူဝဲအူဝဲ အော်သတဲ့ဗျာ။ ကျုပ်တို့လက်တွေ့ကြားရတာကတော့ ဝုဝါး ဝုဝါးတဲ့”

ကိုဒေါင်းစိန်က တစ်စတစ်စ ငြိမ်သက်သွားသော၊ နှစ်များစွာက တွင်းအောင်းပြီး ထွားနေသော ငါးလင်ပန်းကြီးကို ငုံ့ကြည့်၍ ပြောပါသည်။ ခင်မြင့်နှင့် စံလှသည် စိတ်လက်ပေါ့ပါးစွာနှင့် ငါးလင်ပန်းကြီးကို တအံ့တသြ ကြည့်နေမိကြသည်။

ကိုယ်လုံးမည်းမည်းကြီးက ပေါင်လုံးမျှရှိသည်။ နို့မှုန့်ဘူးအလတ်စားအရွယ်ရှိသော ခေါင်းကြီးတွင် ပါးနှစ်ဖက် ဖောင်းကား၍ ပါးစုန့်၊ ပါးပျဉ်းကြီး ဖြစ်နေသည်။ မေးအောက်မှ အမြီးဖျားအထိ ဖြူဖွေးနေသည်။ နှစ်တောင်ကျော် သုံးတောင်မျှရှည်သော ကိုယ်လုံးကြီးကို လိမ်ညှစ်ရုန်းကန်၍ မှိန်းသွားမှာ ခွေခေါက်နေ၏။ ဓားနှင့်ပိုင်း၍ ကိုယ်ထည်နှစ်ခုမှာ အတန်ကြာအောင် လိမ်ပတ်ရုန်းကန်ဆဲဖြစ်သည်။

“ဒီအကောင်ကြီးက ချောင်းထဲထွက်တဲ့ အပေါက်တစ်ခုနဲ့ ဒီကုန်းပေါ် တက်တဲ့ အပေါက်တစ်ခုရှိတဲ့ တွင်းထဲမှာ နှစ်ပေါင်းဘယ်လောက်ကြာအောင် နေခဲ့တယ်မသိဘူး။ နှစ်ချို့ကြီးပေါ့ဗျာ။ နှစ်ပေါင်းဘယ်လောက်ချို့သလဲ တော့မသိဘူး။ သစ်ခေါင်းပေါက်အဆွေးတုံး သူ့တွင်းဝလဲကျတော့ တွင်းက ထွက်ပြီး သစ်ခေါင်းထဲရောက်တယ်ဗျာ။ တစ်ဖက်မကတဲ့ သစ်ခေါင်းပေါက်ထဲက အော်တဲ့အသံမျိုးကတော့ လိုဏ်ခေါင်းသံဖြစ်ပြီး ထိတ်စရာလန့်စရာ အသံမျိုး ဖြစ်တော့ဟာပေါ့။ အမြဲလည်း မအော်တတ်ဘူးဗျ။ အခုအချိန်ခါ ရေသတ္တဝါ ကုန်းသတ္တဝါတွေ မြူးတဲ့ရာသီလည်းဖြစ်၊ လပြည့်ရေကြီးချိန်နဲ့ မိုးရွာတာနဲ့လည်းဆုံတော့ အမြူးကြီးမြူးပြီး ဖိုသံမသံပေးရင်း အပြင်ရေစပ်စပ်ထဲ ထွက်တာဗျ။ တွဲစရာ အဖိုကောင် အမကောင်လည်း မတွေ့ဘူးထင်ပါရဲ့။ သစ်ခေါင်းထဲ ပြန်ဝင်ဖို့အလုပ်မှာ ကျုပ်တို့နဲ့ တွေ့တာပေါ့ဗျာ။ ကြီးထွားလွန်းပြီး အဆီဆူဖြိုးလွန်းလို့ လူကြီးသူမတို့က ဒီအရွယ်အနေအထားကို ရေဝက်လို့ တင်စားပြောကြတာဗျ”

ကိုအောင်သိန်းကရှင်းပြသည်။ တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့သော ဆယ်ပိဿာခန့်ရှိ ငါးလင်ပန်းကြီးကို လှေပေါ်သယ်တင်၍ ပြန်ခဲ့ကြသည်။ ကိုဒေါင်း စိန်သည် မအေးကြည်အကြောက်ပြေအောင် လက်တွေ့ပြ၍ ပြောနိုင်တော့မည်ဟု တွေးရင်းရွှင်လန်းနေသည်။ ခင်မြင့်နှင့် စံလှတို့မှာလည်း မမျှော်လင့် သောအတွေ့အကြုံသစ်ကို အံ့ဩမဆုံး ပြောနေမိကြသည်။

“ခင်ဗျားတို့ကို ရေဝက်သား ဘယ်လောက်ကောင်းတယ်ဆိုတာ မိတင်အေး လက်တွေ့ချက်ကျွေးပါလိမ့်မယ်။ မန်ကျည်းရည်ချဉ်ချဉ်ဖျန်းပြီး မဆလာနိုင်နိုင် အုပ်လို့ ဆီပြန်အောင်ချက်လိုက်ရင် ငါးလင်ပန်းအရသာကိုစွဲပြီး တစ်သက်မမေ့နိုင် ဖြစ်စေရမယ်ဗျာ”

ကိုအောင်သိန်း၏ အပြောကြောင့် ကိုဒေါင်းစိန်တို့ သဘောကျစွာရယ်သည်။ မိုးသက်လေက သုန်မြူးသည်။ မိုးတိမ်တို့ ရွေ့လျားနေသည်။ အနောက်သို့ ယွန်းနေသော ပြည့်လုဆဲလမင်းကြီးရှေ့သို့ မိုးတိမ်တို့ရောက်၍ ဝင်းထိန်သော လရောင်ညိုမှောင်သွားသည်။ ပင်မြင့်တစ်နေရာမှ ဇီးကွက်တစ်ကောင်သည် လေးလေးတွဲတွဲ အော်မြည်နေပါသည်။

– ပြီး –

စာရေးသူ – ဖျာပုံလှမိုးနွယ်

Leave a Reply

Your email address will not be published. Required fields are marked *