July 31, 2025
Uncategorized

လေသေနတ်နဲ့ ဆတ်ရခြင်း

မန္တလာသား

တစ်ရက် ကျွန်တော့်အိမ် ကျော်မိုး ရောက်နေစဉ် ရန်ကုန်မှ မုဆိုးစာရေးဆရာ ကျော်စိုးဗိုလ်၏ ဖုန်း ဝင်လာသည်။

“ဟဲလို … ဦးဘမင်းလား။ ကျွန်တော် ကျော်စိုးဗိုလ်ပါ”

“ ဘမင်း ဟုတ်ပါတယ်။ ကျွန်တော် ဦးဘမင်းပါ။ ပြော … ဘာကိစ္စများ အရေးကြီးတာရှိလို့လဲ ကိုကျော်စိုးရ”

ကျော်စိုးဗိုလ် ။ ။ “အင်း … ကိစ္စကတော့၊ ဦးဘမင်းရဲ့ စာမူကိစ္စကလေး အတွက်ပါ”

“ဟုတ်လား … ဆိုပါဦး။ ကျွန်တော့်ရဲ့ ဘယ်စာမူကိစ္စများလဲ။ ကျွန်တော်တို့ စုပေါင်းထုတ်မယ်ဆိုတဲ့ စာမူကိစ္စလား”

“မဟုတ်သေးဘူး။ အခုဟာက ဦးဘမင်း သည်းထိတ်ရင်ဖိုတိုက်ကို ပို့ထားတဲ့ စာမူကိစ္စပါ”

“ဟုတ်လား … ဘာပြုလို့တဲ့တုံး။ ကျွန်တော်ပို့ထားတဲ့စာမူတွေက လေးငါးဆယ်ခုလောက် ရှိတယ်။ ဘယ်ခေါင်းစဉ်နဲ့ စာမူတဲ့လဲ”

“ခေါင်းစီးနာမည် အတိအကျတော့ မမှတ်မိလိုက်ဘူး။ ဒါပေမဲ့ တာဝန်ခံ အယ်ဒီတာပြောသွားတာ။ ကျွန်တော် မှတ်မိလိုက်တာကတော့ လေသေနတ်နဲ့ အမဲကြီး၊ စိုင်၊ ပြောင်၊ ဆင်၊ ကျားတွေပစ်တဲ့ စာမူလို့ ပြောသွားတာပဲ။ ဦးဘမင်း ဘာတွေ ကလောင်တွန့်ပြီး မဟုတ်မဟတ် လုပ်ဇာတ်တွေထွင် ရေးလိုက်တာတုံး”

“ကြံကြီးစည်ရာ ကိုကျော်စိုးရာ။ ခင်ဗျားတို့၊ ကျွန်တော်တို့လို တကယ်လက်တွေ့ လုပ်နေတဲ့လူတွေအဖို့ သူများ အထင်သေးစရာ၊ အမှန်အကန်အကြောင်းရေးစရာတွေ အများကြီးပါဗျာ။ ဝေဖန်စရာဖြစ်အောင် မဟုတ်မဟတ် လုပ်ဇာတ်တွေ ကြံဖန်ရေးပါ့မလား။ ကိုကျော်စိုးကရော ကျွန်တော်အဲဒီလို သူများဝေဖန် ကဲ့ရဲ့အထင်သေးစရာကိစ္စတွေ ရေးမယ်ထင်လို့လား”

“ထင်လို့ရယ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တာဝန်ခံအယ်ဒီတာကိုယ်တိုင်က လက်ဖက်ရည်ဆိုင် (လေအန်ကုန်း)မှာတွေ့လို့ အသေအချာပြောသွားလို့ပါ”

“ကဲ … ဆိုပါဦး။ အယ်ဒီတာက ဘာတွေ ဘယ်လိုပြောသွားတယ်ဆိုတာလေး။ ဒါမှ ကျွန်တော် စဉ်းစားလို့ရမှာ”

“သူပြောသွားတာကတော့ ဆရာစိုး မိတ်ဆွေ ဘော်ဒါကြီး ဆရာမန္တလာသားကို ပြောပေးစမ်းပါဦး။ ခါတိုင်းရေးနေကျအတိုင်း ရေးရိုးရေးစဉ်ပဲ ရေးပေးပါလို့။ ကလောင်တွန့်ပြီး မဟုတ်မဟတ် လုပ်ဇာတ် လေသေနတ်နဲ့ စိုင်၊ ပြောင်၊ ဆင်၊ ကျားတွေ ပစ်တာမျိုး မရေးသင့်ဘူးလို့။ အတော်ကြာ စာဖတ်သူပရိသတ်က ဝေဖန်စရာ၊ ကဲ့ရဲ့စရာတွေ ဖြစ်ကုန်ပြီး သိက္ခာကျမှာစိုးလို့ပါတဲ့။

နောက်ပြီး ထည့်ပေးတဲ့ ကျွန်တော်တို့ အယ်ဒီတာတွေလည်း အပြစ်တင်၊ အထင်သေးစရာတွေ ဖြစ်သွားမှာစိုးလို့ပါလို့ ဆိုတယ်”

“အေးဗျာ … သူပြောသလို မဟုတ်မဟတ်လုပ်ဇာတ်၊ လေသေနတ်နဲ့ ဆင်တွေ၊ ကျားတွေ၊ စိုင်တွေ၊ ပြောင်တွေပစ်တဲ့အကြောင်းလည်း ကျွန်တော် မရေးမိပါလားဗျာ။ အယ်ဒီတာ တစ်ခုခုတော့ လွဲနေပြီထင်တယ်။

အဲ … တစ်ခုတော့ တွေးမိပြီ။ ကျွန်တော် ပို့ထားတဲ့စာမူတွေထဲမှာ လေသေနတ်ပါတာဆိုလို့ “လေသေနတ်သမားနဲ့ အမဲကြီးများ”ဆိုတဲ့ စာမူတော့ပါတယ်။ အဲဒါများ ညွှန်းပြောတာလားတဲ့”

“အဲ … ဟုတ်မယ်ထင်တယ်။ အဲဒီစာမူထဲမှာ ဦးဘမင်း ဘာတွေရေးလိုက်လဲ။ သူ ပြောသလို လေသေနတ်နဲ့ ဆင်၊ ကျား၊ စိုင်၊ ပြောင် အမဲကြီးတွေပစ်တာ ရေးထားမိသေးလား”

“ဟာ … ဘယ်ကလာ ရေးရမှာလဲဗျာ။ ကျွန်တော်ရေးထားတာက လေသေနတ်လောက် ပစ်ဖူးတဲ့မုဆိုးဝါသနာအိုးလေးတွေက ကျွန်တော့်ကို အမဲကြီးပစ်လိုက်ချင်တယ် ဖြစ်မလားလို့မေးတာကို ကျွန်တော်ကတကယ့်အဖြစ်အပျက်ကလေးတွေကို အကိုးအကား ဥပမာ ဥပမေယျနဲ့ သိလွယ်မြင်လွယ်၊ သဘောပေါက်လွယ်အောင် ပြောဆိုတင်ပြထားတဲ့ ပညာပေးသဘောမျိုး ရေးထားတာပါဗျာ။ မဟုတ်မဟတ်လုပ် ဇာတ်၊ မတော်တရော် တစ်ခုမှ မပါပါဘူး။ ကိုကျော်စိုး သွားဖတ်ကြည့်လိုက်ပါဦး”

“အေးဗျာ … ဒါဖြင့် ဘာလို့များ အယ်ဒီတာက ဒီစကား ပြောသွားတာပါလိမ့်”

“ဟုတ်တယ် … ကျွန်တော်လည်း အဲဒါပဲ သိချင်နေတယ်။ တစ်ခု စဉ်းစားမိတာတော့ ရှိတယ်။ အယ်ဒီတာဆရာက ကျွန်တော့်စာမူကို အသေချာ လုံးစေ့ပတ်စေ့ မဖတ်ရသေးဘဲ ခေါင်းစဉ် “လေသေနတ်သမားနဲ့ အမဲကြီးများ” ဆိုတဲ့ စာသားမြင်ပြီး လေသေနတ်နဲ့ အမဲကြီး စိုင်၊ ပြောင်၊ ဆင်၊ ကျားတွေကို ပစ်တာ ရေးထားတာနေမှာပဲလို့ အထင်နဲ့ စိတ်စောပြီး ပြောလိုက်တာများလားပဲ”

“အား … ဖြစ်နိုင်တယ် ဦးဘမင်းရေ။ အယ်ဒီတာပြောတဲ့စကားထဲမှာ သူ လက်ဖက်ရည်ဆိုင် မလာခင်လေးတင် ခင်ဗျားစာမူ ထုတ်ဖတ်ခဲ့တယ်ဆိုတော့အကြောင်းအရာ စာသားအကုန် မဖတ်ရသေးဘဲ ခေါင်းစဉ်လောက် ဖတ်ခဲ့ရသေးတာနေမှာ။ ဒါကြောင့်လည်း ခင်ဗျားပြောသလိုအထင်နဲ့ စိတ်ပူပင်ပြီး ပြောတာနေမှာပါ”

“အေးပေါ့ဗျာ … သူကတော့ စိတ်ပူပင်ပြီး စေတနာထားလို့ ပြောလိုက်တာပဲ။ ဒါပေမဲ့ ကာယကံရှင် ကျွန်တော်ကတော့ လောလောဆယ် ကိုယ်မလုပ်တဲ့ကိစ္စ ဘယ်သူကများ အပုပ်ချလိုက်တာလဲလို့ ခိုးလို့ခုလု ဖြစ်သွားတာပေါ့”

“အစကတော့ ကြားကြားချင်း ကျွန်တော်လည်း ဦးဘမင်း ဘာလို့များ ဒီလို လုပ်ချလိုက်ပါလိမ့်ဆိုပြီးစိတ်ထဲ ဇဝေဇဝါဖြစ်သွားသေးတယ်။ ဒါပေမဲ့ အခုတော့ ရှင်းသွားပါပြီ။

လာပြောတဲ့ အယ်ဒီတာကိုလည်း စိတ်ထဲမှာ ဘယ်လိုမှမမြင်ပါနဲ့ဗျာ။ သူက ကျွန်တော်တို့ ခင်ဗျားတို့ကိုလေးစားခင်မင် အထင်ကြီးပြီးသားမို့ ကောင်းစေချင်လို့၊ သူများ ပြောစရာ၊ ဝေဖန်စရာ ဖြစ်မှာစိုးလို့ အပူအပင်ပိုပြီး ဝီရိယလွန်ကဲ ပြောမိတာနေမှာပါ”
“ဟုတ်ပါပြီဗျာ။ ကိုယ့်အပေါ် စေတနာနဲ့ ဝီရိယလွန်ကဲပြောသွားတာဆိုတော့ စိတ်ထဲမှာ ဘယ်လိုမှမခံစားပါဘူး။ ကျွန်တော်ကိုယ်၌ကလည်း တစ်ဖက်သားရဲ့ စေတနာကို တန်ဖိုးထားတတ်တဲ့သူဆိုတာ ကိုကျော်စိုး သိပါတယ်။ ကိုင်း … ကိုင်း- ဒါပဲနော် – ဖုန်းချလိုက်တော့မယ်။”

“အိုကေ … ဦးဘမင်းရေ … အိုကေ”

“အစ်ကို … စာရေးဆရာ ကျော်စိုးဗိုလ်ဆီကလား။ ဘာတွေပြဿနာတက်၊ အလုပ်ရှုပ်နေကြတာလဲ”

ကျော်မိုးက ကျွန်တော် ဖုန်းပြောနေတာကို နားထောင်ပြီး မေးလိုက်ခြင်း ဖြစ်သည်။

“ဟုတ်တယ် … ကျော်စိုးဗိုလ်ဆီက ဖုန်းပါ။ အထူးအထွေ ပြဿနာမဟုတ်ပါဘူးကွာ။ အစ်ကို့စာမူတစ်ခုအတွက်ပါ”

“ဘာလဲ … နှစ်ယောက်ပေါင်း စာအုပ်ထုတ်မလို့လား”

“မဟုတ်ပါဘူးကွာ။ အစ်ကိုရေးလိုက်တဲ့ ‘လေသေနတ်သမားနဲ့ အမဲကြီးများ’ ဆိုတဲ့ စာမူကလေးကိစ္စပါ”

“အဲဒီစာမူထဲမှာ အစ်ကိုက ဘာတွေရေးလိုက်လို့လဲ။ မတော်တရော်တွေ လန်ကြုတ်လုပ် ရေးလိုက်လို့လား”

“လာပြန်ပြီတစ်ယောက်။ ငါရေးတဲ့ ဝတ္ထုတွေမှာ ဇာတ်ကောင်အဖြစ် မင်း အများဆုံး ပါနေတာပဲ။ ငါ ဘယ်တုံးက မဟုတ်တာ လန်ကြုတ်လုပ်ရေးဖူးလို့လဲ။ တကယ့် အဖြစ်မှန်တွေ အခြေခံ ရေးတာပဲမို့လား။

အခုလည်း ငါရေးထားတာက တကယ့်အဖြစ်မှန်ပညာပေး ရေးထားတာကို ဆရာအယ်ဒီတာက စာသားမဖတ်ရသေးဘဲ ခေါင်းစဉ်ဖတ်ပြီး အတွေးအထင်နဲ့ စိတ်ပူပင်ပြီး ယုတ္တိယုတ္တာမရှိတဲ့ လေသေနတ်နဲ့ အမဲကြီး စိုင်၊ ပြောင်၊ ဆင်၊ ကျားတွေပစ်တာ ရေးရပါ့မလားဆိုပြီး ကျော်စိုးဗိုလ်ကတစ်ဆင့် ပြောခိုင်းလို့ပါကွာ”

“အစ်ကို့ စာမူထဲမှာရော တကယ် လေသေနတ်နဲ့ စိုင်၊ ပြောင်၊ ဆင်၊ ကျားတွေ ပစ်တာရော ပါလို့လား”

“မပါပါဘူး ကျော်မိုးရာ။ ခေါင်းစဉ်ကြည့်ပြီး အထင်နဲ့ အပူအပင်ပိုပြီး ပြောတာနေမှာပါ”

“အင်း … လေသေနတ်နဲ့ စိုင်၊ ပြောင်၊ ဆင်၊ ကျား ပစ်တာ ရတာတော့ မပြောတတ်ဘူး။ လေသေနတ်နဲ့ ဆတ်ဖားချိုကားကြီး ရတာတော့ ကျွန်တော့်မျက်မြင် ကိုယ်တွေ့တွေမို့ အစ်ကို ရေးချင်ရေးပါလား”

“လုပ်ပြန်ပြီ။ မင်းက ငါ့ကို အဝေဖန်ခံရအောင်၊ သိက္ခာကျအောင် ချွန်နေပြန်ပြီ။ လေသေနတ်နဲ့ ယုန်၊ ကြောင်၊ ချေလောက် ရတယ်ဆိုတာ လက်သင့်ခံနိုင်ပေမယ့် ဆတ်ဖားကြီး လေသေနတ်နဲ့ ရတယ်ဆိုတာကတော့ နည်းနည်းလွန်လွန်းမနေဘူးလား။ ဆတ်ပေါက်စလေးဆိုရင်တော့ ထားပါတော့”

“အော် … အစ်ကိုက ကျွန်တော် နောက်နေတယ်ထင်လို့လား။ ဆတ်မှ (၆) စထောင်ချိုကား ဆတ်ဖားကြီးဗျ။ လက်တွေ့ပစ်ရခဲ့တဲ့လူတွေ မသေကြသေးပါဘူး၊ ရှိပါသေးတယ်။ သက်သေပြနိုင်ပါသေးတယ်”

“ဘယ်က ဘယ်သူတွေလဲ။ ပြောစမ်းပါဦး၊ သိရအောင်”

“တခြားလူတွေ မဟုတ်ပါဘူး။ တကောင်း၊ ကျောက်အိုက်ရွာက အစ်ကိုရဲ့နောက်လိုက်တွေဖြစ်တဲ့ မောင်ပေ၊ မောင်ရွှေ၊ မောင်ငွေတို့ မုဆိုးညီအစ်ကိုတွေပဲလေ”

“ဟေ့ … ဟုတ်ရဲ့လား ကျော်မိုးရာ။ ဘယ်တုံးကလဲ။ ငါတောင် မသိလိုက် မကြားလိုက်ပါလား”

“ကျွန်တော် သစ်သွားလုပ်တုန်းကလေ။ အစ်ကိုက သေနတ်တွေမရှိတော့တဲ့နောက်ပိုင်း တကောင်းတောမှ မရောက်တော့တဲ့ဥစ္စာ၊ ဘယ်သိတော့မှာလဲ။

ကျွန်တော်ကလည်း စကားမစပ်မိတော့ မပြောဖြစ်ဘူး။ အခုတော့ လေသေနတ်နဲ့ အမဲကြီးပစ်တဲ့အကြောင်း စကားစပ်မိလို့ ပြောပြရမှာ။

တစ်ခုတော့ရှိတယ်နော်။ ကျွန်တော်ပြောပြတဲ့ တကယ့်ဇာတ်လမ်း အစ်ကိုရေးလို့ စာမူခရရင်တော့ ပြောပြခ ကုန်ကြမ်းပေးခ ဘီယာအဝတိုက်ရမှာနော်”

“အောင်မာ … အောင်မာ ၊ သူ့ဇာတ်လမ်းကဖြင့် ရေး မရေးရသေးဘူး။ အဖိုးအခ ဘီယာအဝတိုက်ရမှာတဲ့။ အေး မင်း ဒီလောက် ဘီယာသောက်ချင်နေမှတော့ အခု တိုက်လိုက်ပါ့မယ်ကွာ။ ခဏနေဦး …နောက်ဖေးသွားပြီး နို့ဆီခွက်နဲ့ အပြည့်ထည့်ခဲ့မယ်။ ဟဲ … ဟဲ … ဟဲ”

“ထွီ … ဖွီ … ကောင်းလိုက်တဲ့ စေတနာဗျား”

xxx xxx xxx

တကောင်းတော ‘မဟော်ရာ’ စခန်းတွင်ကား …

“မီးခိုးက တလူလူ၊ လူသူတွေက စည်စည်ကား၊ ကျွဲနွား ခလောက်၊ ဒုဒင်သံနဲ့၊ ရှီးရှဲသံ ညံမစဲတယ်၊ ကျော်မိုးရဲ့သစ်စက်တဲ”

မှန်ပါသည်။

မန္တလေးမှ ကိုကျော်မိုးတစ်ယောက် တစ်ချိန်က သူ မုဆိုးလုပ် တောလည်ခဲ့သော တကောင်း ကျောက်အိုက်တော၊ မဟော်ရာစခန်းမှာ သစ်လုပ်ငန်းလုပ်လျက်ရှိရာ သူ၏ သစ်စက်တဲစခန်းတွင် မိတ်ဆွေအပေါင်းအသင်းများ၊ အလုပ်သမားများ၊ ချက်လိုက်ပြုတ်လိုက်၊ စားလိုက်သောက်လိုက်နဲ့ စည်စည်ကားကားရှိသလောက် သူတို့ရဲ့သစ်ဆွဲ၊ သစ်တိုက်လုပ်ငန်းများအတွက် ကျွဲနွားများမှာလည်း ခလောက်သံ ဒုံဒင်သံ စီစီညံနေတော့သည်။

ဒီအထဲ သစ်စက် သစ်ခွဲသံကလည်း တရှီးရှီး တရှဲရှဲ နားကွဲလုမတတ် မရပ်မနား ကြားနေရပြန်သည်။

ဘာပဲပြောပြော ကျော်မိုးတစ်ယောက် ကြီးပွားရာ ကြီးပွားကြောင်း အခွင့်ကောင်းသိသူ၊ လာဘ်မြင်သူဟု ပြောရပေမည်။

တစ်ချိန်တစ်ခါက သူ မုဆိုးလုပ် တောလည်ခဲ့သော ဒီတောတွင် ကျွန်း၊ ပျဉ်းကတိုး၊ သစ်ရာ၊ အင်ကြင်း၊ ပိတောက်၊ ယင်းမာ၊ တမလန်း အစရှိသော သစ်မာသစ်ကောင်းများ ပေါများသလို အင်၊ ကညင်၊ တမာ၊ ယမနေ၊ လက်ပံ၊ ဒီးဒူး၊ ဂုတ်ဟဲ အစရှိသည့် သစ်ကြီး ဝါးကြီးများလည်း လက်ညှိုးထိုးမလွဲအောင် ပေါများလှပေရာ သူ့လုပ်ငန်းအတွက် ပီတိဆိုက်နေတော့သည်။

တကောင်း၊ ကျောက်အိုက်ရွာများတွင် နေထိုင် တောလည် မုဆိုးလုပ်ခဲ့သဖြင့်လည်း အသိအကျွမ်းမိတ်ဆွေတွေက ပေါမှပေါ။

ဒါကြောင့်အလုပ်သမားများအတွက်လည်း ပူစရာမလို။ သူလိုသည်ဆိုက အချိန်မရွေး လိုတာထက်တောင် ပိုနေသေးသည်။
အရင်တစ်ချိန်ကကြိမ်ခုတ်၊ ဝါးခုတ်၊ သနပ်ခါးခွဲလုပ်နေကြသော ရွာသူရွာသားများမှာလည်း ကျော်မိုးသစ်စက်လည်မှ သစ်ရှာ၊ သစ်ခုတ်၊ သစ်ထုတ်၊ သစ်တိုက် လုပ်ငန်းများရကာ ဝမ်းခါးလှလှ ဝတ်ကြ စားရသဖြင့် ကျော်မိုးမှာ ကယ်တင်ရှင် ကျေးဇူးရှင်ကြီး ဖြစ်နေတော့သည်။

အထူးသဖြင့် သူနဲ့ ဒိုးတူပေါင်ဖက် မုဆိုးလုပ် တောလည်ခဲ့ကြသော အပေါင်းအသင်းများက သူလိုသမျှ အခက်အခဲမှန်သမျှ ပံ့ပိုးကူညီ ဖြေရှင်းပေးခဲ့ကြသည်။

အခုလည်း သူအလိုရှိသော ပိတောက်ပွေး၊ ပိတောက်စကွဲယားများ ရရှိရန်အတွက် တောကျွမ်းလှသော သူ့မုဆိုး ညီအစ်ကိုများဖြစ်ကြသည့် မောင်ပေ၊ မောင်ရွှေ၊ မောင်ငွေတို့ကို လူကြုံမှာ၍ အမြန်လာရန် စကားပါးလိုက်ခြင်း ဖြစ်သည်။

သူ့ရည်ရွယ်ချက်မှာ မုဆိုးညီအစ်ကိုများ ရောက်လာလျှင် လိုအပ်သည့် ခွဲသား၊ ကျွန်း၊ ပိတောက်၊ တမလန်း မှန်းထားသည်ထက် ရအောင် တောနင်းရှာခိုင်း ခုတ်ခိုင်းပြီး အားလပ်ချိန်များတွင် သူတို့ဝါသနာပါသော တောလိုက်တောလည် မုဆိုးလုပ်၊ အမဲသားငါး ရှာကြရန် ဖြစ်သည်။ အဲဒီလိုရှာနိုင်ရန်အတွက်လည်း စပါယ်ရှယ် တူမီးကောင်းကောင်းနှစ်လက်နှင့် ခဲယမ်း လိုလေသေးမရှိအောင် ဝယ်ထားပေးလိုက် သည်။

တကယ်လည်း သူ မျှော်မှန်းထားသလို မောင်ပေ၊ မောင်ရွှေ၊ မောင်ငွေတို့က လိုအပ်သော သစ်ဝါးများကို ရှာနိုင်ဖွေနိုင်သူများဖြစ်သည့်အပြင် သားငါးရှာ တောလည်ရာတွင်လည်း ဇရှိပြီးသူများ ဖြစ်ကြသည်။

အစတုန်းကတော့ မန္တလေးမုဆိုးများ ဖြစ်ကြသော မသုံးလုံး ဦးစိန်ဝင်း၊ ပြတိုက်မှူး ဦးဝင်းမောင်၊ ကျောင်းဆရာ ဦးတင်မောင်ညွန့်၊ ကုန်သွယ်ရေး ဦးဘမင်းနှင့် ဓာတ်သတ္တုရှာဖွေရေးအရာရှိ ဦးမောင်မောင်မြင့် အစရှိတဲ့ မြို့မုဆိုးများ၏ နောက်လိုက်ကျွဲကျောင်း၊ နွားကျောင်း၊ အမဲဖျက်၊ ဟင်းကိုင်၊ နောက် လမ်းပြ၊ နောက် တောလည်မုဆိုး အဆင့်ဆင့် တိုးခဲ့ကြသော အတွေ့အကြုံရှိပြီးသူများပင်။

မုဆိုးအတွေ့အကြုံ ဝါအတော်ရင့်လာသောအခါ သူတို့ကိုယ်တိုင် တူမီးများ ဝယ်ကိုင်လျက် တောထွက်ကြရာ ဆတ်၊ ဝက်၊ စိုင်၊ ပြောင်သာမက ဝံ၊ ကျားများပင် ပစ်ခတ်ရရှိပြီး လှူနိုင် တန်းနိုင်ကြသည်။

မုဆိုးရင့်မကြီးများဘဝ ရောက်ခဲ့ကြသူများပင်တည်း။

xxx xxx xxx

မုဆိုးညီနောင်(၃)ဦး ကျောက်အိုက်ရွာမှ ထွက်လာတော့ အရှေ့က ရောင်နီပျို့ခါစ ရှိသေးသည်။ ဆရာသမား ကိုကျော်မိုးဆီမှ အမှာစကားကြောင့် တလေးတစား ဝီရိယထားပြီး စောစောထွက်ခဲ့ကြခြင်းပင်။

တစ်ချိန်ကလို သူတို့သဘော၊ သူတို့ဆန္ဒနှင့် တောလည်တာဆိုရင်တော့ တူမီးသေနတ်ကိုယ်စီနှင့် ဖြစ်မည်။ အခုတော့ တူမီးသေနတ်ကလည်း လက်ဝယ်မရှိ။ ဆရာသမားက လုပ်ငန်းအတွက် အဓိကထားခေါ် သည်ဆိုတော့ အလုပ်နှင့်ပတ်သက်သော လွှ၊ ဓားမနှင့် ခွန်(တူးရွင်းစောက်လိုအသွားနှင့် ပေါက်ဆိန်ရဲတင်းလို လွှဲခုတ်ရသောပစ္စည်း)ကိုသာ အသီးသီး ယူဆောင်လာခဲ့ကြသည်။

မောင်ပေ၏ လက်ထဲတွင် ငါးမန်းလွှ၊ မောင်ရွှေ၏လက်ထဲတွင် သစ်ခုတ်ဓားမနှင့် မောင်ငွေ၏ လက်ထဲတွင်တော့ ကြိမ်ရိုးတပ် ခွန်တစ်လက်သာ ဖြစ်သည်။

ရာသီမှာ တစ်ဆောင်းသွေ၊ တစ်နွေကူးသည့် လတန်ခူးမို့ အရပ်ရှစ်မျက်နှာတွင် မှုန်မှုန်မှိုင်းမှိုင်း မြူတွေက ဆိုင်းနေသည်။ နံနက်ခင်းဖြစ်သည့်အလျောက် လေနုအေးလေးက တစ်ချက်တစ်ချက် ဆော်သွေးတိုက်ခတ်လိုက်တိုင်း ရွှေဝါရောင် ပန်း ပိတောက်ရနံ့ကလေးက သင်းပျံ့ကြိုင်လှိုင်လှသည်။

ခပ်ဝေးဝေး ပင်ယံထက်ဖျားဆီက ဥဩငှက်ငယ်တစ်ကောင်၏ ဖော်မဲ့ဘေး “ဥဩ … ဥဩ” ဟူသော လွမ်းမောဖွယ် တေးသံသာက အလွမ်းဓာတ်ခံရှိသူများကို ဆွေးစေအောင် ဖန်တီးနေသည့်နှယ်ပင်။

သိန်းကလေးကွင်းတောစပ် ရောက်ခဲ့ကြသောအခါ ရှေ့ဆုံးမှ သွားနေသော မောင်ရွှေက ရပ်လိုက်ပြီး သူ့အစ်ကိုနှင့် ညီဖြစ်ကြသော မောင်ပေ၊ မောင်ငွေတို့အား တစ်နေရာသို့ လက်ညှိုးထိုးပြနေသည်။

သူ လက်ညှိုးညွှန်ရာသို့ ကြည့်လိုက်သောအခါ လမ်းဘေးကိုက်(၃ဝ) လောက်အကွာရှိ သစ်ချိုပင်အောက်တွင် သစ်ချိုသီး ကောက်စားနေကြသော ချေ(ဂျီ)ဖို၊ ချေမနှစ်ကောင်ကို တွေ့ကြရသည်။

“အင်း … တူမီးသေနတ် ပါလို့ကတော့ ဟင်းစားအတွက်ကတော့ အသေချာပဲဟေ့”

မောင်ပေက အသံထွက်၍ ရမ္မက်ဇောနှင့် ပြောလိုက်သည်။

“ဟုတ်ပါ့ အစ်ကိုကြီးပေရာ။ သေနတ်မပါတာ နာတာပဲနော်”

သူတို့ပြောသံတွေကို ကြားသွားသော ချေနှစ်ကောင်မှာ ကြောက်အားလန့်အားနှင့် ပြေးရင်းလွှားရင်း တဝေါင်းဝေါင်း ဟောက်သွားကြသည်။

“ဒီရာသီ ချေသားက ခါးပါတယ်ကွာ။ မစားချင်ပါနဲ့ … ဟဲ … ဟဲ”

“စပျစ်သီး ချဉ်နေပြန်ပါပြီ မောင်ရွှေရာ”

ညီအစ်ကိုတစ်တွေ ပြောရင်းဆိုရင်း ခရီးဆက်ခဲ့ကြပြန်သည်။

“ဖြန်း … ဖြန်း … ဖြန်း”

“အောက် … အီး … အီး … အွတ်”

“သွေးကျောက်ဆုံ စခန်းအဝင်ဝ ဝါးတောဆီက အိပ်တန်းဆင်း ကြက်ဖတစ်ကောင်၏ အတောင်ပံခတ်သံ၊ တွန်ကျူးသံက မိုးသောက်ယံကို ကြိုဆိုနှုတ်ဆက်လိုက်သည်။

“အောက် … အီး … အီး … အွတ်”

“ကျေးအိုင်နှစ်လုံးတွဲ ရေအိုင်အစပ်ဆီမှလည်း မိုးသောက်ယံ ကြိုဆိုနှုတ်ဆက်ခြင်းကို ထောက်ခံအားပေးသော တောကြက်ဖတစ်ကောင်၏ အသံသာသာယာယာက ပေါ်ထွက်လာပြန်သည်။

မောင်ငွေက သူ့လွယ်အိတ်ထောင်ထဲမှ ဘတ်ခွ(ကြက်ပေါင်ခွ)နှင့် လောက်စာလုံးကို ထုတ်ယူလိုက်ပြီး

“ကိုကျော်မိုးအတွက် အမြည်းပါသွားအောင် သွားချောင်းလိုက်ဦးမယ်။ ခဏစောင့်ကြဦးနော်”

“ဟ …လုပ်မနေနဲ့ကွ။ ခရီးဖင့်ပါတယ်။ စခန်း စောစောရောက်အောင် လာခဲ့ဖို့ မှာထားတာ။ ဘာမဟုတ်တဲ့ ကြက်လောက်နဲ့တော့ ခရီးကြန့်ကြာခံမနေနဲ့”

“ဟုတ်တယ် ငါ့ညီရ။ ကိုကျော်မိုးက စခန်းစောစောရောက်အောင် လာခဲ့ဖို့ အသေချာ မှာလိုက်တာကွ။ လာပါ … သွားကြရအောင်”

မောင်ရွှေကလည်း မောင်ပေ့စကားကို ထောက်ခံပြီးညီဖြစ်သူအား ကျိုးကြောင်းပြောလိုက်ရသည်။

မောင်ငွေမှာတော့ ဝါသနာကြောင့် ဆန္ဒရှိသော်လည်းနောင်တော်များက ခွင့်မပြုသဖြင့် နောက်က ငြိမ်လိုက်ခဲ့ရတော့သည်။

ရှေ့ဆုံးမှ သွားနေသော မောင်ရွှေက ခရီးတွင်စေရန် ခပ်သွက်သွက် လှမ်းနေသည်။ လမ်းဘေး ဝဲ ယာ၊ မြက်တော၊ ကိုင်းတော၊ ချုံတောများကား မီးလောင်ထားပြီး ဖြစ်သဖြင့် မြင်ကွင်းရှုကွင်းများက ရှင်းလင်းနေပြီး သားကောင်ခြေရာများက မီးလောင်ပြာအတွင်း အကွင်း အကွင်းနှင့် ထင်းနေသည်။

“ဒီနေရာတစ်ဝိုက်မှာ ဆတ် တော်တော်ပေါသေးတာပဲ”

လမ်းပေါ်တွင် လျှောက်သွားထားသော ဆတ်ခြေရာ၊ ဝက်ခြေရာ အသစ်အဟောင်းများကိုကြည့်ရင်း မောင်ရွှေက မှတ်ချက်ချလိုက်သည်။

“ပေါမှာပေါ့ကွ။ ဒီနေရာက ရေသောက်ဖို့ ထိန်ကန်ကလည်းရှိ၊ သီးစားဆီးဖြူ၊ ဖန်းခါး၊ ကင်ပွန်း၊ ချဉ်ဗြစ်၊ ဇင်ပြွန်းအစရှိတဲ့ သီးစားပင်တွေကလည်းပေါတော့ ဒီတော ပျော်တာပေါ့”

မောင်ပေက တောအခြေအနေကို ရှင်းပြလိုက်သည်။

“ကိုကျော်မိုးဆီ ရောက်ပြီးမှ တစ်ညလောက် တူမီးသေနတ်နဲ့ လာလည်ကြရအောင်။ ဟင်းစားကတော့ အသေချာမလွတ်တန်းပဲ အစ်ကိုကြီးရ”

မုဆိုးဝါသနာကြီးလှသော မောင်ငွေက သူ့ဆန္ဒကို ထုတ်ပြလိုက်သည်။

“အေးပါ … နေ့ပိုင်းသစ်ရှာ၊ သစ်ခုတ်ပြီး ညပိုင်း တောလည်ဖို့ ကိုကျော်မိုးကလည်း ပြောပြီးသားပဲလေကွာ”

စကားတပြောပြောနှင့်လာလိုက်ကြရာ တိုက်ပိုင်စခန်းကိုကျော်ပြီး ကျောက်ပုံတောင်စခန်းအစသို့ပင် ရောက်ခဲ့ကြသည်။ ကျောက်ပုံတောင်စခန်းတွင်လည်း အမဲသားကောင်ပျော်သည့် လက္ခဏာ၊ ခြေရာ အတွေ့များသည်။

အတွေ့များရသည့် အကြောင်းကလည်း ရှိသည်။ တယ်ပင်၊ သစ်ဆိမ့်ပင်၊ ယမနေပင်၊ သစ်ချိုပင်တို့က ပေါများလှပြီး သောက်ရေအတွက်လည်း ကျောက်တန်းချောင်းကြီးနှင့် နီးသောကြောင့် ဖြစ်သည်။

ကျောက်ပုံတောင်ဝါးတောကို ဖြတ်၍ အင်တိုင်းတောလမ်းအကွေ့လေးက အထွက်လိုက် ရှေ့ဆုံးမှ သွားနေသော မောင်ရွှေက ရုတ်တရက် ထိုင်ချလိုက် သည်။

နောက်မှ ပါလာသော မောင်ပေနှင့် မောင်ငွေတို့ကလည်း ရှေ့လူထိုင်သဖြင့် ရောယောင်ထိုင်လိုက်ကြပြီး မောင်ရွှေ မျက်နှာမူရာသို့ ကြည့်လိုက်ကြသည်။

မြင်ရသည်က ချိုကားကား ဆတ်ဖားကြီးတစ်ကောင် သူတို့နှင့် ကိုက်(၂၅) လောက်အကွာ လမ်းဘေးတောစပ် တယ်ပင်အောက်၊ တယ်သီးမှည့် ကောက်စားနေခြင်းပင်။

အနေအထားမှာ သူတို့နှင့် မျက်နှာချင်းဆိုင်၊ ဓားလွယ်ခုတ် ခပ်စောင်းစောင်းရှိနေရာ မုဆိုးများအတွက် ပစ်ကွင်းကောင်း ဖြစ်နေတော့သည်။

မုဆိုးဇရှိသူများဖြစ်သည့် အားလျော်စွာ သေနတ်မဟုတ်သော်လည်း လက်ထဲ ရှိကြသော ဓားမ၊ လွှ၊ ခွန်များနှင့် ထိုးချိန်လိုက်။

ပါးစပ်မှ သေနတ်ပစ်သံအတိုင်း “ဒိုင်း – ဒိုင်း – ဒိုင်း”ခနဲ တစ်ပြိုင်တည်းလိုလို အော်လိုက် ပစ်လိုက်မိကြသည်။

မမျှော်လင့်ဘဲ အနီးကပ် ကြားလိုက်ရသော လူသံများကြောင့် အစာ တည်သီးကို စိတ်ချလက်ချ မက်မက်စက်စက် ကောက်စားနေသော ဆတ်ဖားချိုကားကြီးမှာ လန့်ဖျပ်ပြီး လူသံနှင့်ဝေးရာ ဦးတည်ကာ အသားကုန်ခုန်လျက် ပြေးထွက်လိုက်ပါတော့ သည်။

အံ့ဩစရာ အဖြစ်အပျက်က တဒင်္ဂအတွင်း ဖြစ်ပျက်သွားသည်မှာ မြန်ဆန်လွန်းလှသည်။ မုဆိုးညီနောင် (၃)ဦးမှာလည်း မယုံနိုင်စရာမြင်ကွင်းကြောင့် အံ့အားသင့် ကြက်သေသေသွားမိကြသည်။

ဖြစ်ပျက်ပုံမှာ မုဆိုးညီနောင်များရဲ့အနီးကပ်ပါးစပ် လေသေနတ်ပစ်ချက်ကြောင့် ဆတ်ဖားကြီးမှာ ကြောက်အားလန့်အားနှင့် လွှားခနဲ အသားကုန် စုန်ပြေးလိုက်ရာ ကံဆိုးစွာ သစ်ပင်ခွကြားသို့ လည်ပင်းကျသွားခြင်းဖြစ်သည်။

သစ်ပင်ခွကြားမှာ ဆတ် တစ်ရပ်ထက် မြင့်နေသဖြင့် ရှေ့ခြေထောက်နှစ်ချောင်း မြေနှင့်လွတ်ပြီး ယက်ကန် ယက်ကန်နှင့် ရုန်းကန်နေပါတော့သည်။

သို့သော်ငြား သစ်ပင်ခွကြားနှင့် ချိုကားကားက ချိတ်၍ ကလန့်နေသဖြင့် မည်သို့မှ မတတ်နိုင်ရှာ။ အော်ရုံသာ အော်နေနိုင်ရှာတော့သည်။

ဒီမြင်ကွင်းကိုမြင်၍ အံ့အားသင့်နေသော မုဆိုးညီအစ်ကို(၃)ယောက်ထဲမှ ချက်ချင်း သတိဝင်လာသူက မောင်ရွှေ သတိဝင်လာသည်နှင့် နေရာမှ အမြန်ထပြေးလျက် ဆတ်ဖားကြီး၏ နောက်ခြေထောက်၊ ဒူးခေါက်ကြောတွေကို ဓားမနှင့် အားရှိသမျှ ခုတ်ဖြတ်ချလိုက်တော့သည်။

မောင်ရွှေ ပြေးခုတ်တာမြင်မှ မောင်ပေနှင့် မောင်ငွေတို့လည်း ဆတ်ရှိရာ ပြေးလျက် မောင်ငွေက သူ့လက်ထဲရှိသော ခွန်နှင့် ဦးခေါင်းကို ခုတ်ချသတ်ဖြတ်လိုက်တော့သည်။

ဆတ် သေသွားသည်နှင့် မောင်ပေက သူ့လက်ထဲမှ ငါးမန်းလွှနှင့် ပင်စည်အရင်းက ဖြတ်ချလိုက်ရာ ဆတ်ရော၊ သစ်ပင်ပါ ဗုန်းဗုန်းလဲကျသွားတော့သည်။

ညီအစ်ကို(၃)ယောက် ချက်ချင်း စကားမပြောနိုင်ကြသေး။ ဝမ်းသာဇောနှင့် မောနေကြခြင်းဖြစ်သည်။ ခဏနေမှ မောင်ရွှေက …

“ငါနဲ့ ညီလေးတို့ ကိုကျော်မိုး စခန်း အမြန်ရောက်အောင်သွားပြီး ဆတ်တင်ဖို့ လှည်းနွားဖန်ခဲ့မယ်။ အစ်ကိုက ဒီမှာ ဆတ်သေ စောင့်နေခဲ့ပေတော့”

xxx xxx xxx

“ကိုကျော်မိုး … အားတဲ့လှည်းနွား ခဏပေးလိုက်ဦး”
မောင်ရွှေက ရောက်မဆိုက် အလောသုံးဆယ် ကျော်မိုးဆီ လှည်းနွားတောင်းလိုက်သည်။

“လှည်းနွား ဘာလုပ်ဖို့လဲဟ။ နင်တို့ မိန်းမတွေ၊ သားသမီးတွေပါ အိမ်ထောင်စုံ ပြောင်းလာကြလို့လား။ ဒီမှာ သစ်တိုက်သစ်ဆွဲရဦးမှာ”

“ဘယ်က အိမ်ထောင်စုံပြောင်းလာရမှာလဲ။ ဆတ်သယ်ရအောင်လို့ပါဗျ”

“ဘာ … ဆတ်သယ်ရအောင် ဟုတ်လား။ ဒါမျိုးတွေ ရိုးနေပါပြီ မောင်ရွှေရာ။ ငါ အသားငတ်မှန်းသိလို့ မက်လုံးပေးပြီး လှည်းရအောင် လုပ်နေတာမို့လား”

“မဟုတ်ပါဘူး။ တကယ် ဆတ် တိုက်ရအောင် ပြောတာပါ ကိုကျော်မိုးရ”

“ဆတ် ရ ရအောင် မင်းတို့ ဘာသေနတ်ပါလို့လဲဟ။ သဘာဝကျအောင်လည်း လိမ်ပါကွာ”

“မလိမ်ပါဘူး ဆရာသမားရာ။ တကယ် ဆတ်ရလို့ပါ”

မောင်ငွေက မောင်ရွှေအစား စကားဝင်ပြောလိုက်သည်။

“သေနတ်သံမကြားဘဲ ဆတ်ရတယ်ဆိုတာ ယုံရမှာလားကွာ”

“အော် … ကိုကျော်မိုးကလည်း၊ ဆတ်က လေသေနတ်နဲ့ ပစ်လို့ရတာဆိုတော့ သေနတ်သံ ဘယ်ကြားရမှာလဲ”

“လေ … သေနတ်နဲ့ … ဟုတ်လား။ ဟား … ဟား … ဟား … မင်းတို့ဖြီးတာ ပိုတောင် ဆိုးကုန်ပြီ။ လေသေနတ်နဲ့ ဆတ်ပစ်လို့ရတယ် ဖြီးရအောင်က ငါက မုဆိုးမလုပ်ဘူးတာ၊ သေနတ်အကြောင်း နကန်းတစ်လုံး မသိတာကျနေတာပဲကွာ”

“ကိုင်းပါ ကိုကျော်မိုးရာ။ လေသေနတ်နဲ့ ပစ်လို့ ဆတ်ရတာ မယုံရင် ဟုတ် မဟုတ် သိရအောင် ခင်ဗျားပါ လိုက်ခဲ့ပါ”

“ဩော် … လှည်းနွားတင်မကဘူး၊ ငါ့ပါ ဒုက္ခပေးချင်တယ်ပေါ့ … ဟုတ်လား”

“တကယ်ပြောတာပါ ဆရာသမားရာ။ မလိမ်ပါဘူး။ ကဲဗျာ … ကျုပ် လိမ်တာဆိုရင် ခင်ဗျား အခုခုတ်ခိုင်းမယ့် သစ်တွေအတွက် ပိုက်ဆံတစ်ပြားမှ မပေးနဲ့၊ ဘယ့်နှယ်လဲ”

“တကယ်လား”

“နှစ်ကယ်ပေါ့”

“ဒီလောက်အာမခံရဲနေမှတော့ ဆတ်ရတယ်ဆိုတာတော့ ယုံလိုက်ပါပြီကွာ။ ဒါပေမဲ့ လေသေနတ်နဲ့ မဟုတ်၊ တောခွေးချလို့ ရကြတာနေမှာပါ”

“ထွီ … ကျုပ်တို့ ခွေးဖြစ်အောင် ပြောနေပြန်ပါပြီ။ ကဲပါ … ခင်ဗျားကိုယ်တိုင် လိုက်ခဲ့ပြီး လေ့လာကြည့်ပေါ့။ တောခွေးချတာလား၊ လေသေနတ်နဲ့ ပစ်ရတာလားဆိုတာ။ တောခွေးချတာဆိုရင် ခွေးကိုက်ရာတွေ တွေ့မှာပဲ”

“ကဲ … ကဲ … ဟုတ် မဟုတ် ငါကိုယ်တိုင် လိုက်ကြည့်မယ်။ မဟုတ်လို့ကတော့ တွေ့ ကြပြီပေါ့ကွာ မောင်ရွှေရာ”

“ဟုတ်ရင်တော့ ဒီည ဆတ်ဝမ်းတွင်းသားအမြည်းနဲ့အရက် အဝတိုက်ရမှာနော်။ ဟုတ်လား ကိုကျော်မိုး”

“ဟုတ်လို့ကတော့ ရပါစေ့မယ် မောင်ရာ”

xxx xxx xxx

“ကိုင်း ကိုကျော်မိုး – ခင်ဗျားပြောသလို တောခွေးချတာလား။ ကျုပ်တို့ ပြောသလို လေသေနတ်နဲ့ ပစ်ရတာလားဆိုတာ အကောင်မဖျက်ခင် ဒဏ်ရာတွေကို အသေအချာ အရင်လေ့လာလိုက်ဦး”

မောင်ရွှေက ဆတ်သေရှိရာ လှည်း ရောက်ရောက်ချင်း ပြောလိုက်ခြင်းပင်။

ကျော်မိုးက လှည်းပေါ်မှဆင်းလျက် မောင်ပေ့အနားက ဆတ်သေကို အသေချာ ကြည့်ရှုလေ့လာနေသည်။ ဒူးခေါက်ကွေးတွင် ဓားရာမှတစ်ပါး အခြားမရှိ။ တင်ပါး၊ လည်တိုင်၊ မျက်လုံးများတွင်လည်း လုံးဝခွေးကိုက်ဒဏ်ရာ မတွေ့။ ဦးခေါင်းတွင်သာ ခုတ်ခွဲထားသောဒဏ်ရာ တွေ့ရသည်။

“ကဲ … ဘယ့်နှယ်လဲ။ ခွေးကိုက်တာ မဟုတ်၊ လေသေနတ်နဲ့ ပစ်လို့ရတာဆိုတာ ယုံပြီလား”

“ခွေးကိုက်တာမဟုတ်သလို လေသေနတ်နဲ့ပစ်တာလည်း မဖြစ်နိုင်ပါဘူး မောင်ရွှေရာ။ ဘယ်မလဲ နင့်လေသေနတ်က”

မောင်ရွှေက သူ့ပါးစပ် လက်ညှိုးထိုးပြလိုက်သည်။

“ဘာလဲ မောင်ရွှေရ။ နင့်ပါးစပ်လက်ညှိုးထိုးပြရတာ။ မင်း ခွေးလို သွားနဲ့ကိုက်တာလို့ ဆိုချင်တာလား”

“အပါ့ အာစရိရာ။ ဘယ်ကလာ ခွေးလို သွားနဲ့ကိုက်ရမှာလဲ။ ပါးစပ်သေနတ် လေနဲ့ “ဒိုင်း”ခနဲပစ်လိုက်လ က်လို့ လန့်ပြီး သစ်ပင်ခွကြား ညှပ်ရတဲ့အကောင်ဆိုတော့လေ သေနတ်နဲ့ ပစ်လို့ရတဲ့ အကောင်ပဲလေ … ဟုတ်ဘူးလား”

တည့်တည့်ပြောမှ ကျော်မိုးက ရိပ်မိသွားပြီး သဘောကျစွာ တဟားဟား ရယ်လျက် …

“လေသေနတ်နဲ့ပစ်လို့ ဆတ်ရတာ ဟုတ်ပါ့ကွာ။ သွေးထွက်အောင်ကို မှန်တာပဲ။ ၊ ဒီတစ်ချီတော့ ကျော်မိုးတို့ ခံရပြီဟေ့ … ခံရပြီ။ အေး … ငါ့ကတိအတိုင်း ဒီညနေ အရက်အဝတိုက်ရတော့မှာပ။ သောက်ဖို့သာ ပြင်ထားကြပေတော့ ငါ့လူတို့”

(တကယ့်အဖြစ်မှန်၊ လူမှန်၊ ကျော်မိုး ပြန်လှန်ပြောပြချက်ကို အရင်းအတိုင်း ဖောက်သည်ချလိုက်ခြင်းဖြစ်သည်။)

(သည်းထိတ်ရင်ဖိုမဂ္ဂဇင်း)

– ပြီး –

စာရေးသူ – မန္တလာသား
စာစီစာရိုက် – မုဆိုး တံငါ စာပေများ 2.0

Leave a Reply

Your email address will not be published. Required fields are marked *