July 31, 2025
Uncategorized

ရဲနွယ်ကျား

ခင်မောင်အေး(မန္တလေး)
ရဲနွယ်ကျား

မိုးသည် သဲသဲမဲမဲ ရွာလျက်ရှိသည်။ စနေနေ့က စတင်၍ ရွာသည့်မိုး။ ယခု သုံးရက်တိုင်တိုင် ရှိနေပြီ။ ရေပါလိုက်သည်မှာလည်း အလွန်ပင်။ မိုးရေပေါက်ကြီးများကလည်း ကြီးမားလှသည်။

ပတ်ဝန်းကျင်တဝိုက်တွင် တဗြုန်းဗြုန်း တဒိုင်းဒိုင်း ရိုက်ခတ်မြည်ဟည်းလျက် ရှိသည်။ ဝင်းကနဲ၊ လင်းကနဲ မိုးထစ်ချုန်းလျက် လျှပ်ပန်းလျှပ်နွယ်များ ပြိုးပြက်နေသည်။

ကြို့ချောင်း၊ ကုန်းလယ်ရိုးနှင့် ကျားကိုက်မြောင်ကွင်းများတွင် ရေလျှံနေပြီ ဖြစ်သည်။ မျှော်လေရာ ရှုလေတိုင်း ရေပြင်က ဖွေးဖွေးလှုပ်လှုပ်ရှိသည်။

ရေဝေကုန်းတန်းများဆီမှ တောင်ကျရေများသည်လည်း မြေပြန့်တောင်ခြေသို့ တဝေါဝေါ ထိုးကျစီးဆင်း နေသည်။

ရဲနွယ်ချောင်းကမူ ဒေါမာန်ပြင်းထန်သော မြွေဟောက်တကောင်လိုပင် ပြင်းထန်သောရေစီးသံ ဟိန်းဟိန်းညံလျက် ဝါးလုံးထိုး စီးဆင်းနေသည်။

ဘိုင်းဒါးတို့လို၊ ရဲနွယ်တို့လို ချောင်းကြီးများကလည်း ရေစီးပြင်းထန်သည်။ တောင်ဘက်ပိုင်းတွင် ကောလိယတို့လို၊ ဘောနီတို့လို ချောင်းများသည်လည်း မိုးကာလတွင် ရေစီးပြင်းသည်။

ရဲနွယ်ကမူ အဓိကချောင်းကြီးဖြစ်သည်။ ရဲနွယ်တို့ မာန်ဖီစီးဆင်းလာပြီဆိုလျှင် ဝါးဖောင်၊ သစ်ဖောင်သမားများ အသက်လု၍ စုန်ကြရသည်။

သို့စေကာမူ ဝါးခုတ်သမား၊ တောသမား၊ တောင်သမားများက ရဲနွယ်တို့၊ ဘိုင်းဒါးတို့ကို မှီ၍ အသက်ရှင်ကြရသည် မဟုတ်ပါလား။

တောင်ရိုးပေါ်သို့တက်၍ ကျားမကြောက်၊ ငှက်မကြောက်၊ နေ့မရှောင် ညမရွေး သစ်ခုတ်၊ ဝါးခုတ် ကြရသည်။ အစာရေစာ ရိက္ခာအပြည့်အစုံ စုဆောင်း၍ တလသီတင်းခန့် တောင်ပေါ်သို့ သွားရောက် စခန်းထောက်၍ ဝါးခုတ်ကြရသည်။ ဝါးကြီးဝါးကောင်းရအောင် တောထဲ တောင်ထဲအထိ သွားရသည်။

ဖွတ်ကျားချောင်းတဝိုက် ဝါးပိုးမြောင်တဝိုက်အထိ တက်ကြရသည်။ ဝါးများကို တောင်ပေါ်အထိ တက်ခုတ် ချောင်းရိုးအတွင်း ဆွဲချ။ ပြီးတော့မှ ဖောင်ဖွဲ့၍ ရဲနွယ်ချောင်းအတိုင်း စုန်ဆင်းကြရသည်။

ပြွန်တန်ဆာ တောင်ဘက် ရန်ကုန်-မန္တလေး ကားလမ်းအနီးတွင် ကမာဖရုံရွာရှိပြီး ကမာဖရုံရွာ ဖောင်ဆိပ်တွင် ဝါးဖောင်ကို ကပ်ရသည်။

သည်ဖောင်ဆိပ်တွင် ဝါးပွဲစားက စုစည်းကောက်ယူ၍ မော်တော်ယာဉ်များနှင့် ရန်ကုန်အထိ သယ်ဆောင်ရောင်းချသည်။ စင်စစ် ဝါးခုတ်သမားများအတွက် အကျိုးကျေးဇူး သိပ်ပြီး များများစားစား ရှိသည်ကား မဟုတ်ပါချေ။

ငွေရှင် ဝါးပွဲစားထံမှ တောတက်ဝါးခုတ်ရန်အတွက် ကြိုတင်စပေါ်ငွေ ယူထားခဲ့ရပြီး ဖြစ်ပါသည်။ ကြသောင်းဝါးတလုံးကို နှစ်ကျပ် ခုနစ်ဆယ့်ငါးပြားခန့် လက်လီရောင်းဈေး ရှိသည်။ ဝါးခုတ်သမားအတွက်မူ ဝါးတလုံး တကျပ်ခန့်သာ ရသည်။

ဝါးတရာ ငွေတရာ ကြိုတင်စပေါ်ယူ၍ တခေါက် စုန်လျှင် ဝါးသုံးရာ့ငါးဆယ်လောက် ပါအောင် အတော်ကြိုးစားရသည်။

တောထဲ တောင်ထဲမှာ လူကို အန္တရာယ်ပြုမည့် အမဲကြီးများနှင့် တိုးမိနိုင်သည်။ ရိုးမငှက် သင့်နိုင်သည်။ သို့တစေ ဝါးခုတ်ဓားမတချောင်းသာ တတ်နိုင်ရှာသော လက်လုပ်လက်စား ဝါးခုတ်သမားများအဖို့မူ ရိုးမနှင့် အဆွေခင်ပွန်းဖွဲ့လျက် သက်မွေးဝမ်းကျောင်း ပြုကြရသည်။

ယခုပဲကြည့်လေ။ ဝါးဖောင်ဖွဲ့ပြီးပြီ။ တောင်ကျချောင်းရေများကြောင့် ဝါးဖောင် မျောပါမသွားရအောင် ကမ်းပါးစောင်းတွင် တင်၍ ခိုင်ခိုင်ခံ့ခံ့ ချည်တုပ်ထားရသည်။ တောင်ကျရေ ငြိမ်သွားလျှင် ရဲနွယ်မှ စုန်ဆင်းရန် အသင့်စောင့်ဆိုင်းနေကြသည်။

မိုးသည်း၍ သုံးရက်ခန့် နှောင့်နှေးသွားခဲ့ကြသည်။

စားစရာရိက္ခာက ပြတ်ပြီ။ မျှစ်ပြုတ်နှင့် ဝမ်းမီးငြိမ်းအောင် ပြုလုပ်ရသည်။ ဆားပင် ကုန်လုနေပြီ။ နောက်တနေ့ဆိုလျှင် ဘာမျှ ကျန်တော့မည် မဟုတ်သည်က အသေအချာဖြစ်သည်။

မိုးက ယနေ့ညပိုင်းမှာ စဲသွားသည်။ တောင်ကျရေလည်း တန့်သွားသည်။

ချောင်းရိုးကထွက်လျှင် ရဲနွယ်ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်မည်။

နံနက်အရုဏ်တက်ပြီး အလင်းရောင်ပျိုးသည်နှင့် ဂျပန်တို့တသိုက် ဝါးဖောင်ကို စုန်ကြမည်။ ဝါးခုတ်သမား သုံးယောက်ဖြစ်သည်။ ဂျပန်၊ ဇော်မင်းနှင့်
မြင့်စိုးတို့ ဖြစ်ကြသည်။

ဂျပန်က သည်အဖွဲ့မှာ ခေါင်းဆောင်၊ ဂျပန်တက်စမှာမွေး၍ သူ့အမေက ဂျပန်ဟု မှည့်ထားသည်။ ဖောင်တော်အနီးက ဆားကျင်းရွာသားများ ဖြစ်ကြသည်။

တကိုက်လျှင် ဝါးလေးရာစီ ပါသည်။ ဝါးလေးရာပါ ဝါးဖောင် သုံးတွဲကို မီးရထားလိုတွဲ၍ ဖွဲ့ထားသည်။ ဂျပန့် ဖောင်က ရှေ့ဆုံးက။ ဂျပန့်ဖောင် နောက်မြီးမှာ မေးတင်၍ ဇော်မင်း ဖောင်။ ပြီးတော့ မြင့်စိုး ဖောင်။

xxx xxx xxx xxx

အရုဏ်၏ ရောင်နီမပြုတတ်သေး။ ညဉ့်၏အမှောင်ငွေ့များ ကင်းစင်ခြင်း မရှိသေးသဖြင့် အေးချမ်းရွာ အနောက်ဘက် ဗျိုက်တောသည် မှောင်လျက်ရှိသည်။ အမှောင်ရိပ်ကြောင့် ပတ်ဝန်းကျင်ကို မမြင်ရစေကာမူ ရေပြင်ဖွေးဖွေးက အမှောင်တွင်းမှာပင် ဝိုးတဝါးလင်းနေသည်။

ညက မိုးစဲသွားပြီးနောက် ရေများဆုတ်သွားသည်။ ဖွေးဖွေးလှုပ်နေသော မြစ်ပြင်ကျယ် ရေပြင်ကြောမှာ ကျွန်းမျောများလို မြေသားပေါ်လာသည်။

ကုန်းတန်းခင်ကြောဆက်များနှယ် ရဲနွယ်၏ ကမ်းပါးအထိ ဆက်စပ်လျက်ရှိသည်။

ဗြိုက်တော၏ အမြင့်ပိုင်း ရေလွတ်ရာ မြေကွက်လပ်မှာ စိတ်ပျက်လက်ပျက် လဲလျောင်းလျက်ရှိသော ဟင်းမျိုးက အမြီးကို ဆတ်ကနဲ လှုပ်ယင်း ဦးခေါင်းကို ထောင်ကြည့်လိုက်သည်။ သုံးရက်လုံးလုံး ရေပတ်လည်ဝိုင်းလျက်ရှိသည့် သည်ဗြိုက်တောအတွင်းမှ ဘယ်လိုမျှ မထွက်နိူင်ပဲ လဲလျောင်းအိပ်စက်နေရ သည်ကြောင့် စိတ်လက်ညစ်ကျူနေသည်။ ဒေါမာန်ပြင်းထန်၍ မွတ်သိပ်ဆာလောင်လျက်လည်း ရှိသည်။

ရိုးမပေါ်မှ တောင်ခြေသို့ ဆင်း၍ သားကောင်ရှာယင်း ဗြိုက်တောတွင်းသို့ ဝင်ရောက်ခိုအောင်းခဲ့သည်။ မိုးက သဲသဲမဲမဲ ရေအိုးကွဲသလို သွန်၍ ရွာလိုက်သည်မှာ သုံးရက်လုံးလုံး။

ရိုးမကျားခမျာ ရေပတ်လည်ဝိုင်းလျက်ရှိသော ဗြိုက်တောအတွင်း၏ လှောင်အိမ်ထဲတွင် ပိတ်လှောင်ထားသည့်အလား ငုတ်တုတ်ကျန်နေရသည်။ ယခု မြေကွက်လပ်များကို တွေ့ရပြီ။ ရေလွတ်သော ကျွန်းကလေးများအတိုင်း တနေရာမှ တနေရာ၊ တကွက်မှတကွက် ခုန်၍ ခုန်၍ သွားလိုက်သည်။

တဝေါဝေါ မြည်ဟည်းသံများနှင့်အတူ ရေစီးလျက်ရှိသည့် ရဲနွယ်က ရိုးမကျားကြီး၏ မြင်ကွင်းတွင် ထင်းကနဲ ရောက်လာသည်။ ရဲနွယ်ချောင်းရေသည် ကမ်းပါးနှင့် ညီလုခမန်း ရှိနေသည်။ တောင်ကျချောင်းရေနှင့်အတူ မျောပါလာသော သစ်ကိုင်း သစ်ခက်များ၊ ပင်စည် ပင်ပြတ်များ ရေစီးတွင် ဝဲလှည့်မျောပါလာသည်။

ဟင်းမျိုးက ရေပြင်ကို စူးစူးစိုက်စိုက်ကြည့်လျက် တဒင်္ဂမျှ ငြိမ်သက်နေသည်။ မိုးသားမြူတိမ် ကင်းစင်လျက် ဥတုရာသီ ကြည်လင်နေပြီဖြစ်ရကား ရောင်နီသည် လှပစွာ လိမ္မော်ရောင်ဖြာ၍ ပျိုးလာသည်။ မြင်ကွင်းသည် အမှောင်ရိပ်များ ကင်းစင်၍ ကြည်လင်လာသည်။ မိုးရေဖြင့် ဆေးကြောသန့်စင်ထား သည့်နယ် ဗြိုက်တောသည်လည်းကောင်း၊ တောင်ခြေစုံမြိုင်သည်လည်းကောင်း မြသားမြရောင် စိမ်းစိမ်းစိုစို ရှိနေသည်။ ကျေးငှက်သာရကာများသည်လည်း မြူးရွှင်ပျစွာ အစာရှာယင်း ဝဲပျံလှည့်ပတ်နေကြသည်။

“ဟေ့ မြင့်စိုး၊ မင်း ဖောင်မြီးကို ထိုးဝါးနဲ့ကန်ပြီး ထိန်းပေး။ ကမ်းပါးနဲ့ ခွာထား။ ဇော်မင်းဖောင်ကို မြှောင်ပြီး မျောပေစေဟေ့”

“ညာဘက်ကမ်းပါးကိုခွာပြီး ရေလယ်ကို ထွက်ပေစေကွ၊ ရေစီးနဲ့အလိုက်သင့်မျှောချ”

“ရှေ့ကတုံးကို ဖောင်ဦးတိုးမယ်ဟေ့။ ထိုးဝါးနဲ့ လှန်ထုတ်”

“ဟုတ်ပြီဟေ့ … ဟုတ်ပြီ”

ရဲနွယ်ချောင်းလယ်မှာ ဂျပန်တို့ ဝါးဖောင်မျှော၍ စုန်လာသည်။ သည်ရေစီးနှင့်ဆိုက မာဖရုံဆိပ်သို့ နေမစောင်းမီ ကပ်နိုင်ပေလိမ့်မည်။ ညနေစာထမင်းကို ဖောင်ဆိပ်က ကြီးတော်ပူစူးတို့ဆိုင်မှာ ဗိုက်ကားအောင်စားနိုင်မည်က အသေအချာ။

ဖောင်ပေါ်မှာက ဝါးခုတ်သမားများ၏ စားအိုးစားခွက်များကို ပလတ်စတစ်စဖြင့် ကျစ်ကျစ်ပါအောင်ထုပ်၍ ကျကျနန တုပ်နှောင်ထားသည်။ သည်အထုပ်ကလွဲ၍ ဘာမှ ပါမလာကြ။

မိုးသည်းလွန်းသဖြင့် အခါတိုင်းလို လျှော်လာနိုင်ခြင်းများ၊ မျောတိုင်ခုတ်လာနိုင်ခြင်းများ ပြုလုပ်မလာနိုင်တော့။ သည်တခေါက်တော့ ဝါးချည်းသက်သက် ဖြစ်သည်။

ဖောင်တွဲသည် ရဲနွယ်ရေစီးအတိုင်း တငြိမ့်ငြိမ့် မျောပါလာစဉ်ခိုက်မှာ ဝမ်းဗိုက်ဟောင်းလောင်းနှင့် ဆာလောင်မွတ်သိပ်၍ ဒေါသထွက်လျက်ရှိသည့် ရိုးမကျားသည် ရဲနွယ်၏ အထက်ပိုင်းတွင် အသံဗလံများ ကြားရ၍ စူးစမ်းသောအကြည့်ဖြင့် လှမ်းမျှော်ကြည့်လိုက်သည်။

ရုတ်တရက်မူ တစုံတရာမျှ မမြင်ရတတ်သေး။ တဝေါဝေါ စီးဆင်းနေသော ရွှံ့နှစ်ရောင်ချောင်းရေနောက်ကျိကျိကိုသာ မြင်ရသည်။ ရန်သူလူသားတို့၏ အသံကိုမူ ကြားနေရပြီ။

တိုဝိုင်းဝိုင်း နားရွက်အစုံကို စွင့်၍ ဝင်းဝင်းတောက်မျှ မျက်လုံးများဖြင့် ရှာဖွေနေရာမှ ဝါးဖောင်ဦးကို မြင်ရပြီးနောက် ဖောင်ထက်မှာ ထိုးဝါးကိုယ်စီဖြင့် လူသားသုံးဦးကို တွေ့လိုက်ရသည့်အခါမူ ကြီးမားသော ကိုယ်လုံးကြီးကို မြေပြင်နှင့်ကပ်၍ ဝပ်ချလိုက်သည်။

ရေစီးအတိုင်း မျောပါလာသော ဝါးဖောင်သည် ဟိုအဝေးဆီမှနေ၍ ချောင်းအကြေသို့ တရွေ့ရွေ့ နီးကပ်လာသည်။

ရိုးမကျားကြီး ဝပ်စင်းလျှက်ရှိသော နေရာသည် သစ်ပင်ချုံနွယ်ကင်းစင်သဖြင့် ထင်းထင်းကြီး ဖြစ်နေသည်။

ဖောင်ဦးတွင် သစ်တိုသစ်စများ၊ ချောင်းတွင်းမှာမျောနေသော သစ်ကိုင်းများနှင့် တိုးမိ တိုက်မိခြင်း မရှိစေရန် ထိုးဝါးဖြင့် ကာကွယ်ရှင်းလင်း ဖယ်ရှားနေရသဖြင့် ကမ်းပါးပေါ်မှ ကျားကို ဂျပန်က ရုတ်တရက် မမြင်မိချေ။

သို့ဖြစ်စေကာမူ အလယ်ဖောင်မှ မြင့်စိုးက ဘေးဘီဝဲယာကို ကြည့်၍ လိုက်ပါလာခြင်းဖြစ်ရကား ကမ်းပါးပေါ်မှာ မိမိတို့အား စိမ်းစိမ်းကြီးကြည့်၍နေသော ဟင်းမျိုးကျားကြီးကို မြင်တွေ့လိုက်ရသည်။ ဦးခေါင်းမှ ဆံပင်မွေးညင်းများ ထောင်၍ ကြက်သီးများ တဖြန်းဖြန်းထသွားပြီး ချောက်ချားစွာ အော်ဟစ်လိုက်မိသည်။

“ကျား… ကျားဟေ့၊ ကုန်းပေါ်မှာ ရိုးမကျားကြီးဟ”

မြင့်စိုး၏ ငယ်သံပါအောင် အော်ဟစ်လိုက်သည့် အသံကြောင့် ဂျပန်နှင့် ဇော်မင်းတို့သာမက ရေစပ်ကမ်းပါးမှာ ဝပ်၍ စောင့်ဆိုင်းနေသော ဟင်းမျိုးပင် အထိတ်တလန့် ဖြစ်သွားသည်။

ဂျပန်က လက်ထဲမှ ထိုးဝါးကို ဖောင်ပေါ်သို့ ကမန်းကတန်း ပစ်ချလိုက်ပြီး ဖောင်ဦးတွင် ညှပ်ထားသော ဝါးခုတ်ဓားမကို ဆွဲကိုင်ထားလိုက်သည်။

နောက်ဆုံးဖောင်မှ ဇော်မင်းက တောတွင်းမှ ခုတ်လာ ခဲ့သော ရှားသားမျောတိုင်ကို ကိုင်သည်။ မှိန်းရိုးတပ်ရန် ရည်ရွယ်ခုတ်လာခဲ့ခြင်း ဖြစ်၍ အရှည်နှစ်လံခန့် လက်ဆကောင်းသော လက်နက်ကောင်းပမာ ဖြစ်သည်။

မြင့်စိုးကမူ ထိုးဝါးကို လက်ကမချသေး။ ကမ်းပါးသို့
ဖောင်ကပ်သွားလျှင် တွန်းထုတ်နိုင်ရန် အသင့်ပြင်ထားသည်။

သည်လိုနှင့် ဖောင်သည် ရဲနွယ်ချောင်းလယ်မှာ တရွေ့ရွေ့ စုန်နေသည်။

ဂျပန်တို့ကမူ အ ရေးကြုံလျှင် သက်လုံကောင်းအောင် အသင့်အနေအထားဖြင့် ဖောင်ပေါ်မှာ ကြံ့ကြံ့ခိုင်ရပ်ယင်း ကမ်းပါးမှ ကျားကြီးကို မမှိတ်မသုန် မျက်ခြည်မပြတ် ကြည့်နေရသည်။

ကျားသည် ရေလယ်တွင် တရွေ့ရွေ့ စုန်ဆင်းမျောပါ နေသော ဝါးဖောင်နှင့် လူများကို စိမ်းစိမ်းကြီးကြည့်ယင်းက လွှားကနဲ ခုန်လိုက်သည်။ ရေလယ်မှ ဖောင်ဆီသို့ ဦးတည်၍ ခုန်အုပ်လိုက်ခြင်း ဖြစ်စေကာမူ ကမ်းပါးနှင့် ဝါးဖောင်သည် အတော်ကြီး လှမ်းနေသေးသည်ဖြစ်၍ ကျားကြီးသည် ရဲနွယ်ချောင်းတွင်းသို့ ဝုန်းကနဲ ကျသွားသည်။

တဒင်္ဂမျှ ရေထဲသို့ နစ်မြုပ်သွားပြီးနောက် ရုတ်ခြည်း ပြန်ပေါ်လာသည်။ ပြီးနောက် ကြီးမားသော ကိုယ်လုံးကိုယ်ထည်ကြီးနှင့် မလိုက်အောင် ကျင်လည်စွာ ရေကူးလျက် ရေလယ်မှ ဝါးဖောင်ဆီသို့ ဇွတ်အတင်း ချဉ်းကပ်လာသည်။

တခဏမျှနှင့်ပင် ဝါးဖောင်ဘေးသို့ရောက်လာပြီး ကြီးမားသော ရှေ့လက်အစုံကို ဖောင်ပေါ်သို့ လှမ်းတင်လိုက်သည်။ ကြသောင်းဝါးလေးရာကို တွဲ၍ ဖောင်ဖွဲ့ထားသော ဝါးဖောင်သည် ပိဿာချိန်တရာခန့် အလေးချိန်စီးသော ဟင်းမျိုး၏ ဖိအားကြောင့် တဘက်စောင်းနင်း ဖြစ်သွားရသည်။

ဝါးဖောင်ဦးတွင် ခြေစုံရပ်လျက် အကဲခတ်နေသည့် ဂျပန်သည်ပင် ယိမ်းထိုး၍ လဲကျလုမတတ် ဖြစ်သွားသည်။ သို့ပင်ဖြစ်စေကာမူ ဂျပန်သည် ဝါးခုတ်ဓားမကို လက်ယာလက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် ရေထဲတွင်တဝက်၊ ဖောင်ထက်တွင် တဝက် ရှိနေသည့် ရိုးမကျားကြီး၏ အပါးသို့ လွှားကနဲ လွှားကနဲ ခုန်၍ ရောက်ရှိလာသည်။

အလားတူ ဇော်မင်းသည်လည်း ရှားနှစ်သားတုတ်ကို ကိုင်ယင်း ဂျပန်အနီးသို့ ပြေးလွှားရောက်ရှိလာသည်။ မြင့်စိုးကမူ ထိုးဝါးကိုထိုးယင်း ကမ်းပါးသို့ ဖောင်ကပ် မသွားအောင် ဖောင်ဦးသို့ ပြေးလာ၍ ထိန်းနေသည်။

ကျားသည် လူသားသုံးဦး၏ လှုပ်ရှားမှုကို မြင်လိုက်သည့်ခဏ ဒေါသတကြီးဖြင့် ဖောင်ပေါ်သို့ တကိုယ်လုံး ရောက်ရှိအောင် ရှေ့လက်အစုံကို အားပြုလျက် ဒေါသတကြီး လှမ်းတက်သည်။ ဒေါမာန်ပြင်းထန်စွာ လှုပ်ရှားခြင်းဖြစ်၍ ရုတ်တရက်ချက်ချင်း ဖောင်ပေါ်သို့ ရောက်လာနိူင်ခြင်း မရှိ။ ဖောင်သည် ကျား၏ လေးလံသော အလေးချိန်ကြောင့် ဗယ် ညာ လိမ့်လူးလျက်ရှိသည်။

ဂျပန်က အခွင့်ကောင်းကို လက်လွတ်မခံ ရေထဲတွင်တဝက် ဖောင်ထက်တွင် တပိုင်း ရှိနေသော ကျားကြီးအနီးသို့ ရဲရဲဝံ့ဝံ့ ချဉ်းကပ်သွားပြီး တင်းတောင်းတမျှ ကြီးမားလှသော ကျားကြီး၏မျက်နှာကို ဝါးခုတ်ဓားနှင့် လွှဲ၍ ခုတ်ချလိုက်သည်။ ကျားသည် ဂျပန်၏လက်မှ ဓားသွား မျက်နှာပေါ်သို့ ကျမလာမီ ဗယ်လက်ကို မြှောက်၍ လှမ်းပုတ်လိုက်သည်။ ထို အတွက် ဂျပန်၏ဓားသွားက ရည်မှန်းရာ ကျားကြီးမျက်နှာကို မခုတ်မိပဲ ကျား၏ လက်ဝဲလက်ဖဝါးကို ခုတ်မိလိုက်သည်။

လက်ဖက်ရည်ပန်းကန်ပြားတချပ်ခန့် ကြီးမားသော ကျားလက်ဖဝါးသည် ဝါးခုတ်ဓားမ၏ ထက်မြက်လှသော အသွားကြောင့် အဖျားပိုင်းတွင် တထွာခန့် ပြတ်ကျသွားသည်။

နာနာကျည်းကျည်း ဒေါမာန်ပြင်းထန်စွာ အာကိုခြစ်၍ ဟိန်းလိုက်သဖြင့် ကျားဟိန်းသံသည် ကြောက်ခမန်းလိလိ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ပဲ့တင်သံ ပြန်လာသည်ကြောင့် ချောက်ချားကြောက်မက်ဖွယ်ရာ ရိုးတွင်းခြင်ဆီ စိမ့်၍ ကြက်သီးမွေးညင်းများပင် ထလာသည်။

ဖောင်ဦးတွင် ထိုးဝါးကိုကိုင်ယင်း ဖောင်ကို ထိန်းလျက် လိုက်ပါလာသော မြင့်စိုး၏ ကြောက်လန့်တကြား အော်သံပင် ပေါ်ထွက်လာသည်။

ကျားသည် အသည်းခိုက်အောင် နာကျင်သွားပြီဖြစ်သည်။ တင်းပုတ်တလက်လို အားထားရသော ရှေ့လက်ဝါးတဘက် ဓားခုတ်ခံလိုက်ရသည့်အတွက် ဒေါသဟူးဟူးထန်၍ ဖောင်ပေါ်သို့ ကိုယ်လုံးကြီးကို ဝုန်းကနဲ ပစ်၍ တက်လိုက်သည်။

ဖောင်ထက်တွင် ခြေသုံးချောင်း ထောက်မိပြီ။ မိမိအား ဒဏ်ရာအနာတရဖြစ်အောင် ဓားဖြင့်ခုတ်လိုက်သော ရန်သူလူသားအား လက်စားချေရန် ဦးတည်လိုက်သည်။

ရေစီးအရှိန်ကြောင့် ဝါးဖောင်သည် ဗယ်ညာယိမ်းထိုးလှုပ်ရှားနေသည်။ သို့အတွက် ကျားသည် ၎င်း၏ကိုယ်ခန္ဓာကို ဟန်ချက်ညီအောင် ထိန်းနေရသည်။ စိတ်သွားတိုင်း ကိုယ်ခန္ဓာက မပါ။ လက်တဘက်ကလည်း ဒဏ်ရာကြောင့် ထောက်နိုင်ခြင်း မရှိ၍ ခြေကုပ်မမြဲပဲ ဟန်ချက်ပျက်ပြားလျက် ရှိနေသည်။

ဝါးလုံး တလုံးနှင့်တလုံး ပူး၍ ထိန်းတွဲထားသည့် ဝါးဖောင်ဖြစ်၍ မျက်နှာပြင်သည် ညီညွတ်ခြင်းမရှိ။ ရေလုံးများရိုက်၍ စိုနေသည့် ဝါးလုံးများထက်မှာ အလေ့အကျင့်မရှိသော ကျားခမျာ လူသားကို ရန်မူရန် မဆိုထားဘိ မိမိ၏ ကြီးမားသော ကိုယ်လုံးကြီးကိုပင် လဲကျမသွားစေရန် အနိုင်နိုင်ထိန်းနေရသည်။

“ဟေ့ … ရဲရဲသာဝင်ကွ၊ ဘာမှကြောက်မနေနဲ့။ မအေပေး ဟင်းမျိုး ဒဏ်ရာလည်း ရနေပြီ။ တို့ကို ခုန်အုပ်နိုင်ဖို့ထား။ သူ့ဘာသာသူ မနည်းရပ်နေရတယ်။ ဇော်မင်း … မင်းတုတ်ရှည်နဲ့ ခါးရိုးကိုဝင်နှက်ပစ်။ ငါ ဓားမနဲ့ မျက်နှာကို ဝင်ခုတ်မယ်။ ကျားဘသား ညီပစေဟေ့”

“ခုတ်သာ ခုတ်၊ ဟင်းမျိုး ရှေ့လက်တဘက် မရှိတော့ဘူး။ ငါ ခါးရိုးကို ကျိုးအောင်ဝင်ရိုက်မယ်။ တချိန်တည်း ဆော်ကြရအောင်ဟေ့ ဂျပန်။ တစ် … နှစ် … သုံး”

ဇော်မင်းသည် စကားအဆုံးတွင် ကျားကြီး၏ ဘေးသို့ လွှားကနဲ ရောက်လာသည်။ ဂျပန်သည်လည်း ဝါးခုတ်ဓားမကို လက်နှစ်ဘက်ဖြင့် စုံကိုင်ယင်း ကျား၏ ရှေ့တည့်တည့်သို့ ပြေးဝင်လျက် ကျား၏ နှာရောင်ကို ခုတ်ပိုင်းလိုက်သည်။

ဟင်းမျိုးသည် လက်ဘက်မှ လွှားကနဲ ခုန်ဝင်လာသော ဇော်မင်းဘက်သို့ ဆက်ကနဲ ကိုယ်ကိုလှည့်လိုက်သည့်အတွက် ဇော်မင်း၏ ရှားနှစ်သားတုတ်ချက်က ခါးရိုးနှင့် လွဲချော်သွားသည်။

ဂျပန်က လက်နှစ်ဘက်နှင့် စုံကိုင်၍ လွှဲခုတ်လိုက်သော ဓားချက်ကလည်း ကျားမျက်နှာနှင့် လွဲသွားသည်။ ကျားသည် ပါးစောင်ကိုဖြဲ၍ အစွယ်ဖွေးဖွေးပေါ်အောင် ဟင်းကနဲ ဟိန်းလိုက်သည်။

“အာ ဝေါင်း …. အာ ဝေါင်း”

ဂျပန်နှင့် ဇော်မင်းတို့ နှစ်ဦးစလုံး တဒင်္ဂမျှ ကြက်သေသေသွားသည်။ တောဘုရင် ဟင်းမျိုး ကျား၏ ဒေါမာန်သွင်း၍ ဟိန်းလိုက်သံသည် ရိုးမအခြေတွင် ပဲ့တင်ထပ်သွားသည်။

လူသားများက ကျား၏ ချောက်ချားဖွယ်ရာ ဟိန်းသံကြောင့် တွေဝေသွားသည်။

သည်အခိုက်မှာ ကျားသည် ဇော်မင်းရှိရာသို့ လှမ်းခုန်အုပ်လိုက်သည်။ မြောက်ကနဲ ခုန်လိုက်သဖြင့် ကျား၏ အလေးချိန် လွတ်သွားသည့်တခဏ ဝါးဖောင်သည် ရေပြင်ထက်သို့ ဘွားကနဲ ပေါ်တက်လာသည်။

ရေစီးအရှိန်က ဝဲလှည့်စီးဆင်းနေသည်ဖြစ်ရာ ရေလယ်တွင် ရေစီးကြောင်းအတိုင်း တရိပ်ရိပ် မျောပါလာသော ဝါးဖောင်သည် ကန့်လန့်လည်သွားသည်။ ကျားသည် လေထဲမှ ကျလာသည့်အချိန်တွင် ဦးတည်ရည်ရွယ်ရာ ဇော်မင်းထံသို့ မအုပ်မိတော့ပဲ ဝါးဖောင်အစွန်းသို့ ကျသွားသည်။

ကြီးမားလေးလံသော ကျား၏ ခန္ဓာကိုယ်သည် ဝါးဖောင်ထက်သို့ ဝုန်းကနဲ ပစ်ကျလိုက်သည်နှင့် တပြိုင်နက် ဖောင်သည် ရေထဲသို့မြုပ်ကျသွားပြန်သည်။ ကိုယ်ခန္ဓာကိုထိန်းလျက် မတ်မတ်ပြန်၍ မရပ်နိုင်မီတွင်ပင် ဂျပန်နှင့် ဇော်မင်းတို့က သူ့အနီးသို့ ရောက်လာပြန်သည်။

ဂျပန်သည် ဇော်မင်းကို မျက်ရိပ်ပြ၍ ရှေ့နည်းအတိုင်း ကျားကြီး၏ နှာရောင်ကို ဓားနှင့်လွှဲ၍ စုံခုတ်ချလိုက်သည်။

ဇော်မင်းကလည်း ကျား၏ နောက်ပိုင်းမှ ဇွတ်ဝင်၍ ကျားခါးဆစ်ကို တအားလွှဲရိုက်လိုက်သည်။

နာနေသောလက်ကို ဇွတ်ထောက်၍ ရှေ့လက်တဘက်ဖြင့် ဂျပန်၏လက်မှ ဓားကို လှမ်းပုတ်လိုက်သည်။ ဂျပန်၏လက်မှ ဓားက ကြီးမားပြင်းထန်သော ပုတ်အားကြောင့် လက်မှ လွတ်ကျသွားသည်။ သို့စေကာမူ ဇော်မင်းက နောက်ပိုင်းမှ ဇွတ်ဝင်၍ ရိုက်လိုက်သော ရှားနှစ်တုတ်ချက်က ကျား၏ ခါးဆစ်ရိုးကို ဗြောင်းကနဲမြည်အောင် ရိုက်ချိုးပစ်လိုက်နိုင်သည်။

ခါးဆစ်ရိုးကျိုးသွားသော ရိုးမကျားကြီးသည် ငှက်ပျောပင်ကို အမြစ်မှလှန်၍ ပိုင်းချလိုက်သည့်နှယ် ဗိုင်းကနဲ ဝပ်ကျသွားသည်။

လက်လှမ်းမီရာ ဂျပန်ကို ရှေ့လက်တဘက်ဖြင့် မမီမကမ်း လှမ်းပုတ်လိုက်သေးသည်ဖြစ်ရာ ပြင်းထန်သော ပုတ်ချက်ကြောင့် ဂျပန်သည်လည်း ဝုန်းကနဲ လဲကျသွားသည်။

ဇော်မင်းက ကျား၏နံဘေးသို့ အပြေးဝင်လျက် ဓားလွယ်ခုတ်အနေအထားမှ နေ၍ ကျား၏ နှာရောင်ကို ရှားနှစ်သားဖြင့် လှမ်းရိုက်လိုက်ပြန်သည်။

ရှေ့မှ ဂျပန်ကိုမဲ၍ သဲကြီး မဲကြီး လှမ်းပုတ်လျက်ရှိသော ကျားသည် အငိုက်မိသွားသည်။ ဇော်မင်းက လက်နှစ်ဘက်နှင့် စုံကိုင်လျက် တအားလွှဲ၍ ရိုက်လိုက်သော ရှားနှစ်သားတုတ်ချက်သည် ကျား၏ နှာရောင်ကို ကန့်လန့်ဖြတ် ရိုက်မိသည်။

ကျားသည် သည်တကြိမ်တွင်မူ ကြီးမားပြင်းထန်သော တူတလက်နှင့် ငယ်ထိပ်ကိုထုလိုက်သလို ဦးခေါင်းကြီးငုံ့လျှိုး၍ ဝပ်ကျသွားသည်။

“ဝေါင်း”ကနဲ “ဝေါင်း”ကနဲ ဒေါသတကြီး အဆက် မပြတ် ဟိန်းနေရုံမှလွဲ၍ လှုပ်ရှားခြင်း မပြုနိုင်။ ရှေ့လက်တဘက်ဖြင့် ဒဏ်ရာရရှိနေသော မိမိ၏နာရောင်ကို ပွတ်သပ်နေသည်။

ဂျပန်က လက်ထဲမှ လွတ်ကျသွားသည့် ဝါးခုတ်ဓားကို အပြေးအလွှားကောက်ယူလိုက်ပြီး ဦးခေါင်းကြီးကို ဗယ်ညာယမ်းလျက်ရှိသော ကျားကြီး၏အပါးသို့သတိဖြင့်ကပ်သွားသည်။

ကျားသည် ခါးရိုးကျိုးသွားပြီဖြစ်၍ ရန်သူကို ခုန်အုပ်နိုင်ခြင်း မရှိတော့ချေ။ နှာရောင်ကျိုးသွားပြီဖြစ်၍ ချွန်ထက်သောအစွယ်တို့ဖြင့် ရန်သူကို ခဲနိုင်ခြင်းလည်း မရှိတော့ပြီ ဖြစ်ရကား အနီးသို့တိုးဝင်လာသော ဂျပန်အား ဝပ်စင်းလျက်ရှိသည့် အနေအထားမှ ရှေ့လက်တဘက်ဖြင့်သာ လှမ်း၍ ပုတ်ယမ်းနိုင်သည်။

ဂျပန်က လှမ်းပုတ်လိုက်သော ကျား၏ လက်ကို သွက်လက်စွာတိမ်းရှောင်၍ ဓားဖြင့် လွှဲခုတ်လိုက်သည်။

ဝါးခုတ်ဓား၏ အသွားသည် မြည့်နေအောင်ထက်သည်။ တောင်ပေါ်တွင် အလေ့ကျပေါက်သော ထွာဆိုင်ခန့် ကြသောင်းဝါး၏ အရင်းပိုင်းကို တချက်တည်းနှင့် တိကနဲ ပြတ်သွားအောင် သွေးထားခြင်းလည်းဖြစ်သည်။

အသွေး၊ အသား၊ အကြော၊ အရိုးတို့ဖြင့် ဖွဲ့စည်းထားသော ကျား၏လက်မောင်းကို ခုတ်လိုက်သည့်အခါမူ ရိုးမကျား၏ လက်ယာလက်မောင်းရင်းမှနေ၍ တိကနဲပြတ်သွားသည်။

ရန်သူကို ခုခံကာကွယ် ပုတ်သက်ကိုက်ခဲခြင်း မပြုနိုင်တော့သည့် ရိုးမကျားသည် ယခုအခိုက်အတန့်တွင်မူ ကစားစရာ အရုပ်တရုပ်သဖွယ် ရှိနေပြီ။

xxx xxx xxx xxx

ဂျပန်တို့ဝါးဖောင် ကမာဖရုံဖောင်ဆိပ်ကို ဆိုက်ကပ်သည့် အခါ နေဝင်လုပြီ။ နေဝန်းနီနီသည် အနောက်ရိုးမပေါ်တွင် မေးတင်နေသည်။

အဝါတွင် အနက်စင်းများဖြင့် ကြီးမားခန့်ထည်သော ကျားကိုယ်လုံး ကိုယ်ထည်ကြီးက ဂျပန်တို့၏ ဝါးဖောင်ထက်တွင် ငြိမ်သက်လဲလျောင်းလျက် ရှိနေသည်။

ဒဏ်ရာအနာတရ ပြောပလောက်အောင် မရရှိပဲ ဓားတလက် တုတ်တချောင်းမျှနှင့် တောဘုရင် ဟင်းမျိုးမုဆိုးကို အနိုင်ယူ သုတ်သင်နိုင်ခဲ့သည့် ဂျပန်တို့အား လုပ်သားပြည်သူ ပရိသတ်က တအံ့တဩ ချီးကျူးထောမနာ ပြုကြသည်။

“သားရေပဲခွာရောင်းကွာ။ နှစ်ထောင် ပေးမယ်”

“အကောင်လိုက် လေးထောင်ပေးမယ်ဟေ့”

“ပိဿာချိန်နဲ့သာ ဖျက်ရောင်းပါကွာ။ ဒါမှ တို့အားလုံး မျှနိုင်တာပေါ့။ တပိဿာတဆယ်တော့ ပေးနိုင်တယ် မောင်”

တယောက်တပေါက် တိုးဝှေ့ဝိုင်းဝန်း ဆူညံလျက်ရှိသည်။

နေဝင်ပြီ။ အမှောင်က ရဲနွယ်တဝိုက်ကို လွှမ်းခြုံလာသည်။ ရဲနွယ်ချောင်းရေက ဂျပန်တို့၏ ဝါးဖောင်ကို တိုးဝှေ့ဖြတ်သန်း၍ တငြိမ့်ငြိမ့် စီးဆင်းသွားသည်။

ရိုးမတောင်ပေါ်မှ စီးဆင်းလာသော ရဲနွယ်ချောင်းရေသည် စစ်တောင်းမြစ်ဆီသို့အရောက် ဆက်လက်စီးဆင်းသွားလိမ့်ဦးမည် ဖြစ်သည်။

မည်သို့ပင်ဆိုစေ ရိုးမပေါ်မှဆင်းလာပြီး ရဲနွယ်အထိ ကျူးကျော်နှောင့်ယှက်လာသော တောဘုရင် ရိုးမဖွား ရဲနွယ်ကျားကို ဆားကျင်းရွာသားများက ညီညွတ်စည်းလုံးစွာ ရဲရဲဝံ့ဝံ့ သုတ်သင်ချေမှုန်းလိုက်သော သတင်းစကားက ကာလအတော်အတန်ကြာ သည်အထိ ပျံ့နှံ့သိကြားနေကြဦးမည် မဟုတ်ပါလား။

မိုးဝေ၊ ၁၉၈၄ ခုနှစ်၊ ဇန်နဝါရီ။

– ပြီး –

စာရေးသူ – ခင်မောင်အေး(မန္တလေး)

Leave a Reply

Your email address will not be published. Required fields are marked *