တောက်ထိန်
လက်ဖြောင့်ကျွန်တော်
ငယ်စဉ်က လေသေနတ်တစ်လက်နှင့် ကျွန်တော့်ကို ရပ်ရွာက အော့ကြောလန်ခဲ့ပုံများအား ရေးသားခဲ့ဖူးပြီး ဖြစ်ပါသည်။
ထိုစဉ်က အိမ်မှာအနီးကပ်ကြီးကြပ်သူ မိခင်ကအကြောက်အကန် ကန့်ကွက်သည့်ကြားမှ တစ်နေကုန် အလုပ်ခွင်နှင့် ရုံးတစ်လှည့်စီနေရ၍ ကျွန်တော်ကမြင်းပုံ သတင်းစုံကို မသိရှာသောဖခင်က (ကျွန် တော်က စာလည်းတော်၍ ချီးမြှင့်သည့်သဘောဖြင့်) ဘီအက်စ်အေ လေသေနတ် အသစ်စက်စက်တစ်လက်ကို စတိုးဆိုင်တစ်ဆိုင်မှ ဝယ်ပေးခဲ့ပါသည်။
ထိုစဉ်က စတိုးဆိုင်ခပ်ကြီးကြီးဆိုလျှင် ပစ္စည်းစုံစုံ လင်လင်ရနိုင်သည့်အထဲမှာ လေသေနတ်များလည်း ပါပါသည်။ တန်ဖိုး ငွေ ၂ဝဝိ/ (နှစ်ရာကျပ်) ပေးရ၍ ကျည်ဆန်ခဲဘူး တစ်ဘူး လက်ဆောင် ပါသေးသည်။
“ ရော့ ၂ဝဝ” ဆိုလျှင်” ရော့ သေနတ်”ဟု ကိစ္စပြီးပါသည်။ ဘာထောက်ခံစာ ဘာလိုင်စင်မျှ မလိုပါ။
အမှန်တော့ လေသေနတ်ကိုင်လျှင် လိုင်စင်လိုပါ သည်။ သို့ရာတွင် ထိုအချိန်ကာလက သူသူငါငါ လေသေနတ် နံပါတ်ဝမ်းလောက်ကို ဝယ်သည့်အခါလိုင်စင်ဆောင်သူ မရှိသလောက်ဖြစ်၍ စစ်တယ် ဆေးတယ်ဆိုတာမျိုးလည်း မရှိပါ။
သေနတ်ရှိပြီဆိုတော့ (ထိုအချိန်မှာ ဗိုလ်တာရာ ရဲဘော်သုံးကျိပ်၏ မုဆိုးဝတ္ထုများလည်း ခေတ်စားလူကြိုက်များနေချိန်မို့) ကျွန်တော့်ကိုယ် ကျွန်တော် မုဆိုးကျော်ကြီးတစ်ယောက်သဖွယ် အထင်ရောက် ပြင်ဆင်ပါသည်။
ခေါင်းပေါ်မှာ ဦးထုပ်က ထိုကာလတွင် မိတ်အင်အင်္ဂလန်အစစ်များကို စတိုးဆိုင်များတွင် ဝယ်၍ ရသည့်အပြင် ယ္ခုခေတ် အသက် ၄ဝ လောက် အရွယ်ပင် မမြင်ဘူးနိုင်သည့် ဖော့ဦးထုပ်(ဖော့နှင့်ပုံဖော်၍ ကာကီရောင် ပိတ်စ အဖြူရောင်ပိတ်စများဖြင့် သပ်သပ်ရပ်ရပ် ထုပ်ပတ်ထားသောဦးထုပ်) များလည်း အင်္ဂလန်မိတ်အစစ်ကို ဝယ်၍ ရပါသည်။
ကျွန်တော်ကတော့ သက္ကလတ်ဦးထုပ်ကိုဆောင်းပါသည်။
အင်္ကျီက (ကျောင်းမှာ ကင်းထောက်လူငယ်အဖွဲ့ဝင်ဖြစ်၍) စကောက်အင်္ကျီ ကာကီရောင်လက်တိုကို ဝယ်ပါသည်။
ဘောင်းဘီက စကောက်ဘောင်းဘီရှိသော်လည်း အတိုမို့ ကျွန်တော် မဝတ်လိုဘဲ ကျွန်တော့်ဖခင် အလုပ်ခွင်မှာဝတ်သည့် ဘောင်းဘီရှည်ကို ဖြတ်တန်တာ ဖြတ်၍ ရှုံ့တန်တာရှုံ့ပြီး ဝတ်ပါသည်။
ဘိနပ်မှာ နိုင်ငံခြားဖြစ် (တရုတ်မဟုတ် – ပြည်တွင်းဖြစ်လည်း မပေါ်သေး) ကင်းဘတ်ဖိနပ်များကို အားကစားသမားများ၊ ကိုယ်ရေရောဂါသည်များ စီးလေ့ရှိသည်။ ကျွန်တော်က အုန်းခွံရောင် ကင်းဘတ်ဘိနပ်ကိုစီးပါသည်။
ထိုနောက် လေသေနတ်ကို သိုင်းလွယ်ရန် ခါးပတ် ကြိုးပြားတစ်ခုကို ဖြတ်တောက်တပ်ဆင်ပါသည်။
မုဆိုးအင်္ဂါပြည့်စုံဖို့ စဉ်းစားလိုက်သောအခါ “သေနတ်ဖြင့် ပစ်လှဲလိုက်သော ပြောင်ထီးကြီးကို အပြီးသတ်ဇီဝိန်ချုပ်ပေးရန် ခါးကြားမှ အမဲလိုက်ဓားမြှောင်ဖြင့် အနီးသို့ကပ်၍နံကြားကိုထိုးသွင်းလိုက်သည်” ဟူသော ဗိုလ်တာရာ၏ မုဆိုးဝတ္ထုပါ စာပိုဒ်အရ အမဲလိုက်ဓားမြှောင်အဖြစ် အမေ၏ မီးဖိုချောင်မှ ကြက်သွန်လှီးသော ဓားတစ်ချောင်းကို ဝါးခြမ်း ၂ စဖြင့် ညှပ်၍ ဓားအိမ်လုပ်ပြီး ထိုဓားကို ကျွန်တော့်ဘောင်းဘီခါးပတ်မှာ တွဲလောင်းချိတ်ထား ခြင်းဖြင့် ကိုယ့်ဟာကိုယ် ကမ္ဘာကျော်မုဆိုးကြီးဟု ထင်မြင်လိုက်ပါသည်။
ထိုအထင်ကို အထောက်အကူပြုစရာ မုဆိုးနောက်လိုက်တပည့်ကျော်လုပ်မည့် ကလေးများလဲ ကျွန်တော့်အပါးမှာ ဝိုင်းဝိုင်းလည်နေပါပြီ။
သူတို့က လေသေနတ်တစ်လက်နှင့် ခန့်ငြား၍ နေသော ကျွန်တော့်ထံမှ တစ်ချက်တလေ ပစ်ခွင့်ပေးလိုပေးငြား အထင်ကြီးတခွဲသားနှင့် ဝိုင်းအုံနေကြတာ ဖြစ်သော်လည်း၊ သူတို့မိဘများကတော့ “မျက်လုံး မျက်ဆန်မှန် ကန်းကုန်မယ်ဟဲ့” ဟု ရေရွတ်ကာ ကိုယ့်သားသမီးကိုယ် ခေါက်ထစ်ဆွဲလွဲ ခေါ်သွားကြ၍ ကျွန်တော့်မှာ မိမဆုံးမနိုင်သော မုဆိုးနောက်လိုက်တပည့်ကျော်တစ်ယောက်သာ အနိုင်နိုင် ကျန်ပါတော့သည်။
x x x
ပထမဆုံး ကျွန်တော့်လေသေနတ်ဒဏ်ကို ခံကြရသည်မှာ နို့ဆီဘူးခွံများ ဖြစ်ပါသည်။ ပေနှစ်ဆယ် အစိတ်လောက်မှာ နို့ဆီဗူးခွံကို သစ်ငုတ်ပေါ် တင်၍ လက်တည့်စမ်းသည့်အခါ ပေါက်သည့်အလုံးက ပေါက်၍ ပိန်သည့် အလုံးက ပိန်ခြင်းဖြင့် ကျွန်တော့်မိခင်၏ နို့ဆီခွက်စီးပွားရေးစနစ်ကို ထိခိုက်ပါတော့သည်။
နို့ဆီခွက်ကောင်းကောင်းတလုံးကို ၅ပြားနှုန်းဖြင့် ကုလားကို ရောင်းနေရာက ပိန်တာ ပေါက်တာကို ကုလားက ရီဂျက်လုပ်သည့်အခါ နို့ဆီ ၂ဘူးရောင်းလျှင် မုန့်ဟင်းခါးတစ်ပွဲ (မုန့်ဟင်းခါးတစ်ပွဲ ၁၀ပြားခေတ်) ရနေသော အမေ၏အော်သံကို ကြားရပါတော့သည်။
ထိုအခါ ကျွန်တော်၏ ပစ်မှတ်က ပုတ်သင်ညိုများဘက် လှည့်သွားပါသည်။ လေသေနတ်မရမီက ကျွန်တော်၏ အဝေးပစ်လက်နက်မှာလောက် လေးခွဖြစ်၍ ထိုလောက်လေးခွနှင့်ပစ်နိုင်ရန် လောက်စာလုံးများကို ညီငယ်နှင့် သူငယ်ချင်းကလေးများအား စည်းရုံးပြီး ဝိုင်းဖွဲ့လောက်စာလုံးစေ၍ နေတင်းထားရာ တိုင်ကီပိုင်းပြတ်နှင့် တစ်လုံးပြည့်လုနီးပါးရှိလာပါသည်။
ထို လောက်စာလုံး ၅၀-၁၀၀ ခန့်ကို လွယ်အိတ်နှင့်ထည့်၊ လောက်လေးခွ တစ်လက်၊ အဖော် သုံးလေးယောက် ( သူတို့လည်း လောက်စာလွယ်အိတ်ကိုယ်စီ၊ လေးခွကိုယ်စီပါကြသည်။) နှင့် အိမ်ခြံလမ်းဘေး သစ်ပင်ကြီးများတွင် ခိုကပ်နေကြသည့် ပုတ်သင်ညိုများကို လက်တည့်စမ်းပါသည်။
လောက်လေးခွ သုံးလေးလက်ဖြင့် တရစပ်ထိုင်ပင်ကြသောအခါ တစ်ချက်မဟုတ် တစ်ချက် ထိမှန်ကာ ပုတ်သင်ညိုခမျာ အနိစ္စသဘော ကိစ္စချောရ
တော့သည်။ ကြာလာတော့ ပုတ်သင်ညိုများက ကျွန်တော်တို့လေးစွဲတပ်ဖွဲ့ ဝင်များလာလျှင် သစ်ပင်ကို ပတ်ပြေး၊ ကွယ်ရာအရပ်သို့ ရွှေ့သွားကြသည်။
ထိုအခါကျွန်တော်တို့က လျင်မြန်စွာ သစ်ပင်ကို လေးဘက်လေးတန်မှ ဝိုင်းပတ်နေရာယူပြီး သူ့ဘက်က မြင်လျှင် သူပစ်၊ ကိုယ့်ဘက်က မြင်လျှင်ကိုယ် ပစ်စနစ်ဖြင့် တက်ညီ လက်ညီ ပစ်ခတ်ချေမှုန်းကြတော့ ထိုပုတ်သင်ခမျာ ပြေး၍မလွတ် အသက်စွန့်ရပြန်သည်။
နောက်ပိုင်းမှာတော့ ကျွန်တော်တို့အဖွဲ့အရိပ်ကို မြင်သည်နှင့် ရွှေပုတ်သင်တို့သည် နီးရာပင် ခေါင်းဝင်ပြေးခြင်း၊ သစ်ပင်သစ်ကိုင်းအပေါ်မှ ပုန်းကွယ်ခြင်း၊ လောက်လေးခွ လက်လှမ်းမမီလောက်သည့် အမြင့်အထိ တက်ပြေးခြင်းတို့ဖြင့် သူ့အသက်သူရှင်အောင် မွေးကြရှာသည်။
ကျွန်တော်တို့တစ်သိုက်ကတော့ ဘာရယ်မဟုတ်ပါ။ ပုတ်သင်ညိုကို စားတာ သောက်တာလည်း မဟုတ်။ ကိုယ်ပစ်လိုက်၍ ချက်ကောင်းထိမှန်လျှင် ပီတိကြီးစွာဖြစ်၍ လွဲချော်သွားခဲ့လျှင် မကျေမနပ် အားမလိုအားမရနှင့် အကုသိုလ်ကို အကုသိုလ်ဟုမသိနိုင်ခဲ့သေးပါ။
ယခု လေသေနတ်ပစ်စမ်းစရာ နို့ဆီခွက်များကို အမေက ပိတ်ပင်လိုက်သောအခါ ကျွန်တော့်ပစ်မှတ်က ပုတ်သင်ညိုဘက် လှည့်သည်။
ပုတ်သင်ညိုကို လေသေနတ်နှင့် ပစ်ရတာကျတော့ လောက်လေးနှင့်ပစ်ရသော အရသာမျိုး မရှိတော့ပါ။ ပြီးတော့ လေသေနတ်က ကျွန်တော်တစ်ယောက်ထဲ ကိုင်နိုင်သည်။ ကျန်သူများက လေးခွကိုယ်စီသာ။ စောစောက ကျွန်တော်တို့ လေးခွစွမ်းပြထား၍ ပုတ်သင်ညိုများက အပစ်မခံတော့။ နီးရာသစ်ခေါင်း သစ်ကိုင်းကြား ဝင်ပုန်းခိုကြသောအခါ လေသေနတ်သမားကြီးလဲ ဘာမှ မတတ်နိုင်ပါ။
ထိုအခါ ကျီးကန်းဆိုတာမျိုးကလည်း သေနတ်နှင့်မပြောနှင့် တုတ်ကို သေနတ်လိုမြှောက်၍ ချိန်တာတောင် အချိန်မခံ။
ညနေဘက် အိမ်ရှေ့ တမာပင်မှာ အိပ်တန်းတက်ကြသော စာကလေးငှက်များကိုတော့ အဖေက မပစ် ရဟု အမိန့်ထုတ်ထားသည်။ ထိုအချိန်မှာ အဖေလည်း အိမ်ပြန်ရောက်နေပြီ။ ပြောရုံနှင့်မရလျှင် အဖေက လက်ပါ ပါတတ်၍ ကျွန်တော် မပစ်ရဲပါ။
ဘာပဲပြောပြော လေသေနတ်ကို ခဲဘူးသုံးလေးဘူးကုန်အောင် ပစ်မိသောအခါ လက်က တော်တော်ဖြောင့်လာပါသည်။ နို့ဆီဗူးလောက်အရွယ်ကို ပေနှစ်ဆယ် အစိတ်အတွင်း ပြောင်းတင်ပစ်မလွဲ ပစ်လာပါသည်။ (လေသေနတ်ပြောင်းများကို တခုခုပေါ်တင်၍ ပစ်ခြင်း)။
နောက်တော့ ထိုအကွာအဝေးတွင် ပြောင်းမတင်ပဲ ပြောင်းထိုးပစ်မလွဲ ဖြစ်လာပါသည်။ ထိုနောက်တွင် တဖြည်းဖြည်း သေးငယ်သော ပစ်မှတ်များကို ပေနှစ်ဆယ် အစိတ်အတွင်း ပြောင်းထိုး၍ ပစ်မလွဲဖြစ်လာပါသည်။
နောက်ပိုင်းတွင် ငွေအကြွေဆယ်ပြားစေ့ကို ထိုမျှ အကွာအဝေးတွင် ပြောင်းထိုး၍ မလွဲအောင် ပစ်နိုင်လာတော့သည်။ ပြောင်းတင်၍များ ပစ်ရမည်ဆိုလျှင် ထိုအကွာအဝေး၏ နှစ်ဆကို ထိုအရွယ်ပစ်မှတ်နှင့် မလွဲအောင် ပစ်နိုင်လာပါသည်။
ထိုအခါ သေနတ်ပစ်လက်သိပ်ဖြောင့်တယ်ဟူသော ဂုဏ်ပြုသံ ခပ်သဲ့သဲ့ထွက်လာပါသည်။ အမှန်တော့ သေနတ်အမျိုးအစားကောင်းခြင်းနှင့် အလေ့အကျင့် (မပြတ်တမ်း လက်ကပစ်နေတာ) က စကားပြောခြင်း ဖြစ်ပါသည်။
လက်ဖြောင့်ခြင်းနှင့် ပတ်သက်၍ ကျွန်တော်၏ ငယ်စဉ်ဘဝတွင် အကုသိုလ်အကြောင်းတရားသုံးခုကို မှတ်မှတ်ရရ ရှိလှပါသည်။ ထိုအကြောင်း တရားများအတွက် အကျိုးတရားကတော့ ဘယ်တော့ပေါ်ထွက်လာမည် မသိပါ။
မှတ်မှတ်ရရ အဖြစ်အပျက် (၃)ခုတွင် (၂)ခုကတော့ လောက်လေးခွနှင့်ဖြစ်၍ (၁)ခုက လေသေနတ်နှင့် ဖြစ်ပါသည်။ ကျွန်တော် လေသေနတ် မကိုင်ရသေးမီ၊ စောစောပိုင်းက လောက်လေးခွတစ်လက်နှင့် အလွန်လက်ကမြင်း၍ လက်တော်တော်ဖြောင့်လာပါသည်။
ထိုသို့ လက်ဖြောင့်လာရာတွင် အဆက်မပြတ်ပစ်ခတ်လေ့ကျင့်နေမှုက အခရာကျပါသည်။ ဘယ်လောက်များ လေးခွပစ်ခဲ့သနည်း ဆိုတော့ လေးခွ၏ လောက်စလုံးထည့်ပစ်သော သားရေပြား(လောက်စာအိမ်) တွင် လောက်စာကိုထည့်၍ နောက်သို့ဆွဲယူပီး ပစ်လွှတ်လိုက်သည့်အခါ လောက်စာလုံးကို ညှစ်ဆွဲထားသည့် လက်မနှင့် လက်ညှိုးကို လောက်စာက တိုက်စားပြီးမှ လွတ်ထွက်းသွားသည်ဖြစ်ရာ အဆက်မပြတ်ပစ်ခတ်၍ တိုက်စားဖန်များပြီး လက်ညှိုးနှင့် လက်မမှာ ပွန်းစားသွေးခြေဥအနာ ဖြစ်လာရာမှ ကြာလာတော့ အသားတတ်ပြီး ထိုနေရာ ၂ခုမှာ ကျွဲပခုံးလိုက်၍ နေပါတော့သည်။
ဘယ်လောက်ပွတ်ပွတ် မနာတော့သည့် အခြေအနေရောက်သည်အထိ ကျွန်တော် လောက်လေးခွပစ်ခဲ့ပါသည်။
ထို့အပြင် လောက်လေးခွ လက်ဖြောင့်စေသည့် နောက်အချက်တစ်ခုမှာ လေးခွနှင့်အသားကျခြင်း ဖြစ်ပါသည်။ လေးခွတစ်လက်ကို သစ်သားနှင့်ပုံဖော် ခုတ်တွင်းခြင်း၊ မန်ကျည်းပင်၊ မာလကာပင် စသည်တို့၌ အနေတော် အလောတော်ဖြစ်နေသည့် လေးခွသဏ္ဌာန် သစ်ကိုင်းကို ဖြတ်ယူ ပြုပြင်၍ လေးခွသားရေကြိုးများ တပ်ဆင်ခြင်း၊ ကျွဲချို၊ နွားချို၊ တစ်ခါတစ်ရံ သံ ဒန်သတ္တုများကို လေးခွပုံ လောင်းထုတွင်းထားသည်ကို ဝယ်ယူအသုံးပြုခြင်းတို့ ရှိခဲ့ရာ လေးခွတစ်လက်နှင့် အသားကျလျှင် တဖြည်းဖြည်း လက်ဖြောင့်လာပါ၍ လေးခွပြောင်းကိုင်လိုက်သည်နှင့် သိသိသာသာ လက်ရည်ကျသွားပါသည်။
ထိုလေးခွကိုပင် ရက်အတန်ကြာ ဆက်ကိုင်သောအခါ လက်ရည်ပြန်တက်လာခြင်းများက ကိုယ်တွေ့ဖြစ်ပါသည်။
လေးခွ- လေသေနတ်ပစ်ရာတွင် လက်ဖြောင့်သည်ဆိုရာ၌ သက်မဲ့ဝတ္ထုများကို ပစ်သည့်အခါ မိမိအရည်အချင်းအတိုင်း ထိမှန်ခြင်း လွဲရော်ခြင်း ဖြစ်သော်လည်း သက်ရှိကို ပစ်သည့်အခါ မိမိအရည်အချင်းအပြင် ထိုသတ္တဝါ၏ ကုသိုလ်- အကုသိုလ်၊ မိမိ၏ ကုသိုလ်- အကုသိုလ်တို့ပါ ပူးပေါင်းပါဝင် သည်ဟု ကိုယ်တွေ့ သိခဲ့ရပါသည်။
ကျွန်တော်၏ ပထမလက်ဖြောင့်ဖြစ်စဉ်တစ်ခုမှာ စောစောက ပြောခဲ့သည့်အတိုင်း လောက်လေးခွနှင့် ပစ်ခွင်းခဲ့ရသည့် ဖြစ်ရပ်တစ်ခုပါ။
လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်ကျော်က ပဲခူးရိုးမချောင်းနက် မိုးစွေကားလမ်း တစ်နေရာတွင် ဖြစ်ပါသည်။ ထိုစဉ်က ထိုလမ်းမှာ ဖောက်လုပ်ဆဲဖြစ်၍ အလုပ်ခွင်သုံး ကျောက်သယ် မြေသယ် ကားများမှအပ ခရီးသွားယာဉ်များ ဖြတ်သန်းသွားလာခြင်း မရှိပါ။ တောမနက်လှသော်လည်း လူသူကင်းပြတ် လှပါသည်။
ကျွန်တော်ကတော့ နွေကျောင်းပိတ်ချိန် ဖခင်၏ အလုပ်ခွင်ရှိရာ ထိုတောတွင်းအလုပ်စခန်းများနှင့် ရွာနီးချုပ်စပ်များ၍ ဖခင်ဖြစ်သူနှင့် လိုက်ပါနေထိုင်ရင်း အလုပ်သမားများ ယာဉ်မောင်းသူများနှင့် ခင်မင်ရင်းနှီးကာ သူတို့နှင့် တပူးတွဲတွဲ နေတာများပါသည်။
တစ်ရက်သောအခါ ကျောက်သယ်ကားတစီးနှင့် အပျော်လိုက်ပါစီးနင်းစဉ် ကျွန်တော့်ထုံးစံအတိုင်း လက်စွဲတော်လောက်လေးခွနှင့် လောက်စာလုံးလွယ်အိတ်က အဆင်သင့်ပါလာပါသည်။ ကျောက်သယ်ကား၏ ရှေ့ခန်းမှာ ယဉ်မောင်းသူနှင့် ကျွန်တော် စီးနင်း၍ ယာဉ်နောက်လိုက်က ကားနောက်ဘက် ကျောက်ပုံပေါ်မှ ဂျမ်းတုံးအသင့်ကိုင်၍ စီးရပါသည်။
ကားများ ကျောက်သယ်သည်ဆိုရာတွင် လမ်းဖောက်လုပ်ရာ နေရာအနီး ရိုးမချောင်းများအတွင်း သဘာဝ လိပ်သဲကျောက်များကို ကျောက်စု လုပ်သားများက စုစောင်းစုပုံထားလျက် ကျောက်ကားများက သယ်ယူပြီး အလုပ်နေရာသို့ ပို့ပေးရခြင်း ဖြစ်ပါသည်။
ယခု တစ်ခေါက်တွင် ကျောက်ပုံမှ ကျောက်များကိုသယ်ယူ၍ (ကျောက်စုလုပ်သားများက ကားပေါ်တင်ပေးသည်)ကျောက်အပြည့်နှင့် ချောင်းရိုးလမ်းအတိုင်းမောင်းခဲ့ရာ လမ်းကြမ်းများ ဝန်နှင့်မို့ ခပ်ဖြည်းဖြည်းသာ မောင်းရပါသည်။
ကျွန်တော်က ရှေ့ခန်းယာဉ်မောင်းဘေးမှာ ထိုင်ပြီး လောက်လေးခွတစ်လက်နှင့် သားကောင်(ပစ်ခတ် ရမည့် ငှက်၊ ဖွတ်၊ ပုတတ် စသည်) ကို ရှာဖွေရင်း လိုက်ပါလာခဲ့ပါသည်။ အမှန်တော့ တောထဲမှာ လောက်လေးခွနှင့် ပစ်ခတ်ရမည့် ငှက်က အလွန်ရှား သည်။
တောထဲမို့ ငှက်ရှိသည်ဆိုသော်လည်း ငှက်ကြီးများက ကြီးလျှင် လင်းတနီးပါးရှိချင်သေးသည်။ ဝါးယောင်းငှက်ကလေးများက လိပ်ပြာသာသာအရွယ် ဖြစ်ပါသည်။ ဝါးယောင်းငှက်က ထူထပ်သော ဝါးရုံထဲမှာ အစာရှာ၍ ဝါးခက်ဝါးလက်များကြောင့် ပစ်၍မရဘဲ ငှက်ကြီးများက တောတွင်း ပေရာကျော် သစ်ပင်မြင့်ကြီးများတွင် နေ၍ လောက်လေးခွနှင့် လက်လှမ်းမမီပါ။ မီ၍ ထိမှန်လျှင်လည်း ကြီးမားလှသော ငှက်ကြီးများဖြစ်၍ လောက်လေးခွကို မဖြုံကြပါ။ လေးခွထိမှန်လျှင် သူတို့အဖို့ အယားပြေရုံမျှ ထင်ရပါသည်။ သို့သော် ငှက်ပစ်မုဆိုးကြီး ကျွန်တော်ကတော့ ပစ်ခွင့်ကြုံလျှင် ပစ်လိုက်သည်သာ။
ကျွန်တော်တို့ကား တစ်နေရာအရောက်တွင် လမ်းဘေးကျွန်းပင်ကြီး တစ်ပင်ပေါ်မှာ ငှက်ခါးတစ်ကောင် နားနေတာ တွေ့ရပါသည်။
(ကျွန်တော်တို့ ကားရှေ့ခန်းမှာ အမိုးမရှိ၊ ရှေ့မှန်မရှိ၊ တံခါးမရှိ။ တောတွင်းသုံးကားများမို့ ခပ်ကြမ်းကြမ်းတည်ဆောက်ထားပါသည်)
ပျံလေသည့် ငှက်ခါး၊ နားခါမှ သိရမည်။ ယခု ငှက်ခါးကတော့ နားလျက်သား အဆင်သင့်မို့ ကျွန်တော်က လက်မြန်ခြေမြန် လေးခွနှင့် ချိန်ရွယ်ပစ်ခတ်လိုက်တော့သည်။ ပစ်ခတ်သည်ဆိုသော်လည်း မုဆိုးဒူးထောက်နေရာယူ၍ အေးအေးဆေးဆေး ပစ်ရတာမဟုတ်ပါ။ ကျွန်တော်စီးလာသောကားက ရိုးချောင်းလမ်း မညီမညာမှာ လူးလူးလိမ့်လိမ့်မောင်းနေစဉ် ပေရာကျော်အမြင့်ရှိ ကျွန်းပင်ကြီးပေါ်မှ ငှက် ခါးကို အောက်မှ မော့၍ ပစ်ရခြင်းဖြစ်ပါသည်။
မိမိကိုယ်ကို လက်ဖြောင့်သည်ဟု သိထားသော်လည်း ပစ်ရပုံအနေအထား၊ ပစ်ရသည့်အမြင့်ကြောင့် တယ်မထင်လှဘူးဆိုသလို သေချာပေါက်ဟု မပြောရဲသော်လည်း ကျွန် တော့်ထုံးစံအတိုင်း စနစ်တကျ ချိန်ရွယ်၍ အားကုန်ဆွဲ ပစ်လွှတ်လိုက်ခြင်း ဖြစ်ပါသည်။
ကျွန်တော် ငှက်ပစ်သည်ကို မော့ကြည့်နေသော ဘေးက ယာဉ်မောင်းဖြစ်သူထံမှ “ဟာ…” ခနဲ အသံထွက်လာစဉ် ငှက်ခါးက နားနေသည့် သစ်ကိုင်းမှ ပျံအထွက်၊ ကျွန်တော့်ကျည်ဆန်လောက်စာလုံးက ငှက်ခါးကို မိမိရရ ထိမှန်ပါတော့သည်။ မြင်ကွင်းထင်ရှား၍ လောက်စာလုံး လွင့်ပျံတက်သွားပုံ ငှက်ခါးကို ထိမှန်ပုံတို့မှာ ရုပ်ရှင်အနေရိုက်ထားသကဲ့သို့ ကွက်ကွက် ကွင်းကွင်း မြင်ရပြီး အောက်သို့ပြုတ်ကျလာသည့် ငှက်ကို ကျွန်းပင်ခြေရင်းမှာ ပြေးကောက်နေသော ကျွန်တော်အား ယဉ်မောင်းဖြစ်သူက
“တော်တော်လက်ဖြောင့်တဲ့ကောင်ကွာ”
ဟု ချီးကျူးသံ ကြားရပါသည်။
လောက်စာလုံးထိမှန်ချက်ကို စစ်ဆေးတော့ နှုတ်သီးအရင်းကိုဖြတ်၍ လူဆိုလျှင် နားရင်းဖြတ်ရိုက်ခံရသလို ဖြစ်သွားပုံရပါသည်။ သာမန်အားဖြင့် ငှက်ခါးသည် တော်တော်ကြီးသော အကောင်ဖြစ်၍ ဤမျှအကွာအဝေး၌ ကိုယ်လုံးစသည်ကို ထိမှန်လျှင် ချက်ချင်းပြုတ်ကျမလာနိုင်ပါ။
ယခုတော့ ချက်ကောင်းမှန်ခံရ၍ မူးမေ့ကျလာပြီး ကျွန်တော်ကောက်ယူလိုက်မှ သတိရလာဟန်ဖြင့် လှုပ်ရှားရုန်းကန်နေတော့သည်။ ထိုငှက်ခါးကို ကျောက်သယ်စခန်းမှာ အမွေးနုတ် ဆားသုတ်ဖုတ်ကင်စားလိုက်ခြင်းဖြင့် ထိုနေ့အဖို့ ကျွန်တော်၏ လက်ဖြောင့်မှုသတင်းက ဟော်လေတကျိုး ဟိုးလေးတကျော် ကျော်ဖြစ်သွားပါသည်။
ဒုတိယမြောက် လက်ဖြောင့်မှတ်တမ်းက မြို့ပေါ်မှာပဲ ဖြစ်သည်။ ထိုအခါ ကျွန်တော့်မှာ လေသေနတ်ရှိနေပြီ။ နေ့စဉ် ပစ်ခတ်နေရင်း တော်တော်လဲ လက်ဖြောင့်နေပြီ။
မြို့ပေါ်မှာတော့ အဖေကော အမေပါ မကြိုက်၍ ဆက်ရက်၊ ချိုး၊ ခါ၊ စာကလေးတို့ကို ပစ်ခတ်ရရှိလျှင် အိမ်သို့ ယူမလာရဲပါ။ အဆင်ပြေရာ သူငယ်ချင်းအိမ်သို့ ယူသွားပြီး ကြော်လှော်စားရသည်။
သူငယ်ချင်းများ၏ မိဘများကလည်း ကြိုက်လှသည်မဟုတ်၍ ကျွန်တော့်မှာ လက်အယားပြေ ပုတ်သင်ညို၊ ကြွက်နှင့် ရှဉ့်များကိုသာ လက်တည့်စမ်းရပါ သည်။ ထိုအကောင်များက သက်ရှိများဖြစ်၍ သေနတ်ချိန်တာကို ငြိမ်မခံသဖြင့် လျှပ်တစ်ပြက် ပြောင်းတိုးပစ်ခြင်းကို ကျွမ်းကျင်လာပါတော့သည်။
တစ်ကြိမ်တွင် ကျွန်တော်တို့ အိမ်ရှေ့မှာရှိသော မန်ကျည်းပင်ကြီးပေါ် တွင် ရှဉ့်ငယ်တစ်ကောင်တွေ့လိုက်လျှင်၊ ပစ်ခတ်ရန် ချိန်ရွယ်သည့်အခါ ထိုရှဉ့်က ပုတ်သင်ညိုများထံမှ သတင်းရထားပြီး ဖြစ်သလားမသိ။ ကျွန်တော့်သေနတ်ကို အချိန်မခံဘဲ သစ်ပင်၏ အမြင့်ဆုံးနေရာသို့ တက်ပြေးပါသည်။ ရှဉ့်များပြေးသည့်အခါ သူတို့၏ အမြီးတဖွားဖွားကို ခါယမ်းလှုပ်ခါပြေးလွှား၍ တော်တော်ကြည့်ကောင်းပါသည်။
အညာဒေသတွင် မန်ကျည်းပင်ကြီးများမှာ စွင့်နေအောင်မြင့်လှသည်ဖြစ်ရာ ထိပ်ဖျားရောက်အောင် တက်သွားသော ရှဉ့်ကလေးကို ကိုင်းကြို ကိုင်းကြားမှ မြင်ရသည်ဆိုရုံမျှ သေးသေးငယ်ငယ်လေး တွေ့မြင်ရပါတော့သည်။
ထိုအမြင့်ကိုရောက်တော့ ကိုရွှေရှဉ့်က သူ့အတွက် အန္တရာယ်ကင်းပြီဟု ယူဆ၍ “ပစ်လိုက်စမ်းပါ” ဆိုသော အမူအရာဖြင့် သစ်ကိုင်းကြားမှ ကျွန်တော့်ကို ပြန်ချောင်းကြည့်နေသည်။ ကျွန်တော်ကိုယ်တိုင်ကလည်း သည်မျှအကွာအဝေးကို “မထင်” တော့လည်း မောင်းတင်ပြီး ဖြစ်ခြင်း၊ ချိန်ခွက်တွင် ရှဉ့်ကလေး၏ ဦးခေါင်းကိုထင်ရှားစွာ မြင်နေရခြင်း၊ (ပြားစေ့ဝိုင်း ခန့်သာရှိသောပစ်မှတ်) အကုသိုလ်နတ် နှိုးဆောင်ခြင်းတို့ကြောင့် သေသေချာချာချိန်ရွယ်အသက်အောင်ပြီး မောင်းဖြုတ်ချလိုက်တော့သည်။
ချောက်ခနဲမြည်၍ လက်ထဲမှာ စီးခနဲ ဖြစ်သွားပြီး (ပစ်မှတ်ကို ထိမှန်လျှင် ဒင်ကို ဆုပ်ထားသောလက်နှင့် မောင်းဖြုတ်သောလက်မှာ အတွေ့တစ်မျိုး ခံစားရပါသည်)
ခေါင်းပြူ၍ ကြည့်နေသော ရှဉ့်ကလေးသည် မန် ကျည်းပင်စည်ကြီးကို ဝက်အူရစ်လှည့်ပတ်ကာ အောက်သို့ ပြုတ်ကျလာပါတော့သည်။
ကျွန်တော့်ကျောဘက်မှ “ဟာ” ဟူသော အသံကြားရ၍ လှည့်ကြည့်လိုက်တော့ အဖေ့ကို တွေ့ရပါသည်။
အိမ်မှာ အဖေရှိနေ၍ ကျွန်တော်လုပ်နေတာအားလုံး အဖေက နောက်မှ ကြည့်မြင်နေကြောင်း ယခုမှ သိလိုက်ရပြီး ကျွန်တော် လန့်သွားပါသည်။
သေနတ်ကို ဝယ်ပေးသော်လည်း အဖေက အကောင်ကလေးတွေ ပစ်တာသဘောမကျပါ။ အထူးသဖြင့် သူ့မျက်စေ့ရှေ့တွင် မပစ်ရပါဘူး။ ပက်ပင်းတိုးနေမှာ နားရင်းအုပ်ခံရတော့မည် ထင်သော်လည်း အဖေက ဘာမျှမပြောဘဲ နောက်လှည့်၍ အိမ်ထဲဝင်သွားပါ သည်။
ပစ်ခတ်ထိမှန်ပြီးလျှင် ပြောလည်း ဘာမှမထူးတော့ခြင်း၊ ကျွန်တော့်လက်ဖြောင့်ပုံကိုလည်း မျက်မြင်တွေ့ရ၍ (ဝမ်းထဲက) ချီးကျူးအံ့သြခြင်းတို့ကြောင့် နားရင်းအုပ်ခံရမည့်ဘေးက လွတ်သွားပုံရပါသည်။
တတိယနှင့် နောက်ဆုံး အမှတ်ထင်ထင် လက်ဖြောင့်ဖြစ်စဉ်ကတော့ ကျွန်တော်ဇာတိရွာမှာ ဖြစ်ပါသည်။
ကျွန်တော်သည် အထက်မြေလတ်ပိုင်း မြို့တစ်မြို့မှာ ကြီးပြင်းခဲ့သော်လည်း အောက်အရပ် ပဲခူးတိုင်း တောင်ငူမြို့ ဇာတိဖြစ်၍ အမေကတောင်ငူမြို့မြောက်ဘက်၊ ထန်ကုန်းကျေးရွာသူ ဖြစ်ပါ သည်။
ထို့ကြောင့် ဇာတိမြို့ကို ပြန်ရောက်တိုင်း အမေ့ရွာကို (အစ်ကိုဝမ်းကွဲ အစ်မဝမ်းကွဲများလည်း ရှိကြသေးရာ) သွားလည်နေကျ ဖြစ်ပါသည်။ ထန်းကုန်းရွာက တောင်ငူမြို့နှင့်လည်း မဝေးလှပါ။
တစ်ကြိမ်တော့ ဘာကြောင့်ရယ် မမှတ်မိပါ။ မိုးရာသီကဆုန်လကြီးမှာ ကျွန်တော့်ရွာကို ရောက်နေပါသည်။ ထိုစဉ်က ကျွန်တော် ၁၀တန်းအောင်ပြီး ကောလိပ်ကျောင်းသားကြီး ဖြစ်နေစဉ် ရွာပြန်ရတာ အလိုလို မျက်နှာပွင့်နေပါသည်။
ခေတ်ပညာတတ် ရှားပါးသေးသော ကာလဖြစ်၍ တချို့ဆို ဆယ်တန်းကြီးများတောင် ရောက်နေပြီဖြစ်သည့် ကောလိပ်ကျောင်းသားကြီးကို တမင် အိမ်လာကြည့်ကြပါသည်။
ကျွန်တော်ကတော့ အကောင်ကြီးသော်လည်း အမြီးကမရှည်ဆိုသလို ကောလိပ်ကျောင်းသားလို မနေပါ။ အစ်ကို့အိမ်မှာ တွေ့ရသည့် ကျွဲချိုလောက်လေးခွနှင့် လောက်စာလေးငါးဆယ်လုံးဆွဲယူပြီး ရွာတစ်ဖက်စွန်းမှာနေသည့် ကြီးတော်ကြီးတစ်ယောက်အိမ်ကိုသွားလည်ပါသည်။
ကျွန်တော်ကမျိုးနှင့်ရိုးနှင့်ဆိုသလို အစ်ကိုများကရွာမှာ အဓိပတိ မုဆိုးကျော်များ ဖြစ်ကြပါသည်။
သူတို့ကိုယ်တိုင် ချေငယ်၊ စိုင်၊ ဆတ်၊ ဖွတ်၊ ပုတတ်တို့ကို ညွှတ်ထောင်ခြင်း၊ ညှပ်ထောင်ခြင်းဖြင့် ရအောင်ဖမ်းနိုင်သလို ထိုစဉ်က တောင်ငူမြို့ပေါ်မှ မုဆိုးဝါသနာကြီးသူ သူဋ္ဌေးများနှင့် အတူလိုက်ပြီး မုဆိုးပစ်ကူ လုပ်ပေး၍ ထိုသူဋ္ဌေးတို့ ချီးမြှင့်ငွေဖြင့် တော်တော်ချောင်လည်ကြပါသည်။
တစ်ခုပဲရှိသည်။ သားကောင်ရလာလျှင်တော့ မုဆိုးဝါသနာရှင် သူဋ္ဌေးမင်းက ဘယ်အကောင်ကို ဘယ်မြောင်မှာ လင့်စင်ထိုး၍ ဘယ်လိုမျိုးပစ်ခတ် ရရှိခဲ့ပုံကို သူ့မိတ်ဆွေများကို သူ ပြောနေသည့်အခါ ဘေးမှာ အသာငြိမ်နေရုံသာဖြစ်ပါသည်။
ထိုသို့သော် မုဆိုးကျော်များ၏ ညီဖြစ်သူ ကျွန်တော်က လောက်လေးခွတဆဆဖြစ်နေသည်ကိုအစ်ကိုများက ဘာမျှမပြောကြပါ။
ကြီးတော်၏ခြံ အဝင်မှာတော့ စွင့်နေအောင် မြင့်သော ထန်းပင်ကြီး၏ အောက်ဆုံး ထန်းရွက်အကြားမှာ လှုပ်စိလှုပ်စိရှိနေသည့်အရာကို လက်ယားနေသော ကျွန်တော်က အမှန်မထင် လေးခွနှင့်ပစ်လိုက်ပါသည်။
ပစ်မှတ်က သေးသေး (ဘာကောင်မှန်းတောင် မသိရသေး) အကွာအဝေးက ပေရာကျော်၊ ထန်းတဖျားအမြင့်မို့ ပစ်သူ ကျွန်တော်ပင် ထိလိမ့်မည်မထင်သော်လည်း ကျွန်တော့်ထုံးစံအတိုင်း စနစ်တကျ ချိန်ရွယ်၍ အသက်အောင့်ပစ်လွှတ်လိုက်ပါသည်။
အောက်သို့ပြုတ်ကျလာသည်က လင်းနို့ပေါက်စလေးတစ်ကောင် ဖြစ်ပါသည်။ အစ်ကိုဖြစ်သူ၏ ဩဘာသံကတော့
“တောက်ထိန်ကွာ… မစားရ မသောက်ရ”
ဟူ၍ဖြစ်ပြီး တဲတွင်းမှ ကျွန်တော်တို့ကို မြင်၍ ရီမောပြုံးရွှင်လျက် ထွက်လာသော ကြီးတော်မျက်နှာက ရှုံ့မဲ့သွား၍
“ဟဲ့… ကဆုန်လပြည့်နေ့ကြီး သူများအသက် သတ်ရသလား ငရဲကောင်ရဲ့”
ဟု တောသူထုံးစံ အရိုးခံဖြင့် အော်လိုက်ရာ အိမ်ထဲမှာ ကြိုတင်ရောက်နေသည့် သူ့ညီမ ကျွန်တော့်အမေပါထွက်လာ၍ ကျွန်တော်လက်ဖြောင့် ကောလိပ်ကျောင်းသားကြီး၏ နားရွက်ကို ထူပူနီရဲအောင် ဆွဲလိမ်ခြင်းဖြင့် တတိယလက်ဖြောင့် ဖြစ်စဉ်၏ ဆုလာဘ်ကို ခံယူရရှိမိပါကြောင်း။
ယခုအချိန်တွင် ကွယ်လွန် ရှာကြပြီဖြစ်သည့် အစ်ကို၊ အမေနှင့် ကြီးတော်တို့ကို လွမ်းတသသဖြင့် အမှတ်တရ ရေးသားလိုက်ရပါကြောင်း။
– ပြီး –
စာရေးသူ – တောက်ထိန်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Uncategorized