August 6, 2025

လူကိုချစ်သော ဟောင်းပါးမျောက်ဝံကြီးများ

မွဝဇီ
လူကိုချစ်သော ဟောင်းပါးမျောက်ဝံကြီးများ

(၁)

“တောင် … တောင် … တောင် … တောင် … တောင်”

နံနက်ငါးနာရီတိတိ သံချောင်းခေါက်လေပြီ။ ကျွန်ုပ်တို့ ရဲဘော်များလည်း ခရီးသွားရန် အဆင်သင့် ဖြစ်နေသည်။

ထိုအချိန်တွင် တပ်ခွဲမှူး၏ အမိန့်ဖြင့် ကျွန်ုပ်မှာ တပ်ခွဲရုံးရှိသော လားရှိုးလေးသို့ အမြန်ဆုံး လိုက်ခဲ့ရသည်။ လာခေါ်သောသူများမှာ တပ်ခွဲရုံးမှ တပ်ကြပ်ကြီးအောင်စိန်နှင့် ရဲဘော်တစ်ယောက် ဖြစ်သည်။

ကျွန်ုပ်က သိချင်ဇောဖြင့် မေးလိုက်သည်။

“ဟေ့ … ဘာဖြစ်တာလဲကွ၊ ဒီမှာ ရဲဘော်တွေက ကွတ်ခိုင်ကိုသွားဖို့ အဆင်သင့်ဖြစ်နေပြီ။ ငါ လူစားထည့်လိုက်ရမလား မသိဘူး”

“ကျွန်တော်တို့လဲ မသိဘူး ဗိုလ်လေး။ ဒါပေမယ့် တပ်ခွဲမှာ ရှမ်းအမျိုးသားတွေ ရောက်နေတယ်။ ဘာအရေးကြီးသလဲ မသိဘူး”

ကျွန်ုပ်လည်း ဆက်မမေးတော့ဘဲ တပ်ခွဲရုံးသို့ လိုက်ခဲ့သည်။ တပ်ခွဲရုံးသို့ ရောက်သောအခါ တပ်ခွဲမှူး ဗိုလ်စိုးသိမ်းနှင့် ရှမ်းအမျိုးသားကြီးနှစ်ယောက် စကားပြောဆိုလျက် ရှိသည်။

ကျွန်ုပ်က တပ်ခွဲမှူးကို သတိနှင့် အလေးပြုရင်း…

“ကျွန်တော်ရောက်ပါပြီ ဗိုလ်ကြီး။ အကြောင်းထူး ရှိပါသလား”

တပ်ခွဲမှူးက ကျွန်ုပ်အား လွတ်နေသောထိုင်ခုံတွင် ထိုင်ရန် လက်ပြလိုက်ပြီး-

“ထိုင်ဟေ့ ဗိုလ်စိန်တင်၊ ဒီမှာ ရှီလောင်းရွာက ရွာသူကြီးတွေ ရောက်နေတယ်။ အလွန်အရေးကြီးတဲ့ ကိစ္စပဲကွ”

ကျွန်ုပ် ထိုင်ခုံတွင် ထိုင်လိုက်စဉ် ဗိုလ်စိုးသိမ်းက ပြောလိုက်ခြင်းဖြစ်သည်။

ထိုအချိန်တွင် ရဲဘော်တစ်ယောက်က နွားနို့တစ်ခွက် လာချသည်။

“သောက်ပါ ဗိုလ်စိန်တင်။ တို့လဲ နွားနို့ပဲ သောက်နေရတယ်ကွ””

ဗိုလ်စိုးသိမ်းက ပြောလိုက်သည်။

အချိန်မှာ ဂျပန်ခေတ်ဖြစ်သည်။ ထိုအချိန်က စားသောက်စရာများ ရှားပါးသောကြောင့် ကော်ဖီနှင့် လက်ဖက်ရည်ကို ကြိုက်သော တပ်ခွဲမှူး ဗိုလ်စိုးသိမ်းပင်လျှင် နွားနို့ကို သောက်နေရသည်။

၁၉၄၄-ခုနှစ်၊ နှစ်ဆန်းလောက်မှစ၍ ကျွန်ုပ်တို့ မြင်းတပ်ခွဲသည် အထက်အမိန့်ဖြင့် လားရှိုးသို့ ရောက်ခဲ့သည်။ ကျွန်ုပ်တို့တွင် ပါလာသော ရိက္ခာများမှာ ကော်ဖီနှင့် လက်ဖက်ခြောက်များ ပါသော်လည်း ယခုအခါ ကုန်လေပြီ။ ထို့ကြောင့် ကျွန်ုပ်တို့မှာ နွားနို့ ကိုသာ ထန်းလျက်နှင့် သောက်နေရသည်။

ဂျပန်စစ်တပ်များမှာ သူတို့ရိက္ခာနှင့် သူတို့ လုံလောက်လျက် ရှိသည်။

ထိုအချိန်တွင် တပ်ခွဲမှူး ဗိုလ်စိုးသိမ်းက စကားဆက်ပြောလိုက်သည်။

“ဒီလိုကွ ဗိုလ်စိန်တင်ရ။ ရွာခေါင်းကြီး ဦးခွန်စတို့ရွာမှာ မျောက်ဝံကြီးတစ်ကောင်က ကလေးတစ်ယောက်ကို ဖမ်းသွားတယ်။ ဒီ မျောက်ဝံကြီးက အထီး မဟုတ်ဘူးကွ၊ မျောက်ဝံမကြီးဖြစ်တယ်။ ရွာခေါင်းကြီး ဦးခွန်စနဲ့ ရွာသားတွေက လိုက်ပေမယ့် မျောက်ဝံမကြီးကို မတွေ့တော့ဘူး။

ရှီလောင်းရွာဟာ တရုတ်-မြန်မာ နယ်ခြားရွာဖြစ်တယ်ကွ။ သတိထားပြီးတော့ အစစဆင်ခြင်ပြီး သွားရမယ်။ ခုတလော အဲဒီရွာမှာ ကျွဲရိုင်းတွေကလဲ နှောင့်ယှတ်တယ်၊ ကျားမိသားစုကလဲ နှောင့်ယှက်တယ်။ မင်းနဲ့ ရဲဘော်ငါးယောက် အမြန်ဆုံး လိုက်သွားပြီး ဆောင်ရွက်ပါ”

ဗိုလ်စိုးသိမ်းက စကားပြောပြီး မောသွားဟန်နှင့် ရပ်လိုက်သည်။

“ဪ … ခင်ဗျားကို မိတ်ဆက်ပေးရအုံးမယ်။ ဟောဒီ ရှမ်းအမျိုးသားကြီးက ဦးခွန်စပဲ။ ဒီဘက်ကတော့ ဦးဟိန္ဓတဲ့၊ သူတို့နှစ်ဦးက ရွာမှာဆိုရင် လူကြီးတွေပေါ့ကွာ။ တို့တပ် စားဖို့အတွက် ပဲပုပ်တွေနဲ့ ခရမ်းသီးတွေ ပါလာတယ်။ ကိုင်း … မင်း လိုက်သွားပြီးတော့ ဆောင်ရွက်လိုက်ပါ”

“ဒီလိုဆိုရင် ကျွန်တော် သုံးလေးရက် ကြာရင်ကြာမယ် ဗိုလ်ကြီး။ အရေးအကြောင်း ထူးရင် ကျွန်တော် ဆက်သားလွှတ်လိုက်မယ်”

“ကောင်းပြီလေ၊ ဒါက တို့လုပ်ငန်းပဲ”

သို့နှင့် ကျွန်ုပ်လည်း တပ်ခွဲမှူး ဗိုလ်စိုးသိမ်းကို အလေးပြုကာ ရှီလောင်းရွာမှ လူကြီးများကိုခေါ်ပြီး ပြန်ထွက်လာခဲ့သည်။

ကျွန်ုပ်လည်း လိုအပ်သော လက်နက် ကျည်ဆန်များကို ထုတ်ယူကာ ထိုနေ့ နံနက်မှာပင် တပ်ကြပ်ကလေးတစ်ယောက်နှင့် ရဲဘော် လေးယောက်ကိုခေါ်ကာ ရှီလောင်းရွာသို့ ထွက်ခဲ့သည်။

အချိန်မှာ နံနက် ခုနစ်နာရီခွဲလေပြီ။

လမ်းတွင် တဝေါဝေါ စီးဆင်းနေသော စမ်းချောင်းတစ်ချောင်းကို ဖြတ်ကျော်ရသည်။ ရုတ်တရက် စမ်းချောင်းထဲမှ တောဝက်တစ်အုပ်နှင့် ဒရယ်သုံးကောင်ကို တွေ့လိုက်ရသည်။

ကျွန်ုပ်လည်း တောဝက်ကြီး တစ်ကောင်ကို ဒသမ ၄၇၅ ရိုင်ဖယ်ဖြင့် ပစ်ခတ်ယူလိုက်သည်။

“ဟေး … ဗိုလ်ကြီးက သိပ် လက်မှန်းကောင်းတာပဲ။ ပစ်လိုက်တာလဲ သိပ်မြန်တာပဲ။ အံ့ရော … အံ့ရော”

ရွာခေါင်းကြီး ဦးခွန်စက ချီးကျူကျူးလိုက်သည်။

ရှီလောင်းရွာသည် အိမ်ခြေတစ်ရာခန့်ရှိပြီး တောင်စောင်းတွင် ရွာစည်းရိုးများနှင့် တည်ရှိသည်။ ရွာစည်းရိုးများမှာ မကြာမီက တည်ဆောက်ထားခြင်းဖြစ်သည်။

ကျွန်ုပ်တို့ ရွာကိုရောက်သည်နှင့် တစ်ရွာလုံးမှာ ဝမ်းသာအားရ ဖြစ်နေကြသည်။

ကျွန်ုပ်သည် ကလေးပျောက်သွားသောအိမ်သို့ သွားကာ အားပေးစကား ပြောရသည်။ ထိုနေ့နံနက်စာကို တောဝက်သားဟင်းနှင့် စားရပြီး နံနက် ၁၀-နာရီလောက်တွင် ဟောင်းပါးဆိုသော နေရာသို့ ရှမ်းအမျိုးသားလမ်းပြများကို ခေါ်၍ ထွက်ခဲ့သည်။

ထိုအချိန်အထိ နှင်းများ မစဲသေးဘဲ နေကိုလည်း မတွေ့ရ ဖြစ်နေသည်။ ကျွန်ုပ်တို့ လာရသည်မှာ တောင်ဆင်း၊ တောက်တက်နှင့် တောကိုဖြတ်ပြီး လာခဲ့ရသည်။
တစ်ချိန်တည်းမှာပင် တောကျွဲများ၏ အော်သံကို ကြားရကာ ကျွန်ုပ်တို့လည်း တောင်စောင်း တစ်နေရာတွင် နေရာယူလိုက်သည်။

အကောင်တစ်ရာခန့်ရှိသော တောကျွဲရိုင်းများသည် တရုန်းရုန်းပြေးလာသည်ကို တွေ့ရကာ တောထဲသို့ ဝင်သွားကြသည်။

ထိုအချိန်တွင် ရှမ်းအမျိုးသား နှစ်ယောက်သည် ပေ ၄ဝ ခန့်ရှိသော တောင်တစ်တောင်ပေါ်မှ ပြေးဆင်းလာသည်ကို တွေ့ရသည်။

“ ဟေ့ လူတွေ၊ ဘာဖြစ်လာကြတာလဲ”

“ကယ်ပါအုံး … ကယ်ပါအုံး၊ ကျွန်တော်တို့ကို မျောက်ဝံကြီးတစ်ကောင်က အတင်းလိုက်လို့ ထွက်ပြေးလာရပါတယ်”

ထိုအချိန်တွင် မျောက်ဝံကြီးတစ်ကောင်သည် တောင်ကမ်းပါးယံတွင် ပေါ်လာသည်။ သူက ကျွန်ုပ်တို့ကိုမြင်သောအခါ “ဂရား”ဟု အော်လိုက်ပြီး ရင်ဘတ်ကို စည်တီးသကဲ့သို့ ထုလိုက်သည်။ ထိုမျောက်ဝံကြီးသည် ရုတ်တရက် လှည့်ကာ တောထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။

(၂)

“ကျွန်တော်တို့က ကူလန်းရွာကပါ။ တောလိုက်ရင်း ရွာကို မကြာခဏ နှောင့်ယှက်တဲ့ မျောက်ဝံကြီးနဲ့ ရင်ဆိုင်တွေ့ရတာပဲ။ သူ့တစ်ကောင်တည်း မဟုတ်ဘူး။ သူနဲ့အတူ နှစ်ကောင် ပါသေးတယ်ဗျ”

“ဟုတ်တယ် ဗိုလ်ကြီး။ ကျွန်တော်တို့မှာ ပါလာတဲ့ ဓားနဲ့ ဒူးလေးတွေတောင် လွှင့်ပစ်ခဲ့ရတယ်။ သူတို့က ကျွန်တော့်အိမ်မှာချိတ်ထားတဲ့ ကလေးအရုပ်ကို လိုချင်နေတာပဲ။ လွန်ခဲ့တဲ့ နှစ်ရက်က မျောက်ဝံတစ်ကောင်က ဒီကလေးအရုပ်ကို အတင်းဝင်ဖြုတ်တယ်။ ကျွန်တော်တို့ အားလုံးက ခြောက်လှန့်ပစ်လိုက်လို့ ထွက်ပြေးသွားတာပဲ”

ထိုသို့ ရှမ်းအမျိုးသားကြီး နှစ်ယောက်က ကျွန်ုပ်အား ပြောလိုက်သည်။ ကျွန်ုပ်တို့အားလည်း သူတို့ရွာသို့ လိုက်ခဲ့ရန် ခေါ်နေသည်။

ကျွန်ုပ်လည်း ထူးဆန်းလှသော အရုပ်ကို ကြည့်ရန်အတွက် ကူလန်းရွာသို့ ခေတ္တ လိုက်ခဲ့သည်။

ထိုအရုပ်မှာ ကျွန်ုပ်တို့ မြန်မာပြည်က မဟုတ်ဘဲ တရုတ်ပြည်နယ်ခြားတစ်နေရာမှ ရလာခြင်းဖြစ်သည်။ မင်းသမီး အရုပ်ကလေးမှာ တကယ်ပင် အသက်ရှိနေသကဲ့သို့ ပြုံးတော့မလိုလို၊ ရယ်တော့မလိုလို၊ မျက်လုံးကလည်း ဟိုဘက်သည်ဘက် ရွေ့ကစားနေသည်။

တကယ်တော့ မျက်လုံးမှာ အရှင်တပ်ထားခြင်းဖြစ်သည်။ မျက်လုံးကို ထူးဆန်းသော ကျောက်တစ်မျိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။

“အိုက်မိုလန်း၊ ဒီအရုပ်ကို ဘယ်လိုရလာလဲ”

“ကျွန်တော့်အဖေ လက်ထက်က ရလာတာပါ၊ ကျွန်တော်လဲ မသိဘူး”

ကျွန်ုပ်လည်း ခေါင်းတညိတ်ညိတ်ဖြင့် စဉ်းစားရင်း မေးလိုက်သည်။

“ဒီလောက် အန္တရာယ်ဖြစ်နေတဲ့ အရုပ်ကို ကျွန်တော့် ပြန်ရောင်းလိုက်ပါလား”

အိုက်မိုလန်းက ခေါင်းခါရင်း-

“မလုပ်ပါနဲ့ ဗိုလ်ကြီး၊ ကျွန်တော့်အဖေ ပစ္စည်းဖြစ်လို့ တရိုတသေ သိမ်းထားတာပါ။ အဖေက ဟောဒီတိုင်မှာ ဆွဲထားရမယ်လို့ မသေခင် ပြောသွားခဲ့ပါတယ်”

အိုက်မိုလန်းသည် ဥယျာဉ်တိုင်ကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။ ကျွန်ုပ်သည် အိုက်မိုလန်းအား ပြောမရမှန်း သိသောကြောင့် ကျွန်ုပ်၏ လုံလော့ရှိ တပ်စခန်းလိပ်စာအား ပေးခဲ့ပြီး ပြန်ရန်ပြင်လိုက်သည်။

အိုက်မိုလန်းတို့က ကျွန်ုပ်တို့အား အတင်း နံနက်စာ ကျွေးလိုက်သည်။

ကူလန်းရွာမှ ပြန်ခဲ့သောအခါ ဟောင်းပါးသို့ အချိန် တစ်နာရီခန့်တွင် ရောက်ခဲ့သည်။ ဟောင်းပါးနေရာမှာ ကျောက်ဂူကြီးများရှိပြီး ထိုနေရာတွင် မျောက်ဝံများ၊ မျောက်များလည်း ရှိနေသည်။

ကျွန်ုပ်တို့ ရောက်သည်နှင့် အော်သံကြီးပေါ် လာသည်။

“ဂရား … ဂရား”

ထိုမျောက်ဝံကြီးအော်သံကြောင့် ရုတ်တရက် အော်သံများ ပေါ်လာပြီး ကျွန်ုပ်တို့အား ကျောက်ခဲများ၊ ကျောက်တုံးများဖြင့် မျောက်ဝံများက ပစ်ခတ် တိုက်ခိုက်တော့သည်။

ကျွန်ုပ်လည်း မည်သို့မျှ မလုပ်စေဘဲ နောက်သို့ဆုတ်ကာ ထိုနေ့အဖို့ ရှီလောင်းရွာကို ပြန်ခဲ့သည်။

ရှီလောင်းရွာသို့ ပြန်ရောက်သောအခါ မှောင်စပြုနေလေပြီ။

“ဒီနေရာက တော်တော်ဆိုးတယ် ဗိုလ်ကြီး။ ဗိုလ်ကြီးတို့ သတိထားပြီးတော့ သွားပါ”

ဦးခွန်စက ကျွန်ုပ်တို့အား သတိပေးလိုက်သည်။ ထိုနေ့ ညဆယ်နာရီလောက်တွင် ရုတ်တရက် အော်သံများ ကြားရသည်။

ထိုအသံများမှာ ကျွဲများ အော်သံဖြစ်သည်။ ကျွဲရိုင်းများသည် ရွာတံခါးကို တဝုန်းဝုန်း ဝင်ဆောင့်နေကြသည်။

ကျွန်ုပ်သည် ဒသမ ၄၇၅ အမဲကြီးပစ်ရိုင်ဖယ်ကို ကိုင်၍ ရွာတံခါးသို့ ထွက်လာခဲ့သည့်။ ကျွန်ုပ်နှင့်အတူ ရဲဘော်များလည်း ပါလာခဲ့သည်။

ကျွန်ုပ်လည်း ဒသမ ၄၇၅ အမဲကြီးပစ် ရိုင်ဖယ်ဖြင့် ကျွဲရိုင်းပေါက်ကြီး နှစ်ကောင်ကို ပစ်ချလိုက်သည်။

“ဒိုင်း … ဒိုင်း … ဒိုင်း … ဒိုင်း”

ရိုင်ဖယ်သံများ ဆူညံသွားပြီး ကော်ဒိုက်ယမ်းနံ့များ မွန်ထူသွားသည်။ ကျွဲရိုင်းများလည်း တရုန်းရုန်းနှင့် ထွက်ပြေးတော့သည်။

ထိုနေ့ နံနက်ပိုင်းတွင် ဟောင်းပါးသို့ ကျွန်ုပ်နှင့် ရဲဘော်များ၊ ရွာသားနှစ်ယောက်နှင့်အတူ ပြန်လည်ထွက်ခဲ့သည်။

လမ်းတွင် အလွန်မြင့်သော တောင်ကမ်းပါးယံတစ်ခုမှ သတ္တဝါကြီးနှစ်ကောင် ခုန်ဆင်းလာကြသည်။

ထိုသတ္တဝါကြီးများမှာ တောကောင် ကျားကြီးများ ဖြစ်ပြီး ရုတ်တရက် တဝုန်းဝုန်းနှင့် ဆော့မြူးနေသော ရေအိုင်ကြီးတစ်အိုင်မှ မျောက်များကို ခုန်အုပ်ရန် ပြေးသွားသည်ကို တွေ့ရသည်။

ထိုအချိန်ပိုင်းကလေး အတွင်းမှာပင် ကျွန်ုပ် လက်ထဲမှ ဒသမ ၄၇၅ အမဲကြီးပစ်ရိုင်ဖယ်သည် မီးပွင့်ထွက်သွားသည်။

ရှေ့ဆုံးမှ တောကောင် ကျားကြီးသည် ကျွမ်းပစ်ထွက်သွားကာ မြေပြင်ပေါ်သို့ ဗုန်းခနဲ ကျ၍ သေသွားသည်။
မျောက်ဝံငယ်များသည် ရေအိုင်ထဲမှ တက်ကာ ဟောင်းပါးဂူများဆီသို့ ထွက်ပြေးကြသည်။ မပြေးနိုင်သော ကျန် မျောက်ဝံငယ်တစ်ကောင်မှာ ငိုယိုလျက် လိုက်သွားသည်ကို တွေ့ရသည်။

သူသည် မျောက်ဝံများကဲ့သို့ မပြေးနိူင်ဘဲ ရုတ်တရက် ခြေချော်ကာ လဲကျသွားသည်ကို တွေ့ရသည်။

ထိုအချိန်ပိုင်းကလေးမှာပင် ကျွန်ုပ်တို့ ရောက်ရှိသွားကာ ထိုမျောက်ဝံငယ်ကလေးကို ဖမ်းလိုက်ကြသည်။

“အား … အား … အား”

တကယ်တော့ ကျွန်ုပ်တို့ ဖမ်းထားသော သတ္တဝါမှာ မျောက်ဝံမဟုတ်ဘဲ လူတစ်ယောက် ဖြစ်နေသည်ကို တွေ့ရသည်။

သူသည် မိန်းကလေးတစ်ယောက်ဖြစ်ကာ ကျွန်ုပ်တို့၏ လက်ထဲတွင် အားပါးတရ အော်ငိုလျက်ရှိသည်။ သူ၏အသက်မှာ လေးနှစ်ခန့်သာ ရှိပုံရသည်။

တစ်ချိန်တည်းမှာပင် ဟောင်းပါးရှိ မျောက်ဝံဂူကြီးတစ်ဂူအတွင်းမှ မျောက်ဝံကြီးတစ်ကောင် ခုန်ဆင်းလာသည်ကို တွေ့ရသည်။

“ဂရူး … ဂရူး”

“ဗုန်း … ဗုန်း … ဗုန်း … ဗုန်း”

သူသည် ပါးစပ်မှ အသံပြုရင်း ရင်အုပ်ကြီး ကို တဗုန်းဗုန်း ထုလိုက်သည်။ ပါးစပ်မှလည်း အော်ဟစ်နေသည်။

“ဗိုလ်ကြီး … ဗိုလ်ကြီး ၊ ကျွန်တော်တို့ရွာက ပျောက်သွားတဲ့ ဦးစန္ဒာရဲ့ သမီးလေးပဲ”

“ဟန်ကျတာပဲ၊ ကျုပ်တို့ ကလေးကို တွေ့ရပြီ။ ရန်မမူအောင် မြန်မြန် ရွာကိုပြန်ကြစို့”

ကျွန်ုပ်တို့သည် ရေအိုင်ထဲမှ တွေ့ရသော ကလေးအား ချီ၍ ရွာသို့ အမြန်ဆုံး ပြန်ခဲ့ကြသည်။

“ဂရူး … အား … အား”

နောက်မှ မျောက်ဝံကြီးသည် အော်ဟစ်ကာ လိုက်လာသည်။

“ဒိုင်း … ဒိုင်း”

ရဲဘော်တစ်ယောက်ဆီမှ ရိုင်ဖယ်ကိုယူ၍ ကျွန်ုပ်က ခြောက်လှန့်ပစ်လိုက်သည်။ မျောက်ဝံကြီးသည် သူ၏ ရင်ဘတ်ကို တဗုန်းဗုန်းထုကာ အော်ဟစ်ရင်း ကျန်ခဲ့သည်။

ကျွန်ုပ်တို့ ကလေးကိုချီကာ အမြန်ဆုံး ပြန်ခဲ့ကြသည်။ ရွာသို့ ပြန်ရောက်သည်နှင့် ကျွန်ုပ်က ကလေးပိုင်ရှင် ဦးစန္ဒာအား ပြန်အပ်လိုက်သည်။

ထိုအချိန်မှာပင် ရွာသားများ တအုန်းအုန်း ထွက်ပြေးလာကြသည်။ ရွာတံခါးများလည်း ပိတ်လိုက်ကြသည်။

“ဘာဖြစ်တာလဲ … ဘာဖြစ်တာလဲ”

“မျောက်ဝံကြီးတွေ လိုက်လာလို့ ခင်ဗျာ”

ရွာသားတစ်ယောက် ပြောလိုက်သည်။ ကျွန်ုပ်က ရွာတံခါးနားကပ်၍ ကြည့်လိုက်ရာ မျောက်ဝံကြီးများသည် တံခါးကိုထုကာ အော်ဟစ်နေသည်။

“ဒိုင်း … ဒိုင်း”

ကျွန်ုပ်က ရိုင်ဖယ်သေနတ်တစ်လက်ကိုလယူကာ ခြောက်လှန့်ပစ်လိုက်သည်။

မျောက်ဝံကြီးများသည် အော်ဟစ်ကာ တောထဲသို့ ဝင်သွားကြတော့သည်။

သုံးလကျော် လေးလနီးပါးမျှ မျောက်ဝံများကြားထဲတွင် နေခဲ့ရသော ရှမ်းမိန်းကလေးမှာ သူ၏မိခင်ကို ယခုမှ ပြန်လည်တွေ့ရကာ တအားဖက်၍ ငိုနေတော့သည်။

သူတို့အားလုံးကို နှုတ်ဆက်ကာ အနေအထိုင် သတိ ဝီရိယ ထားပြီး နေကြရန် မှာကြား၍ ထိုနေ့ညနေမှာပင် ကျွန်ုပ်တို့လည်း တပ်ကို ပြန်ခဲ့ကြသည်။

ရွာသားများနှင့် ဦးခွန်စတို့က ကျွန်ုပ်နှင့် ရဲဘော်များအား လက်ဆောင်များနှင့်အတူ လှည်းတစ်စီးဖြင့် လားရှိုးလေးသို့ ပြန်လည်ပို့ဆောင်ပေးကြပါသတည်း။

မြဝတီမဂ္ဂဇင်း
အတွဲ ၄၂ ၊ အမှတ် ၂
ဒီဇင်ဘာလ ၊ ၁၉၉၃

– ပြီး –

စာရေးသူ – မြဝဇီ

Leave a Reply

Your email address will not be published. Required fields are marked *