August 29, 2025

လေထဲပျောက်သည့် အိမ်ကလေး

လေထဲပျောက်သည့် အိမ်ကလေး

——————————

သူနှင့်ကျွန်တော် ဇာတ်လမ်းပြတ်ပြီ။

 

ကျွန်တော် သူ့ကို နောက်ဆုံးအကြိမ် လှည့်ကြည့်လိုက်သည်။

 

“နောက် … ဘယ်တော့မှ …”

 

ကျွန်တော် ချာခနဲ လှည့်ထွက်ခဲ့လိုက်သည်။

 

သူ ကျွန်တော့်ကို နှုတ်မဆက်ပါ။ လက်မပြပါ။ မျက်ရည်မကျပါ။

 

ကျွန်တော်ကလည်း လွမ်းလောက်စရာ မရှိသော သူ့ကို လှည့်ကြည့်စရာ အကြောင်းမရှိတော့ပါ။

 

သူနှင့်ကျွန်တော် ကိစ္စပြတ်ပြီပဲ။

 

ကျွန်တော် သတင်းစာတိုက်တစ်တိုက်တွင် ၇ နှစ်ခန့် လုပ်ဖူးသည်။

 

သတင်းစာတိုက်က ကျွန်တော့်ကို လစာလည်းပေးသည်။ နေ့စဉ် ကဏ္ဍတစ်ခု ပုံမှန်ရေးပေးနေသည့် အတွက်လည်း စာမူခရသည်။ သတင်းစာတိုက်က ကျွန်တော့်ကို လစာပေးလျှင် ဘဏ်ထဲကိုပဲ ငွေထည့် ပေးသည်။ ကျွန်တော့်ကိုလည်း ဘဏ်စာအုပ်တစ်အုပ် လုပ်ပေးထားသည်။

 

ကျွန်တော်က စာမူခနှင့် စားလောက်နေသောကြောင့် လစာတွေကို မထုတ်ဖြစ်ခဲ့။ ထို့ကြောင့်လည်း ကျွန်တော့်မှာ ဘဏ်နှင့် ချိတ်ဆက်မိပြီးသား ဖြစ်နေသော်လည်း ငွေထုတ်၊ ငွေသွင်းတွေလည်း မလုပ်ဖြစ်ခဲ့ပေ။ ရှင်းအောင်ဆိုရလျှင် ဘဏ်သွားပြီး ငွေထုတ်သွင်းရခြင်းကို အလုပ်ရှုပ်သည်ဟု မူလကတည်း ခံစားစိတ်ဝင်နေ သည်။

 

ဘဏ်တွင် ငွေမထုတ်ဖြစ်ခဲ့ခြင်းကလည်း စုဆောင်းမိသလို ဖြစ်သွားသည်။ ကျွန်တော့် အိပ်မက်က

 

“ငါအနားယူလိုက်လျှင် ခြံလေးတစ်ခြံကို တောမှာဝယ် … အိမ်လေးတစ်လုံးနဲ့နေမယ်”

 

၂၀၁၉ တွင် အလုပ်ကနားလိုက်သည်။ မြန်မာနိုင်ငံအနှံ့ လျှောက်သွားသည်။ ပျော်လိုက်သည်မှာ ပြောမပြ နိုင်လောက်အောင်ပင်။ ဟောပြောပွဲတွေ၊ စာဖတ်ပရိသတ်တွေနှင့် စကားလက်ဆုံပြောမကုန်။

 

၂၀၂၁

 

ကံဆိုးမိုးမှောင်ကျတော့သည်။

 

ကိုဗစ်ဝေဒနာ ခံစားရသည်။ ကံကောင်းလို့မသေ။ အိမ်လေးတစ်လုံး ဆောက်မည်ဟု ကြံထားသည့် ဘဏ်က ပိုက်ဆံတွေ ထုတ်မရတော့။

 

၂၀၂၁ အစောပိုင်းက အိမ်ဆောက်ပေးမည့် သူတွေနှင့် တိုင်ပင်ထားသည်။ ကျွန်တော် ဆောက်မည့် အိမ်လောက် ဆိုလျှင် သိန်း ၂၀၀ လောက်နှင့် ရနိုင်သည်။

 

ဘဏ်တွေက ကိုယ့်ငွေကိုယ် ထုတ်ချင်တိုင်း ထုတ်မရ။ လစဉ် အရစ်ကျ ထုတ်နေရသည်။ ငွေကို အလီလီ ထုတ်နေရသည့် ကြားတွင် ကျန်းမာရေးကြောင့် ဆေးကုလိုက်ရသည်။ ထိုကြားထဲတွင် ဟိုကိစ္စ သည်ကိစ္စ ကြံဖန်ပေါ်လာသည့် ငွေကုန်ပေါက်များကလည်း တားမရ။ လက်ထဲပိုက်ဆံ ရှိလာပြန်တော့ လှူချင်တန်းချင် သေးသည်။ ဒုက္ခရောက်ကြောင်း ကိုယ့်ရှေ့လာညည်းပြလျှင် ပေးလိုက်ချင်သေးသည်။

 

ထို့ကြောင့် ငွေခေါင်းကွဲကုန်တော့သည်။

 

မနေ့ကတော့ ဘဏ်တွင် ရှိသည့်ငွေ နောက်ဆုံး ထုတ်ရမည့်နေ့ဖြစ်သည်။

 

ဘဏ်က ကောင်မလေးက စာအုပ်ထဲကို မကြည့်သေး

 

“ဘယ်လောက်ထုတ်မလဲ … ၁၀ သိန်းပဲရမယ်” ဟု ပြောသည်။

 

“၁၀ သိန်းလည်း မရှိတော့ပါဘူး … ချန်ထားလို့ ရသလောက်ချန် … ကျန်တာအကုန်ထုတ်မယ်”

 

သူက ထိုအချိန်မှ စာအုပ်ကို ဖွင့်ကြည့်သည်။

 

“တစ်ထောင်တော့ ထားခဲ့ရမယ်”

 

“ရတယ် … ထားပေါ့”

 

နောက်ဆုံး ဘဏ်လက်ကျန်ငွေ ၁၀၀၀ ကျပ်ဖြင့် ကျွန်တော် အပြတ်ဖြတ်ခဲ့သည်။

 

ယခုတော့ ကျွန်တော့်လက်ထဲတွင် ပိုက်ဆံတွေက အကွဲကွဲ အပြဲပြဲ။ လက်ရှိငွေနှင့်တော့ တက်ချင်တိုင်း တက်နေသည့် ဈေးနှုန်းတွေနှင့် အိမ်မပြောနှင့် အောက်ခံ ဖောင်ဒေးရှင်းပင် ရပါတော့မလားမသိ။

 

စိတ်ကူးအိပ်မက်တွေအားလုံး ပျက်သုဉ်းကုန်သည်။

 

ကျွန်တော် ဘဏ်ကို မယုံ၍ မဟုတ်။ ဘဏ်ကို ထိန်းချုပ်နေသော စနစ်နှင့် ထိန်းချုပ်ချင်တိုင်း ထိန်းချုပ် နိုင်သည်ဆိုသော စနစ်တွေကို မယုံကြည်ခြင်းဖြစ်သည်။

 

ကျွန်တော် စီးပွားရေးတွေ ဘောဂဗေဒတွေ နားမလည်ပါ။ သာမန် အရပ်သားတစ်ယောက်လို ရိုးရိုးလေးတွေး ပါသည်။

 

ဘဏ်ဆိုသည်မှ ကျွန်တော့်ပိုက်ဆံတွေကို လုံခြုံစေရန် သိမ်းပေးနိုင်သည့် နေရာ။ ဘဏ်ဆိုသည်မှာ ကျွန်တော် သိမ်းထားသည့် ပိုက်ဆံတွေကို ထုတ်ချင်တိုင်း ထုတ်နိုင်သည့်နေရာ။ ထုတ်ချင်သည့်အချိန်တွင် ထုတ်နိုင်သည့် နေရာ။ ကျွန်တော့် စုထားသလောက် ပြန်ပြီးထုတ်ချင်သလို ထုတ်နိုင်သည့်နေရာ။

 

ကျွန်တော် ရိုးရိုးလေးပဲ နားလည်ထားပါသည်။

 

သို့သော်

 

ကျွန်တော် ယုံကြည်သောဘဏ်သည် ကျွန်တော့်ကို လျစ်လျူရှုလာသည်။ သူတို့မှာလည်း သူတို့ အကြောင်းနှင့်သူ။ ကျွန်တော် အိမ်ဆောက်ချင်သည်ကို သူမသိပါ။ ကျွန်တော် ငွေလိုနေသည်ကို သူမသိပါ။ ကျွန်တော်နှင့် ဘဏ်ကြားတွင် ယုံကြည်မှုတွေ ကပြောင်းကပြန်ဖြစ်ကုန်သည်။

 

ဘဏ်ကလည်း ယုံကြည်မှုကို ဖောက်ဖျက်ချင်မည်မဟုတ်။

 

ကျွန်တော်ကလည်း ဘဏ်အပေါ်ယုံကြည်မှုကို မဖောက်ဖျက်ချင်။

 

သို့သော် … ကျွန်တော် မယုံကြည်တော့။

 

မနေ့ကတော့ ကျွန်တော် သူ့ကို နောက်ဆုံး နှုူတ်ဆက်လိုက်သည်။

 

တင်ညွန့်