သန်းမြင့်သန်း (ကွမ်းခြံကုန်း)
ရွှေဖြစ်သွားသော ငါးမျှားချိတ်
“ဖိုးဆိတ်ရေ … နင့်ဘထွေး ခေါ်နေတယ်ဟေ့”
ထွေးလေး ဒေါ်တဆုပ်၏ စူးစူးရှရှအော်ခေါ်သံကို ကြားလိုက်ရ၏။
စီခနဲ ပေါ်လာသောအသံကြောင့် ဖိုးဆိတ် အာရုံနောက်သွား၏။ အရေးကောင်းတုန်း ဒိန်းဒေါင်းဖျက်ချေပြီ။
စိန်မြသည်ပင် ဖိုးဆိတ် အနီးမှ ခပ်ခွာခွာနေလိုက်ရ၏။ နှစ်ကိုယ်ကြား စကားစမြီ ပြော၍မှ မဝသေး၊ စိန်မြ အနားမှ အမြန်ထွက်ခွာခဲ့ရသည်။
“လာပြီ ထွေးလေးရေ … လာပြီဗျို့”
အိမ်သို့ အပြေးအလွှား ရောက်သွားပြီး ဘထွေးအနီးသို့ ခပ်ယို့ယို့ ဝင်ထိုင်လိုက်၏။ ဘထွေး ဦးကျောက်ခဲက သောက်လက်စ ရေနွေးကြမ်းပန်းကန်လုံးကို လင်ပန်းထဲသို့ အသာချကာ ဖိုးဆိတ်ကို စောင်းငဲ့ကြည့်ရင်း ဖျတ်ခနဲ မသိမသာ အကဲခတ်လိုက်ပြီး …
“လူလေး … လမ်းထိပ်က သံတိုသံစရောင်းတဲ့ ကုလားလေးဆိုင်ကို သွားစမ်းကွာ။ အဘ မှာထားတဲ့ ဂလူးကို့(စ်)ပုလင်းဖင်ချိတ်တဲ့ စတီးကိုင်းလေးတွေ ရသလောက် ဝယ်ချေ”
ဖိုးဆိတ် ခေါင်းစားသွား၏။ ဘထွေးနှယ် ကြံကြံဖန်ဖန် ဂလူးကို့(စ်)ပုလင်းကိုင်းတွေ ဝယ်ခိုင်းနေပြန်ပြီ။
ဘထွေးသည် ရေနွေးကြမ်းတစ်အိုး၊ ဖော့ဖြူဆေးပေါ့လိပ်ကြီးနှင့် အမြဲတမ်း စဉ်းစားခန်းဝင် တွေးတောရင်း ယခုလည်း မည်သို့သော စိတ်ကူးပေါက်နေပြန်ပါသနည်း။
မည်သို့ဖြစ်စေ၊ ဘထွေး ဆန်ချင်ရာသို့ ဖိုးဆိတ် ကျည်ပွေ့လိုက်ပါနေရပြန်ချေပြီကော။
ပိုက်အလုပ် နားသည်ဆိုရုံမျှသာ ရှိသေး၏။ တစ်မိုးတွင်းလုံး ရေသာတုံးပါရော၊ စိန်မြနှင့် တွေ့ဆုံဖို့ရာ တစ်ခါမျှ အရေးမသာခဲ့ချေ။ နားနားနေနေအချိန်ကလေးရခိုက်မှာပင် အခွင့်အရေးက အပြည့်အဝ မရ ဖြစ်ရပြန်ပြီ။
မိုးရိပ်လေရိပ် ကင်းသည်နှင့် ဆောင်း၏ အငွေ့အသက်များ တာစူစပြုလာ၏။ မြောက်ပြန်လေအသွေးနှင့် နှင်းမှုန်အစုအဝေးတို့ကား မြစ်ပြင်တစ်လွှားသို့ အစားထိုး ဝင်ရောက်လာချိမ့်မည်။
နွေနွေ၊ မိုးမိုး၊ ဆောင်းဆောင်း တိုးမြစ်ဝှမ်းတစ်ကြောမှ တံငါလူတန်းစား အများစုမှာ ဥတုရာသီ ပြောင်းသော်လည်း လက်လုပ်မှ ပါးစပ်လှုပ်နိုင်ကြရသည့် ဖြစ်စဉ်မှာ မည်သည့်အခါမှ ပြောင်းလဲသည် မရှိပါချေ။
“ကိုကျောက်ခဲနော်၊ ရှင့်တူတော်မောင်ကိုလည်း ပြောထားဦး။ အားအားရှိ စိန်မြတို့အိမ်ကိုချည်း သွားသွားနေတာ ချောင်းပေါက်တော့မယ်”
အိမ်ပုဏ္ဏားကွယ်ကို ကျောမှီရင်း ဦးကျောက်ခဲသည် ဒေါ်တဆုပ်ကို ကွက်ခနဲ ကြည့်လိုက်၏။
“မင်းမလည်း မိန်းမရယ်၊ ဖိုးဆိတ်က ကာလသားပေါက်ပဲ။ စိန်မြဆီသွားတာ အဆန်းမှတ်လို့။ လူငယ်ဘာသာဘာဝအတိုင်း ရှိတော့မပေါ့”
ဦးကျောက်ခဲစကားကြောင့် ဒေါ်တဆုပ် ဆောင့်ကြီးအောင့်ကြီး မျက်နှာထားနှင့် ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို ဆောင့်ကာဆောင့်ကာ ဖွာထုတ်ရင်း. . .
“သူ့ပြောတော့မှပဲ ကြက်တူရွေးက တော်တော်၊ မယ်ဘော်က ခပ်ကဲကဲ ဖြစ်နေပြီ”
ဦးကျောက်ခဲသည် မိန်းမ၏ စကားအပြောကို သဘောမကျ ဖြစ်သွား၏။ သဘောထားကို နားခါးသော်လည်း လေပြေထိုး၍ နားချနေရ၏။ ဖိုးဆိတ်နှင့် ပတ်သက်လျှင် အစစအရာရာမှာ ပြေရာပြေကြောင်းပင် ဖြစ်စေချင်သည်။
“မင်း စဉ်းစားကြည့်စမ်း မိန်းမ။ ဒီကလေးက တို့ရဲ့တူ ဖြစ်ပေမယ့် သားဆိုရင်လည်း မမှားဘူးလေ။ သူ့မိဘနှစ်ပါး ဆုံးသွားကတည်းက အသက်ရှင်အောင် ချေးကလူ သေးကလူ ပြုစုခဲ့ရတာ။
တို့မှာ သားထောက်သမီးခံ အရင်းအချာမရှိတော့ ဒီကလေးကိုပဲ လက်ပူတိုက်ပြီး ပိုးမွေးသလို မွေးခဲ့ရတာပေါ့။ ပလူမွေး ပလူတောင်ကို လူဖြစ်အောင် ကျွေးမွေးသုတ်သင်လာခဲ့ပြီးမှ ဝမ်းနှင့်မလွယ် သားမမည်တော့ မလုပ်ပါနဲ့ကွာ။ ဆိတ်နို့တိုက် မွေးခဲ့ရတဲ့ သံယောဇဉ်ကိုလည်း ထည့်တွက်ပါဦး”
သည်တော့မှ ဒေါ်တဆုပ် လေသံပျော့သွား၏။
“စေတနာဒေါသောနဲ့ ပြောတာပါတော်။ ငယ်ငယ်ရွယ်ရွယ်နဲ့ စောစောစီးစီး မိန်းမရသွားမှာစိုးလို့ပါ”
ဒေါ်တဆုပ်စကားကို ဦးကျောက်ခဲ အားပါးတရ ရယ်မောချလိုက်၏။
“ဟား… ဟား… ငါ့သား မိန်းမယူတော့ ချွေးမရတာပေါ့ကွ။ မြေးချီရတာပေါ့။ အချိန်တန် အရွယ်ရောက်ရင် သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်မှာ သဘာဝပဲမဟုတ်လား”
ပြောကာမှ ပိုဆိုးချေပြီ။ ဒေါ်တဆုပ်သည် ဆေးလိပ်ကြီးကိုသာ လက်ကြားညှပ်ကာ ဆူပွဆူပွ လုပ်နေဆဲပင်ဖြစ်၏။
သို့နှင့် ဦးကျောက်ခဲ မျက်နှာကို မျက်လုံးပြူးလျက် စူးစိုက်ကြည့်ရင်း…
“သဘာဝတော့ သဘာဝပေါ့။ ဖိုးဆိတ် မိန်းမယူရင် မင်္ဂလာဆောင်ပေးဖို့ ဘယ်မှာလဲ ပိုက်ဆံ။ ငွေကြေးလက္ခဏာ ရှားပါးလွန်းလို့ ပြောနေရတာ”
ဦးကျောက်ခဲ ခေါင်းခဲသွား၏။
မှန်တော့လည်း မှန်သည်။ တစ်မိုးတွင်းလုံး ကုန်းရုန်းပြီး ပိုက်ပစ်ဆင်းခဲ့ရာ ငါးသားရှားပါးလွန်းလှသဖြင့် စားရရုံမျှသာ ဖြစ်ခဲ့၏။ ငွေကြေး အပိုအလျှံဟူ၍ အဖတ်တင် ကျန်ရစ်ခဲ့သည် မရှိချေ။ သို့သော် ကိုယ့်ရှူးကိုယ်ပတ် အဖြစ်မခံနိုင်။ ဟန်ကိုယ့်ဖို့ လုပ်လိုက်ရသည်။
“လောကမှာ လူမသေ ငွေမရှားပါကွ မိန်းမရဲ့။ မင်းမလည်း မုန့်ဆီကြော်က ဘယ်မှာမှန်းမသိ၊ နှုတ်ခမ်းနာထည့်တွက်နေ။ ငါးက ဘယ်ဆီမှန်း မသိ၊ ငါးခြောက်လှမ်းဖို့ တွေးသလိုမျိုး ဖြစ်နေပြီ။
ငါတို့ ဆင်းရဲပေမယ့် လူချင်းတူတူ၊ သူချင်းမျှမျှတော့ ဖြစ်စေရမပေါ့ကွာ။ လူလေးဖိုးဆိတ်အတွက် ငါ့တာဝန်ထား”
ဦးကျောက်ခဲ၏ ပြတ်ပြတ်သားသား တုတ်ထိုးအိုးဖောက် ပြောလိုက်သည်ကြောင့် လင်မယားနှစ်ယောက် စကားအချီအချမှာ တစ်ခန်းရပ်သွားချေပြီ။
ဒေါ်တဆုပ်လည်း တစ်ခွန်းတစ်ပါဒမျှ မဟတော့ဘဲ ပတ်တောပိတ်နှုတ်ဆိတ်နေလိုက်တော့သည်။
xxx xxx xxx
အိမ်နံဘေး ကနားဖျင်းအဖီထဲရှိ အုတ်ခဲဖိုခုံလောက်ဆိုင် မီးဖိုတွင်း၌ မဒမသား မီးကျီးခဲများ ရဲရဲနီနေ၏။ မီးဖုတ်ပြီးသော စတီးချောင်းများကို ဦးကျောက်ခဲအနားသို့ ချပေးရာ၊ သံမီးညှပ်ဖြင့် ကိုင်ယူလျက် ပိဿာလေးပေါ်တင်၍ အဖျားပိုင်း ပြားချပ်အောင် တူနှင့် နာနာထုနေ၏။
မီးဖိုဘေးတွင် ချွေးတလုံးလုံးနှင့် မီးဖုတ်ရင်းမှ ဘထွေးကိုကြည့်ကာ ဖိုးဆိတ် အားမလိုအားမရ ဖြစ်နေမိ၏။
“အဘရယ်၊ ဈေးမှာရောင်းတဲ့ ငါးမျှားချိတ်တွေဝယ်ရင် ရရဲ့သားနဲ့ ဘာဖြစ်လို့ ဒီလောက် လက်ဝင်တာကို လုပ်နေရတာလဲ”
ဦးကျောက်ခဲက တူထုချက်ကို ရပ်ပြီး ဖိုးဆိတ်ကို ငဲ့ကြည့်ကာ အကဲခတ်လိုက်၏။
“ရောင်းတန်းငါးမျှားက ရေငန်ထိရင် သံချေးတက်တယ်။ အဘသုံးမှာက အစာလုံးဝမတပ်ဘဲ ငါးမြင်းရင်းကြီးတွေကို သီးသန့် မျှားတဲ့ ‘ပန်းငါးမျှား’ ကွ။ ‘ဗွက်ငါးမျှား’၊ ‘ဗန်းငါးမျှား’ လို့လည်း ခေါ်ကြတယ်။
ဂလူးကို့(စ်)စတီးကိုင်းတွေကို ပထမ မီးပေးပြီး ဖြောင့်ရတယ်။ ဒုတိယ ငါးမျှားကွေးရတယ်။ မီးအနေတော် အပူပေးပြီး ပျော့သွားမှ ငါးမျှားပုံ ဖော်တယ်။
ဒါနဲ့ နေပါဦး။ အဘ မင်းကို မေးစရာရှိတယ်။ လူလေးနဲ့ စိန်မြ တို့ ရည်ငံနေကြသလား။ အဘကို မှန်မှန်ပြောစမ်း”
ဘထွေး၏ ဆိုင်းမဆင့် ဗုံမဆင့် အမေးကြောင့် ဖိုးဆိတ် ကြောင်အမ်းအမ်းဖြစ်သွား၏။ ရှက်ကိုးရှက်ကန်းနှင့် အံ့အားသင့်မိသည်မှာလည်း အမှန်ပင်။
“ဟာ … အဘကလည်းဗျာ”
ဟန်အမူအရာပျက်၍ ရှိုးတိုးရှန့်တန့် ဖြစ်သွားသော ဖိုးဆိတ်ကို ကြည့်ရင်း ဦးကျောက်ခဲ ရယ်ကျဲကျဲ လုပ်နေ၏။
“လူဆိုတာ အမှန်ပြောရဲရတယ်ကွ။ ဟုတ်တာလည်း လုပ်ရဲရမယ်။ ငါ့သား လူလားမြောက်ပြီပဲ။ အရာရာကိုယ်တိုင်သုံးသပ် ဆုံးဖြတ်နိုင်ရမယ်။ မင်းတို့ခေတ်က မှန်တာပြောရင် ရွာပြင်ထွက်နေရမှာတို့၊ မှန်တာလုပ်ရင်ပဲ မြောင်းထဲရောက်သွားမှာဆိုတာတွေကို လက်ခံနိုင်စရာ မရှိဘူး။
မှန်တာလုပ်၊ ဟုတ်တာပြောလို့ကတော့ မြောင်း မကလို့ ပင်လယ်သမုဒ္ဒရာထဲရောက်လည်း မမှုနဲ့။ အဘတို့ တံငါမျိုးတွေဟာ ရေကြောက်တတ်တာမှ မဟုတ်တာ။
အဘ လူကဲခတ် မညံ့ပါဘူးကွာ။ စိန်မြနဲ့ ချေငံနေပြီဆိုရင် အပြီးအပိုင် တိုင်ပင်ထားပေတော့။ တူတူတန်တန်ဖြစ်ဖို့ အဘတာဝန်ယူတယ်။ ဒါပေမဲ့ အလုပ်ကို လက်ကြောတင်းတင်းနဲ့ အစွမ်းကုန်ကြိုးစားအားထုတ်ဖို့တော့ လိုသဟေ့”
ဖိုးဆိတ်က ဦးကျောက်ခဲ၏ ရေလာမြောင်းပေး အားပေးစကား ကြားလိုက်ရာ ပီတိအပြုံးနှင့် ဝမ်းသာလုံးဆို့ကာ ဘထွေးကို တအားကျုံးဖက်လိုက်တော့သည်။
“ဒါမှ ငါ့အဘကွ”
နှင်းမှုန်ကလေးများ တဖွဲဖွဲကျဆင်းနေပြီး စိုစွတ်နေသော အိမ်ရှေ့ သပြုပင်ကြီးထက်မှ ဆောင်းခိုဆက်ရက်ငှက်တစ်အုပ် ရုတ်ခြည်း ထပျံသွားကြချေပြီ။
သည်တော့မှ ဖိုးဆိတ်က ဘထွေး၏ လုပ်ပုံကိုင်ပုံကို အာရုံစိုက်တော့၏။ ငါးမျှားအရင်းပိုင်းတွင် အဝိုင်းပြားနဖားဖြစ်ပါမှ အစီကြိုးတပ်လျှင် ပြုတ်မထွက်မည်ဖြစ်၏။
ပြီးမှ အဖျားပိုင်းကို ငယ်နိုင်သုံး၍ ကွေးရ၏။ ငယ်နိုင်ဟူသည် တစ်မတ်လုံးသံချောင်းကို ဂငယ်ကွင်းစောက်ပုံစံချိုးထားသည့် သစ်သားလက်ကိုင်ရိုးတပ် ကိရိယာဖြစ်၏။ ငါးမြင်း၊ ငါးတန်ကဲ့သို့ ဘေးဆူး၊ ကျောရိုးဆူးများ ချိုးနှိမ်ရာတွင် အလွန်အသုံးဝင်သည်။
“မင်းပြောသလို လက်လုပ်ငါးမျှားနဲ့ ဈေးငါးမျှားဟာ အကျိုးရှိတာချင်း ကွာတယ်။ အကြောင်းမဲ့တော့ ဘယ်ဒုက္ခခံပါ့မလဲကွာ။ ငါးကြီး၊ ငါးကောင်း ဖမ်းရာမှာ ငါးမျှားကွေးနည်းက အခရာကျတယ်။
ငါးမျှားကွေးနည်း သုံးမျိုးရှိတယ်။ လမုကွေး (အဝိုင်း)၊ ကျွဲတံကောက်ကွေး (တစ်ဆစ်ချိုးခေါက်)နဲ့ မျောက်ထိုင်ကွေး (ထောင့်ကျဉ်းချိုး) နည်းတွေပဲ။
ဘယ်ငါးကို ဘယ်ငါးမျှားနဲ့ သင့်မယ်ဆိုတာ ခွဲခြား သိထားမှ တံငါပီသတာကွ”
တစ်စုံတစ်ရာကို သူ့အတွေးနှင့်သူ တွေးရင်း ဖိုးဆိတ် သဘောခွေ့နေပေ၏။
“ဒါဆိုရင် အဘအလုပ်က လူပျိုလှည့်သလို ဘယ်လမ်းမှာ ဘယ်ပန်းပေးရမလဲ ဆိုတာမျိုးပေါ့နော်”
ဦးကျောက်ခဲကလည်း ဖိုးဆိတ်ပြောပုံကို သဘောကျလျက် ရှိ၏။
“အမယ်လေးဗျာ၊ ဥပမာပေးတာတောင် ကိုယ့်ဘက် ကိုယ်ယက်တဲ့ လိပ်ကောင်”
ပြောပြောဆိုဆိုနှင့် ဦးကျောက်ခဲက ငါးခူပြုံးပြုံးရင်း စတီးချောင်းအဖျားပိုင်းကို အထစ်ဖော်ပေးရပြန်၏။ ငါးမျှားထစ်ဖော်ရန် တံစဉ်းနှင့်တိုက်ပြီး တံစဉ်းနှင့်ပင် အဖျားချွန်ထက်အောင် စိတ်ရှည်လက်ရှည် သွေးရ၏။
ယင်းကို ‘ခေါင်ချသည်’ ဟု ခေါ်၏။ ‘ကွန်အစ ဖူးချာက၊ ငါးမျှားအစ ခေါင်က’ ဟူသည့် အဆိုနှင့်အညီ၊ ခေါင်ချကိစ္စပြီးပါက ငါးမျှားချိတ် အကြမ်းထည်ဖြစ်ပြီ။ ငါးမျှားရုပ်လုံး ပေါ်ပြီ။
ဖိုးဆိတ်သည် မီးဖိုထဲမှ မီးကျီးခဲများကို ရေဖျန်းသတ်လိုက်၏။ ကောင်းကင်တစ်ခွင်မှ မြောက်လေပြန်ဆီးနှင်းများ တောစပ်နှင့် မြစ်ပြင်တစ်လျှောက် အုံ့ဆိုင်းခြုံသိုင်းလျက် မြင်ကွင်းမှန်သမျှ မှုန်ဝါးဝါးပင်။
xxx xxx xxx
ဘထွေးဦးကျောက်ခဲ၏ တံငါပညာစွမ်းကို မှတ်သားမှုပြုရပြီ။
“အခုလို ပြောင်လက်ချွန်မြနေတဲ့ ငါးမျှားချိတ်ဖြစ်ရင် အစီခံကြိုးတပ်ရမယ်။ နိုင်လွန်ကိုးပင်ချည်ကို နှစ်ကြိုးခံ တစ်ကြိုးထပ်ပြီး သုံးလွန်းတင်ကျစ်ရတယ်။ အစီကြိုးကို တစ်မိုက်အရှည်ထားပြီး ငါးမျှားချိတ်ဖင်ပိုင်းနဖားပြားမှာ ဘူးလည်သီးခတ် ချည်ရမယ်။ အစီကြိုးပေါ်မှာ အထက်ကွင်း၊ အောက်ကွင်းသံပြောင်ဆုံလည်ကွင်း နှစ်ကွင်း တပ်ရတယ်။
တစ်ခါ အထက်ကွင်းမှာ ငှက်ကျားလည်ဆံမွေးနဲ့ ပန်းပွင့်ပုံဖော် တပ်ဆင်ရမယ်။ ပန်းပွင့်ချည်တာအဓိကပဲ။ ငါးစာလုံးဝ မပါတာကြောင့် ရွှေအိုရောင်၊ နီညိုရောင်တောက်ပတဲ့ ငှက်မွေးကို ပန်းပွင့်သဏ္ဌာန် အစာဟန် ဖန်တီးပြီး ငါးကြီးတွေကို လှည့်စားမျှားခေါ်တာပဲ။ ရေစီးအရှိန်နဲ့ ဆုံလည်ကွင်းမှာ လည်နေတဲ့ ပန်းပွင့်ကို အစာထင်အောင် ဖြားယောင်းသွေးဆောင်နည်းပေါ့။ ပန်းပွင့်ကို ငါးစာမှတ် ဟပ်လိုက်တာနဲ့ ငါးမျှားချိတ်က ငါးပါးစပ်ကို အလိုလို ချိတ်ပြီးသားပေါ့”
သည်နှယ်ပင် ပန်းဖွားပမာ ငါးစာတုမြူဆွယ်မှုဖြင့် သတ္တဝါကို ဆွဲဆောင်သော တံငါပညာခန်းတစ်ရပ်ကို ဖိုးဆိတ်တစ်ယောက် ကောင်းစွာသဘောပေါက် နားလည်သွားချေပြီ။
နောက်တစ်နေ့ နံနက် အရုဏ်တက်ချိန်တွင် စားအိုးစားခွက် လက်နက်ရိက္ခာစုံလင်စွာနှင့် တူဝရီးနှစ်ယောက် တိုးမြစ်တွင်းသို့ လှေတစ်စင်းနှင့် ရေဆင်းကြသည်။ မြစ်အောက်ပိုင်းမှသည် ပင်လယ်ဝအထိ ငါးမရ အိမ်မပြန်စတမ်း ရည်မှန်းချက်များနှင့်ဖြစ်၏။
ရေကြီး ရေငယ်၊ ရေသေ ရေထ၊ ရေဆုတ် ရေတက်၊ ရက်မရွေးသည့် အလုပ်မှာ ပန်းငါးမျှားသာဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မြစ်ရိုးတစ်လျှောက် ဝဲခို ဝဲလိုက် ဒိုက်အမျောနှင့် ရေပြည့်တန်း ရေအီချိန် အငြိမ်သက်သက်တွင် စိမ်ပြေနပြေ လုပ်နိုင်ခြင်းကြောင့် ဖြစ်သည်။
“ဘယ်အလုပ်မဆို အသေးစိတ်လေ့လာ၊ ဂဃနဏစူးစမ်း၊ ဒါမှ လုပ်ငန်းခွင်မှာ အဆင်ပြေမှာ။
တွေ့လား။ ဆယ်တောင်ရှည် ထီးရိုးဝါးကို ဝါးဆစ်အမျက် အချောသတ်၊ ကိုင်းတံမှာ ဆယ်လံချိုး၊ နိုင်လွန်ကြိုးနဲ့ ဘူးလည်သီး ခေါက်တုပ်ချည်။ တစ်ဖက်လံကြိုးစကို ငါးမျှားအစီကြိုးနဲ့ တံငါဆက်ထုံးချည်။ ငါးကြီးဆွဲတဲ့အခါ ဘယ်တော့မှ ပြတ်မထွက်တဲ့ပုံသေနည်းပဲ။
ရေကြောင်းမှာ သွားလာတဲ့ လှေသမ္ဗန်တွေမှာ ရေပက်၊ ကြိုးချည် ဆိုတဲ့အလုပ်ကို ပေါ့ပေါ့တန်တန် တွက်ကြတယ်။ တကယ်တမ်းကျတော့ တံငါလက်သုံး ကြိုးချည်နည်းအမျိုးမျိုးရှိတာ။ မိန်းမချည်၊ တစ်ပတ်ရစ်၊ ကွင်းလျှောထိုး၊ စောင်းကြိုးသတ်၊ ဘူးလည်သီးခတ်၊ ဘူးလည်ပြန်၊ ဘူးလည်သီးခေါက်တုပ်၊ တံငါဆက်ထုံး စတဲ့ သူ့နေရာနဲ့သူ သုံးပါမှ အံဝင်ခွင်ကျ ရှိမှာ”
ဦးကျောက်ခဲသည် လှေဦးထိပ်မှ ရေပြင်သို့ စေ့စေ့စပ်စပ် အကဲခတ်နေ၏။ ဖိုးဆိတ်က ဘထွေး၏ အရိပ်အခြည်ကို ကြည့်ပြီး လှေကို အလိုက်သင့် လှော်ပေးရင်း ရေသံမကြားအောင် ဂရုစိုက်နေရ၏။
ပန်းငါးမျှားချရာတွင် လှေပဲ့ပိုင်းမှလူမှာ အခရာကျသည်။ ရေဂယက် အရိပ်ထနေသော တစ်နေရာတွင် ဦးကျောက်ခဲက ဖိုးဆိတ်ကို နောက်ပြန်မကြည့်ဘဲ လက်ကာပြလိုက်၏။ ငါးစားကျက်နေရာအရောက်တွင် ကိုင်းတံကို ရေပြင်သို့ အသာမျှောချပေးလိုက်၏။
ပဲ့ကိုင်သူ ဖိုးဆိတ်က နားလည်မှုအပြည့်ဖြင့် လှေကို အရှိန်သတ်ထားပေးလိုက်သည်။ သို့မဟုတ်ပါက ကိုယ့်ပန်းငါးမျှား ကိုယ့်ပြန်ချိတ်တတ်၏။ လံကြိုးအရွေ့အတိုင်း လှေလမ်းကြောင်းကို ဖြောင့်တန်းအောင် အသာအယာ လှော်ပေးထားရသည်။
ကိုယ့်ငါးမျှား ကိုယ်စူးသော် လာဘ်ဦးပိတ်သည်ဟုလည်း အယူအဆရှိ၍ သတိကြီးစွာ ထားရသည်။ လံကြိုးနှင့်တွဲထားသော ဝါးဆစ်ဘော့သီးမှာ ရေပြင်တွင် ပေါလောပေါ်နေ၏။ တစ်ထိုင်ပူခန့် အချိန်တွင် ဘော့သီးကြီး စုတ်ခနဲ မြုပ်သွားပြီး ဝါးတစ်ရိုက် တစ်ပြန်စာအကွာတွင် ပြန်ပေါ်လာပြီး တန့်နေ၏။
ဦးကျောက်ခဲသည် မျက်ခြည်မပြတ် စူးစိုက်ကြည့်နေရာမှ မှတ်ချက်ချလိုက်၏။
“ချက်ကောင်းမိသွားပြီကွ။ ဘော့သီးငြိမ်နေပုံထောက်ရင် ငါးပါးဟက်ကို ငါးမျှားချိတ်မိနေတာ သေချာတယ်။ ငါးနှုတ်ခမ်းဖျားကို ချိတ်မိရင် ဆောင့်ရုန်းနေမှာ။ အသာလေးမျှောပြီး လံကြိုးကို အလျော့အတင်း လုပ်ပေးရမယ်။
ရေအောက်ဝဲခိုနှစ်ချို့ငါးကြီးတွေဟာ အစာတွေ့ရင် အငမ်းမရ ထိုးဟပ်တတ်တယ်။ ငါးမျှားချိတ်ပါးစပ်ထဲရောက်သွားရင်တော့ တအားမရုန်းတော့ဘူး။ ရုန်းလေနာလေ ဆိုတော့ ငါးမောချိန်စောင့်ပြီး လှေနားရောက်အောင် ချော့ဆွဲယူရတယ်။
ဟော … စည်ဖောင်းထဲ လေဝင်ပြီး ငါးကြီးပေါ်လာပြီ။ လိုရမယ်ရ တစ်လုံးထိုးမှိန်း ကိုင်ထားဟေ့”
ဖိုးဆိတ်သည် ဦးကျောက်ခဲပြောသည့်အတိုင်း ငါးထိုးမှိန်းကို ကောက်ကိုင်ကာ လှေဦးသို့ သွား၏။ ဦးကျောက်ခဲက ကိုင်းတံကို လှေဦးတုံးကန့်လန့်တွင် ထောင်ထားပြီး လံကြိုးနှင့် ဘော့သီးကို ညင်ညင်သာသာ ဆွဲယူနေရာ ငါးကြီးတစ်ကောင် လူးလွန့်ပါလာ၏။
လှေနံအနီးသို့ ရောက်စဉ် ခေါင်းပေါ်လာသော ငါးကြီးမှာ ဝုန်းခနဲ လှုပ်တိုးရုန်းကန်လိုက်ရာ ဖိုးဆိတ်လက်မှ မှိန်းတံက တန်းတန်းမတ်မတ်ပင် စူးဝင်သွားချေပြီ။ ဖိုးဆိတ်၏ မှိန်းထိုးချက်မှာ လူတစ်ရပ်နီးပါး ငါးကြီးကို ငြိမ်သက်သွားစေတော့သည်။
“ငါးမြင်းရင်းကြီး လူလေး ဖိုးဆိတ်ရေ။ တစ်ကောင်လုံး ရွှေဝါရောင်တောက်နေတာပဲ။ အခုလိုရှားပါးတဲ့အချိန်မှာ ရလိုက်တဲ့အတွက် ရွှေပဲဟေ့။ ရွှေရောင်ငါးကြီးကို တို့ရဲ့ရွှေငါးမျှားချိတ်က ဖမ်းပေးလိုက်တော့ ကျောက်ခဲရေပေါ်ပြီပေါ့ကွ”
ဘထွေးဦးကျောက်ခဲ၏ အားပါးတရပြောလိုက်သော စကားကြောင့် ဖိုးဆိတ်၏ ဝမ်းသာအားရစိတ်မှာ အထွတ်အထိပ်သို့ ရောက်ချေပြီ။
တစ်ချိန်တည်းမှာပင် စိန်မြမျက်နှာကလေးကို ပြေး မြင်ယောင်နေသေး၏။ ရုတ်တရက်ဆိုသလိုပင် ဖိုးဆိတ်၏ ကျယ်လောင်သော ဟစ်ကြွေးကြုံးဝါးသံကား မြစ်ရေပြင်တစ်လွှားသို့ ပဲ့တင်ထပ်ကာ ပျံ့လွင့်ရိုက်ခတ်သွားချေတော့၏။
“ငါ့အဘ ဦးကျောက်ခဲရဲ့ ရွှေငါးမျှားချိတ်တဲ့ဟေ့”
“ဟေ့ … ဟေ့ … ဟေ့”
Uncategorized