July 31, 2025
Uncategorized

လိပ်နှင့်ဝက်

မောင်မြင့်မား(ဗိုလ်ကလေး)

စောဂျိန်းတို့သုံးယောက် တံငါရွာကလေးကို ရောက်ချိန်က မှောင်ရီပျိုးနေပြီ။

လူစိမ်းသုံးယောက် ရွာထဲကို လျှောက်လာသောကြောင့် ရွာသားများက အထူးအဆန်းသဖွယ် ထွက်ကြည့်ကြသည်။ ကလေးများက နောက်ကနေတန်းစီ၍ လိုက်လာကြသည်။

တံငါရွာဆိုသည့်အတိုင်း ရွာထဲကို မရောက်မီကတည်းက ငါးညှီနံ့က ဆီးကြိုနေသည်။

ငါးခြောက်လှမ်းသည့် ငါးစင်များ၊ သမ္ဗန်ကြီးများ၊ ဂါးများ၊ စက်လှေများ၊ လောင်းလှေများက ချောင်းထဲတွင် အစီအရီ ရှိနေသည်။ ချောင်းရေက နောက်ကျိနေကာ ခပ်ဝေးဝေးဆီမှ ပင်လယ်လှိုင်းပုတ်သံကို တဝေါဝေါနှင့် ကြားနေရသည်။

မရောက်သည်မှာ ကြာပြီဖြစ်၍ ကျော်ဇံလှအိမ်ကို စောဂျိမ်း ရှာမရဖြစ်နေသည်။ ရွာသားတစ်ယောက်ကို မေးလိုက်မှ ထိုလူက ထမီရင်လျားနှင့် ငါးခြောက်လှမ်းနေသော မိန်မတစ်ယောက်ကို လက်ညှိုးထိုးပြသည်။ ထိုလူက…

“မထု၊ နင့်ယောက်ျား ကျော်ဇံလှ ဧည့်သည်တွေ လာတယ်ဟေ့”

မထုဆိုသော မိန်းမက စောဂျိမ်းတို့ကို အထူးအဆန်းသဖွယ် ကြည့်လိုက်သည်။ မှတ်မိပုံမရ။

စောဂျိမ်းတို့က မထု အနားကို ရောက်လာကြပြီး…

“မထု… ကျွန်တော်တို့ကို မှတ်မိလား”

“မသိ”

ဟု စကားသံဝဲဝဲနှင့် ပြန်ပြောသည်။

“စောဂျိမ်းလေ၊ ကျော်ဇံလှရဲ့သူငယ်ချင်း စောဂျိမ်းလေ။ မထု ပြောဖူးတဲ့ မုဆိုးလုပ်စားတဲ့ စောဂျိမ်း”

ထိုအခါကျမှ မထုက သတိရသွားကာ…

“ဟယ် … မုဆိုးလုပ်စားတဲ့ စောဂျိမ်း၊ နင်မလာတာ ကြာပြီနော်။ ကျော်ဇံလှက နင့်အကြောင်းကို ခဏခဏ ပြောတယ်။ တစ်လောကတောင် ငါးဆင်တစ်ကောင် ဖမ်းမိလို့ ငါးဆင်ခြောက်လှမ်းရင်း နင့်ကို သတိရလို့ ပြောနေသေးတယ်။ နင် အခု ဘယ်ကိုလာတာတုံး”

“ဒီကိုပဲပေါ့”

“ကျော်ဇံလှတောင် စောစောကတင် ပင်လယ်ထဲ ဆင်းသွားတယ်”

“ဒီအချိန်ကျမှ ဘာသွားလုပ်တာတုံး”

“လိပ်သွားထိုးတာ”

“သွားတာ ကြာပြီလား။ သူက ဘယ်အချိန်လောက် ပြန်ရောက်မှာလဲ“

“ပြောလို့မရဘူး။ တစ်ခါတလေ မိုးလင်းမှ ပြန်ရောက်တယ်”

“ဘာနဲ့သွားတာလဲ”

“လှေနဲ့ပေါ့။ ချောင်းထဲကနေ သွားတာ”

“ကုန်းပေါ်ကနေလိုက်ရင် မီပါ့မလား”

“တွေ့ချင်လို့လား။ ဒါဆို နောက်ကလိုက်ခဲ့”

မထုက အိမ်ကြိုအိမ်ကြား၊ သစ်ပင်ကြိုသစ်ပင်ကြားမှ ဖြတ်ကာ ရှေ့ကနေ ခပ်သုတ်သုတ်သွားသည်။ မထု ခြေကို စောဂျိမ်းတို့က အမီလိုက်ရသည်။

တစ်နေရာအရောက်တွင် လှိုင်းသံတဝုန်းဝုန်းနှင့် ပင်လယ်ကြီးကို ဘွားခနဲ တွေ့လိုက်ကြသည်။

ပင်လယ်ကမ်းစပ်တွင် လှေတစ်စီးမှ မရှိတော့။ ခပ်ဝေးဝေးတွင် လှေ ၃၊ ၄ စီး မြင်နေရသည်။

လှိုင်းကြီးနေသောကြောင့် လှေကလေးများက နိမ့်ချည် မြင့်ချည် ရွေ့လျားနေသည်။

“မမီတော့ဘူး။ ဟိုကမြင်နေရတာ ကျော်ဇံလှတို့ လိပ်ထိုးအုပ်စုပဲ”

“ငါ ဒီကောင့်ကို တွေ့ချင်နေတာ”

“ပြန်ရောက်ရင် တွေ့ရမှာပေါ့”

“အေးလေ… မိုးလင်းမှဆိုတော့”

“စောဂျိမ်း… အိမ်မှာလိုက်အိပ်။ စားဖို့သောက်ဖို့ မပူနဲ့။ နင်တို့သုံးယောက်အတွက် ပင်လယ်စာတွေ တစ်ပုံကြီး။ မိုးလင်းရင် လိပ်သားဟင်းနဲ့တောင် စားရဦးမယ်”

xxx xxx xxx

မိုးတွင်းအခါဖြစ်ပေမဲ့ ပင်လယ်ထဲရောက်ချိန်တွင် ရာသီဥတုက သာယာနေသည်။ ပင်လယ်ဆိုသည့်အတိုင်း ၁ဝ ပေ၊ ၁၅ ပေခန့်မြင့်သော လှိုင်းလုံးကြီးများ ကိုတော့ ကျော်ဇံလှတို့လှေက ခေါင်းထိုးခံကာ အံတု၍ တဖြည်းဖြည်း တိုးဝင်လာခဲ့သည်။

ထွက်လာခါစက မှောင်ရီပျိုးစအချိန်ဆိုတော့ ကမ်းခြေက မီးများကို မှိတ်တုတ်မှိတ်တုတ် မြင်နေရချိန်တွင် အတော်ခရီးရောက်လာပြီ ဖြစ်သည်။

ကျော်ဇံလှက လှေဦးတွင်ရပ်ကာ စည်းတန်းကြီးကို ရှာနေသည်။ စည်းတန်းကြီးဆိုတာက သူတို့အခေါ် ဖြစ်သည်။ ပင်လယ်ရေနှင့် ချောင်းရေကို မရောရ အောင် သဘာဝအလျောက် စည်းတားထားသလို ရှိနေသောနေရာကို ခေါ်ခြင်းဖြစ်သည်။

ပင်လယ်ရေက မည်းမှောင်နက်ပုပ်နေသလို ချောင်းရေက ရွှံ့ရောင်ဖြင့် ညစ်ထေးနေသည်။ ရေကျကြောင့် ပင်လယ်ထဲသို့ စီးဝင်လာသော ရွှံ့နှစ်ရောင်ချောင်းရေသည် မည်းမှောင်နက်ပုပ်နေသော ပင်လယ်ရေထဲသို့ စီးဆင်းလာသော်လည်း ချောင်းရေနှင့် ပင်လယ်ရေသည် ရောမသွား၊ သပ်သပ်စီ ဖြစ်သည်။ ထိုရေနှစ်မျိုးထိစပ်ရာသည် စည်းတားထားသလို ဖြစ်နေသောကြောင့် စည်းတန်းကြီးဟု ခေါ်ကြခြင်း ဖြစ်သည်။

“ရှေ့မှာ စည်းတန်းကြီးဟေ့”

ကျော်ဇံလှက နောက်ကိုလှည့်ကာ လှေသားများကို ပြောလိုက်ရင်း ရေ ဒလဟော ဝင်နေသော လှေကိုကြည့်ကာ…

“ဟေ့ကောင်တွေ၊ လှေထဲမှာ ရေတွေအတော်ဝင်နေတာပဲ။ ခပ်ထုတ်လို့ မနိုင်ရင် လှန်ထိုးကြ”

လှေလားမဲလုံးက ပက်ခွက်နှင့်ခပ်ထုတ်နေသော်လည်း လှိုင်းလုံးကြီးများက တစ်လုံးပြီးတစ်လုံး ဝင်ဆောင့်နေသောကြောင့် လှေဝမ်းထဲက ရေကို ခပ်မနိုင်အောင် ဖြစ်နေသည်။

လှေက သင်္ကန်းသားဖြင့် ပြုလုပ်ထားသောကြောင့်သာ ရေမမြုပ်ခြင်း ဖြစ်သည်။

ကျော်ဇံလှ စကားကို နားထောင်ကြသည်။ အားလုံး ရေထဲသို့ ခုန်ဆင်းလိုက်ကြကာ လှေကို လှန်ထိုးသလို ရှေ့နောက် တွန်းကြသည်။ ထိုအခါကျမှ ရေများထွက်သွားပြီး လှေပေါ်သို့ ပြန်တက်ကြသည်။

“ဝုန်း …”

အိမ်တစ်လုံးစာလောက်ရှိသော လှိုင်းလုံးကြီးတစ်လုံးက လှေဦးကို ဝင်ဆောင့်လိုက်သောကြောင့် လှေဦးတွင် ရပ်နေသော ကျော်ဇံလှတစ်ယောက် အော်သံပင် မကြားလိုက်ရ။ ရေလုံးနှင့်အတူ ပင်လယ်ထဲကို ရောက်သွားသည်။

သို့သော်လည်း ကျွမ်းကျင်ပြီးသားဖြစ်၍ ဖော့တုံးတစ်တုံး ရေနစ်သလို လှေနောက် နှစ်လံကွာလောက်တွင် ဘွားခနဲ ပြန်ပေါ်လာသည်။ ပြီးနောက် ဖျတ်လတ်စွာပင် လှေပေါ်ပြန်တက်လိုက်သည်။

လှေဦးတွင် ပြန်ရပ်ကာ ..

“စည်းတန်းမရောက်ခင် သစ်ကိုင်း သစ်တုံးတွေ လှေနားကို လာကပ်ရင် သတိထားကြနော်။ မြွေဆိုးတွေ ပါလာတတ်တယ်”

ချောင်းရေနှင့်အတူ မျောပါလာသော သစ်တုံး၊ သစ်ကိုင်းများတွင် မြွေဆိုးများ ပါလာတတ်ကြသည်။ ထိုသစ်တုံးသစ်ကိုင်းများက ပင်လယ်တွင်း ရောက်လာသောအခါ မြွေများက နီးရာတွေ့ရာကို ပြေးကပ်တတ်ကြသည်။

ထိုသဘာဝကို သိထားသောကြောင့် ကျော်ဇံလှက လှေသားများကို သတိပေးနေခြင်း ဖြစ်သည်။

ပင်လယ်ကမ်းစပ်တွင် ပေါက်လေ့ရှိသော လိပ်စာမြက်များသည် ချောင်းရေအကျနှင့်အတူ ပင်လယ်တွင်းသို့ မျောပါလာတတ်ကြသည်။ ထိုမြက်များနှင့်အတူ သစ်တုံးသစ်ခက်၊ အမှိုက်သရိုက်များပါ တရွေ့ရွေ့မျောလာရင်း စည်းတန်းကြီးတစ်လျှောက်တွင် လာရောက်ဆုံကာ စုပေါင်းမျောနေကြသည်။

ထိုအကြားမှ မြက်များကို လိပ်များက စားရင်း မိတ်လိုက်ကြသည်။

“ဝုန်း …”

လှိုင်းလုံးကြီးတစ်လုံးက ဝင်ဆောင့်လိုက်ခြင်း ဖြစ်သည်။ တက်ကိုင်သူ၊ လှော်သူများက သူ့တာဝန်နှင့်သူ လှေဝမ်းထဲတွင်ထိုင်ကာ လုပ်နေကြသော ကြောင့် ထိုလှိုင်းလောက်တော့ မမှု။

လှေဦးတွင် လုံချည်တိုတိုနှင့် မတ်တတ်ရပ်ကာ စည်းတန်းတစ်လျှောက် လိပ်များ၏ အခြေအနေကိုကြည့်ရင်း လှေကို ဘယ်ယိမ်းညာယိမ်းရန် အမိန့်ပေးနေသော ကျော်ဇံလှ အတွက်သာ လှေသားများက စိုးရိမ်နေကြသော်လည်း လှိုင်းကွဲသွားချိန်တွင် ကျော်ဇံလှက လှေဦးတွင် မားမားရပ်လျက်သား ရှိနေသည်။

ဝမ်းစာအရ လိပ်ထိုးသည်ဆိုသော်လည်း နှစ်ကောင်ပူးကာ မိတ်လိုက်နေသော လိပ်များကိုတော့ ရှောင်သည်။ ကျော်ဇံလှတို့လို လိပ်ထိုးသမားများ၏ စည်းထားသည်ဆိုသည့်သဘော ဖြစ်သည်။

တစ်ကောင်တည်း မြက်စားနေသည့် လိပ်များကိုတော့ အလွတ်မပေး။

မည်းမှောင်နေသော ပင်လယ်ပြင်တွင် သူတို့လို ဝမ်းစာရှာ၍ လိပ်ထိုးရန်လာသော လှေများကို ကြယ်ရောင်ဟု ခေါ်ရလေမလား။ ထိုအလင်းရောင်ရဲရဲအကြားမှ မြင်နေရသည်။

“သစ်တုံးတွေ၊ သစ်ကိုင်းတွေ ကပ်လာရင်သတိထား။ မြွေတွေတက်လာရင် ရိုက်သာချဟေ့”

ကျော်ဇံလှသည် လှေဝမ်းထဲမှ အရှည် ၆ ပေ၊ အသွားလက်သုံးသစ်ခန့် ရှိသော လိပ်ထိုးမှိန်းကြီးကို ကောက်ကိုင်လိုက်သည်။ တစ်ဆက်တည်း ဝဲဘက် လက်တွင် ငန်းလျှော်ကြိုးခွေကြီးက ပါလာသည်။

ငန်းလျှော်ကြိုးဆိုတာက မှိန်းကြိုးအဖြစ်သုံးသော ကြိုးဖြစ်သည်။ အရှည်က ပေ ၁ဝဝ လောက်ရှိမည်။ သုံးပင်လိမ်ကျစ်ထားသည့် ငန်းလျှော်တို့၏ သဘာဝသည် ပင်လယ်ဆားငန်ရေနှင့် ထိလေ ပိုခိုင်လေဖြစ်သည်။

ရှေ့ကိုက် ၂ဝ လောက်တွင် စည်းတန်းကြီးတစ်လျှောက် ရေပေါ်တွင် မျောနေသော လိပ်စာမြက်များကို စားနေသည့် လိပ်ပွဲတော်ကြီးကို မြင်နေရပြီ။ ဒွိယံဒွိယံဖြင့် မိတ်လိုက်နေသော လိပ်စုံတွဲများကလည်း မြက်များကို စားနေကြသည်။

ကျော်ဇံလှတို့လို လိပ်ထိုးလှေ ၂ စီးကိုလည်း စည်းတန်းတစ်လျှောက်တွင် မြင်နေရသည်။ လှေဦးစီး ထွန်းအောင်ဇံနှင့် စံရွှေသာတို့ လှေများဖြစ်သည်။

လှေဦးမှ မှိန်းရိုးကို ကျစ်ကျစ်ပါအောင် ကိုင်ထားသော ကျော်ဇံလှသည် လိပ်စာမြက် မျောနေရာသို့ တက်၍စားရန် တိုးဝင်လာသော လိပ်တစ်ကောင်ကို သတိထားမိလိုက်သည်။ အခွံမပါဘဲ အသားချည်း ပိဿာချိန် ၅ဝ ခန့် ရှိလိမ့်မည်ဟု စိတ်တွက်တွက်လိုက်သည်။ မိတ်လိုက်လိပ် မဟုတ်။ တစ်ကိုယ်တော် ဖြစ်သည်။

“သံဒိုး၊ လှေဦးကို ဝဲဘက်နည်းနည်းစောင်းလိုက်”

ပဲ့ကိုင် သံဒိုးက ကျော်ဇံလှအတွက် ကွတ်တိဖြစ်သွားသည်။ လိပ်ကြီးကို ဘေးတိုက်အနေအထားအတိုင်း တွေ့လိုက်ရသည်။ လိပ်ကြီး၏ ယာဘက် ရင်ဘတ်သားကို လိပ်ခွံကြီးအောက်မှာ ထင်ထင်ရှားရှား မြင်လိုက်ရသည်။ အချိန်မဆိုင်းနိုင်တော့။

“ဝှီး … ဒုတ်”

လိပ်ကြီး၏ ယာဘက် ရင်ဘတ်သားကို မှိန်းက စူးဝင်သွားသည်နှင့် တစ်ဆက်တည်း ဝဲဘက်တွင် ကိုင်ထားသော ငန်းလျှော်ကြိုးခွေကို တဖြည်းဖြည်း လျှော့လိုက်သည်။ အထိနာသွားသော လိပ်ကြီးသည် ကြောက်လန့်ကာ ရေထဲသို့ ငုပ်၍ပြေးလေတော့သည်။

ကျော်ဇံလှက လှေဦးကို ခြေကန်ကာ ငန်းလျှော်ကြိုး ကို ယာလက်ဖြင့် တောင့်၍ခံထားသည်။ လိပ်ကြီးဆွဲပြေးရာနောက်သို့ လှေက တန်း၍လိုက်ပါသွားသည်။

လိပ်ကြီးက မော၍ ရပ်သွားလျှင် လှေက ရပ်လိုက်၊ ကျော်ဇံလှက ကြိုးကို လျှော့ချည်တင်းချည်ဖြင့် ကစားကာ လိပ်ကြီးနှင့် အားပြိုင်နေသည်။

လျှော့ချည်တင်းချည်ဖြင့် အချိန်အတော်ကြာအောင် အားပြိုင်ကြပြီးနောက် လိပ်ကြီးလည်း ခြေကုန်လက်ပန်း ကျလာသည်။ ထိုအခါကျမှ ငန်းလျှော်ကြိုးကို တဖြည်းဖြည်းဆွဲကာ လိပ်ကြီးကို လှေအနားရောက်အောင် ဆွဲယူလိုက်သည်။

ထို့နောက် လှေပေါ်သို့ ဆွဲတင်ကာ လိပ်ကြီးကို ပက်လက်လှန်ထားလိုက်သည်။

အချိန်ရှိသေးသောကြောင့် မိတ်လိုက်လိပ်များကိုရှောင်ကာ လိပ်စာမြက်များကို စားနေသော အချိန် ၃၀ လောက်ရှိ လိပ်တစ်ကောင်ကို ထပ်ထိုးလိုက်သေးသည်။

ထိုလိပ်က လှေပေါ်တွင် ပက်လက်ရောက်နေချိန်တွင် ခန့်မှန်းအချိန်က နံနက် ၄ နာရီလောက် ရှိနေပြီ။

စည်းတန်းပေါ်တွင် မိတ်လိုက်လိပ်များနှင့် တစ်ကောင်ချင်းလိပ်များက လိပ်စာမြက်များကိုစားကာ သဘာဝအလျောက် ပျော်နေကြတုန်း။

ကျော်ဇံလှက လှေသားများအား …

“တော်လောက်ပြီဟေ့။ ပြန်ကြရအောင်”

xxx xxx xxx

ရွာကိုရောက်တော့ မိုးထိန်ထိန်လင်းနေပြီ။

သောင်ပြင်ပေါ်တွင် စောင့်နေကြသော လူအုပ်ထဲမှ မထု အပါအဝင် စောဂျိမ်း၊ တပည့် ၂ ယောက်နှင့် ရွာသူရွာသားများ။

ကျော်ဇံလှ ထိုးလာသော လိပ်နှစ်ကောင်ကို ရွာထဲတွင် ခုတ်ထစ်ခွဲဝေကြကာ လှေထိုးသားများနှင့် မထု အတွက် ဝေပုံချလိုက်ကြသည်။ မထုက ဇလုံတစ်ခုတွင် ဝေစုကိုထည့်လိုက်ကာ ရွာထဲတွင် ရောင်းရန်ပြင်လိုက်သည်။ ဈေးသည် မထုက မနေ့ကပုံစံအတိုင်း ထမီရင်လျားနှင့်။

“စောဂျိမ်း၊ မင်း ဘယ်တုန်းက ရောက်နေတာလဲ’”

“မနေ့က ညနေကလေ။ မင်းကို အမီလိုက်လာသေးတယ်။ ပင်လယ်ထဲကို ထွက်သွားလို့ မမီတော့ဘူး”

“ဝမ်းရေးအတွက်ပေါ့ကွာ”

“အန္တရာယ်များလှသကွာ”

“စောဂျိမ်းရာ၊ အန္တရာယ်ဆိုတာ ရိုးနေပါပြီ”

“တောပစ်ထွက်ရအောင်”

“ဟေ… မင်းမှာ ပစ်စရာနေရာ တွေ့ထားလို့လား”

“မုဆိုးမျက်စိပဲကွာ။ မင်းတို့ရွာမရောက်ခင်ကတည်းက လမ်းမှာ တွေ့လာတယ်”

“ညက တစ်ရေးမှတောင် မအိပ်ရသေးဘူး”

“လုပ်မနေပါနဲ့ကွာ။ မင်းအတွက် ဝေစုတစ်စုရမယ်။ လမ်းပြအဖြစ်ပဲ လိုက်ခဲ့”

“လိုက်မယ်။ ပင်လယ်စာတွေပဲ စားနေရတာ ကြာပြီ”

“ဒါဆိုရင် မင်းတို့ ရွာထဲက ချောင်းဖျားကို တို့လာတုန်းက အဖြတ်မှာ ချောင်းစပ်မှာ တောဝက်ခြေရာတွေ တွေ့တယ်”

“ဟေ… တကယ်လား”

“တကယ်ပေါ့ကွာ။ ဒါပေမဲ့ တို့ချောင်းဖျားကို ပြန်မသွားတတ်တော့ဘူး။ လမ်းပြတစ်ယောက် ညွှန်ပြလို့သာ ရွာကိုရောက်လာတာ”

“အဲဒီတော့ …”

“လမ်းပြလုပ်လေကွာ။ မင်းအတွက် ဝေစုတစ်စုရမယ်”

xxx xxx xxx

ကျော်ဇံလှက ဦးဆောင်ကာ ရွာမှ ထွက်လာခဲ့ကြသည်။ ပင်လယ်ကမ်းစပ် ဆိုပေမဲ့ ဒီရေရောက် ရွှံ့နွံတောများဖြစ်၍ ရေစပ်စပ်ရှိသော ရိုး(ချောင်းသေး) ကလေးများကို ဖြတ်ရသည်။

တောလမ်းအတိုင်း ချောင်းဖျားရောက်အောင် (၂) နာရီလောက် လျှောက်ရသည်။ လမု၊ လမဲ့၊ သင်ပေါင်း၊ ကျူတော ကိုင်းတောများကို ဖြတ်ရသည်။ ချောင်းဖျားရောက်လာလေလေ ချောင်းက တဖြည်းဖြည်း ကျဉ်းလာလေလေဖြစ်သည်။

ချောင်းဖျားတွင် တောဝက်ခြေရာများ ရှုပ်နေသောနေရာကို စောဂျိမ်းက မှတ်မိသွားသည်။ စောဂျိမ်းက …

“ကျော်စိုး … ရှေ့က လမုတောအုပ်ထဲမှာ တောဝက်ခြေရာ တွေ့ဟာ မဟုတ်လား”

“ဟုတ်တယ် စောဂျိမ်း။ ချောင်းဖျားကလေးကို ဖြတ်ရင် ရောက်ပြီ”

တင်ဝင်းက လမုပင်များအကြား ထိုးထိုးထောင်ထောင် ထွက်နေသော သဖန်းပင်ကြီးကို သတိပြုလိုက်မိသည်။ ထို့ကြောင့် စောဂျိမ်းနှင့် ကျော်စိုးကို လက်ကုတ်ကာ …

“ဟေ့… လူတွေ၊ တောဝက်တွေက သဖန်းသီး ကြိုက်တယ်။ သဖန်းပင်နားနီးရင် သတိထား”

လမုတောအုပ်ထဲတွင် ရေစပ်စပ်ရှိကာ ရွှံ့မြေပျော့ပျော့ပေါ်တွင် တောဝက်ခြေရာများက ရှုပ်နေသည်။ လမုပင်များအလယ်မှ လူကြီးနှစ်ဖက်ခန့်ကြီးသော သဖန်းပင်ကြီး။ တစ်ပင်လုံး သဖန်းသီးများ တွဲရရွဲနှင့်။ အချို့ အမှည့်များက အောက်ကိုပြုတ်ကျကာ ရွှံ့မြေပေါ်တွင် ပြန့်ကျဲနေသည်။

စောဂျိမ်းတို့အဖွဲ့ အပင်အောက်ကို ချက်ချင်းမဝင်သေး။ ခြေသံလုံလုံနှင့် လမုကိုင်းများအကြားမှ ချောင်းနေခြင်းဖြစ်သည်။

အပင်ကြီးသလောက် အကိုင်းအခက်များ များလှသောကြောင့် အပင်အောက်က နေရာ အတော်ကျယ်သည်။ လမုပင်ပေါက်ကလေးများနှင့် ကျူပင်အချို့ ကြိုကြားပေါက်နေသည်။ တောဝက်၏ အရိပ်အယောင်ပင် မတွေ့။

စောဂျိမ်းတို့ ရောက်ချိန်က နေမမြင့်သေး။ ကျော်စိုးနှင့် တင်ဝင်းက စောဂျိမ်းကို ကြည့်သည်။

စောဂျိမ်းက စဉ်းစားနေဆဲ။ အတန်ကြာမှ စောဂျိမ်းက တစ်နေရာကို လက်ညှိုးထိုးပြသည်။

သဖန်းပင်၏ မြောက်ဘက်တွင် ရိုး(ချောင်းငယ်) တစ်ခု ရှိသည်။ ထိုရိုးပေါ်ကို သဖန်းကိုင်းများက ကိုင်းကျနေသည်။ ကိုင်းကျနေသော ကိုင်းတွင် ပြွတ်သိပ်နေသော သဖန်းသီးမှည့်များက အတွဲလိုက်။

ထို သဖန်းသီးများကို စားရန် ရိုးထဲသို့ ဆင်း၍ တောဝက်နှစ်ကောင်က ရေထဲကနေ ခုန်ခုန်ဆွဲနေသည်။ ရိုးစပ်မှ ကိုင်းပင်များ ကွယ်နေသောကြောင့် ဖြုန်းခနဲ မမြင်ရခြင်း ဖြစ်သည်။ စောဂျိမ်းကတော့ လှုပ်ယမ်းနေသော သဖန်းကိုင်းများကို ကြည့်၍ သဘောပေါက်လိုက်ခြင်းဖြစ်သည်။

စောဂျိမ်းက ကျော်ဇံလှကို နောက်တွင်ထားခဲ့၍
ကျော်စိုးနှင့် တင်ဝင်းကို ခြေဟန်လက်ဟန်ပြကာ လမုပင်၊ ကျူပင်များကို အကာအကွယ်ယူရင်း တရွေ့ရွေ့ ချီတက်လာကြသည်။

ရိုးကလေးအနားသို့ မရောက်မီ ၅ ကိုက်မျှအကွာတွင် မြင်ကွင်းက ပို၍ ပီပြင်လာသည်။ အချိန် ၃၊ ၄ ဆယ်မျှ စီးသော တောဝက်နှစ်ကောင် ဖြစ်သည်။

စောဂျိမ်းက ကျော်စိုးကို ယာဘက်က အကောင်ပြ၍ သူက ဝဲဘက်အကောင်ကို ပြလိုက်သည်။

တောဝက်နှစ်ကောင်က သဖန်းသီးများကို ခုန်ဆွဲကာ ကိုက်ဝါးနေကြတုန်း။

စောဂျိမ်းထံမှ (.၅ဝဝ) နှစ်လုံးပြူးရိုင်ဖယ်မှ ပေါက်ကွဲသံနှင့် ကျော်စိုးထံမှ (၃၀. ဝ၆) ရိုင်ဖယ်ပေါက်ကွဲသံက စက္ကန့်ပိုင်းလောက်သာ ခြား၍ ထွက်သွားသည်။

ပစ်ကွင်းကနီး၍ ပီပြင်လှသောကြောင့် ထိချက်ကလည်း မှန်သည်။ နှစ်ကောင်စလုံး တုံးခနဲ လဲကာ အကြောဆွဲ၍ တစ်ခဏချင်း ငြိမ်သက်သွားသည်။

ရိုးထဲက ရေများကတော့ သွေးရောင်လွှမ်းသွားသည်။

ကျော်ဇံလှက အပြေးကလေးရောက်လာသည်။

“စောဂျိမ်း … တယ်ဟုတ်ပါလား။ ဘာမှတောင် မပင်ပန်းလိုက်ဘူး။ ဟင်းစား ရသွားပြီ”

“မုဆိုးကံကောင်းရင် ဒီလိုပဲကွ။ တစ်ခါတလေ တစ်နေကုန်တာတောင် တစ်ကောင်မှ မရတတ်ဘူးကွ”

“ပင်လယ်စာတွေချည်း စားနေရတော့ တောဝက်သား စားချင်နေတာ”

စောဂျိမ်းတို့ ရွာကို ပြန်ရောက်ချိန်တွင် ကျော်ဇံလှ မိန်းမ မထုက လိပ်သားများ ရောင်းပြီး ပြန်ရောက်၍ နံနက်စာအတွက် လိပ်သားဟင်း ချက်နေသည်။

တောဝက်နှစ်ကောင်ကို ထမ်းလာသော ကျော်ဇံလှတို့ကို မြင်လိုက်ရ၍ မထုက ပျော်သွားသည်။ စောဂျိမ်းမကြားအောင် ကျော်ဇံလှ အနားကပ်၍ လေသံတိုးတိုးဖြင့် …

“ရှင်က ဝေစုတစ်စု ရမယ်ဆို”

“အေးလေ”

“ဒါဆိုရင် ရှင့်ဝေစုအတွက် အကုန်ချက်စားပစ်မယ်။ မစားရဟာကြာပြီ”

စောဂျိမ်းက ရိပ်မိလိုက်သည်။ ထို့ကြောင့် ပြုံးသည်။ ပြီးမှ…

“မထု ဒီဝက်နှစ်ကောင်ထဲက စားချင်တာတွေ ချန်ထားပြီး ကျန်တာတွေ သွားရောင်းတော့။ ကျွန်တော်တို့အတွက် ပင်လယ်စာဟင်းကောင်းကောင်း စားရရင်တော်ပြီ။ ဒီဝက်နှစ်ကောင်လုံး မထုကို ပေးတယ်”

“တကယ်”

“တကယ်ပေါ့။ ကျွန်တော်တို့က တောကောင်သားတွေ စားရတာ ရိုးနေပြီ။ ပင်လယ်စာတွေ စားချင်တာ”

တောဝက်တွေကို ခုတ်ထစ်ကာ ဇလုံနှင့်ထည့်၍ ရောင်းရန် မထု ထွက်သွားသည်။ မြူးကြွတက်ကြွသော ခြေလှမ်းများနှင့် မထုက ဇလုံကို ခေါင်းပေါ်တွင် ရွက်ကာ ထွက်သွားခြင်းဖြစ်သည်။

သို့သော် ထမီကတော့ ရင်လျား။

– ပြီး –

စာရေးသူ – မောင်မြင့်မား(ဗိုလ်ကလေး)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *