လမ်းပေါ်က တစ္ဆေမှင်စာ(စ-ဆုံး)
————————————
“လှိုင်ဖိုးခေါင်ရွာ” နှင့် မြစ်ဆိပ်ကမ်းကြား၌ သရက်တောဟူ၍ ရှိသည်။
သရက်ပင်တို့က နေပျောက် ထိုးမရလောက်အောင် အပင်စိတ်၏။ သရက်တောသို့ မဝင်မီ သရက်တောအစပ်၌ ကြီးမားသည့် ညောင်မုတ်ဆိတ်ပင်ကြီး တစ်ပင်ရှိ၏။ အကိုင်းအခက်တွေ ယှက်ဖြာသွယ်တန်း ရှည်ကျနေ၏။
ထိုညောင်ပင်ကြီး၌ ညအခါတွင် တစ်ပင်နှင့် တစ်ပင် ကူးပြောင်းကာ ကစားနေတတ်သည့် တစ္ဆေမှင်စာ တစ်ကောင်ရှိ၏။
ထိုတစ္ဆေမှင်စာကလေးက လွန်စွာ လျင်မြန်၏။ ဖြူဖွေးသည့် အဆင်းရှိသည်။ နူးညံ့ ပျော့ပျောင်း၏။
ထိုတစ္ဆေမှင်စာကလေး၏ အရွယ်ပမာဏသည် သုံးလသား ကလေးအရွယ်၊ အရပ် ရှိ၏။ ကိုယ်ကာယမှာ လူပုကလေးနှင့် တူသည်။
* – * – * – * – * – *
မိမိ လူပျိုပေါက် အရွယ်က အဖွားအိမ်မှ တိတ်တဆိတ် ထွက်ပြေးကာ ဖခင်ဖြစ်သူ ရှိသည့် “ဖိုးခေါင်ရွာ” ရဲဌာနသို့ သွားခဲ့၏။
ရေလမ်းခရီးမှ သင်္ဘောနှင့် သွားခဲ့ခြင်း ဖြစ်သည်။ ထိုနေ့က သင်္ဘောနောက်ကျသဖြင့် “ဖိုးခေါင်ရွာ” သို့ သင်္ဘော မိုးချုပ်မှ ဆိုက်ကပ်၏။ ထို့ကြောင့် ညကြီးမိုးချုပ် ကျွန်တော်တစ်ဦးတည်း သရက်တောကို ဖြတ်၍ ရွာကို သွားရ၏။
(ထိုစဉ်က သရက်တောအစပ် ညောင်မုတ်ဆိတ်ပင်၌ တစ္ဆေမှင်စာ ရှိသည်ဟု မသိပါ။)
လမိုက်ည ဖြစ်မည်ထင်သည်။
အမှောင်က ကြီးစိုးနေ၏။ မှောင်သမှ ပိန်းပိန်းပိတ်လို့ပင်။ လူသံလည်း မကြားရ၊ တိတ်ဆိတ် ငြိမ်သက်သည့်ည ဖြစ်သဖြင့် သစ်ရွက်ရိုက်ခတ် လေတိုးသံက ကြက်သီးထဖွယ်ပင်။
ကျွန်တော်သည် အမြန်ရောက်လိုဇောနှင့် သွက်သွက် လျှောက်ခဲ့သလို ပါးစပ်မှလည်း သံမ္ဗုဒ္ဓေဂါထာအား အပြန်ပြန် ရွတ်ဆိုနေမိသည်။ ဤသို့ဖြင့် ကျွန်တော့်အဖေရှိရာ ရဲဌာနသို့ ရောက်ခဲ့၏။ ကျွန်တော်ရောက်လာတော့ အံ့သြနေကြသည်။
“သား… မင်း သရက်တောကို ဖြတ်လာတာပေါ့…” ဟု ဆိုသဖြင့် ကျွန်တော်က…
“လမ်းက ဒီလမ်းပဲ ရှိတာ။ ဒီလမ်းက မလာလို့ ကျွန်တော် ဘယ်လမ်းက လာရမလဲ…” ဟု ဖြေလိုက်သည်။ တစ်ဦးက…
“မင်း သိပ်ကံကြီးတယ်…” ဟု ပြောသည်။ ပြီးမှ…
“ဒီနေရာက သိပ်ဆိုးတာကွ။ သရက်တောက ကျတ်ကုန်း ဖြစ်ခဲ့သလို ညောင်မုတ်ဆိတ်ပင်မှာက မှင်စာရှိတယ်လေ။ မင်း ဘာမှ မတွေ့လို့ တော်သေးတာပေါ့…” ဟု ပြောသည်။
* – * – * – * – * – *
နောက်တစ်နေ့ ရွာထဲရောက်တော့…
“မင်း ညက ဖြတ်လာတဲ့ သရက်တောနဲ့ ညောင်ပင်ကြီးက သိပ်ဆိုးတာ။ အထူးသဖြင့် ညောင်ပင်က မှင်စာကလေးပေါ့။ ငါတို့ရွာက လူတွေ အရေးကြီးရင် လူ လေးငါးဆယ်ယောက်လောက် စုပြီး သွားရတာ…” ဟု ပြောပြသည်။
ပြောစကားအရ ညောင်မုတ်ဆိတ်ပင်မှ တစ္ဆေမှင်စာကလေးက ဆိုးသည်။
လူတွေရှေ့က ဖြတ်ပြေးတတ်သည်။ ညောင်မုတ်ဆိတ်ပင်ပေါ်မှ အကိုင်းအခက်များပေါ် ပြေးလွှား ခုန်ကူးနေတတ်နေသည်။
တစ်ခါတစ်ရံ ညောင်ပင်ပေါ်မှ ဆင်းကာ လူတွေရှေ့မှ ပတ်ပြေးနေတတ်သည်။ အချို့ဆို တစ္ဆေမှင်စာနှင့် တွေ့ပြီး အော်ပြေးခဲ့ရသည်။ အဖွား “ဒေါ်မယ်ရှင်” က…
“အဖွား ငယ်ငယ်တုန်းက ဒီမှင်စာကလေး ကြောက်လို့ အော်ပြေးခဲ့ရဖူးတယ်…” ဟု ပြောသည်။ “ဦးလူမော်” က…
“တို့ရွာက လူတွေ ဘယ်တော့မှ တစ်ယောက်တည်း မသွားဖူးဘူး…” ဟု ပြောသည်။
“ဘာကြောင့်လဲ ဘကြီး…”
“ဘာကြောင့်ရမလဲကွ။ တစ်ယောက်တည်းဆို ဒီမှင်စာကောင်ကလေးက အတင်းအဓမ္မ ခါးကို ခွတက်တတ်တယ်။ သူ့ကို ကြည့်လိုက်ရင် သူက သွားကလေးစိပြီး၊ မျက်လုံးကလေး အကြောင်သားနဲ့ လူကို ပြန်ကြည့်တတ်တယ်လေ…”
အဖိုး “စံအုန်း” က…
“မင်းကို ဗဟုသုတအဖြစ် ပြောရဦးမယ်။ တစ်ခါက ငါးစိမ်းသည် “ဒေါ်ချမ်း” စျေးလှည့် ရောင်းရင်း မိုးချုပ်မှ ပြန်ရတဲ့အထဲ တစ္ဆေမှင်စာနဲ့ တွေ့ခဲ့တယ်လေ။ အတင်းခွ၊ ခါးကို ခွကိုင်လို့ ကြောက်ပြီး အော်ပြေးခဲ့ရတယ်။ ငယ်သံပါအောင် အော်ပြေးရတာ။ တို့ရွာက လူတွေစုပြီး သူ့ပစ္စည်းတွေကို ယူလာရတယ်…”
“ဒေါ်ချမ်း” နဲ့ တွေ့တော့…
“မပြောချင်ပါဘူး သားရယ်။ အခု ပြန်ပြောရင် အခုထိ ကြောက်နေတုန်းပဲ။ ဒါကြောင့် အဒေါ်က အဖော်မပါရင် အဲဒီနေရာကို နေ့ခင်းတောင် မသွားရဲဘူး…” ဟု ရှင်းပြသည်။
ကျွန်တော် ဘာကြောင့် ဒီတစ္ဆေမှင်စာကလေးနှင့် မတွေ့ခဲ့ရသနည်း။ သံမ္ဗုဒ္ဓေဂါထာ အစွမ်းကြောင့်လား။
ကျွန်တော်ပြန်တော့ အဖေ လိုက်ပို့သည်။ နေ့ခင်းကြောင်တောင် ကျွန်တော် ကြောက်နေသည်။ ကြက်သီးတွေထ ခေါင်းတွေကြီးနေသည်။
ကျွန်တော် ညောင်မုတ်ဆိတ်ပင်ကို မကြည့်ရဲသဖြင့် မကြည့်ခဲ့သည်ကို ရိုးသားစွာ ဝန်ခံပါသည်။
ဒေဝေါ
“ကားလမ်းပေါ်က တစ္ဆေ” (တာတေ၊ ကဝေနီ၊ ဒေဝေါ၊ နေပုည) စာအုပ်မှ “ဒေဝေါ” ၏ “လမ်းပေါ်က တစ္ဆေမှင်စာ” ဖြစ်ရပ်မှန် ဇာတ်လမ်း ဝတ္ထုတိုအား ပြန်လည် ဖော်ပြသည်။
#ပရလောက
#ညမဖတ်ရ