မောင်မြင့်မား(ဘိုကလေး)
လင့်စင်ပေါ်မှာ တစ်ခဏ
နယ်ခံမုဆိုး ဖိုးလုံး၊ စောဂျိမ်းနှင့် စောအယ်စေးတို့သုံးယောက် ရွာထိပ်သို့ ရောက်သည့်အချိန်က နေအတော်စောင်းနေပြီ။ ရွာထိပ်တွင် ခြေတန်ရှည်ကျွန်းအိမ်ကြီးတစ်လုံးရှိသည်။ ထိုအိမ်ကြီးရှေ့အရောက်တွင် စောအယ်စေးက ခဏရပ်လိုက်ကာ . . .
“ခဏကလေးနော် ကျွန်တော့်ဆရာကို ဝင်နှုတ်ဆက်လိုက်ဦးမယ်”
စောအယ်စေးကခြံထဲအရောက်တွင် အသက်(၃၀)ခန့် လူတစ်ယောက်က အိမ်ပေါ်ကဆင်းလာသည်။ စောအယ်စေးကိုမြင်လိုက်တော့ . . .
“ဟာ စောအယ်စေး ဘယ်တုန်းကွ”
“ဆရာ့ဆီမရောက်တာကြာလို့ ဝင်နှုတ်ဆက်တာဆရာ”
“အေး မင်းလည်းပျောက်နေတာ အတော်ကြာပြီ။ အခု ဘယ်သွားမလို့လဲ”
“တောပစ်သွားမလို့ပါ ဆရာလေး”
“ဟေ.. ညဘက်ကြီးလား”
“လင့်ထိုးပြီး ပစ်မှာပါ”
ဆရာလေးဆိုသူက ခြံဝတွင်ရပ်နေသောမုဆိုးဖိုးလုံးနှင့်
စောဂျိမ်းကိုကြည့်လိုက်ကာ …
““ဟိုဟာ မင်းနဲ့ပါလာတဲ့ လူတွေလား”
“ဟုတ်ပါတယ် ဆရာလေး။ မုဆိုးစောဂျိမ်းနဲ့ ကိုဖိုးလုံးပါ”
“ဒါဆိုရင် ဧည့်သည်တွေကို ခေါ်ဦးလေကွာ။ ရေနွေးကြမ်းလေး ဘာလေး သောက်ရအောင်”
စောအယ်စေးက …
“ကိုဖိုးလုံးနဲ့ စောဂျိမ်း ခဏလောက်ထိုင်ကြပါဦးလား ဆရာလေးက ရေနွေးကြမ်းသောက်ပါဦးတဲ့”
ဆရာလေးဆိုသူက …
“မုဆိုးကြီးတွေ ခဏလောက်နားပါဦးလား”
စောဂျိမ်းက
“အချိန်သိပ်မရှိတော့လို့”
“လာပါ … ခဏလောက်ပါ၊ ထိုင်ကြပါဦး”
အိမ်ရှေ့တွင်ရှိသော ကွပ်ပျစ်တစ်လုံးပေါ်တွင် ဝင်ထိုင်လိုက်ကြသည်။ အိမ်ထဲတွင်အသက်ခပ်ကြီးကြီးအမျိုးသမီးတစ်ယောက်က ရေနွေးကြမ်းအိုးနှင့် ပုရစ်ကြော်များထည့်ထားသော ပန်းကန်တစ်ချပ်ကို
လာချပေးသည်။
စောအယ်စေးက …
“ကိုဖိုးလုံးနဲ့ စောဂျိမ်း ဒါက ကျွန်တော်ငယ်ငယ်က စာသင်ပေးဖူးတဲ့ ဆရာလေးဦးအေးချိုပါ။ ဆရာလေး ဒါက ကျွန်တော့်မုဆိုးဆရာ ကိုဖိုးလုံးနဲ့ စောဂျိမ်းပါ။ ကိုဖိုးလုံးကတော့ ဟိုဘက်ရွာကပါ။ ဆရာလေး မြင်ဖူးမှာပါ။ စောဂျိမ်းကတော့ ကိုဖိုးလုံးနဲ့မိတ်ဆွေ အောက်အရပ်က လာတာပါ”
ဆရာလေး ကိုအေးချိုက …
“မုဆိုးကြီးတွေ တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော့်အဖေလည်း တစ်ချိန်တုန်းက မုဆိုးပါပဲ။ မနှစ်ကမှ ဆုံးသွားတာပါ။ မုဆိုး ဦးကြွက်နီဆိုရင် ဒီတစ်နယ်လုံးမသိသူမရှိပါဘူး”
ကိုဖိုးလုံးက …
“ဪ … ဦးကြွက်နီလား၊ ကျွန်တော်သိတာပေါ့။ လယ်ဝေး မြို့နယ်ထဲက ဥသျှစ်လှိုင်းဒိုင်နယ်မှာ တစ်ခါဆုံဘူးတယ်။ တောပစ်ထွက်ရင်း စကားစပ်မိလို့ တစ်နယ်တည်းသားတွေဆုံတော့ ဆက်မိသွားတာ။ အဲဒီတုန်းကအသက်(၅၀)ကျော်လောက်ရှိမယ်။ ကျွန်တော်က ခပ်ငယ်ငယ် …“
“ဟုတ်တယ်၊ အဖေဆုံးတော့ (၆၅)နှစ်မှာပါ။ မဆုံးမီအထိ တောပစ်တုန်း။ သိပ် ဝါသနာကြီးတာ။ ဒါကြောင့်မို့ မုဆိုးတွေဆိုတော့ အဖေကိုသတိရလို့ အကိုကြီးတို့ကို လှမ်းခေါ်လိုက်တာပါ”
“ဪ … ဦးကြွက်နီသားကိုး၊ ကျွန်တော်နဲ့တွေ့စဉ်တုန်းက ကျွန်တော်က မုဆိုးပညာသင်စ၊ ဦးကြွက်နီက ဒူးလေးပစ်သိပ်ဖြောင့်တာ။ ဒူးလေးကလည်း ကောင်းမှကောင်း။ မဟော်ကနီရောင်ကို တောက်နေတာပဲ”
“ဟုတ်တယ်၊ အဖေ့အမွေကို ကျွန်တော် သေသေချာချာ သိမ်းထားတယ်။ ကျွန်တော်ကတော့ အဲဒီအလုပ်တွေဝါသနာမပါလို့ အိမ်မှာပဲ အလှချိတ်ထားပါတယ်။ ဒါထက်မုဆိုးကြီးတိုက တောပစ်သွားတာ ညဘက်ကြီးလား”
ကိုဖိုးလုံးက …
“စောအယ်စေးတို့ပြောင်းခင်းတွေကို တောဝက်တွေခဏခဏ ဝင်တတ်တယ်ပြောလို့ ပစ်ပေးမလိုပါ။ ပြောင်းခင်းအစပ်မှာ ဖိုးပြန်ကုန်းတန်းရှိတယ်။ အဲဒီကုန်းတန်းက ဆင်းဆင်းလာတယ်ကြားလို့ ကုန်းတန်း မှာလင့်ထိုးပြီးပစ်မလို့ပါ။ ဒါပေမယ့် လင့်ထိုးပြီး ပစ်မယ်ဆိုတာထက် သူ့မှာဆောက်ထားတဲ့ လင့်ဟောင်းတစ်ခုရှိတယ်။ အဲဒီလင့်ဟောင်း ကလည်း ခိုင်ခိုင်ခန့်ခန့်ပဲ။ အဲဒီလင့်ဟောင်းကပဲ ပစ်မှာပါ”
ဆရာလေး ကိုအေးချိုက တွေကနဲတစ်ချက်ဖြစ်သွားသည်။ ပြီးမှ …
“ဖိုးပြန်ကုန်းတန်းက လင့်ဟောင်း … ဟုတ်လား ကိုဖိုးလုံး”
“ဟုတ်တယ် ဆရာလေး”
“ကျွန်းသားတွေနဲ့ အခိုင်အခန့်ဆောက်ထားတာမဟုတ်လား”
“ဟုတ်တယ် … ဟုတ်တယ်”
“အဲဒါဆိုရင် ကျွန်တော့်အဖေဆောက်ထားတဲ့ လင့်ပဲဖြစ်မယ်။ တခြားနေရာမှာ အဲဒီလင့်မျိုး ဆောက်ထားတာတွေ့မိသေးလား”
“မတွေ့မိပါဘူး။ ဖိုးပြန်ကုန်းတန်းမှာ အဲဒီတစ်ခုပဲတွေ့ပါတယ်။ ဟုတ်ပါတယ်နော် စောအယ်စေး”
“ဟုတ်ပါတယ် အဲဒီတစ်ခုပဲရှိပါတယ်”
“ဒါဆိုရင်သေချာပါတယ်။ အဖေဆောက်ခဲ့တဲ့လင့်ပဲ၊ အဖေလည်း အဲဒီမှာ တောဝက်ပစ်ဖူးတယ်။ ဒါဆိုရင်တော့ ကိုဖိုးလုံးတို့ စောဂျိမ်းတို့ သတိတော့ထားနော်၊ အဲဒီနေရာက နဲနဲကြမ်းတယ်လို့ အဖေက ပြောဖူးတယ်”
“ဘယ်လိုကြမ်းတာလဲ”
“အဲဒါတော့ ကျွန်တော်မမေးမိဘူး။ အဖေပြောဖူးတာကြားလို့“
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ အခုလိုကြားရတာ။ ကြမ်းတယ်ဆိုတော့ သတိတော့ထားရမှာပေါ့ ဆရာလေး”
“ကဲ…ကဲ ရေနွေးကြမ်းနဲ့ပုရစ်ကြော် စားကြပါဦး”
ခပ်သုတ်သုတ်စားသောက်ကြပြီးနောက် စောဂျိမ်းတို့အဖွဲ့မိုး မချုပ်မီ တောထဲသို့ ခပ်သုတ်သုတ်ဝင်လာကြသည်။
စောအယ်စေးတို့ ယာခင်းကိုရောက်တော့ အတော်မှောင်နေပြီ။ ဖိုးပြန်ကုန်းတန်းကို မှုန်ပျပျမြင်နေရသည်။ ယာခင်းထဲတွင်တော့ ဗြောင်းဆန်နေအောင် တောဝက်များက ဝင်မွှေထားသည်ကိုတွေ့ကြရသည်။ ယာခင်းကိုဖြတ်၍ ဖိုးပြန်ကုန်းတန်းဘက်သို့ ချီတက်ခဲ့ကြသည်။ ယာခင်းထဲမှာက ပုန်းခို စရာတဲမရှိ၊ စင်မရှိသောကြောင့် တောဝက်များဝင်လာတတ်သော ဖိုးပြန်ကုန်းတန်းကို ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။
စောဂျိမ်းတို့ ဖိုးပြန်ကုန်းတန်းအစပ်သို့ ရောက်ချိန်တွင် ယာခင်းဘက်မှ တဗြောဗြောမြည်အောင်ကြားလိုက်ရသော အသံများ။ ပြောင်းပင်များလှုပ်ရမ်းနေသည်။ နောက်ဘက်ကိုလှည့်ကာ အသံကြားရာဆီသို့ကြည့်လိုက်ကြသည်။ တဗြောဗြောအသံနှင့်အတူပြောင်းပင်များက စောဂျိမ်းတို့ဦးတည်ရာသို့ လှုပ်ရမ်းနေသည်။
သတ္တဝါတစ်ကောင်ကောင်တော့ ဦးတည်၍လာနေပြီဟု ထင်လိုက်မိကြသည်။
ကိုဖိုးလုံးက တူမီးကြီးကို ထိုးချိန်လိုက်သလို စောဂျိမ်းကလည်း လက်စွဲတော်(၅၀၀) နှစ်လုံးပြူးရိုင်ဖယ်ကြီးကို ထိုးချိန်လိုက်သည်။ ပြောင်းခင်းအစပ်နှင့် ကုန်းတန်းအစပ်က ကိုက်(၅၀) လောက်သာ ဝေးမည်။ ဦးတည်လှုပ်ရမ်းနေသော ပြောင်းပင်များက ရုတ်တရက် ငြိမ်သက်သွားသည်။
သို့သော် တဗြောဗြောအသံကြီးက ကြားနေရဆဲ။ သတ္တဝါတစ်ကောင် ပြောင်းခင်းကို တိုး၍ဝင်လာသည်ဆိုလျှင် တောတိုးသံနှင့်အတူ သစ်ပင်များလှုပ်ရမ်းနေရမည်မှာ သဘာဝဖြစ်သည်။ အခုဟာက လှုပ်ရမ်းနေခြင်းက ငြိမ်သက်သွားပြီး တဗြောဗြောအသံကြီးက ကြားနေရခြင်းဖြစ်သည်။
စောဂျိမ်း၊ ကိုဖိုးလုံးနှင့် စောအယ်စေးတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ ကြောင်နေကြသည်။ မိနစ်ဝက်လောက်ကြာမှ အသံကြီးကပျောက် သွားသည်။
ကိုဖိုးလုံးက …
“စောဂျိမ်း ဘယ်လိုဖြစ်တာလဲ”
“မသိဘူးလေကွာ”
“ကဲ … ကဲ မမှောင်ခင် လင့်ပေါ်ရောက်ဘို့ သွားကြရအောင်ဗျာ”
ကုန်းတန်းအစပ်မှ လင့်ရှိရာသို့(၁၅)မိနစ်လောက် လျှောက်လိုက်သည်နှင့် ရောက်သွားသည်။ ရောက်ချိန်ကအတော်ပင် မှောင်နေပြီ။ စောဂျိမ်းက ပါလာသောဓါတ်မီးနှင့် လင့်ပေါ်ကို ထိုးကြည့်လိုက်သည်။ လင့်ပေါ်တွင် ဘာမျှမရှိ။ လူမတက်သည်မှာ ကြာ၍ သစ်ရွက် သစ်ခက် သစ်ကိုင်းများလင့်ပေါ်သို့ ကိုင်းကျနေသည်ကိုသာ တွေ့ရသည်။
“ရွှတ်”
“ဗျော … ဗျော”
စောဂျိမ်းက အသံကြားရာဆီသို့ လက်နှိပ်မီးကို ထိုးကြည့်လိုက်သည်။ ခြုံပုတ်များ လှုပ်ရမ်းသွားသည်ကိုသာ တွေ့လိုက်ရသည်။ အကောင်ကို မမြင်ရ။ ကိုဖိုးလုံးက ပါလာသော ကညင်ဆီမီးတုတ်ကြီး ကိုရှို့လိုက်သည်။ ပတ်ဝန်းကျင်တစ်ဝိုက် လင်းထိန်သွားသည်။
စောဂျိမ်းက …
“စောအယ်စေး တောဝက်တွေက မင်းတို့ပြောင်းခင်းထဲကို ဘယ်အချိန်လောက် ဝင်လာတတ်သလဲ“
“မှောင်ပြီး သိပ်မကြာခင် ရောက်လာတတ်တာပဲ”
“ဝင်လာရင်ကော”
“ဒီ ဖိုးပြန်ကုန်းတန်းဘက်က ဆင်းလာတာပါပဲ၊ တခြားဘက်က ဝင်မလာပါဘူး”
“ကိုဖိုးလုံး ဒါဆိုရင် အချိန်သိပ်မရှိတော့ဘူးဗျ။ အလေးအပေါ့ သွားစရာရှိရင် သွားထားလိုက်ကြ။ ပြီးရင် အပေါ်တက်ကြရအောင်”
“မရှိပါဘူး”
“ဒါဆိုရင် တက်ကြရအောင်”
သုံးယောက်သား လင့်ပေါ်သို့တက်ကာ နေရာယူလိုက်ကြသည်။ ကျွန်းသားနှင့် အခိုင်အခန့်လုပ်ထားသည့်အပြင် အတော်ကျယ်သောကြောင့် သုံးယောက်သား ချောင်ချောင်ချိချိ နေနိုင်သည်။ လင့်ပေါ်ရောက်သည်နှင့် ကိုဖိုးလုံး ကညင်ဆီမီးတုတ်ကြီးကို မီးငြိမ်းလိုက်သည်။
စက်နာရီအားဖြင့် (၇)နာရီဝန်းကျင်လောက် ရှိမည်ဖြစ်သည်။ ပုရစ်အော်သံ၊ ညဥ့်ငှက်များအော်သံများမှ လွဲ၍ တစ်ခြားအသံများ မကြားရ။ ပုရစ်အော် သံများက ဟိုမှ သည်မှ အဆက်မပြတ် အော်မြည်နေကြ၍ ညဥ့်ငှက်သံများက တစ်ချက် တစ်ချက်မှ ကြားရခြင်းဖြစ်သည်။
မုဆိုးအကျင့်အတိုင်း လင့်ပေါ်တွင် တစ်ယောက်နှင့်တစ်ယောက် စကားမပြောကြပဲ ငြိမ်သက်စွာ ထိုင်နေကြသည်။ စောဂျိမ်းက (.၅၀၀) နှစ်လုံးပြူးရိုင်ဖယ်ကြီးကို အသင့်ကိုင်ထားသလို ကိုဖိုးလုံးကလည်း တူမီးကြီးကို အသင့်ကိုင်ထားသည်။
“တောက် … တောက် … တောက်”
“တောက် … တောက် … တောက်”
စောဂျိမ်းလက်ကို တစ်ယောက်က လာကိုင်လိုက်သည်။ စောဂျိမ်းက သိလိုက်သည်။ စောအယ်စေးပဲဖြစ်မည်။ သို့သော် ကိုဖိုးလုံးထံမှ မတိုးမကျယ်အသံ ထွက်လာသည်။
“စောအယ်စေး အဲဒါ ဒေါင်းတွေ တစ်ကောင်နဲ့တစ်ကောင် အချက်ပေးကြတာပါ။ ဘာမှ မဟုတ်ပါဘူး”
စောဂျိမ်းကပင် ရှင်းမပြလိုက်ရ။ ကိုဖိုးလုံး ရှင်းပြလိုက်သောကြောင့် စောအယ်စေးလက်က ပြန်ရုပ်သွားသည်။ တောက ငြိမ်သက်သွားပြန်သည်။
သူ့အတွေးနှင့်သူ လင့်ပေါ်တွင်လည်း ငြိမ်သက်သွားပြန်သည်။ စောဂျိမ်းထံမှ ဟောက်သံသဲ့သဲ့ပင် ထွက်ပေါ် လာသည်။ စောအယ်စေးက ပါလာသော ဆတ်သားခြောက်ကို တမြုံ့မြုံ့ဝါးကာ ရေသောက်၍ ဗိုက်ထဲကို မျှောချနေသည်။
“အိ … အိ … အိ … အိ”
အသံကြားသည်နှင့် စောဂျိမ်းက ဆတ်ကနဲနိုးလာသည်။ လေသံသဲ့သဲ့ဖြင့်
“ကိုဖိုးလုံး ဝက်တွေဝင်လာပြီ၊ ဝက်ပေါက်ကလေးတွေတောင် ပါလာတယ်ထင်တယ်”
“ဟုတ်တယ် စောဂျိမ်း ၊ ဝက်ပေါက်ကလေးတွေတောင် ပါလာတဲ့အသံပဲ”
“အသင့်လုပ်ထားနော်”
“စိတ်ချ ·… စောဂျိမ်း
ထိုအချိန်တွင် ကိုက်၂ဝ/၃ဝ အကွာလောက်ဆီမှ ဒုတ်ကနဲ၊ ဒုတ်ကနဲ အသံများကိုပါ ကြားလိုက်ရသည်။ တစ်ဆက်တည်းပင် ရှုးကနဲ၊ ရူးကနဲ နှာမှုတ်သံများကို ဆက်တိုက်ကြားလာရသည်။ စောဂျိမ်းက
“ကိုဖိုးလုံး အကောင်များတယ်။ ၁ဝကောက်ထက် မလျော့ဘူး”
““စိတ်ချ စောဂျိမ်း”
တချွတ်ချွတ်တောတိုးသံများနှင့်အတူ ဝက်ပေါက်ကလေးများ၏ အိအိအိအသံက ပျောက်သွားလိုက်၊ ပေါ်လာလိုက်ဖြစ်သည်။ တောဝက်များက အခြေအနေကို အကဲခပ်ရင်း ဝင်လာကြဟန်တူကြောင်း စောဂျိမ်း တွေးလိုက်မိသည်။
လင့်ပေါ်မှကြည့်လျှင် ပြောင်းခင်းကို လှမ်းမြင်နေရသည်။ မှောင်မိုက်နေသော်လည်း လဆန်းလား လဆုတ်လား မသိသောရက်၏ မှန်းဆမရသော အလင်းရောင်အချို့ကြောင့် မြင်နေရခြင်းဖြစ်သည်။ထိုအတူ လင့်အောက်မှ ဟိုမှ သည်မှ မည်းမည်း သဏ္ဍာန်များ ရွေ့လျားပြေးသွားနေပုံကိုလည်း မြင်နေရခြင်းဖြစ်သည်။
စောဂျိမ်းက စောအယ်စေးကို လက်ကုတ်လိုက်သည်နှင့် လက်နှိပ်မီးရောင်က လင့်အောက်တွင် ဖြာကျသွားသည်။ စောဂျိမ်းရော ကိုဖိုးလုံးပါ မြင်နေရသော မြင်ကွင်းအတိုင်း အသင့်ပြင်ထားသော ခလုတ်များကို ဆွဲလိုက်ကြသည်။
“ဒိုင်း”
“ဒိုင်း”
“အား”
စောဂျိမ်းရော ကိုဖိုးလုံးပါ လင့်ပေါ်မှ အောက်ကို ပြုတ်ကျသွားသည်။ စောအယ်စေးလည်း လက်နှိပ်မီးကိုင်ထားရာမှ ကြောင်သွားကာ ယောင်၍ ပိတ်လိုက်မိသည်။ ပြီးမှ ကယောင်ကတန်းဖြင့် ပြန်၍ ဖွင့်လိုက်မိသည်။
စောဂျိမ်းရော ကိုဖိုးလုံးပါ လင့်အောက်တွက် ပက်လက်လန်နေသည်။ အနားတွင်တော့ မချိမဆန့်ဖြင့် အသက်ငင်နေသော တောဝက်နှစ်ကောင်”
စောအယ်စေးက လင့်ပေါ်မှ ကသောကမျောဖြင့် အပြေးဆင်းသွားလိုက်သည်။
စောဂျိမ်းရော ကိုဖိုးလုံးပါ ကုန်းရုန်း၍ ထနေကြသည်။ မြေပြင်ပေါ်တွင် သစ်ရွက်ခြောက်များ အထပ်ထပ်ရှိနေသောကြောင့်သာ တော်တော့သည်။ ကိုဖိုးလုံး ထလိုက်ချိန်တွင် အောက်တွင်ပြားနေသော ဝက်ပေါက်ကလေးတစ်ကောင်။
သေနတ်သံများကြောင့်ရော သစ်ပင်ပေါ်က ပြုတ်ကျသည့်အသံများကြောင့် တောဝက်အုပ်ကတော့ တဗြောဗြောမြည်အောင် တောတိုးကာ ပြေးကုန်ကြပြီဖြစ်သည်။
“စောဂျိမ်း တို့ဘယ်လိုဖြစ်တာလဲ”
“တော်သေးတာပေါ့ကွာ ခေါင်းနဲ့ ဇောက်ထိုးမကျလို့ ။ နင့်မို့ရင် ဇက်ကျိုးသွားနိုင်တယ်။ ဘယ်လိုဖြစ်တာလဲဆိုတော့ ငါလည်း မစဉ်းစားတတ်အောင်ပဲ။ မင်းတော့ တို့ကို တွန်းချတာ မဟုတ်ပါဘူးနော်”
“ဟာ … စောဂျိမ်းကလည်း ကြံကြီးစည်ရာ ”
ကိုဖိုးလုံးက တကိုယ်လုံးပွတ်သပ်နေရင်း
“သေနတ်ချိန်နေတုန်းမှာ တစ်ယောက်ယောက်က နောက်ကနေတွန်းချလိုက်သလို ခံစားလိုက်ရတယ်။ လက်နှစ်ဘက်စလုံးက သေနတ်ကိုင်ထားတော့ ဆွဲစရာ မရလိုက်ဘူး။ အကျတော်လို့ပေါ့ကွာ … နင့်မို့ရင်မလွယ်ဘူး”
“ဟုတ်တယ် ကိုဖိုးလုံး။ ကျုပ်ကိုလည်း တွန်းချလိုက်သလို ခံစားလိုက်ရတယ်”
လင့်ပေါ်သို့ပြန်မတက်ရဲကြတော့ပဲ အိတ်ထဲမှ ပါလာသော မီးခြစ်ကိုထုတ်ကာ သစ်ရွက်ခြောက်များကို မီးပုံရှို့လိုက်ပြီး အတွေးကိုယ်စီဖြင့် မီးပုံဘေးတွင်ဝိုင်းထိုင်နေလိုက်ကြတော့သည်။ အနားတွင်တော့ ဝက်သေနှစ်ကောင်နှင့် ဝက်ပေါက်သေ တစ်ကောင်။ စောဂျိမ်းက …
“ကြံကြံဖန်ဖန်ကွာ။ တို့ပြုတ်ကျပြီး ပိလို့သေတဲ့ဝက်ကတော့ တော်တော်ကံဆိုးတာပဲ။ ဝက်ပေါက်ကလေးမို့ မပစ်လိုက်ရပဲ လူပိပြီးတော့ သေလိုက်ရသေးတယ်”
ကိုဖိုးလုံးက …
“ဟား … ဟား … ဟား … ပြုတ်ကျလို့တော့ ကံဆိုးတာပေါ့ဗျာ။ ဒါပေမယ့် ကံကောင်းတော့ ဒီကောင်လေး တစို့ထိုးပြီး မီးကင်စားရတာပေါ့”
“ညနေကတည်းက ငါ့စိတ်ထဲမှာ မသင်္ကာဘူးကွ။ ပြောင်းပင်တွေလှုပ်နေတာ ငြိမ်သွားပြီး တဗြောဗြောအသံကြီးက ကြားနေရကို သိပ်မဟုတ်ဘူး”
ထိုအချိန်တွင် တောစပ်ခပ်လှမ်းလှမ်းမှ တဟေးဟေးအသံများနှင့်အတူ မီးလုံးများက တလှုပ်လှုပ်သွားနေသည်ကို လှမ်းမြင်လိုက်ကြရသည်။ စောဂျိမ်းက
“လာပြန်ပြီနော် ဘာတွေလဲဟ”
“ရွာကလူတွေ သေနတ်သံကြားလို့ ကျွန်တော်တို့နောက်ကို လိုက်လာတာဖြစ်မယ်။ သေနတ်သံကြားရင် တောဝက်တော့ ရပြီလို့ ကျွန်တော်ပြောထားလို့ လာကြတာပါ”
“ဪ”
မီးတုတ်ကိုယ်စီနှင့် ရွာသား(၁ဝ)ယောက်ခန့် ရောက်လာကြသည်။ တောဝက်သေများကိုမြင်၍ ဝမ်းသာအားရ ထမ်းပိုးကြရန် လုပ်နေကြသည်။ စောအယ်စေးက
“စောဂျိမ်း … တို့လည်း ပြန်လိုက်ကြမှာ မဟုတ်လား၊ လင့်ပေါ် တက်ပြီး စောင့်ချင်သေးလား”
စောဂျိမ်းက လင့်ပေါ်ကို တစ်ချက်ကြည့်ကာ
“ဟာ .. နေနေ မတက်တော့ဘူး။ လင့်ပေါ်မှာ ကျန်နေ ခဲ့တဲ့ပစ္စည်းတွေ မင်းလူတွေကို တက်ယူခိုင်းလိုက်တော့ကွာ။ သေနတ်သံတွေရော လူသံတွေရောဆိုတော့ တောဝက်မပြောနဲ့ ဘာကောင်မှတောင် ဒီနားကို လာမှာမဟုတ်တော့ဘူး။ တို့လည်း ပြန်ကြတာပေါ့”
ရွာသားများက တောဝက်များကိုထမ်း၍ တစ်လမ်းလုံး ပျော်နေကြသော်လည်း စောဂျိမ်းကတော့ ငြိမ်၍ပင် လိုက်လာပါသည်။
သူ့အတွေးတွင် နောက်နေ့ကြရင်တော့ ကျောင်းဆရာကိုအေးချိုကို သူ့အဖေမုဆိုးကြီး ဆောက်ထားခဲ့သော လင့်အကြောင်းကို အေးအေးဆေးဆေး မေးချင်သေးသည်ဟူသော အတွေးပင်ဖြစ်သည်။
– ပြီး –
စာရေးသူ – မောင်မြင့်မား(ဘိုကလေး)
Uncategorized