ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)
ရှောင်တခင် တိုက်ပွဲ
လေပြေအသုတ်တွင် ရွှေဘုတ်တွေနှောကာ သာမောဘွယ်ကာလကိုဖန်လျက် တသွင်သွင်လေပြေဝယ် မြပုရစ်ဖူးတွေက တဖျတ်ဖျတ်လှုပ်ရှား ယိမ်းနွဲ့ကာ မိုးဦးကို ကြိုလင့်ဟန်ဖြင့်…။
ကောင်းကင်တဝိုက်ဆီကလည်း ညိုချည်တခါ လင်းချည်တလှည့်နှင့် ပဇ္စုန်ဒေဝ၏ ပဏာမစစ်ဆင်ရေးလမ်းခင်းနေတော့သည်။
ယောက်ဖခွေးခေါ်ငှက်တွေလည်း ပင်မြင့်ယံမှ တစာစာ မြည်ကြွေးနေတော့သည်။ လျှိုဝတလျှောက်ဆီက ဥဩငှက်သံသည်လည်း မိုးညိုနေသောကာလကို အတွေးနှင့် အဆွေးနယ်ချဲ့စရာအသံအဖြစ် ဖန်တီးနေပြန်ပါသည်။
ဦးနုနှင့် ရဲဘော်ကျော်လှိုင်တို့နှစ်ဦးက တကုန်းကုန်းနှင့် မိုးဖိုကြီးတွေအနီး၌ကပ်၍ ဆောင့်ကြောင့်ထိုင်ကာ မီးကိုမှုတ်ရင်း ချက်ပြုတ်လုပ်ကိုင်နေကြသည်။
တပ်ကြပ်ကြီးသန်းထွန်းနှင့် တပ်ကြပ်ကြီးမောင်နု တို့သည် အမဲပစ်သေနတ်များကို တယုတယတိုက်ချက်ပြင်ဆင်နေကြသည်။
ထားဝယ်သား သန်းထွန်းသည် သေနတ်များကို ကိုင်တွယ်ရာ၌ အင်မတန်စိတ်ရှည်သလောက် ဆက်ဆံရေး ပြောဆိုရေးတွင် အင်မတန်စိတ်တိုသည်။ သူသည် နှစ်လုံးပူးမောင်းအတွင်းသို့ သေနတ်ဆီ လေးငါးစက်ရောက်အောင် သေနတ်ထိပ်ပိုင်းကို ပက်လက်လှန်ကာ ဆီထည့်နေသလို တပ်ကြပ်မောင်နုသည် မောင်းတုန်းထိုး မဂ္ဂဇင်းရိုင်ဖယ်များကို ဂရုတစိုက် အတွင်းအပြင် တိုက်ချွတ်နေကြသည်။
မနီးမဝေး ရေခမ်းနေသောချောင်းတွင်းမှ သဲတွင်းယက်ကာ ဝါးကျည်တောက်ကြီးနှစ်လုံးဖြင့် တပ်ကြပ်မောင်ပုက ရေခပ် သယ်ယူလာသလို ဦးဘိုးဟန်သည် ပေါက်ဆိန်တချောင်းဖြင့် စခန်းအနီးမှ မျောက်ချောပင်ခြောက်တပင်ကို ခုတ်လှဲကာ ထင်းဖူလုံရေးကိစ္စကို လုံးပန်းနေခိုက်ပင်။
ကျွန်တော်သည် သစ်တောမြေပုံကြီးကို လေ့လာ နေရာမှ သိမ်းခေါက်ရင်း တရိပ်ရိပ်တက်လာသည့် နေပူရှိန်ကို ခံစားကာ ကျွန်တော်တို့၏ အမဲကြီးပစ်ရေးစီမံကိန်းအတွက် အကွက်ချကာ စဉ်းစားတွက်ချက်နေမိတော့သည်။
ကျွန်တော်တို့ စခန်းချနေသည့်နေရာကား လယ်ဝေးမြို့နယ် အနောက်ဘက်ခြမ်း စွယ်တော်မျှောင် သရက်ချောင်းနယ်အတွင်းရှိ နာမည်ကျော် သိုးကြီးချောင်းဖျားဒေသတွင် ဖြစ်သည်။
အချိန်အခါကလည်း သင်္ကြန်ကျပြီးစ၊ ပူတုန်းအိုက်တုန်းကာလပင် ဖြစ်တော့သည်။ ဤကဲ့သို့သော အချိန်ကာလမျိုးတွင် သစ်ရိပ် ဝါးရိပ်ကင်းမဲ့ကာ တောတောင်တလျှောက်လုံးအဘို့ အင်မတန် ပူပြင်း ခြောက်သွေ့ နေသော မိုးနှင့်နွေ စပ်ကူးမတ်ကူးကာလပင်။
ဝါသနာကို စွန့်နိုင်ခဲယဉ်းခဲ့သော ကျွန်တော်တို့ မုဆိုးတစုံသည် အောက်ကျင်းဒေသ တောပြန့်တလျှောက်တွင် သားကောင်တွေ အလွန်ရှားပါးကာ တောအုပ်စိုစိုနှင့် ရေဓာတ်ရရှိနေသည့် ရိုးမဘက်သို့ ကပ်နေသည်ကို ဓာတ်သိများပြီပြီ ဤကဲ့သို့ရိုးမအခြေနှင့် အင်မတန်နီးကပ်နေသည့် အောက်ဓာတ် ရေဓာတ်တွေမှီရာ သိုးကြီးချောင်းဖျားဆီသို့ မီးရထားတတန် လှည်းတတန်ဖြင့် မနားမနေ ချီတက်ခဲ့ပြီး နံနက်ပိုင်းတွင် ဝါးကြွပ်တဲကြီးတလုံးကို ထိုးခဲ့ပြီး မောမောပန်းပန်းနှင့် နံနက်စာ ချက်ပြုတ်နေခိုက်ဖြစ်ပါသည်။
ရဲဘော်ကျော်လှိုင်သည် ပဒတ်ချောက်ကင်များကို တုန်းပေါ်တွင် ဓါးမတိုတချောင်းနှင့်စင်းကာ အရေးပေါ် ငရုတ်ဆုံအဖြစ် ပြုလုပ်ထားသည့် ဝါးကျည်တောက်အတွင်းမှ ထောင်းပြီးသား ငရုတ်သီးခြောက်များနှင့် ပဒတ်သားကြော်ရန် ပြင်ဆင်နေကြောင်း တွေ့ရပေ၏။
ဦးနုသည် ဝါးယောင်းမနှင့် သနပ်ရွက်နု၊ အုပ်ရှစ်ရွက်နု၊ မကျည်းရွက်နု အချဉ်ဟင်းတို့ကို မွှေကာ စိတ်ပါလက်ပါ ချက်ပြုတ်နေခိုက်ပင်။
အချဉ်ဟင်း၊ ပဒတ်ကြော်တို့ဖြင့် နံနက်စာကို စားရတော့မည်ဖြစ်ကြောင်းကို ကျွန်တော်က စဉ်းစားမိကာ ချွေးစိုနေသော အစိမ်းရင့်ရောင် ရှပ်လက်ရှည်ကိုချွတ်၍ နေပူလှန်းရင်း မီးခိုးရောင်စပို့ရှပ်တထည်ကိုဝတ်၍ လှုပ်လှုပ်ရှားရှားနှင့် သေနတ်များထောင်ထားရာဆီသို့ လာနေသည့် ဦးနုကိုလှမ်း၍….
“စားရဖို့နီးပြီလား ဦးနု။ ဟင်းမရှိရင် ငါးသေတ္တာ ဖေါက်လေ”
စတင်ကာ မေးမြန်းလိုက်ရာ-
ဦးနုသည် ကွမ်းအလွန်တရာစားခဲ့သည်ကြောင့် အနက်ရောင်ထွက်နေသည့် သူ၏သွားတွေ မဲကနဲ ပေါ်လာအောင် ပြုံးလိုက်ရင်း
“ခဏလောက် စောင့်ပါအုံးလေ။ ကျုပ် ဆူးပုပ်နုနုတွေ ခူးပြီး ဆူးပုပ်ကြော်တခွက် စီမံချင်သေးတယ်ဗျ။ ဆူးပုပ်နံ့တွေ သိပ်ရနေလို့”
ဖြေကြားလိုက်ပြီး သေနတ်စင်မှ ၁၂ ဘို့ တလုံးထိုးသေနတ်ကို ဆွဲယူကာ ကျည်ဆန်ခါးပတ်ကိုလည်းသူ၏ သေးငယ်သောခါးတွင် အရေးတကြီး ပတ်ဆင်လိုက်ပါသည်။
“ယူရင်လဲ သေနတ်ကြီးတလက်လက်ကို ဆွဲသွားမှပေါ့။ လုံးချင်းသေနတ်ဟာ ခုလိုနေရာမှာ အလကားပါဘဲ ဦးနုရဲ့ ”
ဦးဘိုးဟန်သည် ထင်းတုံးတတုံးကို ပစ်ချရာမှ လှမ်း၍ သတိပေးလိုက်ရာ ဦးနုသည် ရှမ်းသံခပ်ဝဲဝဲဖြင့်
“ကိစ္စမရှိဘူး ဆရာဟန်။ ဒီချောင်းကွေ့မှာ မနက်ခင်း ဖြတ်အလာတုန်းက ဆူးပုပ်ရွက်နုနုတွေ မြင်ခဲ့ရလို့ဗျ”
ခပ်တိုတိုဖြေကြားလိုက်ပြီး လုံးချင်းသေနတ်၏ ခါးကိုချိုးကာ ခြောက်လုံးကျည်တတောင့်ထည့်ကာ ခါးကို ပြန်စေ့လိုက်ပြီး ပခုံးပေါ်တွင် ဟန်ရပန်ရထမ်း၍ ခပ်သုတ်သုတ် ချောင်းထဲသို့ ဆင်းသွားပါသည်။
ရဲဘော်ကျော်လှိုင်သည် လဖက်ရည်ကြမ်းတအိုးနှင့် ဝါးမော့နှစ်လုံးကိုဆွဲ၍ ကျွန်တော့ရှေ့သို့ ချပေးကာ-
“ခဏတော့စောင့်ရလိမ့်မယ် ဗိုလ်မှူး။ လဖက်ရည်ကြမ်းသောက်ပြီး ထမင်းစားနိုင်လောက်ပါပြီ”
ဟု တောင်းပန်လိုက်သည်။
X X X X X X X X X
“အမဲကြီးခြေရာသစ်တွေတော့ တွေ့မိသလိုလိုဘဲ။ မနက်ခင်းက ဖြတ်အလာမှာ ချောင်းအကူးမှာ ပြောင်ခြေရာသစ်တွေ လှမ်းမြင်မိတယ်”
ဦးဘိုးဟန်သည် လဖက်ရည်ကြမ်းကိုသောက်ရင်း ပစ်ရေးခတ်ရေးအတွက် ကျွန်တော်နှင့် တိုင်ပင်လိုက်ကြသည်။
“သရက်ချောင်းက ကိုမြဒင်တို့လူစုဆီက သတင်းအရ ဒီချောင်းဖျားမှာ ပြောင်နဲ့ တောဆင်အုပ် သိပ်အကူးအသန်းရှိတယ် ဆိုတာရယ်၊ ခုအချိန် ကင်ပွန်းသီးအခြောက်တွေကို ပြောင်အုပ်က ရှာဖွေစားသောက်နေကျမို့ ကျွန်တော်ဒီနေရာကို တမင်ရွေးပြီး လာခဲ့မိတာဘဲ”
ကျွန်တော်က ဖြေကြားလိုက်ရင်း..
“ဒီဘက်စောင်းမှာ ရှာမတွေ့ရင် လယ်တာကြီးဘက် ဆက်ပြီး ကူးကြတာပေါ့ဗျာ။ အဲဒီရွာက အိမ်ဆင်သုံးကောင်သွားခေါ် ပြီး ကျုပ်တို့ပစ္စည်းတွေတင်ရင် အကုန်ပါနိုင်ပါတယ်”
ရှေ့ရေးအတွက် ထည့်သွင်းကာ အကြံပေးလိုက်ရပေ၏။
ရဲဘော်ကျော်လှိုင်သည် ပဒတ်ခြောက်နှင့် ငရုတ်သီးခြောက် ကြက်သွန်နီများကို ဒယ်အိုးပြားပြားတွင် ထည့်ကာ ကြော်နေတော့၏။ ညှော်နံ့များကလည်း ထမင်းဆာနေစပြုကြသည့် ကျွန်တော်တို့မုဆိုးတစုကို အနံ့အရသာဖြင့် မြူနေပုံရပါသည်။
“ဒိုင်း”
ကနဲ ရုတ်တရက် ခပ်တိုတို ခပ်ပြတ်ပြတ် သေနတ်သံ တချက်ကို ကျွန်တော်တို့စခန်းချရာ ချောင်းအထက်ပိုင်း တဖါလုံလောက်ဆီမှ ကြားလိုက်ရသည်။
“ပစ်ပြီဗျ၊ အသံတိုပုံထောက်တော့ တကောင်ကောင် မှန်ပုံဘဲ။ သိပ်မဝေးဘူး ဒီအသံ”
နားစွင့်နေရာမှ ဦးဘိုးဟန်သည် အရေးတကြီးဝေဖန်ချက်ချလိုက်သည်။
စက္ကန့်ပိုင်းအတွင်း၌ပင် “ဝုန်း” ကနဲ မာကျောသောအရာဝတ္ထုနှစ်ခု အရှိန်ပြင်းထန်စွာဖြင့် ဆောင့်လိုက်ကြသည့် အသံကြီးတခုသည် ဆက်တိုက်ထွက်ပေါ်လာပြန်တော့သည်။
တဆက်တည်းလိုပင် ဦးနု၏ တအားညှစ်၍ အော်ဟစ်လိုက်သည့် အသံကြီးနှင့်အတူ
“ဆရာဟန် ဗိုလ်မှူး ပြေးခဲ့ကြဗျို့”
ဟူသော အသံသဲ့သဲ့ကို ကျွန်တော်တို့အားလုံး ကြားလိုက်ရပြန်သည်။
X X X X X X X X X
သိုးကြီးချောင်းအထက်ပိုင်းကား ကွေ့ ကွေ့ ကောက်ကောက်နှင့်ပင် ချောင်းအလယ်နှင့် ကမ်းတဖက် တချက်တို့တွင် ကိုင်းပင် ပေါင်းပင်တွေ ရှုတ်ရှက်ခပ်နေတော့သည်။
အရှိန်နှင့် တအားပြေးတက်ခဲ့ကြသည့် ကျွန်တော်တို့ သုံးဦးသားသည် ကိုင်းပင် ပေါင်းပင်များအကြားတွင် ကျွန်တော်တို့ တောစီးဘိနပ်ရှည်များနှင့် မငြိတွယ်စေရန် မလဲပြိုမိစေရန် အထူးသတိပြုကာ ကျော် နင်းပြေးသန်းရင်း ဖိ၍တက်ခဲ့ရသည်။
ကျွန်တော်တို့ သုံးဦးသား၏ ခြေသံပြင်းပြင်းကြောင့် ချောင်းကမ်းထိပ်ရှိ ဇီးပင်နှင့် ချုံနွယ်များပေါ်မှ နားနေကြသည့် ချိုး၊ ငှက်ငနွားနှင့် တောကြက်များ သည် တဟူးဟူး ကြောက်လန့်တကြား ပျံသန်းပြေးရှောင်ကုန်ကြသည်။
“ဝုန်း” ဟူသော အသံကြီးတသံကို ကျွန်တော်တို့ ပြေးတက်ရာ ရှေ့တည့်တည့် ကိုက်နှစ်ရာလောက်ဆီမှ ထပ်မံကြားလိုက်ရသည်တွင် ကျွန်တော်တို့ခြေဦးများသည် တချိုးတည်း စွပ်ကာ ပြင်းထန်လှသော အသံကြီးကြားရာသို့ တန်းထိုး၍ တက်လိုက် ရပေ၏။
ချောင်းအတိုင်း စွပ်၍ တက်ခဲ့ကြသည်တွင် ညာဘက်သို့ ဒီဂရီသုံးဆယ်ခန့် အကွေ့ တွင် လှုပ်ရှားနေသော မြင်ကွင်းတရပ်ကို ပြေးရင်းလွှားရင်း တက်ခဲ့ရသည့် ကျွန်တော်တို့က ဖြတ်ကနဲ တွေ့မြင်လိုက်ရသည်။
ပေသုံးဆယ်ခန့် ကျယ်ဝန်းသော ချောင်းကို ကန့်လန့်ဖြတ်ကာ ပိတ်ဆို့လျက် လဲပြိုနေသည့် သစ်ပင်ခြောက်ကြီးကို လည်းကောင်း၊ ကိုင်းပင် ပေါင်းပင်များ၏ အဖျားထက်ဝယ် မဲမဲပြောင်ကိုယ်လုံးကြီး တလှုပ်လှုပ်နှင့် သတ္တဝါကြီးတကောင်၏ ခေါင်းတရမ်းရမ်း လည်တလှုပ်လှုပ် သဏ္ဍာန်များ တချီတချီတွင် ရှေ့လက်တချောင်းက ချောင်းသဲခုံကို ခွာနှင့် ရှပ်၍ ပေါက်ကာ မာန်သွင်းနေသည့် မြင်ကွင်းဆန်း တရပ်ကို တွေ့ရပေ၏။
ကျွန်တော်သည် ခုန်နေသော ကျွန်တော်၏ ရင်ပတ်ကို အတင်းကြိုးစား၍ ထိန်းသိမ်းချုပ်တည်းလိုက်ရှင်း ဦးနုကို အရေးတကြီး ရှာဖွေကြည့်ရှုလိုက်သည်။ သို့ရာတွင် ထိုသောင်းကျန်းနေသော ကြောက်စရာကိုယ်လုံးကြီးနှင့် ဝဝတုပ်တုပ် ကိုယ်လုံးကြီးပိုင်ရှင် သတ္တဝါကောင်ကြီး၏ အနီးတဝိုက်၌ ဦးနု၏ အရိပ်အရောင်ကို မမြင်ရသဖြင့် ထိတ်ကနဲ စိတ်ပူပင်မိတော့၏။
ရှူးကနဲ နှာခေါင်းမှ တအားမှုတ်လိုက်ပြီး ချောင်း၏ ညာဘက်ထိပ် သစ်မြစ်ဆုံဆီသို့ ခေါင်းကိုတန်းကာ အင်နှင့် အားနှင့်ချီ၍ တိုက်ရန်အတွက် အသင့်ပြင်လိုက်သော ဆင်ပေါက်ကလေး၏ ကိုယ်လုံးနှင့် ဗလအရပ်အမောင်း ညီမျှသည့် သတ္တဝါကောင်ကြီးကို ကျွန်တော်သည် ကောင်းစွာသတိပြုမိကာ ပိုင်နိုင်သော ပစ်ကွင်းကောင်းတရပ်ကို အရေးတကြီး ရှာဖွေမိလိုက်သည်။
ပိုမိုနီးကပ်လာမှပင် ရဲတင်းကြမ်းတမ်းလှသော သတ္တဝါကြီး၏ ပုံပန်းသဏ္ဍာန်နှင့် အခြေအနေတွေကို ထင်ထင်ရှားရှား တသီကြီး ရုပ်လုံးပေါ် လာအောင် တွေ့မြင်မိလာသလို ကျွန်တော်၏ ညလက်မ,သည် .၄၇၀ နှစ်လုံးပြူးရိုင်ဖယ်၏ မောင်းတင်သည့် တွက်ပီပြားကလေးကို ရှေ့သို့ တအားဖိကာ လွှတ်ကနဲ မောင်းတင်လိုက်ပြီး ဖြစ်ပါသည်။
နက်မှောင်ကာ ချိုရင်းပိုင်းအဖို့ နှစ်ဆယ့်လေးလက်မခန့် တုပ်ဝိုင်းနေသော ချိုကြီးနှစ်ချောင်ကို ဝင့်ကာ တရှူးရှူး မာန်သွင်းရင်း ရန်သူတိုက်ကွင်းကို ရှာဖွေနေသည့် ပြောင်ထီးခေါင်းကြီး သို့မဟုတ် ပြောင်နှောကူးကြီးသည် လေးဘက်လေးတန် တောင့်တင်းစွာ မာန်သွင်းကာ သစ်တုံးလဲကြီးဘက်သို့ ပိုင်ပိုင်နိုင်နိုင်ကြီးရပ်ကာ ထက်မြက်သော ချိုဖြားနှစ်စကို ဝှေ့ရမ်းလိုက်ရင်း နေရောင်နှင့် တိုက်ရိုက်ဟပ်ကာ အနက်ရောင်ပြောင်နေသည့် သူ၏ကိုယ်လုံးကြီးကို တန်းလိုက်ရင်း ခြေအိတ်ရှည်အဖြူရောင် စွပ်ထားသကဲ့သို့ ခြေလက်လေးချောင်းသည် တွန့်ကနဲ ဖြစ် သွားပြီးနောက် မီးရထားခေါင်းတွဲကြီးတလုံး၏ တနာရီမိုင် ၄ဝ နှုန်းအတိုင်း တဟုန်တည်း အပြေးတက်ကာ သစ်ပင်လဲကြီး၏ မြစ်ဆုံပိုင်းကို မို့မောက် မာကျောနေသော ခေါင်းနှင့် တချိုးတည်း ဝုန်းကနဲအသံ ထွက်ပေါ်လာအောင် ဆောင့်လိုက်သည်တွင် သစ်ပင်လဲကြီးမှာ သိမ့်သိမ့်တုန်သွားသလို သစ်မြစ်ဆုံတဖက်တွင် ပြားနေအောင် ခိုကပ်နေသည့် ဦးနု၏ သဏ္ဍာန်မှာလည်း ယောက်ယက်ခတ်သွားတော့၏။
X X X X X X X X X
ရှေ့တိုက်ကွင်းရန်သူကိုသာ မဲတင်းနေသည့် ပြောင်ကြီးကို ကျွန်တော်သည် အခွင့်ကောင်းယူကာ ကိုင်းပင်များအကြားမှ ဖြတ်၍ တက်ခဲ့ပြီး ပြောင်ကြီးနှင့် ကိုက်သုံးဆယ်အကွာသို့ ချဉ်းကပ်နိုင်ပြီးနောက် နောက်ပိုင်းဆီသို့ တပတ်ကျော့၍ ပြန်လှည့်လာသည့် ပြောင်ကြီး၏ လက်ပြင်တည့်တည့်ကို လိုက်၍ ရိုင်ဖယ်နှင့် မလွှတ်တမ်းချိန်လိုက်မိသည်။
မျက်လုံးကြီးများက မီးဝင်းဝင်းတောက်ခမန်း ဒေါသအမျက်ပြင်းထန်စွာ ထွက်နေသည့် ပြောင် ကြီးသည် နောက်ပိုင်းသို့လှည့်အပြီး လူနံ့များရရှိသွားပုံဖြင့် တန့်ကနဲရပ်ကာ ရှောင်တခင်ရောက်ရှိလာသည့် ကျွန်တော်တို့ကို အရေးတကြီး သတိရပြီး ရှာဖွေဟန်ဖြင့် တခဏမျှ ငြိမ်လိုက်သည်တွင် ရိုင်ဖယ်၏မောင်းကွင်းပေါ်၌ အဆင်သင့်နေရာ ယူထားပြီးသည့် ကျွန်တော်၏ ညာလက်ညှိုးက မောင်းကွင်းကို ညှစ်ဆွဲဆွဲကာ မောင်းဖြုတ်ချလိုက်သည်။
ဂရိမ်ငါးရာ၏ တခဲနက်ပေါက်ကွဲသံကြီးသည် ကျွန် တော်၏ ညာဘက်ပခုံးကို သိမ့်ကနဲ ဆောင့်ကန်ခဲ့ပြီး .၄၇၀ ရိုင်ဖယ်၏ ညာဘက်ပြောင်းဝသည် ရဲကနဲ မီးပွင့်ထွက်သွားတော့သည်။
ရန်သူကို ရပ်တန့်ကာ ရှာဖွေမိခဲ့သည့် ပြောင်နှောကူးကြီးသည် ညာဘက်သို့ ခါရမ်းထွက်သွားသည်ကို ကျွန်တော်က .၄၇၀ နှစ်လုံးပြူးရိုင်ဖယ်၏ ဘယ်ပြောင်းခလုပ် ဒုတိယမောင်းကွင်းပေါ်၌ ညာ
လက်ညှိုးကို နေရာချတားရင်း အသင့်ချိန်ထားရာမှ လှမ်း၍ တွေ့ မြင်လိုက်ရပေ၏။
ပြောင်ကြီးသည် ရှေ့တိုးနောက်ငင် ဖြစ်သွားပြီး သူ၏ ဘယ်ဘက်လက်ပြင်ဝယ် ဖွေးကနဲ ဖေါက်ဝင် သွားသည့် ရိုင်ဖယ်ကျည်ဆန်အပေါက်တခုကို ဖျပ်ကနဲ တဆက်တည်း တွေ့ရပြီးနောက် ပြောင်ကြီးသည် ရှေ့ပဆစ်ဒူးတုတ် စိုက်ဆင်းသွားတော့သည်။
စက္ကန့်ပိုင်းအတွင်း၌ ဖေါက်ဝင်သွားသည့် ကျည်ဆံ ပေါက်ဆီမှ သွေးစိမ်းတွေ ဒလဟောပန်း၍ ဖေါက် ထွက်လာကြောင်း သတိပြုမိသည်။
ပြောင်ကြီးသည် ရှေ့သို့ ထိုးကျသွားရာမှ ကမူးရှူးထိုးနှင့် အားယူ၍ သူ၏ ရှေ့လက်နှစ်ချောင်းကို ကတုန်ကယင်နှင့် အားပြု၍ ကြိုးစားပြီးထရန် ပြင်လိုက်သည်။
သို့ရာတွင် မတ်တပ်ရပ်၍ ရခါနီး တဝက်တပြက်တွင် မူလအတိုင်း အရုပ်ကြိုးပြတ် ပစ်ကျသွားပြန်ပါ သည်။ သို့ရာတွင် ကြီးမားသောခေါင်းကြီးကို ဝှေ့ကာ ရမ်းကာ ပြောင်ကြီးသည် မနားမနေ ထ၍ ကြိုးစားနေသလို .၄၇၀ ကျည်ဆန် ထိမှန်ခဲ့သည့် ဒဏ်ရာပေါက်မှ တဘွတ်ဘွတ် သွေးတွေပန်းကာ ထွက်နေတုန်းပင်။
ကျွန်တော်သည် မုဆိုးကြီးများ၏ စခန်းသိမ်းကိစ္စတုန်းပစ်ခတ်နည်းအတိုင်း ပြောင်ကြီး၏ ခေါင်းကြီး နှင့် လည်တိုင်ဆက်ထားသည့်နေရာကို ချိန်၍ ဘယ်ပြောင်းအတွင်းမှ ကျည်ဆန်နှင့် မိမိရရ ပစ်ချလိုက်သည်တွင် ပြောင်ကြီးသည် သက်သွက်ခါထွက်သွားပြီးခေါင်းပိုင်းမှာ မြေပေါ်သို့ညွတ်ကျကာ ငြိမ်သွားတော့သည်။
.၄၇၀ နှစ်လုံးပြူးရိုင်ဖယ်ကို ခါးချိုးကာ ပစ်ပြီးသားကျည်ဆံအခွံ နှစ်တောင့်ကို အလိုအလျောက် တွန်းကန်ထုတ်လိုက်သော ကျည်ဆန်ခွံခွာကိရိယာ၏ စီမံချက်ကြောင့် ချလွင်ကနဲ ကျည်ဆန်ခွံနှစ်တောင့်က ဘေးတဘက်တချက်သို့ ကန်ထွက်သွားခဲ့သည်တွင် ကျွန်တော်၏ ဘယ်လက်ချောင်းများကြားတွင် အရ သင့်ညှပ်ထားခဲ့သည့် ကျည်ဆန်နှစ်တောင့်ကို ဆွဲယူကာ ရိုင်ဖယ်ပြောင်းနှစ်ခုအတွင်းသို့ ထည့်၍ ခါးကို ပြန်စေ့ကာ မောင်းတင်လိုက်ပြီး ပြောင်ကြီးဆီသို့ လှမ်း၍ နောက်ဆုံးအခြေအနေကို ကြည့်ရှုအကဲ ခတ်လိုက်ရပေ၏။
မျက်လုံးကြီးအပြူးသားနှင့် ပြောင်ကြီးကား ကိစ္စတုံးနေကြောင်း တွေ့လိုက်ရသည်တွင် ဦးဘိုးဟန်သည် ကျွန်တော်၏ ဘယ်ဘက်ဘေးမှ အသင့်ကပ်၍ အသင့်ချိန်ရွယ်ထားသည့် ရိုင်ဖယ်ပြောင်းကို ဖြည်းညှင်းစွာ ဘေးသို့ချလိုက်ရင်း-
“စိတ်ချရပါပြီ။ အာဂအကောင်ကြီးပါကလား ဗိုလ်မှူး။ ထီးခေါင်းကြီး။ ပစ်ရချင်တော့ ကြံကြံဖန်ဖန် လာတိုးရတယ်ဗျာ”
ဝမ်းသာအားရကြွေးကြော်လိုက်ပြီး….
“ဦးနု ကျုပ်တို့ လာကူရအုံးမှာလား။ ဘာဖြစ်သွားသေးသလဲ”
လှမ်း၍ ဦးနု ဝပ်နေရာဆီသို့ မေးလိုက်ရာ သစ်မြစ်ဆုံကြားမှ လူးလဲ၍ ထလာသော ဦးနုသည် သူ၏နဖူးပြင်မှ ချွေးပေါက်ကြီးများကို သုတ်သင်လိုက်ရင်း သူ၏ လက်ထဲမှ လုံးချင်းသေနတ်၏ခါးကို ချိုးထုတ်လိုက်ရာ ပစ်ပြီးသားကျည်ဆန်ွံတဖက်ကဒေါင်ကနဲ ကန်၍ ထွက်လာတော့သည်။
“ကျည်ဆန်ခါးပတ်နဲ့ လွယ်အိတ်ကို ဆူးပုတ်ကိုင်းမှာ အသာချိတ်ပြီး ဆူးပုတ်ရွက်ခူးနေတုန်းမှာ ဒီအကောင်ကြီးက ကျုပ်ကို နောက်ပိုင်းကနေပြီး လိုက်ခတ်တော့တာဘဲဗျို့။ ရုတ်တရက်ဆိုတော့ ကျည်ဆန်ခါးပတ်ကို လှမ်းမဆွဲနိုင်တော့ဘဲ လူလွှတ် ထွက်ပြေးခဲ့ရင်းနဲ့ သစ်ပင်လဲကြီးအောက်ကို အတင်းဝင်ကပ်ပြီး ကျုပ်ကို သဲသဲမဲမဲ ဖိလိုက်လာတဲ့ ပြောင်ကြီးကို သေနတ်ထဲမှာရှိတဲ့ ခြောက်လုံးကျည်ဆန်နဲ့ ခံပစ်လိုက်မိတယ်”
မောပန်းနေသော မူမမှန်သည့်အသံကြီးဖြင့် ဦးနုသည် သူကို ပြောင်ထီးခေါင်းတကောင်ချင်းက လိုက်ခတ်ပုံများကို ဇာတ်ကြောင်းလှန်ကာ ပြောပြလိုက်သည်။
ဦးဘိုးဟန်သည် ရယ်မောရင်း
“နောက်ထပ်ပစ်စရာ ကျည်ဆန်ခါးပတ် မပါလာတဲ့အဆုံးမှာ သစ်မြစ်ကြားမှာကပ်ပြီး ကျုပ်တို့ကို အတင်းလှမ်းခေါ်ရင်း ပြောင်ကြီးက ဒဏ်ရာနဲ့မို့ ဒေါသထွက်ပြီး လိုက်အတိုက်ကိုခံရင်း ကိုယ်လွတ်အောင် ရှောင်ခဲ့ရတယ်မဟုတ်လား”
ကျန်နေသော ဖြစ်ရပ်များကို ဝင်ရောက်၍တင်ပြလိုက်ရင်း
“သေနတ်ကြီးတလက်ကို ဆွဲသွားပါလို့ သတိပေးခဲ့တာ ခုမှ နောင်တရနေရောလားဗျာ”
နိဂုံးသတ်လိုက်ရာ ဦးနုသည် ခေါင်းညိတ်၍ ဝန်ခံလိုက်ရင်း-
“ဒီတခါ ကျုပ်အပြစ်ပါဘဲ ဆရာဟန်”
ဦးနုက ရယ်မောရင်း ဝန်ခံလိုက်ရှာပါသည်။
တပ်ကြပ်ကြီးသန်းထွန်းသည် ပြောင်ကြီးလဲနေရာဆီသို့ တက်သွားပြီး ရိုင်ဖယ်ပြောင်းဝနှင့် လေးငါးချက် ထိုး၍ကြည့်လိုက်ပြီးနောက် ပြောင်ကြီးကိုယ်ပေါ်မှ ဒဏ်ရာများကို ငုံ့၍ နီးနီးကပ်ကပ် ကြည့်ရှုလေ့လာလိုက်သည်။
“ဟောဒီမှာ ဦးကြီးနု ခြောက်လုံးကျည်ရာတွေဗျ။ အတွင်းကို ဖေါက်တော့ထွက်ပါရဲ့၊ သွေးစို့ ရုံဘဲ”
ရိုင်ဖယ်ပြောင်းဝနှင့် ထောက်ပြလိုက်သည်။
ဦးနုသည် ဝါးတရိုက်ခန့်အကွာတွင် အဖူးတွေဝေနေသော ဆူးပုတ်ပင်ကြီးဆီသို့ သွားရောက်ကာ ကျည်ဆန်ခါးပတ်နှင့် ဆူးပုတ်ရွက် ခူး၍ ထည့်ခဲ့သည့် လွယ်အိတ်ကို အရေးတကြီးဖြုတ်ကာ ယူငင်ရင်း ဆူးပုတ်ရွက်နုတွေကို ဆက်လက်ခူးနေပြန်ပါသည်။
“ကိုင်း ကျုပ်တို့ ဘယ်လိုစီစဉ်ကြမှာလဲ။ ချောင်းခုန်ပေါ်မှာ ကျတ်စင်ဆောက်ကြရအောင်။ ရေအတွက်ကတော့ သဲတွင်း လက်ယက်တွင်းတွေ တူးရင် ရပါလိမ့်မယ်”
ဦးဘိုးဟန်က ရှေ့ရေးအတွက် လှမ်း၍ တိုင်ပင်လိုက်ရာ-
“ကောင်းတယ် ဆရာဟန်၊ သရက်ချောင်းက ရွှေထွန်းတို့ နောက်ကရောက်လာမှာနဲ့ အခန့်သင့်ဘဲ။ သူတို့က လူရှစ်ယောက်ဆိုရင် ကျုပ်တို့ပါ ဝိုင်းလုပ်ကိုင်ကြရင် ဒီပြောင်ကြီး သိပ်မကြာနိုင်ပါဘူးလေ”
ဦးနုသည် ဆူးပုတ်ရွက်ခူးခြင်းကို အပြီးသတ်ကာ ဝင်ရောက်၍ ဆွေးနွေးလိုက်သည်။
မောင်ပု၊ မောင်နုနှင့် ကျော်လှိုင်င်တို့ပါ ရိုင်ဖယ်ကိုက်စီကိုင်လျက် ရောက်လာကြပြန်သည်။
“ပြောင်သားကဘတ် လုပ်ကြရအောင်ဟေ့။ မလာ တွေလဲ အများကြီး ယူလာခဲ့တာ”
ရဲဘော်ကျော်လှိုင်က ပြောင်ကြီးကိုကြည့်ကာ ကျောပြင်ပေါ်တွင် ဟန်ရပန်ရထိုင်လိုက်ပြီး ချက်ရေးပြုတ်ရေးအကြောင်း ပြောလိုက်ရာ သန်းထွန်းသည် ရိုင်ဖယ်ပြောင်းဝနှင့် ပြောင်ကြီး၏ ခြေနှစ်ချောင်းအကြားမှ တစုံတရာကို ဆတ်ကနဲ ထိုး၍ပြလိုက်ပြီး-
“မောင်ပုအတွက်တော့ ဒါကို မဆလာများများနဲ့ ချက်ကျွေးမှဖြစ်မယ်။ ဒီအကောင် တပ်တုန်းက သိပ်အားလိုနေတယ်လို့ ခဏခဏပြောခဲ့တာ ခုမှအဆင်သင့်ဘဲ”
ခပ်တည်တည်ပြောလိုက်သည်တွင် လူငယ်တစုသည် တဟားဟား ပွဲကျသွားတော့၏။
ခပ်လှမ်းလှမ်း ချောင်းရိပ်ဆီမှ ရစ်တကောင်၏ အတောင်ကိုဖြန့်ကာ အညောင်းဆန့်ခြင်းဖြင့် တဒီးဒီးအသံတွေ ဟိန်း၍ ထွက်လာတော့သည်။
မိုးကလည်း နေပူနေရာမှ ရုတ်တရက် အုံ့မှိုင်းကာ သွားပြန်တော့သည်။
ဦးနုတယောက် ဆူးပုတ်ရွက်ကြော်ရေးအတွက် စခန်းဆီသို့ ပြန်လှည့်ကာ ထွက်သွားခဲ့သည်။
ကျွန်တော်လည်း ဆာလောင်နေသော ဝမ်းဗိုက်ကို အဟာရဖြည့်ရန်အတွက် စခန်းဆီသို့ မှန်းမျှော်ကာကြည့်လိုက်မိသည်။
ပြောင်ထီးခေါင်းကား မိုက်ကန်းသလောက် ရဲတင်းလှပါပေ၏။ တွေ့မြင်သမျှ မနုဿလူသားတို့ကိုပင် မလွတ်တမ်း ရန်မူခဲ့သလို ကျွန်တော်၏ မုဆိုးအဖွဲ့နှင့် ရင်ဆိုင်တိုးမိခဲ့ရာတွင် သူ၏ အမိုက်အားကိုး စခန်းသိမ်းဘဝကို သူသာလျှင် ဖန်တီးဆုံးဖြတ်ခဲ့ပေပြီ တကား။
– ပြီး –
စာရေးသူ – ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)
Uncategorized