အကြင်သူ (ယောမြေ)
လူ ဖား ငါး မြွေ
ဝါဆိုဝါခေါင် ရေဖောင်ဖောင် ဆိုသလို ဝါခေါင်လလယ်မှာ ရွာတဲ့မိုးက သည်းတစ်ခါ ဖွဲတစ်လှည့် တစ်ညလုံး မစဲနိုင်တော့ပြီ။
တစ်နွေလုံးရေငတ်နေကြရှာတဲ့ ပင်ပျို ပင်အိုတို့ကတော့ မြစိမ်းရောင်ကမ္ဗလာကို အသာလွှမ်းခြုံလျက် စိမ်းသရဖူစိမ်းကာ စိတ်ကြီးဝင်နေကြပါပကော။
ချောင်းကမ်းအစပ်မှာတော့ လယ်ကန်စွန်းရိုးနီနှင့် ကနဖော့တို့က ခေါင်းမော့ဟန်ချီနေကြပြီး ဟင်းချဉ် နားတောင်း၊ ငါးရံ့ပတူ၊ ဝက်ကြွပ်နှင့် ဟင်းဖိတ်တို့လို ဟင်းစားပင်လေးတွေကတော့ ဟိုနား သည်နား ကြိုးကြားလူလူ ထကြွမင်းမူနေကြချေပြီလေ။
ဟိုတုန်းကတော့ ဒီနေရာမှာ သူဟာ ချောင်းလေးတစ်ခုပေါ့။
ဆည်တွေတည်ဆောက်၊ ရေတွေ ဖောက်လိုက် လှောင်လိုက် လုပ်ကြရင်း ပထဝီအနေအထားအရ မြစ်ချောင်းအင်းအိုင်တို့ဟာ တဖြည်းဖြည်း ပြောင်းလဲသွားပြီး ချောင်းတိမ်၊ ချောင်းကမ်းအဖြစ်သာကျန်ခဲ့ရတာမို့ နွေရာသီတွေမှာ မြွေအရိုးစုတစ်ခုလိုလိမ်တွန့်နေတဲ့ ရှည်မျောမျောအရာတစ်ခုအဖြစ်သာ ကျန်ရစ်ခဲ့ရတော့တာပေါ့။
ဒါပေမဲ့ ခုလို မိုးကြီးချိန်ခါတွေမှာ ချောက်ကြို မြောင်ကြားက ဒလဟောစီးကျလာတဲ့ ရေတွေကြောင့် သူ့ခမျာ ချောင်းကမ်းဘဝကနေ ချောင်း ဆိုတဲ့ သရုပ်ကို ပြန်လည်ရရှိလာတော့ ပျော်ရှာလွန်းလို့ တဟဲဟဲ တရှဲရှဲ အသံကိုပြုရင်း ရယ်မောနေမိတာပေါ့။
သူ့ချောင်းကမ်းကိုပဲ အမှီပြုနေရရှာတဲ့ တီ၊ ဖား၊ ကျွတ်၊ ငါး၊ မြွေ အစရှိတဲ့ သက်ရှိဇီဝရုက္ခလေးတွေဟူသမျှ ပုန်းနေရာက ထွက်၊ ဝပ်နေရာက ခေါင်းထောင်ကာ ပျော်ပါးမြူးရွှင်စွာ ထွက်လာခွင့်ရခဲ့ကြပြီကိုး။
ချောင်းကမ်းဘဝကနေ ချောင်းငယ်တစ်ဖြစ်လဲ ကျေးဇူးတော်ရှင် မြစ်ငယ်တစ်စင်းရဲ့ တဟဲဟဲရယ်မောစီးကျသံ။
ငါးဗုံလုံ၊ ငါးပူတင်း၊ ငါးဖန့်၊ ငါးရံ့၊ ငါးရွှေလေးတို့က ပလောက်တောက်တောက် အသံလေးတွေပေးပြီး ရေပေါ်ကိုတက်ပြီး မြူးထူးသံ။
မိုးခေါ်တဲ့ ရွှေဖားတို့ရဲ့ ချစ်သူ့ခေါ်သံ အုံးဂွမ် အုံးဂွမ်အသံ။
အစာရှာဖို့ထွက်လာတဲ့ ကိုရွှေမြွေမြီးရှည် ဖိုမ မောင်နှံမျိုးစုံရဲ့ တရွှီရွှီတွန်သံ။
ပုစဉ်းရင်ကွဲတို့ရဲ့ စီစီညံဝေအောင် လျှံဝေမြူးထူးသံတို့ကလည်း မိုးစက်တွေထိစဉ်ထားတဲ့ ယုဇနပန်းဖွေးဖွေးတွေကြားကနေ နားဝင်ပီယံ သံသာဟစ်ကြွေး တေးသီကျူးပေးနေကြသလိုလို။
ဒီလိုအခြေအနေဟာ တစ်နေကုန်ပင်ပန်းထားကြတဲ့ တောင်သူသားမြေးတွေအဖို့ ပုဆိုးခြုံကွေးကာ မှေးစက်ဖို့ အချိန်ကောင်းပေပဲပေါ့။
ပက်ဖျန်းလိုက်စမ်း မိုးရေတွေရေ…။ မင်းတို့ရဲ့ အမ္ဗုန်အရိပ်မှာ ချောင်းကလေးဖြစ်တဲ့ ငါနဲ့အတူ သူတို့လေးတွေလည်း အေးမြကြပါစေလား၊ စိမ်းလန်းကြပါစေလားကွယ်။
xxx xxx xxx
ရွာစမ်းကွာ … သည်းစမ်းကွာ။
တစ်လောကလုံး အမှောင်ကြီးကျအောင် မင်းတို့က သည်းပေးလေ ဟောဒီ ငချစ်က ကြိုက်လေပဲ။
ဝါဦးမိုးကတည်းက ဖားဖိုတွေကို တအုံဂွမ်ဂွမ်နဲ့ ချစ်စခန်းဖွင့်ဖို့ လာပါလှည့်လို့ မှာတမ်းခြွေခဲ့ကြတဲ့ ဖားမတွေဟာ ဖားဖိုငပိန်တွေက သူတို့ ကျောပြင်ပေါ် တက်ပြီး ချစ်ရေစင်ဖျန်းပြီးတာနဲ့ တာဝန်ကျေကြပြီ ပေါ့။
အဲဒီတော့ မိုးဦးတစ်ဖြောက်ကာလအတွင်းမှာ တစ်ခါသာပေါ်လာပြီး ထပ်ထွက်မလာကြသေးတဲ့ ဖားအိုင်းဥပြည့်မကြီးတွေ ဒီတစ်ခါ မိုးအသည်းမှာတော့ ပြေးမလွတ်တော့ဘူးလေ။
“လာကြစမ်းဟေ့… ဖားအိုင်းဥပြည့်မကြီးတွေ ရေ…။ မင်းတို့ကို ငချစ်က လှိုက်လှဲစွာ ကြိုဆိုပါတယ်ကွာ”
အင်း … မိုးသည်းထဲ အချိန်အတော်ကြာ စောင့်နေရတာနဲ့ ချမ်းစိမ့်စိမ့်ဖြစ်လာပါပကော။
ဖားရောင်းလို့ရရင် ငွေချေပါ့မယ်ဆိုပြီး အရီး မြညိုဆီက အကြွေးနဲ့ယူလာတဲ့ အရက်တစ်ပိုင်းကို သွေးပူအောင်မော့ဦးမှ။
အိမ်ကအထွက်လည်း ဖိုးညိုတို့ဝိုင်းမှာ အပြန်ကျရင် အမြည်းတစ်ခွက်ပေးပါ့မယ်ကွာလို့ မက်လုံးပေးပြီး နည်းနည်းဝင်မော့ခဲ့သေးတော့ အရှိန်က ကောင်းနေပြီ။
ဒါတောင် ကျန်တဲ့အရက်တစ်ပိုင်းကို အိမ်က မိန်းမ မသိအောင် ပဲတောင်းထဲမှာထည့်မြှုပ်ပြီး ဝှက်ထားခဲ့ရတာ။
မိန်းမဆိုတာတွေက လိုတစ်မျိုး၊ မလိုတစ်မျိုးတွေ။
အခုသောက်နေတဲ့ အရက်ကမှ သစ္စာရှိချက်။ အခုသောက်ရင် အခုမူးပေးဖော်ရသေးတာ။
သင်းတို့မိန်းမတွေက ကိုယ့်ယောက်ျား မိုးထဲ လေထဲ ဖားရိုက်ထွက်ပြီး ရှာဖွေကျွေးနေတာကိုတောင် ကျေးဇူးတင်ဖော်ရတာ မဟုတ်ဘူး။ အလကားနေ သုံးဖို့ ဖြုန်းဖို့လောက်သာ သိကြတဲ့ဟာတွေ။
တစ်နေ့လာလည်း ဟင်းချက်ဖို့ ဆီကုန်လို့၊ ဒီမနက်အစောစာပြီးရင် ဆန်ကပြတ်ပြီနော်၊ ဟင်းစားလေး ရှာချေဦးတော်ရေ့။ ကလေးတွေနဲ့ ကျုပ်တို့ဗိုက်ထဲ အသီးအရွက်ဟင်းခင်းကြီး ထူနေပြီ။
တော့် … ကိုချစ် … ရွာဘုံကြေး မထည့်ရသေးဘူးနော်။ ဒီနေ့ ဘယ်သူ့သား မင်္ဂလာဆောင်တဲ့။ သန်ဘက်ခါက ဘယ်သူ့အလှူဆိုပဲ။ ရွာထဲက ဘယ်သူကဖြင့် ဆုံးပြီတဲ့။ လှူဖို့ ကူဖို့ ငွေရှာပေးဦးလေ။
နောက်ပြီး ကလေးတွေ ကျောင်းစာအုပ်၊ ခဲတံ၊ ဘောပင်တဲ့၊ လွယ်အိတ်တဲ့၊ ထီး၊ ဖိနပ်တဲ့။ ဝါဆိုသင်္ကန်းကပ်ဖို့ သဒ္ဓါကြေးတဲ့။
အဲဒီလို ဘာဘာညာညာတွေ နားပူအောင် တရစပ်ပြောပြီး ယောကျ်ားအရက်ဖိုးလေးကိုကျ သိပ်သဒ္ဓါတာ မဟုတ်ဘူးရယ်။
ခုလို ဈေးကြီးတဲ့ ထန်းဖိုဦးအရက်မျိုးကို တစ်ပုလင်းလုံး ဝယ်ထားတာများသာသိရင် …
“ကျုပ်တို့ မိသားစုကို မညှာမတာ ဒီအပင်းရည်တွေကို တော်မို့ တစ်ကိုယ်ကောင်းဆန်ဆန် မျိုရက်တယ်”
ဆိုပြီး ပူညံ ပူညံက လုပ်ဦးမှာ။
ကြည့်နေ… ငချစ်တို့ ပလိုင်းအပြည့်၊ ပုဆိုး ကွင်းထုပ်အပြည့် ဖားတွေရလာရင်တော့ …
“ကိုချစ်ရေ… ကိုချစ်ရေ…”
နဲ့ လုပ်ပြပါလိမ့်မယ်။ ပလီပလာတွေ… ဟင်း…။
ဒီချောင်းကမ်းက ရွာနဲ့ အလှမ်းဝေးတော့ သူလိုကိုယ်လို ဖားရှာ ငါးရှာသမားတွေ သိပ်မရောက်ဖြစ်ကြဘူးဆိုတာ ငချစ်တို့က သိပြီးသား။
ချောင်းကမ်းထိပ်က သက်တမ်းရင့် ဖျောက်ဆိပ်ပင်ကြီးမှာ နာနာဘာဝတွေ၊ သရဲတွေရှိတယ်လို့ နာမည်ကြီးတာလည်း ပါပေမပေါ့။
ဒီအပင်အောက်က ဖြတ်ဖြတ်သွားရတဲ့ ရွာထဲက လူအတော်များများက ဖားတွေကို လက်အေးကြီးနဲ့လိုက်လုခံရတာ၊ ငါးတွေ ပလိုင်းထဲက အနှိုက်ခံရ တာတွေ၊ ခေါင်းဖြတ်သတ်လို့ သေပြီးသားမြွေက အပမှီပြီး သွေးသံရဲရဲနဲ့ ဖျောက်ဆိပ်ပင်ကြီးပေါ်တက် သွားတာတွေ၊ တောကြီးမျက်မည်းထဲက ဖျောက်ဆိပ်ပင်ပေါ်မှာ သားချော့တေးသံ ကြားရတာတွေ။
မျက်နှာမှာ မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ်တွေ ဘာတစ်ခုမှ မပါတဲ့ မျက်နှာပြောင်နဲ့ သရဲကိုလည်း ခဏခဏ တွေ့ကြရတယ်ဆိုတာတွေရော စုံလို့။
ဟုတ်တာ မဟုတ်တာတော့ မသိဘူး။
ငချစ် တို့ကတော့ မကြောက်ရေးချ မကြောက်။ ဒီနေရာကို လူတွေရှောင်လေ ငချစ် တို့ ဖားတွေပိုရလေပဲမဟုတ်လား။
စမ်းကြည့်လေ… နင့်မေကလွှားတဲ့ သရဲတွေ။ မိုးထဲလေထဲ ပင်ပင်ပန်းပန်းနဲ့ ငရဲငအုံမကြောက် ငချစ် ရှာထားရတဲ့ အကောင်ပလောင်တွေကို လာထိရဲ ထိကြည့်။ မင်းတို့ဖျောက်ဆိပ်တစ်ပင်လုံး ရဲတင်းနဲ့ ခုတ်ပြီး အမြစ်ပါမီးရှို့ပစ်လို့ မင်းတို့ ဘုံပါပျောက်သွားမယ်။ ဘာမှတ်နေတုံး။
“ဂျိမ်း… ဒလိန်း… လိန်း… လိန်း…”
ဟာ… ကံသီပေလို့ပါလား။ မိုးကြိုးက ဟို ဝက်လည်တောဘက်က သရက်ပင်စုဘက်ကို ပစ်လိုက်တယ် တူပါရဲ့။ ဝင်းခနဲ လက်သွားတဲ့ လျှပ်စီးနဲ့ မိုးကြိုးပစ်ချလိုက်သံကြောင့် မျက်စိတွေပြာပြီး နားကို ပင်းမတတ် အူသွားတာပဲ။
ဖားရိုက်တုတ်တံတစ်ဖက်နဲ့မို့ မီးအုပ်ဆောင်းကို မဖွင့်လိုက်ခင်မှာ လျှပ်စီးလက်တဲ့ အရောင်ကြောင့် ချောင်းကမ်းအစပ်က ဖားတွေရဲ့ ကြောင်တောင်တောင် မျက်လုံးတွေကို မြင်လိုက်ရပြီ။
အိုး… ဖျာတစ်ချပ်စာလောက်ရှိမဲ့ ဖားအစုကြီး ပါလား ဟရို့။
ထောပြီ… ထောပြီ…။ ဒီညတော့ ငချစ် တို့ ကံထူးပြီ မိန်းမရေ။
ပြောသာ ပြောရတယ်၊ ဒီကိုထွက်မလာခင် သူ့မိန်းမကို ‘ငါ ဒီည အိမ်ပြန်မအိပ်ဘူး’ လို့ စိတ်တိုတိုနဲ့ မာန်ခဲ့မိသေးတာ။
ခါတိုင်းလည်း ဖားရိုက်ချိန်မဟုတ်တဲ့ တောကောင်လိုက်ချိန်တွေမှာ ပြေးရင်းလွှားရင်းနဲ့ နယ်ကျွံသွားလို့ နီးစပ်ရာ လယ်တဲတို့၊ ရွာတို့မှာ ဝင်အိပ်နေကျဆိုတော့ သူ့မိန်းမက သူ ဒီည အိမ်ပြန်မအိပ်ဘူးလို့ပြောတာကို အထူးအဆန်းလုပ်ပြီး ပြောနေပြန်ပြီဆိုတဲ့ မျက်နှာပေးနဲ့ ဘာမှ ခံစားရပုံမရ။ သူ ပြန်မလာရင်လည်း လိုက်ရှာရကောင်းမှန်းမသိတဲ့ မိန်းမ။
အဲဒီတော့ ဒီည အိမ်အပြန် သူ့မိန်းမကို အံ့အား သင့်သွားအောင် ဖားတွေ တစ်လှေကြီးနဲ့ မျက်နှာလုပ်ဖို့ အခွင့်အရေး ရပါပကော။
ဟော… ပိုပြီး ကံထူးချင်တော့ ငချစ်နဲ့ အစာ လုဖော်လုဖက်ဖြစ်တဲ့ ငချစ်လိုပဲ ဖားကြိုက်ရှာတဲ့ မြွေတစ်ကောင်။ နည်းတဲ့ အကောင်ကြီးလားဟ။ မှန်း… နှစ်ပိဿာတော့ အေးအေးရှိမဲ့ပုံ။
သူ့ကိုသတ်၊ အရက်နဲ့မြည်းဖို့ နည်းနည်းပဲ ချန်ထားပြီး မြွေသားဆို လာထားဆိုတဲ့ ဘကြီးသာမောင်ရဲ့ ကုန်စုံဆိုင်ကို သွင်းရမယ်။
အင်း… မိုးအေးအေးမှာ ဖားအိုင်းဥပြည့်ကြီးကို မွှေးနေအောင်ကင်၊ ဥသျှစ်ရွက်တို့၊ သြဇာရွက်တို့နဲ့ကြော်ပြီးသကာလ မြွေသားချိုချိုလေးကို ငရုတ်သီး စိမ်း၊ မဆလာလေးအုပ်၊ ဆီလည်ရေလည်ကလေး ချက်စားလိုက်ရရင်ဖြင့် ကလေးတွေလည်း အူစို၊ အရက်ဝိုင်းမှာလည်း ငချစ်သာ ဘုရင်ဖြစ်ရပြီပေါ့။
ကိုင်း… တစ်ချက်ကောင်းတွယ်လိုက်ရင်ဖြင့် သားကောင်နှစ်ကောင် ရလေရော့လဟဲ့။
ဖားအိုင်းမကြီးတွေရှိရာ ပါးပျဉ်း အသာချကာ အစာရမ္မက်ဇောနဲ့ ချောင်းနေတဲ့ မြွေဟောက်ကြီးရဲ့ လည်ပင်းကို ငချစ်က ခက်ရင်းသုံးခွမှိန်းနှင့် ထောက် ဖို့ ရေစပ်စပ်ကလေးထဲကနေ ခြေသံလုံစွာ ချဉ်းကပ် လိုက်ပြီ။
xxx xxx xxx
ဒီတော ဒီတောင်ကတော့ အသီးအရွက်လုံးဝ မစား၊ သားငါးကိုသာ စုံမက်လှတဲ့ သူတို့မျိုးနွယ်တွေအတွက် စားမကုန်တဲ့ ရိက္ခာဗိမာန်ကြီးပါ။
အထူးသဖြင့် ဒီချောင်းကမ်းတစ်လျှောက်ပေါ့။
နွေရာသီလည်း နွေရာသီမို့ သူ့ရဲ့အစာဖြစ်တဲ့ ဖား၊ ငါးတွေဟာ ဖျောက်ဆိပ်ရွက်ကြွေတွေပြည့်နေတဲ့ ဒီချောင်းစပ်နားမှာပဲ အရိပ်ခိုနေကြတာ။
တစ်ခါတလေ သူ့ထက် အင်အားကြီးတဲ့ မျိုးနွယ်တွေထဲက စပါးကြီးလို တစ်ကောင်ကောင်ရောက်လာရင် ချောင်းကမ်းကျဉ်းလေးရဲ့ ဟိုဘက်ဒီဘက် သစ်ကိုင်းနှစ်ခုမှာ အမြီးကို တွယ်ချိတ်ပြီး ငါးပက်တတ်သေးတာ။ သူတို့ စားမကုန်လို့ ကျန်ခဲ့တဲ့ ငါးတွေဟာ သဲပူပူမှာ ဖျပ်ဖျပ်လူးပြီး ကျန်နေခဲ့တတ်တယ်။
စားမာန်ခုပ်တတ်တဲ့၊ ဒေါသကြီးတဲ့၊ အငြိုးကြီးတတ်တဲ့ မျိုးနွယ်တူတွေချင်းမို့ သူက ဘယ်တော့မှ ရန်ဖြစ်မခံ။ အင်အားကြီးတဲ့ သူ့နောင်တော်တွေရဲ့ စားတော်ပွဲကျကို သူ့မိသားစုက အသာလေးဖမ်းယူ
စားသောက်ခွင့်ရနေတာကိုး။
နို့မို့ လယ်ပပ်ကြားအက်တွေထဲက လယ်ကြွက်တို့၊ ကျော်စံကေးတို့၊ ဖားပေါင်စင်းတို့ကို ကြိုးစားပမ်းစား ဖမ်းပြီး စားသောက်ရတာပေါ့။
တစ်ခါတလေ ပုစွန်လုံးတက်မလက်မကြီးတွေနဲ့ တွင်းလုကြရင်း သူတို့ရဲ့ အသေညှပ်တဲ့ရန်က လွတ်အောင် သတိထားရသေးတာ။ သူတို့နဲ့ အသေ အကျေ တိုက်ပွဲဝင်ရတာကလည်း ခဏခဏ။ မတော် လည်မျိုပြတ်အောင် သူတို့ တက်မကြီးနဲ့ ညှပ်ရင် သေပြီလေ။
တစ်ခါတလေလည်း တောင်ယာတဲဆီက လူတွေမွေးထားတဲ့ ကြက်ဝပ်ကျင်းတွေဆီကို ပြေးပြီး ကြက်ဥဖောက်စားဖို့ ချောင်းရသေးတာပါ။
ကြက်ဥဖောက်တဲ့ ငှက်ဝဇိုးတွေ ရန်ကလည်း တစ်မျိုး။
အဲဒီငှက်တွေကို စောင့်ဖမ်းတဲ့လူတွေကြောင့် သူတို့ပါ ရောယောင်ပြီး လူတွေလက်ထဲ အမိခံရပြီး ဟင်းအိုးထဲ ရောက်ရတာကလည်း အခါခါ။
အဲဒီ ငှက်မြည်သံကြားရင် သူတို့မျိုးနွယ်တွေက ပါးပြီလေ။ အစာဘယ်လောက်ဆာဆာ အဲဒီ ကြက်ဝပ်ကျင်းဆီ လုံးဝ မလှမ်းတော့ဘူးပေါ့။
သူတို့မျိုးနွယ်တွေက ဝပ်ကျင်းမှာ ဥဥချင်လို့ အော်နေတဲ့ ကြက်မရဲ့ကတော်သံကို ခွဲခြားနားယဉ် ပြီးသား။
စားမာန်ဒေါသကြီးလှတဲ့ အမျိုးအနွယ်ပေမဲ့ ဝပ်ကျင်းအတည်ပြုဖို့ ပထမဦးဆုံးဥတဲ့ ဥကိုတော့ ရှောင်ရတာပေါ့။ နို့မို့ ကြက်မက သူ့ပထမဆုံးဥ ပျောက်သွားရင် ဝပ်ကျင်းပြောင်းတတ်သေးတာကိုး။
လူခြေတိတ်ချိန်မရောက်ခင် ကြက်မဝပ်ကျင်းဘေး အသာလေးခွေပြီး စောင့်နေရတာ လွယ်တာမှတ်လို့။
ကြက်တွေအိပ်တန်းတက်ချိန် ကြက်မရဲ့စအိုကို သူ့လျှာလေးနဲ့ ကလိလိုက်ရင် ကြက်မက မနေနိုင် မထိုင်နိုင် စအိုယားပြီး ကြက်ဥကို မြန်မြန်ဥချလိုက် ကရော။
ကြက်ချေးကြိုက်တဲ့ သူ့အဖို့ တစ်ခါတလေ ကြက်ဖရဲ့စအိုတွေကိုလည်း သူ့လျှာနှစ်ခွနဲ့ အသာ ကလိပေးလိုက်ရင် သူတို့က စအိုယားပြီး ကြက်ချေး ပါချလိုက်၊ ကိုယ်ကလျက်လိုက်နဲ့ ဟန်ကိုကျလို့။
အဲ… ဟိုတစ်ခါကတော့ ကိုယ်က လျှာနှစ်ခွနဲ့ ကလိနေတာ ကြာသွားတော့ သူ့အူထဲမှာ ချေးစင်သွားလို့နဲ့တူပါရဲ့။ ထပ်မပါချနိုင်တော့ဘူးပေါ့။
အဲဒီအချိန် သူကလည်း အစာမဝသေး။ အဲဒီတော့ ဆာနေတဲ့အရှိန်နဲ့ ဒေါသကို ထိန်းမရတော့ပြီ။ သူအသိဝင်လာချိန် အားကုန်လွှဲပြီး ကြက်ဖကို ပေါက်လိုက်မိပါပကော။
ကြက်အိပ်ကြက်နိုးဆိုသလို အင်မတန် အအိပ်ဆတ်တဲ့ တခြားကြက်တွေပါနိုးလာပြီး ကြက်ခြံတစ်ခုလုံး တကက်ကက်နဲ့ ကတော်သံတွေ ဆူညံသွားလို့ လူတွေမလာခင် သူ့မှာ ပြေးလိုက်ရတာ အမော။
သူက မိန်းမသူတွေနဲ့ ကလေးလေးတွေကိုကျ မကြောက်ဘူး။ အင်မတန် လက်ယဉ်တဲ့၊ မြွေသားကိုမှမက်စက်တဲ့ တောသူတောင်သားစစ်စစ် ယောကျ်ားသူတွေရဲ့လက်ဆကိုတော့ဖြင့် သူကြောက်လှပါရဲ့။ အတော်ဆိုးတဲ့လူတွေ။
အမြီးကိုကိုင်ပြီး ကရင်ဒုံးယိမ်းကသလို လွှဲ လွှဲပြီး ဝင့်လိုက်တာများ လေးငါးကြိမ်လောက် ဝင့်ပြီးတာနဲ့ သူတို့အရိုးအဆစ်တွေက ပြုတ်ထွက်ရတော့တာပါ။
အဲ… လက်တအားယဉ်တဲ့ မြွေဖမ်းဆရာတချို့ကတော့ သူတို့ရဲ့ပါးပျဉ်းကိုတောင်မမှုကြဘဲ လည်မျိုကို အပီအပြင်ကို ခွဆုပ်ပြီး ကိစ္စတုံး လုပ်တတ် ကြသေးတာကိုး။
လူတွေဦးသွားရင် သူတို့ဘဝဟာ ဟင်းအိုးထဲ ရောက်ရသလို သူတို့က ပြန်ပေါက်တာဦးရင်လည်း လူတွေက ခံပေါ့။
နိုင်ရာစားဘဝလောကကြီးထဲ သူဦးသူခံ၊ ကိုယ်ဦးကိုယ်ခံပေါ့လေ။
ခုလို မိုးရာသီချိန်မှာတော့ သူတို့ အူစိုကြရပါပြီ။
သူတို့မိသားစုအကြိုက် ဖားတွေက ဒီည အတော်ကျတာကလား။
ဒီတော့ သားပေါက်နေတဲ့ သူ့ချစ်သူအတွက် သူ မနေနိုင်တော့။ အစာရေစာ အပြည့်အစုံ သူယူပေးချင်မိတယ်။ ခုဆို သူ့မိသားစုလေးဟာ ဖျောက်ဆိပ် ပင်ကြီးရဲ့သစ်ခေါင်းထဲမှာ သူပြန်အလာကို မျှော်နေ ကြရောပေါ့။
ဟော… တွေ့ပြီ။ ဥပြည့်ဖားအိုင်းကြီး တစ်ကောင်။
ပါးပျဉ်းကို အသာလေးချကာ သူ ခဏစောင့်ပြီး လှမ်းအဟပ် သူ့လည်မျိုမှာ နာကျင်စူးရှတဲ့ အထိအတွေ့ တစ်ခုကြောင့် ဆာလောင်နေတဲ့ သူ့ဒေါသဟာ ငယ်ထိပ်ထိ တက်သွားပြီ။
အဲဒီစူးရှတဲ့ အရာကနေ လွတ်ထွက်သွားအောင် အားကုန်ရုန်းလိုက်တော့ ခက်ရင်းခွတစ်ဖက်၊ ဖားရိုက်တုတ်တစ်ဖက် ကိုင်ထားတဲ့ လူတစ်ယောက်ကို သူ တွေ့ရပြီကော။
အဲဒီလူသားက သူ့ခေါင်းကို ဖားရိုက်တုတ်နဲ့ အချက်ပေါင်းများစွာ ရိုက်နှက်နေတော့ သွေးအလိမ်း လိမ်းနဲ့ နာကျင်လွန်းစွာ သူ ရုန်းကန်လူးလွန့်ရင်း အနှီလူသားရဲ့ခြေဖမိုးအနီးကို အလိုလိုရောက်ရှိသွားချိန်တခဏ သူ့ကို အသေသတ်ဖို့ ကြံစည်တဲ့ လူသားရဲ့ခြေထောက်ကို အချက်ပေါင်းများစွာ သူ ပေါက်ထည့်လိုက်မိပြီ။
xxx xxx xxx
မိုးက သည်းရာမှ စဲခဲ့ပြီ။
ဖျောက်ဆိပ်ပင်ကြီးကတော့ ရွက်စိမ်းတွေဆင်ကာ လန်းဖြာနေဆဲ။
ဖားဖို၊ ဖားမတွေကမူ တစ်ညလုံး ဟစ်ကြွေးသံသာ ထံတျာဂီတဖြင့် မိုးညကို အလှဆင်ခဲ့ကြပြီးပြီမို့ မောကြရော့ထင့်။ သူတို့ နားခိုရာ ပိန်းရွက်တွေကြားမှာ အနားယူနေကြပြီ။
ရေပြည့်နေသော ချောင်းကလေးကလည်း ရယ်မောပျော်ရွှင်စွာ တဟဲဟဲဖြင့် ဆက်လက်စီးဆင်းနေမြဲ။
ချောင်းကလေးထဲက ငါးတို့ကမူ ရေဇလာကြောမှာ စုန်လာဆန်တက်ကာ မြူးထူးနေကြပြီ။ မိုးရိပ်စဆင်ကတည်းက လက်မဝက်သာသာ အကောင်ငယ်လေးတွေဖြစ်တဲ့ ငါးရွေးလေးတစ်အုပ်ကတော့ မည်းမည်းခဲခဲအုပ်စုကြီးအဖြစ် ရေဇလာကို မြူးထူးဆန်တက်လို့ လာနေကြတုန်း။
မိုးညို့ညို့ရာသီကိုသိပ်ကြိုက်တဲ့၊ သူတို့ အထာကို သိနေကြတဲ့ လောဘသားမြေးဖြစ်တဲ့ လူသားတွေရန်ကိုတော့ သတိထားရတာပေါ့။
မတော် ပိုက်ကွန်နဲ့အုပ်ဖမ်းလိုက်ရင် ပိဿာချိန် တစ်ဆယ်ဝန်းကျင်လောက်ရှိမဲ့ သူတို့အားလုံး ငါးသည်မရဲ့ချိန်ခွင်လျှာထဲ ကျွမ်းထိုးမှောက်ခုံရောက် သွားနိုင်တယ်လေ။
လူတွေရန်က အသာထား၊ ငါးနဲ့ ငါးအချင်းချင်း ရန်ကတောင် လွတ်ဖို့ မလွယ်ကူလှ။
ငါးထွေ၊ ငါးမြွေထိုး၊ ငါးပြေမ၊ ငါးခူ၊ ငါးဖန့်၊ ငါးရံ့တို့လို အင်အားကြီးအကောင်တွေကတော့ သူတို့လို ငါးသန်သေးနုပ်ကလေးတွေ၊ တီကျစ်တွင်းထဲက တီထွေးကြီးတွေ၊ နှမ်းခင်းတွေ၊ လယ်ခရိုးဘောင်တွေကို ရေကျော်လို့မျောပါလာတတ်တဲ့ နှမ်းပိုးကောင်စိမ်းစိမ်းကြီးတွေ၊ ပိုးဆီကောင်ဖြူတုတ် တုတ်ကြီးတွေကို ဖမ်းယူစားသောက်ဖို့ အလစ်ချောင်းနေကြပြီ။
ငါးအချင်းချင်း ပြန်စားဖို့ အလစ်ချောင်းနေကြတဲ့ သူတို့လို ငါးကြီးတွေခမျာလည်း လူတွေ၊ မြွေတွေနဲ့ ဗျိုင်းနှုတ်သီးရှည်တွေရဲ့ရန်ကို ရှောင်လင်သိုင်းအက ကနေကြရတုန်း မဟုတ်ပါကလား။
ဟော… ပြောရင်းဆိုရင်း ရှေ့မှာ မြင်ကွင်းတစ်ခုပါလား။ အရက်ပုလင်းကို ခါးညှပ်ကာ ချောင်းထဲ မျက်နှာအပ်လို့ ရေထဲမှာ ကိုယ်တစ်ဝက် မှောက်ခုံလဲကျနေတဲ့ လူသားတစ်ဦး။ ရေစိမ်နာပြီး ရက်ရှည်မိုးရေထိထားဟန်တူတဲ့ သူ့အသားအရေဟာ ပုပ်ပွလို့ ပျော့ဖပ်နေပြီ။
ထိုလူသားနဲ့ မလှမ်းမကမ်း ဗွက်စပ်စပ်ညွန်တောထဲမှာတော့ ခေါင်းပြားနေအောင် ရိုက်သတ်ခံထားရတဲ့ သွေးအလိမ်းလိမ်းနဲ့ တောကြီးမြွေဟောက်ကြီးတစ်ကောင်။ ယင်စိမ်းတွေ တလောင်းလောင်းအုံနေတဲ့ သူ့ခမျာ ပါးပျဉ်းကိုတောင် ထောင်နိုင်ရှာတော့ဟန် မတူ။
ဖျောက်ဆိပ်ရွက်ကြွေတွေကြား လဲကျနေတဲ့ ဝါးပလိုင်းကြီးထဲက ဖားတွေကမူ ဖိတ်တစ်ဝက် စဉ်တစ်ဝက် လွင့်ကျဲလို့။
ရေမှော်ကြာဝတ်ဆံလေးတွေထက် အရသာထူးတဲ့ ထိုအရာတွေဟာ သူတို့အတွက် ဘုရားပေးတဲ့ အာဟာရဆုကလွဲပြီး ဘာများဖြစ်နိုင်ဦးမလဲ။
ချောင်းကမ်းထဲက ငါးအုပ်ကြီးကတော့ သက်မဲ့ လူသား၊ ဖား၊ မြွေတို့ထံ သူတို့အာဟာရအတွက် ဝိုင်းစုညီညာစွာအုံခဲလို့ မည်းနေကြပါပကော။
ဪ… အစာရမ္မက် တဏှာဖက်လေသော ဤလောကတွင် ဖားနိုင် ဖားစား၊ ငါးနိုင် ငါးစား ဆိုတာ တကယ်ရှိကြောင်း ဤချောင်းကလေးက သက်သေ ပြုနေလေရဲ့လေ။ ။
Uncategorized