July 31, 2025
Uncategorized

လူသာလျှင်

မောင်လွမ်းသူ
လူသာလျှင်

တစ်နေ့က မိတ်ဆွေတစ်ဦးနှင့် ဆုံမိ၍ သူက စကားဆန်းတစ်ခု ပြောသည်။

“ခင်ဗျားတို့မုဆိုးတွေဟာ ဖဲသမားနဲ့ အတူတူပဲ”

“ဟာ… ဘာကြောင့်လဲဗျာ”

“ဖဲသမားဟာ သူနိုင်ခဲ့တာတွေပဲ ပြောတတ်တယ်။ ရှုံးခဲ့တာတွေတော့ ထည့်မပြောဘူး။ ခင်ဗျားတို့လဲ အတူတူပဲ။ ဘယ်တုန်းက ဘာကောင်ကြီး ပစ်လို့ ရလိုက်တယ်၊ ဘယ်လို ခက်ခက်ခဲခဲ စွန့်စွန့်စားစား ပစ်လိုက်ရတယ်ဆိုတာပဲ ပြောတတ် ရေးတတတ်တယ်။ ပစ်လို့ ချော်ခဲ့တာတွေ၊ မရတာတွေတော့ မပြောတော့ဘူး”

“ဟာ… ကျုပ်ကတော့ ဒီလိုလူစား မဟုတ်ပါဘူးဗျာ”

“ဒါဖြင့် ခင်ဗျားပစ်လို့ လွှဲချော်ခဲ့တာတွေ၊ မရတာတွေ ရှိခဲ့ဖူးမှာပေါ့”

“အများကြီးပေါ့ဗျာ”

“အဲဒါတွေလဲ တစ်လှည့်တလေ ပြောဦး ရေးဦးမှပေါ့ဗျ”

သူပြောမှ အောက်ဖော်ပြမည့် အဖြစ်အပျက်ကလေးကို ကျွန်တော် တရေးရေးပြန်၍ သတိရမိပါတော့သည်။

(၂)

သည်တစ်ပတ် တောလည်ထွက်ခဲ့ရသည်မှာ အဆင်မပြေချင်တော့ စစချင်း ဆောက်နှင့်ထွင်း ဆိုရမည်ကဲ့သို့ ဖြစ်တော့သည်။

ကျွန်တော်နှင့် တပည့်ဟောင်းတစ်ဦးဖြစ်သူ အောင်ပြန့်တို့ နှစ်ဦးသားသည် တောလည်ဘက် ရဲဘော်ကြီးတစ်ဦး ဖြစ်သူ ကိုရွှေဝင်း၏ တဲရှိရာ အိုက်ကြီးကွင်းသို့ မျှော်လင့်တကြီးနှင့် လာခဲ့ကြသည်။ သူ့တဲရောက်တော့ သူ့ကို မတွေ့ရ။ တောင်ပေါ် ညဥ့်အိပ် ဝါးခုတ်သွားတာ နှစ်ညရှိပြီဆိုပဲ။ နက်ဖြန်မှ ပြန်ရောက်မည်တဲ့။

ကျွန်တော်သည် သူနှင့် မတွေ့ရ၍ အားလျော့သွားတော့သည်။ သည်တောမှာ သူမှ အကျွမ်းဆုံး မဟုတ်လား။

အောင်ပြန့်မှာ ဆရာတပည့်မို့သာ ကျွန်တော့်နောက် လိုက်၍ နေသည်။ ဘာမှ တောကျွမ်းသူ မဟုတ်။ သို့သော် သတ္တိအရာတွင်တော့ အားကိုးရသည်။

“ဆရာ… လာမှတော့ မပြန်ပါနဲ့။ ဦးကိုရွှေဝင်းနဲ့တွေ့အောင် စောင့်ပါဦး။ တော်ကြာ ကိုရွှေဝင်းပြန်လာရင် ကျွန်မကို အပြစ်တင်နေဦးမယ်။ နက်ဖြန်ဆို ပြန်ရောက်မှာပဲ။ ဒါမှ ဆရာ မစောင့်နိုင်ဘဲ ကနေ့ည လည်ချင်သေးတယ်ဆိုရင်လဲ ဒီတောမှာ ကျွမ်းတဲ့လူ ကျွန်မ ရှာပေးမယ်”

ကျွန်တော် ပြန်လှည့်ရန် ဟန်ပြင်လိုက်သောကြောင့် ကိုရွှေဝင်း၏ဇနီး မသီက ပျာပျာသလဲ တားပါသည်။ သူတို့ ဇနီးမောင်နှံမှာ ကျွန်တော့်အပေါ် အတော်ခင်မင်ကြပါသည်။ သူတို့တဲရောက်ပြီးလျှင် ဘယ်တော့မှ ထမင်းမစားဘဲ မပြန်ရ။ ကျွန်တော့်သာမက အခြား ဘယ်မုဆိုးကိုမဆို သိသိ မသိသိ၊ အမဲရရ မရရ၊ ပေးပေး မပေးပေး သူတို့တဲ ရောက်လာပြီဆိုလျှင် တတ်အားသရွေ့ ကျွေးမွေးပြုစုကြသည်။ လုံးဝ မငြူစူကြ။ အလွန်လည်း တွဲဖက်ညီသည့် လမယားပါပေ။

ကျွန်တော်၏ ဉာဉ်ဆိုးလေးတစ်ခုမှာ တစ်စုံတစ်ရာကို လုပ်မည်ဆိုလျှင် နည်းနည်းလေးဖြစ်စေ လုပ်ကို လုပ်လိုက်ရမှ ကျေနပ်သူ ဖြစ်သည်။ နောက်တစ်နေ့အားလပ်ရက်မို့ ယနေ့ည အားရအောင် တောလည်မည်ဟု အားခဲထားသည်ဖြစ်ရာ တောမလည်ရလျှင် ကျွန်တော် အိပ်ပျော်တော့မည် မဟုတ်။

“တောကျွမ်းရုံ လမ်းသိရုံနဲ့ မဖြစ်သေးဘူး မသီရေ၊ မုဆိုးနဲ့အတူတူ လိုက်ဖူးလိုက်စ ရှိတဲ့လူမှ ဖြစ်မှာ”

“အံမယ်လေး ရှိပါတယ်၊ ဟိုနားတဲက ကိုအောင်ခင်ဟာ သောင်နွတ်က ရဲမုဆိုးတွေလာတိုင်း လိုက်နေတာပဲ။ သူ့ သွားခေါ်ရင် ရပါတယ်။ ဆရာ အေးအေးဆေးဆေးသာ နားဦး။ စားသောက်ပြီးရင် ကျွန်မ ခေါ်ပေးမယ်”

သူပြောသည့် ကိုအောင်ခင်ဆိုသူကို ကျွန်တော် မျက်မှန်းတန်းမိရုံသာ ရှိသည်။ ကောင်းစွာ မရင်းနှီးလှပါ။ ဤနယ်သို့ ကျွန်တော်ရောက်စသာ ရှိသေးသည်ဖြစ်ရာ ဤတောတောင်တွေမှာ နှံ့နှံ့စပ်စပ် မကျွမ်းကျင်သေးပေ။ ထို့ကြောင့် ကိုယ်တိုင်ဦးဆောင်၍ မလည်တတ်သေး။ သို့အတွက် မလည်ရဘဲ အိပ် နေရမည့်အတူတူ ရသည့်လူနှင့် လည်တော့မည်ဟု ဆုံးဖြတ်လိုက်မိသည်။

ညနေစာ စားအပြီး မှောင်ရီပျိုးစတွင် မငွေသီပြောသည့် ကိုအောင်ခင် ရောက်လာသည်။ သူသည် ကျွန်တော့်ထက် အသက်ကြီးမည်။ အတော်လည်း ပါးစပ်များသူ ဖြစ်သည်။

ရောက်လာကတည်းက ဘယ်တောမှာ သူ ဘယ်လို လိုက်ခဲ့သည်၊ ဘယ်မုဆိုးနှင့် ဘယ်အကောင်တွေကို ဘယ်လိုပစ်လိုက်သည် စသည်ဖြင့် သူကသာ ဦးဆောင်၍ မနားတမ်း ပြောနေတော့သည်။

အခါရာသီမှာ ကောက်ကြီးသိမ်းဆဲ တပို့တွဲလဆန်းစ သာဖြစ်ရာ အင်းတွေမှာ ဆတ်တွေ ခွာရေစိမ် အများဆုံး ဆင်းတတ်သော ရာသီပင်ဖြစ်သည်။ တောင်ပေါ်၌ တောမီးမလောင်သေး၍ တောင်ပေါ်ကိုတော့ မလိုက်နိုင်သေးပါ။

ထို့ကြောင့် ကျွန်တော် သူ့ကို တစ်ခုပဲ မေးမိသည်။

“ဒီအနီးအနားက အင်းတွေတော့ ခင်ဗျား အကုန်သိမှာပေါ့နော်”

သူက ဝင့်ကြွားသော အမူအရာနှင့်

“အံမယ်လေး၊ ဆရာ ဘယ်အင်း သွားချင်သလဲ၊
ပြောလိုက်စမ်း ဆရာ။

“ကောင်းပြီလေ၊ အင်းတွေနှံ့အောင် လိုက်ကြမယ်။ အဆင်းများတဲ့အင်းကို အလျင်ဆုံးသွားဗျာ။ သားကောင်ဆင်းတဲ့ဘက်က ပိတ်မိပါစေ”

“အဆင်းအများဆုံးကတော့ နတ်စွယ်အင်းပဲ။ တစ်ခုတော့ ပြောမယ်နော် ဆရာ။ တစ်ခါတည်းပိုင်အောင်ပစ်ပါ။ နေရာတင် မလဲရင်တော့ ဒီအင်းက လိုက်လို့ မလွယ်တော့ဘူး”

“ဘာလို့လဲ၊ တောထူလို့လား”

“ဘယ်ဟုတ်မလဲ ဆရာ၊ နတ်ကြီးလို့ပေါ့။ နာမည်ကိုက နတ်စွယ်အင်းတဲ့။ ဒီအရှင်ကြီးက အင်မတန် တွန့်တိုတယ်။ ရှေးကဆို ဒီအင်းမှာ ငါးတောင် မရှာရဲကြဘူး”

ကျွန်တော်သည် ခုမှတွေ့ရသူတစ်ဦးကို အတိုက်အခံ မပြောလိုသည်နှင့် ဘာမှမပြောဘဲ အသာနေလိုက်ပါတော့သည်။

(၃)

ညဉ့်သည် ပိန်းပိတ်အောင်မှောင်၍ ငြိမ်သက် တိတ်ဆိတ်လျက် ရှိပါ၏။ ညဉ့်နက်သည်နှင့်အမျှ အအေးဓာတ်က ပိုလာတော့သည်။ ကျွန်တော်တို့သည် အချမ်းပြေစေရန် ရေနွေးတစ်အိုးပြီး တစ်အိုး တည်သောက်နေရတော့သည်။

ဆယ်နာရီလောက်ရှိမှ ကျွန်တော်တို့သုံးဦး ကိုရွှေဝင်းတဲမှ ထွက်ခဲ့ကြပါသည်။ ဦးစွာ ကောက်သင်းကောက်လိုက်သည့် ဝက်တွေ တွေ့လို တွေ့ငြား လယ်စပ်တစ်လျှောက် မီးထိုး၍ ရှာခဲ့ကြပါသည်။

တောကြောင် တစ်ကောင်မှအပ ဘာသားကောင်မှမတွေ့ခဲ့ရ။

ကျွန်တော်တို့သည် တစ်ဖက်သို့ ပြန်လှည့်လာခဲ့ကြသည်။ ကိုအောင်ခင်က လမ်းပြသဖြင့် ကျွဲ၊ နွားများ သွားထားသည့် လမ်းကြောင်းလေးအတိုင်း ကိုင်းတောကိုဖြတ်၍ ကျွန်တော်က ရှေ့ဆုံးမှ တိုးပြီးဝင်ခဲ့သည်။

ကိုင်းတောလွန်လျှင် နတ်စွယ်အင်းကို ရောက်တော့မည်ဟု ဆိုပါသည်။ ကိုက်တစ်ရာခန့်လောက် ကိုင်းတောကို ဖြတ်သွားရမည်ဟု ပြောသဖြင့် ကိုင်းတိုးသံ မကြားရအောင် တဖြည်းဖြည်းချင်း လာခဲ့ရသည်။

တစ်ချက် တစ်ချက်သာ မီးထိုးကြည့်ရပါသည်။ တစ်ဆက်တည်းထိုး၍ မဖြစ်။ မီးရောင်ကို အဝေးက ဆတ် မြင်သော် လန့်ပြေးပေလိမ့်မည်။ ရှေ့ခပ်လှမ်းလှမ်းတွင် လင်းလင်းအကွက်ကို ကိုင်းကြားမှ ရုတ်တရက် မြင်လိုက်ရသည်။

ကိုင်းတောဆုံး၍ အင်း ရောက်တော့မှာပါလား။

ကျွန်တော်သည် အသာ ခြေသံထိန်း၍တက်ခဲ့ကာ အင်းစပ် ရောက်ရောက်ချင်း မီးကိုအပေါ်ထောင်၍ ထိုးပြီး ဖြည်းဖြည်းချင်း အောက်စိုက်ချလိုက်ပါသည်။

ကျွန်တော့်ကို ဘေးတိုက်ပေးနေသော ချိုထောင်ကြီးနှင့် ဆတ်ဖားကြီးကို မီးရောင်တွင် အထင်အရှား မြင်လိုက်ရသည်။ ဆတ်ကြီးသည် အင်းရေကျသွားသော နေရာ၌ ပေါက်နေသည့် မြက်ရဲနုများကို စားနေသည်။

ကျွန်တော်သည် ပခုံးပေါ် ထမ်းထားသည့် ဂျပန်ရိုင်ဖယ် ပြောင်းရှည်ကိုချကာ အသာကျိတ်၍ မောင်းတင်လိုက်သည်။ ဖြစ်ချင်တော့ ကျွန်တော့်နောက်က တစ်စုံတစ်ယောက်၏ ကိုင်းပင် ဝင်တိုးမိသံ ဖြစ်ဟန်တူသည့် “ဝေါ”ဟူသော အသံ ကြားလိုက်ရသည်။

ကိုင်းတိုးသံကြောင့် အနီးရှိ သစ်ပင်ပေါ်မှု ဒေါင်းကလည်း လန့်ပျံသွားတော့သည်။

ပါးနပ်လှသော ဆတ်ကလည်း မီးထိုးမခံတော့ပါ။ အတင်းပြေး၍။ အတင်းပြေး၍ တစ်ဖက်ကိုင်းတောထဲဝင်ရန် ဟန်ပြင်လိုက်သည်။ ကျွန်တော်သည် ကိုင်းတောထဲဝင်ခါနီး ဆတ်ကို ထိုးပစ် ပစ်လိုက်ရ တော့သည်။ ကောင်းစွာ မချိန်လိုက်ရပါ။ မြောက်ခနဲ ခုန်သွားသော ဆတ်ကို မီးရောင်တွင် ရိပ်ခနဲ မြင်လိုက်ရသည်။ နောက် တဝေါဝေါနှင့် ကိုင်းကို သွားသံ ကြားလိုက်ရသည်။

ထိတော့ ထိသွားဟန် တူပါသည်။

ကျွန်တော်သည် ပစ်ကျင်းကို သွားကြည့်မိသည်။ သွေးစက်တွေတော့ တွေ့ရပါသည်။ အနီးရှိ ကိုင်းရုံကို တိုက်သွား၍ ကိုင်းရုံမှာလည်း သွေးတွေ ပေကျံခဲ့သည်။ ကိုင်းပင်တွေ ထူထပ်လွန်းသဖြင့် ညတွင်းချင်း ဆက်လိုက်ရန် မလွယ်ပါ။

ထို့ပြင် အရမ်းတောတိုးကာ ဆက်လိုက်ခဲ့သော် သွေးလန့်ပြီး ဆတ် ခေါင်းမာသွားလျှင် လိုက်၍ လွယ်တော့မည် မဟုတ်သဖြင့် ကျွန်တော်တို့ ဆက်မလိုက်တော့ပါ။ မနက်မှ ရှာကြမည်ဟု ထားခဲ့ပြီး အခြားအင်းတွေဘက် လှည့်ခဲ့ကြသည်။

လမ်းတွင် ကိုအောင်ခင်နှင့် အောင်ပြန့်တို့ ကိုင်းရုံကို သူတိုက်သည် ငါတိုက်သည်၊ သူ့ကြောင့် ငါ့ကြောင့် ကောင်းကောင်းချိန်မပစ်လိုက်ရတာဟု အငြင်းအခုံ ဖြစ်လာကြသေးသည်။ ကျွန်တော်တို့သည် အခြားအင်းများဘက်သို့ ဆက်လိုက်ခဲ့ကြသော်လည်း နောက်ထပ်သားကောင် မတွေ့ရတော့ပါ။

ကိုရွှေဝင်းတဲသို့ပြန်ရောက်ချိန်မှာ လင်းအားကြီး နာရီပြန်နှစ်ချက်ကျော်ပြီ ဖြစ်၍ လူမှာ ခိုက်ခိုက်တုန်အောင် ချမ်းလှပေပြီ။ ခြေတွေ လက်တွေ မီးကင်လိုက်မှ နေသာထိုင်သာ ရှိသွားတော့သည်။

“ကဲ… ခဏနားပြီးရင် ကျွန်တော်တို့ ဇီးဖြူကုန်းရွာ သွားလို့ ဦးအောင်မှတ်ရဲ့ တောလိုက်ခွေးတွေ ခေါ်ချေရအောင်”

ကျွန်တော်က သူတို့ကို စ၍ ပြောလိုက်ပါသည်။

“ဟာ.. ဒါလောက် သွေးမြင်ရပြီးမှ ခွေးခေါ်ဖို့ မလိုတော့ပါဘူးဆရာ။ မနက်ဆို အသေကောင် တွေ့ချေတော့မှာပါ”

ကိုအောင်ခင်က ပြောလိုက်သည်။

“မမြင်ရသေးဘဲ ဒီလို သေချာပေါက် မပြောနဲ့လေ။ ထင်သလိုမဖြစ်ရင် ဘယ်လို လုပ်ရမလဲဆိုတဲ့ အပိုင်းကို အရင် စဉ်းစားထားရတယ်”

“ဇီးဖြူကုန်းက အဝေးကြီး ဆရာ။ အသွားအပြန် ခုနစ်မိုင်လောက် ရှိမယ်။ ဘယ်မှာ အိပ်ချိန်ရှိတော့မှာလဲ”

“တစ်ညတလေ မအိပ်ရလဲ ဘာအရေးလဲဗျ။ မနက်လင်းမှ သွားခေါ်ရင် ဒီကို ဆယ်နာရီလောက်မှ ပြန်ရောက်မယ်။ သွေးနံ့ဆိုတာ လောလောလတ်လတ်လိုက်မှ ကောင်းတာ။ အချိန်ကြာလို့ ပြယ်သွားရင် ခွေး ဘယ်လောက်ကောင်းကောင်း လိုက်လို့မလွယ်တော့ဘူး”

“တော်ပါပြီ ဆရာ ခွေးမခေါ်ပါနဲ့တော့။ ခေါ်ချင်လဲ ဒီနားတဲက ကျော်ဦးရဲ့ ခွေးနှစ်ကောင် ခေါ်ခဲ့တာပေါ့။ သူ့ခွေးတွေလဲ အခင်းထဲဝင်တဲ့ တောကြက်တို့ မျောက်တို့တော့ လိုက်ဖော်ရပါတယ်”

“တောကြက်တို့ မျောက်တို့ကို မြင်လို့ လိုက်တတ်တာနဲ့ သွေးနံ့ခံတတ်တာနဲ့ တခြားစီပဲဗျာ”

တို့နှစ်ဦးစလုံးကို ကြည့်ရသည်မှာ ဘယ်လိုမှ ခေါ်၍ ရမည့်ပုံ မပေါ်ပါ။

ဟုတ်တော့ ဟုတ်ပါသည်။

အထက် ချင်းတွင်းဒေသ တပို့တွဲလ၏ လင်းအားကြီးအချိန်သည် အရိုးကွဲမတတ် ချမ်းအေးလှပါ တော့သည်။

တစ်ညလုံး တောလည်ထား၍ ပင်ပန်းနေသည့်ကြားထဲ ဤလို အချိန်ကြီးမှာ အသွားအပြန် ခုနစ်မိုင်ခရီးကို ဘယ်သူသွားချင်တော့အံ့နည်း။ ထို့ကြောင့် ဘာမှ ဆက်မပြောတော့ဘဲ မီးဖိုဘေးတွင် စောင်ခြုံ၍ ကွေးအိပ်လိုက်ပါတော့သည်။

(၄)

နံနက်လင်း၍ နှင်းကွဲစပြုပြီ ဖြစ်ပါသည်။ ကျွန်တော်တို့သည် အနီးရှိတဲမှ ကျော်ဦးနှင့် သူ့ခွေးတွေကိုပါ ခေါ်ခဲ့ကြသည်။

“ကျွန်တော့် ခွေးတွေကတော့ လိုက်ဖူးလိုက်စ မရှိဘူးနော် ဆရာ”

ကျော်ဦးက ဗြောင်ဖွင့်ပြောသည်။

“အေးကွာ၊ ငါ့သဘောကတော့ ခေါ်တောင် မခေါ် ခဲ့ချင်ခဲ့ဘူး။ ဒါပေမယ့် ခွေးဆိုတာ လူနှင့်စာရင် သူတို့က အကြိုအကြား ပိုပြီး ဝင်နိုင်တော့ တွေ့ချင်းတွေ သူတို့နဲ့အရင် တွေ့နိုင်အောင်ဆိုပြီး ခေါ်ခဲ့တာပဲ”

ကျွန်တော်တို့သည် ပစ်ကျင်းအနီးသို့ ရောက်ခဲ့ကြပါသည်။ ပြောလည်း ပြောလောက်သည်။

ခွေးတွေမှာ သွေးစက်တွေ တွေ့ရသောအခါ လျှာနှင့်သာ လျက်နေတော့သည်။ လူနားက မခွာတော့။

အနံ့ခံ၍လည်း မလိုက်တတ်ပါ။ ခွေးကို အားကိုးရပုံ မပေါ်သဖြင့် လူ့အစွမ်းအစနှင့် ဆက်လိုက်ကြရန် ကျွန်တော် စီစဉ်ရတော့သည်။

ကျွန်တော်သည် သူတို့ကို ကိုင်းတောအတွင်း မဝင်စေသေးဘဲ ပစ်ကျင်းကို အသေအချာ ကြည့်နေမိသည်။ သွေးစက်တို့တွင် အမြှုပ်ကလေးတွေ တွေ့ရသည်။ ထို့ကြောင့် အဆုတ် မှန်သွားခြင်းဖြစ်မည်ဟု တွက်မိသည်။ သွေးပေကျံခဲ့သော ကိုင်းပင်အမြင့်နှင့် ညက ပစ်လိုက်သည့် ဆတ်ကြီး၏ အရွယ်အစားတို့ကို ဆက်စပ်မှန်းဆကြည့်လိုက်သောအခါ ကျွန်တော့်ပစ်ချက်သည် အောက်နည်းနည်း ကျသွားပုံ ရပါသည်။

ကျွန်တော်သည် ပစ်ကျင်းနေရာတွင် ဖြတ်မွေးကို အတော် ဂရုစိုက်၍ ရှာကြည့်သည်။ ပစ်ချက်သည် သားကောင်ကို ထိရိုးမှန်က ဖြတ်မွေးသည် မကျဘဲ မနေပါ။ သွေးကတော့ အတည်ပြော၍ မရ။ ကျချင်မှ ကျသည်။

မကြာမီ ကျွန်တော် မျှော်လင့်ထားသည့် ဖြတ်မွေးတွေကို တွေ့ရပါသည်။ ကျွန်တော်သည် ဖြတ်မွေးတွေ ကောက်ယူ၍ အသေအချာ ကြည့်မိသည်။

အမွေးမှာ တိတိပြတ်နေသည်။ ထို့ကြောင့် တည့်တည့် ထိမှန်ကြောင်း သိရပါ၏။

ရှပ်၍ မှန်သွားခြင်းသာဖြစ်က အမွေးရင်းတွင် အရေ ပြားကလေးပါ ကပ်၍ ပါလာတတ်ပါသည်။

အမွှေးသည် အလုံးလည်း သေးသည်။ ထို့ပြင် မာကျောမနေဘဲ ခပ်ပျော့ပျော့ဖြစ်၍ ဝါဖျော့ဖျော့အရောင်ရှိသောကြောင့် ချိုင်းနောက် လက်ပပ်အောက်ရှိ ဗိုက်စပ်နားမှအမွေးဟု သိလိုက်ပါသည်။

ဤပညာတွေကိုတော့ ကျွန်တော့်ဆရာကြီး ဦးစံတင့် သင်ပြထား၍ အားလုံး ကျွန်တော် နားလည်နေပေပြီ။

ထို့ကြောင့် သားကောင်ကို အသေတွေ့ရဖို့တော့ မျှော်မထားတော့ပေ။ ရုတ်တရက်တော့ မသေနိုင်ဟု တွက်မိ၏။ သို့ဖြစ်ရာ ကျွန်တော်တို့သည် အတော် ဂရုစိုက်၍ ရှာရပေမည်။

ကိုက်းတောထဲတွင် ကျွဲနွားများ တိုး၍ သွားထားသော လမ်းကြောင်းကလေးများ လေးငါးကြောင်း ရှိနေသည်။ ကျွန်တော်သည် သွေးစက်တွေကျသွားသော လမ်းကြောင်းအတိုင်း အသာလိုက်ခဲ့သည်။

ဆယ်လှမ်းလောက် လှမ်းမိလျှင်ပင် အိုနေသော သွေးကွက်တစ်ကွက်ကို တွေ့ရသည်။ သားကောင် ရပ်နားသွားခြင်း ဖြစ်ပေမည်။

ရှေ့ဆက်၍ သွေးစက် သုံးလေးစက် တွေ့ရပြီး သွေးစက်ရော ခြေရာပါ ပျောက်သွားတော့သည်။ သွေးစက် အကျရပ်သွားသည့်တိုင် ခြေရာတော့ ရှိရပေမည်။ မြေပျော့ပျော့မို့ ခြေရာ မထင်ဘဲ မနေနိုင်ပါ။ တစ်ဖက်လှည့်သွားခြင်းသာ ဖြစ်မည်။

ကျွန်တော်သည် ကိုင်းစပ်အင်းဘက်သို့ ပြန်လှည့် ကြည့်လိုက်သည်။ ကျွန်တော့်ရဲဘော်သုံးဦးကို မမြင်ရတော့။ ကျွဲလမ်းကြောင်းတွေအတိုင်း ကိုင်းတောထဲ အသီးသီး ဝင်သွားကြခြင်း ဖြစ်ပေမည်။

ကျွန်းတာ်သည် လှည့်သွားသော ခြေရာကို အတော် ကြာကြာ ဆက်ရှာတော့မှ ဘယ်ဘက်ရှိ ကျွဲလမ်းကြောင်းအတိုင်း နောက်ပြန်လှည့်သွားကြောင်း တွေ့ရတော့သည်။

အင်း … လာလမ်း ပြန်တုံ့သွားခြင်းပါကလား။

ကျွန်တော်သည် ခြေရာအတိုင်း ဆက်လိုက်ကြည့်ရန် ကြံစည်နေမိစဉ်မှာပင် ကိုင်းတောအလယ် တစ်နေရာလောက်မှ ကိုအောင်ခင်၏ အသံကျယ်ကြီးက

“ဟေ့ ဟေ့ ဒီမှာ မင်းတို့ဆတ်၊ ဟာ … သွားပြီ … သွားပြီ၊ ပြေးပြီဟေ့ … အင်းဘက်ကို ပြန်ပြေးပြီ”

ကျွန်တော်သည် ချက်ချင်း ပြန်လှည့်ကာ အင်းဘက်သို့ ပြေးထွက်လိုက်ချိန် ကျွန်တော့်ရှေ့ ဆယ်ကိုက်လောက်မှ ဖြတ်ပြေးသော ဆတ်ညိုကြီးကို ရိပ်ခနဲ မြင်လိုက်ရသည်။

ကျွန်တော် ပစ်မည်ဆိုလျှင် ပစ်လိုက်နိုင်သော်လည်း ကိုယ့်လူတွေက ကိုင်းကြားထဲ ဘယ်နေရာတွေ ရောက်နေမှန်း မသိရသဖြင့် မပစ်ရဲပါ။ မတော်တဆ ဆတ်ကို ချော်၍သော်လည်းကောင်း၊ ဖောက်ထွင်းသွား၍သော် လည်းကောင်း ကိုယ့်လူကို ပြန်မှန်နိုင်သည်။

မုဆိုးတွေ ရှေ့လောကြီးပြီး အချင်းချင်း မှား၍ ပစ်မိတတ်သည် ဆိုသည်မှာ ဤလိုနေရာမျိုး ဖြစ်သည်။

ထို့ကြောင့် ဆတ်ကို မီအောင်သာ အတင်းထိုးလိုက်တော့သည်။ ထင်ထင်ရှားရှား အင်းကွက်ဆီ ရောက်မှ ပစ်မည်ဟု ကိုင်းပင်တွေကို တိုးကာ တရကြမ်း လိုက်မိတော့သည်။

ဖြစ်ချင်တော့ မိုးတွင်းက ကျွဲ နွားများ သွားထား၍ ယခုအခါ ခြောက်နေသော ကျွဲခြေရာခွက်ဟောင်း ကို နင်းချော်ကာ ကျွန်တော် ကျွမ်းထိုးမှောက်ခုံ လဲသွားတော့သည်။ ကျွန်တော်သည် ဆတ်ကို မျက်ခြည်ပြတ်သွားပါသည်။

ကျွန်တော် ပြန်ထနိုင်ချိန်တွင် ဆတ်ကို အရိပ်အယောင်မျှပင် မမြင်ရတော့ပါ။

ကျွန်တော် မလဲခင် ခွေးတွေလည်း ဆတ်နောက် လိုက်သွားကြ၏။ သို့သော် မှီအောင်မလိုက်။ ကိုက်အနည်းငယ်သာ လိုက်ပြီး နှစ်ကောင်စလုံး ပြန်လှည့် လာကြပါသည်။

အရေးထဲ ကိုအောင်ခင်သည် စိတ်ဆိုးဆိုးနှင့် ခွေးတွေကို လိုက်၍ လှံနှင့် ထိုးနေသဖြင့် ကျွန်တော်က တားထားရသည်။

ကိုအောင်ခင် ဆတ်ကို စတွေ့သည့်နေရာသို့ ကျွန်တော်တို့ ပြန်လှည့် ကြည့်ကြသည်။

ဆတ်သည် ရွှံ့အိုင်တွင် ဝပ်နေခဲ့ခြင်းဖြစ်ရာ ဒဏ်ရာကို ရွှံ့ပိတ်သွားပြီဖြစ်သဖြင့် ရှေ့ဆက် သွေးစက် တွေ့ရဖို့ မလွယ်တော့ပါ။

ကျွန်တော်တို့ လေးဦးသားသည် လူစုခွဲ၍ ပတ်ဝန်းကျင် မိုင်ဝက်လောက်အထိ တောတိုးကာ အနှံ့လိုက်ရှာကြသည်။ သို့သော် ခြေရာရော သွေးစက်ပါ မတွေ့တော့။

နေ တော်တော်မြင့်မှ ကျွန်တော်တို့ ကိုရွှေဝင်း၏ တဲသို့ ပြန်ခဲ့ကြသည်။ တဲရောက်တော့ ဆယ့်တစ်နာရီ ကျော်ပြီဖြစ်သည်။

“ဒါကြောင့် ဆရာ့ကို တစ်ခါတည်း ပိုင်အောင် ပစ်ပါလို့ အစတည်းက ပြောထားတာ။ ဒီအင်းက ဒီလိုချည်းပဲ။ နေရာတင် မလဲရင် လိုက်လို့ မရတော့ဘူး။ တကယ့်ကို နတ်ကြီးတာ ဆရာ”

မောနေသည့် ကြားထဲ ကိုအောင်ခင်က ရိလာပြန်သည်။

“ဒါတော့ ဒီအင်းမှ မဟုတ်ဘူးဗျို့ ၊ ဘယ်နေရာ ဖြစ်ဖြစ် ဒီလို ဖြစ်မှာပဲ။ နေရာတင် မလဲဘူးဆိုကတည်းက ချက်ချင်း သေလောက်တဲ့ချက်ကောင်း မထိလို့ဆိုတာ ထင်ရှားတာပဲ။ ဒီတော့ ဆက်လိုက်ရင် အသေတွေ့ချင် တွေ့မယ်။ မသေသေးဘဲ ထပ်ပစ်ရလို့ ရချင်လဲ ရမယ်။ လုံးလုံး မတွေ့တော့ဘဲ နေတာလဲ ရှိချင်ရှိမယ်။

စောစောက အဖြစ်လို တွေ့ရက်နဲ့ လိုက်မရတာလဲ ရှိချင်ရှိမယ်။ ဒီအခြေအနေတွေထဲက တစ်မျိုးမျိုးနဲ့ ရင်ဆိုင်ရတော့မှာ အမှန်ပဲ။ ဘာနတ်လဲ … ခင်ဗျား နတ်က ဘယ်လောက် ကြီးသလဲ။ တော်ပြီ … နောက်ထပ် မပြောနဲ့တော့”

ကျွန်တော်သည် စိတ်တိုတိုနှင့် ဘုတောမိတော့သည်။ ကိုအောင်ခင်သည် ဆက်မပြောတော့ဘဲ မငွေသီ ပြင်ပေးသည့် ထမင်းကိုသာ ငုံ့စားနေတော့သည်။

ကျွန်တော်တို့ ထမင်းစားပြီးချိန်တွင် ကံအားလျော်လွှာ ကိုရွှေဝင်းလည်း ဝါးတောမှ ပြန်ရောက် လာသည်။ သူ့မျက်နှာ မြင်လိုက်ရမှ ကျွန်တော် အားတက်သွားပါသည်။

သူနှင့် မရှေးမနှောင်းပင် ဇီးဖြူကုန်းရွာသား ခွေး မုဆိုး ဖိုးကြည်လည်း ခွေးသုံးကောင်နှင့် ရောက်လာ ပြန်သည်။ တောလည်ထွက်ခဲ့ရင်း ကိုရွှေဝင်း၏ တဲမှာ ခေတ္တဝင်နားခြင်း ဖြစ်သည်။ သူ့ ခွေးတွေမှာ တောလိုက်နေကျ ခွေးတွေပင် ဖြစ်သည်။

သူတို့ ဝိုင်းမေးကြသဖြင့် ညကအဖြစ်အပျက်ကို စုံစေ့အောင် ကျွန်တော် ပြန်ပြောလိုက်ပါသည်။

သွေးစက်တွေ တော်တော်များများ ကျသည်ဆို၍ ဖိုးကြည်မှာ အားတက်နေတော့သည်။ သွေးစက်သာ တွေ့ရလျှင် သူ့ခွေးတွေက မလွတ်တမ်း လိုက်တော့သည်ဟု ပြောပါသည်။ သူ ဘယ်လိုပြောပြော ကျွန်တော်တော့ သိပ်အားမရှိတော့ပါ။

အချိန်အတော်ကြာပြီ ဖြစ်သည့်အပြင် တစ်မနက်လုံး ကျွန်တော်တို့အနှံ့ လျှောက်မွှေထားပြီး ဖြစ်သဖြင့် အမဲနံ့၊ သွေးနံ့ ပြယ်လောက်ပြီ။

နေမြင့်သည်နှင့်အမျှ သွေးနံ့သည် ပြယ်လာတတ်သည် မဟုတ်ပါလော။

“ကျွန်တော်တို့ ထမင်းစားပြီး တစ်ခါ ထပ်ရှာကြသေးတာပေါ့ ဆရာ၊ အားမလျော့ပါနဲ့”

ကိုရွှေဝင်းရော ဖိုးကြည်ကပါ အားပေးပါသည်။

ကျွန်တော် အားတော့ မလျော့ပါ။ သို့သော် ရနိုင်ဖို့ မျှော်လင့်ချက်တော့ သိပ်မထားတော့။

ခေါင်းမာ၍ ထပြေးသော အမဲသည် ဘယ်တော့မှ နီးနီးနားနားမှာ မလဲတော့ပါ။ ကြောက်အား လန့်အားနှင့် အစွမ်းရှိသမျှ အသုံးချပြီး ဝေးနိုင်သမျှ ဝေးအောင် ပြေးတတ်ပါသည်။ သေလျှင်လည်း အတော်ဝေးဝေးမှာပင် တစ်ခါတည်း လဲသေ သေတတ်သည်။

သူတို့ ထမင်းစားပြီးနောက် မွန်းလွဲပိုင်းတွင် နောက်တစ်ပြန် ရှာကြပြန်သည်။ ဖိုးကြည်၏ ခွေးတွေ ဘယ်လောက်ကောင်းသည် ဆိုစေကာမူ အမဲတွေ့အောင်တော့ အနံ့မခံနိုင်တော့ပါ။

ခွေးမတွေမှာ အတော်တော့ နှံ့နှံ့စပ်စပ် လိုက်ကြသည်။ သို့ရာတွင် အမဲတွေ့ရသည်အထိကား မစွမ်းနိုင်ကြတော့။ ကျွန်တော်တို့သည် မောမောနှင့် ပြန်လှည့်ခဲ့ကြရသည်။

တဲပြန်ရောက်တော့ လူမှာ မူးဝေနောက်ကျိနေကာ ဖျားချင်သလိုလို ဖြစ်လာတော့၏။ ကျွန်တော်သည် ငှက်ဖျားအခံရှိသဖြင့် မကြာ မကြာ ဖျားတတ်ပါသည်။ ထို့ကြောင့် ရေနွေးပင် မသောက်တော့ဘဲ အိပ်ရာ၌ တုံးလုံးလှဲနေလိုက်သည်။ မျက်စိမှိတ်၍ မှိန်းနေမိသည်။

ကျွန်တော်တို့ မောလာသဖြင့် မငွေသီက ကောက် ညှင်းပေါင်းနှင့် ငါးခြောက်ဖုတ်များ ချကျွေးပါ သည်။ ကျွန်တော်သည် စားလိုစိတ် မရှိသဖြင့် ထ မစားသေးဘဲ အသာမှိန်းနေမိသည်။

ကိုအောင်ခင်တို့ကတော့ စားကောင်းသောက်ဖွယ်နှင့် တွေ့နေသဖြင့် အာချောင်ကောင်းနေတော့သည်။ သူတို့သည် ကျွန်တော် အိပ်ပျော်နေပြီဟု ထင်သဖြင့် လွတ်လွတ်လပ်လပ် ပြောချင်ရာ ပြောနေတော့ သည်။

“မင့်ဆရာက … တစ်ယူသန်ကြီးကွယ့်။ နတ်တွေ ဘာတွေလဲ ယုံတာမဟုတ်ဘူး။ ပြောချင်ရာပြော၊ လုပ်ချင်တာလုပ်တာ။ သူက ခဏနေ ပြန်သွားမှာ၊ တို့က ဒီမှာ နှစ်တိုင်း လာလာ လယ်လုပ်နေရတာ။ သူ ပြောသလို မပြောရဲဘူး၊ လုပ်လဲ မလုပ်ရဲဘူး။

ဒီလိုဆို တို့ ကျွဲနွားတွေ ကျားစာဖြစ်ကုန်တာ ကြာလှရောပေါ့။ ဒီတောက အရှင်ကြီးဟာ သိပ်ဆိုးတာ။ သူ တောင်ပြော မြောက်ပြော ပြောလို့ ဒီဆတ်ဟာ မရတော့တာ။ တကယ်ဆို ဖိုးကြည်ရဲ့ ခွေးတွေဟာ လိုက်နေကျ ခွေးတွေ ဒီခွေးတွေနဲ့လိုက်တာ ရဖို့ကောင်းတယ်။ ပထမ ကျော်ဦးရဲ့ ခွေးတွေကိုကလဲ အသုံးမကျတာကွ။ တွေ့လျက်နဲ့ မိအောင် မလိုက်နိုင်ဘူး”

ကိုအောင်ခင်က အောင်ပြန့်ကို ပြောနေခြင်း ဖြစ်သည်။ ကျွန်တော် အသာဆက်၍ နားထောင်နေမိသည်။

“ငါ ဒီလိုပြောတာ သူက ကြိုက်မှာမဟုတ်လို့ သူ့ရှေ့တော့ မပြောရဲဘူး။ မင်းလဲ သူနဲ့လိုက်နေပြီး သူပြောသလိုပြော၊ သူလုပ်သလိုတော့ လိုက်မလုပ်နဲ့နော်၊ ကျားစာ ဖြစ်သွား ဦးမယ်။ ငါတော့ မင်းအစား အသည်းယားလိုက်တာ။ တော်ပြီ၊ ငါလဲ နောက်တော့ မလိုက်ရဲဘူး။ မတော်တဆ ကျားအုပ် လိုက်မှဖြင့် မောင်၊ သူက သေနတ်ပါတာကွယ့်၊ တို့က ဓားချွန်ကလွဲလို့ ဘာမှပါတာမဟုတ်ဘူး။ ကြားက အချောင်ခံနေရမှာ”

အလို သူ့စကားတွေက ဘောင်ကျော်လာချေပြီကော။ ကျွန်တော့် ရဲဘော်ရဲဘက်တွေ၏ စိတ်ဓာတ်ကိုပင် ဖျက်ဆီးနေချေပြီကော။ ကျွန်တော် မရှင်းလျှင် မဖြစ်တော့။

ကျွန်တော်သည် တုံးလုံးလှဲရာမှ ရုတ်တရက် ထလိုက်၏။ ကိုအောင်ခင်တို့ အံ့အားသင့်ကုန်ကြပါသည်။

“ခင်ဗျားပြောတာတွေ ကျုပ် အကုန်ကြားပါတယ် ကိုအောင်ခင်။ ဘာနတ်လဲ၊ ဘာအရှင်ကြီးလဲ၊ ဘယ်မှာလဲ ခင်ဗျားအရှင်ကြီး”

“ကိုင်း.. ကိုင်း၊ ကျုပ်မပြောဘူးလား၊ တော်ပြီ… တော်ပြီ … ပြန်မှဖြစ်တော့မှာ”

ကိုအောင်ခင်က ဘေးချထားသည့် ဓားချွန်းကို ခါးကြား ပြန်ညှပ်ကာ ပြန်မည့်ဟန် ပြင်လိုက်သည်။

သူ့စကားကြောင့် ကိုရွှေဝင်း၊ အောင်ပြန့်နှင့် ဖိုးကြည်တို့တစ်တွေ ဝါးခနဲ ရယ်လိုက်ကြပါသည်။

“နေပါဦး ကိုအောင်ခင်၊ မပြန်ပါနဲ့ဦး။ ကျုပ်ပြောတာ နားထောင်စမ်းပါဦး။ အစက ကျုပ် မပြောတော့ဘူးလို့နေတာ။ ခင်ဗျားက ဒီလိုပြောနေတော့ ကျုပ်ကလဲ ပြန်ရှင်းပြမှာပဲ။ ဒီ ဆတ် မရလိုက်တာ ဘာကြောင့်လဲ ခင်ဗျား သိသလား”

“ပြောပါဦးလေ”

ကိုအောင်ခင်က ကျွန်တော့်ကို မကြည့်ဘဲ ငုံနေရာမှ ပြောလိုက်၏။

“ဒီမှာ၊ အလုပ်တစ်ခုကို အတူတူ လုပ်ကြပြီး မအောင်မြင်မှ ဟိုလူကြောင့် ဒီလူကြောင့်လို့ တစ်ဦးအပေါ် တစ်ဦး အပြစ်ဖို့ကြတာ ကျုပ် အမုန်းဆုံးပဲ။ ဒါပေမယ့် ခု ပြဿနာတော့ ကျုပ် ရှင်းပြရမှ ဖြစ်မယ်။ ဆတ် မရလိုက်တာဟာ လူ့အပြစ်ဗျ… လူ့အပြစ်။ ညက သွားကြတဲ့ ကျုပ်တို့ သုံးယောက်စလုံးရဲ့ အပြစ်ပဲ။

ပထမ အင်းကို လာကတည်းက ကျုပ်တို့ လမ်းလိုက် လွဲခဲ့ကြတယ်။ မနက်မှ ကျုပ် တစ်ဖက်က လှည်းလမ်းဆင်းကို မြင်တာ။ အဲဒီဘက်က လှည့်ဆင်းရင် ရှင်းရှင်းလင်းလင်းလဲ ရှိတယ်။ ဘာမှ တောတိုးစရာ မလိုဘူး။ သားကောင် လာလမ်းလဲ ပိတ်မိတယ်။

ခုတော့ ခင်ဗျားပြတဲ့လမ်းက ကိုင်းတောတိုးလာရတော့ ဆတ်က ကျုပ်တို့ ကိုင်းတိုးသံကို အလျင် ကြားနှင့်ပြီး သတိ လုပ်နေတော့မှာ။ ဒီကြားထဲ ပစ်ခါနီးမှ ခင်ဗျားတို့ထဲက တစ်ယောက်က ဝေါခနဲ ကိုင်းရုံကို ဝင်တိုက်လိုက်သေး။ သစ်ပင်ပေါ်က ဒေါင်းကလဲ လန့်ပျံလိုက်သေး။

ဘယ်မှာ ကျုပ် ကောင်းကောင်း ချိန်ပစ်လိုက်နိုင်တော့မှာလဲ။ ဒီလိုမှ မပစ်လဲ မပစ်ရတော့ဘူး။ နောက်လိုက်ဆိုတာ ရှေ့က မုဆိုးရဲ့ မီးထိုးနေပုံ အနေအထားကိုကြည့်ပြီး သားကောင်တွေ့နေတာ ဟုတ် မဟုတ်ဆိုတာ အကဲခတ်တတ်ရမယ်။

ထားပါ … မနက် ရှာကြတော့လဲ တကယ်ဆို ခင်ဗျားက ဆတ်ကို အလျင်ဆုံး သွားတွေ့တာပဲ။ ကိုင်းပင်တွေ ကွယ်နေလို့ လှံနဲ့ မထိုးသာရင်လဲ အသာတိတ်တိတ်ကလေး နောက်ပြန် လှည့်လာပြီး ကျွန်တော့် လာခေါ်ရင် ဖြစ်တာပဲ။

ဒီလို မလုပ်ဘဲ ခင်ဗျားက အတင်းအော်လိုက်တော့ ဆတ်က သွေးလန့်ပြီး ခေါင်းမာသွားတော့တာပေါ့၊ ခေါင်းမာလို့ ထပြေးတဲ့ သားကောင်ဟာ ဘယ်တော့မှ နီးနီးနားနားမှာ မလဲတော့ဘူးဆိုတာ ခင်ဗျားလဲ မုဆိုးနောက်လိုက် လုပ်နေတာ ကြာလှပြီး သိမှာပါ့။

နောက်ပြီး ခင်ဗျားက ကျော်ဦးရဲ့ ခွေးတွေကို အပြစ်တင်နေသေးတယ်။ ဒီခွေးတွေ လိုက်ဖူးလိုက်စ မရှိပါဘူးလို့ ပြောတဲ့ကြားထဲက ဘယ်သူခေါ်လာတာလဲ။ ဒီတော့ ခွေးအပြစ်လား။

ညကတည်းက ဇီးဖြူကုန်းက ဦးအောင်မှတ်ရဲ့ ခွေးတွေ သွားခေါ်ရအောင်ပါလို့ ကျုပ် ပြောတာလဲ ခင်ဗျားတို့ နားမထောင်ကြဘူး။ ကျုပ်ကိုယ်တိုင်ကလဲ ပြောသာပြောတယ်။ ဇွတ်မှိတ်ပြီး ခင်ဗျားတို့ကို အပါမခေါ်မိဘူး။

ပြီးတော့ ခင်ဗျားက ဒီအရှင်ကြီးက အင်မတန် တွန့်တိုတယ် ဘာတယ် ပြောလိုက်သေးတယ်။ ဘာ အရှင်ကြီးလဲ။ ဘယ်မှာလဲ သူက။ သူမွေးထားတဲ့ အကောင်တွေလား။ ဒီလိုဆို ဘာလို့ မုဆိုးနဲ့ တွေ့စေသေးသလဲ။ အနာဒဏ်ရာ ရစေသေးသလဲ။

နဂိုထဲက မုဆိုးမရောက်နိုင်တဲ့နေရာ ပို့ထားပါလား။ အဓိပ္ပာယ်မရှိတာတွေ ခင်ဗျားတို့ ပြောမနေနဲ့။ ညက အဖြစ်မှာ အဓိက တရားခံကတော့ ကျုပ်အပါအဝင် လူ့အပြစ်ပဲ။

ကောင်းအောင်လုပ်နိုင်တာလဲ လူပဲ၊ ဆိုးအောင် လုပ်နိုင်တာလဲ လူပဲ။ အရာရာမှာ အဓိက အကျဆုံးဟာ လူပဲ။ လူ့ အခန်းကဏ္ဍဟာ မသေးဘူး။ ကနေ့ သိပ္ပံပညာ တိုးတက်ပြီး လပေါ်ရောက်အောင် သွားနိုင်တာလဲ လူအစွမ်းကြောင့်ပဲ။

ခုနေ ကျုပ် ပြောတော့ ခင်ဗျား ယုံချင်မှ ယုံမယ်၊ ကြည့်နေ။ ခင်ဗျားပြောတဲ့ နတ်စွယ်အင်းမှာကို ကျုပ် အမဲ တစ်ကောင်ကောင်ရအောင် ပစ်ပြမယ်။ ခင်ဗျား ပါချင်ပါ မပါချင်နေ။ အမဲရရင် ခင်ဗျားကိုပါ လာခေါ်မယ်။ ခင်ဗျား ဟင်းစားတော့ ရဦးမှာပေါ့၊ ကျုပ်ပြောတာ မယုံရင် တစ်နေ့ ကြည့်ပေါ့ဗျာ”

ကျွန်တော်သည် စကားရှည်ကြီးကို တစ်ဆက် တည်း ပြောရာမှ မောမောနှင့် ဖြတ်လိုက်သည်။

ကိုအောင်ခင်သည် ကျွန်တော့်ကို ဘာမှ ပြန်မပြောပါ။ ကျွန်တော်ပြောတာ သဘောပေါက်သွား၍လော၊ ပြန်မပြောဝံ့၍လောတော့ မသိ။

ဘာပဲဖြစ်ဖြစ် ကျွန်တော့်မှာဘော့ နှုတ်ကြွေးတစ်ခု တင်သွားပေသည်။ တစ်နေ့နေ့တွင် ဒီအင်းမှာ အမဲ တစ်ကောင်ကောင်ရအောင် ပစ်ပြမည်ဟု သူ့ကို အတိအကျပြော၍ ကတိပေးထားခဲ့ပြီ ဖြစ်သည်။

သည်နှုတ်ကြွေးကို တစ်နေ့တွင် ကျွန်တော် အမှန်ပင် ဆပ်ရပေဦးမည်။

– ပြီး –

စာရေးသူ – မောင်လွမ်းသူ

Leave a Reply

Your email address will not be published. Required fields are marked *