ဌေးမောင်
လူတစ်ယောက် မြွေတစ်ကောင်
ပရိသတ်အများက ဦးခေါင်းကို ရှေ့နောက်ဝဲယာ ယိမ်းနွဲ့ လှုပ်ရှားနေကြသည့် ပါးပျဉ်းတကားကားနှင့် မြွေဟောက်ကြီးများကို စိတ်ဝင်စားနေကြသလောက် ဘထူးကမူ လက်နှစ်ဖက်ဖြင့် နှဲကိုကိုင်လျက် တေးသွားတစ်ခုကို မပြတ်မှုတ်လျက်ရှိသော မြွေအလမ္မာယ်ဆရာ အဘိုးအိုကိုသာ စိတ်ဝင်စားလျက် ရှိနေ၏။
ထိုထက်ပို၍ တိကျစွာဆိုရသော် နေရောင်ခြည်တွင် တဖျတ်ဖျတ်တောက်ပနေသည့် အဘိုးအို၏ လက်သူကြွယ်မှ စိန်လက်စွပ်ကြီးကိုသာ ဖြစ်လေသည်။
မြွေအလမ္မာယ်ဆရာတစ်ယောက်က စိန်လက်စွပ်ကြီးတဝင်းဝင်း ဆင်မြန်းထားသည်ဆိုသည်မှာ ရုတ်တရက်ဆိုသော် အံ့သြဖွယ်ရာသာ ဖြစ်နေ၏။
သို့သော် အကျိုးအကြောင်း သိရလျှင်ကား ရှင်းလင်းပေလိမ့်မည်။
ပုပ္ပားမင်းသားဇာတိဖြစ်သော ဆရာမြမှာ ငယ်စဉ်ကပင် မြွေဆေးကုသဆရာတစ်ယောက် ဖြစ်ရုံမျှမက အလမ္မာယ်ပြသခြင်း အလုပ်ဖြင့် အသက်မွေးကျောင်း ပြုလာခဲ့သူဖြစ်၏။ မြွေများကို နိုင်နင်းသလို မြွေဆေးကုသရာ၌လည်း အစွမ်းထက်မြက်၏။
သို့သော် အလမ္မာယ်ပြသရာ၌ သဒ္ဓါကြေးမျှသာ ကောက်ခံသလို မြွေဆေးကုသရာ၌လည်းဆေးဖိုးဝါးခကို သဒ္ဓါကြေးအဖြစ်သာ လက်ခံ၍ ဇီဝိတဒါန မြတ်သောအလှူဟု နှလုံးပိုက်ထားသူ ဖြစ်ပေသည်။
မကြာမီကမူ ဆရာမြသည် အနီးအနား ကျေးလက်တောရွာ စသည်တို့တွင် အလမ္မာယ်လှည့်လည်ပြသရင်း တောမြို့ကလေး တစ်မြို့၌ ပိုးထိ၍ သေဆုံးနေသည့် တောသူဌေးတစ်ဦး၏ သမီးပျို ဈာပနကို မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ရ၏။ မိဘနှစ်ပါးမှာလည်း တစ်ဦးတည်းသော သမီးငယ်အတွက် အရူးမီးဝိုင်း အပူလှိုင်း ထကြွနေကြရှာလေသည်။
အသုဘချတော့မည့်ဆဲဆဲမှာပင် ဆရာမြက ခွင့်တောင်းကြည့်ရှုပြီး မျှော်လင့်ချက်ရှိသေးသည်ဟုဆိုကာ အစွမ်းရှိသမျှ ကြိုးစားကုသပေးရာ အံ့သြဖွယ်ရာ မိန်းကလေးမှာ အသက်ရှင်လာခဲ့လေသည်။ မိဘနှစ်ပါးမှာ အဘယ်မျှ ဝမ်းသာမည်ဟု မခန့်မှန်းနိုင်ချေ။ သူဌေးဖြစ်သူက
“ဆေးဖိုး ဝါးခ အားမနာတမ်း တောင်းလိုသမျှ တောင်းပါ”
ဟုဆို၍ ဆရာမြက
“တစ်သက်လုံး သဒ္ဓါကြေးပဲ ဆရာယူပါတယ်”
ဟု ပြန်ဖြေလျှင် ကြားရသူတိုင်း မချီးကျူးဘဲ မနေနိုင်ကြချေ။
ထိုအခါတွင် သူဌေးကြီးက သူ့လက်မှ စိန်လက်စွပ်ကို ချွတ်၍ ကန်တော့၏။ သူဌေးကတော်ကလည်း သူ့လက်မှ ကျားခေါင်းလက်ကောက်နှစ်ရန်ကို ချွတ်၍ ကန်တော့လေသည်။
ဆရာမြက စိန်လက်စွပ်ကိုသာ အမှတ်တရအဖြစ် လက်ခံကာ ရွှေငါးကျပ်သားထက် မနည်းသော ကျားခေါင်းလက်ကောက်နှစ်ရန်ကိုမူ လက်မခံဘဲ ပြန်ပေးခဲ့လေသည်။
ထိုအချိန်၏ နောက်တွင် ဆရာမြ၏ လက်သူကြွယ်၌ စိန်လက်စွပ်တဝင်းဝင်းကို ပရိသတ်က မြင်ကြရလေ တော့သည်။ မည်သို့မည်ပုံ ရရှိလာကြောင်းလည်း တစ်ယောက်စကား တစ်ယောက်နားအားဖြင့် ကြားသိကြရလေသည်။
“တယ်ကောင်းတဲ့စိန်ပဲနော်၊ တဖျတ်ဖျတ်နဲ့”
“၂ဝဝဝ လောက်တန်တယ်ဆိုပဲ”
“အသက်ဖိုး ၂ဝဝဝ ဆိုတာ မများပါဘူး”
အစရှိသည်ဖြင့် မြွေအလမ္မာယ်ကြည့်ရင်း ပရိသတ်က စပ်မိစပ်ရာ ပြောဆိုနေကြ၏။ ထိုအခါတွင် ဘထူးကလည်း အနီးမှလူများဘက်သို့ လှည့်ကာ
“အဘိုးကြီးက ဘာလို့ အမြဲဝတ်ထားရတာလဲ၊ ကာလက ကောင်းတာမဟုတ်ဘူး။ လူဆိုး၊ သူခိုးကို မကြောက်ဘူးလား”
ဟု အမှတ်မထင် ဟန်မျိုးဖြင့် မေးမြန်းလိုက်လေသည်။
“ဟာ… ဆရာမြက ဘယ်လူဆိုးသူခိုး ကြောက်မလဲ။ အကာအကွယ် မြွေတွေအများကြီးပဲ။ လူတိုင်း မြွေကို ကြောက်ကြပေမဲ့ သူ့အတွက်တော့ မြွေဟာ စိတ်အချရဆုံး အစောင့်အရှောက်တွေကလားဗျ”
ဟု ဘေးမှ လူတစ်ယောက်က ဖြေလိုက်လေသည်။
ဘထူး၏ လောဘရမ္မက်ကြီးလှသော မျက်လုံးများသည် ဆရာမြ၏ စိန်လက်စွပ်ကြီးဆီသို့ ပြန်ရောက်သွားပြန်၏။ ဘထူးမှာ အလုပ်အကိုင်ကို တည်တည်ကျကျ လုပ်ကိုင်တတ်သူတစ်ယောက် မဟုတ်ဘဲ အချောင် ပွပေါက်ကို ကြံတတ်သူတစ်ယောက် ဖြစ်၏။
ဆရာမြ၏ လက်စွပ်မှာ အမှန်ပင် ၂ဝဝဝ ထက်မနည်း တန်ဖိုးရှိမည်ဟု သူသိရှိ၏။ ငွေ ၂ဝဝဝ ခန့်လောက်ကိုသာ ရနိုင်မည်ဆိုလျှင် သူသည် မြွေ ၁ဝ ကောင်လောက်ဆို ရင်ဆိုင်ရန် ဝန်မလေးချေ။
ပွဲအပြီးတွင် ပရိသတ်က အသီးသီး ချီးကျူးကြရင်း ငွေစများကို ပစ်ပေးကြ၏။ ဆရာမြကလည်း မေတ္တာပို့ရင်း ငွေစများကို ကောက်ယူသိမ်းဆည်းနေ၏။
ဆရာမြက မြွေများကို ပခြုပ်တောင်းနှစ်ခု၌ ထည့်၍ ပိတ်ပြီးသောအခါမှာ ပရိသတ်လူစုကွဲသွားပြီ ဖြစ်၏ ခါးအနည်းငယ်ကိုင်းလျက် ရှိနေသည့် အဘိုးအိုက ပခြုပ်နှစ်လုံးကို ဦးပဲ့ထမ်းကာ ထွက်ခွာသွားလျှင်ကား ဘထူးသည် မလှမ်းမကမ်းမှ နောက်ယောင်ခံ၍ လိုက်သွားခဲ့လေသည်။
ဘထူးသည် မျက်ခြည်မပြတ် နောက်မှ တကောက်ကောက် လိုက်ရင်းကပင် စိန်လက်စွပ်ကို ရနိုင်မည့်လမ်းကို တွက်ဆနေ၏။
ဆရာမြကဲ့သို့သော အဘိုးအိုတစ်ယောက်မှာ ပြဿနာမဟုတ်ချေ။ ယုတ်စွအဆုံး အိပ်မောကျသွားအောင် ပြုလုပ်ရန်ပင် လွယ်ကူလှ၏။ တကယ့်အရေးမှာ မြွေဆိုးများသာ ဖြစ်ချေသည်။
ညအိပ်ချိန်တွင် ဆရာမြသည် မြွေများကို ပခြုပ်တွင်း၌ သိမ်းဆည်းထားကောင်း ထားပေလိမ့်မည်။ သူကိုယ်တိုင်က အလမ္မာယ်ဆရာတစ်ဦး ဖြစ်သည့်တိုင်အောင် မြွေဟောက် ဆယ်ကိုးကောင်ခြံရံ၍ အိပ်စက်ဖို့ရန်မှာ အန္တရာယ်ကင်းသည်ဟု ဆိုနိုင်မည် မဟုတ်ချေ။
ဆရာမြ၏ နောက်မှလိုက်ရင်း ဘထူးမှာ စိတ်တွင်းမှ များစွာ နှစ်ခြိုက်လျက်ရှိနေ၏။ ဘထူးမှာ ဤအရပ်သားမဟုတ်သဖြင့် ဆရာမြ နေထိုင်ရာကို ကောင်းစွာသိသည် မဟုတ်ချေ။ ယခုအခါ ဆရာမြသည် မြို့တွင်းမှ မြို့ပြင်သို့ ရှေးရှုထွက်ခွာနေသည်ကို မြင်ရသဖြင့် ကျေနပ်နေခြင်းဖြစ်၏။ ယခုလို မြို့အပြင်အပ အစွန်အဖျားတွင် တစ်ဦးတည်း နေထိုင်လျှင် ကြံစည်၍ ပိုလွယ်ကူပေလိမ့်မည်။
မြို့ကထွက်မိလျှင် သစ်ပင်ချုံပုတ်တို့မှာ အတော်ကလေး ထူထပ်သိပ်သည်းလျက် ရှိ၏။ ဘထူးသည် အလမ္မာယ်ဆရာနောက်သို့ လိုက်ရင်းကပင်လျှင် မြွေပါးကင်းပါးကို သတိထားကြည့်ရှုကာ ချုံခိုလိုက်ခဲ့ သေးသည်။
ဘထူး၏အထက်မှာလည်း တောငှက်များသည် ပျံသန်းရင်း တကျီကျီ တကျာကျာ အော်မြည်လျက် ရှိကြ၏။ ဘထူးကမူ ရှေ့ကိုက် ၂ဝ အကွာခန့်က ဆရာမြကိုသာ အာရုံစိုက်နေ၏။ ဆရာမြကမူ တစ်စုံ တစ်ယောက် နောက်ယောင်ခံလိုက်ပါလာသည်ကို သတိထားမိဟန်မရှိချေ။
နောက်ဆုံးတွင် ကွက်လပ်တစ်ခုအလယ်မှ တဲတစ်ခုသို့ ဆိုက်ရောက်ကာ ဆရာမြ ပခုံးထက်မှ ပခြုပ်အထမ်းကို မြေပြင်သို့ ချလိုက်၍ တဲအတွင်းသို့ ဝင်သွားသည်ကို သစ်ပင်တစ်ပင်၏ နောက်ကွယ်မှ ဘထူးက လှမ်းမြင်ရလေသည်။ ဘထူးက သူ နောက်ယောင်ခံ လိုက်လာခြင်းကို ဆရာမြ မသိချေဟု ယုံကြည်ရင်း ပြန်လှည့်ရန် စိတ်ကူးလိုက်လေသည်။
သို့သော် ဆရာမြသည် ချက်ချင်းပင် တဲအပြင်သို့ ပြန်ရောက်လာကာ ညင်သာစွာ အသံပြုလိုက်လေသည်။
“မောင်ရင်လာခဲ့ပါလေ၊ ဘာကိစ္စရှိလို့တုံး။ ခွင့်မတောင်းဘဲနဲ့ ဒီအထိ နောက်ယောင်ခံလိုက်လာတာကတော့ အကြောင်းထူးရှိလို့ ဖြစ်မှာပေါ့နော်”
ဘထူးမှာ ဖြုန်းခနဲ တုန်လှုပ်သွားသော်လည်း ချက်ချင်းပင် သတိထားကာ အကြောင်းပြချက်ကို စဉ်းစားလိုက်ရ၏။ သူသည် ဆရာမြအား လှည့်စားရန် ကြံဆရင်း သစ်ပင်ကွယ်မှ ထွက်လိုက်လေသည်။
“ဆရာကြီးခင်ဗျား ကျွန်တော်လည်း အလမ္မာယ်ဆရာတစ်ယောက် ဖြစ်ချင်ပါတယ်။ ဆရာကြီးဟာ အလမ္မာယ်ပညာမှာ အတော်ဆုံးပုဂ္ဂိုလ် တစ်ဦးဖြစ်လို့ ဆရာကြီးထံ တပည့်ခံ နည်းယူချင်လို့ပါခင်ဗျား”
လို့ ဘထူးက နှိမ့်ချသောလေသံဖြင့် ဖြေလိုက်လေသည်။
ဆရာမြက တစ်ချက်ပြုံးလိုက်လေသည်။
“အလမ္မာယ်ပညာဆိုတာ သင်ပေးလို့ ရနိုင်တာမျိုး မဟုတ်ဘူးကွဲ့။ သူက တကယ်ထက်မြက်တဲ့ စိတ်တန်ခိုးလည်း လိုတယ်။ နောက်ပြီး စာမရီသွေးလို ရဲစွမ်းသတ္တိရှိဖို့လည်း လိုတယ်။ အဲဒါတွေဟာ မွေး ကတည်းက ပါလာရတဲ့ ပါရမီတွေကွဲ့ ။ ဒါပေမဲ့ လာပါဦးလေ၊ မနက်စာကို ကြုံတုန်း ဒီမှာပဲ စားသွားတာပေါ့။ နောက်ပြီးလည်း မောင်ရင့်အဖို့ ဖြစ်နိုင် မဖြစ်နိုင် ဆက်ပြောကြသေးတာပေါ့”
ဟု ဆရာမြက ဖော်ရွေစွာ ပြောကြားလေသည်။
ဆာလောင်မွတ်သိပ်နေပြီဖြစ်သော ဘထူးမှာ ဆရာမြက ၎င်းရှေ့၌ နံနက်စာ စားသောက်ဖွယ်ရာ ပြင်ဆင်နေသည်ကို မြင်ရလျှင် ပါးစပ်ပြင်မိ လောက်အောင် ဖြစ်သွား၏။
စားသောက်ကြရာတွင်လည်း ဘထူးသည် ဣန္ဒြေမျှပင် မဆောင်နိုင်ဘဲ အားပါးတရ စားသောက်နေ၏။“တစ်လုတ် ကျွေးဖူး သူ့ကျေးဇူး” ဟူသည့် စကားပုံကို ဘထူးသည် သတိရကောင်း ရရှိမည်ဖြစ်သော်လည်း အရေးထား လေးစားမည့်လူစားမျိုးကား မဟုတ်ချေ။
ဘထူးသည် သူ့အကြံအစည်ကို ပိုင်လှပြီဟု အောက်မေ့ထား၏။ သူသည် ကောင်းမှု၊ မကောင်းမှု ကံတရားကို လက်ကိုင်ထား ယုံစားသူ တစ်ယောက် မဟုတ်။
စားသောက်ပြီးကြလျှင် ဆရာမြက နက္ခတ်တာရာနှင့် ကံဇာတာအကြောင်းကို လည်းကောင်း၊ သရဏဂုံသုံးပါး စွဲမြဲရခြင်းအကြောင်းကို လည်းကောင်း၊ ကတိသစ္စာ တည်ကြည်ခြင်းအကြောင်းကို လည်းကောင်း၊ ထို့ပြင် မြွေများကို ယုံကြည်ခြင်း၊ ၎င်းတို့အပေါ် မေတ္တာထား ကြင်နာခြင်းများအကြောင်းကိုလည်းကောင်း စိတ်ရှည်စွာ ရှင်းလင်းပြောပြလေသည်။
သို့သော် ဘထူးမှာမူ ဣန္ဒြေမပျက်အောင် ကျိတ်မှိတ်နားထောင်နေရလေသည်။ ထိုနောက် ဆရာမြသည် ပခြုပ်တွင်းမှ မြွေများကို အပြင်သို့ ထုတ်ရန် ထွက်သွားရာ ဘထူးမှာ မျက်တောင်မခတ် စူးစိုက်ကြည့်ရှုနေလေသည်။ ဆရာမြက လှမ်း၍ စကားပြော၏။
“သူတို့ကို အစာကျွေးချိန်ပဲ။ အဲဒီထဲမယ် နို့ခွက်ကြီးနှစ်ခု ရှိပါတယ်၊ ယူခဲ့ပြီး သူတို့ရှေ့ ချလှည့်စမ်းပါ။ မောင်ဟာ အလမ္မာယ်ဆရာ ဖြစ်ချင်တယ်ဆိုရင်တော့ အစာကျွေးတာက ပထမစပြီး လေ့လာရလိမ့် မယ်။ မြွေဆိုတာလည်း တခြားတိရစ္ဆာန်တွေလို အစာကို မက်မောတာပါပဲ။ တိရစ္ဆာန်မဆိုထားနဲ့ လူတွေတောင် ပေးကမ်းခြင်းဖြင့် အောင်စေရာလို့ စကားရှိတယ်မဟုတ်လား”
စကားအဆုံး၌ ဆရာမြသည် နှဲကိုကိုင်၍ တေးသွားတစ်ခုကို ဂရုတစိုက် မှုတ်လျက်ရှိလေသည်။ ဘထူးသည် နွားနို့ခွက်ကြီးနှစ်ခုကို မယူလာကာ မြွေဟောက်များရှေ့သို့ အသာချလိုက်၏။ ထိုနောက်တွင် သူအချိန် စောင့်ခဲ့ရသော အလွန်မေးချင်လှသည့် မေးခွန်းတစ်ရပ်ကို ဖွင့်ဟမေးချင်လိုက်လေသည်။
“ဒီကောင်တွေကို ညမှာ ပခြုပ်ထဲ အလုံပိတ်ထားသလား ဆရာကြီး၊ ဒါမှမဟုတ် သူတို့အစွယ်တွေကို ချိုးထားသလား”
ဆရာမြ၏ မျက်နှာပေါ်ဝယ် သံသယအရိပ်အယောင်တစ်ခု ဖျတ်ခနဲ ယှက်သန်းသွားသည်ဟု ဘထူးက ထင်လိုက်မိ၏။ သို့သော် ဆရာမြ၏ ဖြေသံကမူ ရိုးသားပေါ်လွင်နေလေသည်။
“ဟုတ်တာပေါ့၊ သူတို့ကို ပခြုပ်ထဲ ထည့်ထားရတယ်လေ။ တစ်ကောင်စီအတွက် ပခြုပ်ကလေး ခြောက်ခု ရှိတယ်လေ”
ဟု ဖြေရင်း ဆရာမြက နို့သောက်ဝသဖြင့် တောက်ပနေသော နေရောင်ခြည်၌ ရစ်ခွေလျက် ငြိမ်သက်နေကြသည့် မြွေဟောက်ခြောက်ကောင်ကို လက်ညွှန်ပြ လိုက်လေသည်။
ဤကား ဘထူးရောက်ခဲ့ခြင်း၏ အဓိကအချက်ပေတည်း။ ညအချိန်တွင် မြွေဆိုးများကို သိမ်းဆည်းထား မထားမှာ မသိ၍ဖြစ်သော အကြောင်းရပ် ဖြစ်လေသည်။
ဘထူးသည် ပြန်တော့ရန် ဟန်ပြင်၍ နေရာမှ ထလိုက်ပြီး ဆရာမြကို ကျေးဇူးတင်စကား ပြောကြရင်း နှုတ်ဆက်လေသည်။
“ကျွန်တော် နောက်ထပ်ပြီး လာနိုင်ပါသေးသလား ဆရာကြီး။ ကျွန်တော်က တစ်ကောင်ကြွက်သမားပါ၊ ဆရာကြီးနဲ့ တွေ့နေရတာကို ကျွန်တော် သိပ်သဘောကျပါတယ်”
“အို… လာနိုင်ပြီလား လူလေးရယ်၊ ကနေ့ည လာခဲ့ပါဦးလား။ မြေပဲဆန်ကြော်နဲ့၊ ထန်းလျက်ခဲနဲ့၊ လက်ဖက်ရည်ကြမ်းသောက်ရင်း စကားစမြည် ပြောရတာပေါ့”
ဘထူးသည် စိတ်ထဲက ပြုံးရင်း ပြန်လာခဲ့လေသည်။ အဘိုးအိုသည် သူ၏ ထောင်ချောက်တွင်းသို့ လှလှကြီး ဆင်းခဲ့ချေပြီ။ မြွေဟောက်ခြောက်ကောင်၏ ဘေးရန်က ကင်းရှင်းနေသော စိန်လက်စွပ် ရရှိရေးမှာ ကလေးကစားသည့်ပမာ လွယ်ကူနေပေမည်။
ထို့နောက်၌ သူသည် အဘိုးကြီး၏ တိုင်ကြားချက်အတွက် အရေးမယူနိုင်စေအောင် တော်သင့်ရာအရပ်သို့ ရှောင်တိမ်းနေရန်သာ ဖြစ်၏။
ဘထူးသည် မြို့ကလေးထဲ၌ ဟိုဟိုသည်သည် လျှောက်ရင်း အချိန်ဖြုန်းနေကာ နောက်တွင် ဆေးတိုက်တစ်တိုက်မှ အိပ်ဆေးရည်အချို့ကို ဝယ်ယူလိုက်လေသည်။
မူလက အဆိပ်ကိုဝယ်ယူရန် စိတ်ကူးမိသေးသော်လည်း ထိုအကြံအစည်ကို ပယ်ဖျက်လိုက်၏။ အဆိပ်ကို ဝယ်ယူလျှင် သင်္ကာမကင်း ဖြစ်ခံရမည်ကို စိုးရိမ်ရသည့်ပြင် အကယ်၍ အမှုပေါ်ပေါက်ခဲ့လျှင်လည်း သေဒဏ် အပြစ်ပေးခံရမည်ကို ကြောက်ရသေးသည် မဟုတ်ပါလော။
နေဝင်မိုးချုပ်စတွင် ဘထူးသည် ဆရာမြထံသို့ လာရောက်ခဲ့လေသည်။ တဲရှေ့ကွက်လပ်၌ ရေနွေးအိုးတည်လျက်ရှိသော ဆရာမြက မိတ်ဆွေဟောင်းတစ်ယောက်ပမာ ဖော်ရွေစွာ ဆီးကြိုနှုတ်ဆက်လေသည်။
“လာ… လာ… မောင်ရင် ထိုင်ပါ။ လက်ဖက်ရည်ကြမ်း ခါးခါးလေး ထည့်ထားတယ်။ အမြည်းကော အဆင်သင့်ပါပဲ၊ သောက်နှင့်ပါ၊ ကျုပ်တော့ ကျုပ်အကောင်တွေ ပခြုပ်ထဲ ထည့်လိုက်ဦးမယ်”
“ဟုတ်ကဲ့… ခင်ဗျား၊ ကျွန်တော်လည်း လက်ဖက်ရည်ကြမ်းနဲ့ မြည်းဖို့ ချင်းသုပ် ဝယ်လာသေးတယ်”
ဟု ပြောပြောဆိုဆို ဘထူးသည် တဲရှေ့၌ ခင်းထားသည့် နှီးကြောဖျာပေါ်၌ ဝင်ထိုင်လိုက်လေသည်။
ဆရာမြသည် မြွေများကို ပခြုပ်တို့၌ ထည့်ကာ တဲနှင့် ခပ်လှမ်းလှမ်းနေရာ၌ ထားလိုက်ပြီး ပြန်လျှောက်လာ၏။ ဘထူးက ဣန္ဒြေမပျက် လက်ဖက်ရည်ကြမ်းသောက်လျက်ရှိပြီး ဆရာမြက ဖျာစွန်းတစ်ဖက်၌ ဝင်ထိုင်လိုက်လေသည်။
စားရင်းသောက်ရင်းနှင့်ပင် ဆရာမြက သူငယ်ရွယ်စဉ်က အကြောင်းများကို ပြန်ပြောင်းကာ စိတ်ပါလက်ပါ ပြောပြခဲ့၏။ ဆရာမြမှာ အားပါးတရပြောရန် စကားပြောဖော် မရှိခဲ့သည်မှာပင် အတော်ကြာခဲ့ပြီဖြစ်လေသည်။
“နတ်နဲ့ နဂါး မလှည့်စားနဲ့ဆိုတဲ့ စကားရှိတယ်ကွဲ့။ ကျုပ်တို့အလုပ်က အလွန်သစ္စာရှိရတယ်။ အဲ… ကျုပ်က မြွေပွေး မကိုင်တာကတော့ မြွေပွေးက ကြောက်စရာကောင်းတာတော့ မှန်ရဲ့၊ ကစားရာမှာ ပြယုဂ် မကောင်းလှဘူးကွယ်။
မြွေဟောက်တို့၊ ငန်းဝါကျားတို့ကတော့ အလွန်သွက်တယ်။ ပါးပျဉ်းကြီးတကားကားနဲ့ ရှူးခနဲ ရှားခနဲ ပေါက်လိုက်တာ တွက်လိုက်တာဟာ ပရိသတ် ဟာခနဲ ဖြစ်ရတယ်။ လူအများကို ပြစားရတဲ့အလုပ်က ဘာဖြစ်ဖြစ် ကြည့်ကောင်းဖို့ လိုတယ်လေ။ ပွဲထဲ ဇာတ်ထဲ မင်းသမီး မင်းသား ငိုတာတောင် လှအောင် ငိုရတယ် မဟုတ်လား”
ကျွမ်းကျင်ရာလိမ္မာဟူသော စကားအတိုင်းဆို ဆရာမြမှာ သူ့လုပ်ငန်းနှင့်ဆိုင်သော အကြောင်းရပ်များကို ကောင်းစွာ သိရှိဝေဖန်ပိုင်းခြားနိုင်သူဖြစ်လေသည်။ ဘထူးကလည်း အင်းလိုက်ရင်း စိတ်ပါ ဝင်စားဟန်ဖြင့် နားထောင်လျက် ရှိနေသည်။ အိမ်ထောင်ရေးအကြောင်းနှင့် စပ်၍မူ ဤသို့ ပြောလေသည်
“ကျုပ်တစ်သက်မှာတော့ အိမ်ထောင်တစ်ဆက်ပါပဲ။ မောင်ရယ်၊ သူဆုံးခဲ့တာ အနှစ် ၃ဝ ကျော်ခဲ့ပြီပေါ့။ သူက တကယ့် ပါရမီဖြည့်ဘက်ပဲကွယ့်။ ကျုပ်အလုပ်မှာ အများကြီး အရေးပါတာပေါ့။ သူရှိစဉ်တုန်းကတော့ သူပဲ ကိုင်ပြတာပါပဲ။ မြွေနဲ့ အပြန်အလှန် နမ်းရှုပ်ပြတာ၊ နှုတ်ခမ်းချင်း ထိပြတာတို့ကို ပရိသတ်က သိပ်သဘောကျတာပေါ့။
တစ်ခါက မင်းကြီးဆိုတဲ့ မျက်နှာဖြူဗိုလ်ကြီးတစ်ယောက်ကို ပြသရတော့ ဓာတ်ပုံတွေလည်းရိုက်၊ ငွေတွေလည်း ပေးတာပေါ့ကွယ်။ နောက် ကျုပ် မိန်းမနဲ့ ငန်းတော်ကျားကြီး နှုတ်ခမ်းချင်းထိနေတဲ့ပုံတောင် စာအုပ်တွေထဲမှာ တချို့ တွေ့ကြရဆိုပဲ။ ကျုပ်တော့ မမြင်ရပါဘူး။
ဪ… မယ်တင့် တော်ရှာပါပေတယ်ကွယ်။ အဲ… သူဆုံးပြီးတဲ့နောက် ကျုပ်ကလည်း ဟုတ်ဟုတ်ငြားငြား မလိုချင်လှပါဘူး။ မိန်းမအများကလည်း ကျုပ်အလုပ်ကို ကြောက်ကြသကိုးမောင်ရဲ့”
ဘထူးက အလိုက်အထိုက်သာ စကားကို ဝင်ထောက်ရင်း ဆရာမြကို အကဲခတ်ကြည့်နေ၏။ ခဏလျှင် ဆရာမြသည် ကိုယ်ကိုဆန့်၍ လက်နှစ်ဖက်ကို မြှောက်တန်းကာ တစ်ချက်မျှ သမ်းဝေလိုက်လေသည်။ အိပ်ဆေးကား တန်ခိုးပြလေပြီ။
“မောင်ရေ… အသက်အရွယ်က ကြီးလာတော့ တယ်ပြီး အပင်ပန်းမခံနိုင်တော့ဘူးကွဲ့။ နေ့မှာ သွားရလာရဆိုတော့ မိုးချုပ်ရင် အိပ်ချင်တာပဲ။ ကျုပ်ကို ခွင့်ပြုနော်။ မောင်ရင် စိတ်ချလက်ချ သောက်ပါဦး။ အိပ်ချင်တော့ တဲရှေ့ခန်း ဝင်အိပ်ပေါ့။ ရှေ့ခန်းနော် မောင်ရင်။ ကျုပ်က နောက်ခန်းမှာ အိပ်တယ် ဟုတ်လား”
ဆရာမက အိပ်ချင်မူးတူးအသံဖြင့်ပင် ခွင့်တောင်းကာ တဲတွင်းသို့ ခြေလှမ်းခပ်ယိုင်ယိုင်နှင့် ဝင်ရောက်သွားလေသည်။ မီးတောက်တလက်လက်နှင့် မီးဖိုရှေ့မှ ဘထူးမှာ ကျေနပ်သော အမူအရာနှင့် ကျန်ရစ်ခဲ့ပေသည်။
အဘိုးကြီးသည် ချက်ချင်းပင် ကုလားသေ ကုလားမော အိပ်ပျော်သွားချေတော့မည်။ ထိုအခါ၌ အဖိုးတန် စိန်လက်စွပ်ကြီးကို အလွယ်တကူနှင့်ပင် ရရှိချေမည်။ နောက်တစ်နေ့ ဆရာမြ အိပ်ရာမှနိုးလာချိန်တွင် ဘထူးသည် အဝေးတစ်မြို့တစ်ရွာသို့ ရောက်ရှိနေပေလိမ့်မည်။ ဘထူးသည် မီးဖိုရှေ့၌ နာရီဝက်နီးပါးမျှ ထိုင်နေပြီးမှပင် အသံမကြားရအောင် ခြေထောက်ကိုဖော့၍ နင်းကာ တဲတွင်းသို့ ဝင်ခဲ့လေသည်။
အစတွင်မူ တဲတွင်းမှာ မည်းမှောင်လျက် နေ၏။ သို့တိုင်အောင် ဆရာမြ အိပ်ပျော်ရင်း မှန်မှန်အသက်ရှူသံကို ကောင်းစွာ ကြားရ၏။
ခဏရှိလျှင် မျက်လုံးအကျင့်ရရှိလာပြီးလျှင် တဲရှေ့မီးဖိုမှ မီးရောင်ဟပ်နေခြင်းဖြင့် တဲတွင်းကို ခပ်ရေးရေး မြင်လာရလေပြီ။
ဘထူးက ဆရာမြကို အသာအယာ ခေါ်ကြည့်သေး၏။ ပြန်ထူးသံ မကြားရခြင်းအားဖြင့် စိတ်ချရသည့် အခြေအနေရှိကြောင်း သိရတော့သည်သူ၏ ရည်မှန်းချက် ပန်းတိုင်သို့ ဆိုက်ရောက်ရန် နီးကပ်နေချေပြီ။ ထိုနောက်၌ ဘထူးသည် လေးလေးပင်ပင် အသက်ရှူလိုက်ကာ တဲအတွင်းခန်းသို့ ဝင်ရောက်ခဲ့ ကာ ဆရာမြ၏ ကိုယ်ပေါ်သို့ ကိုင်းညွှတ်ကြည့်လိုက်လေသည်။
ဆရာမြမှာ ဘယ်ဘက်သို့စောင်းလျက် အိပ်ပျော်နေသည်ဖြစ်၍ လက်စွပ်နှင့် လက်မှာ အောက်ဘက်ရောက်နေ၏။ ဘထူးသည် အသာအယာ လက်ကို ဆွဲကိုင်ကြည့်လိုက်၏။ ဆရာမြကား မလှုပ်ရှားချေ။
သို့တိုင်အောင် ဘထူး၏ရင်တွင်းက တဒိတ်ဒိတ်ခုန်ကာ သွေးတိုးမြန်နေလေသည်။ ဘထူးက စိန်လက်စွပ်ကို ချွတ်ယူရန် အခြားလက်တစ်ဖက်ဖြင့် လှမ်းကိုင်လိုက်စဉ်မှာပင် သူ၏ ခြေခုံမှ နာကျင်မှုတစ်ရပ်ကို စစ်ခနဲ ခံစားလိုက်ရလေသည်။
ဘထူးက ထိတ်လန့်ယောင်ယမ်းစွာ လက်စွပ်ကို ယူလိုက်စဉ် နောက်တစ်ချက် စစ်ခနဲ ထိတွေ့လိုက်ရပြီး လေးလေးပင်ပင် နာကျင်ထိုင်းမှိုင်းလာသည်ဟု ထင်လိုက်ရလေသည်။
သူက ကြောက်ကြောက်လန့်လန့်နှင့် ငုံ့ကြည့်လိုက်သောအခါတွင် တဲတံခါးမှ ထိုးဝင်လာသော မီးရောင်လက်လက်တွင် တရွေ့ရွေ့ လှုပ်ရှားနေသော မြွေဟောက်ကြီးတစ်ကောင်၏ ဦးခေါင်းကို မြင်ရချေတော့သည်။
“ဆရာ.. ဆရာ.. ဆရာကြီးရဲ့”
ဘထူး၏အသံက မသဲမကွဲနှင့် နက်ကျောစွာ ပေါ်လာ၏။ သို့သော် ဆရာမြကား အိပ်မောကျလျက်ပင်တည်း။ ဘထူးသည် ပြင်းထန်သောဝေဒနာကို ခံစားရလျက် ကြီးမားစွာတုန်လှုပ်ချောက်ချားနေသည့်ကြားမှပင်
“သူတို့ကို ပခြုပ်ထဲ ထည့်ထားရတယ်လေ၊ တစ်ကောင်စီအတွက် ပခြုပ်ကလေးခြောက်ခု ရှိတယ်”
ဟူသော ဆရာမြ၏ စကားကို ပြန်လည်ကြားယောင်မိသလို ဆရာမြ၏ သံသယအရိပ် လွှမ်းခဲ့သောမျက်နှာကို ပြန်လည်မြင်ယောင်လိုက်ရလေသည်။
ထိုအခါတွင်မှလည်း ပခြုပ်ခြောက်ခုဟု ပြောခဲ့သော ဆရာမြ၏ ရည်ရွယ်ချက်ကို ရိပ်မိရပြီး နံနက်ပိုင်း အလမ္မာယ်ပြပွဲတုန်းက မြွေခုနစ်ကောင် ပါရှိသည်ကိုလည်း လျင်မြန်လှသည့် စိတ်အလျဉ်မှ ပြန်လည် သတိရမိလိုက်ရချေသည်။
“သူများမကောင်းကြံ ကိုယ်ဘေးဒဏ်ထိ” ဟူသော စကားကို အထူးကောင်းစွာ သဘောပေါက်နိုင်ပြီဖြစ်သော်လည်း အချိန်ကား များစွာ နောက်ကျခဲ့လေ။
သူသည် မြေပြင်ထက်သို့ ဝုန်းခနဲ ထိုး၍ လဲကျသွားလေတော့သည်။
မြဝတီမဂ္ဂဇင်း၊ အမှတ် ၂၁၊ မတ်၊ ၁၉၆၂
– ပြီး –
စာရေးသူ – ဌေးမောင်