********************
(၁)
မိုက်ကယ်ရေခဲချောင်းလာပါပြီခင်ဗျာ…
မိုက်ကယ်မှရရှိနိုင်သော အရသာများမှာ စပျစ်၊နာနတ်၊နို့မလိုင်၊ စတော်ပဲရီ၊ဒူးရင်း၊သခွား၊ပဲချောင်း ဖြစ်ပါတယ်…
“ဟေ့ သူငယ်ချင်း ငါ့ကို စတော်ပဲတစ်ထုပ်ပေးကွာ”
“ကောင်းသစ် တို့ကိုလည်း စပျစ်လေးထုတ်ပေးပါလား”
”အေးအေး”
“ရော့ ပိုက်ဆံ”
“ငါးရာတန်ကြီး ပြန်အမ်းဖို့ တစ်ရာမပါဘူးဟ တစ်ထုပ်ထပ်ယူပါလား”
“ယူမနေတော့ဘူး ပိုတာ နင်ပဲယူလိုက်တော့”
“နင့်ပိုက်ဆံ အလကား မယူချင်ပါဘူးဟာ”
“ရှည်နေပြန်ပြီ ယူထားလိုက်ပါဆို ငါ စိတ်ဆိုးမှာနော်”
“စိတ်တော့မဆိုးနဲ့ ယူထားလိုက်မယ်”
ရေခဲထုပ်အိတ်ကလေး လက်ကကိုင်လျက် ကျူရှင်ရဲ့စာသင်ခန်းထဲကို ဝင်သွားသော သူငယ်ချင်း မြနု၏ ကျောပြင်ကို ကောင်းသစ် ငေးကြည့်နေသည်။ မြနုနဲ့ကောင်းသစ်က တစ်တန်းတည်း ကျောင်းနေဖက်သူငယ်ချင်းတွေ ဖြစ်သည်။ သူတို့အားလုံးက ဆယ်တန်းကျောင်းသူကျောင်းသားများ ဖြစ်ကြသည်။ ကောင်းသစ်မှလွဲ၍ အားလုံးက စာမေးပွဲနီးလို့ ကျောင်းပိတ်ရက်မှာတောင် အချိန်ပြည့်ကျူရှင်တက်နေကြသည်။ ကောင်းသစ်က ကျောင်းဖွင့်ရက်တိုင်းကို ကျောင်းတက်ဖြစ်ပြီး စာမေးပွဲနီးချိန်မှာတောင် ကျူရှင်မတက်နိုင်ပေ။ စာမေးပွဲနီးနေလည်း မိသားစုစားဝတ်နေရေးအတွက် ရေခဲချောင်းရောင်းနေရသည်။ ကောင်းသစ်မိသားစုမှာ ဖခင်က သူ့ညီလေးမွေးပြီးတော့ ဆုံးသွားသည်။ ဖခင်ဆုံးပြီးနောက် မအေကြီးတစ်ယောက်ထဲ သားနှစ်ယောက်စလုံးကို လုပ်ကိုင်ကျွေးမွေးခဲ့သည်။ အခုအချိန်မှာ မအေကြီးက မကျန်းမာ၍ ကောင်းသစ်ခဗျာ ကျောင်းစာတစ်ဖက်နဲ့ အလုပ်လုပ်နေရသည်။
“အမေ..အမေအတွက် ဆေးနဲ့ လမ်းထပ်က ကြာဇံဟင်းခါး ဝယ်လာတယ်”
“အေးကွယ် မင်း ညီလေးဖို့ ပါလား မပါရင် မင်းညီလေးသာ ကျွေးလိုက်ကွယ်”
“အမေကလည်း အကုန်လုံးအတွက် ဝယ်လာခဲ့တာ ညီလေးရေ ကြာဇံဟင်းခါး စားရအောင်ဟေ့”
ကောင်းသစ်ညီလေးက ခေါ်လို့မဆုံးခင်မှာ ရောက်လာသည်။ ကောင်းသစ်က မအေကြီးအတွက် ပန်းကန်တစ်ချပ်နဲ့ ကြာဇံဟင်းခါးကို ထည့်ပေးနေသည်။
“ကောင်းသစ် သား စာမေးပွဲက ဒီအပတ်ထဲမလား သား ဈေးရောင်းမထွက်ပဲနဲ့ စာကျက်လေကွယ်”
“ဟုတ်ကဲ့အမေရယ် သားစာကျက်လိုက်အုံးမယ်”
ကောင်းသစ်က ပြောပြောဆိုဆိုနဲ့ စားပြီးသား ပန်းကန်ကိုကိုင်ပြီး နောက်ဖေးသို့ ဝင်သွားသည်။ ပန်းကန်ဆေးပြီး ဆယ်တန်းစာမေးပွဲအတွက် စာကျက်နေသည်။ ဆယ်တန်းအောင်ဖို့အတွက် ကြိုးစားကြသည်။ ကောင်းသစ်က ပို၍ကြိုးစားရသည်။ သူများတွေလို ကျူရှင်မတတ်ရဆိုတော့ ကျောင်းက သင်ပြသည့်စာကို တစ်ခါတည်း နားလည်အောင်ကြိုးစားရသည်။
(၂)
“ကောင်းသစ် ဖြေနိုင်လား”
“ဖြေနိုင်တယ် သူငယ်ချင်း နင်ရော”
“ငါလည်း ဖြေနိုင်တယ်”
“မြနု နင့်နှာခေါင်းကို အဝတ်စကြီးနဲ့ ဘာလို့အုပ်ထားတာလဲ”
“အဝတ်စမဟုတ်ပါဘူးဟ မက်စ်တပ်ထားတာပါ အခု တရုတ်နိုင်ငံကနေစတဲ့ ကိုရိုနာရောဂါက မြန်မာနိုင်ငံကို ရောက်နေပြီတဲ့ မနက်ဖြန်ကစပြီး တက္ကသိုလ်စာမေးပွဲတွေလည်း ဆက်မဖြေရတော့ဘူးတဲ့”
“ဟုတ်လား ငါလည်း သူများတွေပြောကြလို့ ကြားဖူးတယ် တို့ စာမေးပွဲပြီးသွားတာ ကံကောင်းတာပေါ့”
“ဟုတ်တယ်အေ့ နင်လည်း အိမ်ပြန်တော့ ငါလည်း အိမ်ပြန်တော့မယ် ရော့ နင့်အတွက် မက်စ်”
ကောင်းသစ်လည်း မြနုပေးသော မက်စ်ကိုတပ်ပြီး အိမ်သို့ပြန်လာသည်။ လေဝင်ပေါက်နှာခေါင်းကို ပိတ်လို့ အသက်ရှုတော့ နည်းနည်းခက်သည်။ ကောင်းသစ်က အသက်ရှုခက်ပေမဲ့ ပျော်ရွှင်ခြင်းများစွာဖြင့် အိမ်သို့ မြန်မြန်ပြန်လာသည်။ စာမေးပွဲဖြေပြီးလို့ မိသားစုစားဝတ်နေရေးအတွက် အချိန်ပြည့်ရှာလို့ရပြီ။ မအေကြီးကိုလည်း ပြုစုစောင့်ရှောက်နိုင်ပြီ။ ကောင်းသစ်စိတ်ထဲမှာ တွေးရင် ကြည်နူးနေသည်။
(၃)
“သား ထအုံး လမ်းထိပ်မှာ ဆန်၊ဆီ၊စား၊ကြက်ဥတွေ ဝေနေတယ်တဲ့”
“ဟုတ်ကဲ့အမေ”
ကောင်းသစ်လည်း မအေကြီးနှိုးသည်နှင့် အိပ်ယာမှ ကပျာကယာထကာ လမ်းထိပ်သို့ သွားလေသည်။ လမ်းထိပ်မှာ ရပ်ကွက်ထဲက လူတော်တော်များများရောက်နေသည်။ လူအတန်းနောက်ကနေ တန်းစီလိုက်သည်။ ရပ်ကွက်ဆိုသော်လည်း တိုက်တာအဆောက်အဦးတွေနဲ့ ပြည့်စုံနေသည်မဟုတ်ပေ။ လမ်းဘေးလွတ်ရာနေရာမှာ တဲထိုးပြီးနေကျသည့် ကျူးကျော်ရပ်ကွက်ဖြစ်သည်။ ကျူးကျော်နေသူအားလုံးက ရရာအလုပ် လုပ်ကိုင်ကြသည်။ အခုအချိန်မှာ ကိုရိုနာရောဂါ ဖြစ်ပွားနေ၍ အလုပ်မရှိကြပေ။ တစ်နေ့လုပ်တစ်နေ့စားသမားအတွက် စုဆောင်းထားသည်က မရှိ။ အခုလိုအချိန်မျိုးမှာ ထမင်းနပ်မှန်အောင် စားရဖို့အတွက် အလွန်ခက်ခဲသည်။ အလှူရှင်များလာရောက်ကျွေးရင်ဖြင့် ကျုးကျော်ထဲကလူအားလုံး ပျော်ရွှင်နေကြသည်။ ထို့ကြောင့် ကောင်းသစ်လည်း အလှူရှင်က ဆန်၊ဆီ၊ဆား လာရောက်ဝေသည်ပြောသဖြင့် အိပ်ယာထမျက်နှာမသစ်ပဲ လမ်းထိပ်သို့ အမြန်ပြေးသွားခြင်း ဖြစ်သည်။
“အမေ အမေအတွက် ဆေးတွေပါ ရခဲ့တယ်”
“အေးကွယ် ဆေးကုန်နေတာနဲ့ အတော်ပဲကွယ် ဆေးကုန်ရင် ဆေးထပ်ဝယ်ဖို့ ပိုက်ဆံက မရှိတော့ဘူး အခုဖြင့် ဟန်ကျလိုက်တာ အလှူရှင်များ ကျန်းမာချမ်းသာပါစေတော်”
ဘဝကံကြောင့် ကျူးကျော်နေရာမှာ နေကြရသည်။ စိတ်ထားသည် မြင့်မြတ်ကြသည်။ ကျေးဇူးရှင်ကိုလည်း ကျေးဇူးသိကြသည်။ အလုပ်ကို နေ့စဉ်လုပ်ရသူအဖို့ နေ့စဉ်အလုပ်လုပ်နေမှ ဝင်ငွေရှိမည်။ အလုပ်တစ်နေ့ပျက်ရင်ဖြင့် မိသားစု စားသောက်ရေးအတွက် မနည်းခက်ခဲသွားသည်။ ကိုရိုနာရောဂါသည် လမှ နှစ်ချီသွားမည်ဆို သူတို့ အသက်ရှင်ဖို့ တော်တော်ရုန်းကန်ရမည်။
(၄)
“သား အမေ့အနားကို လာပါအုံး”
“ဟုတ်အမေ”
“သားတို့ ကျောင်းကလည်း ရောဂါကြောင့် မဖွင့်သေးဘူး ဒီနှစ်လည်း ကျောင်းက ဖွင့်တော့မယ်မထင်ဘူး ပုံမှန်ဆို ငါ့သားလေး တက္ကသိုလ်ကျောင်းသားကြီး ဖြစ်နေတော့မယ်”
“အမေကလည်း သား ကျောင်းမတက်ရတာ ကိစ္စမရှိပါဘူး အလုပ်မလုပ်ရတာမှ သားက ဝမ်းနည်းနေတာ မိသားစုစားဝတ်နေရေးက ကျပ်တည်းနေပြီလေ”
သားမိနှစ်ယောက်က ရောဂါရဲ့ ဆိုးကျိုးတွေကို ပြောဆိုနေကြသည်။ ကိုရိုနာရောဂါဖြစ်ပွားနေတာက တစ်နှစ်ကျော်နေပြီ။ ပထမလှိုင်း၊ဒုတိယလှိုင်း၊တတိယလှိုင်းနဲ့ ရောဂါက မပျောက်ပဲ တစ်ဆင့်ပြီးတစ်ဆင့် ထပ်ဖြစ်နေသည်။ သေနှုန်းလူဦးရေကလည်း တဖြည်းဖြည်း မြင့်နေသည်။ ကျောင်းများလည်း မဖွင့်နိုင်ပေ။ စားဝတ်နေရေးအတွက် တစ်ခြားမြို့ကြီးတွေမှာ အလုပ်လုပ်နေသော အလုပ်သမားများလည်း ကိုရိုနာရောဂါကြောင့် စက်ရုံတွေပိတ်လို့ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်လာကြရသည်။ စီးပွားရေးကျပ်တည်းမှုတွေ ဖြစ်လာသည်။ ကုန်ဈေးနှုန်းလည်း မြင့်တက်လာမှုကြောင့် လက်လုပ်လူတန်းစားအတွက် လွန်စွာအခက်အခဲဖြစ်ရသည်။
(၅)
“အမေ သား အလုပ်ရှာသွားအုံးမယ်”
“ရောဂါတွေနဲ့ အခုအချိန်မှာ အလုပ်မလုပ်နဲ့ပါအုံးလား သားရယ်”
“အမေကလည်း မိသားစုစားဝတ်နေရေး ရှိသေးတယ်ဗျ အခုဆို ထမင်းနပ်မှန်အောင် မစားရတာ ကြာနေပြီ အလုပ်မလုပ်ပဲနေရင် နောက်ဆို ငတ်ပြီးသေဖို့ပဲ ကျန်တော့တယ်”
ကောင်းသစ်လည်း ရောဂါဖြစ်ပွားနေချိန်မှာ ကိုယ့်အသက်ကို မငဲ့ပဲ မိသားစုစားဝတ်နေရေးအတွက် အလုပ်ရှာဖို့ ထွက်လာသည်။ မအေကြီး၏ မေတ္တာတရားကြီးမားသည်ကိုလည်း ကောင်းသစ်နားလည်သည်။
“အမေ အမေ သား ဒီနေ့အလုပ်မရှာတော့ဘူး လမ်းထိပ်ရောက်တော့ ကိုရိုနာရောဂါခံစားနေရသူတွေကို လိုက်လံစောင့်ရှောက်ပေးနေတဲ့ ပရဟိတအဖွဲ့နဲ့ တွေ့တယ် ဒီနေ့ အဲပရဟိတအဖွဲ့နဲ့လိုက်သွားမလို့”
“ကောင်းတယ်သား ကုသိုလ်ကသာ သေရင် ကိုယ့်နောက်ပါမှာ အမေတို့ အရင်ဘဝက ကုသိုလ်ကံနည်းခဲ့လို့ အခုလို နေစရာမရှိ စားစရာမပြည့်စုံတဲ့ ဘဝကို ရောက်နေရတာ သားလည်း ကိုယ့်ကိုယ်ကို ဂရုစိုက်အုံး နှာခေါင်းအုပ်ကြီးလည်း တက်သွားအုံး”
“ဟုတ်တယ်အမေ”
လမ်းထိပ်သို့ ထွက်သွားသော ကောင်းသစ်ကျောပြင်ကို ကောင်းသစ်မအေကြီးက တစိမ့်စိမ့်ကြည့်နေသည်။ မအေကြီးမျက်ဝန်းအစုံမှာ မျက်ရည်စို့လျက်။ တစ်ခုခုကို စိုးရိမ်မိပြီး တစ်ခုခုဖြစ်မည်ကို ခံစားမိပုံရသည်။
(၆)
ဖြောက် ဖြောက် ဖြောက်
ဂျိမ်းဂျိမ်းဂျိမ်း ဂျိမ်း
အိမ်အမိုးဆိုရသော မိုးကာစပေါ်သို့ မိုးရေစက်က တဖြောက်ဖြောက်ကျနေသည်။ မိုးကြိုးလည်း ခြိမ်းနေသည်။ ဒီညတော့ မိုးကြီး ကျလိမ့်မယ်ထင်သည်။ မိုးကြီးအောက်က တံခါးပိတ်မရှိသည့်အိမ်အဝင်ကနေ တစ်စုံတစ်ယောက်ကို မျှော်နေသော လူနှစ်တစ်ယောက်ရှိသည်။ အမိုးကလည်း ကောင်းစွာမလုံ။ မိုးရေစက်များက ထိုသူနှစ်ယောက်ပေါ်သို့ ကျနေသည်။ နှစ်ယောက်စလုံးလည်း ရွဲစိုနေပြီး ချမ်းနေသည်။ မျှော်နေသူနှစ်ယောက်က ကောင်းသစ်အမေနဲ့သူ့ညီလေး ဖြစ်သည်။ ပရဟိတအဖွဲ့နဲ့ လိုက်သွားသော ကောင်းသစ်ကို မျှော်နေခြင်း ဖြစ်သည်။
“ကောင်းသစ်အိမ် ဟုတ်တယ်မလား”
“ဟုတ်တယ်ကွဲ့လူလေး”
“အမေကြီးက ကောင်းသစ်အမေလား”
“ဟုတ်တယ်ကွဲ့”
“အမေကြီး စိတ်ခိုင်အောင်ထားပါနော် ကိုရိုနာရောဂါရှင်ကို ကူညီစောင့်ရှောက်ရင်း ရောဂါပိုးက ကောင်းသစ်ကို ကူးစက်ပြီး ကောင်းသစ် ဆုံးပြီ လမ်းထပ်အထိ ကောင်းသစ်အလောင်းကို သယ်လာတယ် အမေကြီး”
“ငါ့သားလေး ငါ့သားလေး ဆုံးပြီဟုတ်လား ငါ့သားလေး ငါ့သားလေး”
ကောင်းသစ်ဆုံးပြီ အသံကြားသည့်နှင့် မအေကြီးခဗျာ ’ငါ့သားလေး ငါ့သားလေး’ အော်ခေါ်ပြီး လမ်းထိပ်ကကောင်းသစ်အလောင်းရှိရာကို ပြေးလွှားသွားသည်။ မိုးရေများအတွင်း ဆောင်းစရာထီးမယူပဲ သားအလောင်းရှိရာသို့ ပြေးသွားသည်။ ညီငယ်လေးကလည်း မျက်ရည် တစ်ဝဲလည်လည်နဲ့ လိုက်သွားသည်။ မအေကြီး ပြေးလွှားပုံက မြန်ဆန်သည်။ အားမာန်ပြည့်လှသည်။ ပူဆွေးသောက ရောက်လို့ ပြေးခြင်းထက် သားအတွက် ဂုဏ်ယူမဆုံးဖြစ်လို့ အားမာန်နဲ့ ပြေးခြင်းဖြစ်သည်။ မိုးရေစက်များအတွင်း ပြေးလွှားရင်း ဂုဏ်ယူခြင်းပီတိမျက်ရည်များ စီးကျလျက်ရှိသည်။
#အောင်မြင့်သူ