ဗိုလ်လုံ
လင့်စီးခြင်း မျောက်သွေး မျောက်ချေးခါးနှင့် ဆတ်ချိုနု
ကျွန်တော်သည် ပြည်ခရိုင် ပန်းတောင်းမြို့နယ် ညောင်ကျိုးတောင်ပေါ်စခန်းရှိ ရိုးမမုဆိုးကြီးများနှင့် တွေ့ ဆုံရခိုက်တွင် မုဆိုးအတတ်ပညာများကို ကြိုးစားပြီး လေ့လာဆည်းပူးပါသည်။
လင့်စီးခြင်းဆိုသည်မှာ သားကောင်များလာတတ်သည့် စားပင်များ၊ ရေထွက်များနှင့် ဆားတွင်းများအနီးရှိ သစ်ပင်ပေါ်တွင် လင့်ထိုးကာ သားကောင်များအလာကို စောင့်ပစ်ရသည့် အမဲပစ်နည်း ဖြစ်ပါသည်။ ဤအမဲပစ်နည်းကတော့ အတော်သည်းခံစိတ်ရှည်ဖို့ လိုပါသည်။ လင့်စီးခြင်းကို နေ့တွင်ဖြစ်စေ ညတွင်ဖြစ်စေ လုပ်နိုင်ပါသည်။
များသောအားဖြင့် ညမှာသာ လင့်စီးတတ်ကြပါသည်။
(၁၉၆၃)ခုနှစ် နွေရာသီ စနေနေ့ညနေ တစ်ညနေတွင် မုဆိုးကျော် ကိုစိန်ညိုက ကျွန်တော့်အား သတင်းပို့ပါသည်။
“ဗိုလ်ကြီး ညောင်ကျိုးစခန်းရဲ့ အောက် နှစ်ဖာလုံခန့်မှာ စားပင်တစ်ပင်ရှိတယ်။ လတ်လတ်ဆတ်ဆတ် ဆတ်ခြေရာတွေ တွေ့ ခဲ့ရတယ်။ ဗိုလ်ကြီး လင့်စီးလိုက စီးနိုင်ဘို့ပါ”
စိန်ညိုသည် ကျွန်တော်တို့ ညောင်ကျိုးသို့ မသွားရောက်ခင် သုံးမိုင်ခန့်တွင် ဂျီ(ချေ)ပစ်ရန် ချထားခဲ့ခြင်းဖြစ်ပါသည်။ သူသည် ထုံးစံအတိုင်း ဂျီတစ်ကောင်ကို ထမ်းပြီး စခန်းသို့ တက်လာခြင်းဖြစ်ပါသည်။
တပ်ဆွယ်မှူး ဗိုလ်ကြီးအောင်ခင်လက်ထက်က မုဆိုးကျော် စိန်ညိုအား စက်ကြီးမောင်းအဖြစ် ခန့်ထားခဲ့ခြင်းဖြစ်ပါသည်။
ကျွန်တော်သည် ကိုလှမြင့်ဘက်သို့လှည့်ပြီး ဘယ်လိုလဲဆိုသည့်သဘောဖြင့် ကြည့်လိုက်ပါသည်။ သူက
“ကောင်းသားပဲ၊ ဗိုလ်ကြီးလဲ လင့်မစီးသေးဘူး မဟုတ်လား”
ဟု ပြန်ဖြေပါသည်။ ကျွန်တော်က
“ဦးဖိုးစဆီက အလုပ်သမားနှစ်ယောက်လောက်တောင်းပြီး အခုပဲ လင့်သွားထိုးဗျာ။ ကျား မမီနိုင်အောင် ပေနှစ်ဆယ် (၂၀)ထက် မြင့်ပါစေ”
ဟု ကိုလှမြင့်အား ပြောလိုက်ပါသည်။
ထိုနေ့က ညစာကို စိန်ညိုပစ်လာသည့် ဂျီသားဟင်း ဂျီသားကြော်များဖြင့် လျှော့စားကာ ယမကာကိုလည်း လျှော့သောက်လိုက်ရပါသည်။
ထိုနေ့ည ကိုးနာရီခန့်တွင် ကျွန်တော်နှင့် ကိုလှမြင့်တို့သည် စိန်ညိုနှင့် အလုပ်သမားတစ်ဦးကိုခေါ်ကာ လင့်စီးရန် သွားကြပါသည်။ ကျွန်တော်နှင့် ကိုလှမြင့်တို့ လင့်ပေါ်သို့ရောက်သွားမှ စိန်ညိုတို့ ပြန်သွားကြပါသည်။
လင့်စင်ပေါ်တွင် ဆီးသွားရန် ဝါးကျည်ထောက်များပါ ကိုလှမြင့် စီစဉ်ထားပါ ည်။
ညတစ်ဆယ့်တစ်နာရီခန့်တွင် ဆတ်ဖိုနှင့် ဆတ်မ ကိုက်တစ်ရာကျော်ခန့်တွင် တွေ့လိုက်ရသည်။ မီးထိုးသည့် ကိုလှမြင့်က
“ဗိုလ်ကြီး ဆတ်စုံတွဲက ကျွန်တော်တို့ရဲ့ လေအောက်မှာ ရောက်နေတယ်။ ဒီကောင်တွေ ရှေ့ဆက်လာကြမှာ မဟုတ်ဖူး”
ဟု ဆိုပါသည်။
ကျွန်တော်သည် ဒဿမ ၃ဝ၆ ရိုင်ဖယ်နှင့်ပစ်ရန် ချိန် လိုက်သော်လည်း သစ်ပင် ပင်စည်များ ကွယ်နေသောကြောင့် မတွေ့ ရတော့ပါ။
ညသန်းခေါင်ခန့်တွင် လေများတိုက်ကာ သစ်ပင်များ တဝုန်းဝုန်းနှင့် လှုပ်ရှားနေပါသည်။ မြေပြင်ပေါ်မှ တွားသွားသည့် သတ္တဝါကလေးများ၏ တကျွိကျွိမြည်သံနှင့် သစ်ရွက်ခြောက်များကို တိုးသဖြင့် ဂျိုးဂျိုးဂျောက်ဂျောက် အသံများလည်း ကြားနေရပါသည်။
ကျွန်တော်သည် ကြက်သီးမွေးညှင်းများ ထလာသဖြင့် ကိုလှမြင့်အား လက်တို့လိုက်ပါသည်။ သူက
“ဗိုလ်ကြီး ဒါက ရာသီဥတု အပြောင်းအလဲကြောင့် လေတိုက်တာပါ။ အောက်က အကောင်ကလေးတွေကလဲ အစာရှာထွက်လာကြတာပါ”
ဟု ရှင်းပြပါသည်။
နောက်နေ့ နံနက်မိုးလင်းသောအခါ ကျွန်တော်တို့သည် လင့်စင်ပေါ်မှ ဆင်းကြပါသည်။ အတက်တုံးက လွယ်မည်ဟု ထင်ခဲ့သော်လည်း အဆင်းတွင် တော်တော်ခက်နေပါသည်။
ဝါးလုံးတစ်လုံးထောင်ထားသဖြင့် ကိုလှမြင့်ကို ဝါးလုံးအား ကိုင်စေပြီး အကိုင်းအခက်မရှိသည့် ပစ်စည်ကြီး ပေါ်မှာ အရင်ဆင်းခဲ့ပါသည်။
နောက်တစ်ကြိမ်လင့်စီးရာတွင် ညောင်ကျိုးစခန်း၏ အထက်ဘက်နားတွင် ဖြစ်ပါသည်။ ထိုနေ့ညက ဆယ်နာရီကျော်ကျော်ခန့်တွင် လူအချို့ လက်နှိပ်ဓာတ်မီးများထိုးပြီး ကျွန်တော်တို့အနားမှ ဖြတ်သွားကြပါသည်။ ထိုအဖွဲ့သည်ဗိုလ်ကြီးအောင်ခင်နှင့် ဗိုလ်ကြီးသန်းနိုင်တို့အဖွဲ့ ဖြစ်ကြောင်း သိရပါသည်။
ကျွန်တော်တို့ဆီသို့ မီးထိုးပြီး အသိပေးသွားကြပါသည်။
ညအချိန်တွင် လင့်စီးနေသူထံသို့ ဆွေမျိုးမိတ်ဆွေများ လာခေါ်ပါက လင့်စီးသူများသည် ကျားဟု ထင်မှတ်ကာ သေနတ်နှင့်ပစ်ရာတွင် သေကြေဒဏ်ရာရရှိတတ်သည့် သတင်းများကို သူများပြောစကားများကို ကြားဖူးသဖြင့် ကျွန်တော်သည် အတော်လေး စိုးရိမ်နေမိပါသည်။
“ဗိုလ်ကြီး ဒီလူကြီးတွေလာသွားလို့ အမဲလာမှာမဟုတ်တော့ဘူး၊ ပြန်အိပ်တာပဲ ကောင်းပါတယ်”
ဟု ကိုလှမြင့်က အကြံပေးသောကြောင့် ပြန်အိပ်ကြပါသည်။
ကျွန်တော်သည် လင့်စီးပြီးပစ်ရာတွင်လည်း အမဲရခဲ့ဖူးပါ၏။
၁၉၆၄ခုနှစ် မိုးတွင်း တနင်္ဂနွေနေ့ တစ်နေ့ ဖြစ်ပါသည်။ ထိုနေ့ နံနက်ပိုင်းတွင် ညောင်ကျိုးစခန်းပတ်ဝန်းကျင်တွင် မိုးကြီး သဲသဲမဲမဲရွာနေသောကြောင့် ကျွန်တော်တို့ အမဲ မပစ်နိုင်ပါ။
သို့သော်လည်း နေ့လယ်ပိုင်းတွင် မိုးစဲသွားပြီး နေပါပွင့်နေသောကြောင့် ကျွန်တော် အမဲပစ်လိုသောစိတ် ပေါ်ပေါက်လာပါသည်။ အချိန်က နည်းနေသောကြောင့် သေချာပေါက်ရမည့် အမဲကိုပစ်ရမည်ဖြစ်ပါသည်။
ဤအနီးတစ်ဝိုက်တွင် သေချာပေါက်ရမည့် အမဲသည် မျောက်သာလျှင် ဖြစ်ပါသည်။ ထို့ကြောင့် မျောက်များရှိမည့် အနီးဆုံးနေရာကို ဦးဖိုးစအားမေးရာ
“ညောင်ကျိုးအတက် နှစ်ဖာလုံ သုံးဖာလုံလောက် မျောက်အုပ် အမြဲလိုလို ရှိတတ်တယ်။ အဲဒီနေရာကို ကိုလှမြင့်သိတယ်” ဖြေပါသည်။
ကိုစိန်ညိုကို မတွေ့သောကြောင့်မေးရာ
“အလုပ်သမားတစ်ယောက် ဟင်းရွက်ရှာရင်း စခန်းနဲ့ မနီးမဝေး တောင်ကြောတစ်နေရာမှ “ဆတ်ချိုနု” တစ်ကောင် တွေ့ခဲ့လို့ ရိုင်ဖယ်ယူပြီး ချက်ချင်းလိုက်သွားပါတယ်”
ဟု ပြန်ဖြေပါသည်။
ဆတ်တို့၏ သဘာ၀မှာ အထီးများသာ ချို(ဂျို) ရှိပါသည်။ ထိုချိုကိုလည်း ဟောင်းလာပါက အသစ်လဲတတ်ပါသည်။
ချိုအဟောင်းကို ဖြုတ်ဖြစ်ခြင်းသည် ချိုချသည်ဟုခေါ်ပြီး ထွက်လာသည့်ချိုနုကို ဆက်ချိုနုဟု ခေါ်ပါသည်။ ဆတ်ချိုနုသည် တိုင်းရင်းသမားတော်ကြီးများ၏ “အားဆေး” ပင်ဖြစ်ပါသည်။
ဆတ်များသည် ချိုကို မိုးတွင်းတွင်သာ ချလေ့ရှိပါသည်။ တစ်နှစ်တစ်ခါ သို့မဟုတ် နှစ်မည်မျှ ကြာသည့်အခါ ချိုချသည်တော့ မသိပါ။
ချိုနုပေါက်ပါက ထိုချိုနုအား ထိမိပါက အလွန်နာကျင်ပါသည်။ ထို့ကြောင့် ဆက်များသည် ချိုနုပေါက်ချိန်တွင် တောထူပြီး အောက်ခြေရှုပ်သည့် နေရာများတွင် မနေဘဲ တောင်ကျောများပေါ်မှာသာ နေလေ့ရှိကြပါသည်။
မျောက်ပစ်မည့်အဖွဲ့တွင် ကျွန်တော်နှင့်အတူ ကိုလှမြင့်၊ သန်းဝင်းနှင့် ဦးဖိုးစ၏ အလုပ်သမားနှစ်ဦး ပါရှိပါသည်။ ကျွန်တော်က ပွိုင့်တူးတူး၊ ကိုလှမြင့်က နှစ်လုံးပူး၊ သန်းဝင်းက ကာဘိုင် ကိုင်ထားကြပြီး အဓိကပစ်မည့်သူမှာ ကျွန်တော် ဖြစ်ပါသည်။
တစ်ဆယ့်ငါးမိနစ်ခန့် သွားလိုက်လျှင် မျောက်ညိုအုပ်နှင့် တွေ့ ရပါသည်။ မျောက်များသည် အန္တရာယ်ကိုရှောင်ရှားရန် အမြင့်ဆုံးသစ်ပင်ပေါ်သို့ ပြေးလွှားတက်ကြပါသည်။
ကျွန်တော်သည် မျောက်ညိုများ သစ်ပင်ကြီးပေါ်တွင် ငြိမ်သွားချိန်မှာ ပစ်လိုက်ရာ တစ်ချက် တစ်ကောင် ကျလာပါသည်။
သန်းဝင်းသည် မျောက်များ၏လည်ပင်းကို လှီးဖြတ်ကာသွေးများကို ပလတ်စတစ်အိပ်ထဲတွင် ထည့်နေပါသည်။
မျောက်ငါးကောင်ခန့် ရသည့်အခါ
“တော်ပါပြီကွာ၊ မျောက်သားကစားလို့မှ မကောင်းတာ၊ ပြန်ကြစို့”
ဟု ပြောကာ ညောင်ကျိုးစခန်းသို့ ပြန်ကြပါသည်။
ဤနေရာတွင် သစ်ပင်မည်မျှမြင့်သော်လည်း ‘ဆိုက်’ (SIGHT) တင်၍ မပစ်ရကြောင်း သန်းဝင်းအား ပညာပေးပုံကို မှတ်မိနေသောကြောင့် အလျဉ်းသင့်သဖြင့် ဖေါ်ပြအပ်ပါသည်။
သန်းဝင်းသည် သစ်ပင်အမြင့်ကြီးထိပ်တွင် နားနေသည့် ငူငှက်များကို ပွိုင့်တူးတူးဖြင့်ပစ်ရာ လေးငါးချက်ခန့် ရှိသော်လည်း တစ်ကောင်မှမရသောကြောင့်
“ဗိုလ်ကြီး ကျွန်တော် ခါတိုင်းပစ်လျှင် တစ်ချက်တစ်ကောင် ရနေကျပါ။ အခု ဘာဖြစ်လို့ပါလဲ”
ဟု ကျွန်တော့်ကို မေးပါသည်။
“မင်း ဆိုက်တင်ထားလား”
“မီတာတစ်ရာ တင်ထားပါတယ်”
“လေယာဉ်တောင်ပစ်နိုင်တဲ့ တပ်ကြပ်၊ မင်း ဆိုက်တင်ထားထာ မှားတာပေါ့။ သစ်ပင်ဘယ်လောက်မြင့်မြင့် ငှက်နဲ့ မင်းနဲ့ အကွာအဝေးဟာ လေးငါးမီတာပဲ ရှိတယ်။ဆိုက်ကို ပြန်ချလိုက်ပါ”
ဆိုက်ချပြီးပစ်တော့မှ သန်းဝင်းသူ ငှက်များကို တစ်ချက်တစ်ကောင်ရအောင် ပစ်နိုင်ပါတော့သည်။
ကျွန်တော်တို့အဖွဲ့သည် ညောင်ကျိုးသို့ ပြန်ရောက်သောအခါ မျောက်သွေးများကို ပုလင်းများတွင်ထည့်ရာ သုံးပုလင်း ရရှိပါသည်။
ဦးဖိုစနှင့် ကိုလှမြင့်တို့အား မျောက်သွေး တစ်ပုလင်းစီပေးလိုက်ပါသည်။ မျောက်အားလုံးကိုတော့ ဦးဖိုးစထံအပ်လိုက်ပြီး ကျွန်တော့်အတွက် မျောက်ချေးခါး အနည်းငယ်လုပ်ပေးရန် ပြောလိုက်ပါသည်။
မျောက်သားက မကောင်းကြောင်းပြောသည်မှာ တောထဲတွင် မုဆိုးချက်ကိုသာ စားရသောကြောင့် ဖြစ်မည်ထင်ပါသည်။ အိမ်မှာ ကောင်းကောင်းချက်စားလျှင်တော့ အသင့်အတင့် ကောင်းမည်ထင်ပါသည်။
ဆတ်သားကျပ်တင်ခြောက်ကို ပြုတ်ထောင်းပြီး ဘာလချောင်ကြော်စားရာ အတော်အသင့်ကောင်းပါသည်။
မကြာမီမှာ စိန်ညိုနှင့် အလုပ်သမားများသည် ဆတ်ကြီး တစ်ကောင်ကို ဝါးလုံးများနှင့်လျှိုပြီး အကောင်လိုက်ထမ်းလာကြသည်ကို တွေ့ရပါသည်။
ညနေပိုင်းတွင် ဦးဖိုးစထံမှ မျောက်ချေးခါးဟင်း၊ စိန်ညိုထံမှ ဆတ်ချိုနုနှစ်ချောင်းနှင့် ဆတ်သားအတော်များများ ပို့လာပါသည်။ ကျွန်တော်က…
“စိန်ညို မင်း ဦးဖိုးစတို့နဲ့ တစ်ရက် နှစ်ရက်လောက် နေချင်ရင် နေခဲ့ဦး။ ငါတို့တော့ ပြန်ကြမယ်။ သေနတ်တွေလဲ ယူသွားမယ်”
ဟု ပြောလိုက်ပါသည်။
အမှန်မှာ စိန်ညိုသည် သူပစ်ရသည့် ဆတ်သားများကို ရောင်းလိုက ရောင်းနိုင်ရန် အချိန်ပေးလိုက်ခြင်း ဖြစ်ပါသည်။
ပြည်သို့ ရောက်သောအခါ ဆတ်ချိုနုနှစ်ချောင်းကို သူကြီးဦးအေးမောင်ထံ အပ်လိုက်ပါသည်။ တစ်ချောင်းကို သူယူရန်နှင့် ကျန်တစ်ချောင်းကို ကျွန်တော့်အား ဆေးဖော်ပေးရန် မှာလိုက်ပါသည်။
နောက်တစ်ခေါက်တွင် သူကြီးဦးအေးမောင် ချက်အရက်နှင့် အခြားဆေးများထည့်ကာ ဖော်စပ်ထား သည့် ဆတ်ချိုနုအားဆေးကို ဖန်လ်ပုလင်းကြီးဖြင့် အပြည့်ရရှိပါသည်။
ဆတ်ချိုနုနှင့် မျောက်သွေးတို့ကို သောက်လို့ အားရှိနေသလား၊ အသက်ငယ်သေးပြီး သန်သန်မာမာ ရှိနေသောကြောင့် အားရှိနေသလားတော့ မပြောတတ်ပါ။ အားကတော့ အမှန်ရှိနေပါသည်။
ဦးဖိုးစလုပ်ပေးသည့် မျောက်ချေးခါးသည် သိပ်မကောင်းလှဟု ထင်မြင်မိပါသည်။ အီးအီး ဦးစောဒေးဗစ်ပေးသည့် မျောက်ချေးခါးကို မမီဟု ယူဆပါသည်။
မျောက်ချေးခါးလုပ်သည့်နေရာမှာတော့ ကရင်လူမျိုးများကို မည်သူမျှ မမီကြပါ။ ။
– ပြီး –
စာရေးသူ – ဗိုလ်လုံ
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Uncategorized