July 30, 2025
Uncategorized

လူဆိုး ကျားဆိုး

လူဆိုး ကျားဆိုး

ထူးကြီးတောတန်းသည် ညအမှောင်မည်းမည်းတွင် အိပ်ပျော်နေဆဲ။ လရောင်သည် အနောက်ရိုးမထိပ်ဖျားမှ ရုပ်သိမ်းသွားပြီမှာ မကြာသေး။ ပို၍ မှောင်သွားသည်။

သစ်ပင်ရွက်များ တဖျပ်ဖျပ်နှင့် လှုပ်ခါနေသည်။ လေက အေးမြလွန်းသည်။ သစ်ရိပ်ဝါးရိပ်များကြောင့် ပိုအေးစိမ့်သည်။ ရွက်ကြွေခြောက်နှင့် သစ်ကိုင်းခြောက်များ နင်းမိတိုင်း ရင်အေးသလို ခံစားမိ၏။

ခြေသံလုံလုံနင်း၍ လက်နှိပ်ဓာတ်မီးကို မကြာမကြာ ဘေးနှစ်ဖက် ဝါးရုံနှင့် ချုံကြီးများထိုး၍ ကြည့်ရသည်။ မုဆိုး ကိုတင်နှင့် မျှင်ဝါးတောင် သစ်ထုတ် လုပ်ရေးမှ ကျွဲခေါင်း ဦးဖောင်တို့ ကျွန်ုပ်၏နောက်မှ ပါလာသည်။

အချိန်မှာ နံနက် သုံးနာရီ။

မိုးဦးကျရာသီဖြစ်၍ ကောင်းကင်ပြင်တွင် မိုးသားများ ဟိုတစ်ကွက်၊ သည်တစ်ကွက်နှင့် အရှေ့ကောင်းကင်ပြင်သို့ ချီတက်နေဆဲ။

အိပ်ပျော်နေသော ယုန်ကလေးများနှင့် ချုံဝပ်ငှက်ကလေးများ ကျွန်ုပ်တို့ခြေသံနှင့် လက်နှိပ်ဓာတ်မီးရောင်ကြောင့် “ဖလူး” ခနဲ ထွက်ပြေးကြ၏။

မုဆိုးများအဖို့ သားကောင်ကို ငယ်သည်၊ ကြီးသည်မဟူ ဖမ်းရသည်။ သို့တစေ သည်သားကောင်ငယ်ကလေးများတော့ ကျွန်ုပ် ဘယ်တော့မျှ မဖမ်း။ဝါသနာ မရှိ။

မိုးဦးကျတွင် သစ်တွေမျှောရမည်။ ဆင်နှင့် ကျွဲသည် ကုန်ထုတ်လုပ်ရေး ကိရိယာပစ္စည်းတွင် အဓိကအခန်းမှ ပါဝင်သည်။

နိုင်ငံတော်သစ်ထုတ်လုပ်ရေးတွင် ပြည်တွင်းသုံးနှင့် နိုင်ငံခြားတင်သစ်များ အပြည့်အဝထုတ်လုပ်ရေးမှာ သစ်ထုတ်လုပ် လုပ်သားများက အောက်ခြေလုပ်သားများဖြစ်သည့်အတိုင်း အပြည့်အဝ ထုတ်နိုင်အောင် ကြိုးစားကြရ၏။

သို့မှသာ နိုင်ငံခြားငွေ ရလာမည်။ နိုင်ငံတော်တည်ဆောက်ရေးတွင် နိုင်ငံခြားမှဝင်ငွေသည်အရေး ကြီးသည်။ သစ်ထုတ်လုပ်ရေးလုပ်သားကြီးများကိုယ်တိုင် သဘောပေါက်သည်။

ကျွဲနှစ်ရှဉ်းမှာ မျှင်ဝါးတောင် သစ်ထုတ်လုပ်ရေးကြိုးဝိုင်းမှ ယနေ့ ညဉ့်ဦးပိုင်းက သူခိုး အခိုးခံရသည်။ ကျွဲများကို သစ်ထုတ်လုပ်ရေးဌာနမှ ငှားထား ရသည်။ ကျွဲခေါင်းကြီး ဦးဖောင်သည် ကျွန်ုပ်တပ်ခွဲသို့ ပြေးလာကာ အကူအညီတောင်းသဖြင့် တပ်ခွဲမှူးက-

“ဗိုလ်စိန်တင်ရေ … ခင်ဗျားနဲ့ လိုအပ်ရင် တပ်စိတ်နှစ်စိတ် လိုက်သွား”

ဟု အမိန့်ပေးသည်။

သူခိုးတွေကို ဖမ်းဆီးဖို့မှာ ရဲဘော်တွေ ခေါ်စရာ မလိုပါ။ တစ်ယောက်တည်း လိုက်သွားမည်ဟု ဆုံးဖြတ်သည်။

တပ်စုတပ်ကြပ်ကြီးကိုမှာ၍ ကျွန်ုပ်ကိုယ်တိုင် ရိုင်ဖယ်တစ်လက်ဆွဲ၍ လိုက်ခဲ့သည်။ ဗြိတိသျှတပ်သုံးဒသမ၃ဝ၃ နှင့် ဒသမ ၄ဝ၅ စစ်သုံး ခြောက်လုံးပြူးကြီးတစ်လက် ပါသေးသည်။

အမဲပစ်ဝါသနာပါသော ကျွန်ုပ်သည် သည်တော သည်တောင်ကို ကျွမ်းသည်။ တောင်သူတွေနှင့် ရင်းနှီးသည်။

တောင်ပေါ်ရွာများ ကင်းလှည့်ရင်းက ငှက်ဖျား၊ ဝမ်းကိုက် စသော ရောဂါသည်များကို ဆေးဝါးများကူညီ၍ ဆေးကုပေးသည်။

တောင်ပေါ်မှ အသက်ကြီးသော သက်ကြီးရွယ်အိုများသည် အလွန်သန်မာဖျတ်လတ်သည်။ များသောအားဖြင့် အရပ်ပုကြသော အသက်(၇ဝ) ကျော် လူကြီးများသည် ကုန်စိမ်းများထမ်း၍ တောင်ပေါ်မှဆင်းပြီး ထူးကြီးမြို့ကလေးနှင့် အင်္ဂပူ၊ မဲဇလီကုန်း စသော မြို့များသို့ ဈေးလာရောင်းကြ၏။

သို့သော် ငှက်ဖျားရောဂါနှင့် ဝမ်းကိုက်ရောဂါက ကြီးစိုးနေဆဲ။ တောင်ပေါ်ရွာများတွင် ငှက်ဖျားရောဂါကြောင့် ဗိုက်ပူနံကြပ် ကလေးငယ်တွေကို အများဆုံး တွေ့ရ၏။

ကျွန်ုပ်တို့ တပ်မတော်ဆေးဝန်ထမ်းများက တောင်ပေါ်သို့ မကြာမကြာ လှည့်လည်၍ ဆေးကုသပေးသည်။ တောင်ပေါ်ကျေးရွာသားများအဖို့ ခြင်ထောင်ဆိုသည်မှာ နှစ်အိမ်တစ်လုံး တွေ့ရသည်။ ခြင်ကိုက်သည်။ ရေကလည်း ချောင်းရေ။ သည်တော့ ရေကို ကျိုချက်သောက်ပါဟု ပညာပေးရသည်။

“အဘရေ … ဆင်စီးပြီး ဗုံတီးပါ”

ကျွန်ုပ်က မြန်မာသမားတော်ကြီးတစ်ဦးက ပညာပေးသော ဆေးပညာဖြင့် တောင်ပေါ်ဦးကြီးများကို ပညာပေးသည်။ သဘောကတော့ ဆင်ဆိုသည်မှာ ဆင်တုံးမနွယ်၊ ဗုံတီးပါဆိုသည်မှာ ဘုမ္မရာဇာဆေးပင်။ တောင်ပေါ်တွင် ပေါသည်။

သည်ဆေးတွေက သက်ကြီးပုဂ္ဂိုလ်များအတွက် အားဆေးတစ်လက် ဖြစ်သည်။ တောင်ပေါ်ပျားအုံကြီးများက ဆန်ပြာသည့် ဆန်ကောထက် ကြီးသည်။“ပျားရည်သောက်ပါ”ဟု အကြံပေးရသည်။

စားပင်တွေထဲမှ ဖန်ခါးသီးဆယ်လုံး ထုထောင်းပြီး ထန်းလျက် တစ်ဆယ်သားကို စိမ်ပါ။ ဆားအနည်း ငယ် ထည့်ပါ။ ပြီးတော့ စမုန်စပါးရလျှင် အနည်းငယ် ထည့်ပါ။ မရလျှင် မထည့်ပါနဲ့။ သုံးလေးရက် စိမ်လျှင် ပြင်းသောစိမ်ရည် ရသည်။

ဒူလာနှင့် သွေးအား၊ ဝမ်းကိုက် ကောင်းသည်။ အရက်ကဲ့သို့ မူးတတ်သည်။ အရက်သမားအဖို့ အကြိုက်ဆေး။

အင်္ဂလိပ်အဖျားဖြတ်ဆေးမရလျှင် တမာခေါက်ကို သုံးခွက်တစ်ခွက်တင် ကျိုသောက်။ သို့မဟုတ် ပျဉ်းမခေါက်ကို ကျိုသောက်ပါ။ အလွန်ကောင်း သည့် မြန်မာ့ဆေးဟု ပညာပေးရသည်။ တောင်ရိုးငှက်ဖျားကို နိုင်သည်။

အချို့တောင်ပေါ်ရွာမှ မီးယပ်ပိန် ချည့်နဲ့ အမျိုးသမီးများကို “ဟဲ့ တောခွေးသား ချက်စား” ဟု ပြောရ၏။ မြို့အခေါ် “ဟောင်ကောင်”။ တကယ်စွမ်းသော သားကောင်သေး။

အယူအဆကို ဘေးဖယ်ထား။ လူသားတွေ အသက် ရှည်ဖို့မှာ သားကောင်၏ သွေး၊ အရိုး၊ ချို စသည့် ဆေးဝါးများ မလွတ်။

ဥပမာ မြန်မာ့သွေးဆေးများတွင် ကြံ့သွေးပါသည်ဟုကြီးကြီးကျယ်ကျယ် ကြော်ငြာသော ဆေးဝါးများတွင် ကြံ့သွေးခြောက်ခေါ် “နွားသွေး”ခြောက် အသုံးပြုနေသည်။ နွားသွေးက ပေါသည်။ ကြံ့သွေးက အာဖရိကနိုင်ငံတွေမှ လာလျှင် ရမည်။

ကြံ့ချိုနှင့် ပြုလုပ်ထားသော ရိုးရာဓားတစ်ချောင်းကို ယီမင်နိုင်ငံတွင် အမေရိကန်ဒေါ်လာငွေ ခြောက်ထောင်ပေးရသည် ဟူ၏။

ကျွန်ုပ်သည် တောင်ပေါ်ရွာ တောင်ခြေရွာ စသည့် တောရွာကလေးများရောက်တိုင်း အထက်ပါအတိုင်း ပြောပြတတ်၏။ အကြံပေး၏။ မြို့အခေါ် အာလူးပေးသည်ဟုဆိုဆို ကျွန်ုပ်၏စေတနာဖြစ်သည်။

အချိန်သည် လေးနာရီထိုးရန် ဆယ်မိနစ်။

xxx xxx xxx

ဌာနေမုဆိုး ကိုတင်သည် မျှင်ဝါးတောင် သစ်ထုတ်လုပ်ရေးမှ လုပ်သားတစ်ဦး ဖြစ်သည်။ သူနှင့် ခင်မင်သည်မှာ ကြာပြီ။ သည်တော သည်တောင် အကြောင်းကို နှံ့စပ်ကျွမ်းကျင်သည်။

“ကျွဲခိုးတွေဟာ သပြေတောင်က ငမှိုတို့ပါ ဗိုလ်လေးရာ”

ကိုတင် ပြောသည်မှာ မှန်နိုင်သည်။

သပြေတောင်သည် ကျောက်မိုင်းလုပ်သားတွေ ရှိသည်။ နေ့စားများဖြစ်၏။ ကျွဲသား၊ နွားသားကို အလွယ်ကလေး ရောင်းချနိုင်သည်။

ရောင်းသူတွေက ဝယ်မရောင်း။ အနီးဝန်းကျင် ရွာများက ကျွဲနွားများ ခိုးရောင်းကြသည်။

သည်တော့ ကုန်ထုတ်လုပ်ရေးမှာ သည်သူခိုးတွေကြောင့် ကျဆင်းရသည်။

ယခုအချိန်ဆိုလျှင် သားရေနှင့် ချိုမှ ရပါဦးမည်လားဟု စိုးရိမ်ပူပန်ရသည်။ သွားလာရေးမှာ တောတောင်တွေ ဖြတ်သန်းရသည်။ စမ်းချောင်းတွေ ရေကျလျှင် အခက်။ ခပ်စောစော ညဉ့်လယ်ပိုင်းကပင် မိုးက သဲသဲမဲမဲ ရွာခဲ့သည် မဟုတ်ပါလား။

ဒီကောင်တွေကို ကောင်းကောင်း ပညာပေးရမည်။ ပညာပေးရပေါင်းကလည်း မနည်းတော့ဟု တွေးရင်း ပြုံးမိရသေးသည်။

သွားနေသောခရီးကို မိုးက နှောင့်ယှက်ပြန်သည်။ မိုးသားတွေ မည်း၍ လှိုင်းပမာ တက်လာသည်။ အငြိုးကြီးနှင့် သည်းတော့မည်။

ဟုတ်ပါသည်။ ဝေါခနဲ ပြိုဆင်းလာ၏။ မိုးကာတွေခြုံ၍ သပြေပင်ကြီးအောက် ခိုဝင်နေရ၏။

ရောက်ခါနီးမှ အဖျက်ဝင်ရသည်ဟု မိုးကို ဒေါသဖြစ်ရ၏။ ရုတ်တရက် ချောင်းရေတွေ တဝေါဝေါ ကျဆင်းလာသံ။ လေက ကြမ်း၊ မိုးက ယမ်းသဖြင့် သစ်ပင်ကြီးများ၏ သစ်ကိုင်းများက တဂျွမ်းဂျွမ်းနှင့် ခါယမ်းသည်။

ဝါးရုံကြီးက တဝုန်းဝုန်း လှုပ်ခါကာ တစ်တောလုံး ပွက်ပွက်ညံဆူနေပြန်သည်။

သွားပါပြီ၊ ကျွဲတစ်ရှဉ်းတော့ သားရေနှင့် ခေါင်း။ သည်ပစ္စည်းတောင် ရချင်မှ ရပေမည်။

မိုးနှင့်လေ ပို၍ကြမ်းလာသဖြင့် သစ်ပင်ကြီးများ၏သစ်ကိုင်းများ ကျိုးကျလာသည်။ မနီးမဝေးရှိ တောင်စောင်းသဘာဝကျောက်ဂူကြီးကို တွေ့ရသဖြင့် ပြေး၍ဝင်ကြရ၏။

အနံ့အသက်ဆိုးများ ထောင်းခနဲ ရှူလိုက်ရသည်။ လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်လိုက်ရ၏။ မျောက်မောင်းမ မျောက်ညိုတစ်အုပ် ကုပ်၍ ကျောက်ဂူနံရံတွင် စုကာ မိုးခိုနေကြ၏။ ကျွန်ုပ်တို့ ဝင်လာသဖြင့် တကွိကွိနှင့် အချင်းချင်း စကားပြောလိုက်ကြသေး၏။

မိုးကြိုးသံကြောင့် တစ်ဂူလုံး တုန်လှုပ်သွားရသည်။

“ကိုယ်တိုင် အသိုက်မလုပ်တတ်တဲ့ မျောက်ပျင်းတွေ။ သူများအသိုက် ဖျက်ဆီးတတ်တဲ့အကောင်တွေ။ အခုတော့ သဘာဝဂူတွေရှိလို့ တော်သေး တယ်”

မုဆိုး ကိုတင်က ပြောလိုက်၏။

ကျွန်ုပ်နှင့် သူတို့သည် သဘာဝဘေး အန္တရာယ်ကြောင့် ငြိမ်းချမ်းရေးလုပ်ကာသာ နေလိုက်ကြရသည်။

ယင်းအခိုက် မိုးသည်း လေသည်းကြားမှ ပြေးလာသော သတ္တဝါကြီးတစ်ကောင်။ အမဲတစ်ကောင်ကို ကိုက်ချီပြေးလာရင်း ဂူတွင်း ဝင်လာ၏။

ဗြုန်းခနဲ လက်နှိပ်ဓာတ်မီးဖြင့် ထိုးလိုက်ရာ “မြတ်စွာဘုရား”ဟု တလိုက်မိ၏။ တွေ့ရသည်မှာ ကိုးတောင်နီးပါးရှိ ကျွန်းပတ်ကျားကြီး။ လက်နှိပ်ဓာတ်မီးရောင်တွင် တောကောင်ကြီး၏မျက်လုံးများ ဝင်းဝင်းတောက်နေသည်။

သူ ကိုက်ချီလာသော သားကောင်မှာ တောအမဲကောင်မဟုတ်။ လူတစ်ယောက်။ သေဆုံးနေလေပြီ။ လည်ကုပ်မှခဲကာ အောက်ကို ချထား၏။ သွေးစိမ်းများ တစက်စက်။

“ဝေါင်း”

မီးပိတ်လိုက်စဉ် အော်၍ ထွက်ပြေးသွားတော့သည်။

လူကိုကိုက်ချီလာသော တောကောင်ကြီးသည် လူကို တွေ့ရသောအခါ ကြောက်၍ မိုးသည်း လေသည်းကြားမှ ထွက်ပြေးသည်။ သူ ကိုက်ချီလာသော လူသေကို ကြည့်လိုက်ကြ၏။

“ဟာ … ကျွဲသူခိုး ငမှိုပါလား”

ဌာနေမုဆိုး ကိုတင်က အာလုတ်သံနှင့် ပြောလိုက်သည်။

သည်အခိုက် တစ်တောလုံး တဝုန်းဝုန်းနှင့် ပေါ်လာသော အသံများလည်း ကြားရသည်။

“ကျီ … ကျီ”

“တောဆင်ရိုင်းတွေ ဗိုလ်လေးရေ”

ကျွဲခေါင်းကြီးက အထိတ်တလန့် ပြောလိုက်သည်။

“မစိုးရိမ်ပါနဲ့ … သူ့လမ်း သူသွားမှာပါ”

ကျွန်ုပ်က ပြောလိုက်စဉ် ချုံတိုးသံ၊ ဝါးရုံဆွဲချိုးသံ၊ ပြီး တဝုန်းဝုန်းနှင့် မည်းမည်းသတ္တဝါကြီး ဆယ့်ငါးကောင်တစ်အုပ် ပြေးထွက်သွားကြ၏။

“အာဝု … ဝေါင်း”

တောကောင်ကြီး အော်သံ။ ဆင်ရိုင်းအော်သံများ ပေါ်ထွက်လာပြန်သည်။

“ကွိ-ကွိ-ကွိ-ကွိ”

ရုတ်တရက် ဂူထဲမှ မျောက်မောင်းမအသံတွေ ဆူလာပြန်၏။

“ဖြန်း”ဟူ သောအသံနှင့် လင်းနို့တချို့ပျံထွက်ပြေးကြ၏။

မျောက်တွေ ခုန်ဆွခုန်ဆွနှင့် ကျွန်ုပ်တို့ကိုတိုးကာ အပြင် ပြေးထွက်ကြသည်။

မုဆိုးများအဖို့ ဒက်ခနဲ သိလိုက်ရ၏။ အန္တရာယ်မရှိဘဲ မျောက်တွေ ထွက်မပြေးရာ။

ငါးတောင့်ထိုး လက်နှိပ်ဓာတ်မီးအရောင်က လင်းထိန်သွားစဉ်-

“ဩော် – ဒီအကောင်ကြီးကြောင့်ကိုး”

ဟု ပြောလိုက်မိသည်။

အနည်းဆုံး အတောင်တစ်ဆယ်ကျော်ရှည်မည့် စပါးအုံးကြီး။ အခွေပုံကြီးက နှစ်ပေခန့်။ တဖြည်းဖြည်း အခွေဖျက်၍ ဂူအတွင်း ဝင်နေ၏။ အပြင်ထွက်မလာ၍ တော်ပါသေး၏။

“တောကောင်ကြီးက ကျွဲသူခိုးငမှိုကို ချီလာတာ ထူးတယ် ဗိုလ်လေး။ ဧကန် ဒီသူခိုးတွေ တောကောင်ကြီးနဲ့ တိုးပြီထင်တယ်”

ကိုတင်က ထင်မြင်ချက်ပေးသလို ကျွဲခေါင်းကြီးက “ဟုတ်တယ်” ဟု ပြောကာ ဆေးပြင်းလိပ်ကို မီးညှိသောက်သည်။

မိုးက သည်းကောင်းတုန်း။

မျောက်တစ်အုပ်တော့ ကောင်းကောင်းဒုက္ခဖြစ်ပြီဟုတွေးမိပြီး ကျွန်ုပ်လည်း ဟင်္သာတ မမလေး ဆေးပေါ့လိပ်ကို မီးညှိသောက်သည်။

အမဲလိုက်ချိန်သက်သက်ဆိုပါက အဘယ်မှာ ဆေးလိပ်သောက်ပါမည်နည်း။ ဆီးပင် လုံခြုံစွာ ပေါက်ရ၏။

ထုံးစံအတိုင်း ငမှို ဘာကြောင့် တောကောင်ကြီး ဆွဲခြင်းခံရသည်ကို စဉ်းစားရသည်။ စဉ်းစားမိပေပြီ။

“ဒီငမှိုတို့အုပ်စုဟာ ခပ်စောစောကပဲ သပြေတောင်ချောင်းကို ဖြတ်ကြမယ်။ အဲဒီတင် ချောင်းကျရေနဲ့တိုးပြီး ကျွဲတွေ ရေထဲမျောပြီး ငမှိုတို့ ထွက်အပြေး၊ တောကောင်ကြီးနဲ့ တိုးတာပဲ။ ကံဆိုးတော့ ငမှိုကို တောကောင်က စားဖို့ ဆွဲလာတာပဲ။ မိုးတွေသည်းတော့ တောကောင်ကြီးလည်း ဟင်းစားရမယ်မဟုတ်ဘူး။ ဒီတော့ တွေ့တဲ့သတ္တဝါ ဆွဲတာပေါ့ဗျာ။

ဒါထက် အခုနေ တောကောင်ကြီးနဲ့ ဆင်ရိုင်းတွေ ပက်ပင်းတိုးနေပြီဗျ။ ဒါပေမဲ့ တောကောင်ကြီး လွတ်သွားတယ်။ လူသားစားပြီးရင် လူသားပိုစားလာလို့ သတိထားကြပေတော့”

“ဟုတ်တယ် … ဟုတ်တယ် ၊ ဒါထက် …”

ကျွဲခေါင်းကြီးက ပြောပြီး ငမှို၏အလောင်းကြီး မေးငေါ့ပြသည်။

“ကျွဲသူခိုး လိုက်ပါတယ်။ အခုတော့ ကျွဲသူခိုးရဲ့အလောင်းကို ကျုပ်တို့က ထမ်းပြန်ရမှာ မသတီစရာကြီးဗျာ။ ဟင်း”

“ထမ်းပြန်ရမှာထက် အင်္ဂပူဂါတ်တဲကို ပို့ရမှာဗျ။ အဲဒီကတစ်ဆင့် ဆေးရုံ ပို့ရမယ်။ ဒီတော့ မိုးပါးတာနဲ့ အလောင်းကို ကြိုးပုခက်လုပ် ထမ်းပြီး မြိုင်ရွာပို့။ အဲဒီကမှ သပြေကျောက်မိုင်းရထားနဲ့ ထူးကြီး ပို့ရမယ်။ ထူးကြီးကင်းဂါတ် အကြောင်းကြား။ အင်္ဂပူကို ရထားနဲ့ သစ်တွဲမှာ တင်ပို့ရမယ်။ ဒါမှ ဥပဒေပေါင် ဝင်မှာဗျ။ အဲ အမှုတိုင်ရမှာက ကျွဲခေါင်းကြီးပဲ တရားလိုလုပ်ဗျာ”

မိုးသည် အနည်းငယ်ပါးစပြုလာသည်။ အလင်းရောင် မှုန်ဝါးဆဲ။ လျှပ်စီးရောင်ခြည်များကြောင့် တောရိပ်မည်းမည်း ကွက်ခနဲ မြင်နေရ၏။ လေက အရှိန်လျော့ပါးလာသည်။

“ဒီကောင် ဟိုတုန်းကတော့ လူကောင်းဗျ”

ကျွဲခေါင်းကြီးက ငမှိုအလောင်းကိုကြည့်၍ ပြောသဖြင့် ကျွန်ုပ်က

“သူက ဘာကောင်းတာတုံး”

“သူက ဂျပန်ခေတ်မှာ ကင်ပေတိုင်လူကြီးလုပ်လိုက်သေးတယ်။ တောင်ရိုးဓားပြတွေကိုတောင် လိုက်ဖမ်းတယ်။ စစ်ပြီးတော့ သပြေတောင်ကျောက်မိုင်း မဖွင့်သေးဘူး။

ဒါနဲ့ မျှင်ဝါးတောင်မှာ ဆင်ပဲ့စီးဝင်လုပ်တယ်။ သစ်ဖောင်ဖွဲ့ခေါင်းဆောင် ဖောင်သူကြီးလည်း လုပ်တယ်။

နောက် သပြေတောင်ကျောက်မိုင်းဖွင့်တော့ အလုပ်သမားခေါင်း။ အဲဒီမှာ အရက်သောက်၊ ဖဲရိုက်နဲ့ ရှိတာလေး ပြောင်တယ်။ တောအရက် ချက်ရောင်းတယ်။ အဖမ်းခံရလို့ အလုပ်က ပြုတ်သွားပြီး ကျွဲသူခိုး၊ နွားသူခိုးတွေနဲ့ပေါင်းပြီး ပျက်သွားတာပဲ။

အခုတော့ သူ့ဘဝ သူ့အလုပ်က သူ့ကို ပြန်ပြီးတော့ တရားစီရင်သွားတာပဲ ဗိုလ်လေး”

“အင်း ဒီနယ်မှာ လူဆိုးတစ်ယောက် ပြုတ်သွားတော့ အတော်စိတ်အေးသွားတာပဲ”

“သူ့မိန်းမ မိပိုကတော့ အတော်စိတ်အေးသွားရမယ်။ ကလေးသုံးယောက်နဲ့ မိပိုက သပြေတောင်ကျောက်မိုင်းမှာ ဈေးရောင်းတယ်။ ရတဲ့ အမြတ်ကလေး သူ့လင် အရက်သောက် ဖြုန်းတာနဲ့ ချောတာပါပဲ”

ကိုတင်က မှတ်ချက်ပြု၏။

အလင်းရောင် ဝိုးတဝါး။ လေနှင့် မိုး စဲသွားလေပြီ။ တောကြက်များ တွန်ကြွေးသံ ဆူညံစ ပြုလာသလို ဒရယ်ကလေးများ အသံ၊ တောငှက်များအသံပါ ကြားလာရသည်။

အလောင်းကို ဖျံမနိုင်နွယ်များနှင့် ချည်လိုက်ပြီး ဝါးတစ်ချောင်းခုတ်၍ တံပိုးလုပ်ကာ ကိုတင်နှင့် ကျွဲခေါင်းကြီးက ထမ်း၏။ ကျွန်ုပ်က ဝင်ထမ်းမည် ပြုရာ”နေပါစေ” ဟု ပြောကြ၏။

ငမှိုသည် အသက်(၄ဝ)နီးပါးရှိပြီး ဆံပင်ရှည်ထား၏။ နှုတ်ခမ်းမွေးပါးပါး၊ အသားညိုပြီး အရပ်ပု၊ ဗလကောင်းသူ ဖြစ်၏။

တောကောင်ကြီးက လည်ကုပ်ဆွဲထားခြင်းကြောင့် လည်ပင်းတစ်ခြမ်း အသားမရှိတော့။ ခေါင်းကြီးက တွဲလောင်းလှုပ်ကာ ပါလာ၏။ ဖျဉ်အင်္ကျီစ အကြမ်း လက်တို၊ လုံချည်လည်း မရှိတော့။

မြိုင်ရွာမှတစ်ဆင့် သပြေတောင် ကျောက်မိုင်းရထားဖြင့်တင်ကာ ထူးကြီး ပို့ရသည်။ သေဆုံးသူ ငမှို၏ ဇနီးမပိုနှင့် ကလေးတစ်ယောက် လိုက်လာသည်။

အင်္ဂပူသို့ ကျွန်ုပ်ပါလိုက်ကာ ဂါတ်တွင် မျက်မြင်သက်သေအဖြစ် အမှုစစ်ထံတွင် စစ်ဆေးချက်ကို ထွက်ဆိုပေးခဲ့သည်။

ထူးကြီးပြန်ရောက်သောအခါတွင် သတင်းကောင်းတစ်ခု ကြားရသည်။ တောကောင်ကြီး ဆွဲခြင်းခံရသော ငမှိုတို့ ခိုးသွားသည့် ကျွဲနှစ်ရှဉ်းမှာ မျှင်ဝါး တောင်သို့ နံနက်စောစော ပြန်ရောက်လာသည်ဟု။

မှန်သည်။ ကျွဲများသည် ရေကူးကျင်လည်၍ ချောင်းရေနှင့်မျှောကာ ကမ်းတက်ပြီး မျှင်ဝါးတောင်သို့ ပြန်ပေမည်။

အလုပ်တစ်လုပ် ပြီးပေပြီဟု စိတ်အေးရမည် ထင်ဆဲ။ တောခေါင်းကြီး ဦးကျော်နှင့် တောင်ညိုသစ်ထုတ်လုပ်ရေးမှ လုပ်သားဌာနေမုဆိုးဖြစ်သော စောဘဲလူး၊ မုဆိုး ကိုတင်တို့ပါ ထူးကြီးတောင်ခြေတပ်စခန်းသို့ ရောက်လာကြသည်။

တောခေါင်းကြီး ဦးကျော်က-

“ဗိုလ်လေးရေ … ဟို ငမှိုကို ဆွဲစားတဲ့ တောကောင်ကြီး မွှေနေပြီ။ သစ်ထုတ်လုပ်ရေးစခန်းကို ဝင်လို့ခြောက်လွှတ်တာ မရဘူး။ ဦးမိုး ယာတဲက မထယ်ဆိုတဲ့ကလေးမလေး ညဘက်မှာ ဝင်ဆွဲသွားလို့ အလောင်းတောင် ရှာမရကြသေးဘူး”

ကျွန်ုပ်က တပ်ခွဲမှူးထံ တင်ပြပေးမည်ဟု ပြောကာ တပ်ခွဲရုံ ခေါ်သွားပြီး အမှုကိစ္စကို ပြောပြသည်။

ထုံးစံအတိုင်း –

“ခင်ဗျားနဲ့ ရဲဘော်တွေ ခေါ်လိုက်သွား ဗိုလ်စိန်တင်။ ဆင်တောင်ကိုပါ လှည့်ပြီးတော့ ရေနံတောင်ဘက်ပါ ကင်းလှည့်ပေးလိုက်ပါ”

ဟု အမိန့်ပေးသည်။

သည်တစ်ကြိမ် ကျားဆိုးနှိမ်နင်းရုံမက ကင်းလှည့်ရမည့်တာဝန်ရှိသဖြင့် တပ်စိတ်သုံးစိတ်နှင့် ဆေးဝါးရိက္ခာပါယူ၍ တောင်ညိုသစ်ထုတ်လုပ်ရေးသို့ လိုက်ခဲ့သည်။

မျှင်ဝါးတောင်သစ် ထုတ်လုပ်ရေးစခန်းအရောက်တွင် ကျွဲခေါင်းကြီး ဦးဖောင်က ကြိုဆိုနေ၏။ သူ့မျက်နှာက ခပ်ပြုံးပြုံး။

“ကျွဲခေါင်းကြီးရေ … ခင်ဗျားတို့နဲ့ ဒီတစ်ခါကံဆုံကြရပြန်ပြီ။ ကျုပ် မပြောလား။ ဟို လူသားစားတောကောင်ကြီးဟာ ခင်ဗျားတို့ သတိသာထားပေရော့လို့လေ။ အခုတော့ ဒီအကောင်ကြီးက တောင်ရိုးမှာ မွှေနေပြီမို့လား”

“ဟုတ်ပါ့ဗျာ။ ဒါကြောင့် ကျုပ်လုပ်သားတွေကို အပြန်ကတည်းက သတိပေးထားပါတယ်။ အမြဲလည်း သတိထားပြီး ကင်းပါ ချထားလိုက်တယ်။ မနေ့ညက ကျုပ်တို့ဘက်ကိုပါ ဒီကောင်ကြီး ရောက်လာလို့ ခြောက်လွှတ်ကြရသေးတယ်”

ထိုနေ့နံနက် မျှင်ဝါးတောင် သစ်ထုတ်လုပ်ရေးမှာပင် နံနက်စာ စားကာ တောင်ညိုခရီး ဆက်ချီတက်ခဲ့ကြပါသည်။ ဤတွင် ကျွန်ုပ်က မုဆိုးကိုတင် ကိုပါ တစ်ပါတည်း ခေါ်ခဲ့၏။

အထူးသဖြင့်သစ်ထုတ်လုပ်သားများစိတ်ချမ်းသာစေရန် မျှင်ဝါးတောင်တွင် တပ်စိတ်တစ်စိတ် ချထားပေးခဲ့သည်။

တောင်ညိုသို့ ရောက်သောအခါတွင် မှောင်စပြုပေပြီ။

ချက်ချင်းပင် တပ်စိတ်တစ်စိတ်ကို တောင်ညိုသစ်ထုတ်လုပ်ရေးတွင် တာဝန်ချထားပေးလိုက်ပြီးနောက် တပ်စိတ်တစ်စိတ်နှင့် မုဆိုးနှစ်ဦးဖြစ်သော စောဘဲလူး၊ မုဆိုး ကိုတင်တို့အား ခေါ်၍ ဦးမိုး ယာတဲဆီသို့ ထွက်ခဲ့ပါသည်။ ဦးမိုး ယာတဲကျမှ စခန်းချ စားသောက်ပြီးလျှင် ချက်ချင်း တောကောင်ခြေရာ ကောက်ကြည့်မည်ဟု ဆုံးဖြတ်မိသည်။

“ကံကောင်းချင်တော့ ကျားဆွဲသွားတဲ့ ကလေးမလေးအလောင်းကို ပြန်တွေ့ပြီ။ ဦးမိုး ယာတဲသို့ ယူထားပြီ”

ထိုသတင်းသည် ဦးမိုး ယာတဲမှ သတင်းပို့ရန်လာသောလူသုံးယောက်ထံမှ ကြားလိုက်ရသော သတင်းစကားဖြစ်ပါသည်။ မည်သို့ဖြစ်စေ ကျားစား၍ ရုပ်ပျက်ဆင်းပျက် ဖြစ်နေပေမည်။

သို့သော် ကျွန်ုပ်တို့ မုဆိုးများအဖို့ အလောင်းတွေ့သောနေရာမှ အလောင်းကို မရွှေ့စေချင်။ အလောင်းကိုထား ၍ ကျားအလာ စောင့်ပစ်လျှင် လွယ်လင့်စွာ လူသားစားကျားကို ရနိုင်ပါသည်။ ယခုတော့ ကျားသည် သူစားထားသောအလောင်း မရှိတော့၍ လူသစ်ကိုသာ ရှာပေတော့မည်။

ဦးမိုး၏ ယာတဲသို့ ရောက်လျှင် မထယ်၏အလောင်းကို ဖျာတစ်ချပ်ဖြင့် ဖုံးထား၏။ အသက်(၂ဝ)ကျော် ဝမ်းဗိုက်ဟောင်းလောင်းပွင့်၍ ခြေတစ်ဖက်၊ လက်တစ်ဖက် မရှိတော့။ မျက်နှာ ကျန်နေ၏။ ကျားသည် တဖြည်းဖြည်း ဇိမ်ဆွဲစားရန် ကြံပုံရ၏။

သူ၏ မိဘများမှာ ဦးထိုက်နှင့် ဒေါ်ပန်းဖြစ်သည်။ယာတွင်အိမ်ခြေငါးအိမ် ရှိပြီး တောင်စောင်းပေါ် ဟိုတစ်အိမ်၊ ဒီတစ်အိမ် ဆောက်နေကြသည်။ ခြံစည်း ရိုးမရှိ။ ဝါးရုံပင်များ အများဆုံးပေါက်နေ၏။ တောင်စောင်းအောက်တွင် ယာခင်းများ ရှိကြသည်။

ထုံးစံအတိုင်းဆိုပါက အလောင်းကို ဆေးရုံပို့ရမည်။ သံသရာရှည်မည်။ ဖြစ်သည့်အတိုင်း ရှိစေတော့။ အမြန်ဆုံး မြှုပ်နှံပစ်ရုံသာ ရှိတော့သည်။

အမြန်ဆုံး ညစာစား၍ တပ်စိတ်ကို ကင်းချပြီး ကျွန်ုပ်နှင့် မုဆိုးနှစ်ဦး လမ်းပြတစ်ဦးခေါ်ကာ အလောင်းတွေ့သော နေရာကို လာခဲ့သည်။

ဦးမိုး ယာခင်းနှင့် ကိုက်သုံးရာကျော်ကွာသော ကျောက်ခုံကြီး လျှိုကမ်းပါးအတွင်းမှ တွေ့ခဲ့ခြင်းဖြစ်သည်။ ယင်းလျှိုကမ်းပါးတွင်း အိမ်တစ်လုံးမက သော ကျောက်ခုံကြီးသည် လိပ်ကျောကုန်းပမာ တည်ရှိသည်။

လူသားစားကျားသည် ရွာသားများကြောင့် ခပ်ဝေးဝေး ထွက်ပြေးသော်လည်း ညဉ့်အခါတွင် လျှိုထဲသို့ ပြန်လာမည်မှာ သေချာသည်။

ဦးမိုးနှင့် ရွာမှ လူများအား ကျွန်ုပ်တို့ကျောက်ခုံကြီးတွင် စခန်းချစောင့်မည်ဟု ပြောခဲ့သည်။ ကျောက်ခုံကြီးလျှိုထဲသို့ ဆင်းခဲ့ကြသည်။

မိုးချုပ်စပြုလာ၍ အမည်းရိပ်များ ထိုးကျလာသည်။ မိုးမခပင်ကြီးနှင့် ဝါးရုံအောက် ဖက်သွပ်ရွက်များ ရှင်းနေသော တောင်ကုန်းပေါ်တွင် အလောင်းမှ သွေးကွက်များနှင့် လူသားစား ခြေရာ။

သည်တွင် မိုးမခပင်တွင် အမြန်လင့်စင်ထိုးရန်အတွက် မုဆိုး ကိုတင်နှင့် စောဘဲလူးတို့က ဝါးခုတ်ကြသည်။ လမ်းပြသူ အပါအဝင် ပေ(၂ဝ)ခန့်တွင် ရှိသော သစ်ကိုင်းခွဆုံတွင် လင့်စင်ထိုးလိုက်ရာ နာရီဝက်အတွင်း ပြီးသွား၏။ ဖက်ကြီးရွက်များမိုးကာ အကာကိုပင် ပြုထားလိုက်သေး၏။

ထိုလင့်စင်မှာ လေးဖက်မြင်သာသည်။ ကျောက်ခုံကြီး ကမ်းပါးထိပ်နှင့် ပေငါးဆယ်ကျော် ကွာသည်။

လင့်ပီးသောအခါ ကိုတင်တို့က ၃ တောင်ခန့် မြေကျင်းတူး၍ ဝါးချွန်စိုက်ကာ ဖက်သွပ်ရွက်များ ဖြန့်ခင်းထားသော ကျင်းကျတခု ပြုလုပ်လေသည်။

တောကြက်များ တွန်ကြွေးသံ၊ ငှက်အုပ်များ အိပ်တန်းတက်သံတွေ ဆူညံနေ၏။ လေက အထက်မှ ဖြတ်တိုက်နေ၍ သစ်ကိုင်းတွေ လှုပ်ရှားနေသည်။ တရှဲရှဲအသံများ၊ ဖလပ်ဖလပ်နှင့် ရွက်ချင်းခတ် သံတွေ။ ကောင်းကင်ပြင်မှ မိုးသားတစ်အုပ် ဖြတ်ကျော်သွား၍ ဟင်းချမိသည်။

တောထုံးစံအတိုင်း ဆေးလိပ်မသောက်ရ။ ဆီးကို ဝါးလုံးဖြင့်သွား။ အစာကို စားပြီးသောအခါ ရေဘူးတွင် လက်ဖက်ခြောက် အဖန်ခတ်ထားသည့် ရေနွေးထည့်ကာယူလာသည်။ ကိုတင်က ကျပ်တိုက်ထားသောစိုင်သားကို မီးဖုတ်ကာ ဆီဆမ်း၍ ဖက်နှင့်ထုပ်ပြီး ဝါးဘူးတွင် ထည့်ယူလာသည်။ စောဘဲလူး ကမူ ဘူးသီးခြောက်ဘူးတွင် အရက်နှင့် ရေဘူး။ သူတို့ဆေးများ ဖြစ်ကြ၏။

ညဉ့်သည် တဖြည်းဖြည်း ကုန်လွန်လာ၏။ ကြက်သံ၊ငှက်သံများ ပျောက် ၍တစ်ချီတစ်ချီ ဒရယ်ကလေးများအော်သံနှင့် ပုစဉ်းရင်ကွဲသံများ ဆူညံလျက် ရှိသည်။

ညဉ့်ရှစ်နာရီတွင် “တိန်”ဟု ချေဟောက်သံ ပေါ်လာကာ ခပ်ဝေးဝေးမှ “တရိန် … တရိန်” ဟူသော ကျားတစ်သံသဲ့သဲ့ ကြားလာရ၏။ ဤသည်မှာ တော ကောင်ကြီးများ အစာရှာထွက်လာစဉ် တစ်ခုခုသောအကြောင်းကြောင့် ကြောက်၍ “တစ်” လိုက်ခြင်းဖြစ်သည်။ “လူမရဲ ဟစ်၊ ကျားမရဲ တစ်” ဆိုသည် မဟုတ်ပါလား။

သို့သော် လူသားစားကျား ဟုတ်ချင်မှ ဟုတ်ပေမည်။

သည်အခိုက် တဖြောင်းဖြောင်းနှင့် ဝါးရုံချိုးသံများ ပေါ်လာကာ “ကရီး … ကစ် … ကစ်” ဟူသော ငှက်များ လန့်ဖျပ်ပျံပြေးသံ၊ “ကွိ … ကွိ” ဟူသောမျောက်အော်သံများပါ ကြားလိုက်ရသည်။

“ဖြောက် … ဖြောက် … ဖြောက်”

ရုတ်တရက် မုဆိုး ကိုတင် ဖက်သွပ်ရွက်များ ဖြန့်ခင်းထားသော ကျင်းကျနေရာမှ အသံပေါ်လာ၏။

“ဂူး”

ချက်ချင်းပင် အသံကြီး ပေါ်လာ၏။ နာကျင်သော ဝမ်းတွင်းအသံ။ ငါးတောင့်ထိုးလက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်လိုက်သည်။

ကိုးတောင်းနီးပါးရှိ လူသားစားကျားကြီးသည် လက်နှစ်ဖက် မြေကျင်းထဲကျကာ ငြောင့်စူး၍ ခုန်ဆွခုန်ဆွ ဖြစ်နေ၏။ လက်နှိပ်ဓာတ်မီးရောင်ကြောင့် သူက ခေါင်းမော့၍ မီးရောင်ကို မော့ကြည့်ကာ “ဝေါင်း” ခနဲ ဟိန်းလိုက်သည်။

ကြီးမားသော ပါးစပ်မှ အဝါရောင်သမ်းနေသည့် ဘေးနှစ်ဖက် အစွယ်များ၊ နှုတ်ခမ်းမွေးတွေ ထောင်ကာ ဒေါသဖြစ်နေ၏။

တုံ့ဆိုင်းမနေတော့။ ကျွန်ုပ်သည် ဗြိတိသျှစစ်သုံး ၃ဝ၃ ရိုင်ဖယ်ဖြင့် ဦးခေါင်းကို ပစ်ထည့်လိုက်၏။ နှစ်ချက်။

“ဒိုင်း … ဒိုင်း”

တစ်တောလုံး ဟိန်းသွား၏။ “ဝေါင်း”ခနဲ အော်၍ နောက်ကျွမ်းပစ်ကာ ဗုန်းခနဲ မြေပေါ်ကျပြီး လိမ့်နေ၏။

လင့်စင်မှ ဆင်းခဲ့ပြီး လူသားစားသတ္တဝါကြီးထံ သွား၏။ အသက် ဖုတ်လှိုက်ဖုတ်လှိုက်နှင့် ငြိမ်နေ၏။ နောက် အမြီးတစ်ချက်ပုတ်ကာ ငြိမ်သက်သွားတော့သည်။

သတ္တဝါကြီးသည် လူဆိုးကံကြမ္မာအတိုင်း ခံစားသွားရပေပြီ။

ယင်းအခိုက် လေသည် ကြမ်းလာကာ သစ်ကိုင်းတွေ လှုပ်ခါနေသည်။ မိုးသားတစ်အုပ် မည်း၍ ချီတက်လာ၏။

အမြန်ဆုံး ဖျံမနိုင်နွယ်များဖြတ်ကာ လူသားစားသတ္တဝါကြီးကို ချည်၍ ဝါးတစ်လုံးဖြင့်ထမ်းကာ ပြန်ရန် ပြင်လိုက်ကြသည်။

“အမြန်ပြန်ကြမှ တောင်ကျရေတွေ ဒီလျှိုထဲ ဆင်းလာမယ်”

စောဘဲလူးက သတိပေး၍ လူသားစားသတ္တဝါကြီးကို အမြန်ထမ်းကာ ကျောက်ခုံကြီးကမ်းပါးပေါ်တက်ခဲ့ကြသည်။

မိုးသည်းသည်း ရွာလာစဉ် မျောက်မောင်းများအော်သံကို ကြားလိုက်ရသည်။

ဩော် လူတစ်ယောက်သေသည်မှာ ဝမ်းနည်းရသည်။ သို့သော် ကျားတစ်ကောင်သေ၍ ကျားသားရေတစ်ချပ်မှာ နိုင်ငံခြားတွင် ဒေါ်လာငွေ တစ်သောင်းတန်နေသည် မဟုတ်ပါလား။

(နောက်ပိုင်း Facebook က စာတင်လို့မရတော့လျှင် စာဆက်ဖတ်နိုင်ဖို့အတွက် အောက်က Telegram ကို Joint ထားကြပါဗျ)

Leave a Reply

Your email address will not be published. Required fields are marked *