July 30, 2025
Uncategorized

ရှေးစကားနှင့် လက်တွေ့

တွင်းကြီးဝမ်းမောင်
ရှေးစကားနှင့် လက်တွေ့

ငတောနှင့် ငလုံးတို့ ယနေ့ ချိုးတည်ထွက်ရမည်။

ချိုးတည်ထွက်ရာတွင် ယူဆောင်မည့် ကွမ်းထုပ်၌ ကွမ်းရွက်မရှိ။ ကွမ်းသီးစိတ် မရှိသေး၍ ဈေးမှ ဝယ်ပြန်လာမည့် မိဂျမ်းကိုစောင့်ရင်း ရေနွေးကြမ်း သောက်နေကြသည်။ ကွမ်းဝါးနေကျ ပါးစပ်က ကွမ်းတစ်ည ပြတ်ရုံဖြင့် ချွဲကျိကျိ ဖြစ်နေသော်လည်း ပိုက်ဆံပြတ်၊ ကွမ်းဝါးနား၊ ဆေးရွက်ကြီးငုံ အကြိမ်ကြိမ် ကျင့်သားရနေသူ ငတောအဖို့ ငွေစော်နံက ကွမ်းဆာ၊ ငွေစော်မနံ့ ဆေးငုံနေကျလူပီပီ ပစ်တိုင်းထောင်လို ကြုံရာဘဝ ကျရာနေရာ၌ နေတတ်ပြီး လူစားမျိုး။

မိဂျမ်း ဈေးဝယ်သွားသည်မှာ ယနေ့အဖို့ ကြာသည်ဟု ငတော ထင်သည်။

ကြာပေလိမ့်မည်။ ငွေသုံးထောင့်သုံးရာကြီးများတောင် မကိုင်ရစဖူး အကိုင်ထူး၍ ဈေးသွားသော ရှားရှားပါးပါးနေ့ဖြစ်ရာ လူလိုသူလို ငွေစမြင်ချိန်၊ ငွေစရွှင်ချိန်၌ ဟိုဈေးတန်းဝင် သည်ဈေးတန်းထွက် ရှိပေလိမ့်မည်။

မနေ့ည နေဝင်မိုးချုပ်က မိဂျမ်းနှင့် ငလုံး ပြဿနာဖြစ်သည်။ အဓိကအကြောင်းအရင်းကတော့ ပိုက်ဆံ မရှိသည့် ပြဿနာပါပဲ။

ငတောတို့ လုပ်အားခသည် သောင်းဝင်၊ သိန်းဝင်၊ သန်းဝင် မဟုတ်။ ရာဝင် ထောင်ဝင် ဂဏန်းကတော့ နေ့စဉ်ရှိသည်။ သို့မဟုတ် နေ့ခြားရှိသည်။

ရှာရသမျှ ရှာတတ်သမျှကို ငတောတို့ ငလုံးတို့က ရိုးရိုးသားသား ကြိုးကြိုးစားစား မနားမနေ ရှာကြဖွေကြသည်။ ရသမျှကို မိဂျမ်းအား တစ်ပြားတစ်ချပ် မကျန် ချက်ချင်းပေးသည်။ ပေးကား ပေး၏။ ရကား ရ၏။ ရမလောက်၊ မကျပျောက်ဘဲ လုံးလည်ချာလည်လိုက်ကာ ကြွေးမကင်း။

သူဌေးမင်း ကြွေးကင်း၍ ချမ်းသာသော်လည်း၊ ဆင်းရဲသား ကြွေးပတ်သောအခါ ခေါင်းမဖော်နိုင်တော့။ လူစဉ်မမီတော့။

ဆန်တစ်ပြည် ခြောက်ရာ ခုနစ်ရာ ပေါက်ဈေးရှိလည်း ဈေးသည်က ရက်ဆိုင်း ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ခုနစ်ရာ၊ ရှစ်ရာယူသည်။ ဆီ တစ်ဆယ်သား သုံးရာ လေးရာ ပေါက်ဈေးရှိလည်း လေးရာ လေးရာ့ငါးဆယ် ဖြစ်သွားသည်။ ငါးဆယ်တန် ဟင်းချိုမှုန့်ထုပ်၊ ကွမ်းသီးစိတ်ထုပ်ကလည်း ငါးဆယ့်ငါးကျပ် ခြောက်ဆယ်။ ဗြောင်ဈေးတင်သည်။

ကျန်သည့် ပစ္စည်းများလည်းပဲ ကြွေးဝယ်ယူသောအခါ ဈေးဗြောင်တက် ဗြောင်တင် ဗြောင်ပေးရသည်။

ခေါင်းရွက်ဗျက်ထိုး ဈေးသည်ကမှ အကြွေးယူသူ ငတောတို့ မိဂျမ်းတို့ကို ဗြောင် ဂုတ်သွေးစုပ်သည် မဟုတ်။

ပစ္စည်းအပေါင်ခံသူကလည်း ဘာပစ္စည်း သွားပေါင်ပေါင် တစ်နေ့ကို ကျပ်နှစ်ဆယ်တိုး ယူသည်။ ငွေတစ်ရာကို တစ်လ (ရက်သုံးဆယ်ပြည့်မှ) အတိုး နှစ်ဆယ် ယူကြသည် မဟုတ်။ တစ်နေ့ အတိုးနှစ်ဆယ်၊ ရက်သုံးဆယ်ကြာက ငွေတစ်ရာတန် အပေါင်ပစ္စည်းကို အရင်းတစ်ရာ၊ အတိုး ခြောက်ရာပေး ရွေးရသည်။

ဘယ်လိုလုပ် စားဝတ်နေရေး အဆင်ပြေတော့မလဲ။ ဂုတ်သွေးကစ ခြေမသွေးအထိ အစုပ်ခံရတော့ ငတောရော မိဂျမ်းပါ လူးလှိမ့်ခံရသည်။

ပစ္စည်းမပါ ငွေတိုးက နှစ်ဆယ်၊ အစိတ်ပါ။ ပစ္စည်းအပေါင်ခံ နေ့တိုးနှင့်စာလျှင် တစ်လမှ နှစ်ဆယ်၊ အစိတ် တိုးရာ သက်သာသေးသည်ဟု ထင်ရသော်လည်း ဆိတ်ပါများ အနာဖြစ် ဆိုသကဲ့သို့ တို့စ ဆိတ်စက ဒဏ်ခံနိုင်သေးသည်။ တို့ပါ ဆိတ်ပါများသောအခါ မခံနိုင်တော့။ ဒဏ်ရာ ရလာသည်။

ငတောက နားလည်သော်လည်း ငလုံးက နားမလည်။

သူတို့ ကုန်းကျုံးရုန်းလုပ်ရ၍ လုပ်အားခငွေများ နေ့စဉ် သို့မဟုတ် နေ့ခြား မရပ်မနား ဝင်နေသည်။ ငွေ ဘယ်လောက်ဝင်ဝင် စားရတော့ မသေထမင်း၊ မသေဟင်း။ ဝတ်ရတော့ မျောက်ထက် သာရုံ။ နေရတော့ ငှက်ထက် သာရုံ။

အမေဖြစ်သူ ဒေါ်ဂျမ်း ဝင်ငွေထွက်ငွေ မစိစစ် မသုံးတတ် မစွဲတတ်ဟု လူငယ်တွေး တွေးသည်။ တွေးပင်တွေးသော်လည်း အမေ ဒေါ်ဂျမ်း စိတ်မဆင်းရဲစေရန် ဖွင့်မပြော။

မနေ့ညနေကတော့ ဒေါ်ဂျမ်းနှင့် ငလုံး ထိပ်တိုက်တိုးသည်။ ပြဿနာအစက ငွေမရှိသောကြောင့် ငလုံး ကြက်ပေါက်ဖောင်းလေးကို ရောင်းလိုမှုက စတင်သည်။

ငလုံး ကြက်ပေါက်ဖောင်းလေးကို ကြက်သမားကြီး ငကျင်က သားခွဲစအရွယ်တွင် ငုံးစလိပ် သုံးကောင်နှင့် လဲပေးပေးသည်။ ကြက်လေးကို ငုံးစလိပ်၊ ငုံးစလိပ်နှင့်ခေါ်ပြီး ငလုံးက တယုတယ မွေးသည်။

ရှစ်လသားခန့်၌ အစမ်း ခွပ်လှည့်ချရာ ကြက်က ကောင်းမှကောင်း။ ငါးထောင်ရအောင် ရောင်းပေးမည်။ ကြက်လေးကို ဂရုစိုက်ဟု မှာသည်။

မြောင်၊ မုံရွာမှ ကြက်သမားကြီးများက ငလုံးကြက်ကို လာကြည့်သည်။ ငကျင်က ငါးထောင်က တစ်ပြားမှ မလျှော့ဟု ဈေးခံသည်။

မိဂျမ်းက ကိုကျင်ရယ်၊ ကျုပ်သားက ကြက်ဝါသနာပါတာ မဟုတ်ပါဘူး။ တစ်ပိဿာလောက် ရှိတာပဲ။ လေးထောင် လေးထောင့်ငါးရာလောက်ရလည်း မနည်းပါဘူး၊ ရောင်းလိုက်ပါ၊ ငလုံး တာဝန် ကျုပ် ယူပါတယ်ဟု ငွေငတ်သူပီပီ ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက် ဝင်ပြောရာ ပွဲပျက်သည်။

ငကျင် ကလည်း သူ့ကြက်မျိုး ဈေးဖျက်သည်ဟု ထင်သည်။ ဝယ်သူ မြို့သားများကလည်း သူဌေးကုန်ရောင်း မဟုတ်၊ ဆင်းရဲသား ကုန်ရောင်း ဖြစ်မှန်း သိ၍ သုံးထောင့်ငါးရာထက် ပိုမပေးနိုင်ပါ။

ကြက်က အဖတက်၊ ပွဲနိုင် နှုတ်မှန်ခြေမှန် မဟုတ်။ ကြက်ရိုင်းခွပ်မို့ စိတ်မချရသေး၍ ငါးထောင် မပေး နိုင်ပါဟု ဆိုလာသည်။

မိဂျမ်းကတော့ ရောင်းလိုသမှ ကိုယ်ယားနေသည်။ ခေါ်လာသူ ငကျင်က ဇွတ်ပြန်ခေါ်သွား၍ အရောင်းအဝယ် မတည့်ခဲ့။

သည်ကြက်ကို မနေ့ညနေက တုတ်ထမ်းကြက်ဝယ်ကို ပိဿာချိန်ဈေးဖြင့် ရောင်းရန် မိဂျမ်းက ခေါ်လာရာ ငလုံး ယမ်းပုံမီးကျ ဖြစ်သည်။

“နင့်ကြက် ထားမလား၊ မနက် ထမင်းစားမလား … ဒါပဲပြော ငလုံး။ နင့်ကြက်ကို ငါ ပိုက်ဆံရှိတဲ့အချိန် အစားပြန်ဝယ်ပေးမယ်။ ခုဟာက အိမ်မှာ ပေါင်စရာ နှံစရာလည်း ဘာမှမရှိဘူး။ ကြွေးရှင်ကလည်း ကြွေးသစ် မပေးတော့ဘူး။ နင်တစ်ယောက် မကြိုက်တာနဲ့ ဒီကြက်ကို ငါ မရောင်းရင် မနက် ထမင်းချက်စရာ မရှိဘူး။ တစ်အိမ်သားလုံး ထမင်းမငတ်ဖို့ နင် ငဲ့ညှာဦး”

“အမေကလည်းဗျာ… အဖေရော ကျုပ်နဲ့ ငမုံးရော လေးခင်မရော ကုန်းကျုံးလုပ်လို့ လုပ်အားခတွေ ဒီလောက် ရနေရက်နဲ့များဗျာ၊ ငွေပြတ်ရသေးသလား။ ကျုပ်ကြက်လေး ရန်ရှာရသလား။ နောက် ရောင်းရလည်း ရတဲ့ပိုက်ဆံမှန်သမျှကို တစ်ပြားမကျန် အမေ့အပ်မှာပါဗျာ။ ကြက်သည်တော့ မထည့်လိုက်ပါနဲ့”

“ငတ်မှာက ခုဟဲ့ ငလုံးရဲ့။ နင့် ငါးထောင်က နောက်မှရမှာ။ မနက် ထမင်းဟင်းက အဓိကပဲ ဟဲ့။ နင် သိထားဖို့က တို့ရသမျှ လုပ်အားခကို တို့ အကုန် စားရတယ်လို့ ထင်နေလို့လား။

ဈေးသည်က နှိပ်စက်၊ ကြွေးရှင်က နှိပ်စက်နဲ့ သူတို့ကို ပူဇော်ပသပြီးမှ တို့က မသေထမင်း မသေဟင်း စားရတာ ဟဲ့။ နင်ရော နင့်အဖေရော ငါရော နာဖူးတဲ့ ရွာဦးကျောင်း ဆရာတော် ဦးဥတ္တမ တရား နင်ပဲ သိပ်မှန်တာပဲ အမေရယ်ဆို။ နင် မေ့နေပလား။

ဆင်းရဲရင် ဝိုင်းနှိပ်စက်ကြလိမ့်မယ်။ ဆင်းရဲတွင်းက လွတ်အောင် ကြိုးစားကြဆိုတာ နင် မေ့နေပလား … ဟီး… ဟီး… ဟီး။ ကိုယ့်ကိုယ်ကိုယ် မွဲနေလို့ မွဲမှန်း မသိဖူးတော့။ တောင်သူကြီး တောသူဌေး ကြက်သမားကြီး ဦးကျင်လို ဈေးကိုင်ချင်သတဲ့တော့”

မိဂျမ်းက ပြောပြောဆိုဆို ငိုရာ ငလုံး ခြေမကိုင်မိ၊ လက်မကိုင်မိ။ အမေ မျက်ရည်ကျသောအခါ မဖြစ်လွန်း၍ ရောင်းရရှာသော်လည်း အမေ့ရင်၌ မချိဟု ငလုံး သိသည်။

အမေကလည်းဗျာ ငိုရမှာ မဟုတ်တာ ငိုနေ။ ရောင်း … ရောင်း … အမေ့သဘောဟု ငလုံးက တောင်းပန်ချော့မော့သည်။

ရွာဦးကျောင်းဆရာတော် ဦးဥတ္တမက တရားပွဲကြုံတိုင်း၊ အလျဉ်းသင့်တိုင်း သတိပေး ဆုံးမစကား ဟောကြားသည်။

“ဆင်းရဲရင် ဝိုင်းဝန်း အနှိပ်စက် ခံရတတ်ပါတယ်။ ဆင်းရဲတွင်းက လွတ်ဖို့ တတ်အားသမျှ သတိထား ကြိုးစားကြ။ ချမ်းသာတဲ့လူက အိမ်ရိပ်၊ တိုက်ရိပ်မှာ ပန်ကာနဲ့ ဇိမ်ခံနေတဲ့အခိုက်မှာ ဆင်းရဲတဲ့လူက စားဝတ်နေရေးအတွက် ခြစ်ခြစ်တောက်ပူနေတဲ့ နေရောင်အောက်မှ ချွေးတဒီးဒီးကျအောင် လုပ်စားနေရပါတယ်။ ဆင်းရဲတဲ့လူကို နေမင်းကလည်း မညှာဘူး။ မိုးမင်းက ကော၊ ဆောင်းနှင်းကရော ညှာတာပါသလား။ မညှာတာပါဘူး။

မိုးမင်း၊ ဆောင်းနှင်းကလည်း နှိပ်စက်သလို လေပူ လေပွေ လေပြင်းကလည်း ဘူးလေးရာ ဖရုံဆင့် ဖြစ်စေတတ်တာပါပဲ။

စားကြွေး၊ ဝတ်ကြွေး၊ နေကြွေး၊ ငွေတိုး၊ သီးနှံတိုး၊ အပေါင်တိုးစေတဲ့ ကြွေးပေါင်းစုံကလည်း နှိပ်စက် တတ်တာ သဘာဝပါပဲ။ ဆင်းရဲလေလေ သံဝေဂ ရစရာ များများ ဖြစ်တတ်တာပါပဲ။

သတိ မမေ့နဲ့၊ ရတနာသုံးပါး မမေ့နဲ့။ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ပညာ အစွမ်းကုန်သုံးလို့ ဆင်းရဲမွဲတေမှုကို စွန့်ပစ်ကြ၊ ကျော်လွှားကြ။

လောကီ ကုသိုလ်၊ လောကုတ္တရာ ကုသိုလ် မဂ်ဖိုလ် နိဗ္ဗာန် မျက်မှောက်ပြုနိုင်ဖို့ ဆင်းရဲမွဲတေ ငတ်မွတ်ခြင်းဘေးမှ လွတ်မြောက်အောင် ကြိုးစားကြ။

မရှိလို့ မလှူ၊ မလှူလို့ မရှိ၊ မသိလို့ မလုပ်၊ မလုပ်လို့ မသိ၊ မရုန်းလို့ ပတ်၊ ပတ်လို့ မရုန်း မဖြစ်စေကြနဲ့။

ဆင်းရဲတွင်းမှ လွတ်အောင် ကြိုးစားကြရာမှာ လောကီဆင်းရဲတွင်းမှလည်း လွတ်မြောက်အောင် ကြိုးစားကြ။ သံသရာ ဆင်းရဲတွင်းမှလည်း လွတ်မြောက်အောင် ကြိုးစားကြ၊ သတိမမေ့နဲ့”

ဆရာတော် ဦးဥတ္တမ၏ စကားစတရားစကို ဒေါ်ဂျမ်းက အစဖော်ပေးသောအခါ ငလုံး သူ့အမေအပေါ် ပြောမိမှားလေခြင်းဟု သံဝေဂ ရသည်။ တုတ်ထမ်းကြက်သည် လာသောအခါ သူ့ကြက်ဖလေးအား သူ ကိုယ်တိုင် ဖမ်းချိန်ပေးလိုက်သည်။

တစ်ပိဿာပြူပြူရှိရာ ကျပ် သုံးထောင့် သုံးရာ ရသည်။ ရသမျှငွေကို သူ့အမေအား ငလုံးက အကုန် ပေးသည်။

မိဂျမ်းက အမေ ပိုက်ဆံစုမိရင် မင်းကြက် အစားတစ်ကောင် ပြန်ဝယ်ပေးမယ်ဟု ပြောပြီး ငွေကိုလက်ခံသည်။ ငွေကို လက်ခံယူနေသော မိဂျမ်း၏ လက်တို့ တဆတ်ဆတ် တုန်နေပြီး မျက်ဝန်း၌ ကြေကွဲရိပ် စွန်းထင်းနေ၏။

ကမ္ဘာပေါ်၌ ရှိရှိသမျှသော အမေများ၏ရင်ကို ခွဲကြည့်ချင် ခွဲကြည့်စမ်းပါ။ အမေမှန်သမျှ သားသမီး စိတ်ဆင်းရဲစေမည့် ကိစ္စရပ်တိုင်းအား မလုပ်ရက် မကိုင်ရက်ကြ။ ကိုယ့်သားသမီးလေးများ လွတ်လပ် ပျော်ရွှင် ပြုံးရွှင်ရယ်မော သောကကင်းစင် စိတ်ချမ်းသာစေချင်ကြသည်။ မိခင် ဂုဏ်ရည်၌ သားသမီး မှန်သမျှကို ဘဝပေးအပ်၊ နှလုံးသွေး ပေးအပ်လျက် ချစ်မြတ်နိုးကြ၊ ပြုစုယုယ အလိုလိုက် အကြိုက်ဆောင်လိုကြသည်။

မိဂျမ်းလည်း အမေပါ။ အမေဖြစ်လျက်နှင့် သားလေး အမြတ်တနိုး မွေးထားသော ငါးထောင် ပေးလာနိုင်သော ကြက်ကလေး ငုံးစလိပ်ကို ဇွတ်ပြော၊ ဇွတ်ရောင်းရခြင်းမှာ စားဝတ်နေရေး အပူမီးတောက်ကို ဖြစ်သည့်နည်းဖြင့် ငြှိမ်းချင်လို့ပါ။

ဝမ်းသမုဒ္ဒရာ အူဂင်္ဂါ ဘဝစကြာဝဠာ၏ အနန္တ ကျယ်ပြော နက်ရှိုင်းမှုကို မျိုသိပ်ကြေကွဲမှု ခံစား၍ အပေါ်ယံ တင်းမာယောင် ပြသပြီး ရင်ထဲ၌ ကြေကွဲမှု အပြင်းအထန် ခံစား၍ မျက်စိစုံမှိတ် အံကြိတ်၍ မိဂျမ်း လုပ်ခဲ့ရတာပါ။

မနေ့က ဒေါသဖြစ်ခဲ့ကြေကွဲခဲ့သော မိဂျမ်းသည် ယနေ့ ဈေးဆွဲခြင်းကြီးဆွဲ၍ အိမ်ပြန်လာတော့ ပြုံးပြုံးရွှင်ရွှင်။

ငတောကတော့ သူ့မိန်းမ မိဂျမ်းကို ပကတိ မျက်စိဖြင့် ကြည့်နေသည့်တိုင် သူ့အာရုံ မျက်စိ၌ သူ့အမေ ရုပ်ပုံလွှာ ပေါ်ပေါက်လာသည်။

ကြည့်စမ်း ငတော စိတ်ထဲ၌ မိဂျမ်း မျက်နှာက အမေ့ မျက်နှာမျိုး။ ငတော အမေတုန်းကလည်း မိဂျမ်း မျက်နှာမျိုးပါ။

သားသမီးနှင့် လင်သားတို့ ဆင်းရဲငတ်ပြတ်နေရာမှ စားစရာ သောက်စရာ၊ ချက်စရာ ပြုတ်စရာလေးများ ဝယ်နိုင်ခဲ့လျှင် မိဂျမ်း ခု ပြုံးပန်းဆင်နေသလို အမေလည်း ပြုံးယောင်လွှမ်းကာ ဝမ်းပန်းတသာ။

ရတတ်သမျှ၊ ဝယ်နိုင်သမျှကို ဖွယ်ဖွယ်ရာရာ ချက်ကျွေး၍ အငမ်းမရ စားနေကြသော လင်သားနှင့် သားသမီးများကို အိုးကပ်၊ အင်ကပ်၊ ပုဂံကပ်ကို လူးလဲစားနေရာမှ စိတ်ချမ်းမြေ့ကြည်နူးစွာ ရွှန်းရွှန်းမြမြ ကြည့်လျက် ပီတိဖြစ်နေသော အမေ၏ ရုပ်ပုံလွှာကို ငတော သတိရမိသည်။

ဘယ်ခေတ်၊ ဘယ်စနစ်၊ ဘယ်အချိန်၊ ဘယ်နေရာ ရောက်ရောက် အမေ တစ်ယောက်၏ အနန္တ မေတ္တာသည် မညှိုးသောပန်း၊ မခန်းသောရေ၊ မသေ သော မေတ္တာပါ။

“ငလုံးရေ…. နင့်ဦးလေးကျင်နဲ့ အမေနဲ့ တွေ့ခဲ့တယ်။ ငွေလိုလို့ ရောင်းတာ ရောင်းတဲ့၊ နောက်ရက်တွေမှာ ချိုးရရ၊ ခါရရ၊ ယုန်ရရ သူ့ ပေးတဲ့။ သူ့ ပြာမီးခိုးကြီးနဲ့ ပေါက်ထားတဲ့ထဲက ကြက်သားခွဲတစ်စုံ ပေးမယ် တဲ့။ သူနဲ့ အမေနဲ့ ဈေးလယ်ကောင်မှာတွေ့လို့ ပြောလိုက်တယ်”

ငလုံး စိတ်ထဲ နင့်ခနဲ ခံစားမိသည်။

အမေသည် မလွှဲသာလွန်း၍ သူ့ကြက်လေး ရောင်းလိုက်ရသည့်တိုင် စိတ်ချမ်းသာဟန်မတူ။ ဈေးလယ်ကောင် လူကြားထဲ၌ပင်လျှင် ဦးလေးကျင်ကို တောင်းပန်ပြော ပြော၍သာ ဦးလေးကျင်က သူ့ကို သနား၍ စိတ်ပြေရာပြေကြောင်း ပြောလိုက်ခြင်း ဖြစ်နိုင်သည်။

ငလုံးက သူ့အမေကို သနား၍ အလိုက်တလျော ပြောကာ ဈေးခြင်းချသည့်အထဲမှ ပစ္စည်းများကို ခွဲ ထုတ်ပေးနေသည်။

“အိမ်ကလူကြီးရေ… ပိုက်ဆံမရှိလို့ မွဲလို့သာပါတော်။ ငွေလက်ငင်းပေး ဈေးဝယ်တော့ ဈေးတွေက အရမ်းကျပြီး ပစ္စည်းတိုင်း ဈေးချိုလိုက်တာတော့။ ဆန်ဈေး၊ ဆီဈေး၊ ငရုတ်၊ ကြက်သွန်၊ ပဲဈေး အကုန် အကုန် ဈေးကျလိုက်တာ။ ဈေးချိုလိုက်တာ။ အရင် ခြောက်ရာ၊ ခုနစ်ရာ ပေးရတဲ့ ဆန်တစ်ပြည် အခု လေးရာတော့၊ အရင် သုံးထောင့်လေးငါးရာ ပေးရတဲ့ ဆီမှ အခု နှစ်ထောင့်သုံးရာတော့။ အရင် တစ်ပိဿာ ငါးရာ ခြောက်ရာက မဆင်းတဲ့ ကြက်သွန်နီရှယ်တွေ အခုတော့ တစ်ပိဿာမှ ရှစ်ဆယ်တော့။ ကွမ်းသီးစိတ်ဈေး၊ လက်ဖက်ခြောက်ဈေး၊ သားဈေးငါးဈေး ကျသမှ အကုန် အကုန်ပဲ။

လက်တွေ့ ငွေမပေးနိုင်ဘဲ ကြွေးဝယ်နေရတော့ ဖုတ်၊ ဘီလူး၊ သဘက်စာတွေပါ အပိုကျွေးနေရလို့ ကျုပ်တို့ အလျဉ်မမီတာ။ ပိုက်ဆံသာ ရှိလို့ကတော့ တရိပ်ရိပ်ကျနေတဲ့ ကုန်ဈေးနှုန်းကာလမှာ ဈေးသည် ငေါက် ဝယ်နေရုံပဲ။ ဆင်းရဲတွင်းက လွတ်အောင် ကြိုးစားကြရအောင်တော်။ ကြံကြစမ်း လုပ်ကြစမ်းပါ။ ပိုက်ဆံရှိရင် ခုခေတ်က ဈေးဝယ်ကောင်းလိုက်တာ”

မိဂျမ်းက ယုန်မီရာ ယုန်သောက်၊ ဆင်မီရာ ဆင်သောက်ထုံး နှလုံးမူ၍ သူပြောချင်ရာကို ကရားရေလွှတ် တတွတ်တွတ် ပြောနေသည်။ မိဂျမ်း အပျော်၊ အပြုံးနှင့် မျှော်လင့်မှုကို ငတော မဖျက်ဆီးရက်။

လူတွေ….စိတ်ချမ်းသာကြပါစေ။

မိဂျမ်း….စိတ်ချမ်းသာနိုင်ပါစေ။

မျက်တောင်တစ်ခတ်၊ လျှပ်တစ်ပြက် တဒင်္ဂမျှဖြစ်ဖြစ် ဆေးတစ်အိုးကျွမ်း၊ ကွမ်းတစ်ယာညက်၊ လက်ဖက်တစ်ရိုးဝါး အချိန်ပါးပါးလေး ဖြစ်ပါစေ။ လူတွေ စိတ်ချမ်းသာကြပါစေ။ မိဂျမ်း စိတ်ချမ်းသာနိုင်ပါစေ။

မရှိ တ၊ ရှိ ကြောင့်ကြ ဖြစ်နေကြသော လူ့အထက်မီး အောက်မီးဘဝမှ ခေတ္တမျှဖြစ်စေ လွတ်ကင်းကြပါစေဟု ငတော စိတ်ထဲ ဆုတောင်းမိသည်။

ဆင်းရဲတွင်းက လွတ်အောင် ကြိုးစားကြစမ်းပါ၊ ကြံဆကြစမ်းပါ၊ လုပ်ကြစမ်းပါ ဟူသော မိဂျမ်းစကားသည် မိဂျမ်း ဘဝအသိက တောင်းဆို နေသော စကား။

ခုခေတ်က ပိုက်ဆံရှိရင် ဈေးဝယ်ကောင်းလိုက်တာဟူသော မိဂျမ်း စကားက ဈေးဝယ်နိုင်ဖို့ ပိုက်ဆံရှာဟု တိုက်တွန်းသော စကား။

ပိုက်ဆံရှာဖို့ ငတောရော၊ ငလုံးပါ ကုန်းကျုံး ရုန်းရမည်။ တရားဥပဒေ မချိုးဖောက်သောနည်း၊ လူနှင့်လူချင်း ရက်စက်စွာ ဂုတ်သွေးစုပ်သောအဖြစ် မရောက်သည့်နည်းဖြင့် ရိုးသားကြိုးစား ရှာဖွေရမည်။

ကိုယ့်အရပ်နှင့် ကိုယ့်ဇာတ်၊ ကိုယ့်ဒေသနှင့် ကိုယ့်နည်း ကိုယ် လုပ်စားတတ်သည်။ အသက်မွေးဝမ်းကျောင်းနှင့် ကိုယ်ဒေသ လုပ်စားရမည်။ လုပ်ကွင်းစားကျက်အရ ငတောနှင့် ငလုံးတို့ ယနေ့ ချိုးတည်ထွက်မည်။

စောင့်ဆိုင်းနေသော ကွမ်းရွက်နှင့် ကွမ်းသီး ရလျှင်ရချင်း ငတောက ကွမ်းတစ်ရွက်ကို ထုံးထူထူသုတ်၊ ကွမ်းသီးစိတ် ပါးပါးထည့်၊ ဆေးကောင်းရွက် လေးလေးထည့်ပြီး လာခဲ့စမ်းကွာ၊ တစ်ညလုံး မဝါးခဲ့ရတဲ့ကွမ်း၊ နင် ပါးစပ်ထဲက ပြေးနိုင်သေးသလားဟု အသံတိတ် ကြိမ်းဝါးကာ ပလုတ်ပလောင်း ဝါးသည်။

မိဂျမ်းက…

“တော် ကွမ်းငတ်နေတာ ကျုပ် သိတယ်။ ကျုပ် စိတ်မကောင်းဘူး။ အရမ်းနင်းကန်ဝါးလို့ ကွမ်းသီး တစ်နေဦးမယ်။ တော် ကွမ်းဝါးရတာက ငလုံး ကျေးဇူး။ သူ့ကြက်လေးကြောင့် ကနေ့ အဆင်ပြေနေတာ။ ချိုးလည်း ရနိုင်သလောက် ကြိုးစားတည်ခဲ့တော်။ ပိုက်ဆံရှိရင် ဈေးဝယ်ကောင်းလွန်းလို့”

မိဂျမ်းသည် ငွေရေးကြေးရေး အဆင်ပြေနေချိန်၌ ကရုဏာမိခင်၊ ကြင်နာတတ်သော သားမယား။

ငွေရေးကြေးရေး အဆင်မပြေချိန်၌ မိန်းမကြမ်းကြီး။

မသေဘဲ ဘဝပြောင်းပေးနိုင်သော ပဉ္စလက်ဆရာကြီးက ငွေ… ငွေ… ငွေ။ ငွေသည် အသက်မရှိဘဲ တန်ခိုးကြီးလှပါဘိတောင်း။

တန်ခိုးကြီးလှသော ငွေ ရရှိဖို့ ငတောရော ငလုံးပါ လုပ်ရတော့မည်။ ဘာလုပ်မလဲ၊ ဘာလုပ်တတ်သလဲ၊ ဘာလုပ်စားရင် ချက်ချင်း စားရမလဲ။

ကိုယ့်ဘဝ ကိုယ်လုပ်လက်စ ကိုယ့် တောလိုက်လုပ်ငန်း လုပ်ရမည်။

ငလုံးက ချိုးတည်အိမ်ကို လောဝါးဖြင့် လျှိုထမ်းလိုက်သည်။ ကျန်ပစ္စည်းများကို ငတောက စုပြုံယူလာပြီး ရွာတောင်လမ်းအတိုင်း ချိုးတည်ရန် ထွက်ခဲ့သည်။ သွားရင်းလာရင်း ဘဝလှုပ်ရှားမှုကို ပေတံချ တိုင်းထွာကြည့်မိသည်။ ငတော ချတိုင်းကြည့်သော ပေတံက စားဝတ်နေရေး ပေတံ။

စားဝတ်နေရေး ပေတံဖြင့် တိုင်းကြည့်သောအခါ လူမှန်သမျှ ကိုယ့်ဝမ်းစာ ကိုယ်ရှာ၊ ကိုယ့်ဘဝ ကိုယ်ရုန်းနေကြသည်။

ထန်းတက်သူ တန်းတက်နေတာ မြင်ရ၏။ ဝမ်းစာ။

တောင်သူတို့ ထွန်ယက်နေကြ၏။ ဝမ်းစာ။

ခြေလျင်၊ စက်ဘီးဖြင့် ကူးသန်းသွားလာနေကြ၏။ ဝမ်းစာ။

သိုး နွား ဆိတ် ကျောင်းနေကြ၏။ ဝမ်းစာ။

ငှက်ခါးကြီးက တဝဲဝဲ။ ဆက်ရက်က တညံညံ။ စာလေးက တစီစီပြေလုံးက တတွဲတွဲ… အစာရှာကြသည်။ ဝမ်းစာ။

စားဝတ်နေရေး ဝမ်းစာရှာကြသူများ၏ ရုပ်ပုံလွှာသည် မရိုးနိုင်သော ပုံရိပ်လွှာ။ ဘဝတာဝန် ထမ်းဆောင်နေကြသော အားမာန် ရုပ်ပုံလွှာများ။

ရွာနှင့်ဝေးလာ ဝေးလာသောခါ ဆိတ်ငြိမ်မှုက ရလာ၏။ ဆိတ်ငြိမ်သော်လည်း စိတ်မငြိမ်။

စိတ်မငြိမ်၍ သားဖ နှစ်ယောက်စလုံး ရောက်တတ်ရာရာ တွေးကြသည်။

ငတော တွေးမိသည်က မြောင်မြို့နယ် မန်ကျည်းဘုတ်ရွာမှ နာမည်ကျော် မအဲ။ မအဲသည် လောလောဆယ်မှာတော့ နာမည်ကျော်။

မအဲဆီ သွားမေးချင်က သုံးရက်ကြိုတင် တိုကင် ယူရသတဲ့။ ဘာတွေ ဟောလဲမေးတော့ မေးတာ ဟောသတဲ့။ ဒက်ထိ မှန်သတဲ့။

မိဂျမ်းကို ငတောက ပြောမိသည်။

“မိဂျမ်း”

“တော်”

“မန်ကျည်းဘုတ်က မအဲ သွားမေးရင် မှန်လှတဲ့ဟ၊ နင်ကြားဖူးလား”

“ကြားသားပဲ”

“သွားမေးချင်စိတ်များ မရှိဘူးလား၊ အခကြေးငွေနဲ့ ဟောတာမှ မဟုတ်တာ”

“မမေးချင်ပေါင်တော်။ လက်တွေ့ဖြစ်နေတာ ကိုယ့်ဘာသာ သိနေတာပဲ။ ဘာများ သွားမေးမလဲ။ မေးစရာ လိုသေးသလား။ လူမွဲတစ်ယောက်ကို လူချမ်းသာဆယ်ယောက် ဝိုင်းမတာတောင် မကြွဘူးတဲ့။

လုပ်စရာရှိတာ သေကောင်ပေါင်းလဲလုပ်၊ ခြိုးခြံချွေတာစား၊ အကြွေးကင်းအောင် အရင်လုပ်၊ အကြွေးထက်ဆိုးတဲ့ ရောဂါ မရှိဘူး။ အဲဒီရောဂါပျောက်ရင် ကျုပ်တို့ ဆင်းရဲတွင်းက လွတ်မှာပဲ”

ဟု ဆိုသည်။

ထိုစကားကို ငတော သတိရ၍ ပြုံးယောင်သန်းနေစဉ် ငလုံးက ဘာစိတ်ကူးပေါက်သွားသည်ဟု ငတော မသိ။ ချိုးတည်အိမ် ချိတ်လာသော လောဝါးကို ထမ်းရင်း သီချင်းတစ်ပုဒ်ကို အားပါးတရ ဟစ်လိုက်သည်။

တောငြိမ်၊ တောင်ငြိမ်၊ ဝန်းကျင်ငြိမ်နေချိန်တွင် ငလုံး သီချင်းသံက ထိုးဖောက် ဖုံးလွှမ်းသွားးသည်။

“ဆင်းရဲခြင်း လွတ်ကင်းအောင်× × × × လမ်းပြဆောင်ပါမည် × × × × ရတနာစိန်ရွှေ× × × × အထွေထွေ× × × × လူထုလက် ရောက်မည် × × × × မွဲတဲ့လူ× × × × လှူဒါန်းနိုင်မည်× × × × ကျောင်းဆောက်ကာ× × × × ဘုရားပါတည် × × × × ဘိုးဘိုးအောင်နဲ့ ရှင်အဇ္ဇဂေါဏာ× × × × မတဲ့ ကိန်းဆိုက်မည်× × × ×

ကျန်းကျန်းမာမာ× × × × ချမ်းချမ်းသာသာ× × × × ဘေးရန် ကာဆီးမည် × × × × လူမွဲတွေက× × × × မနှေးခေတ်မီ x x x x သူဌေး ဖြစ်တော့မည်× × × × တို့နဂါးနီ× × × × သိဒ္ဓိတန်ခိုးနဲ့× × × × ဆင်းရဲသားတို့ မညှိုးသည် × × × × အကျိုးထူး ပေးတော့မယ်တဲ့ဗျ × × × × ဘေးအပေါင်း ရန်ကာသည် × × × × တို့နဂါးနီ× × × × တန်ခိုးနဲ့ အမျိုးဂုဏ်× × × × တက်စေမည်× × × ×

သိဒ္ဓိဖုံဖုံ× × × × ကုံလုံစေမည်× × × × နေ့စဉ်ညစဉ် ဖိုမထိုးဘဲ × × × × အကျိုးပေးနိုင်သည်× × × × မြန်မာပြည် နဂါးနီ တန်းခိုးရယ်နဲ့× × × × မြေလျှိုးပါလို့ မိုးပျံနိုင်မည်× × × × မွဲတဲ့ လူတွေ ငွေမရှား× × × ဆောင်ရွက်ကာစွမ်း× × × × ထွက်ရပ် လမ်းပြမည်× × × ×

ကျန်းကျန်းမာမာ× × × × ချမ်းချမ်းသာသာ× × × × ဘေးရန် ကာဆီးမည်× × × × လူမွဲတွေက× × × × မနှေးခေတ်မီ x x x x သူဌေး ဖြစ်တော့မည်× × × ×

ငလုံးသည် သည်သီချင်းကို တော်တော်ကြိုက်တဲ့ကောင်လေး။ ရွာ ဘုရားပွဲမှာ စတိတ်ရှိုး တစ်ပုဒ် ငွေသုံးရာပေး၍ ဆိုရစဉ်ကလည်း ဒင်ဒင် ဒေါင်ဒေါင် ဒိန်းဒိန်း အိန်းအိန်း ပေါ့ကြ၊ ဟော့ကြ၊ ဟစ်ကြ သူတို့ကြားထဲ၌ သည်သီချင်းကိုပဲ ခပ်တည်တည် ဆိုသည်။

ပေါ့သမား၊ ဟော့သမား၊ ဟဲဗီးသမားတွေ ကြားမှာ ရိုးရိုးစင်းစင်း သည်သီချင်းကို ခံစားချက်အပြည့်ဖြင့် ငလုံး ဆိုသောအခါ ပရိသတ်အများက မျှော်လင့်မထား၍ အစပိုင်း၌ ကြောင်ခံနေကြ၊ အံ့အားသင့်နေကြသည်။

ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ အပိုဒ်ကို ငလုံး ဆိုမိသောအခါ သံပြိုင်လိုက်ဆိုကြသည်။ ဘယ်လိုမှ မျှော်လင့် မထားဘဲ ဆုငွေများ၊ ပန်းကုံးများ၊ ပန်းစည်းများကို ငလုံးအား စုပုံပေးကြသည်။

အခမ်းအနားမှူးနှင့် ပရိသတ် ညှိပြီး ငလုံးကို ဒုတိယအကြိမ် ပြန်လည်သီဆိုခိုင်းသည်အထိ ပရိသတ်က ကြိုက်ကြသည်။ ဒုတိယ ညတွင်လည်း ငလုံးကို ထပ်ဆိုခိုင်းပြီး ဆုချကြ၊ ပန်းစည်း ပန်းကုံး စွပ်ကြ ပေးကြသည်။

သူ့ကို ဝိုင်းဝန်းအားပေးကြသော သီချင်းကို သတိရ၍လား၊ တစ်စုံတစ်ခုသော ခံစားချက်ကြောင့်လား ငတော မသိ။ ငလုံးကတော့ သူ့သီချင်းကို သူ ထပ်ပြန်တလဲလဲ ဆိုလာသည်မှာ ချိုးတည်ရာရောက်သည်အထိ ဖြစ်၏။

ချိုးတည်ခြင်းဟူသည် နယ်ခံချိုးအား တည်ချိုးဖြင့် တည်ဖမ်းခြင်းကို ခေါ်သည်။ (အညာချိုးသမားကို ပြန်ဖတ်ပါ)။

ချိုးမှာ သူ့ပိုင်နက်၊ ကိုယ့်ပိုင်နက် ပိုင်နက်မြေ ရှိသည်။ ချိုးတစ်ကောင်၏ ပိုင်နက်နယ်မြေကို အခြားချိုးက လာရောက် ကူသံပေးလျှင် ရန်ပြုခြင်း၊ ကျူးကျော်ခြင်းဟု ယူဆပြီး နယ်ခံချိုးက နယ်စိမ်း ချိုးအား သူသေ ကိုယ်သေ ခွပ်သည်။ တိုက်သည်။ နယ်ခံချိုး နယ်မြေကို အခြား ချိုးစိမ်းက မည်သည့်အခါမှ လာရောက်၍ ကူခွင့်မပြု။

အခြားနယ်မှ ချိုးက ကူသံပေးလာပါက အသေအကျေ တိုက်ခိုက်တတ်သော ချိုးသဘာဝကို သိသော ချိုးတည်သမားက တည်ချိုးကို လှောင် အိမ်ထဲထည့်၊ လှောင်အိမ်ဘေး၌ ခလုတ်နှင့်ပိုက်ဆင်၊ နယ်ခံချိုးက လာခွပ် လာပုတ်ပါက ခလုတ်ပြုတ်၊ ပိုက်ဖြင့် မိစေရန် နယ်ခံချိုး နယ်မြေအတွင်း ဝင်ရောက်ကာ ချိုးတည်ကြသည်။ ဤသည်မှာ ချိုးတည်ခြင်း၊ ချိုးမိခြင်း ယေဘုယျသဘောဖြစ်၏။

ယခုလည်း ငတောနှင့် ငလုံးတို့သည် ဝင်းတော်ကဇာရိုး၏ နောက်ဘက်၌ရှိသည့် မန်ကျည်းပင်ငါးပင် အုပ်ဆိုင်းနေသော နေရာ၌ ချိုးတည်ခဲ့သည်။ လူက မနီးမဝေး၌ ရှိနေသော ဒဟတ်ပင်ကြီး တစ်ပင်အောက်က စောင့်နေစဉ် လှည်းလမ်းအရှေ့ဘက် မန်ကျည်းပင်အုပ်ကြီးများဆီမှ နယ်ခံချိုးက ဇွတ်ဝင်၊ ဇွတ်ပုတ်၊ ဇွတ်ခွပ်ရာ ကွမ်းတစ်ယာညက်ပင်လျှင် မကြာ။ နယ်ခံချိုးကြီးကို မိသည်။

မိလာသော ချိုးကို ဖမ်းထုတ်ရန် တည်အိမ်ကို ငလုံးက ချယူလာစဉ် ငတောက အမိမြန်လှ၍ ကတိုက်ကရိုက် ငုံ့ကြည့်သည်။ ကြည့်ရင်း ကြည့်ရင်းမှာပင်လျှင် ငတော သူ့မျက်စိ သူ သံသယဝင်သည်။

အိပ်မက် မဟုတ်သည်မတော့ သေချာသည်။ သူ အမြင်များ လွဲလေရော့သလား။ သူ မြင်တာ အမှန်ပဲလား။

ထပ်ပြန်တလဲလဲ ကြည့်မိမှ သူ့အမြင် မှန်ကြောင်း လွဲချော်၍မနေကြောင်း သူ့ကိုယ်သူ ယုံကြည်သည်။

ချိုးထုံးစံ မဟုတ်သည်တို့ကို ယခု သူ ထူးထူးခြားခြား မြင်နေရသည်။ ချိုးထုံးစံက တည်ချိုးက လည်ပြောက်ဖြစ်လျှင် လာခွပ်သော ချိုးမှာလည်း လည်ပြောက်သာ ဖြစ်သည်။ တည်ချိုးက လင်းပြာဖြစ်လျှင် လာခွပ်သော ချိုးမှာလည်း လင်းပြာသာ ဖြစ်သည်။

သာမန် ချိုးထုံးစံအရ တည်ချိုး လည်ပြောက်ကို နယ်ခံချိုး လင်းပြာ က လာမခွပ်။ တည်ချိုး လင်းပြာကို နယ်ခံချိုး ချိုးလည်ပြောက်က လာမခွပ်။ ဤအချက်ကို သမားရိုးကျ ချိုးခွပ်ထုံးစံဟု ခေါ်သည်။

ထုံးစံထက် ကျော်လွန်ဖြစ်လာပါက ထူးခြားမှုဖြစ်စဉ်ဟု ခေါ်ကြသည်။

ယခုလည်း ထုံးစံ မဟုတ်သည်တို့ ဖြစ်ပေါ်လာသည်။ ငတော ငလုံးတို့ တည်ချိုးက ချိုးလည်ပြောက်။ လာခွပ်သော နယ်ခံချိုးက ချိုးလင်းပြာ။

လည်ပြောက်လည်း ချိုး၊ လင်းပြာလည်း ချိုး ဖြစ်သော်လည်း ချိုး အမျိုးအစား မတူ။ သည်လို မျိုးမတူ ချိုး ဝင်ရောက်ခွပ်မှု ထူးခြားဖြစ်စဉ်ကို ငတော ရှေ့နောက် ပြန်လှန်ချိန်ဆသည်။ ရှေးချိုးသမားကြီးတို့ ပြောကြားခဲ့သော ရှေးစကားနှင့် လက်တွေ့ အဖြစ်အပျက်တို့ ကိုက်ညီမှု ရှိ မရှိ သိစေရန် လက်တွေ့ သူ စမ်းသပ်ဖို့ ဆုံးဖြတ်လိုက်သည်။

“ငလုံး”

“ဗျာ … မဖေ”

“လှည်းလမ်း အရှေ့ဘက်က မန်ကျည်းပင်အုပ်အုပ်ကြီးတွေဆီကို အဖေတို့ သွားရအောင်။ ရှေးချိုးသမားကြီးတွေရဲ့ ရှေးစကားနဲ့ လက်တွေ့ ကိုက် မကိုက် စမ်းကြည့်ရတာပေါ့ကွာ။ ချိုးတည်အိမ်လည်း ယူခဲ့။ ဖမ်းမိတဲ့ ချိုးလည်း မထုတ်သေးနဲ့ဦး”

“ဟုတ်”

လှည်းလမ်း အရှေ့ဘက်ရှိ မန်ကျည်းပင်အုပ်ကြီးများဆီသို့ သားဖနှစ်ယောက် ရောက်လာသည်။ အုံ့ဆိုင်းမှိုင်းညို့နေသော မန်ကျည်းပင်တောထဲမှ မန်ကျည်းပင်ကြီး တစ်ပင်ကို ငတောက အရင်ပြသည်။

“အဲဒီပင်ကြီး စတက်ကွာ။ ခြေချော်လက်ချော် ပစ်ကျလို့ ကျိုးပဲ့ကုန်ဦးမယ်၊ ကောင်းကောင်းတက်။ ကိုင်းဖျားကိုင်းနား လျှောက်တဲ့အခါ အပေါ် က ကိုင်းရှိ အပေါ်ကိုင်းဆွဲ၊ အပေါ်က ကိုင်စရာ ကိုင်းမရှိရင် မတ်တတ်လျှောက်၊ ဟန်ချက် မပျက်စေနဲ့”

“ဟုတ်… ကျုပ် မန်ကျည်းပင်ပေါ်တက်ပြီး ဘာလုပ်ရမှာလဲ အဖေ”

“ချိုးလင်ပြာအသိုက် ရှိသလား ရှာစမ်းကွာ။ အသိုက် ရှိခဲ့ရင် ချိုးမကြီးနဲ့ ချိုးဥတွေ ရှိသလား၊ ချိုးလေးတွေ တွေ့သလား အဖေ့ပြော”

“ပြောရုံပြောရမှာလား၊ ဖမ်းခဲ့ရမှာလား”

“ကြည့်ရုံကြည့်ပြီး အဖေ့ကို လှမ်းအော်ပြော”

သည်မျှဆိုလျှင် ငလုံး အလုပ် လုပ်၍ရပြီ။ မန်ကျည်းပင်ကြီးတစ်ပင်ပေါ် ကျွမ်းကျွမ်းကျင်ကျင်တက်ကာ စေ့စေ့စပ်စပ် ရှာသည်။ ဘာအသိုက်မှ မတွေ့။

နောက်တစ်ပင်ပေါ် တက်ကာ ရှာပြန်သည်။ ဘာမှ မတွေ့။ နောက်တစ်ပင်ပေါ် တက်ကာ မန်ကျည်းကိုင်း ခွဆုံနှင့် ဆက်နေသော မန်ကျည်းကိုင်း အုပ်အုပ်တစ်ခု အရောက်၌ ငလုံးက အော်သည်။

“အဖေ”

“ဟေ”

“ပျံသွားပြီဗျ”

“ချိုးမကြီးလား”

“ဟုတ်”

“အသိုက်ဆီ အရောက် သွားကြည့်ကွာ”

“ဟုတ်”

“ဘာတွေ့လဲကွ ငလုံး”

“ဟာ…. အဖေ၊ မျက်စိမပေါက်သေးတဲ့ ချိုး နီတာရဲရဲ နှစ်ကောင်ဗျ။ ကိုယ်တုံးလုံးလေးတွေ။ ဘာအမွေးမှ မပေါက်သေးဘူး၊ ခေါင်းချင်းဆိုင် အိပ်နေတာ”

“သွားမကိုင်နဲ့နော်၊ ကောင်းကောင်းမွန်မွန် ပြန်ဆင်းခဲ့၊ အဖြေတွေ့ပြီ”

“ဟုတ်… ဟုတ်… ကျုပ် ဆင်းခဲ့တော့မယ်”

ငလုံးက တတိယမြောက် မန်ကျည်းပင်ပေါ်မှ ဆင်းလမ်းရှာ၍ ဆင်းနေစဉ် ငတောက ဖမ်းမိ ချိုးလင်းပြာကြီးကို ကြည့်နေသည်။

ရှေး ချိုးသမားကြီးများ၏ ရှေးစကားက ချိုးလည်ပြောက်ဖြင့် ချိုးတည်နေသော အချိန်၌ ချိုးလင်းပြာ လာရောက်ခွပ်ခဲ့လျှင် နီးစပ်ရာ သစ်ပင်ကြီးများ အပေါ်တွင် ချိုးလင်းပြာအသိုက်ကို ရှာရမည်။ ထိုအပင်ကြီများပေါ်၌ ချိုးလင်းပြာ မိသားစုနှင့် အသိုက်ကို တွေ့လိမ့်မည်။ တွေ့လာပါက ဖမ်းမိ ချိုးလင်းပြာကို မဖြစ်မနေ ပြန်လွှတ်ပေးရမည်။ ပြန်မလွှတ်ဘဲ ဖမ်းဆီးသတ်ဖြတ်ပါက သတ်ဖြတ်သူ မိသားစု ဘေးဒုက္ခ ချက်ချင်းရောက်တတ်သည်။

တောစည်းမဖောက်ဘဲ ဖမ်းမိ ချိုးလင်းပြာကို ပြန်လွှတ်ပါက ဆင်းရဲမှုမှ ကင်းလွတ်သည်။ ဘေးရန်မှ ကင်းဝေးသည်။ တောစည်းမဖောက်ရန် သိသူက မသိသူကို မှာရမည်ဟု ရှေးသမားစဉ် စကားရှိခဲ့၏။

သူ့ဘေးရပ်လာသော ငလုံးအား ငတောက ပြောသည်။

“ငလုံး”

“ဗျာ … အဖေ”

“ချိုးလင်းပြာအမ တစ်ကောင်တောင် ငါးရာ ခြောက်ရာ အလုအယက် ဝယ်နေကြချိန်မှာ အဖေတို့ဖမ်းမိတဲ့ ခု ချိုးလင်းပြာ အထီးကြီးဆိုရင် ခုနစ်ရာ ရှစ်ရာတော့ သေချာပေါက် ရောင်းရမှာပဲ။ ဒါပေမဲ့ စည်းဆိုတာ လူတန်းစားမရွေး စောင့်ထိန်းလိုက်နာရမယ့် တာဝန် ဝတ္တရားတစ်ခုပဲ။

အဖေတို့ ငါ့သားတို့ဟာ ငတ်နေ ပြတ်နေ ကျပ်နေပေမယ့် မဖောက်ကောင်းတဲ့ စည်းကို မဖောက်ချိုးမိဖို့လိုတယ်။ စည်းပျက်ပြီး နိုင်တိုင်း အနိုင်ကျင့်လို့ မသင့်တော်ဘူး။ အဖေတို့ ဒီချိုးလင်းပြာကြီးကို ပြန်လွှတ်ရအောင်”

“ရှေးထုံးစံတို့ တောစည်းကမ်းတို့ ရှိသလားအဖေ”

“အေး… ရှိတယ်၊ ဒီချိုးလင်းပြာကြီးက အထီးကြီးကွ။ သာမန်အချိန် မှာ သူ့ချိုးမနဲ့သူ တွဲနေတဲ့ နေရာကို ချိုးလည်ပြောက်လာကူလည်း ကူချင်သလိုကူချိုးအမျိုး မတူလို့သူက မတိုက်ခိုက်ဘူး၊ ဝင်မခွပ်ဘူး၊ ဝင်မပုတ်ဘူး။

ခုအချိန်မျိုးမှာ ထုံးစံမဟုတ်ဘဲ ထူးထူးခြားခြား ဝင်ခွပ်ရ၊ ဝင်ပုတ်ရ၊ ဝင်တိုက်ရတာက သူ့သားသမီး ပေါက်စလေးတွေကို တခြားနယ်ကလာတဲ့ ချိုးစိမ်းက ရန်ပြုမှာစိုးလို့ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ သူက ဇွတ်ဝင် ဇွတ်တိုက် ဇွတ်ပုတ် လုပ်ရတာ။

အဖေဆိုတော့ သားသမီးအတွက် အသက်သေသေ၊ အရိုးကျေကျေ၊ အရေခန်းခန်းဆိုတဲ့ အဖေမေတ္တာ၊ အဖေစေတနာနဲ့ သူ တိုက်ခိုက်တာကွ။

ဒါကို သိထားတဲ့ ရှေးချိုးသမားကြီးတွေက အဖေ့ ဂုဏ်ရည် ပူဇော်တဲ့အနေနဲ့များ ပြန်လွှတ်ခိုင်းသလား တွေးစရာကြီးပဲ။ အဖေ့ ဂုဏ်ရည်ကို ချိုးဖျက်လို့ တောစည်းဖောက်ရာ မရောက်အောင် အဖေတို့ ပြန်လွှတ်ကြမယ်။ သူ့မယား ချိုးမကြီးနဲ့ သူ့သားသမီးတွေ ရှာဖွေကျွေးမွေး ပြုစုစောင့်ရှောက်ဖို့အတွက် အဖေတို့ ဆုတောင်းပြီး ချိုးထီးကြီးကို ပြန်လွှတ်ရအောင်။ ငါ့သားက ဖမ်းမိမှ အဖေ့ပေး၊ နှစ်ဦး ဆုတောင်းပြီးမှ ပြန်လွှတ်မယ်”

သေဘေးကို ကြောက်လန့်၍ ဆောက်တည်ရာမရ ပြေးလွှားနေသော ချိုးလင်းပြာ အထီးကြီးအား ငလုံးက ကျွမ်းကျွမ်းကျင်လျှင် ဖမ်းယူလိုက်သည်။ ညင်ညင်သာသာ ဆုပ်ကိုင်ပြီး သူ့အဖေ ငတောကို လှမ်းပေးရာ ငတောက တယုတယ ဖမ်းဆုပ်ပြီး ငလုံးအား လှမ်းပြောသည်။

“ငလုံး… အဖေတို့ ဆုတောင်းပြီး လွှတ်မယ်။ အဖေရှေ့ကဆိုတာကို ငါ့သားက နောက်ကလိုက်ပြီး ယုံယုံကြည်ကြည်နဲ့ ပီပီသသ ဆိုနော်”

“ဟုတ်ကဲ့ … အဖေ … ဟုတ်ကဲ့”

“ကျုပ်တို့သည် ဆင်းရဲကျပ်တည်းသော်လည်း မဖောက်ကောင်းသော တောစည်းကို မဖောက်ဖျက်ပါ၊ နိုင်တိုင်း နိုင်သလို ကျုပ်တို့ မလုပ်ပါ။

ဤမှန်သော သစ္စာစကားကြောင့် သူဌေးမင်း မဖြစ်သော်လည်း အကြွေးကင်းသောလူသား ဖြစ်ရပါလို၏။

နတ်၌ဖြစ်သော နတ်သုဒ္ဓါကို ကျုပ်တို့ မစားရသော်လည်း လူထမင်း လူဟင်းကို လူနဲ့တူတူ၊ လူနဲ့မျှမျှ စားချိန်ကျသောအခါ စားရပါလို၏။

သူ့အသက် တစ်ခါ လွှတ်ရသော ယခု ကောင်းမှုကြောင့် ကျုပ်တို့၏အသက် ဆယ်ခါလွတ်ရပါလို၏”

သားအဖနှစ်ယောက် လှိုက်လှိုက်လှဲလှဲ ဆုတောင်းပြီးသောအခါ ဖမ်းမိ ချိုးလင်းပြာကြီးအား ညင်ညင်သာသာ လွှတ်ပေးလိုက်သည်။

လွတ်လပ်ပျံသန်း ကောင်းကင်သို့ ချိုးလင်းပြာ အထီးကြီး ဝင်ရောက်သွားသောအခါ ရွှင်လန်းမြူးထူးစွာ လှည့်ပတ်ပျံသန်းနေသည့် ဆောက်တည်ရာမရ ဖြစ်နေသော ချိုးမက အားရဝမ်းသာ ဆီးကြိုသည်။

ချိုးဖိုနှင့် ချိုးမတို့သည် အားရဝမ်းသာ ရွှင်မြူးစွာဖြင့် မန်ကျည်းပင်အုပ်ကို နှစ်ပတ်သုံးပတ် ပတ်ပျံ နေသေး၏။ ထိုသို့ ပျံသန်းပြီးမှ နှစ်ကောင်စလုံးပင် ချိုးအသိုက်ရှိရာ မန်ကျည်းပင်ကြီးပေါ်မှ မန်ကျည်းကိုင်းကြီးအပေါ် ဝင်နားသည်။

ထို့နောက် အမွှေးမပေါက်သေးသော ချိုးနီတာရဲလေးများရှိရာ ချိုးသိုက်ထဲသို့ ဝင်သွားသည်။

ငတောနှင့် ငလုံးတို့၏ ရင်၌ မဖော်ပြတတ်သော ဝေဒနာတစ်ခုကို ပြိုင်တူ ခံစားလိုက်ရ၏။

၁၇-၁၁-၂၀၀၈

– ပြီး –

စာရေးသူ – တွင်းကြီးဝမ်းမောင်

Leave a Reply

Your email address will not be published. Required fields are marked *