July 31, 2025
Uncategorized

လျှပ်တစ်ပျက်မြင်ကွင်း

တွင်းကြီးဝမ်းမောင်

ငါမသေခင် မင်းကို တစ်ခါလောက် တွေ့ချင်တယ်။

ရန်အောင်စာပေ(၂) မနီနီအောင် ထုတ်ဝေခဲ့တဲ့ မင်းရဲ့ ငတောငလုံးဝတ္ထုတိုပေါင်းချုပ်ကို ငါ ခဏခဏ ပြန်ဖတ် အရသာခံတယ်။

ငါသေမှ မင်း နောင်တမရစေချင်ရင် ငါ့ကို မသေခင် လာတွေ့လှည့်။

စာလည်းရေး၊ လူကြုံလည်းမှာ၍ လာရောက်ရန် လေး ငါး ခြောက်ကြိမ်အထိ ခေါ်ယူသူက မြောင်မြို့ မြောက်ရပ်ကွက်၌ နေထိုင်သူ ရေနံအရာရှိ (အငြိမ်းစား) ဦးသံချောင်း။

အခေါ်ခံရသူက ငတောငလုံးတို့၏ ရေးသဖခင်၊ ရေးသမိခင် စာရေးဆရာ ဆရာချိုင့်ကြီးဦးယဉ်မောင်။

ပထမနှစ် (ဥပဒေ)မှ နောက်ဆုံးနှစ်အထိ ရေပက်မဝင်အောင် ဆဲမနာ၊ ဆိုမနာ ဝင်ထွက်သွားလာ ပေါင်းသင်းခဲ့သော တက္ကသိုလ်စာပေးစာယူ ကျောင်းသား သုံးယောက်မှာ သံချောင်း၊ ယဉ်မောင်၊ ကြည်မြင့်။

သုံးယောက်ထဲမှာ အသက်အကြီးဆုံးက ကိုသံချောင်း။ သူ့ကို ကျန်နှစ်ယောက်က ကိုကြီးသံဟု ခေါ်သည်။ ကြည်မြင့်က ကိုယဉ်မောင်ကို အစ်ကိုကြီးဟု ခေါ်သည်။ သုံးဦးစလုံး ဥပဒေဘွဲ့ရသောအခါ အရာရှိ အဆင့်သို့ တိုးမြှင့်ခန့်ထားခံခဲ့ကြရာ နှစ်ဦးက အရာရှိ လုပ်သည်။ ကျန်တစ်ဦးက အခြေအနေမပေး၍ တောမှာမွေး တောမှာကြီး တောမှာပျော် စာရေးဆရာ။

ကိုသံချောင်း လက်ရှိဌာနက မြေတိုင်းအင်စပက်တော်၊ မြေစာရင်း ရုံး။ ဘွဲ့ရ၊ မြေစာရင်းလုပ်သက်ရှိ၊ ကောင်းကင်မြေတိုင်း ကျောင်းဆင်းကို ရေနံက အရာရှိအဆင့် ခေါ်ယူရာ ကိုသံချောင်းဝင်ဖြေ၊ ခန့်အပ်ခံရပြီး ရေနံအရာရှိ ဖြစ်သွားသည်။

ကိုကြည်မြင့် လက်ရှိဌာနက ဆက်သွယ်ရေး။ ဘွဲ့ရ လုပ်သက်ရသောအခါ အရာရှိဖြစ်သွားသည်။ ဆက်သွယ်ရေးအရာရှိ။

ကိုယဉ်မောင်က စီမံ (၁၂)၊ ဒုရုံးအဖွဲ့မှူး အရာရှိ ခန့်အပ်ခံရသည်။ အခြေအနေအရ တောင်သူလုပ်ငန်းခွင် ပစ်မရ၍ မြို့ပိုင် မလုပ်နိုင်တော့။ မြို့ပိုင်ခန့်စာရသည့်နေ့ အချိန်နှင့် အဖေ့အသုဘချအပြန် အချိန် တိုက်တိုက်ဆိုင်ဆိုင် သွားဆုံရာ သားအကြီးဆုံးသူက မြို့ပိုင်ဘဝ စွန့်လွှတ်လိုက်ရသည်။ တောင်သူလုပ် စာရေးပေတော့။

ကြည်မြင့်နှင့် ကွဲသည့်ကွာသည့် အချိန်ကလည်း အနှစ်အစိတ်ကျော်၊ ကိုသံချောင်းနှင့် ခွဲရခွာရချိန်ကလည်း အနှစ်အစိတ်ကျော်။ သူတို့နှစ်ဦး နေသည်က မြောင်မြို့ပေါ်မှာ။ ကိုယဉ်မောင် နေသည်က မြို့နှင့် ၆ တိုင်၊ ၁၂ မိုင်ဝေးကွာသော ချိုင့်ကြီး ကျေးလက်တောရွာမှာ။

သူတို့က ခွင့်ရသောအခါ မြောင်တော့ ပြန်ကြသည်။ ချိုင့်ကြီးမလာ။ ဘယ်လာလွယ်မလဲ။ မြောင်-ချိုင့်ကြီးလမ်း ၁၂ မိုင်က မြို့ကတ္တရာလမ်း ၃ တိုင်၊ တောလမ်း ၃ တိုင်။ ကိုယဉ်မောင်ကလည်း သူတို့လာချိန်မသိ၍ သွားမတွေ့ဖြစ်၊ အဆက်ပြတ်။

တစ်ခါကတော့ ကိုသံချောင်း ကားဖြင့် ကိုယဉ်မောင့်ထံ ဝင်လာသည်။ မင်းဘူးရေနံမြေမှ မြောင်အပြန် ဝင်လာတာတဲ့။ မတွေ့ရတာ ကြာလို့တဲ့။ ကားက ကိုယ်ပိုင်ကားတဲ့။ မြို့ပေါ် တိုက် တည်နေသတဲ့။ အဲဒီတစ်ခါပဲ တွေ့ရသည်။

၂၀ဝ၈ ခုနှစ် နိုဝင်ဘာလထဲတွင် ကိုသံချောင်းက လူကြုံမှာပြန်သည်။ သူ ချက်ချင်းတော့ မသေနိုင်သေး။ အထူးကုဆေးခန်းနှင့် မြောင် လွန်းပျံ သွားလာရာမှ လခြားရနေပြီ။ မသေခင် တွေ့ချင်သည်။ ကြည်မြင့်လည်း မုံရွာစာတိုက်ကြီးမှာ တိုင်းအရာရှိ ဖြစ်နေပြီ။ မသေခင် တစ်ခေါက်လောက် လာတွေ့ပါတဲ့။

ကိုယဉ်မောင့် အခြေအနေကို ကိုသံချောင်း သိဟန်မရှိ။ အမေ ကွယ်လွန်၍ သားသမီးခြောက်ဦး အမွေခွဲဝေ၊ ကိုယ့်ဘဝကိုယ် ရုန်းရသောအခါ ကိုယဉ်မောင့်ခမျာ ပြေးပြေးလွှားလွှား၊ ရှာရှာစားစား၊ နာမည်ကြီး ပိုက်ဆံရှား။

တိုက်ဆိုင်ချင်လာတော့ ငလုံးက မှတ်ပုံတင်ပျောက်ဆုံး၍ အသစ်ရိုက်လိုပါသဖြင့် ဆရာကြီး လ.ဝ.က ရုံး လိုက်ပို့ကူညီပါဟု အကူအညီတောင်းရာက ကိုသံချောင်းနှင့် မသေခင် တစ်ခေါက်တွေ့ရန် ကြားချလိုက်ခဲ့သည်။

ငလုံးခမျာ မှတ်ပုံတင်ကတ်ပြားအသစ် လုပ်ချင်သည်မှာ ဖျတ်ဖျတ်လူး။ သူ့ပင်ရင်း မှတ်ပုံတင်က သစ်ဖောင်ဝါးဖောင်ချ အငှားလိုက်ရင်း ရွှေစရေးဝဲ ဖောင်ပျက်ရာ ပါသွားသည်။ လ.ဝ.က ဌာနက ရွာ ကွင်းဆင်း မှတ်ပုံတင်ရိုက်သည်။ သူခရီးလွန်၍ မတွေ့သည်လည်း တစ်ကြိမ်၊ နှစ်ကြိမ်။ ကြိမ်ရေ များစွာမှာ ပိုက်ဆံမရှိ၍ ငလုံး ရွာအရောက် ကွင်းဆင်း မှတ်ပုံတင် ရိုက်ပေးနေရာသို့ မသွားခဲ့ရ။

လွန်ခဲ့သည့် ငါးရက်ကျော်ကတော့ ငတော၊ ငလုံးနှင့် ငမုံး၊ လေးခင်မတို့ သားအဖလေးယောက် မြေတူး၊ မြောင်းဖို့ရာ ကံထရိုက်ထံမှ ငွေ သုံးသောင်း ကျင်းတူးလုပ်အားခ ရမည်မို့ မိဂျမ်းက သွားထုတ်သည်။ ရေနွေးကြမ်းသောက်ရင်း မိဂျမ်းကို စောင့်နေသော ငတောရှိရာသို့ ငလုံး ဝင်လာသော်လည်း မျက်နှာမကောင်း။

ငလုံး မျက်နှာက တစ်စုံတစ်ရာ ပြောသင့် မပြောသင့် ချိန်ဆနေဟန်။ အဖေဖြစ်သူ ငတောက ငလုံး ခံစားချက်ကို ကိုယ်ချင်းစာသည်။

ဆင်းရဲသား သားသမီး။

အခြေအနေကိုလည်း သိသည်။ ကိုယ့် လိုအပ်ချက်က ဖွင့်မပြော၍လည်း မဖြစ်သည့်အခါ အိမ်လည်းငဲ့ညှာ၊ ကိုယ့် အခက်အခဲလည်း ဖွင့်မပြော မဖြစ်၊ ဘေးကျပ်နံကျပ် ဖြစ်တတ်သည်။

ငလုံး ဖြစ်ပုံက သည်ပုံမျိုး။

“အဖေ”

“ဟေ”

“ကျုပ်တို့ရမယ့် မြေတူးခ သုံးသောင်းက ကြွေးဆပ်၊ ဈေးဝယ်တာနဲ့ ကုန်မှာလား”

“လောက်မှာတောင် မဟုတ်ဘူး။ ငါ့သားများ ကောက်ပြုရတာလေး ဘာလေး ရှိရင် ငါ့သားအမေကို ပေးလိုက်ဦး။ ဟား… ဟား…. ဟား”

မရယ်ချင်ပဲ ဟားတိုက်ရယ်သော အဖေဖြစ်သူ ငတော။ သား ငလုံးက ခပ်တွေတွေ။

“သစ်ဖောင်ဝါးဖောင်ချတာတွေက စရိတ်ငြိမ်း ခေါက်ပြတ် ခေါ်နေတယ် အဖေ။ ဟိုမှာရောက်ရင် ဧည့်စာရင်းတိုင်ဖို့၊ လမ်းမှာ စစ်ရင် ပြဖို့သဖို့ ကျုပ်မှာ မှတ်ပုံတင် လိုနေတယ်။ ငွေ အဆင်ပြေရင် ဦးလေးယဉ်မောင် ခေါ်ပြီး မှတ်ပုံတင် သွားရိုက်ချင်တယ်။ ဖောင်ချအမီပေါ့ အဖေ”

“ဒါပဲလားကွ ငလုံး၊ မင်း ပြောစရာ ကုန်ပြီလား”

“ကျုပ် ဖောင်ချလိုက်မှာကလည်း အဖေတို့၊ အမေတို့၊ ညီလေးတွေ ညီမလေးတွေ စားဖို့ပါ အဖေ။ ဟိုမှာ ဆင်းရဲဒုက္ခ ခံရသမျှ ကျုပ်ကုန်းခံမယ်။ ရလာတဲ့ ငွေလေး လုံးခနဲ ခဲခနဲ အဖေတို့ စားရတာပေါ့”

ငတောက ရေနွေးတစ်ခွက်ငှဲ့ပြီး ငလုံးဘက် ချပေးသည်။ ပြုံးဖြဲဖြဲဖြင့်။

“မင်း ဘယ်သူ့သားလဲ။ ဘယ်သူ့သွေးလဲ”

“……..”

“ငလုံးတဲ့၊ ငလုံးဟာ အဖေ့သား၊ အဖေ့သွေးပဲကွာ။ အဖေ့ စေတနာ ပါရမှာပေါ့။ အဲဒီ စေတနာ ဘယ်တော့မှ မဖျောက်နဲ့ ငါ့သား။ အဖေတို့နဲ့ နေစဉ် အဖေ့မိသားစုဟာ မင်းမိသားစုပဲ။ မင်း မိန်းမရသွားလို့ မိန်းမနဲ့ သားသမီးနဲ့ နေရင် မင်းမိန်းမ၊ သားသမီးဟာ မင်းမိသားစုပဲ။ ကိုယ် ဘာလုပ်လုပ်၊ ကိုယ်ဘယ်က ဝင်ငွေရရ မိသားစု စားပါစေ၊ ဝတ်ပါစေ၊ သုံးပါစေ၊ စွဲပါစေ၊ ပျော်ပါစေ၊ ပြုံးပါစေဆိုတဲ့ ခုစေတနာမျိုးထား။ ဘယ်တော့မှ မယုတ်လျော့တဲ့ အကျိုးပေးမယ်။

မိသားစုအပေါ် စားဝတ်နေရေး၊ ပျော်ရွှင်ရေး စေတနာရှိတဲ့ မိသားစုဝင် တစ်ဦးဟာ နေ့စဉ်နေ့တိုင်း ကျက်သရေမင်္ဂလာ အရှိဆုံးလူပါ ငါ့သားရာ။ မင်း မှတ်ပုံတင်ရိုက်ဖို့ မြေတူးခကတော့ တစ်ပြားမှကျန်မှာမဟုတ်ဘူး သေချာတယ်။ ငါက မင်းအဖေ နော်”

ငလုံးက ဘာစကားမှ ပြန်မပြော။ စောစောကလိုတော့ ငူငူငိုင်ငိုင် တွေးတွေးဆဆလူ မဟုတ်တော့။ လမ်းစရှာသူ လမ်းတွေ့ချိန်နီး မျှော်လင့်ချက်မျိုး မသိမသာ ဖော်ပြလာ၏။

“ဟကောင် ငလုံးရ၊ မင်းဟာ ငါဘာမေးမေး ဟက်ဟက်ပက်ပက် မဖြေဘူး။ မင်းအဖေနော်လို့ မေးတာများ ဖြေလိုက်စမ်းပါကွာ။ ဟုတ်ပါတယ်လို့။ မင်းဟာ သေချာပေါက် သိရက်နဲ့ နှုတ်အ,နေတယ်လို့”

“အဖေက သိရက်သားနဲ့ မေးတာကိုးဗျ”

“မေးရမှာပေါ့ ငါ့သားရ။ တို့ငယ်ငယ်က သူကြီးဦးကောင်း ကြက်ဝိုင်းဖမ်းလာတော့ သူ့သား ငကင်း ပါလာတယ်။ လူနာမည်နဲ့ အဖေနာမည် စာရင်းကောက်တဲ့အခါ သူ့သားအလှည့်ရောက်တော့ မောင်ကင်း မင်းအဖေနာမည် ပြောပါ ခိုင်းရော။ ငကင်းက ကျုပ်အဖေနာမည်သိချင်ရင် လျှာအလွန်ရှည်တဲ့ သူကြီးဦးကောင်းမေးပါလို့ ရွဲ့ပြောတယ်။

မောင်ကင်း သူကြီးမို့ သူကြီးလိုမေးတာ စိတ်မဆိုးနဲ့။ တခြားလူသာဖြစ်က ထိတ်တုံး ခတ်မည် ဆိုတော့ ဘေးက လူကြီးတွေရော၊ ပုလိပ်စာသင်တွေရော၊ ကြက်သမားတွေရော တဝါးဝါး တဟားဟားဖြစ်ပြီး သဘောကျ၊ ရွာလမ်းပြုပြင်ရန် ဘုံဒဏ်ချလို့ မြေတူးမြေဖို့ရာမှာ မောင်းကင်း မင်းအဖေဘယ်သူလဲနဲ့ စကြနောက်ကြနဲ့ တဲ့ ငလုံးရ။ အဖေကလည်း အဖေမို့ မဖြေလို့မေးတာ စိတ်မဆိုးနဲ့။ စိတ်ဆိုးက မှတ်ပုံတင်ကတ်ရိုက်ရန် ငွေဖန်တီးပေးမည် မဟုတ်။ ပုံ င ပြီး တောတဲ့ ငတော၊ ငလုံးအဖေ စစ်စစ် ဟား…ဟား… ဟား… ဟား…”

ငတော ဟားတိုက်ရယ်သော အရယ်နှင့် အပျော်အပြက်ပြောသော ဟာသက ငလုံးကို သည်မျှဆွဲဆောင်အား မကြီးမား။ ငလုံး ရင်ကို တိုက်ရိုက်ထိမှန်သော စကားမြှားက ငွေဖန်တီးပေးမည်ဟူသော စကားမြှား။

“အဖေ… အဟုတ်လားဗျ”

“တကယ်ပါ ငါ့သားရာ။ မင်း မိန်းမရပြီး အဖေဘဝရောက်ရင် အဖေ့ စေတနာ၊ အဖေ့ မေတ္တာ သိလိမ့်မယ်။ ဆရာကြီး ဦးယဉ်မောင် တောကို အဖေရောက်တော့ ငတော၊ ငလုံးက မှတ်ပုံတင် ရေထဲပါသွားလို့ အသစ်ရိုက်ချင်တယ်။ ပိုက်ဆံ အဆင်ပြေတဲ့နေ့ သားကို ဆရာကြီး မြို့လိုက်ပို့ ကူညီပါလို့ ပြောတယ်ကွ။ အဲဒီကတည်းက အဖေ မင်းအတွက် စိတ်ကူးနေတာ။ နောက်နှစ်ရက်လောက်ဆိုရင် မင်းအတွက် ငွေပေါ်ပြီ။ ဘာမှမပူနဲ့၊ ရေနွေကြမ်းသောက်၊ အမေပြန်လာလဲ ဘာမှမေးမနေနဲ့။ သူချက်ကျွေး … စား၊ ကိုယ်လုပ်စရာရှိတာ လုပ်”

အဖေ့စကား ကွက်တိ မှန်မှ မှန်။

သုဘ္မမိတ္တ ဇာတ်ထုပ်ထဲက ဓာတ်ဆီ၊ ဓာတ်စံ တံငါသည်ပြက်လုံးနှင့် တူပေခြင်း။ ဆုတော်ငွေ တစ်ထောင်ကို ကြွေးမဆပ်နိုင်၍ အော်ငိုသော ပြတ်လုံး။

ဟဲ့…. တံငါသည် ဆုတော်ငွေ တစ်ထောင်ပေးတာ ဘာလို့ ငိုနေသလဲဟဲ့။

မှန်ပါ ဝန်မင်းဘုရား။ ဆုတော်ငွေက တစ်ထောင်၊ ကြွေးက ငါးထောင်မို့ပါဘုရားတဲ့။

ဓာတ်ပြား နားထောင်သော ပရိသတ်က သဘော ကျ၍ တဝါးဝါး တဟားဟား။ တံငါသည် စကားက အရပ်စကား၊ ကျေးလက်သုံးစကား ဖြစ်လာသည်။

ဆုတော်ငွေ တစ်ထောင်၊ ကြွေး ငါးထောင် တဲ့။

မိဂျမ်း ဝင်လာလာချင်း ဆောက်နှင့် အထွင်းခံရသူကတော့ ငတောနှင့် ငလုံး။ သားအဖ နှစ်ယောက် ပြုံးဖြဲဖြဲဖြင့် လုပ်နေစဉ် မိဂျမ်း ဝင်လာသည်။

“တော်တို့ သားအဖကတော့ ပြုံးလို့၊ ရယ်လို့၊ လူပျို ကိုယ်လွတ် ကွမ်းတဖြုတ်ဖြုတ်ပေါ့။ ဒီက ဝဋ်ကောင်မကြီး မိဂျမ်းတော့ သားအရွယ်၊ သမီးအရွယ်၊ တူ၊ တူမအရွယ် ကြွေးရှင်တွေက ဝိုင်းငေါက်ကြ၊ မာန်ကြ၊ ငေါ့ကြ၊ ထေ့ကြနဲ့ ဝဋ်ခံရတာတော့ ငရဲပြည်များနီးရင် ကြွေးမကျေလို့ ခယဝယ တောင်းပန်နေရတဲ့ ဝဋ်ဒုက္ခခံမယ့်အစား ငရဲအိုးထဲ ခုန် က ပြီး ညာသံပေး ဆင်းချင်တယ်တော့်။

အဟီး… ဟီး…. ငွေသုံးသောင်းသာ လုပ်အားခ ရတာကို သိရက်နဲ့ မသိ ဝှက်ပြုထားတာကျလို့၊ စစ်လိုက် ဆေးလိုက်ကြတာ။ နှစ်ရက် သုံးရက်စာတောင် ကြွေးကျေတဲ့ဆိုင်က ပြန် ကြွေးယူခဲ့ရတာတော့်။ ပိုက်ဆံမရှိရင် လူကြီးလူငယ် မရှောင်ဘဲ စော်ကား နှိမ့်ချကြတာတော့်”

ငတောရော ငလုံးပါ မလှုပ်ဝံ့။ ဟီးချ ငိုနေသော မိဂျမ်းကို ကြည့်၍ ဘာစကားမှ မပြောဝံ့။ အလွန်မာကျောသော မိဂျမ်းသည် ခံနိုင်ရည်စွမ်းအားကို ထိပါးလာသော လောကဓံ အထုအထောင်းအား ဟီးချ ငိုရှိုက်ကာ အံတင်းခံသည်။ လူသားပီပီ လူသားမာနကို ထိခိုက်လာသောအခါ မလွှဲသာ၍သာ ငုံ့ခံလာရသည်။ ငုံ့ခံလာရမှုကြောင့် ဖြစ်ပေါ်လာသော ဒဏ်ချက်ကို မျက်ရည်ဖြင့် ထွက်ပေါက်ပေးပြီး ဘဝအားမာန် ပြန်ထူသည်။

“အပြောပက်စက်တဲ့ ကောင်မလေးတွေ ကြွေးကို ကျုပ် အရင်ရှင်းမယ်။ ဘယ့်နှယ်တော် … ဗုဒ္ဓဘာသာ တောသူတောသား မြန်မာတွေပဲ။ ကြွေးမရတာတော့ မရတာပေါ့၊ အမေအရွယ်၊ အဒေါ်အရွယ်ဆိုတဲ့ အသိလေးနဲ့များ ထိန်းထိန်းသိမ်းသိမ်း ပြောဦးမှပေါ့”

ငလုံးက သူ့အဖေကို မဟာပညာကျော်ဘွဲ့ ပေးချင်သည်။ သူ့အဖေကသာ သူကို ကြိုထိန်းမထားလျှင် ငိုချင်ရက်လက်တို့ ဖြစ်နေသော သူ့အမေ မိဂျမ်းအပြန်၌ ဆီးမေးဆီးပြောလျှင် ငါးတကာ ယိုသည့်ချေး ပုစွန်ဆိတ်ခေါင်း စုလိမ့်မည်။ ကြွေးရှင်များအပေါ် ထွက်ခဲ့သမျှ ဒေါသတို့က ငလုံး အပေါ် ပုံကျခြိမ့်မည်။ ယခုတော့ ကံကောင်းမှကောင်း။

ငလုံး ဆက်တိုက် ကံကောင်းပါသည်။ နောက်နှစ်ရက်ခန့်မှ ထောင်မည် မှန်းထားသော သူ့အဖေ၏ ကောင်းကင်မြားများသည် သူ့အဖေ လှည့်ပတ်ချိန်ဆကြည့်ရာ မနက်ဖြန်ည၌ အခြေအနေ ပေးနိုင်သည်။ စတင် အလုပ်လုပ်မည်။ မင်းလည်း လိုက်ခဲ့ဟု ခိုင်း၍ ငလုံး ဝမ်းသာရသည်။

ကောင်းကင်မြားထောင်ရာတွင် စီးပွားဖြစ်ထောင်ပါက ချက်ချင်း ထောင်မရ။ အပျော်သဘော ထောင်ပါက ကိုယ်နေထိုင်သော ယာတောတဲ၏ သင့်တော်ရာနေရာ၌ ဝါးနှစ်ပြန် သို့မဟုတ် ဝါးတစ်ပြန်ခွဲအမြင့် မှန်းဆပြီး မြေကြီးကျင်းတူး၊ နေ့ရော ညပါ ထောင်ပစ်ထားသည်။

မိမိ မမိမိ မောင်း တင်ဖြုတ် ခဏခဏ လုပ်မနေတော့။ မိသောအချိန်မှသာ သားကောင်ကို ဖြုတ်သည်။ ကြက်ပေါင်ပင် ကြာကြာ အသုံးမခံသော်လည်း ဒုက္ခခံမနေတော့။ တဲတိုင်ကပ်ချည်ထားသည့် တိုင်၊ ထောင်၊ ဖြုတ်၊ ထောင် လုပ်မနေ။ မမိသေးလျှင် ထောင်မြဲ ထောင်ထား၊ မိလာမှ ဖြုတ်၊ ထုံးစံ။

ငတောတို့ ထောင်ရာ၌ ထိုသို့ လုပ်မရ။

အမြင့် နားလေ့ရှိသော ထောင်ကွင်းဖြစ်ပါက သစ်ပင်၊ ထန်းပင်များအပေါ် အနည်းငယ် မြင့်စေရန် ကောင်းကင်မြားကို နည်းနည်းမြှင့် ကပ်ချည်ပေးထားရသည်။ မြေပြင်မှ ထောင်မည်ဆိုကလည်း ထောင်မည့်နေ့မှ ကျင်းတူး ထောင်မရ။ နားနေသားကျစေရန် သားကောင်က ထောင်ထားသော တိုင်အပေါ် ယုံယုံကြည်ကြည် ဆင်းသက်နားနေစေရန် ကြိုတင် တိုင်ထောင် ကျင့်ပေးထားရသည်။

သားကောင် နား မနား၊ နားနေသား ရှိ မရှိ၊ သိရှိ ချင့်ချိန်နိုင်ရန် သားကောင်ချေး အနည်းအများ ချိန်ဆကြသည်။

သားကောင် စွန့်ပစ်သော မစင်တွေ့ မတွေ့၊ အင်အား များ မများက သားကောင် နေနားမှု ပြဒါးတိုင်။ သည်ပြဒါးတိုင် ကြည့်၍ ခန့်မှန်းက မလွဲ။

သားကောင်ကို အပျော်သမားကဲ့သို့ ဘယ်အချိန်ရရ ငတောတို့ လွယ်လွယ်ကူကူ သဘောထား မဖြစ်။ သားကောင်သည် တိရစ္ဆာန်ဖြစ်သော်လည်း သဘာဝပေး အသိအရ ဆက်သွယ်သော ဝိသေသ လမ်းကြောင်းရှိသည်။

သေဘေးတွေ့သံ၊ သာမန်ထိတ်လန့်သံ၊ ဖိုမခေါ်သံ၊ သတိပေး အချက်ပြသံ၊ မိခင်ခေါ်သံ၊ သားသမီးခေါ်သံ၊ အစာတွေ့ခေါ်သံ၊ အစာကျွေးရန်ခေါ်သံ၊ မာန်ဖီသံ၊ ချစ်ရည်သွေးသံ… စသည် စသည်ဖြင့် လျှို့ဝှက်သင်္ကေတ အများအပြား ရှိသည်။ သားကောင်သင်္ကေတကို သားကောင်က သိမှ အလွန်သိ။

အပျော်သမားကဲ့သို့ မိချင်သည့်အကောင်မိ၊ တစ်ကောင်မိမိ၊ နောက် ရက်မှမိမိ၊ ဘယ်အကောင် သိသိ၊ ဘယ်အကောင် ရှောင်ရှောင် ငတောတို့ သဘောထားမရ။

ဘေးကင်းရန်ကင်းသည်ထင်၍ မြူးထူးပျော်ပါးလာသော သားကောင်များမှသာ ဖမ်းဆီးရာ အရအမိများသည်။ ကျီးလန့်စာစား လုပ်လာက သားကောင်များများမရ။ လင်းတမျိုမျို၊ ခွေးရူးဆွဲဆွဲ၊ နွားငတ် ရေကျ ဖြစ်လာမှ သားကောင်မိ ပိုသည်။

ငတောတို့ ထောင်မည့် ထောင်ချောက်က ကောင်းကင်မြား။

ထောင်မည့်အကောင်က ညဉ့်ငှက်များ။ ညဉ့်ငှက်များက မြင့်ရာမှ နားနေ၍ သားကောင်ကို စောင့်ချောင်းသော ဓလေ့စရိုက် ရှိသည်။ သားကောင်ကို မြင်တွေ့လာမှ သစ်ပင်၊ ထန်းပင်၌ဖြစ်က သစ်ပင်၊ ထန်းပင်ရှိရာ၊ မြေပြင်၌ဖြစ်က မြေပြင်ရှိရာသို့ တစ်ဟုန်ထိုး ထိုးဆင်း၍ ကုပ်၊ ချီ၊ ဆိတ်ပေါက်စားသည်။ သူတို့အစာ သားကောင်၏ လှုပ်ရှားမှု၊ မြည်တွန်မှု၊ အခြားနည်း အသံပေးမှုကို စောင့်ဆိုင်း တိုက်ခိုက် ထိုး၊ ကုပ်၊ ဆိတ်၊ ပေါက် ဖမ်းဆီးသည်။

သားကောင်ချောင်း ညဉ့်ငှက်များမှာ မှိန်ကောင်၊ ဇီးကွက်၊ ဒီးဒုတ်၊ မြင်းဝံ အစရှိသည်တို့ ဖြစ်သည်။

သူတို့ အဓိက ရှာဖွေစားသောက်လေ့ရှိသော သားကောင်မှာ ကြွက်၊ မြွေ ဖြစ်သည်။

ကောင်းကင်မြား ထောင်မည့်သူက ကြွက်ပေါရာ၊ မြွေပေါရာ သင်းချိုင်းကုန်း၊ ထန်းတန်း၊ ထန်းပင်၊ သစ်ပင်သစ်အုပ်၊ ကဇာချုံတန်းများကို အတွေ့အကြုံဖြင့် ချိန်ဆကာ ကြိုတင် တိုင်ထောင်၊ နားသားကျမှပြန်၍ ကောင်းကင်မြား ထောင်ယူသည်။

ငတောနှင့် ငလုံးတို့သည် အကယ်ဒမီ မင်းသမီးကြီး ဒေါ်ဂျမ်း ငိုပြီး နောက်ည၌ ကောင်းကင်မြား ထောင်ရန် စီစဉ်ခဲ့သည်။ မိဂျမ်းကို နောက်တစ်နေ့၌ ငတောက စရာ …

“မသာကြီး၊ ကျုပ် ငိုမိတာ ရှက်လွန်းလို့ ထပ်မပြောနဲ့၊ ကြွေးရှင်လည်မျိုလည်း ကုပ်မသတ်ဝံ့၊ ကိုင်ပေါက်လည်း မချိုးဝံ့တော့ ငိုလိုက်တာ ဒုက္ခမရောက်တဲ့ ထွက်ပေါက်က ဒီနည်းပဲ။ တော်တို့ သားအဖသာ ကျုပ်လို အမာန်အမဲ အငေါ့အထေ့ခံရရင် ရှက်တာနဲ့ ရွာပြောင်းမယ်။

လုပ်ကြတော် … လုပ်ကြ။ မွဲရင် အထင်သေးတယ်၊ စော်ကားမှန်း သိရက်နဲ့ ခံရတယ်။ နှိမ်မှန်း ချိုးမှန်း သိရက်နဲ့ အောက်ကျနောက်ကျ နေရတယ်။ မှတ်ပုံတင်ရိုက်၊ ငလုံး ဖောင်ချလိုက်၊ ပြန်လာ ကြွေးဆပ်၊ ဆန်ဝယ် ဆီဝယ်၊ တော်တို့ ကျုပ်တို့လည်း ရွာမှာတင် ကုန်းကျုံးရုန်းကြရုံပဲ။ လူမသေ ငွေမရှား၊ ပန်းညွှန့်သာ ကျိုးတာပါ၊ ဘယ်လူသားမဆို လူညွှန့်ကျိုးတယ်ဆိုတာ မရှိပါဘူး။

ကောင်းကင်မြားထောင်တာနဲ့ မှတ်ပုံတင် မလုပ်လောက်ရင် ကျုပ် ဖြစ်သလို ငွေရှာပေးမယ်။ လုပ်နိုင်သလောက် ပြဲလန်သွားသွား လုပ်ကြမှ ဖြစ်မယ်။ ကြွေးလွတ်ရင် အဆိုအပြော အငေါ့အထေ့ အစော်ကား မခံရတော့ဘူး”

ဟု အားပေးစကား ပြောလာသည်။

ငတောရော ငလုံးပါ တောလိုက်ကိရိယာ အပြည့်အစုံ ယူ၍ ကောင်းကင်မြားထောင်ရန် အိမ်က ဆည်းဆာ မရောက်မီကတည်းက ကြိုကြိုတင်တင် ထွက်ခဲ့သည်။

ပထမဦးဆုံး အလုပ်က ထောင်ထားသော တိုင်များကို လျှော်ဖြင့် ပိုးကပ်တုပ်ပြီး ကောင်းကင်မြား ထောင်ရခြင်းပင်။

အမြင့်၌ ထောင်ရသောကြောင့် ကောင်းကင်မြားဟု တောသမားက ခေါ်သော မြားမှာ သံမြား။ လေးနှင့်ပစ်ရသော မြားမဟုတ်။ ဒူးလေးနှင့် ပစ်လွှတ်ရသော မြားမဟုတ်။ ထိုမြားတို့က လက်မှ လွှတ်လိုက်ရသော မြား၊ ပစ်မြား၊ အဝေးပြေး မြား။

ကောင်းကင်မြားက ပုံသေနေရာ အတွင်း၌သာလျှင် အတက်၊ အကျ၊ အဆုတ်အတိုးရှိသော မြား။ ဝါးကို ချွန်ထားသော မြားမဟုတ်။

ကောင်ကင်မြားထောင်ရာ၌ သာမန် ဝါးမာတစ်လုံးကို တိုင်ထောင် ဝါးလုံးအဖြစ် အသုံးပြုသည်။ အမြင့် လိုအပ်ချက်က ကိုယ်လိုချင်သလောက် မြှင့်ယူ၊ ဝါးတစ်လုံးလား၊ နှစ်လုံးလား၊ သုံးလုံးလား၊ ဆက်ချင်သမျှ ဆက်။ ကောင်းကင်မြားပါသော ဝါးက ထိပ်မှာရှိရမည်။

ကောင်းကင်မြားပါသော ဝါးမာတစ်လုံး ထိပ်ပိုင်း၌ ငါးတောင်ခန့် ရှိသော ဝါးခြမ်း မျက်နှာဖော်၊ မြားလမ်းကြောင်းပါ၊ တင်ခလုတ်၊ ပြုတ်မြားပါ ကိရိယာ တပ်ဆင်ထားသည်။

အောက်ခံဝါးကို တုပ်ချည်ထားသော ငါးတောင်ခန့်ရှိ ပိုးဝါးကို မြားလမ်းကြောင်း ဖောက်ရန် ထက်ခြမ်း ခြမ်း၍ မျက်နှာ ဖော်ထားသည်။ ပိုးဝါးဟူသည် အောက်ခံဝါးကို ပိုး၍ တုပ်ထားသော ငါးတောင်ခန့်ရှိ ဝါးတိုကို ခေါ်သည်။

ဝါးခြမ်းရှိ မြားလမ်းကြောင်း ဖော်ထားသော ပိုးဝါးအောက်ခြေအရင်း၌ မောင်းတင်မောင်းချသံငုတ်ရိုက်နိုင်စေရန် လက်သုံးသစ်ခန့်ရှိမည်။ ဝါးမာကို အရင်းဖျား၌ ရိုက်ထားသည်။

မြားတံက သံမြားတံ၊ အရှည်က နှစ်တောင်ခန့်။ လျှာလမ်းကြောင်း အရှည်က နှစ်တောင့်ထွာခန့်။

ခလုတ်ဖြုတ် တပ်၊ မြား အယူအပို့၊ အနုတ်အသိမ်း လုပ်ပေးမည့် ဘတ်ခွ ကြက်ပေါင်ပင်အရှည်က တစ်ထွာနှင့် လက်သုံးသစ်ခန့်၊ သူ့ကို ကပ်တုပ်ထားသည်။

ကောင်းကင်မြားထောင်သည့်အခါ ပိုးဝါး အောက်ခြေ၌ ကပ်ရိုက်ထားသည့် ဝါးမာအရင်းများရှိ သံငုတ်အထိ ဆွဲချလာပြီး ခလုတ်ဆင်သည်။

တောသမားအခေါ်က မောင်း တင်သည်။ မောင်း ဆင်သည်။ ခလုတ် ဆင်သည်။

ကောင်းကင်မြားသည် မထောင်မီက ဝါးလုံးထိပ်၌ နေသည်။ ကြက်ပေါင်ပင်ဆွဲချ၍ လျှာခလုတ်ဆီ ဆွဲယူလာသောအခါ ကောင်းကင်မြားက အောက်သို့ အလိုအလျောက် လိုက်ပါလာသည်။ မြားဆံ ငုတ်သွားရာ ဝါးလုံးထိပ်သို့ သားကောင်က လာနင်းသောအခါ ခလုတ် ဖျောင်းခနဲ ပြုတ်၊ မြားဆံ ဝှီးခနဲ ရုတ်တရက် ထိုးထွက်ကာ မည်သည့် သားကောင်မှ ရှောင်မရတော့။

သားကောင် အနည်း လာနိုင်သောနေရာ၊ အများ လာနိုင်သောနေရာ ချိန်ဆ၍ တိုင်အနည်းအများ ခွဲထောင်ခဲ့သော ငတောသည် သားကောင်များများလာနိုင်မည့် ထန်းတောနှင့် သင်္ချိုင်းကုန်းဘက်ဆီသို့ ငလုံးနှင့်အတူ ခပ်သွက်သွက်လာခဲ့သည်။

ကိုယ့်မြားတံ သူ့ငှား၊ သူ့မြားတံ ကိုယ့်ငှားဖြင့် စုဆောင်းပေါင်းထောင်ခဲ့ရာ ကောင်ကင်မြား နှစ်ဆယ့်နှစ်စင်းအထိ ငတော ထောင်နိုင်ခဲ့သည်။

သူ့အနေဖြင့် မိန်စုပ်ကောင်းမည့်နေရာ၊ မိန်စုပ်ကောင်းမည့် အချိန်ကို စိတ်တွက် တွက်သည်။ မြားများများ ထောင်ထားသည့် သင်္ချိုင်းကုန်း၌ ငတော မိန်စုပ်မည်။

မုဆိုး လသာ၊ တံငါ လမိုက်။

မုဆိုးကြိုက်သော လသာည၏ ငွေလရောင်ခြည်က ကမ္ဘာလောကကြီး တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ တောတောင်ဝန်းကျင် တစ်ခုလုံး ငွေလရောင်ခြည်ကြောင့် ရွှန်းမြမြစိမ်း၊ စိမ်းလဲ့လဲ့ဝင်း။

ညဉ့်ငှက်ဦးတို့ မြူးထူးစပြုသံက ညအလှ ညဂီတပမာ ချိုချိုနွဲ့နွဲ့။ ငတော ငလုံးတို့ ပထမဦးဆုံး အသံကြားရသည့် ညဉ့်ငှက်က ဇီးကွက်။

ဇီးကွက်သည် ညဦး ညလယ်ငှက် ဇီးကွက်ထွက်ပြီး များမကြာမီ မိန်ကောင်လာမည်။

မြင်းဝံငှက် လာတတ်ချိန်က ည ကိုးနာရီ ဝန်းကျင်။

ဇီးကွက် ထွက်ရာ၌ လူနှင့်နီးသော ဝန်းကျင်၌ နေထိုင်သည့် ဇီးကွက်က လူ သိပ်မကြောက်။ လူမြင်သူမြင်ချိန်၊ နေဝင်စ၊ လထွက်စ၌လည်း ရဲရဲထွက်သည်။ တောဝေးဇီးကွက်က လူနီးဇီးကွက် တညံညံ အသံပေးပြီး အချိန်ကြာမှ ရဲရဲထွက်သည်။

မိန်ကောင်က ဇီးကွက်ထွက်သံ ဖြိုင်ဖြိုင်ကြားပြီးချိန်၌ ယေဘုယျ ထွက်သည်။

အစောထွက် လူနီးဇီးကွက် မြည်သံ၊ လူနီးဇီးကွက် အစာရှာသံ၊ ညဉ့်ငှက်ပေါင်းစုံ အသံပေးသံတို့ဖြင့် လှုပ်ရှား သက်ဝင်လာသော ညသည် ငြိမ်ဆိတ်ရာမှ လှုပ်ရှားမြင်ကွင်းဘဝ ရောက်ရှိလာသည်။

ဇီးကွက်ဦးကို မိသော ကောင်းကင်မြားတိုင်များ ဆီမှ ဇီးကွက်အော်သံတို့ ကြားစ ပြုလာချိန်တွင် ငတောနှင့် ငလုံးတို့ မိန်စုပ်မှု စတင်သည်။

မိန်စုပ်တတ်သူက ငတော။

မိန်စုပ်ရာ၌ မိန်ကောင်၊ ဇီးကွက်၊ ဒီးဒုတ် အစရှိသည်တို့အပြင်၊ မြွေဆိုးများကလည်း လာတတ်သောကြောင့် ဘေးအန္တရာယ် ရှိ မရှိကို စောင့်ကြည့်မည့်သူက ငလုံး။

ငတောသည် မိန်စုပ်ရာ၌ ငှက်ပျောရွက် လွယ်က ငှက်ပျောရွက်၊ ငှက်ပျောရွက် မလွယ်က စုပ်လို့ရမည့် သစ်ရွက်ကြီး နှစ်ရွက်ဖြင့် စုပ်သည်။

သင်္ချိုင်းကုန်းဘေးရှိ မိုးနှံရွက်ကြီး နှစ်ရွက်ကို ထပ်ကာ ငတောက ဖြေညင်းသာယာစွာဖြင့်

“ပိပိ… ပိ… ပိ…၊ ကျလိ… ကျလိ… တိ… တိ၊
စိစိ… စိ… စိ… ပိ…၊ ကျီ… ကျီ… ကျီ… တိ… တိ
စိ… စိ…၊ ကျွိ… ကျွိ… ကျွိ “

အစရှိသည့်အသံများကို အခြေခံကာ၊ ထိတ်လန့်သံ၊ ဖော်ခေါ်သံ၊ အစာရှာ အစာကျွေး ခေါ်သံ၊ ဘေးတွေ့သံ အစရှိသည့် အသံမျိုးစုံ ထွက်ပေါ်စေရန် နိမ့် မြင့်၊ မြင့် နိမ့်၊ တိုး ကျယ်၊ ကျယ် တိုး၊ တက် ကျ၊ ကျ တက်၊ ဖြည်းဖြည်း မြန်မြန်၊ မြန်မြန် ဖြည်းဖြည်း၊ လေးပေါ့ ပေါ့လေး စုပ်ပေးသည်။

အနှေးချည်း သီးသန့် မစုပ်၊ အမြန်ချည်း သီးသန့် မစုပ်၊ အကျယ်ချည်း သီးသန့်မစုပ်၊ တိုးတိုးတိမ်တိမ်ချည်း မစုပ်၊ သဘာဝသံနှင့် တူစေရန် ငတော ကြိုးစားသည်။

ညဉ့်ငှက်တို့၏ အစာရှာ သဘာဝစရိုက်က အသံပေးနေသော သားကောင်ရှိရာအရပ်သို့ အစာအဖြစ် ထိုးသုတ်ရန် အလျင်အမြန် လာရောက်တတ်သည်။ လာရောက်၍ အသံပေးသော သားကောင်ကို တွေ့ရှိချိန်၌ အငမ်းမရ ဖမ်းယူစားသောက်သည်။

အသံဖြင့် စားလာရသော သဘာဝ အသိရှိသည့် ညဉ့်ငှက်၊ ပထမ အသံ၊ အသံရှိရာ လာရာက တွေ့မြဲဖြစ်မည့် အသံရှင် သားကောင်ကို ဒုတိယ တွေ့လေ့ရှိသည့် ညဉ့်ငှက်။ ထိုညဉ့်ငှက်သည် မိန်စုပ်သမားက အသိတို့ဖြင့် လှည့်ဖျားသောအခါ အသံရှိရာသို့ လာခဲ့သော်လည်း သားကောင်မတွေ့၊ သားကောင်မတွေ့သော်လည်း သားကောင် အသံက မရပ်၊ မရပ်သေးသော အသံက သားကောင် ရှိသေးသည်။ စောင့်ချောင်းဟု သတိပေးသလို အသိဝင်စေသောကြောင့် ပျံသန်းရာမှ ရပ်နား၊ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရန် သူ့လိုအပ်ချက်ကို ဘဝပေး အသိအရ ညဉ့်ငှက်က သိသည်။

ဘယ်သွား နားမလဲ၊ သားကောင်အသံ နီးရာ နားကောင်းမည့်နေရာ ဘယ်နေရာလဲ။ အရင် နားဖူးသည့်နေရာ သို့မဟုတ် အရင်က မနားဖူးသေးလည်း သားကောင်နီးရာ ထောင်ထားသည့် ကောင်းကင်မြားနေရာ။

ငတော၏ မိန်စုပ်သံ သားကောင်အသံတုက မိခင် ခေါ်သံလိုလို၊ အစာရှာ ခေါ်သံလိုလို၊ ထိတ်လန့်သံလိုလို၊ ကြေကွဲသံလိုလို၊ အစာကျွေး ခေါ်သံလိုလို၊ ဘယ်လိုပဲ အသံထွက်ထွက် ညဉ့်ငှက်အသိက အသံထွက်ရာ သားကောင်ရှိ အသိစွဲသည့် ဓလေ့စရိုက် ဉာဉ်အတိုင်း သူ့အသိသူ မစွန့်။ အသံရှင်သည် မကြာမီ စားကွင်းဖမ်းကွင်း၌ ပေါ်လာမည်ဟု ထင်တစောင့်စောင့်။

သင်္ချိုင်းကုန်း တမာပင်ရိပ်အောက် ဂူဟောင်းကြီးနှစ်လုံးကြား၌ ပုဆိုးစုတ်ခြုံပြီး ပုန်းလျှိုးကွယ် မှုတ်နေသော ငတောနှင့် ငလုံးက ထိုင်ရာမထ မိန်စုပ်ဆဲ။

မိန်ကောင်များ၊ ဇီးကွက်များက ရပ်နား စောင့်ချောင်းရန် အလာတွင် ကောင်းကင်မြားထောင်ထားရာ တိုင်ထိပ်တက်နား၊ မြားက ညဉ့်ငှက်ဖောက်ထွက်၊ မိန်စုပ်နား၊ သားကောင်ဖြုတ်၊ ပြန်ထောင်။

သင်္ချိုင်းကုန်းပြီးက ထန်းတော၊ ထန်းတောပြီးက ကဇာချုံတန်းချုံပုတ်များသို့ ပြောင်း၍ ပြောင်း၍ ငတောနှင့် ငလုံး မိန်စုပ်ခဲ့ကြသည်။

မိန်စုပ်ရာ နေရာမှန်သမျှ ငတောတို့ ကောင်းကင်မြားတိုင်များရှိသည်။ မိန်စုပ်နေသော ဘေးတွင် ငလုံးက ဘတ်ခွ၊ လောက်စာ၊ ဓားရှည်၊ ဓားလှံ အဆင်သင့် ထားရှိနေခဲ့​၏။

မိုးနှံချုံ၊ နဘူးချုံ၊ ချင်းရဲချုံများ၏ အမှောင်ရိပ်အကွယ် တိုးဝင်၍ ငတောက ကျွိကျွိ ပိပိအသံ စတင်ပေးကာ မိန်စုပ်နေချိန်တွင် လေအောက်၌ ရှိနေသော ဇီးကွက်များ၊ မိန်ကောင်များ၊ လင်ကောင်ပိုးများသည် နားစွင့် သတိထားသည်။ သတိထားရာမှ ပီပီသသကြားလာသောအခါ သားကောင်ရှိရာ လေညာသို့ ဆန်တက်လာကာ သားကောင်ရှာရန် ဖမ်းကွင်း စောင့်ကွင်း ကြည့်သည်။ ကောင်းကင်မြားတိုင်များဆီသို့ ရှေ့ဆင့်နောက်ဆင့် ပြန်လာ၊ ဝင်နားရာမှ ခလုတ်ပြုတ် ဖောက်ထွက်ရာ ဂီးခနဲသာ အော်သံပေးနိုင်သည်။ ပြေးမလွတ်။

တစ်ကောင်သာ မိသေး၍ ဆက်မိန်စုပ်စဉ် ငတောနှင့် ငလုံး ရှိရာဆီသို့ အကောင်တစ်ကောင်က မြေပေါ်မှ တောက်လျှောက် ပြေးဝင်လာသည်။ သတိရှိပြီးသော ငလုံးသည် နေ့ခင်းပမာ ကြည်စင်ဝင်းလဲ့နေ သော လရောင်အောက်၌ ပြေးဝင်လာသော အကောင်ကို ဝါးတစ်ပြန်ခန့် အရောက်၌ ဘတ်ခွဖြင့် သေသေချာချာ ချိန်ရွယ်၍ တည့်တည့် ပစ်ခတ်လိုက်ရာ ဝှီး… ဖောင်းခနဲ မြည်ကာ ပြေးဝင်လာသည့် အကောင် လွင့်စဉ်သွားသည်။

ငတောရော ငလုံးပါ မိန်စုပ်ရပ်ပြီး သားကောင်ကို ကြည့်သည်။ သားကောင်က မသေသေး၍ တစ်ချက် ထပ်ဆင့်ပစ်မှ ငြိမ်ကျသွားသည်။ သားကောင်ကို သားအဖ နှစ်ယောက် ကြည့်မိပြီး တအံ့တသြ။

“တို့က မိန်စုပ်ရာမှာ မြွေလာမယ် ထင်တာ။ မြွေမလာဘဲ မြွေပါက အသေခံ လာတာကိုးကွ။ မင်းတော့ ပွတာပဲ။ မြွေပါသည်းခြေ လိုချင်တဲ့ မြို့က တိုင်းရင်းမြန်မာ ဆေးတိုက်ကို အဖေ သွားရောင်းပေးမယ်။ ငလုံး ဘုန်းကံ မြွေပါဖန်ပေါ့ကွာ။ ဟား… ဟား… ဟား”

ငလုံးလေး မှတ်ပုံတင်ကတ်ပြား ရရှိရေးအတွက် ငတောက ဤကဲ့သို့ မိန်စုပ်၊ ကောင်းကင်မြားထောင်ကာ သွားစရိတ်၊ လာစရိတ်၊ ကုန်ကျစရိတ်တို့ ရှာပေးခဲ့၏။

လ.ဝ.က ရုံးသို့ ကိုယဉ်မောင်က လိုက်ပို့ခဲ့ရာ ချောမောလွယ်ကူစွာ ရိုက်ကူးပြီးစီး၍ ရရှိမည့် ရက်ချိန်းပေးလိုက်ကာ နှုတ်ဆက်ပြီး ပြန်ချိန်၌ ငလုံးကိစ္စက ပြီးခဲ့၏။ ကိုယဉ်မောင် ကိစ္စက ကျန်သေးသည်။

ကိုသံချောင်းနှင့် တွေ့ရေး။

သူ ဝင်ထွက်စဉ်က ငှားရမ်းနေသော အိမ်ကိုသာ သူသိခဲ့၏။ ယခု အိမ်နေရာ သူမသိ။

သူ့ကိုကြီးသံခေါ် ကိုသံချောင်းနှင့် တွေ့ဆုံရန် အိမ်နေရာမေးရာ ညွှန်ပြသူက အဆင့်ဆင့် ညွှန်ပြသည်။

အဲဒါ ရေနံအရာရှိ အငြိမ်းစား ဦးသံချောင်းတိုက်ဟု တည့်တည့် ပြသလာသော တိုက်တစ်လုံး ရှေ့၌ ကိုယဉ်မောင် ရပ်သည်။ စက်ဘီးထောက်ပြီး သူ့နာရီကို ကြည့်လိုက်တော့ သောကြာနေ့ ၂၈ ရက်၊ ၁ဝ နာရီ ၁၅ မိနစ်။

တိုက်တံခါး ဖွင့်ထား၍ ကိုယဉ်မောင်က ရှေ့၊ ငလုံးက နောက်မှလိုက်၍ တိုက်အတွင်း ဝင်သည်။

မတ်တတ်စားပွဲ၊ မတ်တတ်ကုလားထိုင်ဘေးတွင် အနွေးထည်ဂျာကင်တစ်ထည်ဝတ်၍ ပက်လက်ကုလားထိုင်ပေါ်၌ မှေးနေသော ကိုသံချောင်း။ ဖိနပ်သံကြောင့် ဖျတ်ခနဲ လှမ်းအကြည့်၌ ကိုယဉ်မောင်တို့ကို မြင်သွားသည်။

“ကိုကြီးသံ… ကျွန်တော် စာရေးဆရာ ချိုင့်ကြီးယဉ်မောင်ပါ”

ကိုသံချောင်းက မလှုပ်မယှက်။ ငေးငေးကြီး ကြည့်နေဆဲ။

“ကိုကြီးသံ … ကျွန်တော် ယဉ်မောင်လေ။ အမှတ်တရလက်ဆောင် လူကြုံပေးခဲ့တဲ့ ငတော ငလုံး ရောက်ရဲ့လား။ နေကောင်းရဲ့လား”

ငေးငေးကြီး ကြည့်နေသော ကိုသံချောင်းက သည်တော့မှ အသက်ဝင် သတိရသလို လှုပ်ရှားလာသည်။

“မင်း… မင်း… ငါ မသေခင် လာသေးတယ်နော်။ ငါ… ငါ… ထင်တယ်။ မင်း လာကို လာရမယ်၊ လာလိမ့်မယ်လို့ ငါ ထင်တယ်။ ခု ငါထင်တဲ့အတိုင်း မင်းလာပြီ။ ထိုင် … မင်းရော ကလေးရော ထိုင်”

ကိုသံချောင်းက ပက်လက်ကုလားထိုင်ပေါ်မှ အားယူထရန် ကြိုးစားသည်။ ကိုယဉ်မောင်တို့ ထိုင်နေရာသို့ မလာသေးဘဲ သူ့နောက်ကျောဘက်ရှိ အဝတ်ထည့် ဗီရိုဆီသွားရန် ဘေးတိုက်ပြု ထရပ်သည်။

“မင်းကို ငါ ပေးစရာရှိတယ်။ ငါ မသေခင် စိတ်မကောင်းဖြစ်အောင် မငြင်းနဲ့။ အရင်လို မာနမကြီးနဲ့။ ငါ့ကို တစ်စိမ်းလို မဆက်ဆံနဲ့”

ကိုသံချောင်း ဗီရိုဆီအသွား၌ ကိုယဉ်မောင် လှမ်းကြည့်လိုက်သည်။ ဟင်… ကိုကြီးသံ ခြေတစ်ဖက်ဟာ ဆာတာ ဆာတာနဲ့ သွားနိုင်ရုံလေးပါလား။ ဘုရား ဘုရား … ဘယ်လိုရောဂါ ဝေဒနာကများ ကိုကြီးသံ အင်အားတွေ နုတ်ယူသွားပါလိမ့်။

ခြေတစ်ဖက် ဆာတာ ဆာတာဖြင့် ကိုကြီးသံ အထုပ် တစ်ထုပ်ယူက ပြန်လာပြီး။ ကိုယဉ်မောင့်ဘေး ရပ်လိုက်သည်။ အထုပ်ကို ကိုယဉ်မောင်အား ဇွတ်ပေးသည်။ ကိုကြီးသံက…

“ငါ မင်းကိုပေးတဲ့ လက်ဆောင် အနွေးထည်ပဲ။ ဒါကို လက်ခံ၊ လက်မခံရင် ငါသေတဲ့အထိ စိတ်ထိခိုက် သွားလိမ့်မယ်။ မင်း မငြင်းနဲ့ ယဉ်မောင်”

“လက်မခံပါရစေနဲ့ ကိုကြီးသံရယ်။ အထူးကု ဆေးခန်းတစ်ခေါက်တက်ရင် ငွေတွေ ဆုပ်ပက်သလို ကုန်တာ ကျွန်တော် သိကြား နေရပါတယ်။ အထူးကုဆေးခန်းကို ခဏခဏ တက်နေရတဲ့ ကိုကြီးသံကို မုန့်တစ်လုံး၊ နို့ဆီတစ်ဘူး၊ ပန်းသီးတစ်ခြမ်းမှ ကျွန်တော်က လူမမာမေး လာမမေး၊ လာမပေးဘဲ ဒီဂျာကင်ကို လက်ခံယူရမှာ ကျွန်တာ် လိပ်ပြာမသန့်ဘူး”

ကိုသံချောင်းက ရီဝေဝေ ကြည့်သည်။

“ဂျာကင်အိတ် ဖွင့်ကွာ။ အဲဒီထဲမှာပါတဲ့ စာအိတ် ဖောက်ဖတ်ကွာ။ စာဖတ်ပြီးရင် မင်း ကြိုက်သလို ဆုံးဖြတ်။ မင်းနဲ့ ငါ တစ်စိမ်းမဟုတ်ဘူးနော် … ယဉ်မောင်”

ကိုယဉ်မောင် သက်ပြင်းချသည်။ ကိုသံချောင်း၏ စိတ် အနှောင့်အယှက်မဖြစ်စေရန် ဂျာကင်အိတ်ကို ဖွင့်သည်။ အဖိုးတန် အနွေးထည် ဂျာကင်အကောင်းစား ဆိုက်ကြီး အရွယ်ကြီး။ ဂျာကင်ထဲ၌ စာအိတ်ရှည် တစ်အိတ်။ စာအိတ်ကို သူ ဖောက်ပြီး ခပ်ဖြည်းဖြည်း ဖတ်ကြည့်သည်။

အဖေ့မှာတမ်း

အဖေ၊ ယဉ်မောင်နှင့် ကြည်မြင့်တို့သည် အလွန် ချစ်ခင်သော အနစ်နာခံ သူငယ်ချင်းသုံးဦး ဖြစ်သည်။ အဖေက ရေနံအရာရှိ၊ ကြည်မြင့်က တိုင်းအရာရှိ ဖြစ်သောကြောင့် ဘဝ ချမ်းသာမြင့်မားလာသည်။

စာရေးဆရာ ယဉ်မောင်သာ ယခု ဆင်းရဲနေသည်။ သားငယ်က ၂ဝဝ၇ ခုနှစ်၊ မြောင်နယ်ဘက် စာပေဟောပြောပွဲ၌ ယဉ်မောင့်ကို ရန်ကုန်က စာရေးဆရာသုံးဦးနှင့် တွေ့ခဲ့သည်။ သား ကလေးအရွယ် ကတည်းက ကုတ်အင်္ကျီ အဟောင်းကြီးဝတ်၊ ပုဆိုးနွမ်းကြီး၊ အင်္ကျီနွမ်းကြီးနှင့် အမွေးတုံးနေသော ဖိနပ်စီးကာ ညှိုးညှိုးငယ်ငယ် ဖြစ်နေသည်။ အဖေ့သူငယ်ချင်း အတော်လေးများ ဆင်းရဲနေသလား မသိဘူးဟု ပြောသည်။

သူ ဝတ်နေသော ကုတ်အင်္ကျီအဟောင်းမှာ ၁၉၈ဝ ခုနှစ်က အဖေနှင့် ကြည်မြင့် ခေါ်၍ ဈေးချိုမှာ သွားချုပ်ခဲ့သော ကုတ်အင်္ကျီဖြစ်ရာ ၂ဝဝ၇ ခုနှစ်ဆိုလျှင် အနှစ် ၂၇ နှစ်ရှိ၍ ဟောင်းလှပြီ။ အဖေ့အနေဖြင့် သူ့ကို ကုတ်အင်္ကျီ အဟောင်းနွမ်းကြီး ဝတ်နေရာမှ ခေတ်ပေါ် ဂျာကင် ဝတ်နိုင်ရန် တစ်ထည်ဝယ်ထားပြီးပေးရန် အကြိမ်ကြိမ် စာရေး၊ လူကြုံမှာသော်လည်း သူ မလာ။ ထပ်၍တော့ မှာဦးမည်။ ထပ်မှာ၍ သူ မလာဘဲ အဖေ ဆုံးသွားပါက ယခု ဂျာကင်ကို သူ့ဆီ အရောက်ပို့ရမည်။ လက်မခံပဲ ငြင်းပယ်ခဲ့ပါက ဤစာကိုပြ၍ ယခုစကား ပြောရမည်။

ရန်အောင်စာပေ (၂) စီစဉ်သူ မနီနီအောင် ထုတ်ဝေသော ငတောငလုံး ဝတ္ထုတိုများကို ဂုဏ်ပြုသည့်အနေဖြင့် ကန်တော့ခြင်း ဖြစ်သည်။ အနှစ် သုံးဆယ်ကျော် လေးဆယ်နီးပါးအထိ လုံ့လစိုက်ထုတ်၊ အဆင်းရဲ အငတ်ပြတ်ခံပြီး စာပေကို ဖက်တွယ်ခဲ့သည့် အနုပညာ မြတ်နိုးမှု စိတ်ဓာတ်ကို ကန်တော့ခြင်း ဖြစ်သည်။

အနုပညာရှင် တစ်ဦး၊ အဖေ့သူငယ်ချင်းတစ်ဦး အနေဖြင့် လက်ခံပါဟု ပြောရမည်။

အဖေ့ နောက်ဆုံးမှာတမ်းကို အတိအကျ လိုက်နာ၍ ဤဂျာကင်ကို ချိုင့်ကြီးဦးယဉ်မောင်ထံ သားတို့ သမီးတို့ ကိုယ်တိုင်သွားပို့ပါ။

သံချောင်း
အမှာစာရေးသူ

စာကို စိတ်ဝင်တစား ဖတ်နေသော ကိုယဉ်မောင့်ကို ကိုသံချောင်းက မမြင်ဖူးသူကဲ့သို့ စူးစူးစိုက်စိုက် ကြည့်နေ၏။ လွန်ခဲ့သော အနှစ်သုံးဆယ်ကျော်က ယဉ်မောင်သည် ကိုသံချောင်း ရင်၌ ပေါ်လာသည်။

စာပေကို ကျွန်တော် ချောင်းဦး အ.ထ.က ကျောင်းသားဘဝ၊ မန္တလေး နန်းရှေ့စာကြည့်သင်း အတွင်းရေးမှူးဘဝကတည်းက ကျွန်တော် အရူးအမူး မြတ်နိုးခဲ့မိတယ်။ ကျွန်တော့်ဘဝမှာ အချစ်မြတ်နိုးဆုံးအရာတွေ ပြသပါဆိုရင် အဖေ၊ အမေနဲ့ စာပေပဲ။ ဘယ်ဘဝရောက်ရောက် ကျွန်တော် စာပေကို ဖက်တွယ်ထားမယ်ဟု ဆိုခဲ့သော လူငယ်ယဉ်မောင်။

မှန်လိုက်တဲ့ သစ္စာစကား။ လူငယ်ဘဝလည်း စာပေ။ လူရွယ်ဘဝလည်း စာပေ။ လူကြီးဖြစ်လာတော့လည်း စာပေ။

ဒါပေမယ့်….

၂၇ နှစ်သား ရှိနေတဲ့ ကုတ်အင်္ကျီဟောင်း၊ ဈေးပေါပေါရတဲ့ တိုက်ကွက် အင်္ကျီဟောင်း၊ အဖိုးချို ဈေးပေါ ပုဆိုးဟောင်းတို့က စာပေမြတ်နိုးသူ၏ ပစ္စက္ခဘဝ ရုပ်ပုံလွှာကို ဖော်ပြနေပါ၏။

ယဉ်မောင် တော်သည်။ တတ်သည်။ အရည်အချင်း မြင့်မားသည်။ တိုင်းနယ်ပြည်နယ် ၁၄ ခုက ဖြေဆိုသော အရာရှိလောင်း ရေးဖြေ၊ နှုတ်ဖြေ၊ စိတ်ဖြေမှာ အောင်မြင်၍ စီမံ(၁) ထွေ/အုပ် မြို့ပိုင်ခန့်ထားခံခဲ့ရသည်။ လုပ်ဖြစ် မလုပ်ဖြစ်က သူ့ အခြေအနေ၊ သူ့ အကြောင်းအရာ၊ သူ့ ခံယူချက်။

စာပေဆု ၇ ဆု ရရှိပြီးကြောင်း သူ့စာအုပ်ပါ အမှာစာအရ ကိုသံချောင်း သိသည်။ သည်လိုလူတစ်ယောက် သူ့ဆီ လာရာတွင် ကြက်သယ်၊ ဝက်ဝယ်၊ ဆိတ်ဝယ်တောင် ထည်လဲစီးနေကြသည့် ဆိုင်ကယ်ကိုပင်လျှင် စီးမလာနိုင်။

၆ တိုင် (၁၃)မိုင် ခရီးကို စက်ဘီးအိုဖြင့် ပင်ပန်းကြီးစွာ ဆင်းဆင်းရဲရဲ စီးလာခဲ့ရသည်။ လူနွမ်း၊ အဝတ်အစားနွမ်း၊ စက်ဘီးအိုအို။

ငွေကို မမက်၊ စာပေမက်ကတော့ ဘဝမပျက်သော်လည်း ဘဝခက်နေသည့် သူ့သူငယ်ချင်း ကိုယဉ်မောင်ကို ကြည့်ရင်း ကြည့်ရင်း ကိုသံချောင်း မျက်ရည်မဆည်နိုင်။

စာဖတ်ပြီး၍ သက်ပြင်းချကာ ကိုသံချောင်းကို ကိုယဉ်မောင် အကြည့်တွင် မျက်ရည်ဆည်မနိုင်ဖြစ်နေသော ကိုသံချောင်းအား ရုတ်တရက် မြင်တွေ့လိုက်ရ၏။

ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏတရား၏ ဝါးမျိုမှုဒဏ်ကို ကြံ့ကြံ့ခံနေသော ကိုသံချောင်း၏ ရုပ်ပုံလွှာသည် နဖူးကြီးက ပြောင်၊ မျက်တွင်းကြီးက ကျ၊ ပါးရိုးနားရိုးပေါ်၊ ခြေတစ်ဖက် အားမရ၍ ရပ်နေရာတွင် ပခုံး တစ်ဖက်က နိမ့်၊ မျက်နှာ၌ အရေးအကြောင်း ထင်ကာ ဇရာ ဥပဓိရုပ်၊ ဗျာဓိ ဥပဓိရုပ် ဆင်နေပြီ။

ဇရာ၊ ဗျာဒိကြားမှ ငယ်သူငယ်ချင်းကို ချစ်သော ငတောငလုံး ဝတ္ထုတိုတို့ကို ကြိုက်နှစ်သက်သော ကိုသံချောင်းသည် နောက်တစ်နှစ်၊ နောက်နှစ်နှစ်၊ နောက် သုံး လေး ငါး ခြောက် ခုနစ် ရှစ် ကိုး တစ်ဆယ် အထိ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ နေမှ နေရပါတော့မလား။

ဆန့်သောလက် မကွေးမီ၊ ကွေးသောလက် မဆန့်မီ မျက်စိ တစ်ခတ်၊ လျှပ်တစ်ပြက်၊ ဘုရား… ဘုရား… ဘုရား၊ ကိုကြီးသံ အသက်ရာကျော် ရှည်ပါစေ…. နောက်နောင် အခါပေါင်းများစွာ အခေါက်ပေါင်းများစွာ တွေ့ရပါစေ။

ကျွန်တော် စာမူခရတဲ့အခါ မုန့်တစ်ယှက်၊ ယိုတစ်ဘူး၊ နို့တစ်ပုလင်း၊ ငှက်ပျောတစ်ဖီး၊ သစ်သီးတစ်လုံး၊ ပုဆိုးတစ်ထည်၊ တဘက် တစ်ထည်၊ အင်္ကျီတစ်ထည် ဘာပဲဖြစ်ဖြစ် လာကန်တော့ချိန်မှာ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ တွေ့နိုင်သောဘဝ၌ ရှိပါစေ။ ခုလို ကျန်းမာရေး မကောင်းပုံမျိုးနှင့် ဆိုလျှင်တော့….။

ဖွဟဲ့….လွဲပါစေ ဖယ်ပါစေ။

မည်သို့မှ သတိမထားလိုက်နိုင်။ ကိုယဉ်မောင့် မျက်ဝန်းမှ မျက်ရည်တို့ တလိမ့်လိမ့် ကျဆင်းလာသည်။ ပါးပြင်၊ နှုတ်ခမ်းမှ အောက်သို့ ကျသည့်တိုင် မျက်ရည်တို့ ရပ်မသွားဘဲ အဆက်မပြတ် ကျဆင်းနေ၏။

လျှပ်တစ်ပြက်မြင်ကွင်း၌ လူကြီးနှစ်ဦး မျက်ရည်ဖြိုင်ဖြိုင် ကျနေသည်ကို ဘေးမှ ငေးမောကြည့်နေသူက ငလုံး။

(၂ဝဝ၈ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက် သောကြာနေ့က အနွေးထည်ဂျာကင်ကို အမှတ်တရ ပေးခဲ့သော ကိုကြီးသံခေါ် ဦးသံချောင်း ရေနံအရာရှိ(ငြိမ်း)၊ မြောင်မြို့သို့ ရည်ညွှန်းရေးဖွဲ့ပါသည်။ ကိုကြီးသံ ကျန်းမာချမ်းသာ၍ အသက် ရာကျော်ရှည်ပါစေ၊ ငန်းမြာဘုရားပွဲသို့ ဘုရားဖူးလိုက်နိုင်ပါစေဟု မေတ္တာပို့သ ဆုမွန်ကောင်း တောင်းအပ်ပါသည်။)

၃.၁၂.၂၀၀၈

– ပြီး –

စာရေးသူ – တွင်းကြီးဝမ်းမောင်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *