July 31, 2025
Uncategorized

လူသွေးသောက် ကိုယ်ပျောက်အမဲကြီး

လူသွေးသောက် ကိုယ်ပျောက်အမဲကြီး

(၁)

“ဗျို့ … ကိုစံရေး … ကိုစံရေး ၊ ခင်ဗျားတို့ ယာထဲမှာ ကျွဲတွေ ရောက်နေတယ်ဗျို့….”

အော်ဟစ်လာရောက် သတိပေးလိုက်သူမှာ မောင်ထွန်းဆိုသူ အသက် ၂ဝ ခန့်ရှိ လူပျိုကလေးဖြစ်သည်။

မောင်ထွန်း၏ အသံကြောင့် ကိုစံရေးမှာ အိမ်တွင်းမှ ကိုင်းဓါးရှည်ကြီး ဆွဲထွက်လာသည်။

“ဟေ… ဘယ်က ကျွဲအုပ်လဲကွ။ ဒီဘက် ကျွဲတွေ ဖိုးသာပြန့် စားကွင်းထဲမှာ ဒီအချိန်ရှိရမှာပေါ့။ ဘယ် က ကျွဲတွေများလဲ”

“ကျုပ်လဲ မသိဘူးဗျ…. ကျုပ် သွားမောင်းသေးတယ်။ အကောင်ကြီးတကောင်က အတင်း ထွက်လိုက်လို့ မနည်း ပြေးခဲ့ရတယ်ဗျ။ ကြီးလိုက်တဲ့ အကောင်ကြီးတွေဗျာ”

“ဘယ်နှစ်ကောင်လောက် ရှိမလဲ”

“ငါးကောင်ထက် မနဲဘူးဗျ။ ခင်ဗျား ပြောင်းပင် ကလေးတွေတော့ တဂျွမ်းဂျွမ်း နင်းစားနေသဗျာ”

ကိုစံရေးမှာ နောက်ဆုံးစကားသံ အဆုံးတွင် မည်သို့မျှ မျက်စိတွင် မမြင်နိုင်တော့ဘဲ သူ၏ ကိုင်းခုတ်ဓါးရှည်ကြီးကို ဆွဲ၍ ယာကွင်းဆီသို့ အပြေး ထွက်သွားလေ၏။

ရွာတွင်းတွင်လည်း စံရေး၏ ပြောင်းခင်းထဲသို့ ကျွဲကြီးများ မွှေနောက်ဖျက်ဆီးနေကြောင်းမှာ သတင်းပျံ့နှံ့သွားလေတော့သည်။

နေရာဒေသမှာ ဟင်္သာတမြို့ခရိုင် ၊ ထူးကြီးမြို့ကလေး၏ အနောက်ဘက် ရခိုင်ရိုးမ တောင်ကြောပေါ် တွင် တည်ရှိသည့် (ကျောက်ရေအိုး) ဆိုသည့် ရွာကလေး ဖြစ်၏။

ကျောက်ရေအိုးဟု ခေါ် သည်မှာလည်း ထိုရွာကလေး၏ အရှေ့ဘက်တောင်မှာ ကျောက်တလုံးတောင်ဖြစ်၍ တောင်၏ပုံမှာ ရေအိုးကြီးတလုံးကဲ့သို တူလှသဖြင့် ကျောက်ရေအိုးဟု ခေါ်တွင်ခြင်းပင် ဖြစ်သည်။

ကိုစံရေးသည် သူ၏ ယာထဲသို့ ကျွဲအုပ်ဝင်ရောက်ကာ စားသောက်နေသည်ဟူသော သတင်းကြောင့် ခေါင်းတခုလုံး မီးလောင်သကဲ့သို ကိုင်းခုတ်ဓါးရှည် ကြီးကို ဆွဲ၍ ပြေးလွှားသွားခဲ့၏။

သို့သော်….။

အချိန်ကြာသော်လည်း ပြန်ရောက်မလာချေ။

ယင်းကြောင့်လည်း ကိုစံရေး၏ မိန်းမ ဒေါ်ပိန်သည် ရွာထဲမှ လူများကို အကူအညီတောင်းရလေသည်။

အချိန်ကား နံနက်ဆွမ်းခံပြန်ချိန် ဖြစ်သည်။

မောင်ထွန်းလာ သတင်းပေးသည့်အချိန်က နံနက် ၁၀-နာရီခန့်သာ ဖြစ်၏။ ယခု ၁ဝ နာရီနီးပါး ရှိပြီ။ ရွာဦးကျောင်းမှ ဆွမ်းခံကျောင်းသားများပင် ပြန်ကြပြီ။

ပြောင်း, နှမ်း, ကလော,…. အခြားသီးပင်များ စိုက်ထားသည့် ယာတောမှာ ရွာနှင့် တခေါ်သာသာ တောင်ရိုးအခေါ် ခွေးတဟောင်ခန့် သာလျှင် ကွာမည်။ ခွေးတဟောင်သည် တမိုင်နီးပါးမျှ တမိုင် ကျော်လေးမျှ ကွာဝေးတတ်သည်။

မပိန်သေးက ရွာသူကြီးများ အိမ်နီးချင်းများကို အော်ဟစ်၍ပြောရ၏။

“ဘကြီးမြိုင်တို့၊ ကိုဘိုးချစ်တို့ရေ … စံရေး တယောက် ယာထဲကို လိုက်သွားတာ မပြန်သေးဘူးတော့…. လိုက်ပေးကြပါအုံး… “

မပိန်တွင် အခါလည်သားလေး ရှိနေသဖြင့် ခါးထစ်ခွင်၍ ပြောရသည်။ အပေါ် အင်္ကျီပင် မရှိချေ။ ထမီကို ရင်လျားစည်း ဝတ်ထားရ၏။

မပိန်၏ ပြောဆိုချက်ကြောင့် အသက် ၅၀-ခန့်ရှိသော ဦးမြိုင်၊ အသက် ၄၀-ကျော်ခန့်ရှိသောဦးဘိုး ချစ်နှင့် မပိန်၏မောင် ကိုလူဝ အပြင် ခပ်စောစောက လာရောက်သတင်းပေးသော မောင်ထွန်းတို့ပါ ဓါးရှည်များ၊ မှိန်းများ၊ လှံများကို ကိုင်ဆောင်လျက် လိုက်သွားကြ၏။

ကျောက်ရေအိုးရွာမှ နေပြီးလျှင် သပြေစမ်းခေါ် ချောင်းကလေးသို့ ဖြတ်၍ လာခဲ့ကြသည်။ သပြေစမ်းမှာ မိုးဦးကျအချိန်တွင် ရေးစီးသန်လှသော ချောင်းကလေး ဖြစ်လင့်ကစား လူများမှာ ရေကျချိန်မဟုတ်က ကူး၍ သွားနိုင်ကြသည်။

တဖန် တဖက်ကမ်း ကူးသွားနိုင်သည့် ကျောက်တန်းကြီးသည် သဘာဝအလျောက် တည်ရှိနေသည်။

သူတို့သည် တဖက်ကမ်းသို့ ရောက်လာသည်နှင့်တပြိုင်တည်း ကိုစံရေး လုပ်သော ယာတောနှင့် နီးလာ၏။

တောသဘာဝအလျောက် “ဝူ-ဝူ” ဟူ၍ ခေါ်ကြည့် သော်လည်း မည်သို့မျှ ပြန်ကြားချက် မရချေ။

သို့နှင့် ယာတောသို့ နီးသွားသည်နှင့် တပြိုင်တည်းမှာပင် လိုက်သွားသူများမှာ ပြေးလွှားမိကြလေ၏။

မှန်ပေသည်။ ကိုစံရေး တယောက်မှာ လည်ပင်းကြီး တဝက်ခန့် ပြတ်၍ သေနေ၏။ သွေးများသည် မြင်မကောင်းအောင် ထွက်ကျနေသည်။ ဝမ်းဗိုက်သားများပွင့်၍ အူနှင့်အသားအချို့ကိုလည်း စားသောက် သွားသည်။ မျက်နှာတခြမ်းသည် အသားများ ပဲ့ကျလျက် ရှိနေတော့၏။

လူ့တရပ်ခန့် နီးပါးမြင့်သော ပြောင်းပင်များလည်း ကျိုးပြတ်လျက် ရှိကြသည်။

ဤတွင် အသက်လည်းကြီး၍ အတွေ့အကြုံများသော ဦးမြိုင်နှင့် ဦးဘိုးချစ်တို့မှာ ခြေရာများကိုကြည့်၍ ကျွဲကြီး၏ လက်ချက်ကြောင့် မသေဘဲ ဟင်းကောင်၏ လက်ချက်ကြောင့် သေဆုံးသွားရကြောင်းပင်ဖြစ်မည်ဟု တွေးတောယူဆမိကြလေ၏။

“ပြောင်းပင်တွေ စားသွားတာ ကျွဲတော့မဟုတ်ဘူးကွ… ပြောင်ကြီးတွေ ဖြစ်မှာဘဲ။ ပြောင်ကြီးတွေ စားနေတုန်း ဟင်းကောင်တိုက်ခိုက်သလား၊ ဟင်းကောင်ကဘဲ ချောင်းနေသလားမသိဘူး။ ကိုစံရေး အလာ မှာ ဟင်းကောင်က ဆီးပြီး ကိုက်သတ်လိုက်တာဘဲဖြစ်မယ်……”

“ဟာ…. ဒီလိုဆိုယင် ထူးကြီးက ရောက်နေ စစ်တပ်ကို သွားတိုင်ကြမယ်… ဘကြီးမြိုင်။ ငါးဘတ်အင်းရွာမှာ မနေ့က စခန်းချနေတယ်”

“အေး… ကောင်းတယ်ဟေ့။ မြန်မြန်တိုင်မှဘဲ။ ကြာယင် ဟင်းကောင်ရော ပြောင်အုပ်ပါ မွှေလို့ ယာလဲပျက် လူတွေလဲသေလို့ ညက်ညက်ကျေကုန်တော့မှာဘဲကွဲ့…”

ထို့နောက်တွင်ကား ကိုစံရေး၏ အလောင်းကို ရွာအရှေ့ သင်းချိုင်းတွင် မြှုပ်ရန်အတွက် လုံချည်အဟောင်းတထည်တွင် အလောင်းထည့်၊ ဝါးတလုံးခုတ်ကာ ထမ်းယူလာကြလေတော့၏။

တောင်ရိုးရွာ၏ ထုံးစံမှာ အလောင်းကို ရွာသို့ပြန်၍ ယူရရိုး မရှိပါချေ။

(၂)

ကျောက်ရေအိုးရွာ၏ အထက်ပါ ဖေါ်ပြသည့်အတိုင်း လာရောက်တိုင်တန်းချက်ကြောင့် ကျွန်တော်တို့ စခန်းချနေသော ငါးဘတ်အင်းရွာမှ အမြန်ဆုံး လိုက်ခဲ့ရသည်။

အချိန်အခါကား ၁၉၄၃- ခုနှစ် ဖြစ်၍ ကျွန်တော် ပါဝင်သော ဗမာ့တပ်မတော် စစ်သားစုဆောင်းရေးတပ်ဖွဲ့ ထူးကြီးမြိုသို့ ရောက်ရှိနေခဲ့သည်။ ထို့နောက်တွင် တောင်ရိုးကျေးရွာများသို့ လှည့်ကာ စစ်သားစုဆောင်းလျက် ရှိသည်။

ထိုအချိန်က ကျွန်တော်သည် အရာခံဗိုလ်တဦးသာ ဖြစ်၍ ကျွန်တော်နှင့်အတူ တပ်ကြပ်ကြီးတဦး၊ ရဲဘော် ၈ ဦးသာ ပါရှိလာကြသည်။

ဂျပန်ခေတ် ဖြစ်သောကြောင့် တောင်ရိုးကျေးရွာသားများတွင် အဝတ်ဆင်းရဲ၊ အစားဆင်းရဲလျက် ဆေးဝါးလည်း ဖူလုံခြင်းမရှိသောကြောင့် ပွေး၊ ဝဲ၊ဖက်ခွက်နာ၊ စသော ဝေဒနာများ စွဲနေကြသည်။ ကျွန်တော်တို့ ရောက်ရှိသွားချိန်တွင် နေအတော် နည်းနေ ပါချေပြီ။

ရွာသားများသည် ပြောင်အုပ်ကြီး ကိုစံရေး၏ ယာခင်းကို ဖျက်ဆီးပြီးနောက်တွင် အခြား ယာနှစ်ခင်းကိုလည်း ဝင်ရောက်မွှေသွားကြောင်းကို တိုင်ကြားကြ၏။ ကိုစံရေး၏ အလောင်းကိုမူ သင်းချိုင်းတွင် မြှုပ်လိုက်ကြောင်း ပြောဆို၏။

ကိုစံရေး သေဆုံးခြင်းမှာ ပြောင်ကြီးများနှင့် လုံးဝမဆိုင်ပါချေ။ ဟင်းကောင်ခေါ် ကျားနှင့် ဆိုင်ခြင်းသာ ဖြစ်၏။

မည်သို့ဖြစ်စေ ပြောင်အုပ်သည် တောင်ရိုးတွင် လှည့် ၍ ယာခင်းများကို ဖျက်ဆီးသလို လူသားစား ကျားကလည်း ယာသမားများကို ဒုက္ခပေးမည်မှာ သေချာလှပါ၏။

သို့ကြောင့်လည်း ကျွန်တော်သည် ရဲဘော် ၈ ယောက် အနက် လက်ဖြောင့်တပ်သား ရဲဘော် ၃ ဦးနှင့် ရွာမုဆိုး ကိုတိုင်း ဆိုသူအား ခေါ် လျက် ထိုညတွင် ယာ တဲသို့ သွား၍စောင့်ရန် ထွက်ခဲ့ရ၏။

မိုးချုပ်လာသည်နှင့် တပြိုင်နက် တောကြက်များ၊ တောငှက်များ၏ အော်သံ ဆူသံများကို ကြားရသလို ဒရယ်၊ ဂျီများ၏ ဆတ်သံများ ကြားရသည်။

ကိုစံရေး၏ ယာတွင် ကိုစံရေးအား ဆွဲသွားသော ဟင်းကောင်၏ ခြေရာမှာ တကယ်တမ်းကြီးလှသော အကောင် မဟုတ်ဘဲ လဘက်ရည်ပန်းကန်လုံးအဝ၏ အကျယ်လောက်သာ ရှိမည်ဖြစ်ကြောင်းကို တွေ့ရ၏။ တကောင်တည်း၏ ခြေရာမဟုတ်ဘဲ သုံးကောင်လောက်ကိုပါ တွေ့ရသဖြင့် အတော်ကြီး စဉ်းစားရကြပ်နေမိ၏။

သို့ကြောင့် ခြေရာကိုခံ၍ ယာပတ်လည် လိုက်၍ ကြည့်မိ၏။

ထိုည ဟင်းကောင်ကို စောင့်ရာတွင် ယာတဲကလေးအတွင်းမှ စောင့်ရမည်ဖြစ်၍ မိုးလုံးဝမချုပ်ခင် ဟင်း ကောင်လာမည့် လမ်းခရီးကို သေချာအောင် လိုက် ၍ ကြည့်ရခြင်းဖြစ်​၏။

ရဲဘော်သုံးယောက်အနက် ရဲဘော်နှစ်ယောက်နှင့် ဒူး လေးကိုင် မုဆိုးကိုတိုင်းတို့ ပါလာ၏။ ကိုတိုင်း မှာ ထူးကြီးမြို့ သွားနေသဖြင့် ကိုစံရေး သေသည်ကို ရွာပြန်ရောက်မှ သိရသည်ဟု ပြောပြလေသည်။

ဟင်းကောင်၏ ခြေရာကို ကြည့်ယင်း ကျွန်တော်မှာ မသင်္ကာလှချေ။ ဟင်းကောင်ခေါ် ကျားခြေရာ မဟုတ်ကြောင်းကို ခြေချောင်းကလေး ၅ ချောင်းအရာက ထင်ရှားစွာဖြင့် မြေပျော့ပျော့တွင် ပေါ်လာ သည်။

ယင်းကြောင့်လည်း ယာတဲအတွင်းနှင့် ကျင်းတူး၍ အပြင်တွင်စောင့်ကာ လူသတ် အမဲကောင်ကို ဖမ်းဆီးရန်ပင် ဖြစ်၏။

ရဲဘော်နှစ်ဦးနှင့် မုဆိုးကိုတိုင်း ကျွန်တော်သည် ထို ကိုယ်ပျောက် လူသတ်အမဲကောင်ကို ရှာဖွေနေစဉ် မှာပင် “ဝေါင်-ဝေါင်-ဝေါင်” ဟူသော အော်သံကြီးများဖြင့် ချုံကြီးများဆီမှ ပြေးထွက်လာသည်။

အဖွဲ့ တွင် အဝါကွက် အမဲကောင်ကြီးများကို တွေ့ရ၏။ သူတို့သည် ကျားလည်း မဟုတ်၊ ကျားသစ်လည်း မဟုတ်ကြောင်း မြင်မြင်ချင်းပင် သိလိုက်ရ၏။

ကျွန်တော်တို့သည် စက္ကန့်ပိုင်းအတွင်းမှာပင် ပြေးခုန်ဝင်လာသော ရှေ့ဆုံးမှ အမဲကောင်ကို ဂျပန်ရိုင် ဖယ်ဖြင့် ပစ်ချလိုက်ရ၏။

ရဲဘော်နှစ်ဦးက အခြားနှစ်ကောင်ကို ပစ်ချလိုက်ကြ၏။

သို့တစေ နောက်ထပ် ပေါက်နွယ်ချုံကြီးထဲမှ ပြေးထွက်လာသည့် လူသတ်အမဲအကောင်ကြီး နှစ်ကောင်ကိုမူ နောက်ထပ် ကျည်ဆံသွင်းချိန် မရလိုက်ပါ။ ခါးတွင် အသင့်ပါလာခဲ့သော ကျွန်တော်၏ ဓါးရှည်ကြီးကို ချွတ်ကာ တအားကုန် ပိုင်းချလိုက်ရသည်။

ကျန်သော တကောင်ကိုမူ ရဲဘော်တဦးက လှံစွပ်ဖြင့် ထိုးသတ်လိုက်ရ၏။

အကယ်၍ ကျွန်တော်တို့ မလျှင်ပါမူ အားလုံးပင် လည်မြိုကို ခုန်ဟပ်က အမဲကောင်ကြီးများ သွေးသောက်ခြင်းကို ခံရပါလေမည်။

“ဗိုလ်လေးရာ … ဒီလောက်ကြီးတဲ့ ကြောင်ကြီးမျိုး မ တွေ့ဘူးပါဘူး။ ကိုစံရေး သေတာလဲ ဒီကြောင်ကြီး တွေ လက်ချက်ဘဲဗျ……”

“ဟာ…. ဒီ အကောင်တွေမှ ပို ကြောက်စရာကောင်းတာပေါ့ဗျာ။ ကျားသစ်တွေထက်လျှင်တဲ့ ကြောင် မြင်းဆိုတဲ့ အမျိုးဗျ။ ဒီအကောင်တွေက လူကို အန္တရာယ်အပေးဆုံးဘဲ။ ကြောင်ဖါးတို့၊ ကြောင်နံ့သာဆိုတာက ဒီလောက် ကြောက်စရာမကောင်းဘူး။ ကြောင်မြင်းကိုဘဲ ကြောက်ရတာဘဲ။

ကဲ … ကဲ ခင်ဗျားတို့ ရွာအတွက် တရန်တော့ အေးပါဘီဗျာ”

ဤသို့ပင် ကျွန်တော်တို့သည် လူသွေးကိုမှ ရွေး၍ သောက်သော တောင်ရိုး အမဲကြီးများတွင်မှ ကြောင်မြင်းကြီးများကို သတ်ကာ ရွာတွင်းသို့ ပြန်ခဲ့ကြသည်။

ထိုညတွင် “ကြောင်မြင်းသား” ကို ချက်၍စားရာတွင် တရွာလုံး မွှေးပျံ့လျက် ရှိနေတော့သည်။

ကာနယ်ဇင်း မဂ္ဂဇင်း , အမှတ် ၁၈ , ၁၉၆၃

– ပြီး –

စာရေးသူ – မြဝဇီ

Leave a Reply

Your email address will not be published. Required fields are marked *