July 30, 2025
Uncategorized

ရွာအပြန် အရုဏ်ဦး

ပုသိမ်ရန်နောင်စိုး
ရွာအပြန် အရုဏ်ဦး

မိုးချုပ်စမှာ ရေပြည့်ရေငြိမ်ပြီး ည ၇ နာရီလောက်မှာ ရေကျဦးအချိန်ပင်။

အုန်းသီးတန်းသမားတွေ မောင်ဘိချောင်းရေပြင်ပေါ်သို့ လှေလှော်ကာ အလျှိုအလျှို ရောက်လာကြပြီး ရေကျဦးမှာ အုန်းသီးတန်း ပုစွန်ခပ်ကြဖို့ ပြင်ကြဆင်ကြပြီ။

တော်သလင်းလဆန်း ငါးရက်နေ့ည လကွေးကွေးလေး၏ အလင်းရောင်မှာ မှုန်မှုန်လေးသာ လင်းနေပေမယ့် ညရှစ်နာရီလောက်မှာတော့ အနောက်ရိုးမကြီးတစ်ဘက်သို့ လကွေးကွေးလေး ဝင်ရောက်ပျောက်ကွယ်သွားပေလိမ့်မည်။

သည်တော့ မောင်ဘိချောင်းရိုးတစ်လျှောက်ရှိ မောင်ဘိဝ၊ စစ်တန်း၊ ပိတောက်ပင်၊ အနန်းပင်၊ အိုးဖိုအထိ အုန်းသီးတန်း ပုစွန်ခပ်ကြသူတွေ၏ လှေဦးမှ တလက်လက် မီးရောင်များက မင်းမူကြီးစိုးနေသည့် အမှောင်ထုကြီးကို အန်တုဖက်ပြိုင်ကြပေတော့မည်။

ထိပ်သီးနှင့် ပိုးဥတို့ လင်မယားမှာ ထမင်းကို ဖွတ်မျို လိပ်မျို စားပြီး လက်ကိုပင် စင်စင်မသုတ်အား။ စစ်တန်းနှင့် ပိတောက်ပင်ရွာကြား နေရာဦးထားသည့် အုန်းသီးတန်းရှိရာသို့ လှေကို သေပြေးရှင်ပြေး လှော်လာခဲ့ကြသည်။

သည်လို မလုပ်လို့လည်း မဖြစ်။ အုန်းသီးတန်းဆိုသည်မှာ အချိန်အခါ ရာသီဥတုနှင့် ရေကိုကြည့်ပြီး လုပ်ကိုင်ရသည့် တံငါတို့၏ အလုပ်။ ပေါ့ပေါ့ဆဆလုပ်လို့ကတော့ လှေလှော်တာ လက်အံသေ၊ ဒိုင်းဝန်းခပ်ရတာ လက်မောင်းအောင့်၊ အိပ်ရေးပျက်တာသာ အဖတ်တင်မည်။

ရေပြည့်ပြီး ကျရေဆွဲတာနှင့် အုန်းသီးစိတ်တပ်ပြီးဖို့ အရေးကြီးသည်။ စိုးရိမ်စရာတစ်ခုတော့ ရှိသည်။ ပဲ့ကိုင်ရမှာက ပိုးဥ၊ အုန်းသီးတန်းမှာ ပိုးဥ တစ်ခါဖူးမှ ပဲ့မကိုင်ဖူးသေး။

လှေလှော်ကျွမ်းကျင်တိုင်း အုန်းသီးတန်းမှာ ပဲ့မကိုင်တတ်။ အုန်းသီးတန်းပဲ့ကိုင်မှာ လှေဦးမှ ဒိုင်းဝန်းခပ်သူ၏ အထာကို သိထားရမည်။ တန်းကြိုးလေးတွေ တစ်ခုနှင့်တစ်ခု အကွာအဝေးကိုလည်း သိထားရမည်။ ရေထဲသို့ တက်ချ၊ ရေပေါ်သို့ တက်ပြန်အနုတ်မှာ လုံးဝ ရေသံမမြည်စေရ။ လှော်တက်ရိုးနှင့် လှေနံ လုံးဝ မထိရ။ တဒုတ်ဒုတ်အသံ မထွက်စေရ။

အုန်းသီးတန်း ပင်မကြိုးကြီးနှင့် နှစ်တောင်ခန့် အကွာကနေ လှေကို တန်းတန်းမတ်မတ် ဖြည်းဖြည်းမှန်မှန်လေးသာ လှော်ရမည်။ ထိုသို့ လှေကို လှော်ရာတွင် နှေးလိုက်၊ မြန်လိုက် မဖြစ်စေရ။

လှေပဲ့ကိုင်သူရော ပုစွန်ခပ်သူပါ စကား မပြောရ။ အကြောင်းရှိလို့ ပြောပါက လေသံတိုးတိုးလေး နှင့်သာ ပြောရမည်။

နေ့လယ်က နေရာရွေးပြီး တန်းကြိုးတိုင် နှစ်တိုင်စိုက်၊ တန်းကြိုးတိုင် နှစ်တိုင်မှာ ပင်မကြိုးကြီးကို ချည်ပြီးနောက် အစမ်းလေ့ကျင့်ကြည့်ရာ ပိုးဥ ပဲ့ကိုင်သည်မှာ မဆိုးလှ။ လက်သာသလို တက်ချ တက်နုတ်လည်း သာသည်။ လှေပြေးနှုန်းလည်း မှန်သည်။

ပွဲမဝင်ခင် ပြင်ပက ကျင်းပ ဆိုသလို လေးငါးခေါက် အစမ်းလေ့ကျင့်ကြရာ အိုကေသလောက်တော့ ရှိသွားပြီ။

တကယ်တမ်း ပုစွန်ခပ်ဖို့ လှေလှော်မှ ဖိုးသင်းမျောက် ဖြစ်သွားရင်တော့လည်း မတတ်နိုင်။

တန်းကြိုးနေရာသို့ ထိပ်သီးနှင့် ပိုးဥတို့ ရောက်သွားတော့ တခြားအုန်းသီးတန်းသမားတွေလည်း ရောက်နှင့်နေကြပြီ။ အုန်းသီးစိတ် အစာတပ်နေကြပြီ။ တချို့ ပြီး၍ပင် နေကြပြီ။

လက်မတစ်ဆစ်ခန့် စိတ်လာသည့် အုန်းသီးစိတ်လေးတွေကို တန်းကြိုးသံချောင်းမှာ တစ်ခုချင်း ကျကျနန ထိုးစိုက်ပြီး လိုက်တပ်ရာတွင် ပိုးဥကပဲ့ကိုင်ပေးပြီး လှေဦးမှ ထိပ်သီးက လိုက်တပ်သည်။

ပင်မတန်းကြိုးအရှည်မှာ လက်လံငါးဆယ်ရှည်သော ကြောင့် အုန်းသီးဆံတပ်ထားသည့် တန်းကြိုးလေးတွေကလည်း ငါးဆယ်ပင် ဖြစ်သည်။ လက်လံတစ်လံကို အုန်းသီးတန်းကြိုးငယ် တစ်ကြိုးစီ ချည်ထားသောကြောင့် ငါးဆယ်တိတိပင် ဖြစ်သည်။

တချို့က လက်လံတစ်ရာအထိပင် တန်းကြိုးကြီးကို အရှည်ထားကြသည်။ တကယ်တမ်း ပုစွန်စားလာသည့်အခါ တန်းကြိုးငယ်တစ်ရာကို နိုင်အောင် ခပ်နိုင်သူ ခပ်ရှားရှား။

ပုစွန်ခပ် မကျွမ်းကျင်လို့ကတော့ သံချောင်းမှာ အုန်းသီးစိတ် တပ်လို့ မနိုင်အောင်ဖြစ်နေပြီး ရေထဲက ပုစွန်တွေကို အုန်းသီးနှင့် အလှူဒါနလုပ်သလိုသာ ဖြစ်နေပေမည်။

သံချောင်းများမှာ အုန်းသီးစိတ်တွေ တပ်လို့ပြီးသွားတော့ ပုစွန်ခပ်ဖို့အသင့် ဖြစ်သွားတော့သည်။ ဒါပေမယ့် အုန်းသီးစိတ်တွေကိုတော့ အပိုဆောင်းထားရသေးသည်။

အုန်းသီးစိတ် ကုန်သွားသည့် တန်းကြိုးမှာ ချက်ချင်းပင် အုန်းသီးစိတ်ကို အမြန်တပ်ပေးရသည်။

အုန်းသီးမှန်သမျှ ပုစွန်စာအဖြစ် အသုံးပြုနိုင်သော်လည်း အုန်းသီးအနုထက် ရင့်ရော်နေသည့်အုန်းသီးက ပို၍ကောင်းသည်။ အုန်းသီး အရင့်မှာ ပုစွန်အလွန်ကြိုက်သည့် အုန်းနို့များ စုဝေးနေတတ်ပြီး မာနေသောကြောင့် ပုစွန်အစား ပိုပြီးခံသည်။ သံချောင်းမှလည်း တော်တော်နှင့် ကျွတ်ထွက်မသွားနိုင်။

အုန်းသီးဆံနုနုကိုသာ အစာတပ်လို့ကတော့ တပ်လို့မနိုင်၊ အုန်းသီးမလောက် ဖြစ်ဖို့ကတော့ ကျိန်းသေနေသည်။

မောင်ဘိချောင်းရိုးတစ်လျှောက်မှာတော့ အုန်းသီးတန်းခပ်ကြမည့် ဒီဇယ်မီးရောင် နီကြောင်ကြောင်လေးတွေကတော့ သီတင်းကျွတ်မီးမျှောပွဲတော်ကြီးတစ်မျှ ဟိုမှ သည်မှ နေရာအနှံ့ ရွေ့လျားလင်းလက်နေကြပါပြီ။

“ဟဲ့. . . အစ်ကို သူများတွေ ပုစွန်ခပ်နေကြပြီနဲ့တူတယ်”

ချောင်းရိုးတစ်လျှောက် ရွေ့လျားနေကြသည့် မီးရောင်များကို ကြည့်ရင်း ပိုးဥက ထိပ်သီးကို လေသံနှင့် လှမ်းပြောလိုက်သည်။

“အေး. . . ဟုတ်မယ်ကွ”

အစီခံအထိ မီးစွဲနေသည့်ဆေးလိပ်တိုကို ရေပြင်ပေါ်သို့ ပစ်ချကာ လက်နားကြိုးကို ဖြည်းဖြည်းချင်းဆွဲဖော်ပြီး ပင်မတန်းကြိုးကြီးကို ဖမ်းကိုင်ထားလိုက်သည်။

“ကဲ… လှော်ပေတော့။ နေ့လယ်က လေ့ကျင့်ထားတဲ့ အတိုင်းနော်”

“အင်းပါ. . . စိတ်ချစမ်းပါ”

လှေက ပင်မတန်းကြိုးကြီး ဘေးနားကနေယှဉ်ပြီး ဖြည်းဖြည်းနှင့်မှန်မှန် စတင်ကာ ရွေ့လျားနေပါပြီ။

ဗွေဆော်ဦးတန်းကြိုးမှာ လက်မကြီးနှစ်ခုနှင့် ညှပ်ပြီး အုန်းသီးစိတ်ကို အားပါးတရ စားရင်းပါလာသည့် ဂါးတုပ်ကြီးကို မီးရောင်အောက်မှာ ရိပ်ခနဲ တွေ့လိုက်သည်နှင့် ဒိုင်းဝန်းနှင့် ထိုးခပ်လိုက်ရာ လက်ထဲမှာ နင့်ခနဲနေအောင် ခံစားလိုက်ရပြီး ဒိုင်းဝန်းကို လှေကတ်ခုပေါက်ထဲသို့ ပက်ထည့်လိုက်သည်။ လှေဝမ်းထဲမှာတော့ ဂါးတုပ်ကြီး၏ တဆတ်ဆတ်ခုန်နေသံက ထိပ်သီးနားထဲမှာ ဂီတသံစဉ်တစ်ခုပမာ သာယာ နာပျော်ဖွယ် ဖြစ်နေပါတော့သည်။

ပထမဦးဆုံးညမှာ ဗွေဆော်ဦးတန်းကြိုးက ဂါးတုပ်ကြီးကို ဦးဦးဖျားဖျား ရလိုက်သည်ဆိုတော့ သည်ညအဖို့ သူ့အတွက် ပုစွန်လမိုင်းကပ်ပြီဟု တံငါအတွေ့အကြုံအရ ထိပ်သီး တစ်ထစ်ချ မှတ်ယူလိုက်သည်။

သူ မှတ်ယူတွက်ဆထားသည့်အတိုင်း တကယ်ပင် ဟုတ်နေသည်။ တန်းကြိုးတိုင်းလိုလိုမှာပင် အုန်းသီးစိတ်ကို မက်မက်မောမောစားပြီး ပါလာနေသည့် ပုစွန်များကို မလွတ်တမ်း ဒိုင်းဝန်းနှင့် ခပ်ယူနိုင်ခဲ့သည်။

တန်းကြိုးတိုင်းက အုန်းသီးစိတ်ကို မလွတ်တမ်း စားပြီး ပါလာသည်တော့ မဟုတ်။ ဆက်တိုက် ပါလာသည်ကများပြီး နှစ်ကြိုးသုံးကြိုးလောက်သာ ပုစွန်မစားသည်ကို တွေ့ရသည်။

ပထမတစ်လားခပ်ပြီးသွားတော့ ဂါးတုပ်၊ ဆတ်တုပ်၊ လက်မဝါ၊ ကြံဆစ်၊ ဗိုက်ဝါ စသည်ဖြင့် ပုစွန်အကြီး၊ အလတ်၊ အသေး အားလုံးပေါင်း အကောင်လေးဆယ်နီးပါးတော့ ရှိလိမ့်မည်ဟု ထင်သည်။

အစမ်းလေ့ကျင့်ထားသည့်အတိုင်း ပိုးဥသည်လည်း အုန်းသီးတန်း ပဲ့ကိုင်ကောင်းတစ်ယောက် ဖြစ်နေပါပြီ။ မုန့်ဟင်းခါးသည်မလေးဘဝကနေ တံငါမယား ဖြစ်သွားတော့လည်း တံငါတို့၏ အတတ်ပညာကိုလည်း တတ်ထားရမည် မဟုတ်ပါလား။

မီးရောင်တွေကသာ ဟိုမှ သည်မှ ရွေ့လျားနေသော်လည်း ချောင်းတစ်ရိုးလုံး ပကတိတိတ်ဆိတ်ငြိမ်သက်လို့သာ နေပါသည်။ စကားပြောသံ၊ လှော်တက်နှင့် လှေနံထိသံ၊ ရေသံ ဘာဆို ဘာမှ မကြားရ။

အုန်းသီးတန်း ပုစွန်ခပ်ရာတွင် တိတ်ဆိတ်ငြိမ်သက်နေမှ ပုစွန်ပိုရသလို လှေဦးမှာ တင်ထားသည့် မီးတောင်းမှ မီးရောင်ကလည်း ရေပြင်ပေါ်သို့ တန်းတန်း ကျနေရမည်။ သို့မှသာ ပုစွန်ခပ်ယူသူက ပုစွန်ကို ဦးစွာမြင်ရပြီး ဒိုင်းဝန်းနှင့် မလွတ်တမ်း ခပ်ယူနိုင်မည်။

ပုစွန်ခပ်သူဆီသို့ မီးရောင်တန်း ကျနေပါက ပုစွန်ကလူကို ဦးစွာတွေ့သွားပြီး အုန်းသီးစိတ်ကို စားနေရာမှ ဆတ်ခနဲဆို နောက်ဆုတ်ခွာသွားမည်မှာ မုချ။

အုန်းသီးတန်း ပုစွန်ခပ်ရာ၌ တစ်လားပြီး တစ်ခါနားနေ၍ မဖြစ်။ တစ်လားပြီး တစ်လား မနားတမ်း ခပ်ရသည်။ အုန်းသီး စိတ်ကုန်သွားသည့် တန်းကြိုးသံချောင်းလေးမှာ အုန်းသီးစိတ် အသစ်ကို ထပ်ပြီးတပ်ပေးရသည်။ တစ်လားပြီး တစ်ခါနားနေလို့ကတော့ ပုစွန်ကို အုန်းသီးတွေ အလှူကြီးပေးနေသလိုသာ ဖြစ်နေပေလိမ့်မည်။

ပုစွန်ဆိုသည့် သတ္တဝါကလည်း မြစ်ထဲချောင်းထဲ အစုန် အဆန် မျောပါနေတတ်သည့် အသေကောင် အပုပ်အပွများကို ကြိုက်နှစ်သက်ကြသလို ချိုပြီးဆိမ့်သည့် အုန်းသီးကိုလည်း အလွန်ပင် ကြိုက်ကြသည်။

သည်လိုနှင့်ပင် ပိုးဥက ပဲ့ကိုင်၊ ထိပ်သီးက ပုစွန်ခပ်နှင့် တစ်လားပြီးတစ်လား ခပ်ကြရာ ဘယ်နှစ်လား ခပ်လိုက်မိမှန်းပင် မမှတ်မိ။ ရေစီးက ကြမ်းလာတော့သည်။ ရေစီးကြမ်းလာပါက အုန်းသီးစိတ်ကို ပုစွန်အစားနည်းလာပြီး နောက်ဆုံး လုံးဝပင် မစားတော့ချေ။

သည့်တော့ အုန်းသီးတန်းခပ်ကြသူများ နားကြသည်။ ဆေးလိပ်သောက်သူက သောက်၊ ကွမ်းဝါးသူကဝါး၊ မုန့်ပဲသရေစာ ထမင်းစားသူကစား၊ ဟေးလားဝါးလားနှင့် စကားပြောသူတွေက ပြော၊ ဘယ်သူ ဘယ်လောက်ရသလဲနှင့် မေးသူကမေး စသည်ဖြင့် မောင်ဘိချောင်းရိုးတစ်လျှောက်မှာ ပြန်လည် အသက်ဝင်လာပြန်သည်။

ထိပ်သီးက တန်းကြိုးတိုင်မှာ လှေကိုချည်ထားလိုက်ပြီး အိတ်ကပ်ထဲက ဆေးလိပ်တစ်လိပ်ကို ထုတ်ယူကာ ပါးစပ်မှာတပ်ရင်း မီးခြစ်ကို ခြစ်ပြီး မီးညှိလိုက်သည်။

“တကထဲမှဘဲ ဆေးလိပ်ကိုချည်း မဲဖွာမနေနဲ့။ မီးတောင်းကို ဒီဘက်လှည့်လိုက်စမ်းပါ”

“ဘာလုပ်မလို့လဲဟ”

“ဘာလုပ်ရမှာလဲ၊ ပုစွန်တွေဘယ်လောက်ရသလဲဆိုတာ ကြည့်ချင်လို့ပေါ့”

ပိုးဥက စိတ်မရှည်သံနှင့် အော်လိုက်သည်။

သည်တော့မှ ထိပ်သီးက လှေဦးမှာတင်ထားသည့် မီး တောင်းကြီးကိုယူပြီး မြှောက်ပြလိုက်ရာ ဂါးတုပ်၊ ဆတ်တုပ်၊ လက်မဝါ၊ ကြံဆစ်၊ ဗိုက်ဝါ စသည့် ပုစွန်အကြီး အလတ် အသေး အရွယ်ရွယ် အစားစားတွေက လှေဝမ်းထဲ ရေစပ်ကျင်းလေးမှာ တစ်ကောင်နှင့်တစ်ကောင် တိုးဝှေ့နေကြသည်။ တဆတ်ဆတ်နှင့် ခုန်သည့်အကောင်ကခုန်၊ သူတို့၏ မျက်စိရှည်ရှည်များကိုထောင်ပြီး မီးရောင်ကိုကြည့်သည့် အကောင်က ကြည့်နှင့် ပုစွန်တွေက အများကြီး။

တံငါမယားပီပီ ပိုးဥရင်မှာ တလှပ်လှပ်နှင့် ပီတိလှိုင်းတွေက တဖျပ်ဖျပ်လှုပ်ခတ်လို့နေပါသည်။

ထိုပုစွန်တွေကို စလှောင်အိမ်ထဲမှာထည့်ပြီး လှောင်ရဦးမည်။ စလှောင်ထဲမှာ မလှောင်ဘဲ လှေဝမ်းထဲမှာ သည်အတိုင်း ထားပါက သေကုန်လိမ့်မည်။ သေတာချင်းအတူတူ ပုစွန်က ငါးလို တာရှည်အထားမခံ။

“အချိန်တစ်ဆယ်တော့ ကျော်မယ်ထင်တယ်နော်. . . အစ်ကို”

“အေးကွ. . . ငါလဲ အဲဒီလောက်တော့ မှန်းထားတယ် ဟ”

X X X X

ရေစီးကြမ်းလာပြီဆိုတော့ အုန်းသီးတန်းသမားတွေ နားကြသည်။ အိမ်နှင့် တဲနှင့် နီးသူတွေကတော့ ခဏပြန်ပြီး ဝေးသူတွေကတော့ လှေကြိုးချည်ကာ နားကြသည်။

လှေကို ဖြည်းဖြည်းသာသာ အားမစိုက်ဘဲ လှော်နေရသည်ဆိုပေမယ့် နှစ်နာရီကျော်ကျော်လောက် မနားမနေ လှော်နေရသောကြောင့် အနားယူလိုက်မှ လက်မောင်းလက်ဖျံတွေ အောင့်ပြီး တောင့်နေမှန်း ခုမှပင် ပိုးဥ သိရတော့သည်။ သို့ကြောင့် လှေနံနှစ်ဘက်မှာ ကပ်ထားသည့် ကတ်ခုများကို ခင်းကာ ပက်လက်လှန် အညောင်းဖြေနေသည်။

ပုစွန်ခပ်သူ ထိပ်သီးက ပိုးဥထက် ပိုပြီး ပင်ပန်းသည်။ ဒိုင်းဝန်းကို ရေထဲနှစ်လိုက်၊ ပါလာသည့်ပုစွန်ကို လှေဝမ်းထဲသို့ ပက်ထည့်လိုက်နှင့် တစ်ချက်ကလေးမှ အငြိမ်မနေရ။ ဘယ်လက်ကလည်း ပင်မတန်းကြိုးကြီးကို လျှောတိုက်ပြီး ကိုင်နေရသောကြောင့် လက်ဖဝါးတွေ ကြိမ်းစပ်နေပြီ။ ဒါတောင် နူးညံ့သည့် ချည်ပွကြိုးမို့။ နိုင်လွန်ကြိုးသာဆိုပါက လက်ဖဝါး ပေါက်ပြဲကာ သနီလန်သွားဖို့က များသည်။

ထိပ်သီးမှာ လက်ဖျံလက်မောင်းသာမက ဘေးကြောတွေပါ တင်းတောင့်နေသောကြောင့် ပိုးဥလိုပင် ကတ်ခုတွေကိုခင်းကာ လှေဦးပိုင်းမှာ ကျောခင်းရင်း ဆေးလိပ်တစ်တိုနှင့် မှိန်းနေသည်။ လင်မယားနှစ်ယောက် စကားမပြောဖြစ်ကြ။ အတွေး ကိုယ်စီနှင့်သာ ပင်ပန်းသမျှ အနားယူနေကြသည်။

မောင်ဘိချောင်းရိုးထဲမှာ အုန်းသီးတန်းသမားတွေ၏ အသံဗလံများနှင့် ဆူဆူညံညံပြန်ဖြစ်နေပါပြီ။ ငါးရက်လ ကွေးကွေးလေးက အနောက်ရိုးမကြီးတစ်ဘက်သို့ ပြေးဝင်ပျောက်ကွယ်သွားပြီမို့ မိုးကောင်းကင်ပြာပြာကြီးအောက်မှာ ငွေကြယ်ပွင့်ငယ်လေးတွေ ရေတွက်မကုန်နိုင်အောင် များပြားလှသော်လည်း မြေပြင်ပေါ်က ညဉ့်အမှောင်ကိုတော့ အလင်းရောင်တွေ မပေးစွမ်းနိုင်။ ညမှောင်မှောင်ထဲမှာ ညဉ့်လေရူးက ဟိုမှသည်မှ ကမူးရှူးထိုး တိုက်ခတ်နေပြန်သည်။

ရေသတ္တဝါထဲမှာတော့ ပုစွန်ဈေးက ထိပ်ဆုံးမှ စိန်ခေါ်ပြီး ပြေးနေတတ်သလို လူမျိုးဘာသာမရွေး ကြိုက်နှစ်သက်သည့် အစာလည်းဖြစ်သည်။ ပုစွန်ကို မစားသူ မကြိုက်သူဟူ၍ မရှိ။ လယ်ကွင်း၊ အင်းအိုင်၊ ချောင်းမြောင်း၊ မြစ်၊ ပင်လယ်ပါ မကျန် သူ့အမျိုးအစားနှင့်သူ ပုစွန်တွေ ရှိနေတတ်ကြသည်။

မိုးဦးကျ ချောင်းမြောင်းအင်းအိုင် လယ်ကွင်းများဆီသို့ ပုစွန်တွေ တပ်ဖွဲ့ချီကာ ချီတက်လာကြပြီး ဥချသားပေါက်ကြသည်။ ဒိုက်များ၊ သစ်ကျ၊ ချုံကျများ၊ သစ်မြစ်ခေါင်းများကြားထဲမှာ ပုစွန်တွေ ပျော်ပါးကျက်စားလေ့ ရှိကြသည်။

နေပူရှိန် ပြင်းထန်သည့် တော်သလင်းလမှာ ရေတိမ် သည့်နေရာမှာ ရှိနေသည့် ပုစွန်တို့မှာ နေပူဒဏ်ကို မခံနိုင်သဖြင့် အုပ်စုဖွဲ့ပြီး ရေနက်ရာအောက်ဘက်သို့ စုန်ဆင်းလေ့ ရှိကြရာမှာ အုန်းသီးစိတ်ကို ငတ်စားမွတ်စား စားမိကြသဖြင့် ဟင်းအိုးထဲသို့ ရောက်သွားခဲ့ကြသည့် ပုစွန်တို့မှာ ပိဿာပေါင်း သောင်းသိန်းမက ရှိပေလိမ့်မည်။

ပုစွန်ဆိုသည့် အကောင်မျိုးကလည်း တစ်မျိုးတစ်ဘာသာတော့ ထူးခြားနေသည်။ ငါးသတ္တဝါတို့မှာ ရေထဲ၌ ရပ်တန့်နေရာမှ ဘေးဘယ်ညာအထက်အောက် သွားလိုရာသို့ ရုတ်ခြည်း သွားနိုင်ကြသည်။ ပုစွန်ကတော့ သည်လိုမဟုတ်။ တစ်နေရာသို့ သွားမည်ဆိုပါက နောက်ဆုတ် အရှိန်ယူပြီးမှ သွားတတ်သည့်အကောင်မျိုး။

ပုစွန်မြှုံးအခင်ပေါက် ကျဉ်းကျဉ်းလေးထဲသို့ ဦးခေါင်းနှင့် မဝင်၊ နောက်ဆုတ်ပြီး အမြီးကနေ ဝင်လေ့ရှိသည်။ မြှုံးပေါက်ဝ အစာခွက်မှာ တပ်ထားသည့် ဖွဲနုစာကို နောက်ပြန်ဝင်ပြီး စားတတ်ကြသည်။ နောက်တစ်ကောင်ကလည်း နောက်ပြန်ဝင်လာကာ ဖွဲနုစာကို စားနေသည့် ပုစွန်ကို နောက်ဝင်လာသည့် အကောင်က အမြီးဖျားနှင့် မြုံးထဲသို့ခတ်ထုတ်ပြီး သူက အစာကို စားသည်။ သည်လိုနှင့်ပင် မြှုံးထဲသို့ တစ်ကောင်ပြီး တစ်ကောင် ရောက်ရောက်သွားကြတော့သည်။

ပုစွန်တုပ်ကြီးတွေကတော့ ရေအောက်နွံပြင်မှာ ခေါင်းစိုက်ပြီး အနားယူလေ့ရှိကြသလို ရေထဲမှာ မြုပ်နေသည့် သစ်ကျ၊ ချုံကျ၊ ကျောက်ကလိုင်၊ သစ်ခေါင်း၊ သစ်မြစ်များကြားမှာလည်း အစာဝပြီးနောက် ဇိမ်ယူနေလေ့ရှိကြသည်။

သည်လို အောက်ဘက် ရေနက်ရာအရပ်သို့ ပုစွန်လျောချိန်၊ အုန်းသီးတန်းခပ်ချိန်မှာ တံငါတွေ ပုစွန်အရများသောကြောင့် ပုစွန်ဈေး ထိုးကျသွားပေမယ့် အုန်းသီးတန်းတံငါများအဖို့တော့ တွက်ချေကိုက်လျက်ပင် ရှိသည်။

အုန်းသီးတန်းပုစွန်က အကောင်သန့်သည်။ လက်ညှိုး လက်မအရွယ်က အသေးဆုံး၊ သူထက်ကြီးသည့် အကောင်တွေကိုသာ အရများသည်။

ထို့ကြောင့် အုန်းသီးတန်းတံငါတွေ မမောနိုင်မပန်းနိုင် အိပ်ရေးပျက်ခံပြီး ဇွဲနပဲနှင့် ပေပြီး အုန်းသီးတန်းခပ်နေကြခြင်း ဖြစ်သည်။

ပုစွန်တွေဘယ်လောက်ပင်ရရ၊ လှေမြုပ်အောင်ပင်ရရ၊ မရောင်းရမှာတော့ မစိုးရိမ်နှင့် ဖောက်သည်ပဲ့ထောင်တွေ စက်လှေတွေကတော့ ချောင်းထဲမှာ အောတိုက်။

အုန်းသီးတန်းပုစွန်ကို တံငါတိုင်း မခပ်တတ်၊ ခပ်တတ်ရုံနှင့်လည်း မလုံလောက်သေး။ လျင်ဖို့၊ ကျွမ်းကျင်ဖို့၊ ပါးနပ်ဖို့၊ ပုစွန်တို့၏ သဘောသဘာဝကို အတွင်းကျကျ သိထားဖို့လည်း လိုအပ်သည့်အပြင် လှေပဲ့ကိုင်နှင့် ပုစွန်ခပ်သူ အပေးအယူမျှဖို့၊ အထာသိကြဖို့လည်း အထူးပင် အရေးကြီးသည်။

မိမိကျွမ်းကျင်သလို နိုင်နင်းသလို ပင်မတန်းကြိုးကြီးကို လက်လံတစ်ရာအထိပင် အရှည်ကြီးထားတတ်ကြသည်။ တန်းကြိုးလေးတွေကိုလည်း စိပ်စိပ်ထားတတ်ကြသည်။

မည်မျှပင် ကျွမ်းကျွမ်း လျင်လျင် အုန်းသီးစိတ်ကို စားနေသည့် ပုစွန်တိုင်းကို မရနိုင်။ တချို့ပုစွန်တွေက အကြိမ်ကြိမ်အခါခါ လွတ်မြောက်ခဲ့ဖူးသောကြောင့် လွတ်မြောက်ခဲ့ဖူးသောကြောင့် အုန်းသီးစိတ်ကို လက်မနှစ်ဖက်နှင့် ညှပ်ပြီး စားရင်း တန်းဖော်ရာမှာ ပါလာသော်လည်း ဒိုင်းဝန်းကို ရေထဲသို့ နှစ်ချလိုက်သည်နှင့် အုန်းသီးစိတ်ကနေ လက်မနှစ် ဖက်ကို ဖြုတ်ချပြီး ရေအောက်သို့ နောက်ဆုတ်ပြီး ပျောက်ကွယ်သွားလေ့ရှိသည်။

အုန်းသီးတန်းချမည်ဆိုပါက လက်သန်းတစ်ခြမ်း သာသာခန့် ပင်မကြိုးကြီးမှာ မိမိကျွမ်းကျင်နိုင်နင်းသလို ကြိုးကို ရှည်နိုင်သရွေ့ အရှည်ထားနိုင်သည်။ သတိထားရမည့် အချက်မှာ နိုင်လွန်ကြိုးကို မသုံးဘဲ နူးညံ့သည့် ချည်ကြိုးကိုသာ အသုံးပြုရမည်။

အုန်းသီးတပ်မည့် စီကြိုးလေးတွေကတော့ နိုင်လွန်ကြိုး၆ချည်၊ အရှည်က တစ်ထွာသာသာခန့်။ ထိုစီကြိုးတစ်ဖက်ကို ပင်မတန်ကြိုးကြီးမှာ မိမိကျွမ်းကျင်သလို အစိပ်အကျဲကိုလိုက်ပြီး ချည်ရသည်။

များသောအားဖြင့် လက်လံ တစ်လံစီခြားပြီး ချည်ကြသည်။ စီကြိုးအဖျား၌ သုံးမတ် သို့မဟုတ် တစ်လက်မသံကို နားပွင့်ရင်းကနေ ခိုင်ခိုင်ချည်ထားပြီး သံချွန်မှာ အုန်းသီးစိပ် လက်မတစ်ဆစ်ခန့် စိတ်ပြီး ထိုးစိုက်တပ်ထားရမည်။ ဒါဆိုလျှင် အုန်းသီးတန်း ပုစွန်ခပ်ဖို့ အသင့်ဖြစ်သွားပြီ။

ပုစွန်ခပ်ယူမည့် ဒိုင်းဝန်းခွေ အဝန်းကတော့ အချင်း နှစ်ပေခွဲ သုံးပေ ကြိုက်သလို သုံးနိုင်သည်။ ဒိုင်းဝန်းဖျင်သားမှာ ချည်သားဖြစ်နေပါက ရေစုပ်ရေငုံပြီး ဒိုင်းဝန်း လေးနေသဖြင့် ပုစွန်ရအောင် လျင်လျင်မြန်မြန်မခပ်နိုင်။ သို့ကြောင့် ရေမစုပ် ရေမငုံသည့် နိုင်လွန်ချည်သား ဒိုင်းဝန်းကိုသာ သုံးလေ့ရှိကြသည်။

လက်ကိုင်ရိုးတပ်ထားသဖြင့် ပေါ့ပေါ့ပါးပါး ပုစွန် ခပ်ယူနိုင်သည်။

ပုစွန်ခပ်ရာ၌ မီးတောင်း၏ အလင်းရောင်မှာ လူနှင့် ဒိုင်းဝန်းဆီသို့ မကျရောက်ဘဲ တန်းကြိုး စီကြိုးရှိရာသို့သာ တန်းတန်းမတ်မတ် ကျရောက်နေအောင် ပုံစံတကျ ထားရမည်။ မီးတောင်းမီးရောင်နှင့် ရေထဲက ပုစွန်ကို မြင်သာရုံလေးသာ ထားပြီး ပင်မတန်းကြိုးကြီးကို လက်သာသာနှင့် မပြီး ဖော်နေစဉ် အုန်းသီးစိတ်ကို စားကာ ပါလာနေသည့် ပုစွန်ကို ရေသံမကြားအောင် ဒိုင်းဝန်းနှင့် ရေမှာနှစ်ပြီး ခပ်ယူရမည်။

ပုစွန်က အစာမက်နေရာမှ ဒိုင်းဝန်း သူ့အောက်သို့ ရောက်လာသည်ကို သိလိုက်သည်နှင့် ထုံးစံအတိုင်း နောက်သို့အဆုတ်မှာ ဒိုင်းဝန်းထဲ၌ ကားခနဲ ပါသွားလေတော့သည်။

အုန်းသီးတန်းခပ်ရာတွင် ပုစွန်များများရဖို့ လှေဦးမှ ဒိုင်းဝန်းခပ်သူ တစ်ယောက်တည်း တော်ဖို့၊ တတ်ဖို့၊ လျင်ဖို့၊ ကျွမ်းကျင်ဖို့ချည်း မဖြစ်သေး။ ပဲ့ကိုင်သူနှင့်နားလည်မှု အပေးအယူရှိထားဖို့လည်း လိုသေးသည်။ လှေပဲ့ကိုင်၍ လှော်တက်ရိုးနှင့် လှေနံစောင်း တဒုတ်ဒုတ်ထိသံ၊ ရေသံ မထွက်စေရသလို
ပင်မတန်းကြိုးကြီးနှင့် တစ်ပြေးညီ ဖြောင့်ဖြောင့်တန်းတန်း လှော်ပေးရသလို လှေပြေးနှုန်းလည်း မှန်နေရမည်။ မြန်လိုက်၊ နှေးလိုက် မဖြစ်စေဖို့ သတိထားပြီး လှေကို လှော်ပေးရမည်။

ချောင်း၊ မြောင်း၊ လယ်ကွက်၊ အင်းအိုင်တို့အထဲမှာ တစ်မိုးလုံး ခိုအောင်နေသည့် ပုစွန်များ အောက်ဘက် ရေနက်ရာသို့ စုန်ဆင်းမည့်ရက်မှာ နှစ်စဉ် တော်သလင်း လဆန်းငါးရက်၊ ခြောက်ရက်ကနေ စတင်ဆင်းသည်ဟု ဆိုကြသော်လည်း ပုံသေတွက်ဆထား၍ မဖြစ်သေး။

ကောင်းကင်မှာ ရှိနေတတ်သည့် မိုးတိမ်မိုးသားများ အုံ့ဆိုင်း၊ မှိုင်းညို့နေမည်။ မိုးရွာနေမည်ဆိုပါက ပုစွန်တွေ အောက်ဘက်သို့ မဆင်းသေး။

တစ်နှစ်တလေမှာ သီတင်းကျွတ်ထဲသို့ ရောက်မှပင် ပုစွန် ဆင်းတတ်သည်။ ပုစွန်ခပ်လို့ အကြီးအကျယ် ရနေသည့်ရက်မှာပင် မိုးအုံ့နေမည်၊ မိုးရွာချလိုက်မည်ဆိုပါက ရုတ်ခြည်းပင် ပုစွန်တွေ ပျောက်သွားတတ်သည်။

အုန်းသီးတန်း ပုစွန်ခပ်ရာ၌ ရေသေရက်ကိုသာ ခပ်လို့ရပြီး ရေထရက်မှာ ပုစွန်မရ။ ရေပြည့်ပြီး ရေပြန်လျောနှင့် ရေစစ်ပြီး ရေပြန်တိုးမှာသာ ပုစွန်ခပ်ကြသည်။ ရေစီးသန် ရေစီးကြမ်းလာပါက ရပ်နားရသည်။

“အုန်းသီးတန်း ပုစွန်ခပ်တဲ့ အလုပ်ကလဲ မလွယ်ပါလား အစ်ကို”

“တကယ့်ကို မလွယ်တဲ့အလုပ် ပိုးဥရဲ့။ အချိန်အခါ ရာသီဥတုကို နားလည်ရသလို ရေကြောမြေကြောကိုပါ သဘောပေါက်ထားရမယ်။ လျင်မြန်ဖျတ်လတ်ပြီး ပုစွန်တို့ရဲ့အထာ၊ သဘောသဘာဝကိုလဲ သိထားဦးမှ၊ ဇွဲလဲ ရှိဦးမှ”

“အစ်ကိုကတော့ တံငါအလုပ်မှာ တကယ့်ကို ဖျံပဲနော်”

ပိုးဥက သူ့လင် ထိပ်သီးကို အပြတ်ချီးကျူးနေပါသည်။

“လူ့လောကကြီးထဲမှာ လူလာဖြစ်ပြီး လူတစ်လုံး သူတစ်လုံး ဖြစ်လာဖို့အရေး၊ ဘဝတစ်ခု ထူထောင်ဖို့အတွက် အလုပ်တစ်ခုခုကိုတော့ မဖြစ်မနေ လုပ်ရမှာဘဲလေ။ ကိုယ်လုပ်တဲ့အလုပ်မှာ အထူးအာရုံစိုက်ဖို့၊ ကျွမ်းကျင်အောင် အားထုတ်ကြိုးစားဖို့ လိုတယ်မဟုတ်လား။ ကိုယ်က တံငါဆိုတော့ တံငါအလုပ်မှန်သမျှ လေ့လာမှတ်သား ကြိုးစားထားရတာပေါ့ဟာ။ ဒါများ ဆန်းသလား”

“ဆန်းတာပေါ့ တော့”

“ပြောပါဦး”

“တံငါဆိုတာ လှေဦးစို စိုတုန်းလေးသာ စားရတယ်လို့ ပြောကြတယ်မို့လား။ ကျွန်မတို့ တံငါလင်မယားကတော့ လှေဦးစိုလဲ ဝဝစားတာပဲ… ၊ လှေဦးခြောက်နေလဲ တဝတပြဲ စားနေတာပဲ… ။ ပြီးတော့ ငွေတောင် စုမိသေး။ အဲဒါ ဆန်းမနေပေဖူးလား”

ရယ်စရာမဟုတ်ဘဲ ထိပ်သီးက အော်ပြီး ရယ်သည်။

“ဟောတော့ … ဘာဖြစ်သွားတာလဲ”

“ဘာမှ မဖြစ်ဘူး။ တမင်တကာ ရယ်တာ။ တံငါလှေဦးစို စိုတုန်းဆိုတဲ့ စကားဟာ တံငါဖျင်း၊ တံငါညံ့၊ တံငါမဆလာ၊ တံငါအသုံးမကျတွေအတွက် ထားရစ်ခဲ့တဲ့ ပုံခိုင်းခင်ဗျ။ ထိပ်သီး တို့လို တံငါတွေအတွက် မဟုတ်ဘူးဆိုတာကိုတော့ ကျွန်ုပ်၏ ချစ်သည်းမျက်ရှု မပိုးဥလေး ယုံကြည်ထားတော့ ယုံပါလော့”

“မှန်လှပါ မောင်မောင်ထိပ်သီး တံငါဘုရင်ကြီးရှင့်”

နှစ်ယောက်သား မျက်နှာချင်းဆိုင်ကာ ခွက်ထိုးခွက်လန် ရယ်လိုက်ကြလေတော့သည်။

X X X X

သည်နှစ်ကတော့ နည်းနည်းထူးခြားသည့်နှစ်။ ရေပြန်ဆွဲသည့် တော်သလင်းကနေ သီတင်းကျွတ် လဆုတ်ရက်အထိ အုန်းသီးတန်းသမားတွေ ပုစွန်ရနေကြ သည်။ တစ်နှစ်တလေ တန်ဆောင်မုန်းလကုန်အထိပင် ရတတ်ကြသည်။

တော်သလင်းလမှာ ထုံးစံအတိုင်း ပုစွန်ငါး ပေါသည့် လ ဖြစ်သောကြောင့် ပုစွန်ဈေး၊ ငါးဈေး ထိုးကျနေ သော်လည်း များများရနေကြသောကြောင့် တံငါတွေ တွက်ခြေကိုက်နေကြသည်။ တော်သလင်းတစ်လလုံးလုံး ရေသေရက်အတွင်း ညစဉ်ညတိုင်း ပုစွန်အချိန်တစ်ဆယ်ကနေ တစ်ဆယ့်ငါး၊ နှစ်ဆယ်အထိပင် ရနေကြသည် မဟုတ်ပါလား။

သီတင်းကျွတ်နှင့် တန်ဆောင်မုန်းမှာ အုန်းသီးတန်းပုစွန် အရနည်းသွားသော်လည်း ဈေးပြန်ကောင်းလာသောကြောင့် ပုစွန်များများရသည့် တော်သလင်းလမှာ ရသည့် ငွေလောက်ပင် မတိမ်းမယိမ်း ရနေကြသည်။

မောင်ဘိ၊ စစ်တန်း၊ ပိတောက်ပင်၊ အနန်းပင်၊ အိုးဖို စသည့် ဒေသခံ ပုစွန်တန်းသမားတွေကတော့ ရေထရက်မှာ နားကြပြီး လယ်ထဲဥယျာဉ်ထဲသို့ ဆင်းကြသည်။ ထိပ်သီးတို့ လင်မယားကတော့ မိုးမခကနေလာပြီး ပုစွန်ငါးရှာဖွေကြသူတွေဆိုတော့ ရေထရက်မှာ သူများတွေလို နားမနေဘဲ မောင်ဘိချောင်းရိုးတစ်လျှောက် လင်မယားနှစ်ယောက် ကွန်ပစ်ထွက်ကြသည်။

သည်တော့ သူတို့လင်မယားနှစ်ယောက်မှာ နေ့စဉ်ဝင်ငွေ ရှိနေသည်။

ပိုးဥ ကြီးတော်ကြီးအိမ်မှာ ကျယ်ဝန်းပြီး လွတ်လွတ် လပ်လပ် နေထိုင်ခွင့်ရနေပေမယ့် အိမ်ရှင်တွေကို အားနာရသေးသည်။ ကိုယ့်အိမ်ကိုယ်ရာ မဟုတ်၍ ပြောချင်တာပြော နေချင်သလိုနေလို့ မဖြစ်
သည် ရေသေရက်မှာ အုန်းသီးတန်း ပုစွန်ခပ်ပြီး မိုးမခသို့ပြန်မှ ဖြစ်မည်။

မိုးမခသို့ ပြန်ရောက်ပြီးနောက် ငါးသလောက်ပိုက်ကို ပြန်ပြီး ကိုင်ရဦးမည်။ ယခုအချိန်ဆိုလျှင် ငါးသလောက်တွေ ပြောက်တိပြောက်ကျားတိုးကာ စျေးကောင်းလည်း ရနိုင်သည်။

မောင်ဘိချောင်းထဲမှာ ရေသေရက် ညဘက်ပုစွန်ခပ်၊ ရေထရက်မှာတော့ နေ့ဘက်ကွန်ပစ် စသည်ဖြင့် နေ့စဉ် မနားမနေ ငါးပုစွန်ရှာဖွေရရှိထားသည့် ငွေနှင့် သူတို့လင်မယား တစ်ဆောင်းတစ်နွေ ထိုင်စားနေလို့ရသည်။

ဒါပေမယ့် ထိပ်သီးလို လူစားမျိုးကတော့ ဘယ်သောအခါမှ နားနေသည်ဟု မရှိ။ သူအပျင်းထူနေလည်း သူ့မယား ပိုးဥက လက်ခံမည် မထင်။

ထို့ကြောင့် “တံငါလှေဦးစို စိုတုန်း” ဆိုသည့် ရှေးလူ ဟောင်းတွေ၏ စကားကို ထိပ်သီးက ပြောင်းပြန်လှန်ပစ်ခဲ့သည် မဟုတ်ပါလား။

“ဟဲ့… အစ်ကို၊ ဂါးတုပ်တွေနဲ့ လက်မဝါတွေကို ဘာဖြစ်လို့များ စလှောင်ထဲထည့်ပြီး လှောင်နေရတာလဲ။ ဟိုမှာ ပုစွန်ကောက်တဲ့ ဖောက်သည်စက်လှေရောက် နေပြီလေ…”

“မိုးလင်းတာနဲ့ တို့လင်မယား မိုးမခကို ပြန်ကြမယ် မဟုတ်လား”

“အင်းလေ. . . အဲဒါ ဘာဖြစ်လဲ”

“ဘာဖြစ်ရမှာလဲ။ မင်းကို ငါ ခိုးပြေးတော့ မင်းအဖေက ငါ့ကိုပြောတာ မှတ်မိသေးလား”

“မမှတ်မိတော့ဘူး”

“ကိုယ်က တံငါဆိုတော့ ငါးညှီနံ့နံတယ်လို့ ပြောခဲ့ တာလေ”

“အဲဒါ ဘာဖြစ်လဲ”

“ဘာဖြစ်ရမှာလဲဟ။ မင်းနဲ့ ငါ ညားကြပြီး သုံးလ လောက်ကြာတော့ ပိဿာကျော် ငါးသလောက်ကြီးကိုဆွဲ၊ မင်းနဲ့ ငါ သွားကန်တော့ကြတော့ ယောက်ခထီးကြီးက ငါးသလောက်ကြီးကို ကြည့်ပြီး ပြုံးလို့လေ။ ကိုယ့်ကိုလဲ ငါးညှီနံ့ နံတယ်လို့ မပြောတော့ပါလား။ ဟီးဟီး … တော်တော်ဆိုးတဲ့ ယောက်ခထီးကြီး”

ပိုးဥက ထိပ်သီး ကျောပြင်ကို အုံးခနဲမြည်သွားအောင် ဗြောတင်ကာ ထုထည့်လိုက်သည်။

“အဲဒါနဲ့ ပုစွန်တွေ စလှောင်ထဲ ထည့်လှောင်တာနဲ့ ဟာဆိုင်လို့လဲ”

“ဆိုင်မှ ဆိုင်။ တို့ ရွာသစ်ကို ဖြတ်ပြန်ရမယ် မဟုတ်လား”

“အင်းလေ. . . ”

“ရွာသစ်ကိုရောက်ရင် မင်းမိဘတွေအိမ်ကို ဝင်မယ်။ ဂါးတုပ်ကတစ်ပိဿာ၊ လက်မဝါက တစ်ပိဿာ၊ အားလုံး နှစ်ပိဿာကန်တော့မယ်။ ဒီတော့ ယောက်ခထီးကြီးက ငါ့သမက်လေးကိုယ်က ငါးညှီနံ့မနံဘဲ မဉ္ဇူသကနတ်ပန်းလို မွှေးကြိုင်နေပါလားလို့ ကြားရချေသေး… ဟေး… ဟေး”

သည်တော့ ပိုးဥက သူ့လင်ထိပ်သီးကျောပြင်ကို ဒုတိယအကြိမ် ဗြောတင်လိုက်ပြန်သည်။

သည်တစ်ကြိမ်မှာတော့ ထိပ်သီးကအသားလွတ် အထု မခံ၊ ပိုးဥလက်ကလေးကို ဖမ်းကိုင်ပြီး သာသာလေး ဆတ်ခနဲ ဆောင့်ဆွဲလိုက်ရာ ပိုးဥကိုယ်လုံးလေးမှာ ထိပ်သီး ရင်ခွင်ထဲသို့ စွေ့ခနဲ ရောက်သွားလေတော့သည်။

“ဟို … ဟို … ဟိုမှာ ကြည့်နေကြပီ”

ပိုးဥ၏ အလန့်တကြား ပြောစကားကြောင့် ဖက်ထား သည့် ပိုးဥ ကိုယ်လေးကို ထိပ်သီးက အလျင်အမြန် လွှတ်ပေးလိုက်သည်။

“ဘယ်မှာလဲ … ဘယ်သူတွေ ကြည့်နေတာလဲ”

“ဟိုမှာလေ … မျက်လုံးတွေကို ထောင်နေတာပဲ။ မတွေ့ဘူးလား”

ဟုတ်ပါ၏။

ပိုးဥ လက်ညှိုးထိုးပြရာသို့ ကြည့်လိုက်တော့ ဖောက်သည်ပေးဖို့ ချန်ထားသည့် လှေဝမ်းထဲမှ ပုစွန်တွေက သူတို့၏ မျက်လုံးများကို ထောင်ပြီး ကြည့်နေကြသည်မှာ ဒီဇယ် မီးခွက်အလင်းရောင် နီကြောင်ကြောင်အောက်မှာ အထင်းသား မြင်တွေ့နေရသည် မဟုတ်ပါလား။

ထိုအချိန်မှာပင် ချောင်းရိုးတစ်လျှောက် ကသုတ်ကယက် ပြေးလွှားလာနေသည့် အရုဏ်ဦး၏ လေရူးက ကြည်စယ်ဆော့ကစားလိုက်သောကြောင့် သန်သတ်ရွက်တို့၏ ရယ်မောသံများမှာ သောသောညံသွားလေတော့သည်။

– ပြီး –

စာရေးသူ – ပုသိမ်ရန်နောင်စိုး

Leave a Reply

Your email address will not be published. Required fields are marked *