မောင်သိက္ခာ
ရေသာခိုသူ
(၁)
ဧရာဝတီမြစ်ရေသည် ဒေါမာန်ထနေသော မြွေနဂါးကြီးနှယ် ဟိန်းဟောက်ကာ တရကြမ်း စီးနေ၏။
နွေရာသီတုန်းကကဲ့သို့ ရေပြင်မှာ မကြည်လင်။ နောက်ကျိနေ၏။ မြစ်ရေပြင်တွင် မှုတ်ဝဲကြီးများမှာ ပွက်ပွက်ဆူနေသည်။ စုပ်ဝဲကတော့ကြီးများကလည်း အနားသို့ ရောက်လာသမျှ မလွတ်တမ်း ရေအောက်သို့ စုပ်ယူပြီး ဆွဲနှစ်နေသည်။
အထက်မှ ကမ်းပြိုကာ မျောလာသော၊ လူကြီးလက်တစ်ဖက်ခန့်ရှိ သစ်ပင်ကြီးတစ်ပင်သည် စုပ်ဝဲကတော့ကြီးတစ်ခု၏ နှုတ်ခမ်းသားဘေးတွင် ဝဲလည်နေသည်။ ဦးဆောက်ကျွမ်းပြန်ဖြင့် မကြာမီ ရေအောက်သို့ ဆွဲမြှုပ်ခံရပေတော့မည်။
အဘဉာဏ်တို့ ဇလွန်ဘက်တန်းရွာမှ ရေကာတာကြီးကိုပင် လှိုင်းလုံးကြီးများက ပြေး၍ ပြေး၍ ရိုက်ခတ်နိုင်သည်။
သံစောင်းထက် ရေစောင်းထက်သတဲ့။ မတော် ရေကာတာကြီး ကျိုးသွားလျှင် အဘဉာဏ်တို့ မတွေးဝံ့။
ရေကာတာတစ်ဖက်တွင်ရှိသော မျက်စိတစ်ဆုံး စိမ်းညို့ညို့စပါးပင်များကို ရေလွှမ်းကာ ပျက်စီးသွားနိုင်သည်။
အကျိုးဆက်အဖြစ် အဘဉာဏ်တို့လို ဆင်းရဲသားများအတွက် ဆန်ရေစပါး ရှားပါးလျှင် အခက်။
ရေကာတာကြီး မကျိုးပေါက်အောင်တော့ အစွမ်းကုန် ကာကွယ်ရမည်။ မောင်တစ်ထမ်း မယ်တစ်ရွက် လက်ညီတက်ညီသာ ကာကွယ်လျှင် သည်လှိုင်းလုံးတွေက ဘာများ တတ်နိုင်တော့မှာလဲ။
ရေကာတာကြီးကို မြေကြီးများ သယ်ဖို့၍ မြင့်တက်စေ၏။ စိုးရိမ်ရသော နေရာများတွင် ရေကာတာတစ်ဖက်ကို ယာယီဘောင်များ ပြုလုပ်ကာ ရေ သွင်း၍ တစ်ဖက်မှ ရေအားကို ရေအားဖြင့်ပင် တွန်းကန်စေပြီး ထိန်းသိမ်းထားသည်။
ကြွက်တွင်းများကို ရှာဖွေပြီး မြေသစ်ဖြင့် ပိတ်ဆို့သည်။
အချို့နေရာများရှိ ပါးလွှာသော ရေကာတာပေါင်ကို ဝါးများ၊ သစ်သားများစိုက်၍ မြေဖို့ကာ ရေကာတာထုကို ပိုမိုထူထပ်စေသည်။
မိုးစက်မိုးပေါက်များက အားကြိုးမာန်တက် မြေဖို့၊ တာပြင် အလုပ်လုပ်နေသော ကြွက်နီ၊ ပေတိုး၊ ပေသီး၊ ဖိုးဆောင်း၊ ဂျမ်းပုံ၊ ရွှေမိ စသော လူငယ် တစ်သိုက်ကိုသာမက အဘဉာဏ်၊ အရီးသန်းတို့လို လူကြီးများ၏ ကျောပြောင်ပြောင်ပေါ်သို့လည်း မညှာမတာ ရက်ရက်စက်စက်ကျနေ၏။
မိုးရေကြားမှ ရွှံ့နှစ်များနှင့် ရောထွေးကျလာသော သူတို့၏ ချွေးသီးချွေးပေါက်များ။
အဘဉာဏ်က ပေတိုးကို လေသံ မိုးသံအကြားမှ မေးလိုက်သည်။
“ဟေ့ … ပေတိုး၊ မင်းအဖေ ဘဂျမ်းကောကွ”
“အဖေ မနေ့က ခြေထောက်သံစူးလို့ မလာနိုင်တာ အဘဉာဏ်”
“အေးလေ၊ ငါတော့ အထင်သား။ ဒီကောင်က ဒီလိုကိစ္စမျိုးဆိုရင် အခါတိုင်း ရှေ့ဆုံးကပဲဟာ”
အရေးကြုံလာလျှင် အဘဉာဏ်တို့ ဇလွန်ဘက်တန်း တစ်ရွာလုံးမှ ရွာသူရွာသားများမှာ စည်းစည်းလုံးလုံး၊ ညီညီညာညာ။
သို့သော် အရေးအကြောင်းရှိလျှင် အချောင်ခိုတတ်သော သိုးမည်းများလည်း တစ်ကောင်တလေတော့ ဇလွန်ဘက်တန်းရွာတွင် မရှိ မဟုတ်။
ဥပမာ ဘသိန်းလို လူမျိုး။
အဘဉာဏ်က တာဖို့နေသူများအထဲတွင် ဘသိန်းကို မတွေ့သဖြင့် စူးစမ်းလိုက်မိ၏။
“ဟေ့ … ဘသိန်းတစ်ယောက်ကော၊ မမြင်ပါလားကွ”
“ရေကာတာဖို့တဲ့ ကိစ္စကို ဆကာကြီးမြို့မှာ လူကြီးတွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့ သွားသတဲ့တော်”
ဘသိန်း၏ဇနီး ဂျမ်းပုံက ဆောင့်ကြီးအောင့်ကြီးလေသံဖြင့် ပြောလိုက်သည်။
“ဟား … ဟား … ဟား”
ဘသိန်းအကြောင်းကို သိသူများက ရယ်စရာမဟုတ်သောစကား ဖြစ်သော်လည်း အားရပါးရ ရယ်ပစ်လိုက်ကြ၏။
ဟုတ်သည်။ ဘသိန်းဆိုသော အကောင်ကလည်း အကြောင်းကိစ္စရှိလျှင် ဇလွန်ဘက်တန်းရွာမှာ မရှိတော့။
မိုးဦးကျစအချိန်က မြစ်ကမ်းပါးများ ပြိုမကျစေရန် ကမ်းပါးတစ်လျှောက်တွင် တစ်ရွာလုံး ညီညီညာညာ ဝါးလုံးတိုင်များ၊ သစ်သားတိုင်များ စိုက်၊ ချုံဖုတ်များချ၊ မြေဖို့စဉ်ကလည်း သူမရှိ။ ဓနုဖြူသို့ အရေးတကြီးကိစ္စကြောင့် ညအိပ်ခရီးသွားသတဲ့။
သည်လိုသွားနေမှလည်း နှစ်ရက်ဆက်တိုက် လုပ်ရမည့်အလုပ်ကို သူရှောင်နိုင်မည် မဟုတ်ပါလား။
သလို အချောင်သမားကို ဇလွန်ဘက်တန်းရွာမှာ အကြီးအကဲ ခေါင်းဆောင်အဖြစ် ဘယ်သူကမှ ရာထူးမခန့်။
သို့သော် ဘယ်သူ သဘောတူတူ မတူတူ၊ အဲ … စားရမည် သောက်ရမည် ဆိုလျှင်တော့ သူက ရှေ့ဆုံး။
မြို့မှ လူကြီးများလာလျှင်မူ လူကြီးများနောက်ပါးမှ လွယ်အိတ်နှင့် ဖိုင်တွဲနှင့် သွားတဖြဲဖြဲ။
လူကြီးများအား စားကောင်းသောက်ဖွယ်များဖြင့် ကျွေးမွေးဧည့်ခံပြီဆိုလျှင်တော့ သူလည်း လူကြီးများနှင့်အတူ ရော၍ တဝ တနင့် တပြီ။
အကြောင်းသိသော အဘဉာဏ်ကမူ ဘာမျှမပြောတော့။ သူ့ပါးစပ်မှ တစ်ချက်သာ အသံထွက်လာသည်။
“တောက်”
(၂)
“အဘရေ … အဘ၊ ကျုပ်တို့ တုပ်ကျလို့တဲ့တော့”
လုပ်အားပေးနေသူများကို ကျွေးမွေးရေးအတွက် ကောက်ညှင်းပေါင်းရန် ရွာထဲတွင် တာဝန်ကျနေသော မိန်းကလေးတစ်သိုက်အတွင်းမှ ပူတူးမ ဝမ်း သာအားရ ပြေးလာ၍ အဘဉာဏ်အား ပြောလိုက်သည်။
“ဟေ … ဟုတ်လား၊ ကြွက်နီရေ မင်းပါ ခဏလိုက်ခဲ့ဟေ့။ မတော် ငါးက သိပ်ကြီးနေရင်”
ဟုတ်သည်။ “တုပ်”ဆိုသော ငါးဖမ်းကိရိယာမှာ ငါးသေးငါးမွှားများကို ဖမ်းဆီးသော ကိရိယာမဟုတ်။
ထို့ကြောင့်သာ မြေးဖြစ်သူ ကြွက်နီကို အကူအညီခေါ်ရခြင်းဖြစ်သည်။
သို့မဟုတ်ပါက လုပ်အားပေးနေရာမှ တစ်ဖဝါးမျှ မခွာစေရ။ တစ်နှစ်လုံးတွင် ရေပြာပေါက်ချိန်၊ နယုန်၊ ဝါဆိုလမှ သီတင်းကျွတ်လအထိသာ တုပ်ထောင်၍ ကောင်းသည်။
တုပ်ဆိုသည်မှာ ဝါးနက်ကောင်းကောင်း အရင်းသား သုံးတောင်လောက်ကို ဖြတ်တောက်ခွဲစိတ်ပြီး ဝါးကောက်၊ သို့မဟုတ် ဝါးဖယောင်းကို လွှာထားသော တိုင်နှီးပတ်နှီးများဖြင့် ချည်နှောင်ကာ လက်လေးလုံးခန့်အကျယ်၊ အကွက်ကျဲများဖြင့် ယက်လုပ်ထားသော လှောင်အိမ်ကြီး သဘောပင်။
တုပ်၏ထိပ်ဝမှာ တစ်တောင်မှ တစ်တောင့်ထွာခန့်အထိ ကျယ်သည်။ လုံးပတ်အရှည် သုံးတောင်ခန့်စီရှိသည်။
အကွက်ကျဲသော လှောင်အိမ်မို့ ငါးသေးသေးမွှားမွှားကို မမိ။ မိလိုက်လျှင်တော့ တစ်ပိဿာငါးဆယ်မှ ပိဿာ သုံးဆယ်ခန့်အထိ ငါးထွေ၊ ငါးကြောင်း၊ ငါးပတ်၊ ကသပေါင်း၊ ငါးအုံတုံ၊ ငါးရွေး စသော ငါးလတ်နှင့် ငါးကြီးများကိုသာ။
တံခါးဖွင့်ထားသော ငါးဝင်ပေါက်တွင် ကြိမ်မျှင်မျှင်သေးသေး သုံးချောင်းကို ခလုတ်အဖြစ် တပ်ဆင်ထား၏။
တံခါးအကျမြန်စေရန်နှင့် ဖမ်းမိသော ငါးကြီးများ တိုး၍ လွတ်ထွက်မသွားစေရန် တံခါးရွက်ပေါ်တွင် ကတော့ပုံ ရက်ထားသည့် ဝါးခွက်အတွင်း၌ အုတ်ခဲ၊ သံတုံး စသော အလေးများကို ထည့်ထား၏။
တုပ်ကို ရေစီးဘက်သို့ မျက်နှာဝလှည့်၍ ထောင်ရသည်။
အဲ … ငါးသွားလမ်းနေရာကို ရွေးတတ်ဖို့တော့ အဘဉာဏ်တို့လို ဝါရင့်တံငါသည်များသာ။
အများအားဖြင့် နွေအခါက နွားများသွားခဲ့သော လမ်းဟောင်းတွင် ထောင်လျှင် အကောင်းဆုံး။
တုပ်၏ ဘေးတစ်ဘက်တစ်ချက်တွင် ယင်းကာသကဲ့သို့ “နွားကာ”ကို ကာထားရ၏။ သို့မှသာ ရေသာအတိုင်း ဆန်တက်လာသော ငါးကြီးများ၊ တုပ်တံခါးဝသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာမည်။
ယခုပင် ပူတူးမ လာခေါ်နေပါပကော။
ငါးမိသဖြင့် တုပ်တံခါးကြီးအပေါ်မှ ကျလာကာ တုပ်ဝပိတ်သွားပြီ ထင်သည်။
“အဘရေ … အဘ၊ ကျုပ်တို့တုပ် ကျလို့တော့” တဲ့။
အဘဉာဏ်၏စိတ်ထဲမှ တိတ်တိတ်ကလေး ဆုတောင်းလိုက်မိသည်။ ငါးကြီးကြီးတစ်ကောင်လောက် မိပါစေ။ ဒါမှ မိုးတွင်းခြုံဖို့ ဂွမ်းစောင်ကြမ်း အညံ့စားလေးတစ်ထည်လောက် ဆကာကြီး သမဝါယမဆိုင်မှာ ဝယ်နိုင်မည်။
ဧရာဝတီမြစ်လယ်မှ ဝဲကြီးများနှင့် လှိုင်းများ တဟဲဟဲနှင့် စောင်းမာန်ထနေသည်။ လေရော မိုးပါ တသည်းသည်းဖြင့် ရွာချနေသည်။
(၃)
တုပ်အတွင်းမှာ မိထားသည်က ပါးစပ်ပြဲပြဲနှင့် ငါးပတ်ကြီးတစ်ကောင်။ အလေးချိန် ရှစ်ပိဿာလောက်တော့ ရှိမည်။
ပိဿာနှစ်ဆယ်ကျော် သုံးဆယ်ရှိသည့် ငါးရွေးကြီးတစ်ကောင်လောက်များမိလျှင် အကောင်းသား။
အို … ကိုယ်လိုချင်တိုင်းသာ ရနေလျှင်တော့ အခက်။ ဘာပဲဖြစ်ဖြစ် မိုးအေးအေးတွင် ခြုံဖို့ ဂွမ်းစောင်ကြမ်းညံ့ညံ့ကလေး တစ်ထည်လောက်တော့ ဝယ်နိုင်ပြီ။
မြေးအဘိုးနှစ်ယောက် ငါးပတ်ကြီးကို တစ်ယောက်တစ်လှည့် ထမ်း၍ ဝမ်းသာအားရ ပြန်လာကြသည်။
မိုးသက်လေပြင်းမှ အအေးဓာတ်သည် ဝမ်းမြောက်ပီတိဖြစ်နေကြသော သူတို့ မြေးအဘိုးကို မလွှမ်းမိုးနိုင်။
လမ်းခရီးကြုံတုန်း ကိုရင်ဘဂျမ်းအိမ်တော့ ခေတ္တဝင်ပြီး မိုးခိုဦးမည်။ ကိုရင်ဘဂျမ်း သံစူးသည်ကို သတင်းမေးရင်း ရေနွေးကြမ်းပူပူကလေးကိုလည်း သောက်ရင်း။
“လာကြဗျို့… လာကြ”
ခြေထောက်တွင် ပုဆိုးစုတ်ပတ်တီးဖြင့် ရစ်ပတ်ထားသော ကိုရင်ဘဂျမ်းက ငါးပတ်ကြီးတစ်ကောင် ထမ်းလာသော အဘဉာဏ်တို့ မြေးအဘိုးကို ဆီးကြိုလိုက်သည်။
ငါးပတ်ကြီးကို အိမ်ရှေ့ဖိနပ်ချွတ်တွင် ချထားလိုက်ပြီး အဘဉာဏ်က-
“မင်း သံစူးလို့ဆို၊ ပေတိုးကို ငါမေးကြည့်တယ်”
“ဟုတ်တယ် အဘဉာဏ်၊ လှေပျက်က သံချောင်းတစ်ချောင်းနှင့် တူပါတယ်။ ရွှံ့ထဲမှာ ထောင်ပြီး မြုပ်နေတာ ကျွန်တော်နင်းလိုက်တော့ စူးမိသွားတာပေါ့”
“တော်တော်များသွားသလား ဦးလေးဂျမ်း”
“သိပ်မများပါဘူး ကြွက်နီရာ။ ဒါပေမဲ့ အခုလို ရေကာတာမြေဖို့ပွဲမှာ တပျော်တပါး မနွှဲရတာတော့ နာတာပေါ့ကွာ”
“ဦးလေးဂျမ်းကသာ နွှဲချင်တာ။ အစ်ကိုဘသိန်းကတော့ ထုံးစံအတိုင်း ဆကာကြီးမြို့ သွားနေသတဲ့။မလာပါဘူး”
“စိတ်ချပါ ကြွက်နီရာ။ တော်တော်ကြာ ကောက်ညှင်းပေါင်းစားချိန်ကျတော့ မပျက်မကွက် ဆက်ဆက်ကြီး ကြွရောက်လာမှာပါကွာ။ ဟဲ … ဟဲ … ဟဲ”
ကိုရင်ဘဂျမ်းဘေးမှ မြေကရားအိုးမှာ လပေါင်းများစွာ မီးဖိုပေါ်တွင် အနေကြာခဲ့သဖြင့် အိုးမဲများထုထည်ကြီးမားစွာ စွဲကပ်နေပြီး အထစ်အထစ် ထနေ၏။ မြေကရားဘေးမှ လက်ဖက်ရည်အကြမ်းပန်းကန်ကလေးများမှာလည်း ထိုနည်းအတူ လက်ဖက်ဆီစွဲကပ်ပြီး အရစ်အရစ် ထနေ၏။ ဆေးကြောမရတော့။ တိုက်ချွတ် မရတော့။
ဒါမှ လက်ဖက်ရည်ကြမ်းက ပိုပြီး သောက်ကောင်းသည်ဟု အဘဉာဏ် ထင်သည်။
ကိုရင်ဘဂျမ်းသည် အပြင်တွင် မိုးတသည်းသည်း ရွာချနေသည်ကို ငေးမောကြည့်နေရာမှ-
“ဒီမှာ ကြွက်နီ၊ မင်းတို့ အခုမိလာတဲ့ ငါးပတ်ကြီးကို ကြည့်စမ်း။ သူ ဘာဖြစ်လို့ အခုလို ဖမ်းမိပြီး အသေခံသွားရသလဲ”
“ဘာပြောချင်တာလဲ ဦလေးဂျမ်း”
“အေး … ငါပြောချင်တာကို ဆုံးအောင်နားထောင်။ အနက်အဓိပ္ပာယ် နောက်မှာရှိတယ်။
မင်း စဉ်းစားကြည့်ပေါ့။ ဒီငါးပတ်ကြီးဟာ အမှတ်တမဲ့ဆိုရင် အချောင် သေရသလိုပဲ။ သူ့ကို ဘာအစာနဲ့မှ မျှားတာလည်းမဟုတ်။ တုပ်ထဲမှာ မြုံးလို ငါးစာထည့်ထားတာလည်းမဟုတ်။ ဘာအစာမှ မစားရဘဲ အချောင်အမိခံလိုက်ရသလိုပဲကွ”
“ဟုတ်တယ် ဦးလေးဂျမ်း။ တွေးကြည့်လိုက်တော့ သူ့ခမျာ ဘာမှ မစားရ မသောက်ရနဲ့ အမိခံရရှာတာဗျ”
အဘဉာဏ်ကမူ ဘာမျှမပြော။ ရေနွေးပူပူကို တစ်ကျိုက်ချင်းသောက်၍ ကိုရင်ဘဂျမ်း၏စကားကို နားထောင်နေသည်။
ကိုရင်ဘဂျမ်းကလည်း ရေနွေးတစ်ကျိုက်ကို သောက်ပြီး သူ့စကားကို ဆက်လိုက်သည်။
“အေး … တကယ်တော့ သူဟာ တစ်သက်လုံးအချောင်သမားကွ။ ပါးစပ်ပြဲသလောက် အစားကြီးတယ်။ ပြီးတော့ သူစားတာက ဇာတ်တူသား ငါးတွေ”
“ဟုတ်တယ် ဦးလေးဂျမ်းရာ။ သူစားတဲ့ ငါးတွေဟာ သူသာ မစားရင် အများကြီးအလေးချိန်စီးတဲ့ ငါးကြီးတွေ တစ်နေ့ ဖြစ်လာမှာဗျ။ သူ့ဗိုက်ကို ခွဲလိုက်ရင် ငါးပေါက်အတော်ကြီးကြီးမားမားကလေးတွေ အကောင်လိုက်မျိုထားတာ အမြဲလိုလို တွေ့ရတယ်”
“အဲဒါကြောင့်ပေါ့ ကြွက်နီ၊ ငါးပတ်ဆိုတာမျိုးဟာ တစ်ပိဿာစားလို့ တစ်ဆယ်သားအလေးချိန်တိုးလာတဲ့ ငါးမျိုးလည်း မဟုတ်။ သူစားလို့ ဆုံးရှုံးသွားတဲ့ ငါးပေါက်ကလေးတွေ အနမတဂ္ဂ”
“ဟုတ်တယ် ဦးလေးဂျမ်း၊ ဟုတ်တယ်”
“အဲ … ဒါပေမဲ့ သူဟာ ဇာတ်တူသားစားလို့ တဖြည်းဖြည်း အသားအရေ တိုးပွားပြီး ကြီးထွားလာတယ်။ အခုလည်း ရေစီးကြမ်းကို မဆန်ဘဲ ရေသာခိုပြီး ကူးလာတယ်။ ငါးကလေးတွေ ဖမ်းစားဖို့ လာတယ်လေ”
“ဟုတ်တယ် ဦးလေးဂျမ်း”
“ကြမ်းတမ်းတဲ့ ရေစီးကြမ်းကို အပင်ပန်းခံပြီး ဆန်မတက်ဘူး။ ရေသာတဲ့ ကမ်းပါးစပ်ကလာတော့ သက်သာတယ် မဟုတ်လား။ ဒါကြောင့် ရေသာခိုတယ်ဆိုတဲ့စကား ဖြစ်လာတယ်လို့ ငါထင်တယ်”
“ဖြစ်နိုင်တယ် ဦးလေးဂျမ်း”
“အေး … ဒီလို တစ်သက်လုံး ဇာတ်တူသားစားပြီး အသားအရေတိုးလို့ ရေသာခိုလာတဲ့ အချောင်သမားအကောင်။ နောက်ဆုံးတော့ အဘဉာဏ်တို့လို ရေစီးကြောင်းကို နားလည်ပြီး သူတို့အကြောင်းကို ကောင်းကောင်းသိတဲ့ ဝါရင့်တံငါမျိုးနဲ့တွေ့တော့ တုပ်ထဲမှာမိပြီး အသေဆိုးနဲ့ ဇာတ်သိမ်းသွားရတာပေါ့ကွာ”
“ဟုတ်တယ်ဗျ … ဟုတ်တယ်၊ သူ့ပါးစပ်ကြီးက သူ့ကိုယ်လုံးတစ်ဝက်လောက် ရှိပြီး ပါးစပ်ပြဲသလောက် ဇာတ်တူသားအစားကြီးတဲ့ ငါးမျိုး။ စောစောသေတာပဲ ကောင်းတယ်ဗျာ”
ကိုရင်ဘဂျမ်း၏ စကားနောက်ကို တကောက်ကောက် လိုက်ပါလာရင်း ကြွက်နီက ညည်းညည်းညူညူပြောလိုက်၏။
ထို့နောက် ခေတ္တမျှ တွေ၍ စဉ်းစားပြီး-
“ဟာ … သိပြီဗျို့ … သိပြီ၊ စဉ်းစားကြည့်လိုက်တော့ ဦးလေးဂျမ်းပြောနေတာ အစ်ကိုဘသိန်းဟာ ငါးပတ်လို အကောင်စားလို့ ပြောချင်တာ မဟုတ်လားဗျ။ ဟီး … ဟီး … ဟီး”
“ဟ … ဘယ်ဆိုးလို့တုံး ကြွက်နီ၊ ငါပြောချင်တဲ့ လိုရင်းရည်ရွယ်ချက်ကို မင်း ကြိုတင်ပြီး ပြောနိုင်တာပဲ”
ကိုရင်ဘဂျမ်းသည် တစ်ချက်ပြုံးလိုက်ပြီး ရေနွေးကြမ်းတစ်ခွက်ကို မော့၍ သောက်လိုက်၏။ ထို့နောက် သူ၏စကားကို ဆက်လိုက်သည်။
“တကယ်တော့ ဘသိန်းလို အချောင်သမားကောင်ဟာ လူယောင်ဆောင်နေတဲ့ ရေသာခိုငါးပတ်ကြီးပေါ့ကွ။ ဟား … ဟား … ဟား”
ထိုအခါမှ အဘဉာဏ်က-
“အေးကွာ ဘဂျမ်း၊ မင်းတို့ပြောနေတာ စဉ်းစားစရာပဲ။ ငါးသာ တစ်သက်လုံး ဖမ်းလာတယ်၊ ငါဖြင့် တစ်ခါမှ ဒီလို မတွေးမိဘူး။ ဘသိန်းလည်း တစ်နေ့နေ့မှာ တို့လို ရေစီးကြောင်း နားလည်တဲ့ လူမျိုးနဲ့တွေ့ရင်တော့ အင်း …”
“အဘဉာဏ် … ဒီလိုကောင်မျိုးက ကျွန်တော်တို့ ရွာမှာသာ ဘသိန်း တစ်ယောက်တည်း တွေ့ရတာ။ မြို့ရွာအနှံ့အပြား ဘသိန်းတွေ အများကြီး ရှိသေးတယ်ဗျ”
“ဟေ … ဒီလိုဆိုရင် ဘသိန်းတွေ ပျောက်ကွယ်သွားတဲ့အထိမှ ငါ အသက်မီပါဦးမလားကွာ”
အဘဉာဏ်က စိတ်ပျက်လက်ပျက် ဝမ်းနည်းပန်းနည်း ပြောလိုက်၏။
ကိုရင်ဘဂျမ်း၏ မျက်နှာမှာ လေးနက်တည်ကြည်သွားပြီး အဘဉာဏ်အား စကားတစ်လုံးချင်း ပြတ်ပြတ်သားသားကြီး ပြောလိုက်သည်။
“ဘသိန်းတွေအတွက် ရေစီးကြောင်းနားလည်တဲ့ အဘဉာဏ်တွေလည်း တစ်ချိန်မှာ အများကြီးပေါ်လာမှာပါ။ တစ်နေ့တော့ ဘသိန်းတွေ ပျောက်ရမှာပေါ့။ အသက်အောင့်ပြီး တောင့်ထားလိုက်ပါဦး အဘဉာဏ်ရာ၊ အားမလျှော့လိုက်စမ်းပါနဲ့ဗျာ”
အပြင်မှာတော့ မိုးစဲစပြုလေပြီ။
ခဲသားပုပ် တိမ်မည်းညိုများအကြားမှ ထွက်ပြူဖြာကျနေသော နေခြည်နု၏ အလင်းရောင်ကိုပင် မြင်နေရပြီ။ ။
(ရှုမဝရုပ်စုံမဂ္ဂဇင်း၊ အတွဲ ၃၆၊ အမှတ် ၄၂၅၊ အောက်တိုဘာ၊ ၁၉၈၂)
(နောက်ပိုင်း Facebook က စာတင်လို့မရတော့လျှင် စာဆက်ဖတ်နိုင်ဖို့အတွက် အောက်က Telegram ကို Joint ထားကြပါဗျ)