July 30, 2025
Uncategorized

လွမ်းမော၍ မမေ့နိုင်ပေ နမ္မတီးမြေ

ထွန်းတောက်
လွမ်းမော၍ မမေ့နိုင်ပေ နမ္မတီးမြေ

အရပ်လေးမျက်နှာ၌ တောတောင်များပတ်လည်ဝိုင်း လျက် ရှိသည်။ အရစ်ရစ် အခွေခွေ ရှိနေကြသော တောင်စွယ်၊ တောင်တန်းများသည်လည်း အဆင့်ဆင့် မြင့်တက်လျက် အဝေးဆုံးမြင်ကွင်းတွင် ရေခဲတောင်ကြီးများနှင့် တစ်ဆက်တည်း ဖြစ်သွားပြီး မိုးသားထဲသို့တိုင်အောင်ပင် ထိုးဖောက်သွားလေသည်။

ဤတောတောင်ဒေသသည် မြန်မာနိုင်ငံ၏မြောက်ဘက်စွန်းတွင် တည်ရှိပြီး ကချင်ပြည်နယ်၏ အဝိုင်းအဝန်းဖြစ်သည်။ အိန္ဒိယ၊ မြန်မာ၊ တရုတ် စသော နိုင်ငံများကို ဖြတ်ဖောက်ထားသည့် အာရှလမ်းမကြီး ခေါ် လီဒိုလမ်းမကြီးဘေး၊ နမ္မတီမြို့နှင့် သုံးမိုင်အ ကွာလည်း ဖြစ်သည်။

ထိုနမ္မတီမြို့နှင့် သုံးမိုင်အကွာတွင် “စီတီယဉ်” ဟူ၍လည်း ရွာတစ်ရွာရှိ၏။

ဤနေရာသည် မြို့ရွာများနှင့် ထိုမျှသာ ကွာသော်လည်း မြန်မာနိုင်ငံ၏ တောင်မြင့် တောနက်ပိုင်းတွင် တည်ရှိနေသလို ဟိမဝန္တာကြီး၏ တောင်လက်မောင်းတစ်နေရာလည်း ဖြစ်သည်။

ထို့ကြောင့် တောလည်းနက်သည်။ သစ်ကြီးဝါးကြီးမျိုးစုံ၊ ချုံနွယ်ပိတ်ပေါင်း စိမ့်စမ်းချောင်းနှင့် ကြည်နူးဖွယ်လည်း ကောင်းသည်။

တောပန်း၊ တောင်ပန်း၊ တောင်သဖန်းနှင့် သစ်ခွပန်းတို့ ပွင့်လန်းရာ အရပ်ဒေသကြီးလည်း ဖြစ်သည်။ သာယာချိုအေး ငှက်ကလေးတို့ တေးဆိုပျော်မွေ့၊ ဥဒေါင်းနှင့် လင်းယုန် အမျိုးစုံသော ငှက်အပေါင်းတို့ သည် ဘေးမဲ့လွတ်မြောက် ချမ်းသာရောက်သည့်အလား ကြောင့်ကြမဲ့စွာ နေထိုင်ကျက်စားရသောအရပ်ဒေသဟုလည်း ဆိုနိုင်လေသည်။

ထို့ကြောင့် သမင်၊ ဒရယ်၊ ချေငယ်၊ စိုင်၊ ဆတ်၊ ဖွတ်၊
ပဒတ်(ပုတတ်)တို့ ပျော်ပါးခိုအောင်းလျက် လင်းဆက်၊ ရှူးပျံ၊ ရှဉ့်ကြီး၊ ရှဉ့်ငယ်၊ မျောက်နီ၊ မျောက်ညိုတို့သည်လည်း သူ့အစုနှင့်သူ ရှိနေကြသည်။

ကျား၊ ကျားသစ်၊ ဆင်၊ ပြောင်၊ စပါးကြီး၊ ငန်းမြွေ၊ သင်းခွေချပ်၊ ဝံပုလွေ စသော သားရဲတို့သည်လည်း ပေါများလှသည်။ ထိုထိုသားရဲ၊ သားကောင်၊ ငှက်ညို၊ ငှက်ဝါ၊ သာလိကာတို့၏ ပျော်စံရာ တောတောင်ချောက်ကမ်းပါး၊ ကျောက်ချွန်၊ ကျောက်ချပ်၊ ကျောက်ထပ်၊ ကျောက်တုံး၊ ကျောက်ရေတံခွန်ကြီး များမှာလည်း ဖန်တီးရှင် ဗိသုကာတို့၏ လက်ရာထက်ပင် ပြောင်မြောက်သော မြင်ကွင်းအစုံစုံတို့သာလျှင် ဖြစ်၍နေ၏။

ထို့ကြောင့် ရန်သူများကို အမြဲတမ်းသတိထားပြီး နေရသလို သားရဲသားကောင်ကြီးများကိုလည်း သတိထား၍ နေရလေသည်။

ကျွန်တော်တို့ ဤနေရာသို့ ရောက်နေကြသည်မှာလည်း ရက်ပိုင်းမျှသာ ရှိသေးသည်။

“ဂျိန်း”

“ဒိုင်း . . . ဒိုင်း”

ဗုံးကွဲသံ၊ သေနတ်ပစ်သံများဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံလျက် အကျည်းတန်သွားလေသည်။ ထို့ကြောင့် ကျွန်တော်တို့အုပ်စုသည် ယာယီစခန်းချထားသည့် နေရာမှ သေနတ်ကိုယ်စီ ကိုင်စွဲလျက် ချက်ချင်း နေရာယူလိုက်ကြသည်။

ထို့နောက် ကျွန် တော်က အခြေအနေကိုသုံးသပ်ပြီး

“တပ်စိတ် ၁၊ ၂၊ ၃ နှစ်ယောက်စီ ငါ့နောက်လိုက်ခဲ့ကြ”

ဟု အမိန့်ပေးလိုက်၍ နေရာယူထားကြရာမှ ပြေးပြီးထွက်လာကြလေသည်။

ကျွန်တော်နှင့် ရဲဘော်ခြောက်ယောက်တို့သည် အသံကြားရာဘက်ကို သတိဝီရိယဖြင့် ကြည့်ရှုအကဲခတ်ပြီး ခပ်သုတ်သုတ်သွား၍ ကိုက်ငါးရာခန့်သို့ ရောက်သည်နှင့် အချက်ပြလိုက်သည်။

ထို့ကြောင့် ရဲဘော်အားလုံးတို့သည် တိုက်ပွဲဝင်ရန် အသင့်အနေအထား နေရာယူပြီး ဖြစ်သွားကြသည်။ကျွန်တော် အကဲခတ်သည်။ အခြေအနေကား ကင်းစောင့်နေသော ရဲဘော်လေးက…

“ယာယီထောင်ထားတဲ့ လက်ပစ်ဗုံးကွဲသံကြားလို့ ကျွန်တော် မှန်းပြီး သေနတ်နဲ့ သုံးလေးချက် ပစ်လိုက်တာပါ ဆရာကြီး”

ဟု သတင်းပို့သည်။

ဆက်ပြီး အခြေအနေကို ဆယ်မိနစ်ခန့် စောင့်ကြည့်ကြသည်။ လက်ပစ်ဗုံးကွဲခြင်းနှင့် ပတ်သက်၍ပင် ထူးခြားမှုရှိလေမလား၊ ကင်းစောင့်ရဲဘော်လေး ရမ်းသမ်းပစ်ချက်ကြောင့်ပင် အခြေအနေတည်ငြိမ်သွားလေသလား။

ဆယ်မိနစ်ခန့် ဆက်စောင့်ကြည့်သော်လည်း တစ်စုံတစ်ခုမျှ ထူးခြားမှု မတွေ့ရသောကြောင့် ထပ်ဆင့်အမိန့်ပေးလိုက်သည်။

“ရဲဘော်သုံးယောက် . . . . နေမြဲ။ ကျန်သုံးယောက် တောင်ပေါ်ကြောတက် နေရာယူ”

ကျွန်တော်က အမိန့်ပေးလိုက်သည်နှင့် တစ်ဆက်တည်း ရဲဘော်သုံးယောက်တို့သည် တော်ကြောပေါ်သို့တက်ပြီး နေရာယူလိုက်ကြသည်။ ကျွန်တော်နှင့် ကျန်သော ရဲဘော်သုံးယောက်တို့သည် ပေါက်ကွဲမှုဖြစ်ပွားသော နေရာနှင့် ပတ်ဝန်းကျင်ကို အာရုံစိုက်ပြီး သတိ ဝီရိယထားကာ ချဉ်းကပ်ကြသည်။

အခြေအနေကို ကြည့်ကာ သုံးသပ်ကြသည်။ လူရန်သူ ဖြစ်နိုင်ဖွယ် နည်းသည်။

ဟုတ်သည်။ အဓိကလက်သည်ကို တွေ့ပြီ။

ငါးလက်မအရွယ်ရှိသော ကျားခြေရာနှင့် သွေးစသွေးနများ၊ အမွေးအမှင်များ၊ ရုန်းကန်လှုပ်ရှားသွားသော အရိပ်လက္ခဏာများ။

ထို့အပြင် အကောင်အထည်ကိုမူ အစအနမျှပင် မတွေ့ရပေ။

“ဆရာခင်ဇော်”

“ဗျာ. . . ဆရာကြီး”

“လက်ပစ်ဗုံးကို လာတိုးတာ ရန်သူမဟုတ်ဘူးဗျ။ ကျားပေါက်တစ်ကောင်ပဲ။ ဒီမှာ. . . ခြေရာ ငါးလက်မလောက်ရှိတာ တွေ့ရတယ်။ အထိနာသွားပုံလည်း ရတယ်။ ဒီတော့ ရှေ့ နည်းနည်းလောက် တိုးကြည့်ရအောင်။ ရဲဘော်နှစ်ယောက် ကျွန်တော့်နောက်က လိုက်ခဲ့ကြ”

“ဟုတ်ကဲ့ ဆရာကြီး”

ကျွန်တော်တို့ သတိဝီရိယထားပြီး တစ်ယောက် နှင့်တစ်ယောက် ခွာ၍ သွေးစကလေးများအတိုင်း လိုက်သွားကြသည်။ သို့ သော်သွေးစကလေးများ ဟိုနည်းနည်း သည်နည်းနည်းမျှသာ ရှိသော်လည်း စွတ်ကြောင်းသည်ကား ထပ်လျက်ရှိနေသည်။

ဆောင်းရာသီဖြစ်၍ သွေးထွက်နည်းဟန်ရှိသည်။ ချက်ကောင်းလည်း ထိဟန်မတူပေ။ ချက်ကောင်းကိုသာ ထိလျှင် ကိုက်နှစ်ဆယ်ထက် ပို၍ မပြေးနိုင်ပေ။လက်ပစ်ဗုံးဆံ ရှပ်ထိသွားပုံ ရသည်။

စွတ်ကြောင်းက ထပ်လျက်ရှိနေ၍ ခြေထောက်၊ လက်၊ ဝမ်းဗိုက်၊ တစ်နေရာရာကိုသာ ရှပ်ထိသွားဟန်ရှိသည်။ သွေးကိုလည်း များများမတွေ့ရ။ ထို့ကြောင့် ကျွန်တော် သံသယ ဝင်လာသည်။

ဆက်လိုက်၍ မဖြစ်တော့ပေ။ အလင်းရောင်သည်လည်း နည်းနေပြီ။ သစ်ရိပ်ဝါးရိပ်များလည်း အုပ်ဆိုင်းနေ၍ ခြေရာကိုပင် ကောင်းစွာ မမြင်နိုင်တော့ပေ။ အချိန်အားဖြင့်လည်း ညနေ ၆ နာရီ ထိုးနေပြီ။ ထို့ကြောင့် ကျွန်တော် ဆုံးဖြတ်လိုက်သည်။

“ဆရာခင်ဇော်. . . ချက်ကောင်းသာထိရင် ဒီနေရာလောက်ဆို တွေ့လောက်ပြီဗျ။ အခုတော့ ဒဏ်ရာရတာနည်းလို့ မလဲတာ ဖြစ်မယ်။

ဒါပေမဲ့ ဒဏ်ရာရကျား မကစားနဲ့တဲ့။ ကျားနာခဲ ခဲ တတ်တယ်ဆိုတာ ကြားဖူးတယ်မဟုတ်လား။ ဒါကြောင့် မနက်မှ အခြေအနေတွေကိုကြည့်ပြီး ဆက်လိုက်ကြရင် မကောင်းဘူးလား။ ခင်ဗျားအထင်ကော ဘယ်လိုလဲ”

“ဆရာကြီးအထင် မှန်နိုင်ပါတယ်။ ကျွန်တော်လည်း အဲဒီလိုပဲ ယူဆပါတယ်”

ထိုနေရာတွင် အစားထိုးလက်ပစ်ဗုံးတစ်လုံးကို ထောင်ထားလိုက်ကြသည်။ ထို့နောက် ကာကင်းကို ရုပ်သိမ်းပြီး ပြန်လာခဲ့ကြသည်။

ယာယီစခန်းချထားသော တောင်ကုန်းပေါ်သို့ ရောက် လျှင် တပ်စိတ်နှင့်အနီးဆုံးကင်းကိုချပြီး တပ်စိတ်မှူးများကို တာဝန်ယူစေကြသည်။

အချိန်ကလည်း မိုးချုပ်သွားလေပြီ။

XXX XXX XXX

သည်မနက်တွင် နှင်းများများ မကျပေ။ ကျဲကျဲနှင့် ဖွဲဖွဲမျှသာ ရှိသည်။ ထို့ကြောင့် မိုးလင်းလာသည်နှင့် အဝေးကိုလည်း ကောင်းစွာ မြင်လာရသည်။

အိပ်တန်းထွက် ငှက်ကလေးများ၏ အသံကိုလည်း စီစီစာစာဖြင့် ကြားလာရသည်။

မနက်စာအတွက် အချိုခြောက် လက်တစ်ဆုပ်ကို ဟန်းကောချိုင့်ထဲထည့်ပြီး မီးဖိုပေါ်တင်ကျိုကာ ပွက်ပွက်ဆူသည်နှင့် နို့ဆီ၊ သကြား သင့်ရုံခတ်ပြီး သောက်ကြသည်။

ဤသည်မှာ မနက်စာအတွက် အဆာပြေဖြစ်သော်လည်း နောက်လည်း ဘာမျှ မစားရတော့ပေ။

အချိုရည်ကို အဆာပြေသောက်လိုက်ကြပြီးနောက် မနေ့က ဗုံးဆံထိထားသော ကျားကို လိုက်ရှာရန် စီစဉ်ကြသည်။

သည်နေ့တွင်လည်း ဤကိစ္စကို ကျွန်တော်ကိုယ်တိုင်သာ ဦးစီးရသည်။ ထို့ကြောင့် ကျွန်တော်သည် မုဆိုးအတွေ့အကြုံရှိကြသော တပ်စိတ်မှူးတစ်ယောက်နှင့် ရဲဘော်တစ်ယောက်တို့အား ခေါ်ကာ မနေ့ညနေက ဖြတ်ထားခဲ့ကြသော သွေးစနှင့် စွတ်ကြောင်းရှိရာသို့ တန်းသွားကြသည်။

မနေ့က ပေါက်ကွဲခဲ့သော နေရာသည် ယာယီစခန်းကို
ကာကွယ်ရန် ကင်းအဖြစ် ထောင်ထားသော လက်ပစ်ဗုံး ပေါက်ကွဲခြင်းသာဖြစ်၍ ကျည်တစ်ကမ်းမျှသာရှိသည်။

ထို့ကြောင့် အနည်းငယ်လျှောက်သွားလိုက်သည်နှင့် ထိုပတ်ဝန်းကျင်ကို ရောက်သည်။ ခပ်လှမ်းလှမ်းကပင် ပတ်ဝန်းကျင်များကို အကဲခတ် ကြည့်ကြသည်။ ဘာမျှတော့ ထူးခြားမတွေ့ရပေ။

ဖြည်းဖြည်းချင်း လျှောက်သွားကြရင်း အခြေနေများကို သေချာအောင် ကြည့်ကြသည်။ မနေ့ကအတိုင်းသာ ဖြစ်သည်။

“ဆရာကျော်အေး. . . သေနတ်မောင်းခလုတ်တွေကို ဖွင့်ထားကြမှ ဖြစ်လိမ့်မယ်”

ဟု ကျွန်တော်က သတိပေးလိုက်သည်။ ထို့နောက် ကျွန်တော်လည်း သေနတ်မောင်းခလုတ်ကို ဖွင့်ထားလိုက်သည်။

ထို့နောက် မနေ့ကဖြတ်ထားခဲ့သော စွတ်ကြောင်းအတိုင်းပင် ဆက်လိုက်ကြသည်။

သတိဝီရိယကို ကြီးကြီးထားပြီး မျက်စိနှင့် နားကိုလည်း အမြဲတမ်း စွင့်ထားကြသည်။ လက်ညှိုးကို သေ နတ်ညှို့မှာထားပြီး မျက်စိကြည့်ရာဘက်ကိုလည်း သေနတ်ပြောင်းကိုချိန်လျက် အသင့်အနေအထား ဖြစ်နေကြသည်။

မုဆိုးသင်တန်းသင်ရိုးနှင့်အညီ သားရဲ သားကောင်တို့၏ လျှို့ဝှက်ချက်ကိုလည်း အမြဲတမ်း နှလုံးသွင်းထားကြသည်။

စမ်းချောင်းလေးကို ရောက်သောအခါ ကျားနာသည် ရေဆာ၍ ထင်၏။ ရေဆင်းသောက်သည့် အရိပ်လက္ခဏာကို တွေ့ ကြရသည်။ ထို့နောက် စွတ်ကြောင်းက အပေါ်ဘက်ကို ပြန်တက်သွားသည်။

ရင်ဆိုင်တွေ့ရန် အလွန်နီးကပ်နေပြီဟု သိလိုက်ကြသည်။ သွေးစကိုလည်း ဟိုနည်းနည်း၊ သည်နည်းနည်းမျှသာ ရှိသည်ကို တွေ့ရသဖြင့် ဆိုခဲ့သည့်အတိုင်း ဆောင်းအေး၍ သွေးထွက်နည်းဟန် ရှိသည်။

သတိထားပြီး ရှေ့ကိုတိုးသွားကြရင်း မြေပျော့တစ်နေရာတွင် ကျားခြေရာကို တွေ့ကြရသည်။ သစ်ရွက်ခြောက်များတွင် လူးပေ၍ ကျန်နေခဲ့သော သွေးစအချို့နှင့် အမွေးအမှင်များကိုလည်း တွေ့လာရသည်။

ခြေရာကို ကျွန်တော် လက်နှင့်စမ်းသပ်ကြည့်သည်။ ခပ်နွေးနွေးရှိနေ၍ ကြက်သီးထသွားမိသည်။

ကျားနာသည် ကျွန်တော်တို့လာကြေသည်ကိုမြင်၍ပင် အကွယ်တစ်ခုမှ ခုခံတိုက်ခိုက်ရန် ချောင်းနေပြီလားဟု ထင်ရ၏။

“ကျွန်တော် ရှေ့ကသွားမယ်။ ဆရာကြီး နောက်ကလိုက်”

ဟု ဆရာကျော်အေးက တိုးတိုးပြော၏။

ကျွန်တော် ဘေးကို ကပ်ပေးလိုက်သည်။ ကျွန်တော့်နောက်မှာ ရဲဘော်သိန်းမောင် ရှိသည်။ တစ်ယောက်နှင့် တစ်ယောက်လည်း ငါးလှမ်းမျှသာကွာသည်။ သို့သော် အဘယ်ကြောင့်ရယ်မသိ။ ကျွန်တော်၏ စိတ်ထဲတွင် တစ်မျိုးကြီးဖြစ်နေမိသည်။

ဆရာကျော်အေးက စစ်သက်၁၂နှစ်ရှိပြီဖြစ်၍ အတွေ့အကြုံလည်း ရှိသည်။ ကျွန်တော်နှင့်အတူ အမဲလိုက်မုဆိုးသင်တန်းလည်း တက်ခဲ့ဖူးသည်။ ထို့ကြောင့် အနည်းငယ်စိတ်ချရသလိုရှိ၍ပင် ရှေ့မှသွားရန်ကို လမ်းဖယ်ပေးပြီး ခွင့်ပြုလိုက်သည်။

“ဝေါင်း. . . ဝုန်း”

“အောင်မယ်လေးဗျ”

ရှေ့ဆယ်ကိုက်ခန့် အရောက်တွင် ကျားအော်သံ၊ လူအော်သံများဖြင့် ဆူညံသွားလေ၏။

ဆရာကျော်အေး ပတ်လက်လန်ကျသွားသည်ကို တွေ့လိုက်ရသည်။

ကာဘိုင်သေနတ်လည်း လွင့်ထွက်သွားသည်။ အဝါဖျော့နှင့် နှင်းဆီကွက် အနက်ရောင်ရှိသော ကျားသစ်သည် အကွယ်မှ ခုန်အပ်လိုက်သဖြင့် ဆရာကျော်အေး သေနတ်ဖြင့် ပစ်ချိန်ပင် မရလိုက်ပေ။

ဦးခေါင်းကို ဖမ်းကိုက်ထားသဖြင့် လုံးထွေးနေကြလေသည်။

ပုန်းသူနှင့် ရှာသူ။ ပုန်းသူက အလစ်အငိုက်ဖမ်းတိုက်လျှင် ရှာသူ ခံရစမြဲ ဖြစ်သည်။

ကျွန်တော် သေနတ်ဖြင့် ပစ်ခတ်ရန် ကြိုးစားသော် လည်း ဆရာကျော်အေးကို ထိုမှန်မည်စိုး၍ ပစ်ခွင့်မသာ ဖြစ်နေသည်။ ထို့ကြောင့် ဆရာကျော်အေးနှင့် ကျားသစ် လုံးထွေးနေကြသည်ကို မြင်လျက်နှင့်ပင် စိတ်မကောင်းစွာဖြင့် အခွင့်ကိုစောင့်ရင်း ကြည့်နေရသည်။

ထိုစဉ်မှာပင် ကျွန်တော့်နောက်က ရဲဘော်သိန်းမောင် သည် ဂျီသရီးကို အတွဲလိုက်ပစ်ခတ်လေသည်။

“ဒိုင်း. . . ဒိုင်း. . . ဒိုင်း”

“မပစ်နဲ့ … မပစ်နဲ့။ ဆရာကျော်အေးကို ထိမယ်”

ကံကောင်းသည်။ လူကိုရော ကျားသစ်ကိုပါ ထိမှန်ခြင်း မရှိပေ။ သေနတ်သံ ဆူညံသွား၍ ထင်၏။ ကျားသစ်လည်း ကြောင်သွားလေသည်။ ဆရာ ကျော်အေး၏ ဒူးခေါင်းကိုသာ ခဲလျက်က ငြိမ်နေသည်။

သို့မှ ကျွန်တော်လည်း အခွင့်သာ၍ ကာဘိုင်သေနတ်ဖြင့် အနီးကပ် ကျားသစ်၏ ဦးခေါင်းကို ထိုးချိန်ပြီး ဆွဲဖြုတ်လိုက်လေသည်။

“ဒိုင်း …”

ကာဘိုင်သေနတ်သံ ဆူညံသွားသည်။ ကျားသစ်၏ ဦးခေါင်းမှ သွေးနှင့် ဦးနှောက်များ ဖြာထွက်သွား သည်။ ကျားသစ်သည် ဦးခေါင်းကို ကျည်ထိမှန်၍ သေသွားသည့်တိုင်အောင် ဆရာကျော်အေး၏ ဒူးခေါင်းကိုမူ ခဲလျက်သာ ဖြစ်သည်။ ဆရာကျော်အေးလည်း သတိမေ့နေလေသည်။

ထို့ကြာင့် ကျွန်တော်နှင့်ရဲဘော်သိန်းမောင်တို့မှာ ဘာလုပ်ရမှန်းပင်မသိ ဖြစ်သွားကြရ၏။ ဆရာကျော်အေး သတိမေ့နေသည်ကို စိုးရိမ်မိသည်ကတစ်ကြောင်း၊ ကျားသစ်၏ ပါးစပ်ထဲမှ ဆရာ ကျော်အေး၏ ဒူးခေါင်းကို အဘယ်သို့ ဆွဲထုတ်ရမှန်းမသိ ဖြစ်ပြီး စိုးရိမ်မိသည်က တစ်ကြောင်း။

သို့သော် ထိုအခိုက်မှာပင် ဆရာခင်ဇော်နှင့် ရဲ ဘော်လေးယောက်တို့ အပြေးအလွှား ရောက်လာကြသည်။ ဆရာခင်ဇော်က. . .

“ဆရာကြီး ဘာဖြစ်သွားသေးလဲ”

ဟု ကျွန်တော့်ကို မေးသည်။

“ကျွန်တော် ဘာမှမဖြစ်ဘူး။ ဆရာကျော်အေး ကျားသစ်ကိုက်ခံရတယ်။ ကျားသစ်ကိုလည်း ကျွန်တော်ပစ်သတ်လိုက်လို့ သေပြီ။ ဒါပေမဲ့ ဆရာကျော်အေး သတိမရဘူး။ ဒဏ်ရာလည်း ပြင်းတယ်ဗျ”

ဆရာကျော်အေးကို အော်ခေါ်ကြသော်လည်း မထူးပေ။ ထို့ကြောင့် ကျွန်တော်တို့အားလုံး မျက်လုံးပြူးနေကြသည်။ မတတ်သာသည့်အဆုံး ကြံမိကြံရာကြံပြီး “အောင်ပြီ. . . အောင်ပြီ” ဟု ဝိုင်းအော်လိုက်ကြမှ ဆရာကျော်အေး မျက်စိဖွင့်ကြည့်လာသည်။ ညည်းသံသဲ့သဲ့ဖြင့် ကျွန်တော်ကိုကြည့်သည်။

ကျားသစ်ပါးစပ်ကို ဖြဲပြီး ဆရာကျော်အေး၏ဒူးခေါင်းကို မနည်းဆွဲထုတ်ကြရသည်။

ကျားသစ်၏ဒဏ်ရာကို အသေအချာစစ်ကြည့်ကြသည်။ ညာဘက်ခြေထောက် ဒူးဆစ်မှ ပြတ်ပြီး၊ နောက်ခြေထောက်တစ်ချောင်းလည်း ကျိုးသွားသည်။

ဝမ်းဗိုက်တွင် လက်ပစ်ဗုံးကြိုးကို တိုးမိ၍ လေးစက္ကန့်အတွင်း လက်ပစ်ဗုံးကွဲသောကြောင့် နောက်ခြေထောက်မလွတ်ဘဲ ပြတ်/ကျိုးသွားခြင်း ဖြစ်နိုင်ကြောင်းကို စိစစ်တွေ့ရှိရသည်။

ဆရာကျော်အေးကိုမူ စောင်ပုခက်ဖြင့် ထမ်းလာကြရသည်။ ကျားသစ်ကိုလည်း ထိုနည်းတူစွာပြင် ရဲဘော်နှစ်ယောက်က ထမ်းသယ်ယူလာကြသည်။ စခန်းသို့ ရောက်သည်နှင့် ရောကျော်အေးကို ဆေးရုံပို့ရန် ချက်ချင်းစီမံကြရသည်။

“ဒိုင်း. . . ဒိုင်း. . . ဒိုင်း”

တစ်ချက်စီခြားပြီး သေနတ်သံသုံးချက် မြည်ဟိန်း သွားသည်။ စခန်းမှအထွက်တွင် လူမှားမည်စိုး၍ အချက်ပေးလိုက်သော သေနတ်သံများဖြစ်သည်။ ထိုသေနတ်သံ သုံးချက်ကို အောင်မြင်စွာဖြင့် ပစ်ဖောက်လိုက်နိုင်သောကြောင့် ဝမ်းသာဝမ်းနည်းဖြစ်ကြရသည်။

ဝမ်းသာခြင်းသည်ကား အနည်းငယ်မျှသာရှိပြီး ဝမ်းနည်းခြင်းသည်သာ အဆပေါင်းများစွာဖြစ်ကြရလေသည်။

ဝမ်းသာခြင်းဟူသည်မှာ ဆရာကျော်အေး၏ ဦးခေါင်းနှင့် ဒူးခေါင်း ဒဏ်ရာနှစ်ခုလုံးသည် များသော်လည်း အသက်စွန့်လွှတ်ရသည်အထိ မဖြစ်နိုင်ဘဲ ဆေးရုံကို အချိန်မီပို့ပေးနိုင်လိုက်သောကြောင့်ပင်ဖြစ်သည်။

ကျားသစ်သည် ဦးစွာ ဆရာကျော်အေး၏ ဦးခေါင်းကိုသာ ကိုက်သော်လည်း လုံးထွေးသတ်ပုတ်ကြရင်း ဒူးခေါင်းကိုပါ ထပ်ကိုက်မိသွားသောကြောင့်ပင် ဒဏ်ရာပိုများသွားခြင်း ဖြစ်လေသည်။ သို့သော်လည်း သေလောက်သောဒဏ်ရာ မဟုတ်သောကြောင့်ပင် ဝမ်းသာရသည်ဟု ဆိုရခြင်းဖြစ်သည်။

ဝမ်းနည်းခြင်းဟူသည်မှာ ဆေးရုံသို့ အချိန်မီတင်ပို့လိုက်နိုင်သော်လည်း ဆရာကျော်အေး၏ ဒဏ်ရာများမှာ ဆေးအဆင့် (က မှ ဂ)တွင် တည်သောကြောင့် မည်သည့်နည်းနှင့်မျှ မိမွေးတိုင်း၊ ဖမွေးတိုင်း ပြန်ဖြစ်မလာနိုင်သည်ကို သိသောကြောင့်ဖြစ်သည်။

ဆေးဘုတ်ထိုင်ပြီး တပ်မတော်မှ အငြိမ်းစားယူရမည့်အဖြစ်သို့ ရောက်နေလေသည်။

ထို့ကြောင့် နိုင်ငံကာကွယ်ရေးတွင် အလွန်မှ အားကိုးရသော သေဖော်ရှင်ဖက်၊ တိုက်ဖော်တိုက်ဖက်၊ ကောင်းတူဆိုးဖက်၊ လက်တွဲလာကြသည်မှာလည်း ကြာခဲ့ပြီဖြစ်သော ဆရာကျော်အေးကို နောက်ပိုင်းစစ်ဆင်ရေးများတွင် မည်သည့်အခါမျှ တွေ့ မြင်ရတော့မည် မဟုတ်ပေ။

ဤသည်ကို တွေးမိကြသော ရဲဘော်ရဲဘက် အားလုံးတို့မှာလည်း ဆရာကျော်အေးအတွက် စိတ်မကောင်းကြီးစွာ ဖြစ်မိသည်မှတစ်ပါး ဘာမျှမတတ်နိုင်တော့။

– ပြီး –

စာရေးသူ – ထွန်းတောက်

Leave a Reply

Your email address will not be published. Required fields are marked *